ဖိုရှင်း
Vol. 19 Ch. 253
မင်ရှင်းကိုယ်တော် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်သောအခါ ကောင်းကင်ယံမှ တိမ်တိုက်များကို တွေ့ရ၏။ ဆီးနှင်းကပ်ဘေး၏ နောက်ဆက်တွဲဒုက္ခက ယခုထိ ရှိနေဆဲ ဖြစ်သဖြင့် စစ်သည်များက နေရာအနှံ့တွင် ကယ်ဆယ်မှုရေး ဆက်လက် ပြုလုပ်နေရသည်။ ဒုက္ခသည်များက အသက်ဘေးအတွက် ထွက်ပြေးနေရပြီး သူခိုးဓားပြများလည်း သောင်းကျန်းနေ၏။ အငတ်ဘေးဆိုက်နေသူများက အစာရေစာရရှိနိုင်မည့်နေရာ လိုက်ရှာကြသော်လည်း မတွေ့ရှိကြ။
“ဒီမှာ ဖြူဖြူနုနုဘုန်းကြီးတစ်ပါးဟေ့…” ငတ်ပြတ်နေသူများက မင်ရှင်းကိုယ်တော်ကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားကြ၏။ “ရေမဆေးဘဲ စားလို့ရတယ်ဟ…”
သူ ကမန်းကတန်း လှည့်ပြေးရသည်။ အစာအာဟာရ မရသည်မှာ ကြာပြီဖြစ်သော အငတ်ဘေးဆိုက်နေသူများမှာ မင်ရှင်းကိုယ်တော်ကို လိုက်မမီသဖြင့် လက်လျှော့လိုက်ရ၏။ တစ်ယောက်က ပြောလိုက်သည်။ “အသံမထွက်ဖို့ မင်းကို ငါပြောသားပဲ… အဲကိုယ်တော် နီးလာမှ ခုန်အုပ်ပြီး ဝိုင်းကိုက်ကြရင် ထွက်ပြေးနိုင်မှာ မဟုတ်ဘူး…”
မင်ရှင်းကိုယ်တော်၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွား၏။ အစာမစားရသည်မှာ နှစ်ရက်သုံးရက်ခန့် ရှိပြီဖြစ်သော်လည်း လစ်ဟာနေသောဝမ်းကို ဖြည့်ရန် မည်သည်ကိုမျှ မတွေ့ရသည့်အပြင် အခြားအငတ်ဘေးဆိုက်နေသူများ၏ ဝိုင်းလိုက်ခြင်းကို အကြိမ်ပေါင်း တစ်ဒါဇင်မက ခံခဲ့ရ၏။
မဟာမိုးခြိမ်းသံကျောင်းတော်က အေးငြိမ်းသာယာသော်လည်း အပြင်လောကက ရက်စက်ကြမ်းတမ်း၍ ငတ်ပြတ်သူများ နေရာအနှံ့ ရှိနေသည်။ ဤသို့သော အရာများကို ဗုဒ္ဓကျမ်းစာများတွင် ထည့်ရေးထားခြင်း မရှိ။ အူမတောင့်မှသာ သီလစောင့်နိုင်ပေလိမ့်မည်။
သူယူဆောင်လာသည့် ပညာပါရမီသုတ္တန်မှာလည်း ဤနေရာတွင် အသုံးမဝင်၊ အစာရေစာ မရှိသည့် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိချေ။
ယခုရောက်နေသော နေရာက မြို့ပြနှင့် အလှမ်းဝေးသဖြင့် နန်းတွင်းမှ အကူအညီများ ရရှိရန် ခဲယဉ်းလှသည်။ ကပ်ဘေးဒုက္ခသည်များ၊ ငတ်ပြတ်နေသူများသာမက သေဆုံးသူတို့၏ ရုပ်အလောင်းများလည်း လမ်းဘေးတွင် ပြန့်ကြဲနေ၏။
ဝံပုလွေရိုင်းများနှင့် အိမ်မွေးခွေးများမှာ လူသေအလောင်းများ စားသောက်ပြီး မှော်မိစ္ဆာ ဖြစ်လာကြသည်။ တဖြည်းဖြည်းနှင့် သက်ရှိထင်ရှားရှိနေသူများကိုပင် အုပ်စုဖွဲ့ လိုက်လံကိုက်ခဲသတ်ဖြတ်ကြတော့၏။
