ပန်းရောင်အရိုးစု
Vol. 18 Ch. 249
ရွှေတောင်ထွတ်တစ်ခုလုံး တိတ်ကျသွားသည်။ စိပ်ပုတီးသံတဂျောက်ဂျောက်သာ ကြားနေရ၏။ ရဟန်းအတော်များများ၏ ဦးခေါင်းနောက်ရှိ ဗုဒ္ဓရောင်ရောင်ခြည်တော်များမှာ ကောင်းကင်ယံမှ ပြုတ်ကျကတည်းက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တထာဂတက လှည့်ပတ်ကြည့်ရှုပြီး အားလုံးသော ဗောဓိသတ်၊ မထေရ်၊ ရဟန္တာများ၏ အမူအရာကို မြင်တွေ့လိုက်၏။ ဂိုဏ်းသခင်လီက စစ်ယိုယို၏ အလှကို အသုံးချ၍ ဤရဟန်းများ၏ ဆင်ခြင်ဉာဏ်ကို ဖျက်ဆီးပြီး ဗုဒ္ဓနှလုံးသားကို မွှေနှောက်ကာ မသန့်စင်သော အတွေးများ ပေါက်ဖွားလာစေခဲ့သည်။
တထာဂတကိုယ်တိုင် ဓမ္မစွမ်းအား အသုံးပြု၍ ဗုဒ္ဓတစ်ထောင်စေတီရှိ တထာဂတများစွာ၏ ရုပ်ခန္ဓာကို နှိုးဆွပြီး တရားသံများ ခြုံလွှမ်းခဲ့သည့်တိုင် ဤရဟန်းများ၏ စိတ်ရိုင်းကို တစ်ခဏမျှသာ ဖိနှိမ်နိုင်၏။
၎င်းတို့၏ ဦးခေါင်းနောက်ရှိ ဗုဒ္ဓရောင်ခြည်တော်များ ကွယ်ပျောက်၍ ကောင်းကင်ယံမှ ပြုတ်ကျသွားခြင်းမှာ ဗုဒ္ဓနှလုံးသား ပျက်စီးသွားပြီဟူသော သင်္ကေတပင် ဖြစ်သည်။ ဗုဒ္ဓဝါဒက စိတ်နှလုံးကျင့်ကြံခြင်းကို အလေးထား၏။ ဗုဒ္ဓနှလုံးသား ပျက်စီး၍ ကမ္မတရားစွန်းထင်းသည့်အခါ သူတို့၏ စိတ်အခြေအနေလည်း ယိုယွင်းပြိုကျမည်သာ ဖြစ်သည်။ ကောင်းကင်ယံမှ ပြုတ်ကျသွားသူများက ရဟန်း မဟုတ်တော့။ သာမန်လူများသာ ဖြစ်သွားချေပြီ။
ကောင်းကင်ယံမှ ပြုတ်ကျသွားခြင်းမှာ လောကီဘုံထက် မြင့်သောနေရာမှ လောကီဘုံသို့ ပြန်ကျသွားခြင်း ဖြစ်၏။ အချို့က သူတို့၏ စိတ်အခြေအနေကို ပြန်လည်ပြုပြင် ဆင်ခြင်၍ အချိန်မီ ကယ်တင်နိုင်သေးသည်။ အချို့ကတော့ မဟာမိုးခြိမ်းသံကျောင်းတော်မှ ထွက်ခွာ၍ လူ့ဘုံလောကသို့ ဝင်ရောက်ကာ ပြန်လည် ရုန်းထွက်ဖို့ ကြိုးစားရန် ပြင်ကြ၏။ သို့သော်လည်း လောကီရေးရာမှ ဖယ်ခွာနိုင်ခြင်း မရှိသော နှလုံးသားနှင့် ထိုသို့ ရုန်းထွက်ရန် ခက်ခဲလှချေသည်။
စစ်ယိုယို၏ အလှကြောင့် မဟာမိုးခြိမ်းသံကျောင်းတော်၏ အဆင့်မြင့်ရဟန်းများစွာ ဈာန်လျှောရသည့်အတွက် များစွာ နစ်နာဆုံးရှုံးသည်ဟု ဆိုနိုင်၏။
သို့သော်လည်း ဤအတွက် ချင်မူတို့ကို အပြစ်မဆိုနိုင်ချေ။ သူတို့ သတိပေးခဲ့သည် မဟုတ်လား။ တထာဂတကသာ သူတို့၏ စကားကို နားမထောင်ဘဲ အဘွားစစ်၏ ရုပ်သွင်အစစ်ကို ကြည့်ရှု၍ အားလုံး၏ ဗုဒ္ဓနှလုံးသားကို စမ်းသပ်လိုခဲ့ခြင်း ဖြစ်သည်။
