မင်ရှင်းကိုယ်တော်
Vol. 18 Ch. 252
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သတ်ပြီး ငါတို့နောင်တော်တွေအတွက် လက်စားချေကြဟေ့…”
အားလုံး၏ စိတ်ခံစားချက်များ အုံကြွလာပြီး ချင်မူထံ ပျားများကဲ့သို့ အုပ်လိုက် ပြေးဝင်သွားကြသည်။ ချင်မူ မျက်မှောင်တစ်ချက်ကြုတ်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ခါ၍ လက်တစ်ထောင်ဗုဒ္ဓသိုင်းကွက် ထုတ်ဖော်လိုက်၏။ ဗုဒ္ဓရောင်ခြည်တော်များ တောက်ပလင်းလက်လာပြီး ကောင်းကင်နဂါးဆောင်တစ်ခွင်လုံး အလွန်တရာ ကြည်လင်ပြတ်သားသော ဗုဒ္ဓတရားသံများ ဖုံးလွှမ်းသွားသည်။
ချင်မူက လှုပ်နှဲ့၍ မရသော ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်မှုများကို ရင်ဆိုင်တုံ့ပြန်နေ၏။ တဘုန်းဘုန်း ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ကောင်းကင်နဂါးဆောင်မှ ရဟန်းများ လွင့်စင်ထွက်ကာ နဂါးတိုင်လုံးများနှင့် ဝင်ဆောင့်ကုန်သည်။ အချို့နဂါးတိုင်လုံးများမှာ ကျိုးပဲ့၍ သုံးလေးပိုင်း ပြတ်ထွက်သွား၏။
ချင်မူ သိုင်းကွက်ပြန်ရုပ်သိမ်းလိုက်သောအခါ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ လက်ပွားတစ်ထောင်နှင့် ဗုဒ္ဓရောင်ခြည်တော်များ ကွယ်ပျောက်သွားသည်။
ထို့နောက် နေရာအနှံ့ လဲပြိုကျနေသော ရဟန်းများကို ကြည့်၍ အင်္ကျီလက်အိုးကို ယမ်းခါလိုက်၏။ “ဒါက မင်းတို့မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ မိုးကြိုးရှစ်ချက်လက်သီးသိုင်းပဲ… ဒီသိုင်းကွက်ကရော မိစ္ဆာသိုင်းပဲလား… ကျင့်စဉ်သိုင်းကွက်ဆိုတာ မှန်မှန်ကန်ကန် အသုံးချမှ သမာသမတ်ကျမယ်… မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အသုံးချရင် မိုးကြိုးရှစ်ချက်လက်သီးသိုင်းပဲဖြစ်ဖြစ်၊ တထာဂတရဲ့ မဟာယာနသုတ္တန်ပဲဖြစ်ဖြစ် မိစ္ဆာပညာဖြစ်သွားမှာပဲ…”
အဘိုးကြီးမာက ချောင်းတစ်ချက်ဟန့်၍ သူ့ဘေးမှ ပါးစပ်အဟောင်းသား ဖြစ်နေသော ရဟန်းအိုကြီးကျင့်မင်ကို ကြည့်လိုက်သည်။ “နောင်တော်ကြီး၊ ခင်ဗျားရဲ့ ကောင်းကင်နဂါးဆောင်က အတော်လေး ဗြောင်းဆန်သွားပြီထင်တယ်… ကျုပ်တို့ စိတ်နှလုံးကျင့်စဉ်ဆောင်ဘက် သွားလိုက်ဦးမှပဲ…”
ရဟန်းအိုကြီးကျင့်မင်က ချင်မူ့ကို မကျေမနပ် ကြည့်လိုက်၏။ ချင်မူ ရိုက်နှက်သတ်ဖြတ်ခဲ့သော ရဟန်းအတော်များများက သူ့တပည့်များ ဖြစ်သည်။ သို့သော်လည်း အဘိုးကြီးမာနှင့် မျက်ကန်းက သူ့ဘေးတွင် ရှိနေသဖြင့် အဆင်အခြင်မဲ့ မပြုမူရဲချေ။
