← Chapters

ကောင်းကင်ဘုံအဆင့်နှစ်ဆယ်

Vol. 18 Ch. 247

ကောင်းကင်ဘုံအဆင့်နှစ်ဆယ်

Vol. 18 Ch. 247

ချင်မူ၊ အဘိုးကြီးမာနှင့် ကျန်သူများက သုတ်ခြေတင်လိုက်ကြ၏။ သို့သော်လည်း အဘိုးကြီးမာက အဘွားစစ်၏ နှလုံးသားမိစ္ဆာကို ဖိနှိမ်ထားရသည့်အတွက် အားအင်ကုန်ခန်းပြီး ခရီးဖင့်ပြန်သည်။

ဂိုဏ်းသခင်လီက တဖြည်းဖြည်း စွမ်းအားကြီးလာပြီး အဖွားစစ်၏ ကျင့်စဉ်စွမ်းအင်က ပို၍ ပို၍ တိုးတက်လာ၏။ သို့သော်လည်း အဘိုးကြီးမာမှာ အဘွားစစ်၏ စိတ်ဝိညာဉ်ကို ထိခိုက်သွားမည်စိုး၍ အားကုန်မထုတ်ရဲချေ။ သို့အတွက်ကြောင့် ဂိုဏ်းသခင်လီ မကြာခဏ နိုးထလာပြီး လမ်းခရီးကို ဖြောင့်ဖြောင့်ဖြူးဖြူး မသွားနိုင်ခြင်း ဖြစ်သည်။

အဘွားစစ် နိုးထသည့် အချိန်က နည်းသည်ထက် နည်းလာပြီး ဂိုဏ်းသခင်လီ နိုးထသည့် အချိန်က များသည်ထက် များလာ၏။ ချင်မူမှာ စိုးရိမ်ပူပန်မူဖြင့် နေမရထိုင်မရ ဖြစ်နေသော်လည်း မည်သို့မျှ မတတ်နိုင်ချေ။

ဤချိုင့်ဝှမ်းကြီးမှာ မူလက ပင်လယ်တစ်ခု ဖြစ်သဖြင့် ကောင်းကင်နတ်မင်းရုပ်တု ပြောသည့် အရှေ့ပင်လယ် ဖြစ်ပေလိမ့်မည်။ ဤနေရာရှိ ရေမြေအနေအထားက အတော်လေး ရှုပ်ထွေးလှ၏။ လျှိုမြောင်ကမ်းပါးများက ကိုက်ထောင်ချီ နက်ရှိုင်းပြီး တောင်ကြောများက ဓားသွားများကဲ့သို့ ထက်ရှနေသည်။

အရှေ့ပင်လယ်က ရေများခန်းခြောက်၍ ကုန်းမြေဖြစ်သွား၏။ ရွာသူရွာသားများပြောသည့် ယမန်နေ့ည ကောင်းကင်ယံမှ ပင်လယ်ကြီးအကြောင်းကို ချင်မူ တွေးတောရင်း တစ်ခုခု ထူးဆန်းသလို ခံစားမိသည်။ ထိုပင်လယ်ရေများက မနက်မိုးလင်းသောအခါ ပျောက်ကွယ်သွား၏။

မည်သည့်နေရာသို့ ရောက်ရှိသွားလေသနည်း။

သူတို့ ခရီးပေါက်လာလေ တွေ့ကြုံရသည့် သတ္တဝါများက ပို၍ ထူးဆန်းလာလေလေ ဖြစ်သည်။ အရောင်တလက်လက် တောက်ပနေသော ငါးဖန်ခွက်များပင် ကောင်းကင်ယံတွင် ပျံသန်းနေ၏။ ညအချိန်ရောက်၍ ထိုငါးဖန်ခွက်များ နဂါးကျောင်းတော်ထဲသို့ ဝင်ပုန်းခိုသည့်အခါ ရောင်စုံမီးပုံးများ ချိတ်ဆွဲထားသကဲ့သို့ ရှိနေသည်။

လမ်း၌ သက်ရှိရေနဂါးများကိုပင် တွေ့ရ၏။ အချို့က တောင်ကြားစမ်းချောင်းများတွင် နေထိုင်ပြီး အချို့က မီးတောင်များထဲတွင် နေထိုင်ကြသည်။