အမှန်တကယ်ပင် မယိမ်းယိုင်ခိုင်မြဲသော ဗုဒ္ဓနှလုံးသားများလည်း ရှိ၏။ ဤရဟန်းများက အခြားတစ်ပါးသော မျိုးနွယ်မှ ဖြစ်၍ အဘွားစစ်၏ အလှကို သိမြင်နိုင်ခြင်း မရှိပေ။ သူတို့က လူသားမဟုတ်သည့်အတွက် အဘွားစစ်ကို အသားတုံးတစ်ခုအဖြစ်သာ ရှုမြင်ကြသည်။
“မင်းတို့ရဲ့ ကျင့်စဉ် မလုံလောက်သေးလို့ အရေပြားတစ်ထောက်စာရဲ့ သွင်ပြင်ကို စွဲလမ်းပြီး ပကတိတရား တထတ္တကို မသိမြင်နိုင်သေးတာ…” တထာဂတက အားလုံးကို လှည့်ပတ်ကြည့်ရှု၍ လမ်းညွှန်ထောက်ပြလိုက်၏။ “သူ့အလှကို မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မချုပ်ထိန်းနိုင်သလို ခံစားလိုက်ကြရတယ် မဟုတ်လား… တကယ်တော့ မင်းတို့မြင်တဲ့ အလှတရားဟာ မင်းတို့စိတ်ထဲမှာ တွေးထင်ထားတဲ့ အလှတရားပဲ၊ တကယ့်ပကတိအလှတရား မဟုတ်ဘူး… ဥပမာပြရရင် နောင်တော်ကြီးဟိုင်ခုန်း၊ ဒီအမျိုးသမီးကို လှတယ်လို့ မြင်သလား…”
တထဂတ ညွှန်းဆိုပြောကြားလိုက်သည့်သူမှာ ဉာဏ်အလင်းရလာသည့် မျိုးနွယ်ခြား ရဟန်းတစ်ပါး ဖြစ်သည်။ ထိုကိုယ်တော်က လျှောက်တင်လိုက်၏။ “သူနဲ့ တပည့်တော်က မျိုးနွယ်မတူတဲ့အတွက် သူ့ရဲ့အလှကို ရှုမြင်ခံစားနိုင်စွမ်း မရှိပါဘူးဘုရား…”
တထာဂတက ပြုံးလိုက်သည်။ “မျိုးနွယ်ခြားတစ်ယောက်က မမြင်နိုင်တဲ့အခါ အဲဒီအလှဟာ ပကတိအလှတရား ဟုတ်ပါ့မလား ငါ့ရှင်တို့… ဒါ အပေါ်ယံ အရေပြားသက်သက်ပဲကွဲ့… တကယ့်အလှတရားဆိုတာ ကြီးမြတ်တဲ့ သစ္စာ၊ ကြီးမြတ်တဲ့ ကျိုးကြောင်းဆင်ခြင်နိုင်မှုမှာ တည်တယ်… ဂိုဏ်းသခင်လီ၊ ဒကာတော် စွဲလမ်းတပ်မက်နေတဲ့ အရေခွံက သက်ရှိအားလုံးအတွက် အလှတရား အစစ်အမှန် မဟုတ်ဘူး၊ လူ့လောကမှာပဲ တည်တဲ့ အလှတရား… ဒကာတော်ရဲ့ အသိအမြင်က ဘယ်လောက်ကျဉ်းမြောင်းတယ်ဆိုတာ သိမြင်ပြီလား…”
ရဟန်းအားလုံးမှာ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ရှိသည်။ ချင်မူလည်း တထာဂတ၏ စကားလုံးများက လွန်စွာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိ၏။ ကြီးမြတ်သည့် ဉာဏ်တော်ကို ပိုင်ဆိုင်သည့် တထာဂတ ပီသလှပါပေသည်။ ယခုအတိုင်းသာဆိုလျှင် ဤနှလုံးသားမိစ္ဆာ လီထျန်းရှင်ကို နှိမ်နင်းနိုင်ကောင်း နှိမ်နင်းနိုင်ပေလိမ့်မည်။
လီထျန်းရှင် အဘွားစစ်ဖြစ်လာလိုသည်မှာ အဘွားစစ်က အလွန်အမင်း လှပပြီး သူ့တာအိုနှလုံးသားကို ပျက်ပြားစေခဲ့ခြင်းကြောင့် ဖြစ်၏။ သို့အတွက်ကြောင့် မိစ္ဆာအတွေးအကြံများ ပေါ်ပေါက်လာပြီး အဘွားစစ်၏ ဘဝကို တပ်မက်ရယူလိုခြင်း ဖြစ်သည်။
