← Chapters

မိစ္ဆာလမ်းစဉ်မှာ ပညာရှင်မဟုတ်

Vol. 18 Ch. 251

မိစ္ဆာလမ်းစဉ်မှာ ပညာရှင်မဟုတ်

Vol. 18 Ch. 251

ရဟန်းများ ရှေ့တက်လာတော့မည် ပြင်စဉ် မင်ရှင်းကိုယ်တော်က ပြောလိုက်သည်။ “နေကြပါဦး၊ နောင်တော်ကြီးတို့… ဒီမိစ္ဆာကို တပည့်တော် နှိမ်နင်းသတ်ဖြတ်ပါ့မယ်…”

ရဟန်းများ တုံ့ပြန်နိုင်ခြင်း မရှိမီ မင်ရှင်းကိုယ်တော်က ချင်မူ့ထံ တစ်ရှိန်ထိုး ပြေးဝင်သွားပြီး မျက်စိမှိတ်ပြ၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “ဒကာလေး၊ ကိုယ်တော်နဲ့ တိုက်တဲ့အခါ တစ်ချက်နှစ်ချက် ချပြီး အရှုံးပေးလိုက်… အရှုံးပေးပြီးသားလူကို သတ်ဖို့တော့ သူတို့ ရှက်မှာပါ… ပြီးတော့ မိစ္ဆာသိုင်းကို ထုတ်မသုံးနဲ့၊ မဟုတ်ရင် ပိုဆွသလို ဖြစ်သွားလိမ့်မယ်…”

‘ဒီကိုယ်တော်လေးရဲ့ စိတ်နှလုံးက မဆိုးဘူးပဲ၊ ဟိုရဟန်းအိုကြီးကျင့်မင်ထက် အများကြီးသာတယ်…’

ချင်မူ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ပြုံးလိုက်သည်။ “ကိုယ်တော်နဲ့ တပည့်တော် ပညာဖလှယ်ကြတာပေါ့…”

မင်ရှင်းကိုယ်တော်က တစ်မုဟုတ်ချင်း သိုင်းကွက်ထုတ်လိုက်၏။ သူ့သိုင်းကွက်က မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ ‘အထီးကျန်ရှေ့ပင်လယ်ပေါ်မှ နွေဦးမိုးကြိုး’ ဖြစ်သည်။ သူ၏ သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်နှင့် မြစ်ရေများ ပင်လယ်ထဲသို့ တစ်ဟုန်ထိုး စီးဝင်နေပြီး နွေဦးမိုးကြိုးများ ပြိုးပြက်ပေါက်ကွဲသွားသကဲ့သို့ မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာ၏။

ဤသိုင်းကွက်က ကောင်းကင်နတ်သိုင်း၏ ပုံရိပ်ယောင်များ ပါဝင်သည်။ မင်ရှင်းကိုယ်တော်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ချီစွမ်းအင်များက ခမ်းနားထည်ဝါသော တောင်တန်းကြီးများနှင့် တဟုန်ထိုးစီးဆင်းနေသည့် မြစ်ရေများအဖြစ် ခပ်ဝါးဝါး ပေါ်ထွက်လာ၏။ ထိုမြစ်ရေများက ကောင်းကင်ယံမှ စီးဆင်း၍ ပင်လယ်အတွင်းသို့ တဝုန်းဝုန်းရိုက်ခတ် ဝင်ရောက်နေသည်။

မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ သိုင်းကွက်များကို ဤအဆင့်ထိ ထုတ်ဖော်နိုင်လျှင် ကောင်းကင်နတ်သိုင်းနှင့် များစွာ ခြားနားခြင်း မရှိတော့ချေ။ မဟာမိုးခြိမ်းသံကျောင်းတော်မှ တထာဂတ၏ မဟာယာနကျင့်စဉ်က အမှန်တကယ်ပင် နာမည်ကျော်ကြားထိုက်၏။

ချင်မူလည်း မိုးကြိုးရှစ်ချက်လက်သီးသိုင်းကို ထုတ်ဖော် အသုံးပြုလိုက်သည်။ သူ၏ သိုင်းကွက်ကလည်း ထည်ဝါခမ်းနားစွာ ထွက်ပေါ်လာ၏။ တောင်တန်းနှင့် မြစ်ပြင်များ၊ အပြောကျယ်သည့် ပင်လယ်နှင့် နွေဦးမိုးကြိုး၊ တဝုန်းဝုန်းပေါက်ကွဲသံများက ဤလူသားနှစ်ဦး၏ ကြွက်သားများ ကျုံ့ဝင်လှုပ်ရှားသွားခြင်းနှင့်အတူ ထွက်ပေါ်လာသည်။ အရွတ်အကြောများက အရေပြားအောက်မှ မြွေနဂါးများကဲ့သို့ လှပ်ရှား၍ ဖောက်ခွဲမှုအားအဟုန်ကို အဆုံးစွန်ထိ မြှင့်တင်ပေးနေ၏။ ရဟန်းကိုယ်တော်များ၏ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