ထိုရေနဂါးများက သူတို့ကို ရန်မမူသရွေ့ အသိုက်အမြုံမှ ထွက်ခွာခြင်း မပြုကြချေ။ တစ်ခါတစ်ရံတွင် အပြင်ထွက်၍ လူသားများ ဖမ်းစားကြသော်လည်း ချင်မူတို့အုပ်စုကိုတော့ မထိပါးရဲဘဲ ဘေးမှသာ ကျော်ဖြတ်သွား၏။

ဤချိုင့်ဝှမ်းမှ လွန်မြောက်သောအခါ မြင်းမိုရ်တောင်သို့ ရောက်ရန် နှစ်ရက်ခန့်သာ ခရီးနှင်ရတော့မည် ဖြစ်သည်။

ဤကာလအတွင်း၌ ချင်မူတို့အားလုံး အိပ်ချိန်ပင် စိတ်ဖြောင့်ဖြောင့် မအိပ်ရဲဘဲ ဂိုဏ်းသခင်လီကို ဖိနှိမ်ရန် အသင့်ပြင်ထားရသဖြင့် အတော်လေး ပင်ပန်းနေကြ၏။ နဂါးချီလင်တစ်ကောင်သာ ဝဝအိပ်၊ ဝဝစားပြီး အမွေးအရောင် ပြောင်လက်နေသည်။

သို့ဖြစ်၍ ချင်မူတို့ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်ပြီး မြင်းမိုရ်တောင်ထံ သူတို့ကို ခေါ်ဆောင်သွားရန် ဤသတ္တဝါကြီးကို တာဝန်ပေးအပ်လိုက်တော့၏။

တဖြည်းဖြည်းနှင့် သူတို့ဖြတ်သန်းသွားရာ ကျေးရွာများက ဗုဒ္ဓဘာသာကိုးကွယ်သော ကျေးရွာများ ဖြစ်လာသည်။ အိမ်တိုင်းအိမ်တိုင်း၌ ဗုဒ္ဓဆင်းတုတစ်ဆူ ရှိကြ၏။ အချို့မှာ ရွာ၏ ကျောက်ရုပ်တုများကြားတွင်ပင် ဗုဒ္ဓဆင်းတုတော်များ နေရာချ၍ နတ်ဘုရားနှင့် ဗုဒ္ဓကို အတူတကွ ပူဇော်ပသကြသည်။

ချင်မူ စုံစမ်းမေးမြန်းကြည့်သောအခါ ရဟန်းအချို့က ဤနေရာသို့ လာရောက်၍ တရားတော်များ ဟောကြားပြီး ရွာသူရွာသားများ၏ ရောဂါဝေဒနာကို ကုသပေး သဖြင့် ဗုဒ္ဓဘာသာကိုးကွယ်သူ များပြားလာခြင်း ဖြစ်ကြောင်း သိရ၏။

“ဗုဒ္ဓဂိုဏ်းက မဟာမြို့ပျက်မှာလည်း ကိုးကွယ်သူ နောက်လိုက်နောက်ပါတွေ ရှိနေပါလား…” မျက်ကန်းက ပြုံးလိုက်သည်။ “မဟာမြို့ပျက်ရဲ့ စွန့်ပစ်ခံလူတွေကို ကယ်ဆယ်တာ ကောင်းတဲ့အလုပ်ပဲ၊ မဟာမိုးခြိမ်းသံကျောင်းတော်က သတ္တဝါတွေကို တန်းတူညီမျှ တကယ်ဆက်ဆံတာပေါ့လေ… ဒါပေမဲ့ ကျောက်ရုပ်တုတွေရဲ့ အစွမ်းကို မှီပြီး နာမည်ကောင်းယူတာကတော့ သက်သက်အမြတ်ထုတ်တာပဲ မဟုတ်ဘူးလား…”

မဟာမိုးခြိမ်းသံကျောင်းတော်နှင့် နီးလာလေလေ ဗုဒ္ဓဘုရားကျောင်းများ ပိုများလာလေလေ ဖြစ်၏။ အချို့ ဘုရားကျောင်းများက အမွှေးတိုင်မီးခိုးတလူလူ ထွက်နေပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ဗုဒ္ဓဆင်းတုတော်များ ထုလုပ်ကိုးကွယ်ထားကြသည်။ သို့သော်လည်း ညအချိန်ရောက်သည့်အခါတွင်တော့ မဟာမြို့ပျက်မှ လူများ၊ သားရဲများအားလုံး ဤဗုဒ္ဓကျောင်းတော်များ၌ ပုန်းခိုခြင်း မရှိဘဲ ကျောက်ရုပ်တုများ၊ နတ်ဘုရားရုပ်တုများ ရှိရာသို့သာ သွားရောက်ကြ၏။

ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။ ‘တထာဂတက အတော်လေး ကြိုးစားအားထုတ်ထားတာပဲ… ဒါပေမဲ့ မဟာမြို့ပျက်က နတ်ဘုရားတွေကို ယှဉ်နိုင်ဖို့တော့ ခက်တယ်… ဗုဒ္ဓဂိုဏ်းက ရောဂါဝေဒနာကို ကုစားနိုင်ပေမဲ့ အမှောင်ထုရဲ့ရန်ကနေတော့ အသက်မကယ်နိုင်ဘူး…”

အနီးအနားရှိ တောင်များက ပို၍ ပို၍ ကြီးမားလာပြီး ထိုတောင်များပေါ်တွင် အရွယ်အစားအမျိုးမျိုး ရှိသော ဘုန်းကြီးကျောင်းများ တည်ရှိနေ၏။ ချင်မူတို့ ထိုဘုန်းကြီးကျောင်းများကို ဖြတ်ကျော်လာခဲ့ပြီး ကောင်းကင်ယံ၌ မှောင်ရီပျိုးစပြုလာသောအခါ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ဝင်တည်းခိုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုဘုန်းကြီးကျောင်းရှေ့တွင် အမွှေးတိုင်များစွာ ထွန်းညှိပူဇော်ထားပီး အထဲတွင် ရာချီသော ဘုန်းတော်ကြီးများ ရှိ၏။ သူတို့က ညအမှောင်ထုကို ကြောက်ရွံ့သည့်ဟန် မပြဘဲ ဗုဒ္ဓတရားစာများကိုသာ ဆက်လက်ရွတ်ဖတ်နေကြသည်။

‘ဒီဘုန်းကြီးတွေဆီမှာ အမှောင်ရန်ကို တွန်းလှန်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိနေတာလား…’ ချင်မူ တအံ့တဩတွေးလိုက်မိ၏။

အံ့အားသင့်စရာကောင်းစွာပင် ဗုဒ္ဓဆင်းတုတော်များက ခပ်ဖျော့ဖျော့အလင်းရောင်များ လင်းလက်လာပြီး အမှောင်ထုကို တားဆီးကာကွယ်ထားသည်။ ချင်မူ ဆင်းတုတစ်ခုအနီးသို့ သွားကြည့်လိုက်ပြီးနောက် သူ့မျက်နှာတစ်ပြင်လုံး မည်းမှောင်သွား၏။

ဤဘုန်းကြီးကျောင်းရှိ ဘုန်းကြီးများက မဟာမြို့ပျက်၏ ကျောက်ရုပ်တုများပေါ်တွင် ရွှံ့စေးများ လိမ်းကျံ၍ ဗုဒ္ဓဆင်းတုအသွင် ဖန်တီးပြီး မီးဖုတ်ထားခြင်း ဖြစ်သည်။ ထို့နောက် ရွှေသင်္ကန်းများ ကပ်၍ ရွှေရောင်ဗုဒ္ဓဆင်းတုတော်များအဖြစ် အသွင်ပြောင်းလဲပစ်၏။ ညအချိန် ကျရောက်၍ ကျောက်ရုပ်တုများက ဤနေရာကို အမှောင်ထုရန်မှ ကာကွယ်ပေးသည့်အခါ ဗုဒ္ဓဆင်းတုတော်များက ၎င်းတို့၏ ဗုဒ္ဓရောင်ခြည်များ ထုတ်လွှတ်၍ သတ္တဝါအားလုံးကို အုပ်မိုးလွှမ်းခြုံထားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ချင်မူ တတိယမျက်လုံးကို အသုံးပြု၍ ကြည့်လိုက်သောအခါ မဟာမြို့ပျက်ကို ကာကွယ်နေသည့် နတ်ဘုရားများက ထိုအလင်းရောင်များ ထုတ်လွှတ်ပေးခြင်း ဖြစ်ပြီး ဗုဒ္ဓဆင်းတုတော်များမှ ထွက်ပေါ်လာခြင်း မဟုတ်ကြောင်း တွေ့ရသည်။

ထိုဘုန်းကြီးကျောင်း၌ မနက်မိုးလင်းသည့်အခါပင် ထွက်ခွာသွားခြင်း မရှိသော ဆန်းကြယ်သားရဲများလည်း ရှိ၏။ ဘုန်းတော်ကြီးများကတော့ ဤမြင်ကွင်းကို ရိုးအီနေဟန် ရှိပြီး ထိုဆန်းကြယ်သားရဲများကို ဘုန်းကြီးကျောင်းဝန်းအတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ပြုထားသည်။

