သာမန်လူဘဝသို့ ပြန်သွားခြင်း
Vol. 18 Ch. 248
“အဆင့်နှစ်ဆယ်လုံး လေ့ကျင့်အောင်မြင်ပြီးသွားရင် တထာဂတ ဖြစ်လာနိုင်တာလား…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ မဟာမိုးခြိမ်းသံကျောင်းတော်က ဗုဒ္ဓဂိုဏ်း၏ အကြီးဆုံး အထွတ်အမြတ်နယ်မြေ ဖြစ်သည်မှာ သံသယရှိစရာ မလိုချေ။ တထာဂတ၏ မဟာယာနသုတ္တန်မှာလည်း မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၊ တာအိုဓားဆယ့်လေးခန်းတို့နှင့် တန်းတူယှဉ်နိုင်သော ဂိုဏ်းအမွေအနှစ်ပညာရပ်တစ်ခု ဖြစ်ရန် ထိုက်တန်လှ၏။
အကြီးဆုံး အထွတ်အမြတ်နယ်မြေသုံးခု ဆိုသည်မှာ အမည်ခံသက်သက်မျှ မဟုတ်။
ယခု ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဆီးနှင်းကပ်ဘေး ကျရောက်နေချိန်၌ ဤနေရာရှိ ရာသီလေးပါးစလုံးက နွေရာသီကဲ့သို့ လင်းပွင့်နွေးထွေးနေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ရွှေ့ပြောင်းလာသူများက ဤနေရာရှိ ဘုန်းတော်ကြီးကျောင်းများတွင် နေထိုင်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်ကြ၏။
ချင်မူက တောင်ထွတ်ပေါ်ရှိ ဘုန်းကြီးကျောင်းများကို ကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “မဟာမိုးခြိမ်းသံကျောင်းတော် လုပ်နေတာက လူတွေဒုက္ခရောက်တုန်း အခွင့်ကောင်းယူသလို ဖြစ်မနေဘူးလား…”
မျက်ကန်းက ခေါင်းခါယမ်းလိုက်၏။ “မူအာ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဘာတွေလုပ်နေတယ်ဆိုတာကို မြင်အောင်ကြည့်ရမယ်… မဟာမိုးခြိမ်းသံကျောင်းတော်က ဒီလူတွေရဲ့ အသက်ကို ကယ်တင်ထားတာ၊ ဒါ ကောင်းတဲ့ကိစ္စပဲ… ဒါကို အသုံးချပြီး သူတို့ဗုဒ္ဓဘာသာပြန့်ပွားအောင် လုပ်တာဆိုရင်တောင် သူတို့လုပ်နေတဲ့အလုပ်က ကောင်းတဲ့အလုပ်လေ… မင်းအနေနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကိုပဲ ပုံကြီးချဲ့ကြည့်နေပြီး သူတို့ ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲဆိုတာ မမြင်ရင် ဂိုဏ်းသခင်လီနဲ့ ဘာထူးတော့မှာလဲ…”
ချင်မူ အံ့အားသင့်သွားပြီး ခေါင်းညိတ်လိုက်သည်။
လူတစ်ယောက်၏ ဘဝတွင် ကျင့်ကြံခြင်းမှလွဲ၍ အခြားမရှိလျှင် အတွေးအခေါ် အစွန်းရောက်၍ လမ်းမှားသွားနိုင်၏။ ကိုယ့်ကိုယ်ကိုယ် မှန်ကန်စွာ ရှုမြင်သုံးသပ်နိုင်စွမ်းနှင့် မယိမ်းယိုင်သော အတွေးအခေါ် မရှိသူတို့မှာ မိမိ၏စိတ်နှလုံးကြောင့်မိမိ အလွယ်တကူ လမ်းမှားရောက်နိုင်၏။
