← Chapters

သေစေနိုင်သော စကားလုံးများ

Vol. 18 Ch. 250

သေစေနိုင်သော စကားလုံးများ

Vol. 18 Ch. 250

ချင်မူမှာ သိကျွမ်းဖူးသည့်သူတစ်ယောက်ကို တွေ့လိုက်ရသည့်အတွက် ရင်းနှီးနှစ်လိုသည့် ခံစားချက်မျိုး ပေါ်ထွက်လာ၏။ သူငယ်စဉ်ကတည်းက မျက်ကန်း၊ ထော့ကျိုးတို့နှင့်သာ အမြဲတစေ လုံးထွေးဆော့ကစားရပြီး သိတတ်စအရွယ်မှစ၍ ဒုက္ခိတဘိုးဘွားကျေးရွာရှိ ဘိုးဘွားကိုးယောက်ထံမှ အသိပညာ၊ အတတ်ပညာမျိုးစုံ သင်ကြားခဲ့ရသည်။ သူ၏ ကလေးဘဝမှာ ကစားဖော်မရှိသည့်အတွက် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်ဟု ဆိုရပေမည်။

မင်ရှင်းကိုယ်တော်နှင့် တစ်ကြိမ်သာ ရင်ဆိုင်တိုက်ခိုက်ဖူးသော်လည်း သက်တူရွယ်တူ ဖြစ်သဖြင့် နောက်တစ်ကြိမ် ပြန်တွေ့သည့်အခါ သူငယ်ချင်းဟောင်းနှင့် ပြန်တွေ့ရသလို ခံစားမိ၏။

မင်ရှင်းကိုယ်တော်က ဗုဒ္ဓတရားစာများ ရွတ်ဆို၍ သူ၏ ဒေါသစိတ်ကို ချိုးနှိမ်ပြီး ပြုံးလိုက်သည်။ “ဒကာလေးက ကိုယ်တော့်ကို တစ်ခါ အနိုင်ယူခဲ့ဖူးပေမဲ့ အခုချိန်တိုက်ခိုက်ရင် နိုင်နိုင်မှာ မဟုတ်တော့ပါဘူး… ဒကာလေးကို ရှုံးနိမ့်ပြီးကတည်းက ကိုယ်တော့်ရဲ့ အမှားတွေ ဆင်ခြင်သုံးသပ်ပြီး ဟာကွက်မရှိအောင် ပြင်ဆင်ထားတယ်… တစ်ပွဲလောက် နွှဲကြည့်ကြမလား…”

“ကျင့်စဉ်ကို ပြုပြင်ပြောင်းလဲပစ်တာလား…” ချင်မူ အံ့အားသင့်စွာ မေးမြန်းလိုက်၏။

မင်ရှင်းကိုယ်တော်က ကျေနပ်အားရစွာ ပြောလိုက်သည်။ “အရင်တစ်ခေါက်တုန်းက ဒကာလေး ကိုယ်တော့်ရဲ့ လည်မျိုကို တိုက်ခိုက်ပြီး အနိုင်ယူခဲ့တာ… ဒီတစ်ခါတော့ အဲအခွင့်အရေးမျိုး ထပ်မပေးနိုင်တော့ဘူး…”

ချင်မူက အော်ဟစ်ပြောဆိုမိ၏။ “ကိုယ်တော်မင်ရှင်း၊ တထာဂတရဲ့ မဟာယာနသုတ္တန်ကို စိတ်ထင်သလို ပြောင်းလဲပစ်ရအောင် ကိုယ်တော့်အသက်က ဘယ်လောက်ရှိသေးလို့လဲ… လက်ရှိ အသိအမြင် အတွေ့အကြုံနဲ့ဆိုရင် ပြောင်းလဲမှုများများလုပ်လေ အမှားတွေ၊ ဟာကွက်တွေ ပိုပြီး ပေါ်လာလေလေ ဖြစ်လိမ့်မယ်… ကိုယ့်ဖာသာ မဆင်မခြင် ပြောင်းလဲပစ်တာထက်စာရင် တထာဂတဆီမှာ မေးမြန်းသင်ယူတာက ပိုကောင်း… အင်း… ငါလည်း ငါ့ကျင့်စဉ်သိုင်းကွက်ကို မူလပုံစံဘာမှန်းတောင် မသိအောင် မဆင်မခြင် ပြောင်းလဲပစ်တာပဲ… ကိုယ်တော့်ကို သွားပြောနေလို့ မသင့်တော်ဘူး…”

ချင်မူ အရှက်ရသွားသည်။ သူလည်း သူ့ကျင့်စဉ်ကို ပြောင်းလဲပစ်ခဲ့သည် မဟုတ်လား။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို တစ်ကြိမ်မက ပြောင်းလဲပစ်၏။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာနှင့်ပင် ပေါင်းစည်း၍ သူ၏ ဘယ်ဘက်ပခုံးမှ ဟာကွက်ကို ဖြေရှင်းခဲ့သည်။

