ဒုက္ခ၏အရင်းအမြစ်
Vol. 19 Ch. 254
ဖိုကျစ်ဖိုရှင်း သက်ပြင်းတစ်ချက် ယိုင်ယိုင်ယွဲ့ယွဲ့ မှုတ်ထုတ်လိုက်မိသည်။ သူလည်း ကောင်းကင်လေးဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်၍ သူရိယစိတ်အခြေအနေသို့ ကျင့်ကြံနိုင်ခဲ့၏။ မာရီချီဘုံသို့ ရောက်သောအခါတွင်တော့ တစ်ထိုင်တည်း လေ့ကျင့်နိုင်ခြင်း မရှိတော့ပေ။ သို့တိုင်အောင် ထိုမျှနှင့်ပင် ဖိုကျစ်ဘွဲ့ထူးကို ရရှိခဲ့သည်။ (မာရီချီ−အလင်းနတ်ဘုရား)
ဤသည်ကိုကြည့်လျှင် ချင်မူသည်လည်း ဗုဒ္ဓနှလုံးသား ရှိ၍ သူ့အောက်မကျကြောင်း သိရှိနိုင်၏။
ချင်မူသာ ရှေ့ဆက်၍ မာရီချီစိတ်အခြေအနေကို ကျင့်ကြံနိုင်ခဲ့လျှင် ဤမိစ္ဆာနတ်ဆိုး၏ ဗုဒ္ဓနှလုံးသားက သူကဲ့သို့ ဖိုကျစ်ထက်ပင် ပိုအားကောင်းနေလိမ့်မည် မဟုတ်လား။
အဘယ်သို့ပြု၍ မိစ္ဆာနတ်ဆိုးက ဗုဒ္ဓကျင့်စဉ်ကျင့်ကြံသူ တစ်ယောက်ထက် ပိုသာသော ဗုဒ္ဓစိတ်ထား ရှိနေရသနည်း။
မာရီချီဘုံသို့ ရောက်၍ ဗုဒ္ဓကျမ်းစာ နားထောင်ပြီး မကြာမီ ချင်မူ၏ ခန္ဓာကိုယ်မှ အလင်းမီးလျှံများ ထတောက်လာသည်။
ဖိုရှင်း၏ စိတ်အလျဉ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွား၏။ ဤမိစ္ဆာနတ်ဆိုး ချင်မူက ပဉ္စမကောင်းကင်ဘုံအထိ တစ်ထိုင်တည်း ကျင့်ကြံနိုင်ခဲ့သည်။ ဤသည်က မာဝမ်ရှန်း၏ အထုံပါရမီ၊ ဗုဒ္ဓနှလုံးသားနှင့် တန်းတူပင် ဖြစ်သည်မဟုတ်လား။
အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။
သူက မိစ္ဆာနတ်ဆိုးတစ်ယောက် ဖြစ်၏။ မိစ္ဆာနတ်ဆိုးတစ်ယောက်အနေဖြင့် တထာဂတ၏ မဟာယာနသုတ္တန်ကို လေ့ကျင့်အောင်မြင်နိုင်စရာ အကြောင်းမရှိချေ။
ဖိုကျစ်ဖိုရှင်း သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက ပြီးခဲ့သည့် နှစ်တစ်ရာအတွင်း အထုံပါရမီအမြင့်ဆုံး၊ ထိုးထွင်းသိမြင်နိုင်မှုအကောင်းဆုံး၊ ဗုဒ္ဓနှလုံးသားအသန့်စင်ဆုံး ရဟန်းတစ်ပါး ဖြစ်သည့်အတွက် မိစ္ဆာနတ်ဆိုးတစ်ယောက်က သူ့ထက်သာလွန်သွားမည်ဟု မထင်ခဲ့မိပေ။
ဟာရီတီဘုံသို့ ရောက်သောအခါတွင်တော့ ချင်မူ၏အရှိန် တန့်သွားသည်။ တထာဂတ၏ မဟာယာနသုတ္တန် ဆဋ္ဌမကောင်းကင်ဘုံကို ကျင့်ကြံနိုင်ခြင်း မရှိတော့ချေ။ (ဟာရီတီ − ကလေးခိုးသည့် ဘီလူးမဘဝမှ ဗုဒ္ဓအဆုံးအမခံယူပြီး ကလေးများကို စောင့်ရှောက်သည့် မယ်တော်နတ်ဘုရား ဖြစ်လာသူ)