အိမ်မွေးခွေးများက ပုံမှန်အားဖြင့် ယဉ်ပါးကြသော်လည်း ကပ်ဘေးအချိန်အခါတွင် လူသားစားရသဖြင့် ရိုင်းစိုင်းလာသည်။ မျိုးပွားနှုန်းကလည်း မြန်သဖြင့် ဝံပုလွေများထက် ပိုဆိုး၏။
“ငရဲပဲ…” မင်ရှင်းကိုယ်တော်မှာ နေရာအနှံ့ ပြန့်ကြဲနေသော အလောင်းကောင်နှင့် မှော်မိစ္ဆာများကို ကြည့်၍ မျက်ရည်တွေတွေ စီးကျလာသည်။
“ဘုန်းကြီးလေး၊ ကိုယ်တော့်မှာ ကလေးရှိလား…” မျက်နှာဖြူဖျော့ဖျော့နှင့် ပိန်ပိန်ပါးပါး ဒုက္ခသည်အမျိုးသမီးတစ်ယောက်က ကလေးကို ရင်ခွင်ထဲတွင် ပိုက်ထားရင် သူ့သင်္ကန်းကို လာဆွဲ၏။ “ကိုယ်တော့်ကလေးကို ကျွန်မပေး၊ ကျွန်မကလေးကို ကိုယ်တော့်ပေးမယ်… ကိုယ်တော်က ကျွန်မကလေးကိုစား၊ ကျွန်မက ကိုယ်တော့်ကလေးကို စားကြမလား…”
မင်ရှင်းကိုယ်တော် အာခေါင်ခြစ်အော်ဟစ်၍ ထွက်ပြေးသွားမိသည်။
“တထာဂတ…” မင်ရှင်းကိုယ်တော် ခြေလှမ်းများ မသယ်နိုင်တော့သည်အထိ မိုင်ပေါင်းများစွာ ပြေးနေမိ၏။ ထို့နောက် မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး ဝမ်းပမ်းတနည်း အော်ဟစ်လိုက်သည်။ “ဒီလူ့လောကကြီးကို မဟာမိုးခြိမ်းသံကျောင်းတော်ကနေ မမြင်တွေ့ဘူးလား…”
သူ ခြေလှမ်းများ ယိမ်းထိုး၍ ယောင်ချာချာ ရှေ့ဆက်လျှောက်နေမိသည်။ ရှေ့တူရူ၌ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့သဖြင့် အထဲဝင်သွားရာ မျက်နှာကျက်၌ လူသေအလောင်းများ ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။ ထိုလူသေအလောင်းများက ခေါင်းအစခြေအဆုံး အရေခွံခွာထားသည်။ ကျောင်းထောင့်တွင်တော့ ဘုန်းကြီးအချို့ အသားထည့်ထားသော သတ္ထုဇလုံများ ကိုင်၍ ထိုင်နေကြ၏။ သူ့ကို မြင်သောအခါ ကမန်းကတန်း အော်ဟစ်လိုက်သည်။ “ကျောင်းထိုင်ဆရာတော်၊ ကျောင်းထိုင်ဆရာတော်… ဘုန်းကြီးတစ်ပါး ရောက်လာတယ်…”
ကျောင်းထိုင်ဘုန်းကြီးအိုကြီးက ပြေးထွက်လာ၏။ “ဘယ်ကလာတာလဲ ကိုယ်တော်… ဒီမှာ ရိက္ခာ အများကြီး မရှိတော့ဘူး… အငတ်ဘေးဆိုက်နေတဲ့သူတွေက လယ်ယာမြေတွေတောင် တူးဆွရှာ ဖွေကြတာ… ယွမ်တင်း၊ သူ့ကို စားစရာတစ်ပန်းကန်ပေးပြီး သွားခိုင်းလိုက်… ဗုဒ္ဓရဲ့ ကရုဏာတော်ပါပဲ…”
မင်ရှင်းကိုယ်တော်၏ ရှေ့သို့ လူသားတစ်ပန်းကန် ရောက်လာသဖြင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သူ့စိတ်ထဲမှ ဗုဒ္ဓ လဲပြိုပျက်စီးသွားသလို ခံစားလိုက်ရ၏။