သူ့အနေဖြင့် မင်ရှင်းကိုယ်တော်ကို မဆင်မခြင် ကျင့်စဉ်သိုင်းကွက် ပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ပြောဆိုသည်မှာ ဘိန်းစားချင်းအတူတူ တစ်မူးပိုရှုသကဲ့သို့ ဖြစ်နေ၏။ တစ်ဘက်လူမှာ သူ့လည်မျိုမှ ဟာကွက်ကို အမှန်တကယ် ဖျောက်ဖျက်ပစ်ပြီး ဖြစ်နေနိုင်သည်။

မင်ရှင်းကိုယ်တော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ပြောလိုက်၏။ “အဲဒါဆို ဒကာလေးအနေနဲ့ ကိုယ်တော့်ကို သင်ပြပေးနိုင်မလား…”

ချင်မူ တစ်စုံတစ်ခု ပြောမည်ပြုလိုက်စဉ် ရဟန်းအိုတစ်ပါး၏အသံ ထွက်ပေါ်လာသည်။ “တပည့်၊ မလေးမစား မလုပ်နဲ့… ဒါက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်ပဲ…”

မင်ရှင်းကိုယ်တော်မှာ အလန့်တကြား ထခုန်၍ အော်ဟစ်လိုက်မိ၏။ “ဒကာလေးက ဘယ်တုန်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာအိုကြီး ဖြစ်သွားရတာလဲ…”

ချင်မူ သက်ပြင်းချလိုက်သည်။ “ရှင်းပြဖို့ ခက်တယ်… မလုပ်ချင်ဘဲနဲ့ ဂိုဏ်းသခင်နေရာ တွန်းတင်ခံလိုက်ရတာပဲ ဆိုပါတော့…”

သူ အသံလာရာသို့ လှည့်ကြည့်ပြီး ရဟန်းအိုကြီးကျင့်မင်ဖြစ်မှန်း မှတ်မိလိုက်၏။ ဤရဟန်းအိုကြီးက မင်ရှင်း၏ဆရာဖြစ်ပြီး အမည်နှင့်လိုက်အောင် ပါးနပ်ကောက်ကျစ်လှသည်။ ချင်မူ့ကို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်ကြောင်း ပြောဆိုသည်မှာ မင်ရှင်းကို သတိပေးရန်မဟုတ်၊ ဤနေရာရှိ ရဟန်းအားလုံးကို အသိပေးလိုခြင်း ဖြစ်၏။

သူ၏ ကျယ်လောင်ကျယ်လောင်အသံကြောင့် နဂါးတစ်ရာပုံတူကို လေ့လာနေကြသော ရဟန်းအားလုံး ချင်မူ့ဘက် လှည့်လာပြီး ဗုဒ္ဓတရားစာများ တီးတိုးရွတ်ဆိုလိုက်ကြသည်။ သူတို့၏ မိစ္ဆာနှိမ်နင်းလိုသော စိတ်ဆန္ဒများကို ချိုးနှိမ်ထားရကြောင်း ထင်ရှား၏။

မင်ရှင်းကိုယ်တော်က ကမန်းကတန်း ပြောလိုက်သည်။ “အဲဒါဆို ဒကာလေး မြန်မြန်ပြန်ပြီး မိစ္ဆာဂိုဏ်းသခင်နေရာကနေ နုတ်ထွက်လိုက်တော့… မဟုတ်ရင် သေလိမ့်မယ်… ဒီနေရာမှာရှိတဲ့ ရဟန်းတွေက မိစ္ဆာမကောင်းဆိုးဝါးဆို ရင်ထဲအသည်းထဲက မုန်းတီးသတ်ဖြတ်ချင်နေကြတာ… သူတို့ အပြင်ထွက်တိုင်း မိစ္ဆာမကောင်းဆိုးဝါးတွေကို နှိမ်နင်းပြီး ကုသိုလ်ကောင်းမှု စုဆောင်းနေကျ၊ ဒကာလေးကိုလည်း သတ်လိမ့်မယ်… ကိုယ်တော် ဒကာလေးနဲ့ ပညာမဖလှယ်တော့ဘူး၊ တောင်အောက်ကို မြန်မြန်ဆင်းတော့…”

ချင်မူ ခေါင်းခါယမ်းလိုက်၏။ “စိတ်ရင်းနဲ့ သတိပေးတာ ကျေးဇူးတင်ပါတယ်၊ တပည့်တော်က အခု ဧည့်သည်အနေနဲ့ လာတာပါ… တထာဂတက တပည့်တော်နဲ့ အဆင့်တူနောင်တော်၊ သူကိုယ်တိုင် ဒီကျောင်းတော်မှာ နေထိုင်ဖို့ ခွင့်ပြုခဲ့တာ… အဲဒါကို ဒီကိုယ်တော်တွေက မိစ္ဆာနှိမ်နင်းဖို့ လုပ်ကြဦးမှာလား…”