ဤရက်များ၌ ဂိုဏ်းသခင်လီနှင့် အတူနေရသဖြင့် ချင်မူ သူ့ကိုယ်သူပင် သတိထားမိခြင်း မရှိဘဲ ဂိုဏ်းသခင်လီ၏ လွှမ်းမိုးမှု ခံခဲ့ရသည်။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဤဂိုဏ်းသခင်ဟောင်းမှာ မိစ္ဆာစိတ်ထားရှိပြီး သူ၏ စိတ်အခြေအနေက အစွန်းရောက်နေ၏။ သို့သော်လည်း ဂိုဏ်းသခင်လီက ဆရာတစ်ဆူဖြစ်သည့်အပြင် သူ့စကားလုံးများက လွန်စွာ ယုတ္တိကျလှသဖြင့် သတိလက်လွတ်နေမိပါက သူ၏ အတွေးအခေါ်ဒဿနများကို မသိလိုက်မသိဖာသာ နာယူမှတ်သားမိသွားပေလိမ့်မည်။
နဂါးချီလင်က ရွှေတောင်ထွတ်သို့ ရောက်ရှိလာပြီး သူ့ခြေထောက်အောက်ရှိ မီးလျှံတိမ်တိုက်များ သေးငယ်သည်ထက် သေးငယ်၍ မြေပြင်သို့ သက်ဆင်းလိုက်သည်။ ရွှေတောင်ထွတ်က တိမ်တိုက်များကြားမှ ထီးထီးချည်း ထိုးထွက်နေ၏။ ခြေနင်းကြမ်းပြင်မှာ တိမ်တိုက်များနှင့် အရောင်တူအသွေးတူ ကျောက်စိမ်းဖြူသားများ ခင်းထားသည်။
ဤနေရာက နတ်ဘုံနတ်နန်းကဲ့သို့ပင် ဖြစ်၏။
ချင်မူ လှည့်ပတ်ကြည့်ရှုရင်း တအံ့တဩ ချီးကျူးလိုက်မိသည်။ လိုလန်ရွှေနန်းတော်က ကြီးကျယ်ခမ်းနား၍ ဆန်းကြယ်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်၏။ မဟာမိုးခြိမ်းသံကျောင်းတော်က ထပ်တူ ကြီးကျယ်ခမ်းနားသော်လည်း လိုလန်ရွှေနန်းတော်ထက် များစွာ ပို၍ တည်ငြိမ်ခံ့ညားသည်။ နေရာအနှံ့တွင် ဗုဒ္ဓယဉ်ကျေးမှု အရှိန်အဝါအငွေ့အသက်များ ထုံမွှမ်းလွှမ်းခြုံထား၏။
ရွှေတောင်ထွတ်ထက်တွင် ဘုရားပုထိုးစေတီများစွာ ရှိပြီး ထိုထဲမှ စေတီတစ်ဆူမှာ အခြားစေတီများထက် ပို၍ ကြီးကျယ်ခမ်းနားသည်။ ထိုစေတီအတွင်း၌ မျက်ခုံးမွေးရှည်ဘုန်းတော်ကြီးများ ထိုင်နေပြီး အချို့မှာ ပြသာဒ်များပေါ်တွင် သီတင်းသုံး၍ ဗုဒ္ဓတရားစာများ ရွတ်ဖတ်သရဇ္ဈာယ်နေကြ၏။
‘ဒါ ဗုဒ္ဓတစ်ထောင်စေတီဆိုတာလား…’ ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။
အဖြူရောင်သင်္ကန်းကို ဆင်မြန်း၍ ပန်းအိုးဖြူတစ်လုံးကို ပိုက်ထားသည့် အမျိုးသမီးဗောဓိသတ်တစ်ပါးက ရှေ့ထွက်လာပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ မာဝမ်ရှန်း၊ သခင်မစစ်နဲ့ ဒီကတာအိုမိတ်ဆွေကြီး… တထာဂတက စောင့်ကြိုနေပါတယ်… နောက်ကလိုက်ခဲ့ကြပါ…”
ချင်မူက ပြောလိုက်သည်။ “ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မမကြီး…”
“မမကြီး ဟုတ်လား…” အမျိုးသမီးဗောဓိသတ်က ရယ်မောလိုက်၏။ “ဂိုဏ်းသခင်ချင်က ရယ်စရာအတော်ပြောတတ်တာပဲ… ကြွပါ…”
ချင်မူတို့ ထိုဗောဓိသတ်၏ နောက်မှ လိုက်သွားကြသည်။ ရွှေတောင်ထွတ်တွင် တိမ်တိုက်များပေါ်၌ တင်ပျဉ်ဖွဲ့ထိုင်နေသော ဗုဒ္ဓရဟန်းများ ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်မှ ရောင်ခြည်တော်များ လင်းဖြာနေ၏။