အံအားသင့်စရာအကောင်းဆုံးမှာ အသားစားကြူးသည့် ဆန်းကြယ်သားရဲများက ဤဘုန်းကြီးကျောင်းထဲ၌ လိမ်လိမ်မာမာနေထိုင်၍ ၎င်းတို့၏ သဘာဝနှင့် ဆန့်ကျင်စွာ အသီးအရွက်စား သတ္တဝါများကဲ့သို့ ပြုမူနေကြခြင်း ဖြစ်၏။ ဗုဒ္ဓဆင်းတုများရှေ့တွင်လည်း ဝပ်တွား၍ ရှိခိုးဆုတောင်းနေကြသည်။ ဤနေရာသို့ လာရောက်ခိုလှုံကြသော မဟာမြို့ပျက်၏ စွန့်ပစ်ခံလူများကတော့ ဤသည်မှာ ဗုဒ္ဓ၏ စွမ်းပကားဖြစ်သည်ဟု ဆိုကြ၏။

သို့သော်လည်း အချို့ဘုန်းတော်ကြီးများက ထိုဆန်းကြယ်သားရဲများကို ထုံဆေးခပ်ထားသည့် အသားမြောင်းကြီးများ တိတ်တဆိတ် ပစ်ကျွေးနေကြောင်း ချင်မူ တွေ့မိသည်။

ချင်မူ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိ၏။

“မူအာ၊ သိပ်ဝင်မပါနဲ့…” မျက်ကန်းက ခပ်တိုးတိုး ပြောလိုက်သည်။ “မဟာမိုးခြိမ်းသံကျောင်းတော်က အတော်နီးနေပြီ… ငါတို့ ဒီဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်မိရင် မဟာမိုးခြိမ်းသံကျောင်းတော်ဆီ သတင်းရောက်သွားမှာပဲ… အဲဒီအခါကျ ဒုက္ခတွေ့လိမ့်မယ်၊ အဘွားကြီးစစ်ကို ကုမပေးတော့ဘဲ နေမှာ စိုးရတာ…”

“ကြောင်သူတော်ကြွက်သူခိုးတွေ…” အဘွားစစ်က နှာခေါင်းရှုံ့လိုက်၏။ “ဗုဒ္ဓဂိုဏ်းက ဒီလို အယောင်ဆောင် သူတော်ကောင်းတွေချည်းပဲ… သူတို့ကိုယ်ပိုင်အစွမ်းကောင်းကောင်း မရှိဘဲ သူများရဲ့ အစွမ်းကို ယူပြီး သူတို့ကိုယ်ပိုင်လိုလုပ်၊ ဗုဒ္ဓရဲ့ စွမ်းပကားဆိုပြီး ကြွားဝါကြတယ်… မျက်ကန်း၊ အဘိုးကြီးမာ… မင်းတို့လည်း ကြောင်သူတော်ကြွက်သူခိုးတွေပဲ… တထာဂတရဲ့ အကူအညီလိုတော့ ဒီမြည်းခေါင်းတုံးတွေရဲ့ မကောင်းမှုကို မဖော်ထုတ်ရဲကြတော့ဘူး…”

ချင်မူက ဝင်ပြောလိုက်သည်။ “သူတို့မှာ အစွမ်းကောင်းကောင်း ရှိ၊မရှိဆိုတာ မဟာမိုးခြိမ်းသံကျောင်းတော်ကို ရောက်ပြီး တထာဂတနဲ့တွေ့တဲ့အခါ ဂိုဏ်းသခင်လီ သိပါလိမ့်မယ်…”

အဘွားစစ်က ဟက်ခနဲ ရယ်မောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ မင်းကရော ငါတို့နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဖြစ်ဖို့ ထိုက်တန်ရဲ့လား… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဖြစ်ရဲ့နဲ့ ရန်သူဂိုဏ်းက တထာဂတကို ကူညီဖို့ သွားတောင်းပန်နေတယ်… ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအတွက် မျက်နှာပျက်စရာ၊ အရှက်ရစရာပဲ… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ နာမည်က မင့်လက်ထက်မှာ ပျက်စီးရတော့မယ်… ငါ အပြည့်အဝ ပြန်ကောင်းပြီး နတ်ဂိုဏ်းကို ပြန်လာမှ နတ်ဂိုဏ်းသခင်ဆိုတာ ဘယ်လိုပြုမူရသလဲ မင်းကို ပြမယ်…”