လီထျန်းရှင်က တခစ်ခစ်ရယ်မောလိုက်၏။ “တထာဂတ၊ ဒီလောကကြီးမှာ မျိုးနွယ်ပေါင်း အသင်္ချေရှိတယ်… ကျုပ်ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ပိုင်ဆိုင်နိုင်တာက လူ့လောကတစ်ခုတည်းပဲ… ကိုယ်တော်တို့ ဗုဒ္ဓဝါဒက မျိုးနွယ်ပေါင်းအသင်္ချေ၊ သက်ရှိသတ္တဝါအားလုံးနဲ့ ပြောနေတော့ အဲဒီသတ္တဝါတွေကို အကုန်ပိုင်ဆိုင်နိုင်လို့လား… ထပ်မပြောနဲ့တော့၊ ကိုယ်တော့်မှာ ကျုပ်ကို နှိမ်နင်းနိုင်မဲ့ စွမ်းရည်ရှိမှာမို့လို့လား…”
တထာဂတက ပြုံး၍ ကြေးမုံမှန်တစ်ချပ် ထုတ်ယူပြီး အနီးရှိ မထေရ်တစ်ပါးကို ကမ်းပေးလိုက်သည်။ “သူ့ကို ပေးလိုက်ပါ…”
ထိုမထေရ်က ကြေးမုံမှန်ကို ယူ၍ အဘွားစစ်ထံ ဆင်းသွား၏။ အဘွားစစ်၏ ရုပ်သွင်ကို မြင်သောအခါ သူ့ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာသဖြင့် ကမန်းကတန်း မျက်စိမှိတ်လိုက်ရသည်။
အဘွားစစ်က ကြေးမုံမှန်ကိုယူ၍ မှန်ထဲမှ သူ၏ရုပ်သွင်ကို နှစ်ခြိုက်စွာ ကြည့်ရင်း တခစ်ခစ် ရယ်မောလိုက်၏။ “တကယ့်ကို လှလိုက်တဲ့ မိန်းကလေးပဲ… သူ့ကိုတောင် သနားစရာမိတယ်…”
ရဟန်းအများစုမှာ အဘွားစစ်၏ ညှို့မြူဆွဲဆောင်နိုင်သော သွင်ပြင်ကို မြင်သောအခါ သူတို့ကိုယ်သူတို့ မချုပ်ထိန်းနိုင်တော့သလို ဖြစ်သွားသည်။
တထာဂတက ပြုံးလိုက်၏။ “မှန်ကို တစ်ဘက်လှန်လိုက်ပါ…”
အဘွားစစ်က တထာဂတပြောသည့်အတိုင်း ကြေးမုံမှန်ကို တစ်ဘက်လှန်လိုက်သောအခါ အရိုးစုဖြူဖြူတစ်ခုကို တွေ့ရ၏။ ဤသည်က သူသေဆုံးသောအခါ ဖြစ်လာမည့် သွင်ပြင်ပင် ဖြစ်သည်။
“ဂိုဏ်းသခင်လီ ဘယ်လို ထင်သလဲ…” တထာဂတ ပြုံး၍ မိန့်ကြားလိုက်၏။ “ဘယ်လောက်ပဲ လှတဲ့ အမျိုးသမီးဖြစ်ဖြစ် သက်တမ်းကုန်တဲ့အခါ အရိုးစုပဲ ဖြစ်သွားရတယ်… အရိုးစုတစ်ခုကို လှတယ်လို့များ ထင်သလား…”
အဘွားစစ်က ကြေးမုံမှန်ကို ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်၍ ခြေထောက်ဖြင့် နင်းချေရင်း ခပ်အေးအေး ပြောလိုက်သည်။ “အရိုးစုတွေဘာတွေဆိုတာ သာမန်လူတွေကိုပဲ အရူးလုပ်လို့ရမဲ့ လှည့်ကွက်လေးတွေ… တထာဂတ၊ သဘောတရားတွေကို ကျုပ်သိပြီးသား… ကျုပ်က ခင်ဗျားလို တမလွန်မှာ ခမ်းခမ်းနားနား နေချင်တာ မဟုတ်ဘူး… ဒီဘဝမှာ စိတ်တိုင်းကျ လောကစည်းစိမ်ခံစားရရင် တော်ပြီ… ကြေးမုံမှန်တစ်ချပ်နဲ့ အလင်းပြချေချွတ်နိုင်မယ်ထင်ရင် ကျုပ်ကို မဟာမိုးခြိမ်းသံကျောင်းတော်ထဲ တစ်ပတ်ပတ်ခွင့်ပေးမလား… ကိုယ်တော်ပဲ ကျုပ်ကို အရင်ချေချွတ်နိုင်မလား၊ ကျုပ်ပဲ ကိုယ်တော်ရဲ့ ရဟန်းပျို၊ ရဟန်းအိုတွေ အကုန်လုံးကို ချေချွတ်နိုင်မလား ကြည့်ကြတာပေါ့… ဘယ်လိုလဲ…”
