အစစ်အမှန်လော၊ စိတ်ကူးယဉ်လော
Vol. 18 Ch. 246
ချင်မူ ကောင်းကင်နတ်မင်းရုပ်တု၏ လက်ထဲရှိ နဂါးစိမ်းလခြမ်းကွေးဓားကို လှမ်းကြည့်လိုက်သောအခါ ထိုဓားက အစစ်ဖြစ်ပြီး ကျောက်သားမှ ထုဆစ်ထားခြင်း မဟုတ်ကြောင်း တွေ့ရ၏။
သူတို့ ဤဘုရားကျောင်းအတွင်းသို့ ဝင်လာစဉ်အခါက ကောင်းကင်နတ်မင်းရုပ်တု၏ လက်ထဲတွင် မည်သည့်ဓားမျှ မရှိကြောင်း ကောင်းကောင်းမှတ်မိသည်။
ပို၍ အံအားသင့်ဖွယ်ကောင်းသည်မှာ နဂါးစိမ်းလခြမ်းကွေးဓားပေါ်တွင် သွေးစက်အချို့ စွန်းထင်းနေ၏။
ချင်မူ လက်ဆန့်၍ တကယ့်သွေးအစစ် ဟုတ်၊ မဟုတ် စစ်ဆေးကြည့်ရန် ပြင်လိုက်စဉ် မျက်ကန်း၏ ဝါးတောင်ဝှေး ရောက်ရှိလာပြီး သူ့လက်ကောက်ဝတ်ကို ပင့်တင်၍ ဘေးဖယ်လိုက်သည်။ မျက်ကန်းက ခပ်ပြုံးပြုံး ပြောလိုက်၏။ “မူအာ၊ သိပ်ပြီး မစပ်စုနဲ့၊ သေတတ်တယ်…”
ချင်မူ ထိတ်လန့်တုန်လှုပ်သွားပြီး ရွာလူကြီးနှင့် အမှောင်ထုအတွင်း သွားရောက်စဉ်က အဖြစ်အပျက်ကို ပြန်သတိရလိုက်မိသည်။ မိစ္ဆာသွေးတစ်စက်က ကိုက်တစ်ရာပတ်လည်အတွင်းရှိ သစ်ပင်ဝါးပင်အားလုံးကို တစ်မုဟုတ်ချင်း ညှိုးခြောက်သွားစေနိုင်၏။
နဂါးစိမ်းလခြမ်းကွေးဓားပေါ်မှ သွေးစက်များသာ တကယ့်သွေးစက်များ ဖြစ်နေလျှင် ပြီးခဲ့သည့်ညမှ အဖြစ်အပျက်က အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်နတ်မင်းရုပ်တုက အရှေ့ပင်လယ်နဂါးမင်းကို အမှန်တကယ် သတ်ဖြတ်ခဲ့ပြီး ဓားသွားပေါ်ရှိ သွေးစက်များက ထိုနဂါးမင်း၏ သွေးစက်များ ဖြစ်နေနိုင်၏။
မျက်ကန်းက ချင်မူ၏ အတွေးကို သိမြင်ဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းကင်နတ်ဓားတွေက စိတ်ဝိညာဉ် ရှိတယ်… အဆင်အခြင်မဲ့ မလုပ်မိစေနဲ့…”
ချင်မူက ပြုံးလိုက်၏။ “ကျွန်တော်က ဘိုးဘိုးထော့ကျိုး မဟုတ်ပါဘူး ဘိုးဘိုးရဲ့… ကောင်းကင်နတ်မင်းရဲ့ နတ်ဓားကို ခိုးဖို့လောက်အထိ အတင့်ရဲတဲ့ အလုပ်မျိုး မလုပ်ဝံ့ပါဘူး… ဓားပေါ်က သွေးစက်လေးတွေပဲ လိုချင်တာပါ… ဒါက နတ်နဂါးဘုရင်ရဲ့ သွေးဆိုတော့ ဆေးဖော်တဲ့နေရာမှာ တစ်ခုခု အသုံးဝင်နိုင်တယ်…”
မျက်ကန်းက ချီးကျူးလိုက်သည်။ “မူအာက တရွာလုံးမှာ အခြိုးခြံအချွေတာတတ်ဆုံးသူပဲ… ဘယ်ဟာမှ အလကားမဖြစ်အောင် စုဆောင်းတတ်တယ်…”