အထူးသဖြင့် သူ့ဘေးမှ မျက်မမြင် ဖြစ်သည်။ ထိုသူ၏ မျက်လုံးများက ဟောက်ပက်ဖြစ်နေသော်လည်း သူလှုပ်ရှားမည်ကြံတိုင်း ထိုသူ၏ သတ်ဖြတ်လိုသောစိတ်ဆန္ဒက သူ့လည်မျို၌ တရစ်ဝဲဝဲ ဖြစ်လာသည်ကို ခံစားမိ၏။
တစ်စုံတစ်ခု လှုပ်ရှားလိုက်မိလျှင် ထိုသူ၏ ဝါးတောင်ဝှေးက သူ့လည်မျိုသို့ ထွင်းဖောက်သွားပေလိမ့်မည်။
သူလေ့ကျင့်ထားသည့် တထာဂတ၏ မဟာယာနကျင့်စဉ်မှာ လည်မျိုတွင် ဟာကွက်ကျန်နေပြီး မည်သို့ပင် ပြုပြင်ပြောင်းလဲသော်လည်း ထိုဟာကွက်ကို ဖျောက်ဖျက်နိုင်ခြင်း မရှိချေ။
ကောင်းကင်နဂါးဆောင်၏ အခြားရဟန်းအိုများမှာလည်း မလှုပ်ရှားရဲကြ။ အဘိုးကြီးမာနှင့် မျက်ကန်းတို့၏ ဘေးတွင် ရပ်နေရသည်မှာ သူတို့အပေါ် မြင်းမိုရ်တောင်ကြီးနှစ်လုံး ဖိစီးထားသကဲ့သို့ ဖြစ်၏။ သူတို့ တစ်ခုခု လှုပ်ရှားလိုက်သည်နှင့် ပြားချပ်သွားပေလိမ့်မည်။
ကျင့်မင်ကိုယ်တော်၏ နဖူးထက်တွင် ချွေးစေးများ ပြန်လာသည်။ “ညီတော်၊ မင်းရဲ့တပည့်က ကောင်းကင်နဂါးဆောင်က ငါ့ကိုယ်တော်တွေကို သတ်ဖြတ်ပြီး နဂါးတစ်ရာပုံတူ တိုင်လုံးတချို့ကိုတောင် ဖျက်ဆီးပစ်တယ်…”
အဘိုးကြီးမာက ခပ်မဆိတ်သာ နေ၏။
မျက်ကန်းက ဝါးတောင်ဝှေးကို အားပြုရပ်ရင်း ခပ်အေးအေး ပြောလိုက်သည်။ “နောင်တော်ကြီးကျင့်မင်၊ ကောင်းကင်နဂါးဆောင် ပျက်စီးရတာ ကိုယ်တော်ရဲ့ အပြစ်ပဲ… မူအာ့ကိုသာ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်ဖြစ်ကြောင်း အော်ကြီးဟစ်ကျယ် မပြောခဲ့ရင် အခုလို ဖြစ်လာစရာ အကြောင်းမရှိဘူး… တချို့ကိစ္စတွေကို အကျယ်မချဲ့နဲ့၊ အကျယ်ချဲ့မိရင် ဖြစ်လာမဲ့ အကျိုးဆက်က ရှင်းလို့လွယ်မှာ မဟုတ်ဘူး…”
ကျင့်မင်ကိုယ်တော်၏ နဖူးထက်မှ ချွေးစေးတစ်ပေါက် လိမ့်လင်းသွား၏။ ထို့နောက် ချောင်းတစ်ချက်ဟန့်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်က အဝေးကလာတဲ့ ဧည့်သည်၊ မရိုမသေမပြုကြနဲ့၊ နောက်ဆုတ်…”
သူ့အသံကြားသောအခါ နဂါးတိုင်လုံးများကြားရှိ ရဟန်းအားလုံး စိတ်သက်သာရာ ရသွားဟန်ရှိပြီး ကြမ်းပြင်ပေါ်တွင် လဲကျနေသော အဖော်ရဟန်းများကို အပြေးအလွှား သွားရောက်ကူညီလိုက်ကြ၏။
အဘိုးကြီးမာ လှမ်းခေါ်လိုက်သည်။ “မူအာ၊ ပြန်လာခဲ့…”
မျက်ကန်းက ထိုလူငယ်လေးကို သွားဖြဲ၍ ပြုံးပြလိုက်၏။ “မင်းက ရန်ဖြစ်တယ်၊ ဖျက်ဆီးတယ်၊ ဆရာကြီးလုပ်ပြီး သင်ပြတယ်… ငါတို့က ဧည့်သည်တွေ၊ အရိုအသေမဲ့ သိပ်လုပ်လို့ မကောင်းဘူး… အဘိုးကြီးမာက စိတ်နှလုံးကျင့်စဉ်ဆောင်ကို ခေါ်သွားမလို့တဲ့… မင်းလိုက်မှာမဟုတ်လား…”