တထာဂတက ထိုရဟန်းများ၏ ဦးဆောင်ဦးရွက်ဖြစ်သည့်အားလျော်စွာ အမြင့်ဆုံးနေရာတွင် ထိုင်နေတော်မူသည်။ သူ၏ ရုပ်ခန္ဓာက ကြီးမားလှပြီး ဘေးနှစ်ဖက်တွင် လက်ဝဲရံ၊ လက်ယာရံ မထေရ်များ ရှိ၏။ အောက်ဘက်တွင်တော့ ဗောဓိသတ်များ၊ ရဟန္တာများ၊ ဝဇိရပါဏီရဟန်းများ၊ ကျောင်းအုပ်များ၊ တထာဂတ၏ ကျင့်စဉ်စွမ်းအင်မြင့် ဂိုဏ်းသားတပည့်များ နေရာယူထားကြသည်။ ထိုထဲတွင် လူနှင့်မတူဘဲ အခြားမျိုးနွယ်မှ ဉာဏ်အလင်းပွင့်လာဟန်ရသော ရဟန်းအချို့ပင် ရှိနေ၏။
သူတို့ ရှေ့တိုးသွားရင်း ချင်မူက နှုတ်ဆက်လိုက်သည်။ “နောင်တော်ကြီး…”
တထာဂတက အလျင်အမြန် ထရပ်၍ တုံ့ပြန်နှုတ်ဆက်လိုက်၏။ “နောင်တော်ကြီး…”
သူထရပ်လိုက်သည့်အခိုက်တွင် အခြားကျောင်းအုပ်များ၊ မထေရ်များ၊ ဗောဓိသတ်များ၊ ရဟန္တာများ၊ ဝဇိရပါဏီရဟန်းများအားလုံး ထရပ်၍ တစ်ပြိုက်နက် နှုတ်ဆက်လိုက်ကြသည်။ “နောင်တော်ကြီး…”
အားလုံးနှုတ်ဆက်ပြီးသောအခါ တထာဂက ချင်မူ့ကို လက်ယပ်၍ သူ့နံဘေးတွင် ထိုင်ရန် ဖိတ်ခေါ်လိုက်၏။ ထိုထိုင်ခုံက နေကထိုင်အခင်းတစ်ခု ဖြစ်ပြီး သူဝင်ထိုင်လိုက်လျှင် ကောင်းကင်ယံရှိ ရဟန်းအားလုံးထက် များစွာ နိမ့်ကျသွားပေလိမ့်မည်။
“မူအာ၊ ထိုင်သာထိုင်လိုက်…” အဘိုးကြီးမာက ပြောလိုက်သည်။
ချင်မူ ထိုင်ချလိုက်သောအခါ ညင်သာသော အားအင်တစ်ရပ်က နေကထိုင်နှင့်တကွ သူ့ကို ပင့်တင်၍ နဂါးချီလင်၏ ကျောပေါ်သို့ ပို့ဆောင်ပေးလိုက်၏။ ဤသည်က အတော်လေး ကြီးကျယ်ခမ်းနားလှသည်။
တထာဂတက အဘိုးကြီးမာကို ကြည့်၍ ပြုံးလိုက်၏။ “တပည့်၊ နောက်ဆုံးတော့ လောကီရေးရာတွေကို စွန့်လွှတ်ပြီး တောင်ပေါ်ပြန်လာတော့မယ်ပေါ့…”
“တောင်ပေါ်ပြန်လာရမယ် ဟုတ်လား… ကျုပ်ရင်ထဲမှာ မြင်းမိုရ်တောင် ရှိတယ်၊ ဒါပေမဲ့ တောင်ပေါ်မှာ ဗုဒ္ဓမရှိတော့ဘူး…”
တထာဂတက ပြုံးလိုက်သည်။ “မင့်ရင်ထဲမှာ မြင်းမိုရ်တောင် မရှိတော့တဲ့အခါ တထာဂတ ဖြစ်လာလိမ့်မယ်… သိပ်ကောင်းတယ်၊ မင့်နှလုံးသားထဲက ဇနီးမယားနဲ့ သားသမီးကို ထုတ်ပယ်လိုက်… ဒီမဟာမိုးခြိမ်းသံကျောင်းတော်ဟာ မင်းဦးဆောင်စရာ ဖြစ်လာလိမ့်မယ်…”
အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်၏။ “ဒီနေရာကို ကျုပ်ဦးဆောင်ရရင် တောင်ပေါ်က သောက်ခေါင်းတုံးတွေ အကုန်လုံးကို သတ်ပစ်မိလိမ့်မယ်…”
အားလုံးသော ကျောင်းအုပ်များ၊ ရဟန္တာများ မျက်နှာပျက်ယွင်း၍ တစ်မုဟုတ်ချင်း ယမ်းမီးပုံကျ ဖြစ်သွားသည်။