သူ ခုန်ထ၍ ဘေးနားရှိ ဗုဒ္ဓဆင်းတုကို သဲကြီးမဲကြီး ရိုက်ပုတ်တွန်းလှဲပြီး အမှုန့်ဖြစ်သည်အထိ ထုနှက်နေမိ၏။ အခြားရဟန်းများက ကမန်းကတန်း ပြေးလာ၍ သူ့ကိုတားဆီးရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ဒီကိုယ်တော်တော့ ရူးသွားပြီဟေ့… မိစ္ဆာဖမ်းစားခံလိုက်ရတာထင်တယ်… ဗုဒ္ဓကို စော်ကားပြီး ဆင်းတုတွေ ဖျက်ဆီးနေတာ…”
မင်ရှင်းကိုယ်တော်မှာ ထိုကိုယ်တော်များ၏ အရိုက်အပုတ်ကို ခံယူပြီး လက်တုံ့ပြန်ခြင်း မပြုပေ။ တစ်ခဏအတွင်း၌ သူ့တစ်ကိုယ်လုံး သွေးခြင်းခြင်းနီသွား၏။ ထိုအခိုက်၌ မင်းမှုထမ်းအချို့ ရောက်ရှိလာပြီး ကျောင်းအတွင်းရှိ ဘုန်းတော်ကြီးများကို ဝင်ရောက်သတ်ဖြတ်တော့သည်။
“ဒီဘုန်းကြီးတွေက လူသားတွေစားနေကြတာ၊ တစ်နေ့တခြား ဥပဒေမဲ့ ဖြစ်လာပြီ… တပ်မှူးလေး၊ ဒီမှာ လူရုပ်မပေါ်အောင် အရိုက်ခံထားရတဲ့ ကိုယ်တော်တစ်ပါး ရှိတယ်… အာ၊ အသက်ရှူသေးတာပဲ…”
စစ်သည်များက မင်ရှင်းကိုယ်တော်ကို သူတို့၏ တပ်မှူးထံ ခေါ်ဆောင်သွား၏။ “သူ မသေပါဘူး… ဘုန်းကြီးလေး၊ ကိုယ်တော့်မှာ အစွမ်းအစရှိရဲ့နဲ့ ဘာလို့ လက်တုံ့မပြန်တာလဲ…”
မင်ရှင်းကိုယ်တော်က ကြောင်စီစီအမူအရာဖြင့် ပြောလိုက်သည်။ “ကိုယ်တော့်မှာ ဟာကွက်တွေ တစ်ကိုယ်လုံးပဲ…”
တပ်မှူးလေးက ပြုံးလိုက်၏။ “ဟာကွက်ရှိတာ ကောင်းတာပေါ့၊ ဘယ်သူ့မှာများ ဟာကွက်မရှိလို့လဲ… ပညာရှင်တွေသာ သူတို့ကိုယ်သူတို့ ဟာကွက်ရှိမှန်းသိတာ… ကိုယ်တော့်မှာ အစွမ်းအစရှိတာဆိုတော့ တပည့်တော်တို့နဲ့ လိုက်ခဲ့ပြီး မြေယာကာကွယ်ရေး လုပ်ပါလား… ကပ်ဘေးရှောင်လာတဲ့သူတွေက စိုက်ခါစ ပျိုးပင်၊ မျိုးစေ့တွေတောင်မချန် တူးဆွစားသောက်နေကြတာ… လာဟေ့၊ ဒီဘုန်းကြီးကျောင်းကို မီးရှို့ပစ်…”
စစ်သည်များက ရှေ့တိုး၍ မီးရှို့လိုက်ကြရာ ဘုန်းကြီးကျောင်းတစ်ခုလုံး မီးဟုန်းဟုန်းတောက် လောင်ကျွမ်းသွားသည်။
မင်ရှင်းကိုယ်တော် ခေါင်းညိတ်လိုက်ရင်း တစ်စုံတစ်ခုကို သတိရပြီး မီးတောက်များဆီသို့ ပြေးသွား၏။ “ကိုယ်တော့်ကျမ်းစာ…”
တပ်မှူးလေးက မင်ရှင်းကိုယ်တော်ကို ဖမ်းဆွဲထားရန် သူ့လူများကို အမိန့်ပေးလိုက်သည်။ “ဘာကျမ်းစာလဲ ကိုယ်တော်… ဘယ်လောက်ထူလို့လဲ…”
“စာရွက်နှစ်ရွက်ပဲ ပါတာပါ…”