ချင်မူက သူတို့၏ စကားကို နာခံ၍ မင်ရှင်းကိုယ်တော်ကို နှုတ်ဆက်လိုက်သည်။ “ကိုယ်တော်လေး၊ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဆက်နေလို့ မရတော့ရင် တပည့်တော်ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ လာရှာပါ…”
မင်ရှင်းကိုယ်တော်မှာ နားမလည်နိုင် ဖြစ်သွား၏။ “ကိုယ်တော်က ဘာအတွက် ဒီမှာ ဆက်နေလို့ မရတော့မှာလဲ… ကိုယ်တော့်ဆရာက ကိုယ်တော့်ကို ကောင်းကောင်းဆက်ဆံတယ်၊ ညီတော်နောင်တော်တွေကလည်း ဂရုစိုက်တယ်… မကောင်းတဲ့ဘဝကို ပြောင်းလာစရာ အကြောင်းမရှိဘူး… ဒကာလေးရော၊ မိစ္ဆာဂိုဏ်းသခင် ဆက်မလုပ်ပါနဲ့တော့… မကောင်းမှုတွေ စွန့်လွှတ်ပြီး လူကောင်းလုပ်တာ ပိုမကောင်းဘူးလား… ဗုဒ္ဓဝါဒအရ ဒုက္ခပင်လယ်ဆိုတာ အဆုံးမရှိဘူး၊ နောင်တနဲ့ ဆင်ခြင်မှသာ ကမ်းကပ်နိုင်မယ်…”
ချင်မူ ခေါင်းခါယမ်း၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ကိုယ်တော်က ရဟန်းစစ်ရဟန်းမှန်ပဲ… တစ်ခါတလေကျရင် ရဟန်းစစ်ရဟန်းမှန်တွေကို ကျောင်းတော်ရဲ့ ရဟန်းတုရဟန်းယောင်တွေက လက်သင့်မခံနိုင်ကြဘူး… ကျောင်းတော်က ကိုယ်တော့်ကို လက်သင့်မခံနိုင်တော့တဲ့အခါ ကိုယ်တော့်ရဲ့ ပကတိတရား တထတ္တ၊ ကိုယ်တော်ရဲ့ ဉာဏ်အလင်းကို ကိုယ်တော်ကိုယ်တိုင် ရှာဖွေရလိမ့်မယ်…”
“ဗုဒ္ဓကျမ်းစာတွေကို လျှော့ဖတ်၊ အများစုက တထာဂတအဖြစ်ကို မရဖူးတဲ့သူတွေ ရေးထားတာ… ကိုယ်တိုင်ဗုဒ္ဓမဖြစ်နိုင်ဘဲနဲ့ သူများကို ဘယ်လို လမ်းညွှန်မှာလဲ… ကိုယ်တော့်ရင်ထဲက ဗုဒ္ဓနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကို ဖျက်ဆီးပစ်လိုက်၊ အဲဒါဆို ကိုယ်တော်ကိုယ်တိုင် ကိုယ်တော့်ရဲ့ဗုဒ္ဓ ဖြစ်လာမယ်၊ ကမ္ဘာလောကကြီးက ကိုယ်တော့်ရဲ့ မဟာမိုးခြိမ်းသံကျောင်းတော်၊ သက်ရှိသတ္တဝါတွေအားလုံးက ကိုယ်တော့်ရဲ့ တာအိုမိတ်ဆွေ၊ နောင်တော်ကြီးတွေပဲ…” သူက လက်ညှိုးဆန့်ထုတ်၍ မင်ရှင်းကိုယ်တော်၏ နှလုံးသားနေရာသို့ ထောက်၍ ပြုံးပြလိုက်၏။ “ဒီမှာ… တကယ့်ဗုဒ္ဓအစစ် ရှိတယ်…”
ထို့နောက် မင်ရှင်းကိုယ်တော်၏ မျက်ခုံးနှစ်ခုကြားသို့ ထောက်၍ ပြောလိုက်သည်။ “ဒီမှာတော့ ဗုဒ္ဓအတုအယောင်ပဲ… ကိုယ်တော့်ရဲ့ ယုံကြည်သက်ဝင်မှုက ကိုယ်တော့်ရဲ့ မိစ္ဆာနတ်ဆိုး၊ ကိုယ်တော့်ရဲ့ အနှောင်အဖွဲ့၊ ကိုယ်တော့်ရဲ့ သိမှုအတားအဆီး ဖြစ်မသွားစေနဲ့… ကိုယ်တော်လုပ်ရမှာက ကမ္ဘာလောကကြီးကို ခေါင်းမော့ရင်ဆိုင်ပြီး အမှန်အမှားကောင်းကောင်း ခွဲခြားနိုင်ဖို့ပဲ…”
“နှလုံးသားမှာ ချိန်ခွင်ထားပြီး အကောင်းနဲ့အဆိုး၊ အမှန်နဲ့အမှား၊ ဖြောင့်မတ်တာနဲ့ကောက်ကျစ်တာ၊ ဗုဒ္ဓနဲ့မိစ္ဆာ ယှဉ်ထိုးခွဲခြား… အပြင်လောကကို များများထွက်ကြည့်၊ ဗုဒ္ဓကျမ်းစာတွေမှာ ပြောတာ ကို မကြည့်နဲ့… ကျောင်းထဲမှာ ထိုင်ပြီး ကောင်းမှု၊ မကောင်းမှုအကြောင်း တွေးနေရုံနဲ့ ဘယ်လိုမှ ဗုဒ္ဓဖြစ်မလာနိုင်ဘူး…”