တထာဂတက ပြောလိုက်၏။ “မင်းက လမ်းမှားအတိုင်း ဆက်လျှောက်ချင်နေတုန်းပဲကို… ပြီးခဲ့တဲ့အခေါက် တောင်ပေါ်ကို မင်းပြန်လာတုန်းက ဒီကိုယ်တော် အမြန်ပြန်လာပေမဲ့ ခြေတစ်လှမ်းနောက်ကျခဲ့တယ်… ကိုယ်တော်တို့နှစ်ယောက်က ဆရာတပည့်ဆက်ဆံရေး ရှိနေတုန်းပဲဆိုတာ သိထားပါ… မင်းအနေနဲ့ လက်တစ်ဖက်ဖြတ် ပို့လိုက်ပေမဲ့ နောင်တစ်ချိန်မှာ လောကီရေးရာတွေ သံယောဇဉ်ဖြတ်ပြီး မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ပြန်လာမယ်ဆိုတာ ယုံကြည်လို့ မင်းရဲ့လက်ကို ဗုဒ္ဓတစ်ထောင်စေတီထဲမှာ သိမ်းဆည်းထားခိုင်းခဲ့တယ်… ဒါက တစ်ချိန်ချိန်မှာ မင်းကို ပြန်လာစေချင်တဲ့ ကိုယ်တော့်ရဲ့ ဆန္ဒပဲ… မင်းအနေနဲ့ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကိုသိသင့်တယ်…”
အဘိုးကြီးမာက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကျုပ်သိပါတယ်… ဒါပေမဲ့ ကျုပ်မိန်းမနဲ့ကလေးက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ လက်ထဲမှာ သေခဲ့ရတာ… ဒီသွေးကြွေးက သွေးနဲ့ပဲ ပြန်ဆပ်ရမယ်…”
“ရူးမိုက်လိုက်တဲ့ တပည့်…” တထာဂတက အော်ဟစ်လိုက်၏။ “ဇနီးမယားနဲ့ သားသမီးဆိုတာ စိတ်ကိုလှည့်စားတဲ့ အတုအယောင်တွေ၊ အားလုံးက အပုပ်ကောင်တွေချည်းပဲ… မင်းသာ ဗုဒ္ဓအသိစိတ်ကပ်နိုင်ရင် အိမ်ထောင်မှုရဲ့ မိစ္ဆာအသီးအပွင့်တွေက အဆုံးသတ်မှာ အနတ္တပဲဆိုတာ သိမြင်သင့်တယ်…”
အဘိုးကြီးမာက ဒေါသအိုးပေါက်ကွဲသွားပြီး ပြန်အော်လိုက်သည်။ “သောက်ချီးအနတ္တ… ကျုပ်လက်ကို ဖြတ်ပေးခဲ့ပြီ၊ အဲဒါကို မကျေနပ်နိုင်သေးဘူးလား… ဘာကိစ္စ ကျုပ်မိန်းမနဲ့ကလေးကို သတ်ရတာလဲ… ခင်ဗျားတို့က ကျုပ်မိန်းမနဲ့ကလေးကို အရိုးစုတွေ၊ ကျုပ်ကိုချုပ်နှောင်ထားတဲ့ အနှောင်အဖွဲ့မိစ္ဆာတွေလို့ ပြောတယ်၊ ကျုပ်ဖာသာ အရိုးစုတွေကို သဘောကျတာ ဘာဖြစ်လဲ… ခင်ဗျားကို ဆရာခေါ်နေသေးတာ ခင်ဗျားရဲ့ အကူအညီ လိုအပ်နေသေးလို့ပဲ… ထပ်ပြောရဲပြောကြည့် ခင်ဗျားကို ပလ္လင်ပေါ်က ဆွဲချပြီး ဒီရွှေတောင်ထွတ်တစ်ခုလုံးကို သွေးနဲ့ဆေးပစ်မယ်…”
တောင်ပေါ်ရှိ ရဟန်းအားလုံး၏ မျက်နှာများ ပျက်ယွင်းသွားပြီး မည်သူတစ်ဦးတစ်ယောက်မျှ ငြိမ်မနေနိုင်တော့ချေ။
ချင်မူမှာ အဘိုးကြီးမာ ဤကဲ့သို့ ပေါက်ကွဲပြောဆိုလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ ပုံမှန်အားဖြင့် အဘိုးကြီးမာသည် တစ်ရွာလုံးတွင် အတည်ငြိမ်ဆုံးနှင့် အယုံကြည်ရဆုံး ဖြစ်ပြီး ထော့ကျိုး အလေးစားဆုံးသူလည်း ဖြစ်၏။