တထာဂတက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ “မင်းမှာ အမှန်ကို သိမြင်နိုင်တဲ့ဉာဏ် မရှိဘူးပဲ…”
မျက်ကန်းက အခြေအနေမဟန်တော့ကြောင်း တွေ့သဖြင့် ဝင်ပြောလိုက်သည်။ “တာအိုရောင်းရင်း၊ ဆင်ခြင်ဉာဏ်အကြောင်း ပြောနေလို့ မထူးဘူး… သူ့ကို တိုက်ရိုက် နှိမ်နင်းလိုက်တာ ပိုကောင်းမယ်…”
တထာဂတက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် မိန့်ကြားလိုက်၏။ “ဂိုဏ်းသခင်လီက မိစ္ဆာဂိုဏ်းသခင်ဆိုတော့ သူ့ကို နှိမ်နင်းဖို့အတွက် ဗုဒ္ဓတစ်ထောင်စေတီဆီ ခေါ်သွားမယ်… ရဟန်းတို့၊ မင်းတို့ရဲ့ စိတ်ဆုံးဖြတ်ချက်က မခိုင်မာသေးတဲ့အပြင် ကျင့်စဉ်စွမ်းအင်ကလည်း မလုံလောက်တဲ့အတွက် ဗုဒ္ဓတစ်ထောင်စေတီရဲ့ အပြင်မှာပဲ နေရစ်ခဲ့ကြ…”
ရဟန်းအားလုံး ဦးညွှတ်အရိုအသေပြု၍ အောက်ဘက်သို့ဆင်းပြီး ဗုဒ္ဓတစ်ထောင်စေတီ၏ အပြင်ဘက်တွင် နေရာယူလိုက်ကြသည်။ အထဲတွင် ရှိနေသော ရဟန်းများမှာလည်း မနေဝံ့သဖြင့် အပြင်သို့ အလျင်အမြန် ထွက်လာကြ၏။
တထာဂတက ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဒကာလေးဟာလည်း မိစ္ဆာဂိုဏ်းသခင်ဖြစ်ပြီး နက်ရှိုင်းတဲ့ မိစ္ဆာသဘာဝ ရှိတယ်… ဟိုးရှေးယခင်ကတည်းက ဗုဒ္ဓနဲ့ မိစ္ဆာဟာ ဆန့်ကျင်ဘက် ဖြစ်ပေမဲ့ ဒကာလေးကတော့ အကူအညီလာတောင်းတဲ့ ဧည့်သည်တစ်ယောက် ဖြစ်တာမို့လို့ ကိုယ်တော်တို့အနေနဲ့ ဖိနှိမ်ချုပ်ချယ်လိုခြင်း မရှိဘူး… ဒါပေမဲ့ ဂိုဏ်းသခင်လီကို နှိမ်နင်းချေချွတ်နေတဲ့ အချိန်အတွင်းမှာတော့ ဂိုဏ်းသခင်ချင်အနေနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ နေထိုင်ပြီး ဓမ္မတရားတွေ နာယူစေလိုတယ်… ဒါကလည်း ဂိုဏ်းသခင်ချင်ရဲ့ ရင်ထဲက မကောင်းတဲ့စိတ်တွေ ပြေပျောက်ပြီး နောင်တစ်ချိန်မှာ ဒုစရိုက်တွေ လျှော့လုပ်နိုင်အောင်လို့ပါ…”
အဘိုးကြီးမာနှင့် မျက်ကန်း၏ ရင်ထဲ၌ ရှင်းလင်းစွာ သိမြင်လိုက်၏။ တထာဂတက သူတို့ကို မဟာမိုးခြိမ်းသံကျောင်းတော်တွင် နေခိုင်းလိုခြင်း ဖြစ်သည်။ မဟာမိုးခြိမ်းသံကျောင်းတော်အနေဖြင့် သူတို့ကို အလင်းပြချေချွတ်နိုင်လျှင် အကောင်းဆုံး ဖြစ်ပြီး မချေချွတ်နိုင်လျှင်လည်း ဤနေရာမှ ထွက်ခွာခွင့် မပြုရုံသာ ရှိ၏။