ဖိုရှင်းမှာ ကျောက်ရုပ်သဖွယ် ဖြစ်နေ၏။ ချင်မူက ကောင်းကင်ဘုံငါးဆင့်ကို တစ်ထိုင်တည်း ကျင့်ကြံနိုင်ခဲ့သည်။ ဤသည်က တထာဂတဖြစ်လာနိုင်သည့် အထုံပါရမီပင် ဖြစ်၏။
‘သူသာ ဗုဒ္ဓဂိုဏ်းကို ကူးပြောင်းလာရင် တထာဂတအဖြစ် လျာထားဖို့ ရွေးချယ်ခံရမှာပဲ…’ ဖိုရှင်းမှာ သူ၏ အကျိုးစီးပွားအတွက် ပူပန်လာသည်။ ‘ဒီမိစ္ဆာကို တထာဂတရဲ့တပည့် ဖြစ်လာခွင့် မပြုနိုင်ဘူး… နောက်လာမဲ့ တထာဂတက ငါပဲ ဖြစ်ရမယ်…’
ဤသို့သော အတွေးမျိုးက ပေါက်ဖွားလာသည်နှင့် ရပ်တန့်၍ မရတော့ချေ။
“ဖိုကျစ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံလည်း ဒီကို လာဖူးတယ်ဆို… သူရော ကောင်းကင်ဘုံ ဘယ်နှဆင့်ထိ ကျင့်ကြံနိုင်ခဲ့တာလဲ…” ချင်မူက ရုတ်တရက် မေးလိုက်သည်။
ဖိုကျစ်ဖိုရှင်းက လွင့်ပျံ့နေသော စိတ်အာရုံကို ပြန်စုစည်းလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ ဒီကိုလာတာ လွန်ခဲ့တဲ့ နှစ်တစ်ရာ၊ နှစ်ရာလောက်က အဖြစ်အပျက်ပါ… ကြားမိသမျှတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်ဘုံခုနစ်ဆင့်ထိ တစ်ထိုင်တည်း ကျင့်ကြံနိုင်ခဲ့တယ်တဲ့…”
ချင်မူ အလန့်တကြား ထခုန်ပြီး ခေါင်းခါယမ်းလိုက်မိသည်။ “နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင် ပီသပါပေတယ်၊ ငါ သူနဲ့ မယှဉ်နိုင်ဘူးပဲ…”
အဘိုးကြီးမာလည်း အံ့အားသင့်သွား၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကောင်းကင်ဘုံခုနစ်ဆင့်ကို တစ်ထိုင်တည်း သိမြင်နားလည်ခဲ့တာလား… တကယ့်ကို ချီးကျူးလောက်စရာပဲ… သူ့လိုလူမျိုးက ဗုဒ္ဓဂိုဏ်းကိုဝင်ရင် တထာဂတဖြစ်မယ်၊ တာအိုဂိုဏ်းကိုဝင်ရင် တာအိုသခင်ဖြစ်မယ်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုဝင်ရင် နတ်ဂိုဏ်းသခင် ဖြစ်လာမှာပဲ… ဒီလို ပါရမီရှင်မျိုးကို ယှဉ်နိုင်မဲ့သူ မရှိဘူး…”
မျက်ကန်းလည်း တအံ့တဩ ချီးကျူးလိုက်သည်။ “ထော့ကျိုး ခြေတစ်ဖက် ခုတ်ဖြတ်ခံခဲ့ရတာ အလကား မဟုတ်ဘူး…”
အဘိုးကြီးမာက သူတို့ကို စေတီအတွင်းရှိ ကောင်းကင်ဘုံ အထပ်နှစ်ဆယ်လုံးသို့ ခေါ်ဆောင်သွား၏။ မသိလိုက်မသိဖာသာနှင့် သုံးရက်ခန့် အချိန်ကုန်လွန်သွားသည်။ ချင်မူ တထာဂတ၏ မဟာယာနသုတ္တန်မှ ကောင်းကင်ဘုံ အဆင့်နှစ်ဆယ်စလုံး နားထောင်ပြီးသောအခါ ဤကျင့်စဉ်၏ နက်နဲဆန်းကြယ်ပုံကို ချီးကျူးလိုက်မိ၏။ ဤသုတ္တန်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာအောက် မကျပေ။