မင်ရှင်းကိုယ်တော်မှာ အံ့ဩမှင်တက်၍ အတွေးနက်သွားသည့်ပုံ ပေါ်၏။
ချင်မူ နောက်လှည့်ထွက်၍ အဘိုးကြီးမာတို့ထံ လှမ်းလာရင်း ကျင့်မင်ကိုယ်တော်ကို နှုတ်ဆက်လိုက်သည်။ “ကိုယ်တော်ကြီးတို့ရဲ့ ငြိမ်းအေးမှုကို အနှောင့်အယှက်ပြုမိတဲ့အတွက် စိတ်မကောင်းပါဘူး…”
ကျင့်မင်ကိုယ်တော်က သူ့ကို ပြန်နှုတ်ဆက်လိုက်၏။ “မိစ္ဆာဂိုဏ်းသခင်က နှိမ့်ချလွန်းနေပါပြီ… ကိုယ်တော့်တပည့်တွေရဲ့ လေ့ကျင့်မှုက မလုံလောက်သေးဘူး… ဂိုဏ်းသခင်ရဲ့ မိစ္ဆာစိတ်က ကြီးမားပြီး လူတွေရဲ့ နှလုံးသားကို လှည့်ဖျားသိမ်းသွင်းတဲ့နေရာမှာ ကျွမ်းကျင်သလို အတိုက်အခိုက်မှာလဲ ရက်စက်ကြမ်းကြုတ်တယ်… တကယ့်ကို မွေးရာပါ မိစ္ဆာနတ်ဆိုးတစ်ကောင်ပဲ…”
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “တပည့်တော်ရဲ့ စိတ်တည်ငြိမ်ရင့်ကျက်မှုက နည်းပါးသေးလို့ ကိုယ့်ကို သတ်ဖို့လာတဲ့လူတွေကို ပြန်သတ်ဖို့ပဲ တုံ့ပြန်တတ်ပါတယ်… ကိုယ်တော်ကြီးတို့ရဲ့ စိတ်အခြေအနေက ရင့်ကျက်နက်ရှိုင်းလှတာဆိုတော့… ကိုယ်တော်တို့ကို သတ်ဖြတ်ချင်တဲ့လူ ပေါ်လာရင် ပြန်ပြီးတော့ လက်တုံ့ပြန်ကြသလား…” စကားအဆုံးတွင် သူ့မျက်ဝန်းများက စူးရဲရန်လိုသော အကြည့်များအဖြစ် ပြောင်းလဲသွားပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဆွဲထုတ်လိုက်၏။
ရဟန်းအိုကြီးကျင့်မင်နှင့် ကျန်သူများ၏ အကြည့်က ပြောင်လက်နေသော ဓားသွားအပေါ် ကျရောက်သွားပြီး ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်ကြသည်။
ချင်မူက သူ၏ ရတနာဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီး သက်ပြင်းတစ်ချက်ချ၍ ပြုံးလိုက်၏။ “ကိုယ်တော်တို့လို ဉာဏ်အလင်းပွင့်ပြီးတဲ့ ရဟန်းတွေက သေခြင်းတရားကို မကြောက်ရွံ့တတ်တော့ဘူး၊ သူများအထင်ကြီးမှာ အထင်သေးမှာကို ဂရုမစိုက်တတ်တော့ဘူးလို့ ထင်နေတာ… နောက်ဆုံးတော့ တပည့်တော်လို မိစ္ဆာစိတ်ရှိတဲ့ သာမန်လူသားပါပဲလား… နှုတ်ဆက်ခဲ့ပါတယ်… ဘိုးဘိုးမာ၊ ဘိုးဘိုးမျက်ကန်း… စိတ်နှလုံးကျင့်စဉ်ဆောင်က ဘယ်လိုနေရာမျိုးလဲ…”
အဘိုးကြီးမာက သူတို့ကို ဦးဆောင်ခေါ်ယူသွားရင်း ပြောလိုက်သည်။ “စိတ်နှလုံးကျင့်စဉ်ဆောင်က မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဘုန်းကြီးတွေ စိတ်နှလုံးကို လေ့ကျင့်တဲ့နေရာပဲ… အဲဒီနေရာမှာ လေ့ကျင့်ရတာက ဒီမှာနဲ့ ကွာတယ်… အဲမှာဆို ဝစီပိတ်လေ့ကျင့်ကြတဲ့ ကိုယ်တော်တွေ အများကြီးပဲ…”
