မိစ္ဆာစရိုက်လွန်ကဲ
Vol. 19 Ch. 255
“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဖိုကျစ်…”
ချင်မူက ကျေးဇူးစကားဆိုလိုက်သည်။ ဖိုကျစ်ဖိုရှင်း လိုက်လာသည် ဖြစ်၍ နဂါးချီလင်ကို မစီးတော့ဘဲ မြေပြင်ပေါ်ခုန်ချပြီး အတူလမ်းလျှောက်လိုက်၏။ ဤသည်က လောကဝတ်ပင် ဖြစ်သည်။
“အပြင်ဘက်က မှောင်နေပြီ၊ ဂိုဏ်းသခင်ကို ဒီမှာ တစ်ညလောက် နေခိုင်းသင့်သေးတာ…”
သူတို့နှစ်ယောက်သား တောင်အောက်သို့ အေးအေးလူလူ ဆင်းသွားကြ၏။ သူတို့၏ ခြေလှမ်းများက သုတ်ခြေတင်လှမ်းနေခြင်း မဟုတ်သည့်တိုင် သာမန်လူများထက် ဆယ်ဆခန့် မြန်သေးသည်။
ဖိုရှင်းက ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်က မဟာမိုးခြိမ်းသံကျောင်းတော်မှာ ခဏပဲ နေသွားပေမဲ့ အတော်လေး မွှေနှောက်ခဲ့တာပဲ… တချို့ရဟန်းတွေဆို အသက်ဆုံးရှုံးရတယ်၊ တချို့ကျ သာမန်လူဘဝ ပြန်ရောက်သွားပြီ… ဒါနဲ့တောင် တထာဂတက ဂိုဏ်းသခင်ကို တောင်အောက်ဆင်းခွင့် ပြုလိုက်သေးတယ်…”
ချင်မူက ပြုံးလိုက်သည်။ “တထာဂတက လေးစားလောက်စရာ စိတ်ထားရှိတဲ့သူပါ… ဗုဒ္ဓဂိုဏ်းရဲ့ အထွတ်အမြတ်ရွှေဉာဏ်ရှင် ပီသပါတယ်… ဂိုဏ်းဂဏကွဲပြားမှုကိုလည်း အလေးမထားဘဲ ဘွားဘွားစစ်ကို ကယ်တင်ဖို့ လုပ်ပေးခဲ့လို့ ကျေးဇူးတင်မဆုံးနိုင်အောင်ပါပဲ…”
ဖိုရှင်းက သူ့ကို ပြန်ပြုံးပြလိုက်၏။ “ဂိုဏ်းသခင်၊ ကိုယ်တော်အနေနဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ထပ်ကြည့်ခွင့် ရနိုင်ဦးမလား…”
ချင်မူက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ထုတ်ပေးလိုက်သည်။ မရေမတွက်နိုင်သော စာသားများ ပေါ်ထွက်လာ၏။ ဖိုကျစ်ဖိုရှင်းက လမ်းလျှောက်ရင်း ဖတ်ရှုပြီး ခေါင်းခါယမ်းလိုက်သည်။ “တကယ့်ကို အန္တရယ်များတဲ့ ပညာရပ်တွေပဲ… ဒီထဲမှာပါတဲ့ ကောင်းကင်နတ်သိုင်း၊ ကျင့်စဉ်တွေ အကုန်လုံးက တခြားသတ္တဝါတွေရဲ့ အသက်ကို နုတ်ယူဖို့ ပြောထားတယ်၊ စွမ်းအင်ကျင့်ကြံတဲ့ နည်းလမ်းတွေကတောင် မကောင်းဆိုးဝါးဆန်နေပါလား…”
ချင်မူ အံ့အားသင့်သွား၏။ “ဖိုကျစ်၊ ဘာလို့ အဲလိုပြောရတာလဲ…”
“ဒီကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကိုပဲ ကြည့်လေ… အရေခွံခွာပြီး အဝတ်ချုပ်ဖို့ ဖန်တီးထားတဲ့ ပညာပဲ… ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ ချီစွမ်းအင်၊ အသွေးအသား အကုန်လုံးကို အရေခွံထဲ ပိတ်လှောင်၊ အဝတ်ချုပ်ပြီး ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်အောင် စီရင်ထားတာ၊ ဒါ မိစ္ဆာပညာပဲ မဟုတ်ဘူးလား…”
ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်တွင်းစွမ်းအင်ကို ကျင့်ကြံဖို့ပဲ၊ ဒီကျင့်စဉ်ကို အသုံးပြုပြီး ကိုယ့်ရဲ့ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ ချီစွမ်းအင်၊ အသွေးအသားတွေကို ပိတ်ဆို့ထားရင် ပြင်ပမှော်ပညာတွေ ထိုးဖောက်ဝင်ရောက်လာမဲ့ရန်ကို ကာကွယ်နိုင်တယ်… အရေခွံခွာပြီး အဝတ်ချုပ်ဖို့ မဟုတ်ဘူး… ရုပ်ပြောင်းရုပ်လွှဲ လုပ်ချင်ရင် ကောင်းကင်နတ်ဘုရားဖန်ဆင်းပညာနဲ့ ဝိညာဉ်ဖန်ဆင်းပညာကို ပေါင်းပြီး အသုံးပြုလို့ရတာပဲ…”
ဖိုရှင်းက ခေါင်းခါယမ်းလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ဒကာလေး လွဲနေပြီ… ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာရဲ့ မကောင်းမှုမိစ္ဆာအကြောင်း မကြားဖူးတဲ့သူ ဘယ်သူများ ရှိလို့လဲ… ဒကာလေးက ငယ်သေးတာဆိုတော့ သိပ်ပြီး ဖတ်ရှုလေ့လာနိုင်ဦးမှာ မဟုတ်ဘူး… သဘောပေါက်နားလည်မှု လွဲတာမျိုးက ဖြစ်တတ်ပါတယ်… ဒီဖြစ်တည်မှုအကြို ဖန်ဆင်းပညာကိုပဲကြည့်… မွေးကင်းစကလေးရဲ့ ဖြစ်တည်မှုအကြို အသက်ဓာတ်စွမ်းအင်ကို ရယူပြီး ကျင့်ကြံရတာ၊ မိစ္ဆာကျင့်စဉ်မှန်း အသိသာကြီးပဲ… ဒီကျင့်စဉ်လေ့ကျင့်တဲ့သူတွေက ဘယ်တော့မှ အိုမင်းမသွားပေမဲ့ အဲဒီအတွက်နဲ့ မွေးကင်းစကလေး ဘယ်လောက်များများ အသက်စတေးခဲ့ရပြီလဲ မသိဘူး…”
ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွားပြီး ဤကိုယ်တော်လေးကို တည့်မတ်ပေးလိုက်၏။ “ဖြစ်တည်မှုအကြို ချီစွမ်းအင်ဆိုတာ မွေးကင်းစကလေးတွေရဲ့ အသက်ဓာတ်စွမ်းအင်ကို ရည်ညွှန်းတာ မဟုတ်ဘူး၊ ကလေးတစ်ယောက်လို ကျင့်ကြံဖို့ ပြောတာ… ကလေးတစ်ယောက် မမွေးဖွားခင်အခြေအနေက ဖြစ်တည်မှုအကြို၊ ယင်နဲ့ယန်ရဲ့အစ၊ မူလအခြေအနေပဲ… အချင်းက ဖြစ်တည်မှုအကြိုကလေးငယ်ကို မိခင်နဲ့ ဆက်သွယ်ပေးထားတယ်၊ အသက်ရှုဖို့ မလိုဘူး၊ ရှင်သန်ရုန်းကန်ဖို့ မလိုဘူး… ဒီအခြေအနေမှာ စိတ်ဝိညာဉ်ဟာ အသန့်စင်ဆုံး၊ အပြစ်အကင်းဆုံးပဲ… ဖိုကျစ်၊ ကိုယ်တော် နားလည်မှု လွဲနေပြီ၊ ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ အချင်းကို စားဖို့မလိုသလို မွေးကင်းစကလေးကို စားဖို့လည်း မလိုဘူး… ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လို သဘောထားကျင့်ကြံဖို့ပဲ လိုတယ်…”
ဖိုရှင်းက ခေါင်းခါယမ်းလိုက်သည်။ “ဂိုဏ်းသခင်၊ ဆက်ပြီး ငြင်းချင်သေးတာလား… ဒီကမ္ဘာမြေမှုန်ဖန်ဆင်းပညာကလည်း ကမ္ဘာမြေနဲ့နေမင်းဆီက မိစ္ဆာမီးလျှံတွေ စုစည်းပြီး သက်ရှိသတ္တဝါအားလုံးကို ပြာချကျင့်ကြံရတဲ့ မိစ္ဆာကျင့်စဉ်ပဲ မဟုတ်ဘူးလား… လူများများ ပြာချသတ်ဖြတ်နိုင်လေ ဝိညာဉ်တွေ ပိုစုမိပြီး ကျင့်စဉ်အစွမ်းထက်လာလေ ဖြစ်လိမ့်မယ်၊ နောက်ဆုံးကျရင် မိစ္ဆာမီးလျှံတွေက ဒီကမ္ဘာမြေကို ငရဲအဖြစ် ဖန်တီးပစ်မှာပဲ…”