သူ့အနေဖြင့် တထာဂတ၏ မဟာယာနသုတ္တန်ကို ကျင့်ကြံရန် စိတ်ကူးမရှိသော်လည်း ကျောက်ဆောင်ကျောက်သားကို အသုံးပြု၍ ကျောက်စိမ်းကို သွေးထုတ်နိုင်သည် မဟုတ်လား။ တထာဂတ၏ မဟာယာနသုတ္တန်က သူ့အတွက် မှီငြမ်းကိုးကားစရာ ပညာရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဖိုရှင်းက ချင်မူကိုကြည့်၍ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “ဂိုဏ်းသခင်ချင်ရဲ့ အထုံပါရမီကလည်း မဆိုးလှပါဘူး… ဂိုဏ်းသခင်ချင်၊ ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်က တထာဂတရဲ့ မဟာယာနသုတ္တန်ကို ပြသပြီးပြီဆိုတော့ ဒကာလေးတို့ရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကိုရော ကိုယ်တော် ကြည့်ခွင့်ရှိမလား…”
ချင်မူက ထောင်ထျယ်အိတ်ထဲမှ ချည်လုံးတစ်လုံး ထုတ်ယူပြီး ရက်ရောစွာ ပြောလိုက်၏။ “မပြနိုင်စရာ အကြောင်းမရှိပါဘူး… တပည့်တော်တို့ဂိုဏ်းမှာ ဂိုဏ်းသားအားလုံး မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ သင်ကြားခွင့် ရှိတာဆိုတော့ အပြင်လူကို ပြလည်း ထူးပြီး ထိခိုက်စရာ မရှိပါဘူး…”
ချည်လုံးအစကို ကိုင်၍ အသာအယာ ဆွဲခါလိုက်ရာ မရေမတွက်နိုင်သော စာလုံးများ လေထုထဲတွင် ထွက်ပေါ်လာသည်။
ချင်မူက မည်သည်ကိုမျှ ကွယ်ဝှက်ထားခြင်း မရှိဘဲ ဖိုရှင်းကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ တစ်ခုလုံး ထုတ်ပြလိုက်၏။
ဖိုရှင်းမှာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ ပထမဆုံး စာမျက်နှာကို မြင်ရုံဖြင့် အမူအရာပြောင်းလဲသွားသည်။ သူ့ရှေ့မှ အယူအဆများက ဗုဒ္ဓဝါဒ၏ အယူအဆနှင့် ဆန့်ကျင်နေသကဲ့သို့ ခံစားလိုက်ရ၏။ ဆက်ဖတ်သွားရင်း ဖန်ဆင်းပညာခုနစ်ခန်းသို့ ရောက်သောအခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ “တကယ့်ကို မိစ္ဆာဂိုဏ်းရဲ့ ကျင့်စဉ်ပါလား… သတ္တဝါတွေအပေါ် ကရုဏာတရား လုံးဝမထားဘူး… အကုန်လုံးက မိစ္ဆာအယူအဆတွေချည်းပဲ… ဂိုဏ်းသခင်၊ ပြန်သိမ်းလိုက်ပါတော့… ကိုယ်တော် ဒါတွေကို ဆက်မဖတ်နိုင်တော့ဘူး…”