“မင်ရှင်း၊ အဲဒီမိစ္ဆာနတ်ဆိုးကို သေအောင်ရိုက်သတ်ပစ်…” ပိန်ပိန်ခြောက်ခြောက် ရဟန်းတစ်ပါးက အော်ဟစ်လိုက်၏။ “ဒီမိစ္ဆာနတ်ဆိုးက ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ပညာရပ်တွေကို လေ့ကျင့်ပြီး ဗုဒ္ဓကို စော်ကားသမှုပြုနေတာ… သေအောင်ရိုက်သတ်ပစ်…”

ချင်မူ၏ လှုပ်ရှားမှုများက လက်တစ်ထောင်ဗုဒ္ဓသိုင်းကွက်အဖြစ် ပြောင်းလဲသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ သူ့ခန္ဓာကိုယ်တွင် လက်ပေါင်းတစ်ထောင် ပေါ်ထွက်လာသကဲ့သို့ လက်ဝါးရိပ်များ လွှမ်းခြုံသွား၏။ လက်ဝါးရိုက်ချက်တိုင်းက မိုးခြိမ်းသံများ ထွက်ပေါ်နေပြီး ဗုဒ္ဓမြတ်စွာတစ်ပါးက လက်ပေါင်းတစ်ထောင်ကို ဝှေ့ယမ်း၍ မိစ္ဆာနတ်ဆိုးများကို နှိမ်နင်းနေသကဲ့သို့ ရှိသည်။ ရဟန်းအားလုံးမှာ ဤမြင်ကွင်းကို မြင်ရသည့်အခါ အမူအရာပျက်ယွင်းသွားကြ၏။

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ဤမိစ္ဆာနတ်ဆိုးက မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ အနှစ်သာရအားလုံးကို သိမြင်တတ်ကျွမ်းနေသည်။ လက်တစ်ထောင်ဗုဒ္ဓသိုင်းကွက်အပေါ် သူ၏ သိမြင်တတ်ကျွမ်းမှုက ဤကျောင်းတော်ရှိ ရဟန်းအားလုံး၏ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းထက် သာလွန်၏။

ရဟန်းများ၏ အသံက တိုးသည်ထက် တိုးလျလာပြီး စိတ်ထဲမှ ရေရွတ်လိုက်မိကြသည်။ “ကြည့်ရတာ မင်ရှင်းရဲ့ သိုင်းကွက်က ဟိုကောင်လေးရဲ့သိုင်းကွက်အောက် နိမ့်ကျနေပုံပဲ… နိုင်မှာ မဟုတ်လောက်ဘူး…”

မင်ရှင်းမှာလည်း လက်တစ်ထောင်ဗုဒ္ဓသိုင်းကွက်ကို ထုတ်သုံး၍ တိုက်ခိုက်ပြီး သူ၏ စွမ်းရည်က နိမ့်ကျနေကြောင်း တစ်မုဟုတ်ချင်း သိသဖြင့် ‘ဓမ္မအောင်နိုင်ခြင်း’ကျင့်စဉ်ကို အသုံးပြုလိုက်၏။ သူ့ခန္ဓာကိုယ်က ကြီးထွားပြန့်ကားလာပြီး ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ဗုဒ္ဓစာသားများ ခေါင်းလောင်းကြီးတစ်လုံးသဖွယ် ဝန်းရံလှည့်ပတ်၍ တဒင်ဒင်တဒေါင်ဒေါင် မြည်ဟည်းသွားသည်။

လက်တစ်ထောင်ဗုဒ္ဓနှစ်ပါး ထိပ်တိုက်တွေ့သည်နှင့် မည်သူက အသာစီးရမှန်း ချက်ချင်း အဖြေပေါ်သွား၏။ ချင်မူ၏ လက်ဝါးရိုက်ချက်များက ဗုဒ္ဓကျမ်းစာခေါင်းလောင်းကြီးပေါ်သို့ ကျရောက်ပြီး ခေါင်းလောင်းအတွင်းနံရံမှ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။