ချင်မူက ကျောက်စိမ်းပုလင်းတစ်လုံး ထုတ်၍ နဂါးစိမ်းလခြမ်းကွေးဓားပေါ်မှ နဂါးဘုရင်သွေးစက်များကို ဂရုတစိုက် စုဆောင်းယူပြီး လေလုံအောင် ပိတ်လိုက်၏။
ကောင်းကင်နတ်မင်းကျောင်းတော် ဝန်းအတွင်းတွင်တော့ ကျောက်သားမှ ထွင်းထုထားသော နဂါးခေါင်းကြီးတစ်လုံး ရှိနေသည်။ ထိုနဂါးခေါင်းကြီး၏ ကျောက်သားပဲ့ထွက်နေသော နေရာများ၌ သွေးစက်အချို့ စွန်းထင်းနေ၏။
ချင်မူ ဘူးခွံတစ်ခု ထုတ်ယူ၍ သူ၏ချီစွမ်းအင်ကို ဓားချီအဖြစ် ပြောင်းလဲပြီး ထိုသွေးစက်များကို ခြစ်ယူလိုက်သည်။
နဂါးခေါင်းက လည်ပင်းနေရာမှ တိတိရိရိ ပြတ်တောက်နေပြီး အလွန်တရာ ထက်ရှသော ဓားမတစ်လက်ဖြင့် ခုတ်ဖြတ်ခံထားရသကဲ့သို့ ရှိ၏။ ထိုပြတ်ရာမှတစ်ဆင့် ခုတ်ဖြတ်လိုက်သည့် ဓားချက်၏ အားအဟုန်နှင့် လျင်မြန်မှုကို ချင်မူ မြင်ယောင်လာသည်။
နဂါးခေါင်းက ကျောက်သားရုပ်တုဖြစ်သော်လည်း အားကောင်းလှသည့် ဓားစိတ်ဆန္ဒနှင့် ဓားပိုင်စိုးမှုနယ်ပယ်ကို ခံစား၍ ရနေဆဲ ရှိ၏။
‘ဒီနေရာမှာထိုင်ပြီး နဂါးခေါင်းရဲ့ ပြတ်ရာကို လေ့လာရရင် ဘိုးဘိုးသားသတ်သမားရဲ့ ဝက်ခုတ်ဓားသိုင်းအောက် မညံ့တဲ့ ဓားမသိုင်းကို နားလည်သဘောပေါက်နိုင်မှာ… ဒါပေမဲ့ အချိန်မရတော့တာ ဆိုးတယ်၊ ခရီးဆက်ရဦးမယ်…’
ချင်မူ နှမြောတသနေမိသည်။ ဤနတ်ဘုရားအဆင့် ဓားမသိုင်း၊ ဓားစိတ်ဆန္ဒ၊ ဓားပိုင်စိုးမှုနယ်ပယ်တို့ကိုသာ နားလည်သဘောပေါက်လျှင် သူ၏ အရှိန်အဝါအငွေ့အသက်ဖြင့်ပင် လူအတော်များများကို သေလုမတတ် ကြောက်လန့်သွားစေနိုင်၏။
အဘိုးကြီးမာက လောဆော်လိုက်သည်။ “မူအာ၊ သွားကြစို့…”
ချင်မူ အခြားလူများနောက် အမီလိုက်၍ နဂါးချီလင်ကို လှမ်းခေါ်လိုက်၏။ နဂါးချီလင်က ကောင်းကင်နတ်မင်း၏ စီးတော်မြင်းအဖြစ် တစ်ညလုံး အသုံးတော်ခံခဲ့ရသည့်အတွက် တစ်ကိုယ်လုံး ပျော့ခွေကိုက်ခဲနေသည်။ ချင်မူ သူ့အပေါ် ခုန်တက်လိုက်သည့်အခါ ဝက်သတ်ရုံထဲမှ ဝက်တစ်ကောင်ကဲ့သို့ စူးစူးရှရှ အော်ဟစ်လိုက်၏။
ချင်မူမှာ ကမန်းကတန်း ပြန်ဆင်းလိုက်ရသည်။ နဂါးချီလင်က ညည်းညူလိုက်၏။ “တစ်ညလုံး ကျောက်ရုပ်တု စီးတာ ခံထားရလို့ သရဲပူးနေတာလား မသိဘူး… ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးက ဗေဒင်နိမိတ်ဖတ် ကျွမ်းကျင်တာဆိုတော့ သရဲထုတ်တာရော ရလား…”