ချင်မူက ဝမ်းသာအားရ ဖြစ်သွားပြီး ပြုံးလိုက်သည်။ “နောင်တော်ကြီးက ဉာဏ်ပညာ ကြီးရင့်ပါပေတယ်… ဒီလိုဆိုရင်တော့ ကိုယ်တော်တို့ကို ဒုက္ခပေးရတော့မှာပဲ… နောင်တော်ကြီးအနေနဲ့ ဂိုဏ်းသခင်လီကို တတ်နိုင်သမျှ အမြန်ဆုံး နှိမ်နင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်… ဒါက ကုသိုလ်ကြီးတစ်ခု မဟုတ်လား…”
တထာဂတက ပြုံး၍ ညွှန်ကြားလိုက်၏။ “ဒီဒကာလေးတွေကို ကျောင်းတော်ထဲမှာ နေရာချပေးလိုက်…”
မထေရ်တစ်ပါးက ချီတုံချတုံ ဖြစ်သွားသည်။ “အရှင်ဘုရား၊ ဒီကျောင်းတော်ထဲမှာ ရှိတဲ့ နေရာအတော်များများက တပည့်တော်တို့ ဗုဒ္ဓဂိုဏ်းရဲ့ အထွတ်အမြတ်နယ်မြေတွေပါဘုရား… သူတို့ အဲဒီနေရာတွေကို ဝင်ရောက်ရင်…”
“ဝင်ပါစေ… မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဘာမှ ဖုံးကွယ်ထားစရာ မရှိဘူး…” တထာဂတက မိန့်ကြားလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံလာတုန်းကတောင် သူ့ကို တထာဂတရဲ့ မဟာယာနသုတ္တန် ဖတ်ရှုခွင့် ပေးခဲ့သေးတာပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဧကရာဇ်အတိုင်ပင်ခံထက် ပိုဆိုးနိုင်ဦးမှာလား… ဂိုဏ်းသခင်ချင်ဟာလည်း သတ္တဝါတွေထဲက တစ်ဦးပါပဲ… မဟာမိုးခြိမ်းသံကျောင်းတော်မှာ အပြင်လူဆိုတာ မရှိဘူး…”
ထိုမထေရ်က ဦးညွှတ်အရိုအသေပြု၍ ချင်မူတို့ကို ဦးဆောင်ခေါ်ယူရန် လှမ်းလာသည်။
ချင်မူက ပြုံးလိုက်၏။ “ဒီကကိုယ်တော်ကြီး၊ မဟာမိုးခြိမ်းသံကျောင်းတော်မှာ သက်သတ်လွတ်ထမင်းဟင်းတွေ ရှိတာလား… တပည့်တော်လည်း နှစ်သစ်ကူးမှာ အဆီအဆိမ့်တွေ အစားများလာလို့ ပေါ့ပေါ့ပါးပါး စားချင်နေတာနဲ့ အတော်ပဲ…”
ထိုမထေရ်မှာ သူ့ကို တစ်ချက်ကြည့်၍ စိတ်ပုတီးကို နာနာစိပ်ပြီး မိစ္ဆာနှိမ်နင်းလိုသော စိတ်များကို ချိုးနှိမ်လိုက်ရသည်။ “ဂိုဏ်းသခင်သာ မဟာမိုးခြိမ်းသံကျောင်းတော်မှာ နေထိုင်လိုတယ်ဆိုရင် တစ်သက်လုံး ကျွေးထားဖို့ အသင့်ပါပဲ…”
ချင်မူက တဟားဟားရယ်မော၍ မျက်ကန်းကို ပြောလိုက်၏။ “သူတို့ မွဲတေသွားအောင် ကျွန်တော်တို့ စားပစ်မှာကို မကြောက်ဘူးထင်တယ်…”
မျက်ကန်းက အေးစက်စက် နှာခေါင်းရှုံ့၍ မေးလိုက်သည်။ “အဘိုးကြီးမာ၊ တထာဂတက လီထျန်းရှင်ကို နှိမ်နင်းနိုင်မယ်လို့ မင်းထင်လား…”