ဤအခိုက်အတန့်၌ ချင်မူ၏ မည်သည့်အစိတ်အပိုင်းကများ မိစ္ဆာနတ်ဆိုးနှင့် တူပါသေးသနည်း။ သူက ဉာဏ်အလင်းပွင့်ထားသည့် ရဟန်းမြတ်တစ်ပါးနှယ် ဖြစ်၏။ နဂါးစိမ်းများဝန်းရံ၍ အလွန်တရာ ကြည်ညိုဖွယ်ကောင်းလှသော ဗုဒ္ဓငယ်တစ်ပါးအသွင် ဆောင်နေသည်။

နောက်တစ်ခဏ၌ ချင်မူ၏ လက်ဝါးရိုက်ချက်က ခေါင်းလောင်းကြီးကို ချိုးဖျက်ဝင်ရောက်ပြီး လက်သီးမုဒြာအဖြစ် ပြောင်းလဲ၍ သူ့ရင်ဝပေါ် ကျရောက်လာသဖြင့် မင်ရှင်းကိုယ်တော် အံ့အားသင့်သွား၏။

ချင်မူ၏ လက်သီးချက်က သူ့လေ့ကျင့်ထားသည့် တထာဂတ၏ မဟာယာနကျင့်စဉ်မှ ဟာကွက်ပေါ်သို့ ကွက်တိကျရောက်လာခြင်း ဖြစ်သည်။ လက်သီးချက်ကို လက်ဟန်မုဒြာအဖြစ်ပြောင်းလဲ၍ ဟာကွက်ကို အရအမိဖမ်းဆုပ် ထိုးနှက်လိုက်သဖြင့် သေကွင်းသေကွက်သို့ တန်းတန်းမတ်မတ် ထိမှန်သွား၏။

သို့သော်လည်း ချင်မူ၏ လက်သီးချက်က အားမပါချေ။ အသာအယာ ထိုးနှက်ပြီး ပြန်ရုပ်သိမ်းသွား၏။

ရဟန်းများမှာ တည်တည်ငြိမ်ငြိမ် ဖြစ်သွားကြသည်။ ‘ဒီမိစ္ဆာနတ်ဆိုးက သိုင်းကွက်အရပဲ သာတာ၊ ကျင့်စဉ်စွမ်းအင် သိပ်မြင့်တာ မဟုတ်ဘူး…’

မင်ရှင်းကိုယ်တော်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်း၍ တစ်မုဟုတ်ချင်း တုံ့ပြန်တိုက်ခိုက်လိုက်၏။ သို့သော်လည်း ချင်မူက နဂါးတစ်ကောင်ကဲ့သို့ လျှောထိုးရှောင်ထွက်သွားသည်။ ထို့နောက်တစ်ခဏ၌ ချင်မူ၏ လက်ပေါင်းတစ်ထောင်က ဗုဒ္ဓကျမ်းစာခေါင်းလောင်း၏ မရေမတွက်နိုင်သော ဟာကွက်များအပေါ်သို့ ကျရောက်လာ၏။ မျက်ခုံးနှစ်ခုအလယ်၊ နားရွက်၊ မျက်လုံး၊ နှလုံးသားနေရာတည့်တည့် နောက်ကျောဘက်၊ ချီစွမ်းအင်စုဝေးရာနေရာ၊ နောက်စိ စသည့် နေရာများရှိ သေကွင်းသေကွက်များကို ချင်မူက အသာအယာ တို့ထိသွားသည်။ မျက်စိတစ်မှိတ်အတွင်း၌ သူ့အသက်ကို နုတ်ယူနိုင်သော လက်သီးချက်ရာချီ၏ တိုက်ခိုက်ခြင်း ခံလိုက်ရ၏။

ဤတိုက်ခိုက်မှုများအားလုံးက မင်ရှင်းကိုယ်တော် ကျင့်ကြံထားသည့် တထာဂတ၏ မဟာယာနကျင့်စဉ်မှ ဟာကွက်များအားလုံးကို ဦးတည်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ မင်ရှင်းကိုယ်တော်မှာ မှင်တက်မိသွား၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နေရာအနှံ့မှ ရေစိမ့်ထွက်နေသည့် အိုးကြီးတစ်လုံးသဖွယ် ဟာကွက်များ ပြည့်နေသည်။ သူ့နဖူးထက်မှ ချွေးသီးချွေးပေါက်များ လိမ့်ဆင်းလာ၏။

လည်မျိုမှ ဟာကွက်ကို ဖယ်ရှားရန်အတွက် တထာဂတ၏ မဟာယာနသုတ္တန်ကို သူ့ဖာသာ ပြုပြင်မွမ်းမံခဲ့သည်။ လည်မျိုမှ ဟာကွက်ကို ဖယ်ရှားနိုင်၍ သူ့ကျင့်စဉ်၌ ဟာကွက်မရှိတော့ဟု ထင်ခဲ့မိသော်လည်း ထိုပြုပြင်ပြောင်းလဲမှုကြောင့် တစ်ကိုယ်လုံး၌ ဟာကွက်များ ပို၍ ထွက်ပေါ်လာ၏။