မျက်ကန်းက ခေါင်းခါယမ်းလိုက်သည်။ “ငါက အဲအပိုင်းမှာ မကျွမ်းကျင်ဘူး… ဗေဒင်ပဲဟောတာ… မင်းကို ငါ သရဲ မထုတ်ပေးနိုင်ပေမဲ့ မစိုးရိမ်ပါနဲ့… တစ်ညလောက် နားပြီးရင် သက်သာသွားမှာပါ…”
နဂါးချီလင်မှာ ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေ၏။
မြောက်အရပ်သို့ မိုင်ထောင်ချီ လျှောက်လှမ်းပြီးသောအခါ မြေပြင်က နိမ့်ဆင်းလာသည်။ ချင်မူနောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့ လျှောက်လှမ်းလာသော နေရာများက တောင်တန်းများ ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွား၏။
အဘွားစစ်က ပြောလိုက်သည်။ “ဒီနေရာက ရေဇလုံကြီးတစ်လုံးလိုပဲ… ဘေးနားက မြေပြင်က တောင်တွေလို ဖြစ်သွားတယ်… တကယ်တမ်းကျ ငါတို့ ဖြတ်လာတဲ့နေရာတွေက မြေပြင်ညီတွေ၊ ဒီနေရာကသာ ချိုင့်ဝှမ်းကြီး ဖြစ်နေတာ…”
အားလုံး လှည့်ပတ်ကြည့်ရှုလိုက်ကြသည်။ ချိုင့်ဝှမ်းတစ်ခွင်၌ တောင်များ၊ တောများ၊ လျှိုမြောင်၊ ချောက်နက်များ ပြည့်နှက်နေ၏။ ဤနေရာရှိ ရေမြေအနေအထားက မဟာမြို့ပျက်၏ အခြားနေရာများနှင့် အတော်လေး ကွဲပြားခြားနားသည်။
ဤချိုင့်ဝှမ်းက အလွန်တရာ ကြီးမားကျယ်ပြန့်လှပြီး ချင်မူတို့ တောင်ကုန်းတစ်ခုအနီးမှ ဖြတ်သန်းသွားသောအခါ အနီရောင်သန္တာကျောက်ခက်များ ထိုးထွက်နေသည်ကို တွေ့ရ၏။ ထိုသန္တာကျောက်ခက်များက ပတ္တမြားနီနီများကဲ့သို့ လွန်စွာ မျက်စိပသာဒ ဖြစ်လှသည်။
အဘွားစစ်က သန္တာကျောက်ခက်တစ်ခု ချိုး၍ ဆံထိုးလုပ်ရန် ကြံစည်လိုက်စဉ် ဆန်းကြယ်သားရဲတစ်ကောင် ရုတ်တရက် ခုန်ထွက်လာ၏။ ထိုသားရဲက ကျောက်ပုစွန်ကြီးတစ်ကောင်နှင့် တူပြီး သုံးကိုက်ခန့် ရှည်လျားသော ခန္ဓာကိုယ်၊ ခြေရှစ်ချောင်း ရှိကာ လက်မများ ဝှေ့ယမ်း၍ သူတို့ကို တိုက်ခိုက်လိုက်သည်။
“နေ့လယ်စာတော့ ရပြီ…” မျက်ကန်းက ဝမ်းသာအားရ ပြောလိုက်၏။
နေ့လယ်ရောက်သောအခါ ချင်မူက ထိုဆန်းကြယ်သားရဲကို မီးကင်လိုက်သည်။ ပုစွန်ဆီများ စီးကျ၍ မွှေးပျံ့သော ရနံ့များ ထွက်ပေါ်လာသည့်အခါ အားလုံး သွားရည်တများများ ဖြစ်သွား၏။ အဘိုးကြီးမာက အစာမစားဘဲ နေသည်မှာ အတော်ကြာပြီ ဖြစ်သဖြင့် သူလည်း အားရပါးရ ဝင်စား၏။ နောက်ဆုံးတွင်တော့ ထိုကျောက်ပုစွန်ကြီးမှာ အခွံသာ ကျန်ရစ်ခဲ့သည်။