မင်ရှင်းကိုယ်တော်မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ “အဲဒါတော့ ကိုယ်တော်လည်း မပြောတတ်ဘူး… အဖြစ်နိုင်ဆုံးက ဒကာလေးနဲ့ အယူဝါဒငြင်းခုန်ပြီး မကောင်းမှုတွေ မလုပ်ဖို့၊ လမ်းမှန်လျှောက်ဖို့ အကြံပေးကြလိမ့်မယ်… ဒကာလေးကို နိုင်အောင်မပြောနိုင်ရင်တော့ တိုက်ခိုက်သတ်ဖြတ်တဲ့ဘက် ရောက်သွားမှာပဲ…”

ချင်မူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ အမှန်တကယ်ပင် သူ့ထံသို့ လျှောက်လှမ်းလာသော ရဟန်းများကို မြင်လိုက်ရ၏။

“အော်မီတော်ဖော်…” ရဟန်းတစ်ပါးက လက်အုပ်ချီ၍ စတင် ဦးဆောင် ပြောဆိုလိုက်သည်။ “မိစ္ဆာမကောင်းဆိုးဝါး၊ ကိုယ်တော်နဲ့ အယူဝါဒ ယှဉ်ပြိုင်ဝံ့သလား…”

ချင်မူက မေးမြန်းလိုက်၏။ “ကိုယ်တော်က လောကီအာရုံတွေကို အလုံးစုံ ပယ်သတ်နိုင်ပြီလား…”

ထိုကိုယ်တော်မှာ အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းခါယမ်းလိုက်သည်။ “မပယ်သတ်နိုင်သေးပါဘူး…”

“အဲဒါဆို ဘာအတွက် အယူဝါဒ ယှဉ်ပြိုင်မှာလဲ…” ချင်မူက တဟားဟား ရယ်မောလိုက်၏။ “ကိုယ်တိုင် ဉာဏ်အလင်းမရသေးဘဲနဲ့ သူများပါးစပ်ဖျားက သိထားတာတွေနဲ့တင် အဟုတ်ကြီးလုပ် ပြောဆိုချင်တာလား… သွား သွား၊ ပြန်တော့…”

ထိုရဟန်းမှာ အာစေးမိသကဲ့သို့ ဖြစ်သွားသည်။ သူ့ဘေးမှာ ရဟန်းတစ်ပါးက ကမန်းကတန်း ဝင်ပြောလိုက်၏။ “မိစ္ဆာမကောင်းဆိုးဝါး၊ ကိုယ်တော်က သစ္စာတရား၊ ကရုဏာတရား၊ အလှတရားအကြောင်း ပြောမယ်…”

ချင်မူက မေးလိုက်သည်။ “ကိုယ်တော်က တထာဂတလား…”

ထိုကိုယ်တော်၏ မျက်နှာတစ်ပြင်လုံး ရဲတက်သွားပြီး တုံ့ပြန်လိုက်၏။ “ကိုယ်တော်က တထာဂတ မဖြစ်သေးပါဘူး…”

“အဲဒါဆို ကိုယ်တော်က ပကတိတရား တထတ္တကို မရသေးဘူးပဲ…” ချင်မူက ပြုံးလိုက်သည်။ “အရာအားလုံးရဲ့ ပကတိအမှန်တရား တထတ္တကို သိမြင်မှ တထာဂတဖြစ်လာနိုင်မယ်… ကိုယ်တိုင် တထတ္တကို မသိမြင်သေးဘဲ သစ္စာတရား၊ ကရုဏာတရား၊ အလှတရားအကြောင်း ဘယ်လို ပြောဆိုနိုင်မှာလဲ… နောက်ပြန်ဆုတ်တော့၊ ကိုယ့်အရှက်ကို မခွဲမိစေနဲ့၊ ကိုယ်တော် အဲဒီအဆင့်ကို ရောက်မှ ဆက်ပြောကြတာပေါ့… ကိုယ်မလုပ်နိုင်သေးတာကို သူများအပေါ် ဖိအားမပေးရဘူး… ကိုယ်ပြောတဲ့အတိုင်း လုပ်စေချင်ရင် ကိုယ်တိုင် စံပြဖြစ်ရမယ်…”