မျက်ကန်းက သက်ပြင်းတစ်ချက် ချ၍ ပြုံးလိုက်၏။ “နှုတ်ရေးစွမ်းရည် လေ့ကျင့်တာမဟုတ်လို့ တော်သေးတာပေါ့… မဟုတ်ရင် ငါတို့က လက်တွေ့ဘဝမှာရှိတဲ့ ဘုန်းကြီးတွေရဲ့ အကျင့်စရိုက်တွေကိုပြော၊ သူတို့က ကျမ်းစာတွေရွတ်နဲ့ လေကုန်ရတယ်… ပြီးတော့ သူတို့ကို ဂိုဏ်းတွင်းသန့်ရှင်းရေး လုပ်ဖို့ပြောလည်း ဗုဒ္ဓအဆုံးအမတွေပြော၊ ကျိုးကြောင်းဆင်ခြင်မှုအကြောင်း ပြောလည်း ဗုဒ္ဓအဆုံးအမတွေပြောနဲ့… ဗုဒ္ဓအဆုံးအမအကြောင်း သွားပြောရင်တော့ ရိုက်ပုတ်သတ်ဖြတ်ဖို့ လုပ်တော့တာပဲ… ဒီဗုဒ္ဓကိုးကွယ်သူတွေက သူတို့ဟောတဲ့ပြောတဲ့အတိုင်း သူတို့ မနေထိုင်နိုင်ကြဘူး…”
အဘိုးကြီးမာက ချီတုံချတုံဖြစ်သွားပြီး ရပ်တန့်လိုက်သည်။ “အဲဒါဆို စိတ်နှလုံးကျင့်စဉ်ဆောင်ကို မသွားတာကောင်းမယ်…”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “စိတ်နှလုံးကျင့်စဉ်ဆောင်က ကိုယ်တော်တွေလည်း ဒီလိုပဲလား…”
အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်သည်။ “စိတ်နှလုံးကျင့်စဉ်ဆောင်မှာ ဝစီပိတ်ကျင့်စဉ် မကျင့်တဲ့ ကိုယ်တော်တွေ ရှိသေးတယ်… မင်းပါလာတာ ကံကောင်းတယ်၊ မဟုတ်ရင် ငါတစ်ယောက်တည်းဆို ငါ့ကို ဝိုင်းနှောင့်ယှက်ကြမှာ… မင်းက မိစ္ဆာဂိုဏ်းသခင်ဆိုတော့ မင်းကို ပိုနှောင့်ယှက်ကြတာပေါ့… စကားနဲ့ ပြောလို့မနိုင်ရင် ကောင်းကင်နဂါးဆောင်မှာ ဖြစ်သလို ထပ်ဖြစ်လာမှာပဲ…”
မျက်ကန်းက ခေါင်းခါယမ်းလိုက်၏။ “အဲဒါဆို မသွားနဲ့တော့… မဟာမိုးခြိမ်းသံကျောင်းတော်က ဘုန်းကြီးတုဘုန်းကြီးယောင်တွေချည်းပဲ၊ အပြောနဲ့အလုပ်ညီတဲ့ ဘုန်းကြီးက နည်းတယ်… သူတို့ အမှားလုပ်တာကို ထောက်ပြရင် လာငြင်းခုန်ကြမယ်… လောကကြီးမှာ အခက်ဆုံးက လူတစ်ယောက်ကို နားဝင်အောင် ပြောရတာပဲ… ဒီဘုန်းကြီးတွေက သူတို့ရဲ့ သိမှုအတားအဆီးတွေကို မကျော်လွှားနိုင်တဲ့အပြင် ရှင်းရှင်းလေးတွေကို ရှုပ်အောင် လုပ်ပြီး လှည့်ပတ်နေကြတာ… သူတို့ပြောတဲ့နောက် လိုက်မိရင် ရှုံးဖို့ပဲ ရှိတယ်…”
အဘိုးကြီးမာက ပြောလိုက်သည်။ “အသိပညာ သဘောတရားတွေ ဘယ်လောက်ပဲကောင်းကောင်း အရာအားလုံးက လက်တွေ့လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်… ဒီလောကကြီးမှာ ရဟန်းစစ်ရဟန်းမှန်တွေ အများကြီး မရှိဘူး… အများစုက အတုအယောင်တွေပဲ၊ ပါးစပ်ဟတာနဲ့ ကျမ်းစာတွေကို တန်ဆာဆင်ပြီး ပြောကြမယ်၊ ပြောသာပြောပေမဲ့ လက်တွေ့မှာ မကျင့်သုံးကြဘူး… ရဟန်းတစ်ရာမှာ တစ်ပါးလောက် အစစ်အမှန်ဖြစ်ရင်ကို ကံကောင်းလှပြီ… တထာဂတက အသက်ရနေပြီ၊ လက်အောက်ငယ်သားတွေကို မသင်ပြနိုင်တော့ဘူး… ခုနောက်ပိုင်းမှာ သူ့ကြည့်ရတာ စိတ်ရှိရင်တောင် လိုက်လုပ်ဖို့ အားမရှိတော့သလိုပဲ…”