‘ဒီမိစ္ဆာနတ်ဆိုးရဲ့ ကျင့်စဉ်စွမ်းအင်က တကယ့်ကို နိမ့်ကျတာပဲ…’ အားလုံးသော ရဟန်းများမှာ စိတ်အေးသွားကြသည်။ ‘မင်ရှင်းရဲ့ ရွှေခေါင်းလောင်းအကာအကွယ်ကို မဖျက်ဆီးနိုင်တာကြည့်ရင် သူ့တိုက်ကွက်တွေက ဘာအားမှ ပါမှာမဟုတ်ဘူး…’

ချင်မူ ရပ်တန့်လိုက်၏။ မင်ရှင်းကိုယ်တော်မှာ အသိဝင်လာပြီး ကမန်းကတန်း ကျေးဇူးစကား ဆိုလိုက်သည်။ “လမ်းညွှန်ထောက်ပြမှုအတွက် ကျေးဇူးတင်ပါတယ်… တထာဂတရဲ့ မဟာယာနသုတ္တန်ကို မဆင်မခြင် ပြုပြင်ပြောင်းလဲလို့ မရဘူးဆိုတာ ကိုယ်တော် အခုသိသွားပြီ…”

ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ပြုပြင်ပြောင်းလဲလို့ မရတာ မဟုတ်ဘူး… ကိုယ်တော့်ရဲ့ ပါရမီနဲ့ အရည်အချင်းကို အဆုံးစွန်ထိ ထုတ်သုံးနိုင်အောင် ကူညီပေးနိုင်မဲ့ ပြိုင်ဘက်မရှိတာပါ… အသိပညာဗဟုသုတ နက်ရှိုင်းပြီး အတွေ့အကြုံ ရင့်ကျက်တဲ့သူတစ်ယောက်သာ ရှိရင် ကိုယ်တော်ရဲ့ကျင့်စဉ်ကို ဟာကွက်မရှိ ပြီးပြည့်စုံတဲ့အထိ အဆက်မပြတ် ပြုပြင်ပြောင်းလဲလို့ရအောင် တွန်းအားပေးနိုင်ပါလိမ့်မယ်…”

မင်ရှင်းကိုယ်တော်က သူ့ကို ကြည့်လာသဖြင့် ချင်မူ ခေါင်းခါယမ်းလိုက်သည်။ “တပည့်တော်နဲ့ မဖြစ်ဘူး၊ တပည့်တော်မှာ အဲဒီအရည်အချင်း မရှိပါဘူး… တထာဂတဆီသာ သွားပြီး တိုက်ရိုက်သင်ယူပါ… တပည့်တော် လေ့ကျင့်ဖက် လုပ်ပေးရင် ကိုယ်တော့်ရဲ့ တိုးတက်မှု နှောင့်နှေးသွားပါလိမ့်မယ်…”

မင်ရှင်းကိုယ်တော်က ခေါင်းညိတ်လိုက်၏။ “တထာဂတနဲ့ တွေ့ဆုံခွင့်ရဖို့ဆိုတာ ရေစက်ပါမှဖြစ်တာ… ကိုယ်တော့်မှာ အဲဒီရေစက်ပါပါ့မလား မသိဘူး… သေစမ်း…” သူ့အမူအရာ ပျက်ယွင်းသွားပြီး ခြေဆောင့်လိုက်မိသည်။ “မကောင်းတော့ဘူး… ဒကာလေးသာ ကိုယ်တော့်ကို ရှုံးခဲ့ရင် ဟိုကိုယ်တော်တွေ မျက်နှာပြောင်တိုက်ပြီး ရိုက်သတ်ရဲကြမှာ မဟုတ်ဘူး… အခု ဒကာလေးက ကိုယ်တော့်ကို အနိုင်ယူလိုက်ပြီဆိုတော့ သေချာပေါက် အသေသတ်ဖို့ လုပ်တော့မှာ… ဘယ်လိုလုပ်ကြမလဲ…”

“မင်ရှင်း၊ နောက်ဆုတ်…” သက်လတ်ပိုင်းအရွယ် ရဟန်းတစ်ပါးက မျက်နှာတင်းတင်းဖြင့် ရှေ့တိုးလာပြီး ဆူငေါက်လိုက်၏။ “ညီတော်မင်ရှင်း၊ မင့်စိတ်က သိပ်ပျော့ညံ့လွန်းတယ်… မိစ္ဆာနှိမ်နင်းနေတာမှန်း သိရဲ့နဲ့ အစွမ်းကုန်ထုတ်မတိုက်တာက ဒီမိစ္ဆာနတ်ဆိုးကို အသက်ချမ်းသာပေးပြီး တစ်လောကလုံး ဗြောင်းဆန်အောင် လုပ်ခွင့်ပြုတော့မလို့လား… ဒါ သိပ်ကို ကြီးလေးတဲ့ အပြစ်ပဲ…”