ရွှေတောင်ထွတ်ပေါ်တွင်တော့ အမည်းရောင်မိုးတိမ်များ စုဖွဲ့လာသည်။ အစောပိုင်းက ရွှေရောင်အလင်းတန်းများ၊ ရင်သပ်ရှုမောဖွယ်တိမ်တိုက်များဖြင့် ပြည့်နေသော ပတ်ဝန်းကျင်မှာ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖုံးလွှမ်းလာချေပြီ။
ချင်မူ ချောင်းဟန့်၍ တဟားဟားရယ်မောလိုက်၏။ “အသေးအဖွဲကိစ္စလေးတွေကြောင့် ကိစ္စကြီးတွေ နောက်ရောက်သွားရတယ်… နောင်တော်ကြီးတထာဂတ၊ အားလုံးနဲ့ မိတ်မဆက်ပေးရသေးဘူး… ဒါက ကျွန်တော့်ရဲ့ဘိုးဘိုးမာပါ၊ အတော်များများကတော့ အဘိုးကြီးမာလို့ ခေါ်ကြတယ်၊ သူ့ဝါစဉ်က ကျွန်တော့်ထက် နှစ်ဆင့်မြင့်တယ်… ဒါကတော့ ဘွားဘွားစစ်၊ သူ့ဝါစဉ်ကလည်း ကျွန်တော့်ထက် နှစ်ဆင့်မြင့်တာပါပဲ… ဘိုးဘိုးမျက်ကန်းလည်း အတူတူပဲ… တာအိုမိတ်ဆွေတို့၊ ထုံးစံတွေမလိုပါဘူး၊ ထုံးစံတွေ မလိုပါဘူး…”
တထာဂတက ရယ်မောလိုက်သည်။ ကောင်းကင်ယံမှ တိမ်တိုက်မည်းများ ပျောက်ကွယ်သွား၏။ “ဂိုဏ်းသခင်ချင်၊ ကိုယ်တော်တို့ကြားမှာ ရေစက်ရှိတယ်… ဒကာလေးအနေနဲ့ ကိုယ်တော် သိုင်းလောကမှာ ကျင်လည်စဉ်ကတည်းက အဖော်ပြုလိုက်ပါခဲ့တဲ့ ခက္ခရာတောင်ဝှေးကို လက်ခံရရှိဖူးတယ် မဟုတ်လား… အဲဒီတောင်ဝှေး ဒကာလေးရဲ့လက်ထဲ ရောက်သွားကတည်းက ကိုယ်တော်တို့နှစ်ယောက်မှာ ဆရာတပည့်ဖြစ်ဖို့ ရေစက်ဆုံလာတာပဲ… ဒီကိုယ်တော်အနေနဲ့ မဟာမြို့ပျက်ဆီလာပြီး ဒုက္ခိတဘိုးဘွားကျေးရွာက တာအိုမိတ်ဆွေဟောင်းတွေနဲ့ တွေ့ဆုံလို့ မဟာမိုးခြိမ်းသံကျောင်းတော်အရိပ်အောက် ဒကာလေးကို ခိုလှုံစေချင်ခဲ့ပေမဲ့ ကိုယ်တော်တို့ရဲ ရေစက်က ပြတ်တောက်သွားရတယ်… နောက်တစ်ကြိမ် ပြန်ဆုံတွေ့တော့ ဒကာလေးက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင် ဖြစ်နေပြီ… ကံကြမ္မာက ကိုယ်တော်တို့အားလုံးကို အရူးလုပ်သွားခဲ့တာပဲ…”
ချင်မူက ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။ “တထာဂတက ရယ်မောစရာတွေ ပြောနေပြန်ပါပြီ… တပည့်တော် ဒီတစ်ခေါက် ရောက်လာတာတော့ မိစ္ဆာနတ်ဆိုးတစ်ကောင်ကို နှိမ်နင်းပေးဖို့ အကူအညီတောင်းချင်လို့ပါ… ဘွားဘွားစစ်ရဲ့ ခန္ဓာကိုယ်ထဲမှာ တပည့်တော်တို့နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဟောင်း၊ လီထျန်းရှင် ရှိနေပါတယ်… ဂိုဏ်းသခင်လီက သူ့ကိုယ်သူ မိစ္ဆာမျိုးစေ့အဖြစ် အသွင်ပြောင်းပြီး ဘွားဘွားစစ်ရဲ့ တာအိုနှလုံးသားထဲမှာ နေရာယူမျိုးစေ့ချထားတဲ့အတွက် ဒီမိစ္ဆာနတ်ဆိုးကို နှိမ်နင်းပြီး လောကကြီးရဲ့ အဖျက်အမှောင့်အန္တရာယ်ကို ဖယ်ရှားပေးဖို့ တထာဂတကို တောင်းဆိုလိုပါတယ်…”