ချင်မူက အမူအရာ အပြောင်းအလဲမရှိဘဲ မေးမြန်းလိုက်သည်။ “နတ်ဂိုဏ်းသခင်ဆိုတာ ဘယ်လိုပြုမူသင့်တာလဲ ပြောပါဦး…”

“ဒီမြည်းခေါင်းတုံးတွေရဲ့ အယောင်ဆောင် မျက်နှာဖုံးကို ဆွဲခွာပစ်လိုက်… သူတို့ရဲ့ ဗုဒ္ဓဆင်းတုတွေကို ရိုက်ခွဲပြီး နောက်ကွယ်က နတ်ဘုရားရုပ်တုတွေကို ဖော်ထုတ်ပြလိုက်…” အဘွားစစ်က ပြောလိုက်၏။

“အဲဒီဆန်းကြယ်သားရဲတွေ ဆေးမိနေတာကို ပြန်ကောင်းအောင် လုပ်ပေးလိုက်၊ အဲဒါမှ သူတို့ရဲ့ သဘာဝအစစ်အမှန် ပေါ်လာပြီး ဒီနေရာက မြည်းခေါင်းတုံးတွေ အကုန်လုံးကို သတ်စားပစ်မှာ… အဲဒါဆို ဒီဘုန်းကြီးကျောင်းတစ်ခုလုံး သန့်ရှင်းပြီးသား ဖြစ်သွားလိမ့်မယ်… တုံးအတဲ့လူတွေကို ဒီမြည်းခေါင်းတုံးတွေ ဘယ်လို သောက်ချီးကျထားလဲ မြင်ပစေ… ဗုဒ္ဓဝါဒဆိုတာ အမြင်ပဲကောင်းတာ၊ ဘာမှ အသုံးမကျဘူး… ဟီး ဟီး… သမာသမတ်လမ်းလို့ ခေါ်နေတဲ့ဟာတွေ အကုန်လုံးက ခွေးချေးတွေပဲ… ခွေးချေးကို မီးမောင်းထိုးပြလိုက်… ရွှံ့ရုပ်တွေကို ရွှေပြားဖုံးထားခွင့် မပေးနဲ့… ဒါ ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ သဘာဝတရားကို ရှင်းရှင်းလင်းလင်း နားလည်ဖို့ သင်ပြတဲ့ လမ်းစဉ်ပဲ…”

ဤစကားများ၏ အနက်အဓိပ္ပာယ်က ယုတ္တကျသည်ဟု ချင်မူ ခံစားမိသော်လည်း လုပ်ဆောင်ရမည့် အပြုအမူက လွန်ကျူးလှ၏။ သူလည်း ဤဆန်းကြယ်သားရဲများ၏ ခန္ဓာကိုယ်မှ ထုံဆေးကို ဖယ်ရှားပစ်လိုသော်လည်း ဆေးပြယ်သွားမည့်အချိန်တွင် လူသားများ စားသောက်ကြမည်ကို တွေးမိသောအခါ ထိုစိတ်ကူးကို စွန့်လွှတ်လိုက်ရသည်။

နောက်ဆုံးတွင် မဟာမိုးခြိမ်းသံကျောင်းတော်ကို လှမ်းမြင်ရချေပြီ။ နတ်သက်ကြွေတောင်ကြော၏ အလယ်၌ မားမားမတ်မတ် တည်ရှိသော ခမ်းနားထည်ဝါလှသည့် တောင်ကြီးတစ်လုံးကို မြင်တွေ့ရ၏။ အခြားတောင်ကြောများက ကြီးမားသည့် အားအင်တစ်ခုဖြင့် ခုတ်ဖြတ်ခံရသကဲ့သို့ တောင်စွန်းချွန်များ၊ မတ်စောက်သည့် ကျောက်သားမျက်နှာပြင်များ ဖြစ်ပေါ်နေပြီး ငှက်များပင် ၎င်းတို့ပေါ်မှ ဖြတ်ကျော်ပျံသန်းရန် ခက်ခဲလှသည်။ တောင်စွယ်အားလုံးက နှင်းများဖုံးလွှမ်းနေသော်လည်း ဤတောင်ကြီးတစ်လုံးသာ နှင်းမဖုံးဘဲ ရှိနေ၏။ အခြားတောင်စွယ်များက ဤတောင်ကြီးကို အလယ်တွင်ထား၍ ကာကွယ်ပေးနေသကဲ့သို့ ရှိသည်။