ချင်မူ နားမလည်နိုင် ဖြစ်သွား၏။ သို့သော်လည်း ဖိုရှင်းပြောသည့်အတိုင်း မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ချည်လုံးတစ်လုံး ပြန်ဖြစ်သွား၏။
ဤအခိုက်၌ ရဟန်းတစ်ပါး သုတ်သီးသုတ်ပျာ ရောက်လာပြီး ဖိုရှင်းကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ ဖိုရှင်းမှာ အံ့အားသင့်သွားဟန်ရပြီး ဣန္ဒြေပြန်ဆည်၍ ချင်မူတို့အုပ်စုကို အရိုအသေပြု နှုတ်ဆက်လိုက်၏။ “ဒကာလေးတို့၊ နောက်ကျနေပြီဆိုတော့ အနားယူရအောင် ဒကာလေးတို့ရဲ့ အခန်းဆီ ပြန်လိုက်ပို့ပါမယ်…”
မျက်ကန်းက သန်းဝေ၍ ပြောလိုက်သည်။ “ငါတို့က ဧည့်သည်တွေဆိုတော့ အလိုက်သိရမှာပေါ့… မူအာ၊ အဘိုးကြီးမာ အခန်းပြန်နားကြစို့…”
သူတို့သုံးယောက် စေတီအပြင်သို့ ရောက်လျှင်ရောက်ချင်း မျက်ကန်းက ပြောလိုက်၏။ “အစောကလာတဲ့ ကိုယ်တော်က တထာဂတဆီ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အိမ်ရှေ့မင်းသား တွေ့ဆုံခွင့်လာတောင်းတဲ့အကြောင်း ဖိုရှင်းကို ပြောပြတာ…”
ချင်မူ မှင်တက်မိသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသား ရောက်လာသည်လား။
ဤသို့သော အချိန်အခါ၌ မဟာမိုးခြိမ်းသံကျောင်းတော်သို့ အဘယ်ကြောင့် လာရောက်ရသနည်း။
မည်သည်ကို ကြံစည်၍ တထာဂတနှင့် တွေ့ဆုံခွင့်တောင်းလေသနည်း။
မျက်ကန်း၏ နားရွက်များ တွန့်ခနဲ လှုပ်ခါသွားပြီး ပြောလိုက်သည်။ “ဖိုရှင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အိမ်ရှေ့မင်းသားကို မဟာအားအင်ခန်းမဆီ ခေါ်သွားဖို့ အဲဒီကိုယ်တော်ကို ခိုင်းလိုက်တယ်၊ သူကတော့ ဗုဒ္ဓတစ်ထောင်စေတီဆီသွားပြီး တထာဂတကို သတင်းပို့မယ်တဲ့… သူ ဗုဒ္ဓတစ်ထောင်စေတီထဲ ဝင်သွားပြီ… အထဲမှာ ဘာပြောကြတယ်ဆိုတာ မကြားရတော့ဘူး… ဟော တထဂတ ထွက်လာပြီ၊ စေတီအပြင်က ကိုယ်တော်တွေကို ဗုဒ္ဓတရားစာ သေသေချာချာ ရွတ်ဖတ်ပြီး လီထျန်းရှင်ကို ဖိနှိမ်ဖို့ မှာနေတယ်…”
အဘိုးကြီးမာ၏ အမူအရာ ကွက်ခနဲ ပျက်သွားပြီး အဆောတလျင် ပြောလိုက်၏။ “ဘယ်လိုလုပ် အဲဘုန်းကြီးတွေအဆင့်နဲ့ လီထျန်းရှင်ကို ဖိနှိမ်နိုင်မှာလဲ… တထာဂတက အဆင်အခြင်မဲ့လွန်းတယ်… စေတီထဲမှာရှိတဲ့ ဗုဒ္ဓတစ်ထောင်က သေပြီးသားတွေ၊ သူတို့ရဲ့ စွမ်းအင်ကို ဗုဒ္ဓတရားစာ ရွတ်ဖတ်ပြီး နှိုးဆွနိုင်ပေမဲ့ လီထျန်းရှင်ကို ဖိနှိပ်ဖို့ လုံလောက်မှာ မဟုတ်ဘူး… မြန်မြန်လာ… လီထျန်းရှင် လွတ်ထွက်မသွားခင် ဗုဒ္ဓတစ်ထောင်စေတီဆီ ရောက်အောင် သွားကြစို့…”