မင်ရှင်းကိုယ်တော်က ပါးစပ်ဟ၍ တစ်စုံတစ်ခု ပြောမည်ပြင်လိုက်သော်လည်း ထိုကိုယ်တော်က သူ့ကို နှင်ထုတ်လိုက်သည်။ “အခုထိ နောက်မဆုတ်သေးဘူးလား… သွား ကိုယ့်အပြစ်ကိုယ် ဆင်ခြင်ချေ…”

မင်ရှင်းကိုယ်တော်မှာ မည်သို့မျှ မတတ်နိုင်ဘဲ နောက်ဆုတ်လိုက်ရပြီး မကျေမနပ်ဖြစ်သွား၏။ ‘ဘယ်လိုလုပ် ငါက အစွမ်းကုန်မထုတ်ရမှာလဲ… ဒီလောက် အားကုန်ထုတ်တိုက်ထားတာ အသိသာကြီးကို…’

သက်လတ်ပိုင်းအရွယ် ရဟန်းက ချင်မူ့ကို ကြည့်၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဒကာလေးက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်၊ ကိုယ်တော်က မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နဂါးဆောင်က ဘာနာမည်မှ မရှိတဲ့ ရဟန်းတစ်ပါး… အဲဒီတော့ ကိုယ်တော့်အနေနဲ့ ဒကာလေးကို အနိုင်ကျင့်ရာ မကျဘူး မဟုတ်လား…”

ချင်မူက ပြုံးလိုက်၏။ “မကျပါဘူး… တပည့်တော်ကသာ ကိုယ်တော့်ကို အနိုင့်ကျင့်တာပါ…”

သက်လတ်ပိုင်းအရွယ် ရဟန်းက ဗုဒ္ဓတရားစာများ ရွတ်ဆို၍ ဒေါသစိတ်ကို ချိုးနှိမ်လိုက်ရသည်။ “ဂိုဏ်းသခင်ချင်၊ ဗုဒ္ဓဝါဒရဲ့ အပြောကျယ်မှုကို ဒကာလေး သိမြင်အောင် ကိုယ်တော်ပြမယ်… ဘေးနားက နဂါးတိုင်လုံးကို ကြည့်လိုက်… ဒီတိုင်လုံးပေါ်က နဂါးရဲ့ကိုယ်ဟန်က ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ နဂါးတစ်ရာပုံတူထဲက တစ်ခုပဲ… ကိုယ်တော်က အဲဒီနဂါးကိုယ်ဟန်ကို အသုံးပြုပြီး မိစ္ဆာဂိုဏ်းသခင်ကို ကောင်းကင်ဘုံဆီ ပို့ဆောင်ပါမယ်…”

ချင်မူက သူ့ဘေးရှိ နဂါးတိုင်လုံးကို မော့ကြည့်၍ ကောင်းကင်နဂါးပုံတူကို လေ့လာလိုက်၏။ ထိုကောင်းကင်နဂါးက ချွန်ထက်သော လက်သည်းများဖြင့် ဆွဲကုပ်၍ မိစ္ဆာနတ်ဆိုး နှိမ်နင်းနေသကဲ့သို့ ရှိသည်။

သက်လတ်ပိုင်းအရွယ်ရဟန်းက ရုတ်တရက် လှုပ်ရှား၍ ခပ်ပြင်းပြင်း နင်းလျှောက်ပြေးဝင်လာရင်း အော်ဟစ်လိုက်၏။ “ဂိုဏ်းသခင်ချင်၊ နောက်ဘဝကျရင် ကောင်းမွန်တဲ့မိသားစုမှာ ပြန်မွေးဖွားပြီး မိစ္ဆာနတ်ဆိုး ထပ်ဖြစ်မလာစေဖို့ မျှော်လင့်ပါတယ်…”

ဘုန်း…။

ထိုရဟန်းက လက်ဟန်မုဒြာတစ်ခုဖြင့် ရိုက်ချလိုက်သဖြင့် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသည်။ သူ အသုံးပြုလိုက်သည့် သိုင်းကွက်က မိုးကြိုးရှစ်ချက်လက်သီးသိုင်းမှ နဂါးကိုးကောင်မုန်တိုင်း ဖြစ်၏။ သူ၏ ချီစွမ်းအင်က နဂါးစိမ်းတစ်ကောင်အသွင်သို့ ပြောင်းလဲသွားပြီး ချင်မူ့နံဘေးရှိ နဂါးတိုင်လုံးပေါ်မှ ကောင်းကင်နဂါး၏ ကိုယ်ဟန်အတိုင်း တိုက်ခိုက်လိုက်သည်။