ဘေးပတ်ပတ်လည်မှ တောင်ထွတ်များက လှေကားထစ်များနှင့်ပင် တူ၏။ တောင်ထွတ်သုံးထောင်က အောက်ဆုံးလှေကားထစ်အလွှာအဖြစ် ဖွဲ့တည်နေသည်။ ဒုတိယအလွှာက ထောင်ထွတ်ကိုးရာကိုးဆယ့်ကိုးလုံး၊ ထို့နောက်တွင် တောင်ထွတ်ကိုးဆယ့်ကိုးလုံး၊ ပြီးသည့်အခါ တောင်ထွတ်ကိုးလုံး အဆင့်ဆင့် အလွှာလိုက်မြင့်တက်သွားပြီး အဓိကတောင်ထွတ်ကို အလယ်တွင် ဝန်းရံထား၏။

ထိုတောင်ထွတ်များကြား၌ အရွယ်အစားအမျိုးမျိုးရှိသော ဘုန်းတော်ကြီးကျောင်းများ တည်ရှိပြီး ထိုကျောင်းများ၌ ခမ်းနားထည်ဝါသည့် ဗုဒ္ဓဆင်းတုတော်ကြီးများ ထားရှိကိုးကွယ်ကြသည်။ အချို့တောင်ထွတ်များကိုတော့ ဗုဒ္ဓဆင်းတုတော်ကြီးအဖြစ် ထုဆစ်ပြီး လက်ဖဝါးတော်၊ ရင်ညွန့်နေရာ အစရှိသည်တို့၌ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်ထား၏။

“တကယ့်ကို ခမ်းနားထည်ဝါတာပဲ…” မျက်ကန်းက ချီးကျူးလိုက်သည်။ “အဘိုးကြီးမာ၊ မင်းတို့ ဗုဒ္ဓဂိုဏ်းက ဘာလို့ ရွှေတွေငွေတွေ ဝတ်ချင်ကြတာလဲ… ဒီလို ခမ်းခမ်းနားနားတွေ ဆောက်မဲ့အစား သဘာဝကပ်ဘေးဒုက္ခ ကြုံတွေ့ရတဲ့ နေရာတွေမှာ သုံးလိုက်ရင် ပိုမကောင်းဘူးလား… ရဟန်းတွေအတွက် ပစ္စည်းလေးပါးဆိုတာ ပကာသနတွေပဲ…”

အဘိုးကြီးမာက မတုန်မလှုပ် ပြန်ဖြေလိုက်၏။ “ငါတို့သာ ခမ်းခမ်းနားနား မနေရင် ဘယ်သူက လာပြီး ကိုးကွယ်ပူဇော်တော့မှာလဲ…”

အဘွားစစ်က နှာခေါင်းရှုံ့လိုက်သည်။ “ကြောင်သူတော်ကြွက်သူခိုးတွေ…”

ချင်မူက အော်ဟစ်လိုက်၏။ “ပါးစပ်ပိတ်ထားစမ်း… ဒါပြီးရင် တထာဂတက ခင်ဗျားကို သေအောင် ချေချွတ်ပစ်လိမ့်မယ်…”

“ခွေးကောင်လေး၊ နင်က ငါ့ကိုတောင် ပြန်အော်ငေါက်ရဲနေပြီပေါ့ ဟုတ်လား…” အဘွားစစ်မှာ ဒေါသအိုးပေါက်ကွဲသွားသည်။

ချင်မူ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွား၏။ “အိုး ဘွားဘွားလား… ဘွားဘွား၊ ကန်တော့ ကန်တော့… ကျွန်တော်က ဂိုဏ်းသခင်လီ ပြန်နိုးလာတာမှတ်လို့…”

အဘွားစစ်က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ “အဘိုကြီးမာ၊ ကျုပ်က ရှင့်ကို ပြောတာ မဟုတ်ပါဘူး… ဒီမြည်းခေါင်းတုံးတွေကတော့ တကယ့်ကို ကြောင်သူတော်ကြွက်သူခိုးတွေပဲ… ဟိုမှာကြည့်၊ ဘယ်ဘုန်းကြီးကျောင်းများ ပြောင်လက်တောက်ပမနေတာ ရှိလဲ… အကုန်လုံး စည်းစိမ်ခံစားနေကြတာ… ဘယ်ဗုဒ္ဓဆင်းတုမှာများ ရွှေငွေမဆင်ထားဘဲ နေလဲ… ဒီဘုန်းကြီးတွေက ဘာမှ ဖြစ်ဖြစ်မြောက်မြောက်လည်း မလုပ်ဘူး၊ အခွန်လည်း မဆောင်ဘူး၊ သူတို့အကျိုးကို ထိရင်တော့ အတွန့်တက်လို့ မဆုံးဘူး… ဘုန်းကြီးစစ်သားတွေ၊ ပုန်ကန်သူတွေတောင် လက်ခံမွေးမြူပြီး တစ်လောကလုံးကို ထိန်းချုပ်ချင်နေတာ…”