အဘိုးကြီးမာက ပုံမှန်ဆိုလျှင် စကားများများပြောရသည်ကို မနှစ်သက်သူ ဖြစ်၏။ သို့သော်လည်း သူ၏ အသိုက်အမြုံဟောင်းသို့ အလည်အပတ် ပြန်ရောက်လာသဖြင့် အလိုလို စကားများများ ပြောဖြစ်သွားသည်။
ကျင့်မင်ကိုယ်တော်က ဝေး၍ ဝေး၍ သွားသော ချင်မူတို့ကို ကြည့်၍ စိတ်မသက်မသာ ပြောလိုက်၏။
“မိစ္ဆာ… ဒီကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က တကယ့်ကို မိစ္ဆာပဲ…”
ရဟန်းအိုတစ်ပါးက သက်ပြင်းချလိုက်သည်။ “တထာဂတက သူ့ကို ကျောင်းတော်မှာ နေစေချင်တာ… အဲလိုနေခိုင်းတာက ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်အတွက် ကံကောင်းခြင်း မဟုတ်မှာကို စိုးရိမ်မိတယ်…”
အခြားကျောင်းအုပ်ရဟန်းတစ်ပါးက ပြောလိုက်၏။ “တထာဂတက ဘာလို့ နေစေချင်မှန်း စဉ်းစားမရဘူး… ဒီကောင်လေးက မိစ္ဆာဂိုဏ်းသခင်လေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဘယ်ဂိုဏ်းသခင်ကများ လွယ်လွယ်ကူကူ နားချလို့ ရဖူးလဲ…”
ရဟန်းအိုကြီးကျင့်မင်က ပြောလိုက်သည်။ “မင်းတို့ ရမ်းပြီး ပြောဆိုမနေကြနဲ့… တထာဂတရဲ့ ရည်ရွယ်ချက်က ဗုဒ္ဓအဆုံးအမတွေနဲ့ သူ့ရဲ့စိတ်ကို ထုံမွှမ်းပြီး ဗုဒ္ဓဝါဒရဲ့ အပြောကျယ်မှုကို သိမြင်စေဖို့၊ ဒုစရိုက်ကို စွန့်လွှတ်ပြီး လူကောင်းအဖြစ် ပြောင်းလဲစေဖို့၊ ဗုဒ္ဓဂိုဏ်းဝင်အဖြစ် ခံယူစေဖို့ပဲ… တထာဂတက သူ့ကို တပည့်အဖြစ် လက်ခံဖို့ စဉ်းစားခဲ့ဖူးတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က လက်ဦးသွားလို့သာ…”
ရဟန်းအိုကြီးများမှာ အံ့အားသင့်သွားကြ၏။ ကျင့်မင်ကိုယ်တော်နှင့် တထာဂတက ရင်းနှီးသော ဆရာတပည့်ဆက်ဆံရေး ရှိကြောင်း သူတို့ သိသည်။ သို့ဖြစ်၍ ကျင့်မင်ကိုယ်တော်က အတော်များများ သိထားနိုင်၏။ “အဲလိုအဖြစ်မျိုး ရှိခဲ့တာလား…”
“ခက္ခရာတောင်ဝှေးက တထာဂတရဲ့ အမှတ်အသားတစ်ခုပဲ… အဲဒါကို ဒီကောင်လေးက မျောက်ဝံတစ်ကောင်ဆီ ပေးပစ်လိုက်လို့ ကံကြမ္မာရေစက် ကျိုးပျက်သွားပြီဆိုပြီး တထာဂတက သူ့ကို သွားမရှာတော့တာ… တကယ်တမ်းတော့ သူ့ကို မဟာမိုးခြိမ်းသံကျောင်းတော်မှာ နေခိုင်းရတဲ့ နောက်ထပ်ရည်ရွယ်ချက်တစ်ခု ရှိသေးတယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီဂိုဏ်းသခင်ချင်ကြောင့် တိုးတက်ကြီးထွားစပြုနေပြီ… ဒီကောင်လေးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့လည်း ရင်းနှီးတယ်… ဆီးနှင်းကပ်ဘေးမှာလည်း မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းလုံး ဧကရာဇ်ကို ကူညီပြီး ကယ်ဆယ်ရေး လုပ်ဖို့ အမြော်အမြင်ကြီးကြီး ညွှန်ကြားခဲ့တာ… အခုဆိုရင် ကောင်းကင်နတ်ဆိုးဂိုဏ်းအတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံ နှစ်ယောက်စလုံး ခါးပိုက်ထဲ ထည့်ထားနိုင်ပြီဆိုတော့ ရှေ့ဆက် ပိုကြီးထွားလာဖို့ပဲ ရှိတော့တယ်…”
ရဟန်းအိုများ၏ အမူအရာ ပျက်ယွင်းသွားကြ၏။ “ငါတို့ ဘယ်လိုလုပ်ကြမှာလဲ…”
ရဟန်းအိုကြီးကျင့်မင်က ပြောလိုက်သည်။ “ဒီဂိုဏ်းသခင်ချင်သာ မဟာမိုးခြိမ်းသံကျောင်းတော်မှာ ပိတ်မိနေရင် ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အရှိန်အဟုန် တန့်သွားမှာပဲ… မိစ္ဆာအားနည်းပြီး ဗုဒ္ဓအားကောင်းလာတဲ့အခါ ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်အတွက် ကံကောင်းခြင်းတွေ ဖြစ်လာလိမ့်မယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းအနေနဲ့ နောက်ထပ်မိစ္ဆာဂိုဏ်းသခင်တစ်ယောက် ထပ်ရှာရင်တောင် သူ့လို ထူးချွန်တဲ့သူမျိုး ရှာတွေ့ဖို့ မလွယ်ဘူး… တတိယရည်ရွယ်ချက်ကတော့…”
ကျင့်မင်ကိုယ်တော်၏ မျက်လုံးထဲတွင် ဗုဒ္ဓအလင်းတန်းများ လက်ခနဲ ဖြတ်ပြေးသွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “နောက်လာမဲ့ တထာဂတအတွက်ပဲ… တထာဂတက ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်လိုမျိုး ကလေးတစ်ယောက်ကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ဖို့ သတ္တိမရှိပေမဲ့ မာဝမ်ရှန်းကို မျက်စိကျနေတုန်းပဲ… နှမြောစရာကောင်းတယ်…”
အခြားရဟန်းများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ တစ်ပြိုင်နက် ရေရွတ်လိုက်မိကြသည်။ “နှမြောစရာပဲ…”
မင်ရှင်းကိုယ်တော်က ငိုင်ငိုင်တွေတွေနှင့် ရောက်လာပြီး ရဟန်းအိုကြီးကျင့်မင်ကို ပြောလိုက်၏။ “ဆရာ…”
ရဟန်းအိုကြီးကျင့်မင်မှာ စိတ်နှင့်ကိုယ် မကပ်သည့် မင်ရှင်းကိုယ်တော်၏ အခြေအနေကို မြင်သောအခါ ဆုံးမစကားဆိုလိုက်သည်။ “ကိုယ်တော်လေး၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ အလိမ်အညာတွေကို နားယောင်နေတာလား… မိစ္ဆာနတ်ဆိုးဆိုတာ လူတွေရဲ့ စိတ်နှလုံးကို လှည့်ဖျားတဲ့နေရာမှာ ကျွမ်းကျင်တယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုတော့ အဲထက် ပိုဆိုးတာပေါ့…”
“ဒါပေမဲ့ သူပြောတာတွေက သဘာဝကျတယ်လို့ တပည့် ခံစားရတယ်…”
ရဟန်းအိုကြီးကျင့်မင်က တဟားဟား ရယ်မောလိုက်၏။ “ကိုယ်တော်လေး၊ ကျောင်းဆောင်ထဲမှာ မိစ္ဆာနတ်ဆိုးအကြောင်း အလင်းပြထားတဲ့ ဗုဒ္ဓကျမ်းစာတွေ အများကြီး ရှိတယ်၊ သွားဖတ်ချေ… ငါတောင် သင်ပြပေးစရာ မလိုဘဲ မင့်အတွေးအခေါ်တွေ တည့်မတ်သွားလိမ့်မယ်…”