ထိုရဟန်းမှာ ပြောစရာစကားမရှိ ဖြစ်သွား၏။ အခြားရဟန်းတစ်ပါးက လက်ဆန့်တန်းလိုက်သည်။ မြေပြင်ထက်မှ ရွှေရောင်စမ်းချောင်းများ ပေါ်ထွက်ပြီး ကြာပန်းတစ်ပွင့် ပွင့်အာလာ၏။ “ဗုဒ္ဓဘာသာမှာ သမ္မာသမ္ဗုဒ္ဓ၊ အရာခပ်သိမ်းကို သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်တော် ရှိတယ်…”

ချင်မူက မေးလိုက်သည်။ “ကိုယ်တော်က အရာခပ်သိမ်းကို သိမြင်တဲ့ဉာဏ် ရှိပြီလား…”

“ဒါက…”

“ဆက်မပြောတော့နဲ့…”

အခြားရဟန်းတစ်ပါးက တဟားဟား ရယ်မောလိုက်၏။ “မိစ္ဆာဂိုဏ်းသခင်က စကားအရာမှာ ကျွမ်းကျင်လိမ္မာတဲ့သူပဲ… ဗုဒ္ဓကျမ်းစာတွေအကြောင်း ပြောရင် ရှေ့ဆက်ခွင့်မပြုဘူးဆိုတော့ လောကီရေးရာအကြောင်း ပြောကြတာပေါ့…”

ချင်မူက ဝမ်းသာအားရ ဖြစ်သွားပြီး ထိုရဟန်းရှေ့သို့ လျှောက်သွားလိုက်သည်။ “ကိုယ်တော်ကြီး၊ အရင်မပြောနဲ့ဦး… တပည့်တော် အရင်မေးမယ်… ဒီကမ္ဘာမှာ ရှိတဲ့ လူတွေအကုန်လုံး ရဟန်းဘဝကို ကူးပြောင်းပြီး အိမ်ထောင်မပြု၊ မျိုးဆက်မပွား၊ ကလေးမယူကြတော့ရင် လူသားမျိုးနွယ်က နောက်နှစ်တစ်ရာအတွင်း မျိုးသုဉ်းသွားမှာ မဟုတ်လား… ကိုယ်တော်တို့နဲ့ ဘာရန်ငြှိုးများ ရှိလို့ လူသားမျိုးနွယ်ကို အမြစ်ဖြတ် ရှင်းလင်းပစ်ချင်ရတာလဲ…”

ထိုကိုယ်တော်မှာ တစ်ခဏမှ မှင်တက်မိသွား၏။ “ကိုယ်တော် ပြောချင်တာက ဒကာတော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက မကောင်းမှုတွေကို အများကြီး ပြုကျင့်ပြီး မိစ္ဆာပညာရပ်တွေ လေ့ကျင့်တဲ့အကြောင်းပဲ… လူ့အသက်တွေကို အသုံးပြုပြီး လေ့ကျင့်ကြတာ…”

ချင်မူက ဆက်ပြောခွင့်မပြုဘဲ ကြားဖြတ်ပြောလိုက်သည်။ “အဲဒါနဲ့ လူသားမျိုးနွယ်ကို အမြစ်ဖြတ်ရှင်းလင်းတာနဲ့ ဘယ်ဟာက ပိုဆိုးလဲ…”

ထိုကိုယ်တော်မှာ သူ့ကို မျက်လုံးပြူးကြည့်၍ ဒေါသကို အနိုင်နိုင် ချုပ်တည်းထားလိုက်ရ၏။ “ကိုယ်တော်ပြောချင်တာနဲ့ ဒကာတော်ပြောတဲ့ အကြောင်းအရာ မတူဘူး…”

“အဲဒီလိုဆို တူတာ ပြောကြတာပေါ့… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ မွေးကင်းစကလေးတွေကို အသုံးပြုပြီး ကျင့်စဉ်လေ့ကျင့်တဲ့ စံအိမ်သခင်ကို တပည့်တော်တွေ့တာနဲ့ သုတ်သင်ရှင်းလင်းပစ်တယ်… အခု မြင်းမိုရ်တောင်ရဲ့ တောင်ခြေဘုန်းကြီးကျောင်းမှာ ဆန်းကြယ်သားရဲတွေကို သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ အသားနဲ့ ထုံဆေး ရောစပ်ကျွေးမွေးပြီး လူတွေအပေါ် လိမ်ညာနေတာ တွေ့ခဲ့တယ်၊ အဲဒီအသားတွေ ဘယ်ကရမလဲ၊ သက်ရှိသတ္တဝါတွေဆီက သတ်ဖြတ်ယူငင်လာတာပဲ မဟုတ်ဘူးလား… တပည့်တော်က ကိုယ့်ဂိုဏ်းရဲ့ အမှိုက်သရိုက်ကို ရှင်းလင်းတယ်၊ အခု ကိုယ်တော့်အလှည့်ပဲ… အဲဒီဘုန်းကြီးကျောင်းကို သွားရှင်းပစ်တော့…”