“ဒီလောက် အေးစက်နေတဲ့ ရာသီဥတုမှာ ကျမ်းစာအုပ်ပါးပါးဆိုတာ မီးရှို့ပြီးလှုံဖို့တောင် အသုံးမဝင်ဘူး…” တပ်မှူးလေးက လက်တစ်ချောင်း ထောင်ပြလိုက်၏။ သူ့မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တို့ စွန်းထင်းနေသည်။ “ရိပ်သိမ်းချိန် တစ်ရာသီပါပဲ… တစ်ရာသီဆိုရင် လူတွေအကုန်လုံး စားစရာရပြီး ငတ်ပြတ်တော့မှာ မဟုတ်ဘူး… ဒီလောကကြီးက ငရဲဘုံကနေ လူ့ဘုံလောက ပြန်ဖြစ်လာလိမ့်မယ်… အဲဒါကြောင့် လယ်ယာမြေကာကွယ်ရေးက အရေးအကြီးဆုံးပဲ… အငတ်ဘေးကနေ ထွက်ပြေးလာသူတွေ ဖျက်ဆီးပစ်မှာကို ဒီအတိုင်း ထိုင်ကြည့်နေလို့ မဖြစ်ဘူး… လောကကြီး အေးချမ်းသွားမှ ကိုယ်တော် ဗုဒ္ဓကျမ်းစာတွေ ပြန်ဖတ်ပါ… အဲဒီအချိန်ရောက်ရင် တပည့်ကိုယ်တော်တိုင် ကိုယ်တော်ဖတ်ချင်တဲ့ ကျမ်းစာတွေကို တောင်းလိုက်လာပို့ပါ့မယ်…”
မင်ရှင်းကိုယ်တော် မှင်တက်မိသွား၏။ အေးချမ်းသော အခါသမယ၌သာ ကျမ်းစာများကို ဖတ်ရှုရမည်တဲ့လား။
သို့ဆိုလျှင် ဒုက္ခတော၌ နစ်မြုပ်နေသူများကို အဘယ်သို့ ကယ်တင်ရတော့မည်နည်း။ သတ္တဝါများကို မည်သို့ အလင်းပြရတော့မည်နည်း။
မအေးချမ်းချိန်၌ အသုံးမချနိုင်ဘဲ အေးချမ်းချိန်မှ လူအများကို ကယ်တင်နိုင်မည်ဆိုလျှင် အဘယ်မှာ အသုံးဝင်ပါတော့မည်နည်း။
‘ဂိုဏ်းသခင်ချင်ပြောတာ မှန်တယ်… ဗုဒ္ဓကျမ်းစာရေးတဲ့သူတွေက တထာဂတ မဟုတ်ဘူး…’
မင်ရှင်းကိုယ်တော်က မင်းမှုထမ်းများနှင့် လိုက်သွားတော့၏။ တစ်ချိန်တစ်ခါက ဖြူစင်ခဲ့ဖူးသော သင်္ကန်းနှင့် မြက်ဖိနပ်မှာ သွေးစက်တို့ဖုံးလွှမ်းနေချေပြီ။ ‘ဒီနေ့ကစပြီး ငါ့ရဲ့တထာဂတဟာ ငါပဲ၊ ငါ့ရဲ့ဗုဒ္ဓကျမ်းစာကို ငါရေးမယ်…”
မဟာမိုးခြိမ်းသံကျောင်းတော်တွင်…။
ခေါင်းလောင်းသံ တဒေါင်ဒေါင် ပျံ့လွင့်နေ၏။ ချင်မူ အနောက်အရပ်သို့ လှမ်းကြည့်လိုက်သည်။ သူမြင်တွေ့ရသည်က မဟာမြို့ပျက် ဖြစ်၏။ မဟာမြို့ပျက်က ကပ်ဆိုးကြီးကို ဖြတ်သန်းလာခဲ့ရသည်။ အရှေ့အရပ်ဆီ လှမ်းမျှော်ကြည့်သည့်အခါ ဆီးနှင်းဒဏ်ခံနေရသော ထာဝရငြိမ်းချမ်းရေးအင်ပါယာကို တွေ့ရ၏။
မဟာမိုးခြိမ်းသံကျောင်းတော်က ထိုနှစ်ခု၏ အလယ်တွင် တည်ရှိသော်လည်း မည်သည့်ကပ်ဆိုး၊ မည်သည့်ဘေးဒုက္ခမျှ ကြုံတွေ့ခြင်း မရှိ။ အမှန်တကယ်ပင် နေရာကောင်းတစ်ခု ဖြစ်၏။ တောင်ပေါ်ရှိ ရဟန်းများက ပူပန်သောကမရှိဘဲ ဗုဒ္ဓကျမ်းစာ လေ့လာဖတ်ရှုခွင့်ရပြီး အပြင်လောက၏ ဘေးဒုက္ခများကို သတိမမူမိကြချေ။