မထေရ်တစ်ပါးက တီးတိုးပြောကြားလိုက်၏။ “အရှင်ဘုရား၊ ဒီအဘွားစစ်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ဟောင်း စစ်ယိုယိုပါ… လီထျန်းရှင်နဲ့ လက်ထပ်တဲ့ညမှာ ယောက်ျားဖြစ်သူကို သတ်ခဲ့တာဆိုတော့ သူလည်း ကောင်းတဲ့သူ မဟုတ်ပါဘူး၊ မိစ္ဆာတွေထဲက မိစ္ဆာတစ်ကောင်ပါပဲဘုရား…”
ကျောင်းအုပ်များနှင့် ရဟန္တာများက ပြောလိုက်သည်။ “ဒါတွေက မိစ္ဆာဂိုဏ်းရဲ့ အတွင်းရေးပဲ… ငါတို့ ဘာလို့ ဝင်စွက်ဖက်ရမှာလဲ…”
တထာဂတက လက်ကာပြ၍ ပြုံးလိုက်၏။ “သက်ရှိသတ္တဝါတွေအားလုံးက တန်းတူပဲ… ဗုဒ္ဓမြတ်စွာတွေလည်း သက်ရှိသတ္တဝါတွေ၊ မိစ္ဆာနတ်ဆိုးတွေလည်း သက်ရှိသတ္တဝါတွေ… ဂိုဏ်းသခင်ချင်က တောင်းဆိုလာမှတော့ ဒီရဟန်းအိုကြီးက ကူညီရမှာပေါ့…”
အခြားမထေရ်တို့၏ မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး တီးတိုးပြောလိုက်သည်။ “တပည့်တော်တို့ လူတွေကို တရားဟောတဲ့အခါ ဝတ္ထုငွေတွေ လက်ခံတယ်၊ ဒီတစ်ခေါက် မိစ္ဆာနှိမ်နင်းပေးတာကိုရော တပည့်တော်တို့…”
တထာဂတက တိတ်တိတ်နေရန် လက်ကာပြလိုက်၏။ “ဂိုဏ်းသခင်မ၊ မင်းရဲ့ ရုပ်သွင်အစစ်အမှန်ကို ကိုယ်တော်တို့ ကြည့်ခွင့်ရှိမလား…”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ “တထာဂတ၊ အဲလိုလုပ်ဖို့ မလိုအပ်ဘူး ထင်ပါတယ်…”
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ကြမ်းပြင်ပေါ်သို့ ဆောင့်ချ၍ ပြောလိုက်၏။ “တထာဂတ၊ အဘွားကြီးရဲ့ ရုပ်သွင်အစစ်အမှန်ကို ကြည့်ဖို့ မလိုအပ်ဘူး… ကိုယ်တော့်ရဲ့ ရဟန်းတွေ ကျင့်စဉ်ဖောက်ပြားကုန်ရင် မကောင်းဘဲ နေလိမ့်မယ်…”
“စွဲလမ်းမှုတဏှာဆိုတာ အနိစ္စပါပဲ… သိပ်လှတယ်ဆိုတဲ့ အမျိုးသမီးတွေဟာလည်း အရေပြားတစ်ထောက်စာကလွဲရင် ဘာမှ မရှိဘူး… တာအိုမိတ်ဆွေတို့၊ အသင်တို့က ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရဟန်းတွေကို အထင်သေးနေပြီ…”
တထာဂတက ပြုံးလိုက်သည်။ “ဂိုဏ်းသခင်မရဲ့ ရုပ်သွင်အစစ်အမှန်ကို မမြင်ရဘဲ ဂိုဏ်းသခင်လီကို အလင်းပြချေချွတ်ဖို့ ခဲယဉ်းလိမ့်မယ်… ဂိုဏ်းသခင်လီရဲ့ စွဲလမ်းခြင်းတဏှာက အလှတရားမှာ အမြစ်တွယ်ပြီး မိစ္ဆာစိတ်ရိုင်းတွေ ထကြွလာတာ မဟုတ်လား… ဒီရဟန်းအိုကြီးက သူ့ရဲ့ တဏှာအရင်းခံ ရုပ်ဝတ္ထုကို တစ်ချက်ကြည့်ရှုလိုတာ သက်သက်ပါပဲ…”
အဘွားစစ်က တခစ်ခစ် ရယ်မောလိုက်၏။ “မျက်ကန်း၊ အဘိုးကြီးမာ… မင်းတို့ ငါ့ကို ဘာလို့ လွှတ်မပေးသေးတာလဲ… ဂိုဏ်းသခင်ချင်၊ ငါ့ကိုယ်ပေါ်က ဒီရုပ်ဆိုးဆိုး အရေခွံကြီးကို ဖယ်လိုက်စမ်း… ဒီသူတော်ကြောင်ရဟန်းတွေ ဘယ်လောက် စိတ်ခိုင်လဲဆိုတာ ငါ ကြည့်ချင်သေးတယ်…”
မျက်ကန်းက မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “အဘိုးကြီးမာ ဘယ်လိုလုပ်မလဲ…”