လာရောက်ပြောဆိုသည့် ကိုယ်တော်မှာ ဒေါသထွက်သွား၏။ “ဒါက ကိုယ်တော် ဒကာနဲ့ ငြင်းခုံချင်တဲ့ အကြောင်းအရာ မဟုတ်ဘူး… ကိုယ်တော်ပြောချင်တာက ဖြန့်ဝေသင်ကြားပေးတဲ့ အယူဝါဒအကြောင်း… ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဗုဒ္ဓကျမ်းစာတွေ ထောင်သောင်းချီ ရှိတယ်၊ အားလုံးက မေတ္တာ၊ ကရုဏာထားဖို့အတွက် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သင်ကြားလာတာ…”

ချင်မူက တအံ့တဩ ပြောလိုက်သည်။ “ကိုယ်တော်တို့ ဗုဒ္ဓဘာသာက အမှိုက်ကို မရှင်းဘဲ ဖုံးကွယ်ထားတတ်တာလား… ကျောင်းတော်မှာရှိတဲ့ ရဟန်းတွေကိုယ်တိုင်က မေတ္တာ၊ ကရုဏာမထားဘဲ လူတွေကို မေတ္တာ၊ ကရုဏာထားဖို့ သင်ပြချင်တာပေါ့… အရူးတွေပဲ ကိုယ်တိုင် မလုပ်နိုင်ဘဲ လူတွေကို သင်ချင်တာ… ထားပါတော့၊ အယူဝါဒအကြောင်း ငြင်းခုံချင်တာဆို တပည့်တော် ပြောမယ်… သူတော်စင်တန်ခိုးရှင်လမ်းစဉ်ဆိုတာ သာမန်လူတွေအတွက် နိစ္စဓူဝ အသုံးဝင်မှုကလွဲပြီး အခြားမရှိတဲ့… ကိုယ်တော့်ရဲ့ ဓမ္မတရားက သာမန်လူတွေ နေ့စဉ်ဘဝမှာ အသုံးချနိုင်သလား… အသုံးမချနိုင်ရင် စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပြီး ဘာလုပ်မှာလဲ… အသုံးမကျမဲ့အတူတူ မီးရှို့ပြာချပစ်လိုက်တာကမှ ပိုကောင်းဦးမယ်…”

“မိစ္ဆာမကောင်းဆိုးဝါး…”

ထိုရဟန်းမှာ ဒေါသအိုးပေါက်ကွဲသွားပြီး ခုန်ဝင်တိုက်ခိုက်တော့မလို ဖြစ်လာ၏။ “အဓိပ္ပာယ်မဲ့ ဒိဋ္ဌိအယူအဆတွေ၊ ကျမ်းစာကို မီးရှို့ပြီး ဗုဒ္ဓကို ဖျက်ဆီးချင်တာ ဟုတ်လား… မင်းရဲ့ ဆိုးရွားတဲ့ မိစ္ဆာစိတ်ကို တိုက်ခိုက် ပယ်သတ်ပစ်မှပဲ ရမယ်…”

“ခဏနေပါဦး…” ချင်မူက လက်ကာပြ၍ ပြုံးလိုက်သည်။ “ကိုယ်တော်က တပည့်တော်ကို သတ်ဖြတ်ချင်နေပြီလား… တစ်ခုမေးပါရစေဦး… ဗုဒ္ဓကျမ်းစာတွေမှာ သက်ရှိသတ္တဝါတွေရဲ့ အသက်ကို သတ်ဖြတ်ဖို့ ခွင့်ပြုထားလို့လား…”

ထိုရဟန်းမှာ ရပ်တန့်သွားပြီး ဒေါသကို ချိုးနှိမ်လိုက်၏။ “ဗုဒ္ဓကျမ်းစာတွေက မေတ္တာ၊ ကရုဏာထားဖို့ပဲ သင်ပြတယ်… သက်ရှိသတ္တဝါတွေရဲ့ အသက်ကို သတ်ဖြတ်ဖို့ မပြောဆိုထားဘူး… ဒါပေမဲ့ မိစ္ဆာမကောင်းဆိုးဝါးတွေဆိုရင်တော့ ဗုဒ္ဓကိုယ်တိုင်တောင် နှိမ်နင်းပယ်သတ်လိမ့်မယ်…”

ချင်မူက မေးလိုက်သည်။ “အပင်တွေက အသက်ရှိလား…”