ချင်မူ ပြုံးလိုက်၏။ “ဒီကျင့်စဉ်မှာ ဖန်ဆင်းခြင်းဆိုတဲ့ စာလုံးပါတယ်၊ အဲဒါကို ကြည့်ရင် မူလဝိညာဉ် အားကောင်းအောင် လေ့ကျင့်ရတဲ့ ဝိညာဉ်ကျင့်စဉ်ဆိုတာ သိနိုင်မှာပါ…”
“တခြားလူတွေရဲ့ ဝိညာဉ်ကို အသုံးပြုပြီး ကိုယ့်ရဲ့ မူလဝိညာဉ် အားကောင်းအောင် လေ့ကျင့်တာ မိစ္ဆာကျင့်စဉ်မဟုတ်လို့ ဘာဖြစ်ဦးမှာလဲ…” ဖိုရှင်းက မေးလိုက်သည်။
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒီကျင့်စဉ်က ဖြစ်တည်မှုအကြို ဖန်ဆင်းပညာနဲ့ တွဲပြီး လေ့ကျင့်ရတဲ့ ကျင့်စဉ်ပဲ… ကိုယ့်စိတ်ဝိညာဉ်ရဲ့ မူလအခြေအနေကို ထိန်းသိမ်း၊ ကိုယ့်ကိုယ်ကိုယ် ကလေးတစ်ယောက်လို သဘောထားပြီး မိခင်ကမ္ဘာမြေဆီက ချီစွမ်းအင်ကို ရယူကျင့်ကြံရတာ… ကိုယ့်ရဲ့ မူလဝိညာဉ်အားကောင်းအောင် လေ့ကျင့်နိုင်သလို သတ္တဝါတွေကိုလည်း ဖန်ဆင်းအားဖြည့်နိုင်တယ်… ဖိုကျစ်၊ ဒီရက်ပိုင်းတွေမှာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လေ့ကျင့်တဲ့အတွက် တပည့်တော်ရဲ့ ဝိညာဉ်သန္ဓေသားက ထူးထူးကဲကဲ အားကောင်းသန်စွမ်းလာတာ… ဒီကျင့်စဉ်နှစ်မျိုးရဲ့ အာနိသင်က မသေးဘူး… ကိုယ်တော်လည်း လေ့ကျင့်ချင်ရင် လေ့ကျင့်ကြည့်လို့ရတယ်…”
ဖိုကျစ်က ပြုံးလိုက်သည်။ “ကိုယ်တော်က လေ့ကျင့်ဖို့ မဟုတ်ဘူး… ဝေဖန်သုံးသပ်ချင်ရုံ သက်သက်ပဲ…”
ချင်မူ သူ့ကို စိုက်ကြည့်လိုက်၏။ ဖိုရှင်းက စိတ်ထားမြင့်မြတ်၍ လိမ်ညာသည့်အသွင် မပေါ်ချေ။
သူပြုံး၍ ပြောလိုက်သည်။ “အဲဒါဆိုလည်း ဖိုကျစ် ဆက်ဝေဖန်နိုင်ပါတယ်…”
ဖိုကျစ်က မဟာမိုးခြိမ်းသံကျောင်းတော်မှ ထွက်လာသည့် လမ်းတစ်လျှောက်လုံး ဆက်လက် ဖတ်ရှုလာ၏။ “ဒကာလေးတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာနတ်ဆိုးဆိုတဲ့ စကားလုံးနဲ့ တကယ်လိုက်ဖက်တာပဲ… ဒီကျမ်းစာမှာပါတဲ့ အယူအဆတွေက မိစ္ဆာဓာတ်ပြင်းထန်လွန်းသလို ကျင့်စဉ်၊ သိုင်းကွက်၊ ကောင်းကင်နတ်သိုင်း မှန်သမျှကလည်း အတော်လေး တုန်လှုပ်ချောက်ချားဖို့ ကောင်းတယ်… ဒီအသုဘပို့ကျင့်စဉ်လို့ခေါ်တဲ့ ကျင့်စဉ်ကိုပဲကြည့်၊ ဒါလေး လေ့ကျင့်ချင်တာနဲ့ မိသားစုတစ်ခုလုံး သုတ်သင်ရှင်းလင်းရမှာ မဟုတ်လား…”