သူတို့သုံးယောက်သား ရွှေတောင်ထွတ်ဆီသို့ တစ်မုဟုတ်ချင်း ထပြေးလိုက်ကြသည်။ ချင်မူက ကျန်နှစ်ယောက်ထက် အများကြီး နှေး၏။ သူတို့အခန်းဘေးမှ ဖြတ်သွားသောအခါ နဂါးချီလင်က အိပ်ပျော်နေပြီး ဘေးနားမှ ရဟန်းအိုကြီးက တရားစာများ ရွတ်ဖတ်နေဆဲ ရှိသည်။
“ဖက်တီးနဂါး…” ချင်မူက တရောသောပါး အော်ဟစ်လိုက်၏။ နဂါးချီလင်က အိပ်ရာမှလန့်နိုးပြီး အပြေးလှမ်းလာကာ ကျမ်းစာရွတ်နေသော ရဟန်းအိုကြီးကို ချန်ထားခဲ့သည်။
ထိုရဟန်းအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်၏။ “တိရိစ္ဆာန်ကောင်၊ ဘာအသိဉာဏ်မှ မရှိဘူး…”
ချင်မူ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်၍ အမိန့်ပေးလိုက်သည်။ “ရွှေတောင်ထွတ်ဆီကို အမြန်ဆုံးနှုန်းနဲ့ ပြေး…”
“သခင်လေး၊ ဒီရက်တွေမှာ ကျွန်တော့်ကို ဘာမှ မကျွေးပါလား…”
“ရွှေတောင်ထွတ်ဆီသာ အမြန်ဆုံးပြေး… မင်းကို ဆေးနှစ်အိုး ကျွေးမယ်…” ချင်မူက ကမန်းကတန်း ပြောလိုက်၏။
နဂါးချီလင်မှာ ရုတ်ခြည်း တက်ကြွသွားပြီး ရွှေတောင်ထွတ်ဆီသို့ အားကုန်ထုတ် ပြေးတော့သည်။
ဗုဒ္ဓတစ်ထောင်စေတီအတွင်း၌ ပြီးခဲ့သော တထာဂတတို့၏ ရုပ်ကလပ်တော်များ ရှိ၏။ စေတီအပြင်ဘက်တွင်တော့ ရဟန်းများ ဝန်းရံ၍ ဗုဒ္ဓတရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်နေကြသည်။
ရွတ်ဖတ်နေသော ဗုဒ္ဓကျမ်းစာများက တထာဂတရုပ်ကလပ်တော်များကို ဖြတ်သန်း၍ နဂါးကြီးများအသွင်ပြောင်းကာ အဘွားစစ်၏ မျက်ခုံးနှစ်ခုအလယ်သို့ တိုးဝင်ပြီး နှလုံးသားမိစ္ဆာ လီထျန်းရှင်ကို ဖိနှိမ်ဖျက်ဆီးနေ၏။
ဤရက်များအတွင်း၌ တထာဂတကိုယ်တိုင် ရဟန်းအားလုံးကို ဦးဆောင်၍ ဗုဒ္ဓတရားစာများ ရွတ်ဆိုပြီး တထာဂတရုပ်ကလပ်တော်များ၏ ဗုဒ္ဓစွမ်းအင်ကို နှိုးဆွကာ လီထျန်းရှင်ကို ဖိနှိမ်ဖျက်ဆီးခဲ့သည်။ အကျိုးထိရောက်မှုက သိသာလှပြီး လီထျန်းရှင်၏ မူလဝိဉာဏ် တဖြည်းဖြည်း အားနည်း၍ အဘွားစစ် မကြာခဏ နိုးထလာ၏။
သို့အတွက်ကြောင့် ဤရဟန်းများနှင့် လွှဲထားပြီး တထာဂတ စိတ်ချလက်ချ ထွက်သွားခြင်း ဖြစ်သည်။ ဤနေရာ၌ လီထျန်းရှင်ကို စောင့်ကြပ်ဖိနှိမ်နိုင်မည့် တထာဂတရုပ်ကလပ်တော် များစွာ ရှိနေသည် မဟုတ်လား။