“မဟာမိုးခြိမ်းသံကျောင်းတော်မှာ အဆောင်ပေါင်း လေးထောင်ကျော်ရှိတယ်… ကောင်းကင်နဂါးဆောင်နဲ့ စိတ်နှလုံးကျင့်စဉ်ဆောင်က ထိပ်ဆုံးအဆောင်တွေထဲကပဲ… အဆောင်တိုင်းမှာ မတူညီတဲ့ တာဝန်နဲ့ သင်ကြားမှုတွေ ရှိတယ်… ထူးချွန်တဲ့တပည့်တွေ ရှိလာရင်တော့ ရဟန်းအိုကြီးတွေက သင်ကြားပေးတာမလို့ အဆောင်ကူးပြီး သင်စရာ မလိုတော့ဘူး…” အဘိုးကြီးမာက ရှင်းပြလိုက်သည်။
“ဥပမာအနေနဲ့ မင်ရှင်းကိုယ်တော်ကိုပဲကြည့်… သူ့ကို ကျင့်မင်ကိုယ်တော်က သင်ပေးတာမို့လို့ တခြားရဟန်းတွေထက် ထူးချွန်တယ်… ဗုဒ္ဓစိတ်ထားနဲ့ ထိုးထွင်းသိမြင်နိုင်မှု အမြင့်ဆုံးသူတွေကိုတော့ တထာဂတကိုယ်တိုင် သင်ပေးတာပေါ့…”
ချင်မူ အောက်ငုံ့ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော တောင်ထွတ်များက ပင်မရွှေတောင်ထွတ်ကို ဗဟိုပြု၍ ကြာတစ်ပွင့်၏ ပွင့်ချပ်များကဲ့သို့ ဝန်းရံနေသည်ကို မြင်တွေ့ရ၏။ တောင်ထွတ်များပေါ်တွင်တော့ အမွှေးတိုင်မီးခိုး တလူလူထွက်နေသော ဘုရားကျောင်းကန်များ ရှိနေသည်။
“မဟာမိုးခြိမ်းသံကျောင်းတော်မှာလည်း သူ့ကောင်းကွက်နဲ့သူ ရှိတာပဲ… တပည့်တွေကို သင်ကြားတဲ့နေရာမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ အတော်လေး နည်းလမ်းတူတယ်…” ချင်မူက ခေါင်းညိတ်၍ ပြောလိုက်၏။
အဘိုးကြီးမာက သူတို့ကို လှည့်ပတ်ပြသရင်း ရင်သပ်ရှုမောဖွယ်ကောင်းအောင် ခမ်းနားထည်ဝါသည့် စေတီတစ်ဆူထံသို့ ခေါ်ဆောင်သွားသည်။ “ဒီစေတီရဲ့ ကောင်းကင်ဘုံအဆင့်တွေထဲမှာ ပထမကောင်းကင်က ယမမင်းဘုံ၊ ဒုတိယကောင်းကင်က သာဂရနဂါးမင်းဘုံပဲ… ဒီကောင်းကင်ဘုံတွေက တထာဂတရဲ့ မဟာယာနသုတ္တန်မှာ ပါဝင်တဲ့ စိတ်အခြေအနေကို ကိုယ်စားပြုတယ်… ထိပ်ဆုံးအဆင့်ထိ တက်သွားရင် သိကြားဘုံနဲ့ ဗြဟ္မဘုံကို တွေ့ရလိမ့်မယ်… ထိပ်ဆုံးက စရေရင်တော့ ဗြဟ္မဘုံက ပထမဆုံးကောင်းကင်ဘုံပဲ…”
ချင်မူ ခေါင်းမော့ကြည့်ပြီး တုန်လှုပ်သွား၏။ ဤစေတီကြီးက လွန်စွာ ကြီးကျယ်ခမ်းနားလှသည်။ တောင်တန်းနှင့်မြစ်ပြင်များ အလယ်၌ မားမားမတ်မတ် ရပ်တည်နေသကဲ့သို့ ထည်ဝါခံ့ညားလှ၏။
စေတီအတွင်းသို့ ဝင်သွားပြီး ယမမင်းဘုံသို့ ရောက်သောအခါ ရဟန်းပျိုအချို့ တထာဂတ၏ မဟာယာနသုတ္တန် လေ့ကျင့်နေကြသည်ကို တွေ့ရ၏။ ရဟန်းအိုကြီးတစ်ပါးက ကမန်းကတန်း ပြေးလာသည်။ “မာဝမ်ရှန်း…”
“ငါတို့က ဒီအတိုင်း လျှောက်ကြည့်ရုံပါ…”
ရဟန်းအိုကြီးက အခက်တွေ့သွားဟန် ရ၏။ “ဒီနေရာက တထာဂတရဲ့ မဟာယာနသုတ္တန် လေ့ကျင့်တဲ့ နေရာပါ…”