“ရှိတာပေါ့…” ရဟန်းက ဒေါသတကြီး ဖြေကြားလိုက်၏။

“ကောက်ပဲသီးနှံပင်တွေကနေ အသီးအနှံ အစေ့အဆန်တွေ ဖြစ်တည်လာတယ်… အဲဒီအတွက် အသီးအနှံ အစေ့အဆန်တွေဟာလည်း အသက်ရှိတာပဲ… ကိုယ်တော်တို့က ဘာလို့ အဲဒီ အသီးအနှံအစေ့အဆန်တွေကို စားသုံးရတာလဲ… နေ့စဉ်နေ့တိုင်း အသီးအရွက်တွေ စားပြီး ဗုဒ္ဓတရားစာတွေ ရွတ်တယ်၊ သစ္စာတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ အလှတရားတွေအကြောင်း ဆင်ခြင်သုံးသပ်တယ်… ဒါပေမဲ့ ကိုယ်တော်တို့ စားလိုက်တဲ့ အစာတွေထဲမှာ အသက်တွေ ဘယ်လောက် ဆုံးရှုံးခဲ့ရလဲ မသိဘူး…” ချင်မူက ပြောလိုက်သည်။ “အသက်ကြီးရင့်လာတာနဲ့အမျှ ကိုယ်တော်စားသုံးခဲ့တဲ့ အသက်တွေလည်း များလာမှာပဲ… ဘယ်လိုမျက်နှာနဲ့များ ဗုဒ္ဓနှလုံးသားအကြောင်း၊ မေတ္တာ၊ ကရုဏာအကြောင်း ပြောဆိုနိုင်ရတာလဲ…”

သူက ထောင်ထျယ်အိတ်ထဲမှ ပန်းမျိုးစေ့တစ်စေ့ကို ထုတ်ယူလိုက်၏။ ထို့နောက် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို အသုံးပြုလိုက်ရာ ထိုသစ်စေ့မှ အညှောင့်လေးပေါက်၍ ကြီးထွားလာသည်။ သစ်စေ့အတွင်းမှ အမြစ်များ ထိုးထွက်၍ သူ့လက်ဖဝါးထက်တွင် အပင်ပေါက်လေးတစ်ပင် ဖြစ်တည်လာ၏။ ထိုအပင်လေးက နူးညံ့ပျောင်းနွဲ့၍ ပန်းဖူးလေးတစ်ဖူး ပေါ်ထွက်လာသည်။ ထို့နောက် ခပ်သာသာ လှုပ်ခါ၍ နုနယ်ပျိုမျစ်သော ပန်းကလေးတစ်ပွင့် ပွင့်အာလာ၏။

“လှသလား…” ချင်မူက မေးလိုက်သည်။

ထိုရဟန်းမှာ ငေးမောကြည့်ရှုနေရင်း ခေါင်းညိတ်လိုက်၏။ “လှတယ်…”

ချင်မူက ထိုပန်းပင်လေးကို ရဟန်း၏ လက်ထဲသို့ ကမ်းပေးရင်း ပြောလိုက်သည်။ “ဒီပန်းပွင့်လေးက ကိုယ်တော်စားလိုက်တဲ့ အစေ့အဆန်တွေလိုပဲ… သူတို့မှာ လှပတဲ့ ဘဝတွေ ရှိတယ်၊ ကိုယ်တော် ဒီလို အသက်ပေါင်းများစွာကို ဘယ်လောက်ထိအောင် စားသုံးပြီးသွားပြီလဲ… ဘယ်တော့ ပြန်ပြီး ပေးဆပ်မှာလဲ… ဒီပန်းပွင့်တွေ၊ သစ်ပင်တွေသာ အသိဝိညာဉ်ဖွဲ့လာနိုင်ရင် ကိုယ်တော် သူတို့မျိုးနွယ် သန်းပေါင်းများစွာကို စားသောက်ခဲ့တဲ့အကြောင်း ငိုယိုပြောပြကြလိမ့်မယ်… ကိုယ်တော့်ဆီက အသက်ကြွေးပြန်တောင်းဖို့ ဘေးနားမှာ ဝိုင်းအုံဖွဲ့နေမဲ့ သီးပင်စားပင်တွေရဲ့ ဝိညာဉ်ကို ကိုယ်တော် တွေးကြည့်ဖူးရဲ့လား…”

ထိုကိုယ်တော်က ပန်းပွင့်ကလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားရင်း အမူအရာ ပျက်ယွင်းသည်ထက် ပျက်ယွင်းလာ၏။ နူးညံ့လှပသော ပန်းပွင့်ကလေးက ချောက်ချားထိတ်လန့်ဖွယ်ကောင်းလာပြီး သူ့အသက်ကို တောင်းဆိုနေသကဲ့သို့ ခံစားရသည်။ ရုတ်တရက် တင်ပျဉ်ဖွဲ့ထိုင်ချ၍ ပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းလာ၏။ “ငါက မင်းတို့မျိုးနွယ်တွေကို မရေမတွက်နိုင်အောင် စားသောက်မိတယ်၊ ငါ့အပြစ်တွေ ပြန်ဆပ်လို့ ကုန်မှာ မဟုတ်ဘူး… ငါ့ကိုယ်ငါ ပြာချပြီး မင်းအတွက် အာဟာရဖြစ်ခွင့် ပြုပါတော့…”

စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ကမ္မမီးလျှံများ လွှမ်းခြုံ၍ တစ်မုဟုတ်ချင်း လောင်ကျွမ်းပြာကျသွားသည်။ ထိုမီးလျှံများက လူတစ်ကိုယ်လုံး ပြာကျသွားစေခဲ့သည့်တိုင် ပန်းပင်ငယ်လေးကိုတော့ စိုးစဉ်းမျှ ထိခိုက်စေခြင်း မရှိခဲ့ချေ။ ထိုပန်းပင်လေးက ပြာပုံထက်သို့ အသာအယာ ကျဆင်း၍ နူးညံ့လှပစွာ ငွားငွားစွင့်စွင့် လန်းပွင့်နေဆဲ ရှိ၏။

“ပြာပုံကလာပြီး ပြာပုံဘဝ ပြန်သွားတယ်၊ မြေမှုန်ကလာပြီး မြေမှုန်ဘဝ ပြန်သွားတယ်… ဗုဒ္ဓတရားတွေကျင့်ခဲ့ပေမဲ့ အဆုံးသတ်မှာ မြေဩဇာ ဖြစ်ရတယ်…”

ချင်မူ အောက်သို့ ငုံ့ကိုင်း၍ ပြာမှုန်များနှင့်တကွ ပန်းပင်ငယ်ကို ယူဆောင်လိုက်သည်။ “ကိုယ်တော်၊ ဘဝတစ်လျှောက်လုံး အသုံးမကျခဲ့ပေမဲ့ သေဆုံးပြီးနောက်မှာတော့ လောကကြီးအတွက် အသုံးဝင်ပါပြီ… ဒီပန်းပင်လေးက ကောင်းကောင်း ရှင်သန်ကြီးထွားပါလိမ့်မယ်၊ အစေ့အနှံတွေ အများကြီး ဆောင်ကြဉ်းလို့ နောက်ထပ်ပန်းပင်တွေ အများကြီး ရှင်သန်လာပါလိမ့်မယ်… ဒီအကြောင်းကို တမလွန်လောကကနေ ကြားသိရင် ကိုယ်တော် ကျေနပ်ပီတိဖြစ်မှာပါ…”

“ဒီပန်းပင်က လူသားမဟုတ်ပေမဲ့ ကိုယ်တော့်ရဲ့ အရိုးပြာကို မြေဩဇာဖြစ်စေခဲ့တဲ့အတွက် သာမန်လူတွေအတွက်  အသုံးတော်ခံလိုက်တာနဲ့ အတူတူပဲ… သိပ်ကောင်းတယ်၊ ကိုယ်တော်နဲ့ တပည့်တော် လမ်းစဉ်တစ်ခုတည်း ဖြစ်သွားပြီ…”

သူ ထရပ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ဤလူငယ်လေးက ဆယ်ကျော်သက်တစ်ယောက်သာ ဖြစ်သော်လည်း ဂိုဏ်းသခင်တစ်ယောက်၏ အရှိန်အဝါအငွေ့အသက်မျိုး ရစ်သိုင်းလွှမ်းခြုံနေပြီး ခပ်အေးအေး ပြောလိုက်သည်။ “ဘယ်ကိုယ်တော်များ တပည့်တော်နဲ့ အယူဝါဒ ငြင်းခုံလိုပါသေးသလဲ…”

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ကျသွား၏။

ချင်မူက တည်ကြည်လေးနက်ဟန်ရှိသော ရဟန်းများကို မျက်လုံးချင်းဆုံအောင် လိုက်ကြည့်သော်လည်း တစ်ဘက်လူများက ရင်မဆိုင်ဝံ့ဘဲ ရှောင်လွှဲသွားကြသည်။

အဘိုးကြီးမာနှင့် မျက်ကန်းက ခပ်လှမ်းလှမ်းတွင် ရပ်၍ ရဟန်းအိုကြီးအချို့နှင့် စကားပြောဆိုနေကြ၏။ ဤအဖြစ်အပျက်များကို မြင်သောအခါ မျက်ကန်းက ပြုံးလိုက်သည်။ “မူအာသာ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဆက်နေပြီး ဘုန်းကြီးတွေကလည်း သူ့ကို ချက်ချင်း သတ်ဖို့ မလုပ်ဘူးဆိုရင်… သိပ်မကြာဘူး၊ ဒီကျောင်းမှာရှိတဲ့ ဘုန်းတော်ကြီးတစ်ဝက်လောက် သာမန်လူဘဝကို ကူးပြောင်းသွားလိမ့်မယ်… ကျန်တဲ့တစ်ဝက်ရဲ့ တစ်စိတ်ကတော့ မိစ္ဆာပူးခံရလိမ့်မယ်… ကျန်ခဲ့မဲ့သူတွေကတော့ ဘုန်းကြီးတုဘုန်းကြီးယောင်တွေပဲ… ဒီကောင်လေးက အဘွားကြီးစစ်ထက်တောင် ပိုဆိုးနေပါလား…”