အဘိုးကြီးမာက တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီး တစ်တောင်လုံး ပြည့်နေသည့် ရဟန်းများကို ကြည့်လိုက်၏။ “တထာဂတရဲ့ ဗုဒ္ဓစွမ်းအားက ငါ့ထက် အများကြီးသာလွန်တယ်၊ သူ့မှာ အစွမ်းအစရှိမှာပါ… မူအာ၊ မင်းရော ဘယ်လိုထင်လဲ…”
ချင်မူ တစ်ခဏမျှ စဉ်းစားလိုက်သည်။ “အလုပ်မဖြစ်နိုင်လောက်ပေမဲ့ စမ်းကြည့်ကြတာပေါ့… ဘိုးဘိုးတို့၊ သတိတော့ထားနေကြ… ဂိုဏ်းသခင်လီ ထွက်ပြေးသွားလို့ မဖြစ်ဘူး…”
အဘွားစစ်က တခစ်ခစ် ရယ်မောလိုက်၏။ “ဒီမြည်းခေါင်းတုံးတွေနဲ့ တိုက်ခိုက်လာတာ နှစ်ပေါင်း မရေမတွက်နိုင်အောင်ပဲ… ဒီနေရာမှာ ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ ပွဲရှိတာ ဘာကိစ္စ ငါက ထွက်ပြေးရမှာလဲ… မင်း ငါ့ကို မောင်းထုတ်ရင်တောင် ထွက်ပြေးမှာ မဟုတ်ဘူး…”
အဘိုးကြီးမာက သက်ပြင်းချ၍ အဘွားစစ်၏ မျက်ခုံးနှစ်ခုအလယ်မှ ဗုဒ္ဓဝိညာဉ်ကို ပြန်နုတ်ယူပြီး မျက်ကန်းကို ခေါင်းညိတ်ပြလိုက်သည်။
မျက်ကန်းက လက်တစ်ဖက် ဆန့်ထုတ်လိုက်၏။ အဘွားစစ်၏ ကိုယ်တွင်းမှ ငွေရောင်ချီစွမ်းအင်တစ်ခုက နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းထွက်ပေါ်လာပြီး မျက်ကန်း၏ လက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ချင်မူက အနားတိုးကပ်သွားပြီး အသာအယာ လှီးဖြတ်လိုက်၏။ အဘွားစစ်၏ အရေခွံက ကွဲထွက်သွားပြီး အလွန်တရာ လှပသော အမျိုးသမီးတစ်ယောက် လှမ်းထွက်လာသည်။ ထိုအမျိုးသမီး၏ ဆံနွယ်များက ရေတံခွန်တစ်ခုကဲ့သို့ ဖြာကျနေပြီး ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လာ၏။ သူ၏ မျက်ဝန်းတောက်တောက်များက ရဟန်းတစ်ပါးချင်းစီ၏ မျက်နှာများပေါ်သို့ ဝေ့ဝဲကြည့်ရှုသွားသည်။
ရွှေတောင်ထွတ်တစ်ခုလုံး အပ်ကျသံကြားရလောက်အောင် တိတ်ကျသွား၏။
ထိုတစ်ခဏ၌ ဗုဒ္ဓတရားတော်များ ရွတ်ဆိုနေသည့် အသံပင် ရပ်တန့်သွားသည်။ တာအိုလမ်းကြောင်းပေါ် ရောက်ရှိနေသော ရဟန်းများပင် လည်ချောင်းများ ခြောက်ကပ်၍ ရင်တဒိတ်ဒိတ် ခုန်လာပြီး သူတို့၏ လက်ထဲရှိ စိပ်ပုတီးမှ တဂျောက်ဂျောက်အသံများ လျင်မြန်စွာ ပေါ်ထွက်လာ၏။
ရုတ်တရက် ဗောဓိသတ်တစ်ပါး၏ ဦးခေါင်းနောက်မှ ဗုဒ္ဓရောင်ခြည်တော်များ ကွယ်ပျောက်ပြီး ကောင်းကင်ယံမှ ပြုတ်ကျ၍ အောက်ဘက်ရှိ တောင်ကြားချိုင့်ဝှမ်းသို့ ထိုးဆင်းသွားသည်။
အတန်ကြာသောအခါ မြေပြင်ပေါ်သို့ လေးလံသည့်အရာတစ်ခု ပြုတ်ကျသွားသည့်နှယ် အသံကြီးတစ်သံ ကြားလိုက်ရ၏။
ဘုန်း…၊ ဘုန်း…။