ရုတ်တရက် အခြားအသံတစ်သံ ထွက်ပေါ်လာသည်။ “နောင်တော်ကြီး၊ ဗုဒ္ဓက မဟာမိုးခြိမ်းသံကျောင်းတော်မှာ ဖုံးကွယ်စရာ ဘာမှမရှိဘူး မိန့်ပါတယ်… သူတို့ကို စိတ်ကြိုက် သွားလာခွင့်ပြုလိုက်ပါ…”
ရဟန်းအိုကြီးက အသံလာရာသို့ လှမ်းကြည့်ပြီး ကမန်းကတန်း ရေရွတ်လိုက်၏။ “ဖိုကျစ်…”
ရဟန်းပျိုတစ်ပါး ဝင်လာပြီး အဘိုးကြီးမာကို နှုတ်ဆက်လိုက်သည်။ “နောင်တော်ကြီး…” ထို့နောက် ချင်မူ့ကိုလည်း နှုတ်ဆက်လိုက်၏။ “ဂိုဏ်းသခင်ချင်…”
ချင်မူက ပြန်လှန်နှုတ်ဆက်၍ ပြုံးလိုက်သည်။ “ဖိုကျင်ဖိုရှင်းပါလား… နန်းတွင်းကောလိပ်အပြင်ဘက်မှာ မြင်ဖူးပေမဲ့ တပည့်တော်တို့ မဆုံတွေ့လိုက်ရဘူး…”
ဤကိုယ်တော်လေးက ဦးပြည်းပြောင်ပြောင်နှင့် အဖိုးထိုက်တန်လှသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်၏။ သူ၏ မျက်လုံးများက ကျောက်မျက်ရတနာကဲ့သို့ ပြောင်လက်တောက်ပ၍ နားသန်သီးများက ရေစက်ရေပေါက်သဖွယ် တွဲလျားခိုနေသည်။ မျက်ခုံးနှစ်ခုအလယ်၌ အနီရောင်အမှတ်အသားတစ်ခု ဆွဲထားပြီး လွန်စွာ ထူးကဲသည့် အသွင်ပေါက်၏။ ဤရဟန်းပျိုက ဖိုကျစ်ဖိုရှင်းမှလွဲ၍ မည်သူများ ဖြစ်နိုင်ပါဦးမည်နည်း။
ဖိုကျစ်ဖိုရှင်းက ရဟန်းအိုကြီးကျင့်မင်နောက်မှ လိုက်၍ နန်းတွင်းကောလိပ်မုခ်ဦးတံခါးကို လာရောက်ပိတ်ဆို့ဖူးသည်။ ချင်မူ သွားရောက်ကြည့်ရှုခဲ့သော်လည်း လူငယ်ဂိုဏ်းချုပ်က မည်သည့်အကျိုးခံစားခွင့်မျှ မပေးသကဲ့သို့ သူကိုယ်တိုင်လည်း နွားသိုးစိမ်းကြီးကို မေ့ဆေးခပ်ရဦးမည် ဖြစ်သည့်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း မပြုခဲ့ရပေ။
နန်းတွင်းသမားတော်ယိုတို့ နန်းတွင်းကောလိပ်တစ်ခုလုံး မေ့လဲအောင် လုပ်လိုက်သည့်အချိန်မှ စစ်ယွင်ရှန်း ခိုးထွက်၍ ဖိုကျစ်ဖိုရှင်းကို တိုက်ခိုက်အနိုင်ယူပြီး မောင်းထုတ်ခဲ့သည်။
ဖိုကျစ်ဖိုရှင်းက ချင်မူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်ပြီး ဤကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ယဉ်ကျေးသိမ်မွေ့သည့် လူကြီးလူကောင်းတစ်ယောက် အသွင်ပေါက်သော်လည်း လွန်စွာ စူးရဲသည့် အကြည့်ရှိကြောင်း သတိပြုမိ၏။ ထိုအကြည့်၌ အရိုင်းဆန်သည့် အရှိန်အဝါတစ်ခု ကိန်းအောင်းနေပြီး တစ်ဘက်လူ၏ အတွင်းစိတ်နှလုံးသို့ ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း ခံစားရသဖြင့် သူ့ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားသည်။ “ဒီဒကာလေးရဲ့ မိစ္ဆာစိတ်က အတော် ပြင်းထန်တာပဲ…”