ထိုနဂါးစိမ်းက ကမ္ဘာမြေသို့ သက်ဆင်းလာသည့် နဂါးဘုရင်တစ်ပါးကဲ့သို့ မိုးကြိုးလျှပ်စီးများ ဝန်းရံ၍ တစ်ဟုန်ထိုး ပြေးဝင်လာ၏။

ချင်မူက နဂါးတိုင်လုံးမှ သူ့အကြည့်များ ရုပ်သိမ်း၍ ချီစွမ်းအင်ကို ဖောက်ခွဲထုတ်ဖော်လိုက်သည်။ သူ၏ သိုင်းကွက်သည်လည်း နဂါးကိုးကောင်မုန်တိုင်းပင် ဖြစ်၏။ နဂါးပုံရိပ်နှစ်ခု ထိပ်တိုက်တွေ့သွားသောအခါ နဂါးတွန်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ လူနှစ်ယောက်၏ ပတ်ပတ်လည်၌ နဂါးစိမ်းအကောင်ကိုးဆယ် ထွက်ပေါ်လာ၏။ ဤနဂါးများက လက်သီးသိုင်းမှ ဖွဲ့တည်လာသော နဂါးအားလှိုင်းများ ဖြစ်သည်။ တစ်ယောက် နဂါးလေးဆယ့်ငါးကောင် ဖြစ်၏။

နဂါးအသွင်ချီစွမ်းအင်များက နဂါးတိုင်လုံးများတစ်လျှောက် ရစ်ပတ်လှည့်လည်၍ တဝုန်းဝုန်း တိုက်ခိုက်နေကြသည်။

“ကောင်းလိုက်တဲ့ ကျင့်စဉ်စွမ်းအင်ပဲ၊ နောင်တော်ကြီးထန်ရှင်း…” အားလုံးသော ရဟန်းများက အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့၏အသံ ထွက်ပေါ်လာသခိုက်တွင်ပင် သက်လတ်ပိုင်းအရွယ်ရဟန်းမှာ တောင့်မခံနိုင်ဘဲ အင့်ခနဲ ညည်းညူလိုက်မိသည်။ ချင်မူ၏ အားအဟုန်က သူ့အပေါ် လွှမ်းခြုံပိကျလာသည့်အပြင် လက်သီးချက်မှ နဂါးအားလှိုင်းများကလည်း မှန်းဆ၍မရအောင် ပြောင်းလဲနေ၏။ ချင်မူ၏ သိုင်းကွက်မှာ တိုင်လုံးပေါ်မှ နဂါးကိုယ်ဟန်ကိုသာ အသုံးပြုထားခြင်း ဖြစ်သော်လည်း ထိုနဂါးကိုယ်ဟန်၌ အလှည့်အပြောင်းတစ်ရာ ပါဝင်သည့်အတွက် သူ၏ လက်သီးချက်များက အပြောင်းအလဲ မရေမတွက်နိုင်အောင်  ပြုလုပ်နိုင်သည်။

“ဒီကောင်လေးက ငါတို့ ကောင်းကင်နဂါးဆောင်ရဲ့ ပညာအစစ်အမှန်ကို ရထားတာပဲ…”

သက်လတ်ပိုင်းအရွယ်ရဟန်းမှာ သူ့ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နဂါးလေးဆယ့်ငါးကောင် ပြိုကွဲပျက်စီးသွားသဖြင့် သွေးပျက်ချောက်ချားသော အမူအရာ ပေါ်ထွက်လာ၏။ ချင်မူ၏ နဂါးအားလှိုင်းလေးဆယ်ငါးခုက တစ်ခုတည်း ပေါင်းစည်းသွားပြီး သူ့ရင်ဝသို့ ဝှီးခနဲ တိုးဝင်လာသည်။

ချင်မူက ဤနေရာရှိ နဂါးတိုင်လုံးများကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သော်လည်း ကောင်းကင်နဂါးဆောင်၏ ပညာရပ်အစစ်အမှန်ကို ရရှိသွား၏။ မည်သို့မျှ ယုံကြည်နိုင်ဖွယ် မရှိချေ။