ချင်မူမှာ ဇဝေဇဝါ ဖြစ်နေ၏။ “ဘာလို့ ဒီနေရာမှာ ဒီလိုဆန်းကြယ်သားရဲမျိုး ရှိနေရတာလဲ… ရေလည်း မရှိဘဲနဲ့…”
ထိုအခိုက်၌ ခပ်လှမ်းလှမ်းမှ နွားအော်သံများ ပေါ်ထွက်လာပြီး တောအုပ်တစ်ခု လှုပ်ခါသွားသည်။ ငါးမိစ္ဆာတစ်အုပ်က မွှေးပျံ့သော ရနံ့ကိုရ၍ တောအုပ်ထဲမှ လျှောက်လှမ်းထွက်လာခြင်း ဖြစ်၏။ ၎င်းတို့၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ငါးတစ်ကောင်နှင့် တူပြီး အောက်ပိုင်းတွင် ခြေထောက်ခြောက်ချောင်း ရှိသည်။ ဤဆန်းကြယ်သားရဲအုပ်က နွားများကဲ့သို့ အော်ဟစ်လိုက်၏။
ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ ထိုငါးမိစ္ဆာအုပ်က သူတို့ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာနေကြောင်း တွေ့ရသည်။ သူတို့၏ ခြေထောက်က ရေယက်များမှ အသွင်ပြောင်းလာခြင်း ဖြစ်ဟန်ရှိပြီး အလွန်တရာ မာကြောသည့် အကြေးခွံကြီးများ ဖုံးအုပ်နေ၏။ လှုပ်ရှားပြေးလွှားသည့်အခါ ထိုအကြေးခွံကြီးများက သူတို့ကိုယ်ပေါ် ကျရောက်လာသော နေရောင်ကို ကြေးမုံမှန်သဖွယ် အလင်းပြန်၍ တလက်လက် တောက်ပနေသည်။
“ဗိုက်ပြည့်နေပြီဆိုတော့ မလိုအပ်ဘဲ မသတ်တာ ကောင်းပါတယ်…” အဘိုးကြီးမာက သူ၏ အရှိန်အဝါအငွေ့အသက်ကို ထုတ်လွှတ်၍ ထိုငါးမိစ္ဆာများကို ခြောက်ထုတ်လိုက်၏။
သူ၏ အရှိန်အဝါအငွေ့အသက်က အံ့အားသင့်ဖွယ် ကောင်းလှသည်။ ငါးမိစ္ဆာများကို မောင်းထုတ်နိုင်သည်သာမက တောအုပ်ထဲမှ ငှက်များကိုလည်း ကြောက်လန့်ထွက်ပြေးအောင် ခြောက်ထုတ်လိုက်နိုင်၏။ ချင်မူ လှမ်းကြည့်လိုက်သောအခါ ထိုငှက်များက အတောင်ပံပေါက်နေသော ငါးအုပ်ဖြစ်ကြောင်း တွေ့ရသည်။
အစိမ်းရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သောအခါ ခပ်လှမ်းလှမ်းရှိ တောင်ထွတ်များပေါ်၌ အနက်ရောင်အရိပ်များ လှုပ်ရှားနေသည်ကို တွေ့ရ၏။ လက်တံရှစ်ချောင်းရှိသည့် ရေဘဝဲကြီးများက ကြီးမားသော ခေါင်းကြီးများကို ကျုံ့၍ သူတို့၏ ပိုင်နက်နယ်မြေအတွင်းသို့ ဆုတ်ခွာသွားကြသည်။