သို့သော်လည်း ဤအခိုက်အတန့်၌ အဘွားစစ်၏ သူငယ်အိမ်များ နက်မှောင်သွားပြီး ခစ်ခနဲ ရယ်မောလိုက်၏။ မိန်းမပျိုလေးတစ်ဦးက ချစ်သူကောင်လေး၏ နားနားသို့ကပ်၍ တွတ်တီးတွတ်တာ စကားများ ပြောလိုက်သည့်နှယ် တိမ်းမူးတပ်မက်ဖွယ် အသံတစ်သံ စေတီအတွင်းမှ ထွက်ပေါ်လာသည်။ ထိုအသံက ရဟန်းများ၏ အကြားအာရုံမှတစ်ဆင့် နှလုံးသားထဲအထိ လူးလွန့်တိုးဝင်လာ၏။ သူတို့၏ ဗုဒ္ဓနှလုံးသားများ ဖရိုဖရဲ ဖြစ်ပြီး မိစ္ဆာစိတ်ရိုင်းများ ပေါက်ဖွားလာသည်။
“နေကြဦး…” ရဟန်းအိုတစ်ပါးက တည်ကြည်လေးနက်စွာ အော်ဟစ်လိုက်၏။ “သူ့အသံကို နားမထောင်နဲ့…”
စကားမဆုံးမီပင် စေတီအတွင်းမှ ချောမောလှပသည့် မျက်နှာလေး ပေါ်ထွက်လာပြီး သူ့ကို ချိုမြစွာ ပြုံးပြလိုက်သည်။ ထိုရဟန်းအိုကြီး၏ ဗုဒ္ဓနှလုံးသားထဲ၌ မိစ္ဆာပေါက်ဖွားလာပြီး ခေါင်းနောက်ဘက်မှ ဗုဒ္ဓရောင်ခြည်များ မှိန်ဖျော့သွား၏။ ထို့နောက် စေတီပေါ်မှ အောက်သို့ ပြုတ်ကျသွားတော့သည်။
“မကောင်းတော့ဘူး…”
အခြားရဟန်းအိုကြီးတစ်ပါးက ဗုဒ္ဓတရားစာများ ရွတ်ဆို၍ အဘွားစစ်၏ ရုပ်သွင်ကို မမြင်ရအောင် သူ့မျက်လုံးသူ ဖောက်ထုတ်ရန် ပြင်လိုက်၏။ ပြတ်ပြတ်သားသား ဆုံးဖြတ်၍ သူ့မျက်လုံးများကို ထိုးကော်ထုတ်လိုက်သော်လည်း ညင်သာနူးညံ့သော ရယ်သံသဲ့သဲ့က အကြားအာရုံမှတစ်ဆင့် သူ၏ ဗုဒ္ဓနှလုံးသားထဲထိ တိုးဝင်လာသည်။
ရဟန်းအိုကြီးက အံတင်းတင်းကြိတ်၍ ထိုအသံကိုပါ မကြားရအောင် နားစည်မြှေးများ ထိုးဖောက်လိုက်၏။
ထို့နောက် ဦးခေါင်းတစ်ခုလုံး သွေးခြင်းခြင်းနီလျက်နှင့် ဗုဒ္ဓတရားစာများ ကျယ်လောင်စွာ ရွတ်ဆိုပြီး စေတီအတွင်းရှိ တထာဂတရုပ်ကလပ်တော်များ၏ ဗုဒ္ဓစွမ်းအင်ကို နှိုးဆွလိုက်သည်။ မမြင်နိုင်၊ မကြားနိုင်တော့သည့်အတွက် အခြားရဟန်းများ မြေပြင်ပေါ် တဘုန်းဘုန်း ပြုတ်ကျနေသည်ကိုလည်း သူ သတိမူမိခြင်း မရှိတော့ချေ။
ရုတ်တရက် လီလီပန်းကဲ့သို့ နူးညံ့သွယ်လျ၍ နွေးထွေးအေးမြသည့် လက်ကလေးတစ်ဖက်က သူ့မျက်နှာနှင့် ဦးပြည်းပြောင်ပြောင်ကို ပွတ်သပ်ထိတွေ့လာ၏။
ရဟန်းအိုကြီး၏ တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ခါပြီး ခေါင်းနောက်ဘက်ရှိ ဗုဒ္ဓရောင်ခြည်များ ကွယ်ပျောက်သွားသည်။ သူသည်လည်း ဗုဒ္ဓတစ်ထောင်စေတီပေါ်မှ ပြုတ်ကျသွားတော့၏။