ဖိုရှင်းက ရဟန်းအိုကြီးကို ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်ကို တထာဂတရဲ့ မဟာယာနသုတ္တန်ပြလည်း ကိစ္စမရှိဘူးလို့ တထာဂတက မြွက်ကြားလိုက်ပါတယ်… ဗုဒ္ဓစိတ်ထားမရှိဘဲ တပည့်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်က တထာဂတရဲ့ မဟာယာနသုတ္တန်ကို ကျင့်ကြံနိုင်စရာ အကြောင်းလုံးဝမရှိဘူး… ပြီးတော့ နောင်တော်ကြီးမာက တထာဂတရဲ့ မဟာယာနသုတ္တန်ကို တတ်ကျွမ်းတာပဲ… သူသာ ဂိုဏ်းသခင်ချင်ကို သင်ပေးလိုစိတ်ရှိရင် အစောကြီးကတည်းက သင်ပေးပြီးပြီပေါ့… ဒကာတော်နှစ်ယောက်နဲ့ နောင်တော်ကြီးမာ၊ စိတ်တိုင်းကျ လေ့လာကြည့်ရှုပါ…”
ရဟန်းအိုကြီးက စိတ်အေးသွားပြီး ရဟန်းငယ်လေးများကို ပထမကောင်းကင်ဘုံဖြစ်သည့် ယမမင်းဘုံအကြောင်း ရှင်းပြလိုက်သည်။ ချင်မူတို့ ရှိနေသည်ကို စိတ်မဖြောင့် မဖြစ်တော့ပေ။
တစ်ခဏကြာသောအခါ ချင်မူ တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး သူကြားသိရသည့် တထာဂတ၏ မဟာယာနသုတ္တန်ကို အသုံးပြုလိုက်၏။ သူ့တစ်ကိုယ်လုံး ပူလိုက်အေးလိုက် ဖြစ်ပြီး ငရဲပြည်သို့ သက်ဆင်း၍ ယမမင်းဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤလူငယ်လေး၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာသည်ကို မြင်သောအခါ ဖိုရှင်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ ‘ဒါဗုဒ္ဓရောင်ခြည်တွေပဲ… ဒီနေရာမှာ ရပ်နားထောင်ရုံနဲ့ တထာဂတရဲ့ မဟာယာနသုတ္တန်က ပထမကောင်းကင်ဘုံကို နားလည်သဘောပေါက်သွားတာလား… သူ့မှာ ဗုဒ္ဓစိတ်ထားရှိနေတာလား… ဒီဂိုဏ်းသခင်က မိစ္ဆာနတ်ဆိုးမဟုတ်ဘူးလား…”
အဘိုးကြီးမာလည်း ချင်မူ၏ ခန္ဓာကိုယ်မှ ဗုဒ္ဓအလင်းတန်းများ ဖြာထွက်လာသည်ကို မြင်သဖြင့် ပြောလိုက်၏။ “မူအာ၊ မင်းက တထာဂတရဲ့ မဟာယာနသုတ္တန် ပထမကောင်းကင်ကို ရသွားပြီဆိုတော့ ဒီနေရာမှာ ဆက်နားထောင်နေစရာ မလိုတော့ဘူး၊ နောက်တစ်ဆင့်ကို တက်ကြစို့…”
ချင်မူက အဘိုးကြီးမာနှင့် မျက်ကန်းတို့၏ နောက်မှ သာဂရနဂါးမင်းဘုံသို့ တက်သွားသည်။ ဖိုကျစ်ဖိုရှင်းကလည်း သူတို့နောက်မှ အပြေးအလွှားလိုက်လာ၏။ ထိုနေရာတွင်လည်း သာဂရနဂါးမင်းဘုံ၏ အနှစ်သာရများအကြောင်း ပြောပြနေသည့် ရဟန်းအိုကြီးတစ်ပါး ရှိသည်။