ရေဘဝဲတစ်ကောင်က ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနက်ရောင်မီးခိုးလုံးများ မှုတ်ထုတ်ပြီး ပတ်ဝန်းကျင်ကို မည်းမှောင်သွားအောင် ပြုလုပ်ပစ်၏။
ချင်မူတို့အုပ်စုမှာ ရှေ့သို့ ခရီးဆက်လိုက်ကြသည်။ လမ်း၌ ငါးခေါင်းလူကိုယ်ရှိသော ငါးလူသားများက ခက်ရင်းခွများ ကိုင်၍ အမဲလိုက်နေကြသည်ကိုလည်း တွေ့ရ၏။
“အတော်ထူးဆန်းတဲ့ နေရာပါလား…” မျက်ကန်းက ရေရွတ်လိုက်သည်။
ချင်မူမှာ ငယ်စဉ်ကတည်းက မဟာမြို့ပျက်တွင် နေထိုင်၍ ထူးဆန်းသော သက်ရှိသတ္တဝါများကို မြင်ဖူးနေကျ ဖြစ်သဖြင့် ငါးပုစွန်များ ဤကဲ့သို့ ပြေးလွှားနေသည်ကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားသည်မှအပ အထူးတထွေ အရေးလုပ်မိခြင်း မရှိပေ။
သို့သော်လည်း မျက်ကန်းနှင့် အဘွားစစ်တို့က အပြင်လောက၌ ငါးပုစွန်များ မည်သို့ နေထိုင်ရသည်ကို သိသဖြင့် သူတို့အတွက် အတော်လေး ထူးဆန်းနေ၏။
အဘွားစစ်က ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ တီးတိုးရေရွတ်လိုက်သည်။ “ဒီနေရာက ပင်လယ်ကြီးတစ်ခု ဖြစ်ခဲ့ပုံပဲ… အဲပင်လယ်ကြီး ပျောက်ကွယ်သွားတော့ ပင်လယ်ထဲမှာနေတဲ့ သက်ရှိတွေက ခြောက်သွေ့တဲ့ ကုန်းမြေပေါ် နေရာရွှေ့ပြောင်းပြီး သူတို့ရဲ့ အမူအကျင့်တွေ၊ နေပုံထိုင်ပုံတွေ ပြောင်းလဲလိုက်ရတာ ဖြစ်မယ်… ဒါပေမဲ့ ဒီပြောင်းလဲမှုတွေက မများလွန်းဘူးလား…”
မျက်ကန်းမှာလည်း ဤဖြစ်ရပ်များက အတော်လေး အံ့အားသင့်စရာ ကောင်းလှသည်ဟု ခံစားမိ၏။ ထိုအခိုက်၌ နဂါးချီလင်က ရုတ်တရက် ထပြောလိုက်သည်။ “ဒီနေရာကို အရင်က ရောက်ဖူးသလိုပဲ…”
ချင်မူက ဇဝေဇဝါဖြစ်သွားသော်လည်း ပြုံးလိုက်၏။ “မင်းနဲ့ ဂိုဏ်းချုပ်က ဒီနေရာကို ရောက်ဖူးတာလား…”
နဂါးချီလင်က ခေါင်းခါယမ်းလိုက်သည်။ “မဟုတ်ဘူး၊ မနေ့ညက ကောင်းကင်နတ်မင်းရုပ်တု ကျွန်တော့်ကို စီးပြီး ခေါ်သွားတာ ဒီနေရာပဲ…”
သူတို့၏ ရှေ့၌ မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူသားများ နေထိုင်ရာ ရွာတစ်ရွာ ရှိ၏။ ထိုရွာမှ ရွာသူရွာသားများက မည်သည်ကို ဆက်လုပ်ရမည် မသိသကဲ့သို့ ဖြစ်နေကြသည်။