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ဒီကျင့်စဉ်က တပည့်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၊ သုဘရာဇာခန်းမရဲ့ ကျင့်စဉ်ပါ… သူတို့လေ့ကျင့်တာက စက္ကူလူရုပ်နဲ့ စက္ကူမြင်းရုပ်တွေပဲ… သူတို့က လူတွေကို ကူညီပြီး အသုဘပွဲတွေ စီစဉ်ပေးတယ်၊ သရဲတစ္ဆေတွေ နှင်ပေးတယ်၊ ကျန်ရစ်သူတွေအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးတယ်… ဖိုကျစ်၊ မကောင်းမြင်တဲ့ စိတ်အခံနဲ့ ဖတ်မှာဆိုရင် ကျမ်းစာကို ဆက်မဖတ်တာ ကောင်းလိမ့်မယ်… မဟုတ်ရင် ကိုယ်တော့်ရဲ့ ဗုဒ္ဓနှလုံးသား စွန်းထင်းပျက်စီးသွားနိုင်တယ်…”
ဖိုရှင်းက ရယ်မောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်က ဒကာလေးကို တထာဂတရဲ့ မဟာယာနသုတ္တန် တစ်ခုလုံး ပြလိုက်တယ်၊ ဒကာလေးကကျတော့ ကိုယ်တော့်ကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ မဖတ်စေချင်တော့ဘူးတဲ့လား…”
ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ကောင်းပါပြီ၊ ကိုယ်တော် စိတ်တိုင်းကျသာ ဖတ်ပါ…”
သူတို့နှစ်ယောက်သား တောင်အောက်သို့ ဆက်ဆင်းလာကြ၏။ ဖိုရှင်းမှာ ဖတ်ရင်းဖတ်ရင်းနှင့် ခေါင်းတယမ်းယမ်း ပိုဖြစ်လာသည်။ တောင်ခြေသို့ ရောက်သောအခါ ညသန်းခေါင်ယံအချိန် ရောက်နေပေပြီ။ သို့သော်လည်း ဖိုရှင်းက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ တစ်ဝက်ကျော်ကျော်သာ ဖတ်ရှုပြီးစီးသေး၏။
ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖြစ်၏။ အခြားတစ်ဘက်သို့ ဆင်းလျှင်တော့ မဟာမြို့ပျက်သို့ ရောက်ရှိမည် ဖြစ်သည်။ သို့သော်လည်း ဤအချိန်၌ အမှောင်ထုကြီး ဖုံးလွှမ်းနေမည် ဖြစ်သဖြင့် မဟာမြို့ပျက်သို့ ခြေချ၍ ရဦးမည် မဟုတ်ပေ။
အချိန်က နှစ်သစ်ကူးကာလ ကုန်ဆုံး၍ နှစ်သစ်၏ ဒုတိယမြောက်လသို့ ရောက်နေချေပြီ။ ကောင်းကင်ယံတွင်တော့ ကြယ်များနည်းပါး၏။ သို့သော်လည်း လခြမ်းကွေးကွေးလေးက ထိန်ထိန်သာ၍ အေးမြသော အလင်းရောင် ဖြန့်ကျက်ခြုံလွှမ်းထားသည်။
ဤနေရာက မဟာမိုးခြိမ်းသံကျောင်းတော်အနီးတွင် ဖြစ်၍ တိမ်တိုက်မည်းများ မရှိချေ။ ကောင်းကင်ယံက ကြည်လင်နေ၏။
အနီးအနားတွင် ဗုဒ္ဓဝါဒကို ကိုးကွယ်သော ရွာငယ်လေးများ ရှိသည်။ ဤနေရာရှိ မြေယာများက မဟာမိုးခြိမ်းသံကျောင်းတော်၏ အပိုင်ဖြစ်သည့်အတွက် နေထိုင်သူအများစုက လယ်သမားများ ဖြစ်ကြ၏။ သူတို့အနေဖြင့် မြေယာများတွင် ကောက်ပဲသီးနှံစိုက်ပျိုးခြင်းအတွက် နန်းတွင်းသို့ မြေခွန်ယာခွန် ဆောင်ရန်မလိုဘဲ မဟာမိုးခြိမ်းသံကျောင်းတော်သို့သာ လှူဒါန်းပူဇော်ကြရသည်။
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရန် ဆုံးဖြတ်လိုက်၏။ ထိုသို့ဆုံးဖြတ်လိုက်သည့် ပထမအကြောင်းရင်းမှာ ကျင့်ကြံမှုများ ဆက်လက်ပြုလုပ်ရန် ဖြစ်ပြီး ဒုတိယအကြောင်းရင်းမှာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို စီမံခန့်ခွဲရန် ဖြစ်သည်။ လီထျန်းရှင်မှာလည်း ဗုဒ္ဓတစ်ထောင်စေတီမှ လွတ်မြောက်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက် ပြေးသွားသည် မဟုတ်လား။