အဘိုးကြီးမာက တစ်ချက်တုံ့ဆိုင်းသွား၏။ “တထာဂတတစ်ပါးနဲ့ မလုံလောက်ရင် ဗုဒ္ဓတစ်ထောင်စေတီမှာ တထာဂတတစ်ထောင် ရှိတယ်… အကုန်လုံးက ပကတိတရား တထတ္တကို သိမြင်ထားတဲ့သူတွေပဲ၊ ဖြစ်နိုင်ချေ အများကြီး ရှိမှာပါ… တထာဂတက ဂိုဏ်းသခင်လီကို တမင်မနှိမ်နင်းဘဲ အဘွားစစ်ကို စေတီထဲမှာ ပိတ်ထားမှာပဲ စိုးရိမ်ရတာ… သူ အဲဒီထဲမှာ ပိတ်မိနေရင် ငါတို့လည်း ပိတ်မိနေပြီပဲ…”
သူတို့ကို ခေါ်ဆောင်သွားသည့် မထေရ်က ဧည့်ဆောင်တစ်ခုသို့ လိုက်ပို့ရင်း ပြောလိုက်သည်။ “ဒကာတော်တို့၊ ဒီမှာ လွတ်လွတ်လပ်လပ် နေနိုင်ပါတယ်… ဒီစာအုပ်စင်တွေမှာ ဗုဒ္ဓကျမ်းစာတွေ ရှိတာမလို့ စိတ်တိုင်းကျ ဖတ်ရှုကြပါ…”
ချင်မူ လှမ်းကြည့်လိုက်သောအခါ အမှန်တကယ်ပင် ဗုဒ္ဓကျမ်းစာများ ရှိနေသည်ကို တွေ့ရ၏။ အဘိုးကြီးမာက ခေါင်းခါယမ်းပြလိုက်သည်။ “ဒီနေရာမှာရှိတဲ့ ဗုဒ္ဓကျမ်းစာတွေက စာသားသက်သက်ပဲ၊ ကောင်းကင်နတ်သိုင်းမပါဘူး… ဒီတိုင်းပဲ ဖတ်ကြည့်လိုက်…”
မထေရ်က ဝင်ပြောလိုက်သည်။ “ကောင်းကင်နတ်သိုင်းဆိုတာ ကမ္မတရားနဲ့ မယှဉ်နိုင်ပါဘူး… မာဝမ်ရှန်း မသိလေရောလား…”
အဘိုးကြီးမာက ခပ်အေးအေး ပြောလိုက်၏။ “ကောင်းကင်နတ်သိုင်းမရှိဘဲ ဘယ်လိုလုပ် ကမ္မတရားကို တွန်းလှန်နိုင်မှာလဲ… မင်းက တထာဂတရဲ့ တပည့်ဆိုတော့ ငါ့ရဲ့ ဂိုဏ်းတူညီပဲ… မင့်အဆင့်က နိမ့်သေးတယ်၊ သွားတော့… ငါ့ရှေ့မှာ သိသလိုတတ်သလို လာမလုပ်နဲ့…”
ထိုမထေရ်မှာ အရှက်ရပြီး လှည့်ထွက်သွားသည်။
မျက်ကန်းက တည်ငြိမ်အေးဆေးစွာ ထိုင်ချလိုက်၏။ “ငါနဲ့ အဘိုးကြီးမာက အသက်ကြီးပြီ၊ အဲဒါကြောင့် ဒီမှာနေရလဲ ကိစ္စမရှိဘူး… ဒါပေမဲ့ မူအာ၊ မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ပဲ… ဒီနေရာမှာ ပိတ်မိနေရင် မင့်ဘဝရဲ့ နုပျိုတဲ့အချိန်တွေ အလဟဿ ဖြစ်သွားလိမ့်မယ်… ငါ အခွင့်ကောင်းရှာပြီး မင်းကို တောင်အောက်ပို့ပေးမယ်…”
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ဘွားဘွားစစ် ပြန်ကောင်းတဲ့အထိ စောင့်ကြတာပေါ့… ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးမာ… မဟာမိုးခြိမ်းသံကျောင်းတော်ကို ရောက်ဖို့ဆိုတာ ရှားရှားပါးပါး အခွင့်အရေးပဲ… ကျွန်တော်တို့ လျှောက်ကြည့်ရအောင်…”
အဘိုးကြီးမာက ပြုံးလိုက်၏။ “နဂါးတစ်ရာပုံတူကို မင်းကြည့်ချင်နေတာ ကြာပြီမဟုတ်လား… အဲနေရာကို ငါခေါ်သွားမယ်…”
ချင်မူ ဝမ်းသာသွားသည်။