ချင်မူ သွား၍ စုံစမ်းမေးမြန်းသောအခါ အဘိုးကြီးတစ်ဦးက ဖြေကြားလိုက်၏။ “ဒီမိုင်တစ်ရာပတ်လည်မှာ ရှိတဲ့ နဂါးမင်းကျောင်းတော် အတော်များများ မနေ့ညက ဖျက်ဆီးခံလိုက်ရလို့… ကျောင်းတော်ထဲမှာ ပူဇော်ထားတဲ့ နဂါးမင်းရုပ်တုတွေဆို ခေါင်းတွေ ဖြတ်ခံထားရတယ်… ပုံမှန်ဆိုရင် ငါတို့က နဂါးမင်းကျောင်းတော်ကို သွားပြီး ရာသီဥတုကောင်းအောင် စောင့်ရှောက်ပေးဖို့ ပူဇော်ပသ ဆုတောင်းပွဲတွေ လုပ်တာ… အခု အဲဒီကျောင်းတော်တွေ ဖျက်ဆီးခံလိုက်ရတော့ ဘာလုပ်ရမှန်း မသိကြတော့ဘူး…”
ချင်မူ အံ့ဩတုန်လှုပ်သွားပြီး အသေးစိတ် မေးမြန်းလိုက်သည်။
“မနေ့ညက မုန်တိုင်းပြင်းလွန်းလို့ တစ်ရွာလုံး လန့်နိုးလာကြတာ… အပြင်လည်း ထွက်ကြည့်ရော ကောင်းကင်တစ်ခွင်လုံး နက်မှောင်ပြီး ရေတွေက လူတိုင်းရဲ့ အိမ်ခေါင်မိုးပေါ် ရောက်နေပြီ… ဒါပေမဲ့ အဲရေတွေက အပေါ်မှာပဲ မျောလွင့်နေတာ၊ အောက်ပြုတ်ကျမလာဘူး…”
ချင်မူ မှင်တက်မိသွား၏။ အိမ်ခေါင်မိုးပေါ်၌ ရေများ မျောလွင့်နေသည်တဲ့လား…။
“အဲဒီရေလှိုင်းသံတွေက အတော်လေး ကျယ်တာ၊ ရေပြင်ရဲ့ အထက်မှာလည်း အလင်းရောင်တွေ လက်နေတယ်… အတော်များများက နဂါးတွေတောင် မြင်လိုက်ရတယ်တဲ့… ပင်လယ်ကြီးက ကောင်းကင်ယံမှာ တွဲလောင်းခိုနေပြီး အထဲမှာ သတ်ပွဲကြီး ကျင်းပနေတာနဲ့ တူသလိုပဲ… တစ်ချိန်လုံး လျှပ်စီးတန်းတွေ လက်နေတာ ငါတွေ့ရတယ်၊ အရုဏ်တက်တော့မှပဲ ရပ်သွားတာ…”
“မနက်မိုးလင်းတော့ ကောင်းကင်ပေါ်က ရေတွေ မရှိတော့ဘူး… သစ်ပင်တွေသာ တစ်ညလုံး မိုးရွာထားသလို စိုရွှဲပြီး ကျန်ခဲ့တယ်… သစ်ခေါင်းတွေထဲလည်း ရေတွေပြည့်လို့… ပြီးတော့မှ နဂါးမင်းကျောင်းတော်တွေ အတော်များများ ဖျက်ဆီးခံထားရမှန်း သိတာ… အဲကျောင်းတော်တွေမှာ နေတဲ့သူတွေကတော့ နတ်နဂါးကျောက်ရုပ်တုတွေ လေပေါ်ပျံပြီး ထွက်သွားတာ မြင်လိုက်ရတယ်တဲ့…”
ချင်မူ မျက်လုံးပြူးနှင့် စိုက်ကြည့်နေမိသည်။ နတ်နဂါးကျောက်ရုပ်တုများ လေပေါ်ပျံ၍ ထွက်ခွာသွားကြသည်တဲ့လား။
“နတ်နဂါးချိုင့်ဝှမ်းထဲမှာနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကတော့ ခပ်ဝဝသားရဲတစ်ကောင်စီးပြီး ဓားမတစ်လက်ကိုင်လာတဲ့ ကောင်းကင်နတ်မင်းတစ်ပါးကို မြင်လိုက်ရတယ်လို့ ပြောတာပဲ… အဲဒီကောင်းကင်နတ်မင်းက နတ်နဂါးချိုင့်ဝှမ်းထဲ အတင်းဝင်လာပြီး နတ်နဂါးဘုရင်ကို ခေါင်းဖြတ်သတ်သွားတယ်တဲ့…”