မင်ရှင်းကိုယ်တော်မှာ စိတ်ရှင်းသေးပုံ မရချေ။
ရဟန်းအိုကြီးကျင့်မင် မျက်မှောင်ကြုတ်သွား၏။ ဤကိုယ်တော်လေးအပေါ် ချင်မူ့စကားလုံးများ၏ ရိုက်ခတ်မှုက ပြင်းထန်လှသည်။ အကောင်းဆုံးမှာ စဉ်းစားတွေးတောစရာ မလိုသည့် အလုပ်များ ပေးထားရန် ဖြစ်၏။ “သွား သွား… မင်းရဲ့နောင်တော်ကြီးတွေဆီ သွားပြီး နဂါးတိုင်လုံးတွေ ထူမတ်ပေးလိုက်ဦး… ပျက်စီးကုန်ပေမဲ့ ပြင်လို့ရသေးတယ်…”
မင်ရှင်းကိုယ်တော်မှာ ခေါင်းညိတ်၍ ထွက်ခွာသွားပြီး ကောင်းကင်နဂါးဆောင်မှ နောင်တော်ရဟန်းများကို ကူညီ၍ ဒဏ်ရာများ ကုသပေးရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုရဟန်းများက သူ့ကို မကြည်သည့် အကြည့်များဖြင့် ကြည့်၍ လက်ခါမောင်းထုတ်ကြ၏။
မင်ရှင်းကိုယ်တော်မှာ ကြက်သေသေသွားပြီး ပြိုလဲနေသော နဂါးတိုင်လုံးတစ်လုံးကို ထူမတ်ရန် သွားလိုက်သည်။ သို့သော်လည်း အခြားရဟန်းများက သူ့ကို တွန်းထုတ်လိုက်ကြ၏။
ရှေ့သို့ အတင်းတိုးသွားသောအခါ ကြမ်းပြင်ပေါ်သို့ ပြိုလဲအောင် တွန်းထိုးမောင်းထုတ်ခြင်း ခံလိုက်ရသည်။ သူ အားလုံးကို ကြောင်ကြောင်ငေးငေး ကြည့်ရင်း တိတ်တဆိတ် ထရပ်၍ ကျမ်းစာဆောင်ဘက်သို့ ထွက်သွားလိုက်၏။ သို့သော်လည်း မည်သည့် ကျမ်းစာကိုမျှ စိတ်နှစ်၍ ဖတ်ရှုမရ။
ရဟန်းအိုကြီးကျင့်မင် ကောင်းကင်နဂါးဆောင်ကို ပြန်လည်ပြင်ဆင်ရန် စီမံခန့်ခွဲနေသခိုက် အထုပ်အပိုး ခပ်သေးသေးကို သယ်ဆောင်၍ တောင်အောက်သို့ ဆင်းသွားသော မင်ရှင်းကိုယ်တော်ကို လှမ်းမြင်လိုက်ရသည်။ “မင်ရှင်း၊ ဗုဒ္ဓကျမ်းစာတွေရော ယူသွားရဲ့လား…”
မင်ရှင်းကိုယ်တော်က ခြေလှမ်းများရပ်၍ ပြောလိုက်၏။ “ဆရာ၊ တပည့် ပညာပါရမီသုတ္တန်ကို ယူသွားပါတယ်…”
ကျင့်မင်ကိုယ်တော်က ခေါင်းညိတ်လိုက်သည်။ “တောင်အောက်ကို သွားပြီးရင် မြန်မြန် ပြန်လာခဲ့… ဒုက္ခပင်လယ်က အဆုံးမရှိဘူး၊ နောင်တနဲ့ ဆင်ခြင်မှ မြင်းမိုရ်တောင်နဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ကို မြင်မယ်…”
မင်ရှင်းကိုယ်တော်က ဒူးထောက်ထိုင်ချ၍ ဦးတိုက်အရိုအသေပြုပြီး နောက်လှည့်ထွက်ခွာသွားတော့၏။
သူ၏ နောက်ဘက်တွင်တော့ မဟာမိုးခြိမ်းသံကျောင်းတော်မှ ခေါင်းလောင်းသံ တဒေါင်ဒေါင် လွင့်ပျံ့နေပြီး နေလုံးကြီးက ခေါင်းတည့်တည့်တွင် အထက်ကောင်းကင်တွင် နေရာယူထားသည်။ နေရောင်ကြောင့် တောင်အောက်သို့ ဆင်းသွားသည့် ကိုယ်တော်လေး၏ အရိပ်က ရှည်လျားဆန့်ထွက်နေ၏။