ချင်မူ နဂါးချီလင်ကို ရွှေတောင်ထွတ်ဆီသို့ အပြင်းနှင်ခိုင်းနေရင်း မြေပြင်ပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျနေသည့် ရဟန်းများကို လှမ်းမြင်လိုက်ရသည်။ အဘိုးကြီးမာနှင့် မျက်ကန်းက ဗုဒ္ဓတစ်ထောင်စေတီ၏ ဖိနှိမ်ခြင်းမှ လွတ်မြောက်သွားပြီဖြစ်သော အဘွားစစ်နောက်သို့ လိုက်သွားကြ၏။
သူတို့သုံးယောက်၏ လှုပ်ရှားမှုက မြန်ဆန်လွန်းလှသည့်အတွက် မျက်စိတစ်မှိတ်အတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ နဂါးချီလင်ပင် သူတို့ကို လိုက်မမီနိုင်ချေ။
ချင်မူ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။
ရွှေတောင်ထွတ်တစ်ခုလုံး ဖရိုဖရဲ ဖြစ်နေပြီး အဘိုးမာနှင့်မျက်ကန်းက သူ့ကို ချန်၍ ထွက်ပြေးသွားသည်။
ဤလူငယ်လေးမှာ နဂါးချီလင်၏ ကျောပေါ်တွင် ကြောင်ငေးငေး ထိုင်နေရင်းမှ မကျေမနပ် ရေရွတ်လိုက်၏။ “ငါလို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို မဟာမိုးခြိမ်းသံကျောင်းတော်က အလွတ်ပေးပါ့မလား… အကာအကွယ်ပေးမဲ့ အကြီးအကဲမပါဘဲ ရန်သူ့နယ်မြေထဲမှာ နေရတာ သိပ်ကောင်းတဲ့ ခံစားချက်တော့ မဟုတ်ဘူး…”
တထာဂတက မဟာအားအင်ခန်းမသို့ ဝင်ထိုင်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားနှင့် စကားပြောဆိုမည် ပြင်စဉ် ရဟန်းတစ်ပါး အမောတကော ပြေးဝင်လာပြီး လျှောက်တင်လိုက်သည်။ “သုံးလောကထွတ်ထားအရှင်ဘုရား၊ လီထျန်းရှင် ထွက်ပြေးလွတ်မြောက်သွားပါတယ်…”
တထာဂတမှာ မှင်တက်သွားပြီး ခေါင်းခါယမ်းလိုက်၏။ “ငါကိုယ်တော် အထင်သေးမိသွားတယ်… ဒီမိစ္ဆာမှာ ဝှက်ဖဲတွေ ရှိဦးမယ်လို့ မထင်မိဘူး… သူ့ကို မဖျက်ဆီးနိုင်မှတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို တောင်အောက်သာ ဆင်းခွင့်ပြုလိုက်ပါတော့…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားက အံ့အားသင့်သွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က မဟာမိုးခြိမ်းသံကျောင်းတော်မှာ ရောက်နေတာလားဘုရား… တပည့်တော်တို့ နန်းတွင်းက ကျုံးစန်းအရာရှိပဲလား…”