ချင်မူ စုံစမ်းမေးမြန်းပြီးသောအခါ မျက်ကန်း၊ အဘိုးကြီးမာ၊ အဘွားစစ်တို့ထံ ပြန်၍ ပြောပြလိုက်၏။ သူတို့အားလုံး တစ်ယောက်ကိုတစ်ယောက် မယုံနိုင်သလို ကြည့်လိုက်မိကြသည်။
ဤအဖြစ်အပျက်က အတော်လေး ထူးဆန်းလွန်း၏။
ယမန်နေ့ညက ဖြစ်ပျက်ခဲ့သမျှက အစစ်အမှန်ဖြစ်ဟန် ရှိသော်လည်း စိတ်ကူးယဉ်ဆန်လွန်းလှသည်။ ကျောက်ရုပ်တုများက အမှောင်ထုထဲမှ ရောက်ရှိလာပြီး အမိန့်တော်ပါး၏။ ကောင်းကင်နတ်မင်းရုပ်တုက ဓားမတစ်လက် စွဲကိုင်၍ နဂါးဘုရင်များကို သတ်ဖြတ်ပြီး နဂါးချီလင်က သူ၏ စီးတော်မြင်းအဖြစ် တစ်ညလုံး အသုံးတော်ခံရသည်။ မဟာမြို့ပျက်၏ အစွန့်ပစ်ခံလူများက ကောင်းကင်ယံတွင် ပင်လယ်ကြီး တွဲလောင်းခိုနေကြောင်းနှင့် နတ်နဂါးဘုရင်များ ခေါင်းဖြတ်ခံရကြောင်းကို ပြောဆိုနေကြ၏။
ဤအရာများအားလုံးကို ဆက်စပ်ကြည့်သောအခါ ပြီးခဲ့သည့်ညမှ အဖြစ်အပျက်များက အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တွက်ဆနိုင်သည်။
“မနေ့ညက အမိန့်တော် လွှဲပြောင်းပေးတဲ့ ကျောက်ရုပ်တုက ရွှင်ပျော်ပျော်ကျေးရွာက အရှင်မင်းကြီးရဲ့ အမိန့်တော် ရောက်ရှိလာပါတယ်လို့ ပြောခဲ့တာ၊ အဓိကပြဿနာက အဲဒီမှာပဲ…” အဘွားစစ်၏ နှုတ်ဖျားမှ အိုမင်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ “ငါထင်တာတော့…”
“အော်မီတော်ဖော်…”
အဘိုးကြီးမာက ဗုဒ္ဓမြတ်စွာအဖြစ် အသွင်ပြောင်း၍ အဘွားစစ်၏ နှလုံးသားမိစ္ဆာကို ဖိနှိပ်လိုက်သည်။ မျက်ကန်းကလည်း အဘွားစစ် မလှုပ်ရှားနိုင်အောင် ချုပ်ကိုင်ထားလိုက်၏။ သူတို့နှစ်ယောက်စလုံး စိုးရိမ်ပူပန်မိသော်လည်း အဆုံးတွင် အဘွားစစ်၏ မိစ္ဆာစိတ်ကို ဖိနှိမ်နိုင်လိုက်သည်။
ချင်မူလည်း ချွေးစေးများ သုတ်၍ သူတို့ထံ အပြေးလှမ်းသွားလိုက်၏။ “သွားစို့၊ သွားစို့… ဂိုဏ်းသခင်လီ ထွက်လာပြီး ထိန်းမနိုင်သိမ်းမရ မသောင်းကျန်းခင် မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ရောက်အောင် မြန်နိုင်သမျှမြန်မြန် သွားကြစို့…”