“ပါးစပ်ပိတ်ထားစမ်း၊ မိစ္ဆာတွေ…” ကောင်းကင်ယံမှ အော်ဟစ်ပြောဆိုသံ ထွက်ပေါ်လာ၏။ ချင်မူ မော့ကြည့်လိုက်သောအခါ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသည့် ရဟန်းတစ်ပါးကို တွေ့ရသည်။ ထိုကိုယ်တော်က ခံ့ညားထည်ဝါသော်လည်း အဘွားစစ်၏ စကားကြောင့် ဒေါသထွက်နေဟန် ရှိ၏။

သို့သော်လည်း အဘိုးကြီးမာကို မြင်သောအခါ ထိုကိုယ်တော်၏ မျက်နှာပေါ်တွင် အံအားသင့်သည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး နောက်လှည့်ပြေး၍ အော်ဟစ်လိုက်သည်။ “မကောင်းတော့ဘူး၊ မကောင်းတော့ဘူး… မာဝမ်ရှန်း တောင်ပေါ်ကို ပြန်တက်လာပြီ…”

တောင်ထွတ်ပေါ်ရှိ ဘုန်းကြီးကျောင်းများအားလုံး ဆူညံဆူညံဖြစ်သွားပြီး ဘုန်းတော်ကြီးများ လေပေါ်ပျံတက်လာကာ ရန်သူတော်ကြီး တွေ့ကြသည့်အလား ကောင်းကင်ယံတွင် ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့တည်နေရာယူလိုက်ကြ၏။

အဘိုးကြီးမာက မတုန်မလှုပ် ပြောလိုက်သည်။ “ငါ့လက်ကို ပြန်လာယူတုန်းက နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ခဲ့မိတယ်… တောင်ပေါ်တက်ကြစို့…”

နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ ပေါ်ထွက်လာပြီး တောင်တန်းများအလယ်မှ ပင်မတောင်ထွတ်ဆီသို့ အပြေးသွားလိုက်၏။

ထိုနေရာက တိမ်ပင်လယ်အထက်တွင် တည်ရှိပြီး နေရောင်ခြည်များ ဖြာကျ၍ ရွှေရောင်တလက်လက် တောက်ပနေသည်။ သို့အတွက်ကြောင့် ဤတောင်ထွတ်ကို ရွှေတောင်ထွတ်ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။ ထိုနေရာသို့ ပျံသန်းသွားရန်အတွက် နဂါးချီလင်ပင် အတော်လေး အချိန်ယူရသည်။

လမ်းတစ်လျှောက်၌ ထောင်ချီသော ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများကို ဖြတ်သန်းလာရပြီး ထိုကျောင်းတော်များ၌ ကျင့်စဉ်စွမ်းရည်မြင့်မားသော ဘုန်းတော်ကြီးများ ပြည့်နှက်နေ၏။ မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့ထွက်၍ မတားဆီးရဲသော်လည်း ဤအတိုင်း လွှတ်ပေးလိုခြင်းလည်း မရှိကြချေ။

ဘုန်းတော်ကြီးများက ဆန်းကြယ်သားရဲများ စီး၍ တစ်ပါးပြီးတစ်ပါး ပျံသန်းထွက်ပေါ်လာပြီး မြင်းမိုရ်တောင် ရွှေတောင်ထွတ်ကို ဝိုင်းပတ်နေရာယူလိုက်ကြသည်။ ထို့နောက် မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းအနိုင်ယူတော့မည်ကဲ့သို့ ဝင်္ကပါအလွှာတစ်ထပ်ပြီးတစ်ထပ် ဖန်တီးဖွဲ့စည်းလိုက်ကြ၏။

ချင်မူ အဘိုးကြီးမာကို လေးစားမိသွားသည်။ ပြီးခဲ့သည့်အခေါက် ဤနေရာသို့ ဘိုးဘိုးမာ လာရောက်စဉ်က ပင်မတောင်ထွတ်ရောက်သည်အထိ အားလုံးကို တိုက်ခိုက်အနိုင်ယူပြီး ထိုးဖောက်ဝင်ရောက်ရပေလိမ့်မည်။