တထာဂတက ခေါင်းညိတ်လိုက်၏။ “သူပါပဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားမှာ ဝမ်းသာသွားသည်။ “အရှင်ဘုရား၊ ဒီတစ်ယောက်က မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တဲ့ မိစ္ဆာဂိုဏ်းသခင်ပါ၊ တပည့်တော်တို့ လက်လွတ်ခံလို့ မဖြစ်ဘူး… ဒီတောင်ပေါ်မှာပဲ မိစ္ဆာမကောင်းဆိုးဝါး ရှင်းလင်းပစ်တာ ပိုမကောင်းဘူးလားဘုရား…”
တထာဂတက ခေါင်းခါယမ်းလိုက်၏။ “သူက ကိုယ်တော့်ကို အကူအညီတောင်းဖို့ တောင်ပေါ်ရောက်လာတဲ့အတွက် ဒီနေရာမှာ နေခိုင်းခဲ့တာ… ဒါပေမဲ့ သူတောင်းဆိုတာကို ကိုယ်တော် မဖြည့်ဆည်းနိုင်ဘူးဆိုတော့ သူ့ကို တောင်ပေါ်က ပြန်ဆင်းခွင့်ပြုဖို့ပဲ ရှိတယ်… ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်က မိစ္ဆာနတ်ဆိုးတွေလို ပြုမူဖို့ မဖြစ်နိုင်ဘူး…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားက ထပ်ပြောလိုသေးသော်လည်း ဖိုကျစ်ဖိုရှင်းက ထရပ်၍ လျှောက်တင်လိုက်သည်။ “သုံးလောကထွတ်ထားအရှင်ဘုရား၊ တပည့်တော် ဂိုဏ်းသခင်ချင်ကို တောင်အောက် လိုက်ပို့လိုက်ပါ့မယ်…”
တထာဂတက ခေါင်းညိတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားကို ကြည့်လိုက်၏။ “အရှင့်သား၊ ကိုယ်တော့်အနေနဲ့ ဒကာတော် ဒီကိုလာတဲ့ ရည်ရွယ်ချက်နဲ့ ဒကာတော်ရဲ့ အကြံအစည်တွေကို သိမြင်ပါတယ်… ဒီကိစ္စက တစ်လောကလုံးမှာရှိတဲ့ သတ္တဝါတွေရဲ့ အရေးနဲ့ ပတ်သက်တဲ့အတွက် အပြေးလှမ်းလာခဲ့လို့သာ လီထျန်းရှင် အခွင့်ကောင်းယူ ထွက်ပြေးသွားတာပါ… ဆင်းရဲခြင်းဆရာသခင်တို့နဲ့လည်း အရှင့်သား ဆုံတွေ့ပြီးပြီ မဟုတ်လား…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အိမ်ရှေ့မင်းသားက ခေါင်းညိတ်လိုက်သည်။ “သူတို့က တပည့်တော်ရဲ့ ခမည်းတော်ကို ရင်ဆိုင်နိုင်စွမ်း မရှိဘူးဘုရား… အဲဒါကြောင့် အရှင်ဘုရားကို အကူအညီလာရောက် တောင်းခံရတာပါ…”
တထာဂတက ပြုံးလိုက်၏။ “အရှင်မင်းကြီးက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို အဆင့်ကုန် ကျင့်ကြံပြီးထားတာမလို့ ဒီလောကကြီးမှာ သူ့ကို အနိုင်ယူနိုင်မဲ့သူ များများစားစား မရှိဘူး၊ ဒါပေမဲ့ ဒီရဟန်းအိုကြီးကတော့ စွမ်းနိုင်ပါသေးတယ်…”
ဤအခိုက်၌ ဖိုကျစ်ဖိုရှင်းက ချင်မူ့ကို သွားရောက်တွေ့ဆုံသည်။ “ဂိုဏ်းသခင်ချင်၊ သုံးလောကထွတ်ထားအရှင်ဘုရားက ဒကာလေးကို တောင်အောက်လိုက်ပို့ဖို့ ကိုယ်တော့်ကို စေလွှတ်လိုက်ပါတယ်…”