သက်လတ်ပိုင်းအရွယ်ရဟန်းမှာ အခြေအနေမကောင်းတော့ကြောင်း သိသဖြင့် ချင်မူ၏ လက်သီးချက်မှ နဂါးအားလှိုင်းများ၏ အသွင်ပြောင်းလဲမှုကို လိုက်မီစေခြင်းအလို့ငှာ နဂါးတစ်ရာပုံတူမှ အခြားနဂါးကိုယ်ဟန်များကို ထုတ်သုံးလိုက်သည်။

သူ၏ ကျင့်စဉ်စွမ်းအင်က မင်ရှင်းကိုယ်တော်ထက် မြင့်မားသကဲ့သို့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကိုလည်း ဖွင့်လှစ်ပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ကောင်းကင်နတ်သိုင်းများကို ထုတ်ဖော်အသုံးပြုနိုင်သည်။

ကောင်းကင်နဂါးဆောင်က မဟာမိုးခြိမ်းကျောင်းတော်၏ အဆောင်ခွဲများအနက်မှ တစ်ခု ဖြစ်၏။ ဤနေရာတွင် လေ့ကျင့်နေကြသော ကိုယ်တော်အများစုက ဓာတ်ကြီးငါးပါးအဆင့်၊ အရပ်ခြောက်မျက်နှာအဆင့်များ ဖြစ်သည်။ အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းပြာချသွားသော ရှင်းခုန်းကိုယ်တော်ကဲ့သို့ ခုနစ်စဉ်ကြယ်အဆင့် အချို့လည်း ရှိ၏။

ကောင်းကင်နဂါးဆောင်မှ အဆောင်မှူးကိုယ်တော်များက စွမ်းအားကြီးမားသည် မှန်သော်လည်း ရဟန်းအိုကြီးကျင့်မင်မှာ အဘိုးကြီးမာ၊ မျက်ကန်းတို့ကို အဖော်ပြုနေရပြီး အခြားရဟန်းများသည်လည်း ဧည့်ခံစကားပြောနေရ၏။

သက်လတ်ပိုင်းအရွယ်ရဟန်းမှာ ကောင်းကင်နဂါးဆောင်၏ ထူးချွန်ထက်မြက်သည့် ကိုယ်တော်များထဲမှ တစ်ပါးဟု သတ်မှတ်၍ ရသော်လည်း သူ၏ ကျင့်စဉ်စွမ်းအင်က ချင်မူ့ကို မယှဉ်နိုင်ပေ။ နဂါးအားလှိုင်း အသွင်ပြောင်းလဲနိုင်စွမ်းတွင်လည်း များစွာ နိမ့်ကျ၏။

“သေစမ်း၊ ဒီအားလှိုင်းတွေကို မချေဖျက်နိုင်တော့ဘူး…”

ထန်ရှင်းကိုယ်တော်၏ အမူအရာ ပျက်ယွင်းသွားသည်။ သူ့ရင်ဘတ်က ဘုန်းခနဲ ပွင့်ထွက်သွား၏။ နဂါးအားလှိုင်းလေးဆယ့်ငါးခု သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး စူးရဲရန်လိုသည့် နဂါးခေါင်း လေးဆယ့်ငါးခေါင်းက သွားစွယ်များ ဖြဲဟ၍ မာန်သွင်းအော်ဟစ်လိုက်သည်။

သွေးစက်များက အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်ပြီး အခြားရဟန်းများ၏ မျက်နှာ၊ သင်္ကန်းများပေါ်သို့ ကျရောက်သွား၏။

ချင်မူ ခေါင်းခါယမ်းလိုက်သည်။ “ကိုယ်တော်သာ သတ်ဖြတ်လိုတဲ့ ဆန္ဒမရှိဘူးဆိုရင် တပည့်တော် အားကုန်မထုတ်ဘဲ အသက်ချမ်းသာပေးမှာပါ… သတ်ဖို့ပဲ စိတ်အားထက်သန်နေရင်တော့ တပည့်တော်ဘက်ကလည်း ညှာတာမနေနိုင်ဘူး…”

ရဟန်းအားလုံး ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။

ရုတ်တရက် ရဟန်းတစ်ပါးက ချင်မူ့ကို လက်ညှိုးထိုး၍ ဒေါသကြီး အော်ဟစ်လိုက်သည်။ “ဒီကောင်က မိစ္ဆာလမ်းစဉ် သိုင်းကွက်တွေသုံးပြီး နောင်တော်ကြီးထန်ရှင်းကို သတ်ပစ်တာ… သူသုံးတာ မိစ္ဆာပညာတွေ…”