သူတို့ အလျင်စလို ခရီးဆက်ရင်း နတ်နဂါးချိုင့်ဝှမ်းသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ နတ်နဂါးရုပ်ထုများ ဝန်းရံနေသည့် ရေကန်ကြီးတစ်ကန် ရှိ၏။ ရေကန်အလယ်တွင်တော့ နတ်နဂါးဘုရင်ရုပ်တုတစ်ခု ရှိသည်။
နတ်နဂါးရုပ်တုများစွာ ပြိုလဲနေပြီး အားလုံးမှာ ဓားချက်တစ်ချက်တည်းဖြင့် ခုတ်ဖြတ်ခံထားရပုံ ရ၏။ ရေကန်အလယ်ရှိ နတ်နဂါးဘုရင်ရုပ်တုက ဦးခေါင်းမရှိတော့သကဲ့သို့ ခေါင်းပြတ်မှာလည်း မည်သည့်နေရာသို့ ရောက်ရှိနေမှန်း မသိရချေ။
“ဘုရားရေ…” အဘွားစစ်က ပြန်၍ သတိရလာပြီး ဤမြင်ကွင်းကို မြင်သောအခါ ညည်းညူလိုက်သည်။ “ဒီနေရာက အတော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ… ဒီကျောက်ရုပ်တုတွေက နတ်ဘုရားရုပ်တုသက်သက်ပဲလား၊ သက်ရှိနတ်ဘုရားတွေ ဖြစ်သွားတာလား… ငါ နားမလည်နိုင်တော့ဘူး…”
“အော်မီတော်ဖော်…”
အဘိုးကြီးမာ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ဗုဒ္ဓရောင်ခြည်များ လင်းလက်တောက်ပသွားပြီး သူ့မျက်ခုံးနှစ်ခုအလယ်မှ သင်္ကန်းဖြူရဟန်းတစ်ပါး ပျံသန်းထွက်ခွာ၍ အဘွားစစ်၏ မျက်ခုံးနှစ်ခုအလယ်သို့ ဝင်ရောက်ကာ ဂိုဏ်းသခင်လီကို ဖိနှိမ်ထားလိုက်၏။
အဘိုးကြီးမာက အလွန်တရာ တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။ “မြန်မြန်သွားကြစို့… သူ့ကိုငါ ကြာကြာ ဖိနှိပ်နိုင်မှာ မဟုတ်တော့ဘူး… ဂိုဏ်းသခင်လီရဲ့ မူလဝိညာဉ်က အဘွားကြီးစစ်နဲ့ ပေါင်းစည်းတာ အတော်မြန်လွန်းတယ်… သူ့ကျင့်စဉ်စွမ်းအင်က သေခြင်းရှင်ခြင်းအဆင့်ကို ရောက်သွားပြီ… ဒီထက် အချိန်ပိုကြာရင် သူတို့ရဲ့ မူလဝိညာဉ်တွေ အပြီးအပိုင် ပေါင်းစည်းပြီး ဂိုဏ်းသခင်လီက ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင် ဖြစ်သွားလိမ့်မယ်…”
မျက်ကန်းက အလေးအနက် မေးလိုက်၏။ “သူ့ကို ဘယ်လောက်ကြာကြာ ဖိနှိပ်နိုင်သေးလဲ…”
အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်သည်။ “အခုတော့ ငါ ဖိနှိပ်နိုင်ပါသေးတယ်… ဒါပေမဲ့ အားတအားသုံးရင် အဘွားကြီးရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်သွားမှာ စိုးတာ…”
မျက်ကန်းက ပြတ်သွားစွာ ပြောလိုက်၏။ “မြန်မြန်သွားကြစို့…”