မြေပြင်ပေါ်သို့ ပြုတ်ကျသံများ ထပ်၍ ထွက်ပေါ်လာသည်။ ဤအသံများက ရဟန္တာနှင့် ဝဇိရပါဏီရဟန်းအချို့ထံမှ ဖြစ်၏။
တထာဂတ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်သည်။ အားလုံးသော ရဟန်းများ၏ မျက်လုံးက ဤမိန်းမလှ၏ ခန္ဓာကိုယ်ပေါ်သို့ စူးစိုက်ကျရောက်နေပြီး သူတို့လက်ထဲရှိ ပုတီးများ၏ လည်ပတ်နှုန်းက မြန်သည်ထက် မြန်လာ၏။
“သယ်…”
တထာဂတက အော်ဟစ်သတိပေးတော့မည် ပြင်လိုက်စဉ် အခြားအသံတစ်သံ ထွက်ပေါ်လာသည်။ ရဟန္တာတစ်ပါးက ဒေါသတကြီးအော်ဟစ်၍ အဘွားစစ်ထံ ပြေးဝင်သွား၏။ “ဒါ သတ္တဝါတွေအားလုံးကို မြူဆွယ်ဖျားယောင်းနိုင်တဲ့ ကဝေမ၊ ကောင်းကင်နတ်ဆိုးမိစ္ဆာမပဲ… တစ်ချက်ကြည့်မိတာနဲ့ ငါ့ရင်ထဲမှာ မိစ္ဆာစိတ်ရိုင်းတွေ ပေါ်လာတယ်… သူ့ကို အသေသတ်မှ ဖြစ်မယ်…”
“ဒီမိစ္ဆာကို လောကကြီးအတွက် သတ်ရမယ်…” အခြားဝဇိရပါဏီရဟန်းတစ်ပါးကလည်း မိစ္ဆာနှိမ်တင်းပုတ်ကို ဝှေ့ယမ်း၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲပြီး အဘွားစစ်ထံ တစ်ရှိန်ထိုး ပြေးဝင်လာသည်။
ရုတ်တရက် ရဟန်းအိုကြီးတစ်ပါးက အားလုံးကို တွန်းဖယ်၍ ထိုရဟန္တာနှင့် ဝဇိရပါဏီရဟန်း၏ ရှေ့၌ ကာဆီးပိတ်ဆို့ရင်း သူ၏ ဗုဒ္ဓသင်္ကန်းကို ဆွဲဖြဲကာ စိတ်ပုတီးကို ဖြတ်တောက်ပစ်၏။ ထို့နောက် ရူးသွပ်သွားသူကဲ့သို့ တဟားဟား ရယ်မောလိုက်သည်။ “ငါက လူသတ်မီးရှို့တာတွေနဲ့ပဲ အသားကျခဲ့တာ… မှန်ကန်တဲ့ တရားကို တစ်ခါမှ မကျင့်ကြံဖူးဘူး… ငါ့သက်တမ်းတစ်ဝက်က သက်သတ်လွတ်စားပြီး တရားစာဆိုနေရတာနဲ့ပဲ ကုန်ဆုံးသွားတယ်… ဒီလောက်လှတဲ့မိန်းမကို တွေ့ရတော့မှ ငါ့သက်တမ်းတစ်ဝက် အလဟဿ ကုန်ဆုံးသွားရတာ ပိုသေချာလာတယ်… အခုကစပြီး သာမန်လူဘဝကိုပဲ ပြန်သွားတော့မယ်…”
နောက်ထပ် ရဟန္တာများ ပြေးထွက်လာပြီး ရွှေတောင်ထွတ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
ဤအခိုက်၌ တထာဂတ၏ အဝါရောင်သင်္ကန်းက လှုပ်ခါသွားပြီး ဗုဒ္ဓတစ်ထောင်စေတီထံမှ ဗုဒ္ဓတရားသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ထိုအခါမှ ရွှေတောင်ထွတ်ပေါ်တွင် တိုက်ခိုက်နေကြသော ရဟန်းများအားလုံး အသိပြန်ဝင်လာ၏။ သူတို့အားလုံး ပြန်၍ ထိုင်ချလိုက်ကြပြီး အရှက်ကြီးစွာ ရသွားသည်။
“သက်သတ်လွတ်စားပြီး တရားစာရွတ်ရမယ် ဟုတ်လား… မှန်ကန်တဲ့တရားကို ကျင့်ပြီး ဘာရမှာမို့လို့လဲ… လောကစည်းစိမ်ကို အခုချက်ချင်း ခံစားတာ ပိုမကောင်းဘူးလား… ငါတော့ သာမန်လူ့ဘဝကို ပြန်ပြီဟေ့…” ရုတ်တရက် ရဟန်းအိုကြီးတစ်ပါး ရွှေတောင်ထွတ်ထက်မှ အောက်ခုန်ချ၍ ပျောက်ကွယ်သွားတော့၏။