ချင်မူ၏ အကြည့်က ထိုရဟန်းအပေါ်သို့ ကျရောက်သွားပြီး ခပ်အေးအေး ပြောလိုက်၏။ “မိုးကြိုးရှစ်ချက်လက်သီးသိုင်းက မိစ္ဆာသိုင်းလား… ငါက ဓာတ်ကြီးငါးပါးအဆင့်၊ သူက အရပ်ခြောက်မျက်နှာအဆင့်… သိုင်းကွက်တူသုံးပြီး သတ်ပစ်တာ မြင်ရဲ့နဲ့ သူ့အစွမ်းအစက ငါ့ထက်နိမ့်ကျတာ ဝန်မခံချင်လို့ မိစ္ဆာသိုင်းလို့ စွပ်စွဲတယ်ပေါ့… တထာဂတ၊ ကိုယ်တော့်ရဲ့တပည့်တွေက အရှက်ရအောင် လုပ်နေပြီ…”

“အလိမ်အညာတွေနဲ့ အယုံသွင်းနေတယ်… မင်းကို ငါသတ်မယ်…” ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး အဝါရောင်သင်္ကန်းကို ဆင်မြန်းထားသည့် ရဟန်းတစ်ပါးက ချီစွမ်းအင်များ သိပ်သည်းထူထပ်စွာ လွှမ်းခြုံ၍ ပြေးဝင်လာသည်။ ထိုရဟန်းက အရပ်ခြောက်မျက်နှာအဆင့် ဖြစ်ပြီး သူ၏ ကျင့်စဉ်သိုင်းကွက်က အလွန်တရာ အားအဟုန်ပြင်းထန်လှ၏။

ချင်မူက သူ့ကို ကြည့်ပင်မကြည့်ဘဲ လက်တစ်ဖက်မြှောက်၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို စေလွှတ်လိုက်သည်။ ဓားရောင်များက မာန်ဟုန်မြစ်၌ မေးတင်နေသော ဆည်းဆာနေမင်းကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ အဝါရောင်သင်္ကန်းကို ဆင်မြန်းထားသည့် ကိုယ်တော်၏ တစ်ကိုယ်လုံးတွင် တစ်မုဟုတ်ချင်း အပေါက်များ ပြည့်နှက်၍ မြေပေါ်သို့ ပုံလဲသွားသည်။ ချင်မူက ရေခဲကဲ့သို့ အေးစက်သည့် အမူအရာဖြင့် ပြောလိုက်၏။ “ဒါက ယုယွမ်အင်ပါယာရဲ့ ဆည်းဆာဓားသိုင်း…”

ရဟန်းတစ်ပါးက သူ့နောက်မှ ခုန်ဝင်၍ အပိုင်တိုက်ခိုက်လိုက်သော်လည်း ချင်မူ၏ နောက်ကျောဘက်၌ မုခ်တံခါးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမုခ်တံခါးက ကောင်းကင်အလိုတော်မုခ်ဝ ဖြစ်၏။

ခုန်ဝင်လာသော ရဟန်းမှာ မုခ်တံခါးအတွင်းသို့ ကျရောက်သွားပြီး အဝေးတစ်နေရာမှ မီးအိမ်တစ်ခု၏ အလင်းရောင်ကို လှမ်းမြင်လိုက်ရသည်။ ထိုရဟန်း၏ ဝိညာဉ်မှာ ယိုတုသို့ ဆွဲနုတ်ယူငင်ခံရပြီး လှေပေါ်သို့ ပါသွား၏။

ချင်မူက နောက်ကျောဘက်မှ ကောင်းကင်အလိုတော်မုခ်ဝကို ရုပ်သိမ်း၍ အေးစက်စက် ပြောလိုက်သည်။ “ဒါလည်း မိစ္ဆာလမ်းစဉ်ပညာ မဟုတ်ဘူး… ယိုတုရဲ့ ကောင်းကင်အလိုတော်မုခ်ဝပဲ…”

“ဒီမိစ္ဆာကို သတ်ကြ…” အခြားရဟန်းတစ်ပါးက တစ်ဟုန်ထိုး ပြေးဝင်လာ၏။ ချင်မူက ထိုရဟန်းရှိရာသို့ လက်သီးတစ်ချက် လှမ်းထိုးလိုက်သည်။ “စာ မို ယဲ့…”

ထိုရဟန်း၏ ဝိညာဉ်က ခန္ဓာကိုယ်မှ ဆွဲထုတ်ချေဖျက်ခြင်း ခံလိုက်ရ၏။ ချင်မူက ဒေါသတကြီး ပြောလိုက်သည်။ “ဒါကမှ မိစ္ဆာပညာ… မင်းတို့ နားလည်ပြီလား… ငါက ဒီမိစ္ဆာပညာရပ်တွေမှာ ကျွမ်းကျင့်အဆင့် လုံးဝမဟုတ်ဘူး…”

All Chapters