အဘိုးကြီးမာက ဘုန်းတော်ကြီးပေါင်း သောင်းချီဖြင့် ဖွဲ့စည်းထားသည့် အကာအကွယ်ဝင်္ကပါ၏ ရှေ့တွင် နဂါးချီလင်ကို ရပ်တန့်စေလိုက်၏။ “တပည့်တော် တထာဂတကို ဖူးမြင်ဖို့ ရောက်လာပါတယ်၊ တောင်းဆိုစရာ တစ်ခုလည်း ရှိလို့ပါ…”

သူ့အသံက လေထုတစ်ခွင်လုံး တုန်ခါပျံ့လွင့်သွားသည်။ တောင်ထွတ်များ၌လည်း အမျိုးမျိုးသော မြင်ကွင်းများ ပေါ်ထွက်လာ၏။ မြေပြင်မှ ရွှေရောင်စမ်းချောင်းများ ပေါ်ထွက်လာသကဲ့သို့ ကောင်းကင်ယံမှ ကြာပန်းတစ်ပွင့် သက်ဆင်းကျရောက်လာသည်။ မိစ္ဆာတစ်ပိုင်း၊ နတ်ဘုရားတစ်ပိုင်း မျိုးနွယ်ရှစ်မျိုးတို့၏ ပုံရိပ်များနှင့် ကောင်းကင်ဘုံအဆင့်နှစ်ဆယ်မှ နတ်ဘုရားတို့၏ ပုံရိပ်များလည်း လေထုထဲ၌ ပေါ်ထွန်းလာ၏။ ဤဖြစ်ရပ်များက ထပ်ဖန်တလဲလဲ ပေါ်ထွက်လာပြီး အရပ်မျက်နှာအနှံ့ ရောင်ခြည်တော်များ ပျံ့နှံ့၍ ဗုဒ္ဓတရားသံများ ပဲ့တင်ထပ်သွားသည်။

ဤမြင်ကွင်းတစ်ခုတည်းဖြင့်ပင် မရေမတွက်နိုင်သော ဘုန်းတော်ကြီးများ ငြိမ်ကျသွား၏။

ဤအခိုက်၌ ရွှေတောင်ထွတ်ထံမှ တဟားဟား ရယ်မောသံ ထွက်ပေါ်လာသည်။ “မာဝမ်ရှန်းရဲ့ ကျင့်စဉ်စွမ်းအင်က အရင်ထက် တိုးတက်လာပြီပဲ… တထာဂတ မဟာယာနသုတ္တန်ရဲ့ အဆင့်နှစ်ဆယ်ကောင်းကင်ဖြစ်တဲ့ ဗြဟ္မာဘုံအထိ ရောက်နေပြီထင်တယ်… နောက်တစ်လှမ်းသာ ဆက်နိုင်ရင် တထာဂတဖြစ်တော့မယ်… ရဟန်းတို့၊ နောက်ဆုတ်ပြီး တက်ခွင့်ပေးလိုက်ကြ… သူ့ကို ကိုယ်တော်စောင့်နေတာ ကြာပြီ…”

“အဆင့်နှစ်ဆယ်ကောင်းကင်…” ချင်မူ မှင်တက်မိပြီး အဘိုးကြီးမာကို လှမ်းကြည့်လိုက်၏။

သူတို့ရှေ့တွင် တားဆီးထားသည့် ရဟန်းဝင်္ကပါက ဘေးချဲသွားသည်။ အဘိုးကြီးမာက နဂါးချီလင်ကို တောင်ပေါ်သို့ တက်ခိုင်းရင်း ပြောပြလိုက်၏။ “ဒါက တထာဂတရဲ့ မဟာယာနသုတ္တန်မှာပါတဲ့ ဘုံအဆင့်နှစ်ဆယ်ပါ… အဲဒီကောင်းကင်ဘုံအဆင့်နှစ်ဆယ်လုံး လေ့ကျင့်ပြီးသွားရင် တထာဂတ ဖြစ်လာလိမ့်မယ်… ငါ မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်လာတော့ တစ်ဆယ့်ကိုးဆင့်ကောင်းကင်ဖြစ်တဲ့ သိကြားဘုံအထိ ကျင့်ကြံပြီးလို့ တစ်လောကလုံးရဲ့ ထိပ်သီးပညာရှင် ဖြစ်နေပြီ…”

All Chapters