သူတို့သုံးယောက်သား ဧည့်ဆောင်မှ ထွက်လာသောအခါ အပြင်ဘက်၌ ရဟန်းအိုတစ်ပါးက နဂါးချီလင်၏ ရှေ့တွင် ဗုဒ္ဓကျမ်းစာများ ရွတ်ဖတ်နေသည်ကို တွေ့ရ၏။ ထိုဖက်တီးကောင်ကြီးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပြီး ဟောက်သံများပင် ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
“ဖက်တီးနဂါးကိုတောင် အလင်းပြချေချွတ်ချင်နေတာလား…” ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွား၏။ “ကိုယ်တော်၊ ဒီဖက်တီးကောင်က တစ်ရက်ကို သွေးနီမီးလျှံဆေးလုံး အိုးတစ်ဝက်စားတာ… သူဉာဏ်အလင်းရသွားရင် ကိုယ်တော်တို့ သူ့ကို ကျွေးထားနိုင်လို့လား…”
ရဟန်းအိုက ကျမ်းစာရွတ်ဖတ်နေမှုကို ရပ်တန့်၍ လှမ်းကြည့်လိုက်သည်။ “ကျွေးနိုင်တယ်…”
ချင်မူမှာ ပြောစရာစကားမရှိ ဖြစ်သွား၏။ “ချမ်းသာလှချည်လား… ဆက်လုပ်၊ ဆက်လုပ်…”
အဘိုးကြီးမာက ရှေ့မှဦးဆောင်ခေါ်သွားပြီး တိမ်တိုက်များအောက်သို့ ဆင်း၍ တောင်လယ်သို့ ရောက်ရှိလာသည်။ ထို့နောက် တစ်နေရာသို့ လက်ညှိုးထိုး၍ ပြောလိုက်၏။ “ဟိုမှာ နဂါးတစ်ရာပုံတူပဲ…”
ချင်မူ လှမ်းကြည့်လိုက်သောအခါ မြောက်မြားစွာသော တိုင်လုံးကြီးများကို တွေ့ရသည်။ ထိုတိုင်လုံးတစ်လုံးတွင် ကောင်းကင်နဂါးတစ်ကောင်ကျ ထွင်းထုထား၏။ တိုင်လုံးများ၏ အောက်တွင်တော့ ထိုကောင်းကင်နဂါးရုပ်တုများကို ကြည့်ရှုလေ့လာ၍ သိုင်းကွက်သဘောတရား၊ တာအိုသဘောတရားများကို ဆင်ခြင်သုံးသပ်နေသော ရဟန်းရာချီ ရှိသည်။
အချို့ရဟန်းများမှာ ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်အသုံးပြုကြည့်နေကြ၏။ သူတို့၏ ချီစွမ်းအင်များက နဂါးအသွင်ပြောင်း၍ ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေသည်။ ဗုဒ္ဓရောင်ခြည်တော်များလည်း လင်းလက်တောက်ပ၍ ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
အချို့ရဟန်းများကတော့ သူတို့ သိမြင်နားလည်ထားသည်ကို စမ်းသပ်ရန် အချင်းချင်း ပညာဖလှယ်တိုက်ခိုက်နေကြသည်။
ချင်မူတို့ လှမ်းလာသည်ကို မြင်သောအခါ ရဟန်းအိုကြီးအချို့က အဘိုးကြီးမာကို ကမန်းကတန်း နှုတ်ဆက်လိုက်ကြ၏။ “နောင်တော်ကြီး ကြွပါ…”
အဘိုးကြီးမာက သူတို့ကို လျစ်လျူမရှုဘဲ ပြန်လှန်နှုတ်ဆက်လိုက်သည်။
ရဟန်းအိုတစ်ပါးက ဝမ်းပန်းတသာ ပြောလိုက်၏။ “နောင်တော်ကြီး ဒီမှာရှိတုန်းက စွမ်းဆောင်နိုင်ခဲ့တာတွေကို အခုထိ ကျုပ်တို့ မှတ်မိနေတုန်းပဲ…”