ရုတ်တရက် ရဟန်းတစ်ပါးက အော်ဟစ်ကြိမ်းမောင်းလိုက်၏။ “ဒီကောင်လေးက မိစ္ဆာနတ်ဆိုးပဲ… ကောင်းကင်မိစ္ဆာနတ်ဆိုး၊ လူတွေကို မိစ္ဆာစကားတွေနဲ့ လှည့်ဖျားနေတာ…”

အခြားရဟန်းတစ်ပါးကလည်း ချက်ချင်း ဝင်ရောက် အော်ဟစ်ပြောဆိုလိုက်သည်။ “ဒီကောင်လေးက မိစ္ဆာစကားတွေသုံးပြီး ကိုယ်တော်ကြီးရှင်းခုန်းကို သတ်ပစ်တာ… ဒီမိစ္ဆာနတ်ဆိုးကို အရှင်ထားလို့ မဖြစ်ဘူး… အသေသတ်ရမယ်ဟေ့…”

တစ်ခဏအတွင်း၌ အားလုံး ဒေါသမီးကူးစက်သွားပြီး ချင်မူ့ကို နှိမ်နင်း၍ မိစ္ဆာနတ်ဆိုးကို သတ်ဖြတ်ရန် အော်ဟစ်လိုက်ကြ၏။

ထိုအခိုက်၌ လူငယ်လေးက တဟားဟား ရယ်မောလိုက်သည်။ သူ့ရယ်သံက တစ်စထက်တစ်စ ကျယ်လောင်လာ၏။

သူ့ဘေးနားမှ ရုတ်ရုတ်သဲသဲ အသံများ ငြိမ်သက်သွားသည့်တိုင် သူ့ရယ်သံက ဆက်လက်ထွက်ပေါ်နေဆဲ ရှိသည်။

ရယ်သံရပ်သွားသည်နှင့် ချင်မူက အေးစက်စက် ပြောလိုက်၏။ “မင်းတို့က အယူဝါဒ ငြင်းခုံချင်တယ်ဆိုလို့ ငါငြင်းခုံပေးခဲ့တယ်… ဂိုဏ်းရဲ့သင်ကြားမှုတွေအကြောင်း ပြောကြမယ်ဆိုတော့လည်း ငါပြောပေးခဲ့တယ်… ဒါလည်းမနိုင်တော့ သတ္တဝါတွေကို သတ်ဖြတ်တဲ့အကြောင်း ပြောပြန်တယ်… သတ္တဝါတွေကို သတ်ဖြတ်တာ မကောင်းကြောင်း ပြောတဲ့သူတွေက အခု ငါ့ကို သတ်ချင်ကြပြီတဲ့လား… ဒီလိုပုံစံနဲ့ ဗုဒ္ဓကျင့်စဉ်တွေ ကျင့်နေလို့ ဘာထူးမှာလဲ… သွားတော့၊ လူ့ဘဝကို ပြန်ကြတော့…”

ရဟန်းအချို့မှာ ငိုင်တွေသွားပြီး ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်ကုန်ကြသည်။ တစ်ခဏကြာသောအခါ သက်ပြင်းချ၍ လှည့်ထွက်သွားကြ၏။ ထို့နောက် အထုပ်အပိုးများ သိမ်းဆည်းပြီး တောင်ပေါ်မှ ဆင်းသွားကြတော့သည်။

ကျန်သောရဟန်းများကတော့ နောက်ဆုတ်သွားခြင်း မရှိဘဲ မနှစ်လိုသော မျက်နှာများဖြင့် ရပ်နေကြ၏။

ချင်မူ ခေါင်းခါယမ်း၍ ပြုံးလိုက်သည်။ “နောက်ဆုံးတော့လည်း တိုက်ခိုက်ကြမှာပဲ မဟုတ်လား… ဘာလို့များ နည်းပါးတဲ့ အသိဉာဏ်တွေကို အရင်ထုတ်ပြချင်နေပါလိမ့်…” သူ စိတ်အားတက်ကြွစွာ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ့မျက်လုံးများက လျှပ်စီးတန်းကဲ့သို့ ဝင်းဝင်းလက်သွားသည်။ “ဘယ်သူ အရင်သေဖို့ လာမလဲ…”

All Chapters