များစွာမကြာလိုက်ချေ။ ချင်မူ၏ ခန္ဓာကိုယ်မှ ဗုဒ္ဓရောင်ခြည်များ ပို၍ လင်းလက်လာသည်ကို ဖိုကျစ်ဖိုရှင်း တွေ့လိုက်ရ၏။
သူ အကြီးအကျယ် တုန်လှုပ်သွားသည်။ မိစ္ဆာစိတ်ထားရှိသူများအတွက် တထာဂတ၏ မဟာယာနသုတ္တန်ကို ကျင့်ကြံရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်၍ မိစ္ဆာနတ်ဆိုးတကာ မိစ္ဆာနတ်ဆိုးတစ်ပါး ဖြစ်သော်လည်း တစ်ခဏမျှ ရပ်နားထောင်ရုံဖြင့် တထာဂတ၏ မဟာယာနသုတ္တန် ဒုတိယကောင်းကင်ဘုံထိ အောင်မြင်အောင် ကျင့်ကြံနိုင်၏။ ဤသည်က များစွာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှသည် မဟုတ်လား။
ဖိုကျစ်ဖိုရှင်းကို ဖိုကျစ်ဟု ခေါ်တွင်သည်မှာ မွေးကင်းစကလေးတစ်ယောက်ကဲ့သို့ သန့်စင်ကြည်လင်သော စိတ်နှလုံးရှိသည့်အတွက် ဖြစ်၏။ သူ ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က တထာဂတ၏ မဟာယာနသုတ္တန်ကို အချိန်တိုအတွင်း စတုတ္ထကောင်းကင်ဘုံအထိရောက်အောင် လေ့ကျင့်နိုင်သဖြင့် မဟာမိုးခြိမ်းသံကျောင်းတော် တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ထို့ကြောင့်ပင် ဖိုကျစ်ဟူသော ဘွဲ့အမည် ချီးမြှင့်ခံရခြင်း ဖြစ်၏။
သူကြားမိသလောက် မာဝမ်ရှန်းလည်း သူ့လိုပင် ဖြစ်သည်။ မာဝမ်ရှန်းက ပဉ္စမကောင်းကင်ဘုံအထိ တစ်ခါတည်း လေ့ကျင့်နိုင်ခဲ့သည်ဟု ဆိုကြ၏။ သို့အတွက်ကြောင့် တထာဂတက မာဝမ်ရှန်းကို မျှော်လင့်ချက်ထားပြီး သူ့နေရာတွင် အစားထိုးနေရာပေးရန် မြေတောင်မြှောက်ခဲ့သည်။
‘ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာက ငါ့လောက် ဗုဒ္ဓစိတ်ထား မရှိနိုင်ပါဘူး…’ ဖိုရှင်း စိတ်ထဲမှ တွေးလိုက်မိ၏။
တတိယကောင်းကင်ဘုံသို့ ရောက်သောအခါ ချင်မူ တထာဂတ၏ မဟာယာနသုတ္တန်မှ စန္ဒရစိတ်အခြေအနေကို နားလည်သဘောပေါက်ပြီး စန္ဒရဘုံကို ကျင့်ကြံအောင်မြင်သွားသည်။ သူ့ခေါင်းနောက်၌ ဗုဒ္ဓရောင်ခြည်များ လဲ့ဖြာ၍ လရောင်ကဲ့သို့ အေးငြိမ်းထည်ဝါနေ၏။ စန္ဒရဘုံ၌ ဤအဆင့်ထိ ကျင့်ကြံပြီးသူ ကိုယ်တော်များစွာ မရှိချေ။
စတုတ္ထကောင်းကင်ဘုံသို့ ရောက်သောအခါ ချင်မူ သူရိယစိတ်အခြေအနေကို နားလည်သဘောပေါက်ပြီး သူ့ခေါင်းနောက်ဘက်မှ ဗုဒ္ဓရောင်ခြည်များက တရှိန်ရှိန် တောက်လောင်နေသော နေမင်းကဲ့သို့ လင်းဖြာလာသည်။ သူက တာအိုဉာဏ်အလင်းပွင့်သွားသည့် ရဟန်းမြတ်တစ်ပါးကဲ့သို့ ရှိနေ၏။