ချင်မူက နဂါးတိုင်လုံးတစ်လုံးရှေ့ သွားပြီး အသေးစိတ် ကြည့်ရှုလေ့လာလိုက်သည်။ ဤနေရာ၌ တိုင်လုံးတစ်ရာရှိပြီး ကောင်းကင်နဂါး၏ ကိုယ်ဟန်တစ်ရာကို အပြည့်အဝ ဖမ်းဆုပ်ထွင်းထုထား၏။
အဘိုးကြီးမာက ပန်းပုပညာတွင် ကျွမ်းကျင်ပိုင်နိုင်သဖြင့် ဤနေရာရှိ လက်ရာများကို ထပ်တူနီးပါး ထွင်းထုနိုင်ခဲ့သည်။
နဂါးတစ်ရာပုံတူက မိုးကြိုးရှစ်ချက်လက်သီးသိုင်းတွင် အရေးပါလှသော်လည်း ပို၍ အရေးကြီးသည်မှာ တထာဂတ၏ မဟာယာနသုတ္တန် ဖြစ်၏။ ထိုကျင့်စဉ် မတတ်မြောက်လျှင် မိုးကြိုးရှစ်ချက်လက်သီးသိုင်းကို အဆုံးစွန်ထိ လေ့ကျင့်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
သို့သော်လည်း ချင်မူက ပေါင်းစည်းကျင့်စဉ်ကို ထိုးထွင်းသိမြင်ပြီး ဖြစ်သဖြင့် သူ၏ မိုးကြိုးရှစ်ချက်လက်သီးသိုင်းက တထာဂတ၏ မဟာယာနသုတ္တန် လေ့ကျင့်ထားသူတို့အောက် မနိမ့်ကျတော့ချေ။
ဤအခိုက်၌ သူ့ကို လှမ်းခေါ်သံတစ်သံ ကြားလိုက်ရသည်။ “နွားကျောင်းသား…”
ချင်မူ လှည့်ကြည့်လိုက်သောအခါ အဖြူရောင်သင်္ကန်းကို ဆင်မြန်းထားသည့် ကိုယ်တော်တစ်ပါး သူ့ကို တအံ့တဩ စိုက်ကြည့်နေသည်ကို တွေ့ရ၏။ ဤကိုယ်တော်က အနည်းငယ် ရင်းနှီးနေသလို ရှိသည်။ ချင်မူ ရုတ်တရက် မှတ်မိသွား၏။ “ကိုယ်တော်လေး မင်ရှင်းပါလား… မဟာမြို့ပျက်က ဘွားဘွားကြီးဘုရားကျောင်းမှာ တွေ့ခဲ့ဖူးတာပဲ…”
ဤကိုယ်တော်လေး၏ အမည်က မင်ရှင်း ဖြစ်သည်။ ရဟန်းအိုကြီးကျင့်မင်က သူ့ကို ခေါ်ဆောင်ပြီး အဘိုးကြီးမာကို လာရှာ၍ ခက္ခရာတောင်ဝှေးကို လောင်းကြေးထပ်ခဲ့ဖူး၏။ ထိုပွဲ၌ မင်ရှင်း ရှုံးနိမ့်သွားသဖြင့် ခက္ခရာတောင်ဝှေးမှာ ချင်မူ၏ လက်တွင်းသို့ ရောက်ရှိလာသည်။ သို့သော်လည်း ချင်မူက ခက္ခရာတောင်ဝှေးကို မိစ္ဆာမျောက်ဝံအား ပေးပစ်လိုက်၏။
မင်ရှင်းကိုယ်တော်က ခြေလှမ်းသွက်သွက် လှမ်း၍ လျှောက်လာသည်။ သူက အတော်လေး အရပ်ထွက်လာပြီ ဖြစ်ပြီး ချင်မူ့ထက်ပင် အနည်းငယ် မြင့်နေသေး၏။
ချင်မူက လူပျိုဖော်စဝင်သည်မှာ နှစ်တစ်ဝက်ခန့်သာ ရှိသေးပြီး အရပ်ထွက်ဆဲကာလ ဖြစ်သဖြင့် သူ့အရပ်က ကောင်းကောင်းမြင့်မားခြင်း မရှိသေးပေ။
မင်ရှင်းကိုယ်တော်က သူ့ကို ကြည့်၍ နောက်တစ်ကြိမ် လက်ရည်ပြန်စမ်းရန် စိတ်အားထက်သန်နေသည်။ “ငါတို့ မတွေ့တာ နှစ်အတော်ကြာပြီဆိုတော့ မင့်အစွမ်းအစတွေ တိုးတက်လာရဲ့လား သိချင်မိတယ်…”
ချင်မူက သက်ပြင်းလေးလေး ချလိုက်၏။ “တိုးတက်လာပါတယ်… ကိုယ်တော့်ကို အနိုင်ယူပြီးကတည်း သိသိသာသာ တိုးတက်လာတာပါပဲ…”