တောင်တံခါးမုခ်ဝသို့ ရောက်လာသည်အထိ ဖိုရှင်းက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဖတ်ရှုနေဆဲ ရှိ၏။ တောင်တံခါးမုခ်ဝကို စောင့်ကြပ်သော ရဟန်းက မီးအိမ်တစ်လုံး ချိတ်ဆွဲ၍ ထိုင်နေပြီး သူ့ဘေးတွင် မီလုသမင်မျိုး ဆန်းကြယ်သားရဲတစ်ကောင် အိပ်စက်နေသည်။
အနီးအနားတွင် အမှုထမ်းတချို့ ရှိပြီး သူတို့ကို မြင်သောအခါ ထရပ်လာ၏။ ဖိုကျစ်ဖိုရှင်းက သွား၍ စုံစမ်းမေးမြန်းသောအခါ အမှုထမ်းတစ်ယောက်က ဖြေကြားသည်။ “တပည့်တော်တို့က အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်အမှုထမ်းတွေပါ၊ သာမန်လူတွေ ဖြစ်တဲ့အတွက် အထဲ ဝင်ခွင့်မရဘဲ ကျောင်းတော်ပြင်ပက စောင့်နေရတာပါ…”
“ကိုယ်တော်က မိစ္ဆာဂိုဏ်းသခင်ကို တောင်အောက်လိုက်ပို့ရမှာမို့လို့ ဒကာတော်တို့နဲ့ အဖော်ပြုမပေးနိုင်တော့ပါဘူး၊ ခွင့်ပြုပါဦး…”
ဖိုရှင်းက မီလုသမင်ကြီးကို ခေါ်၍ တက်စီးလိုက်၏။ “ဂိုဏ်းသခင်ချင်၊ ကိုယ်တော် ဖတ်ပြီးဖို့ နောက်ထပ်တစ်နာရီလောက် လိုဦးမယ်… ဂိုဏ်းသခင် စိတ်မရှိဘူးဆိုရင် ကိုယ်တော် ဂိုဏ်းသခင်နဲ့ လိုက်ခဲ့ချင်သေးတယ်… ကိုယ်တော်တို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဒီမီလုသမင်က ဓမ္မတရားတွေကို နှစ်ပေါင်းများစွာ နာယူပြီး နက်ရှိုင်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိတာမို့လို့ ဒကာလေးရဲ့ နဂါးချီလင်ကို အမီလိုက်နိုင်မှာပါ…”
ချင်မူက ပြုံးပြလိုက်သည်။ “အဲလိုဆို အကောင်းဆုံးပါပဲ…”
မီလုသမင်နှင့် နဂါးချီလင်တို့က ယှဉ်၍ ပြေးလွှားနေပြီး မင်ရှင်းကိုယ်တော်က ဗုဒ္ဓရောင်ခြည်များ ထုတ်လွှတ်ကာ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဆက်လက်ဖတ်ရှုလိုက်၏။
“မိစ္ဆာဂိုဏ်းသခင်ဆိုပါလား…” အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းများ မျက်လုံးအရောင်တောက်သွားပြီး မေးမြန်းလိုက်သည်။ “ဘယ်မိစ္ဆာဂိုဏ်းသခင်လဲ၊ ကိုယ်တော်…”
တောင်တံခါးမုခ်ဝကို စောင့်ကြပ်နေသည့် ရဟန်းက ဖြေလိုက်၏။ “ဘယ်ဂိုဏ်းသခင်ဖြစ်ရမှာလဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ပေါ့… သူ ကျောင်းပေါ်ကို လာသောင်းကျန်းလို့ ဒီကရဟန်းတချို့ သာမန်လူဘဝကို ပြောင်းကုန်ကြပြီ… ဒီရက်ပိုင်းအတွင်း လူ့ဘဝပြောင်းကုန်တဲ့ ရဟန်းတွေ မနည်းဘူး၊ ကိုယ်တော့်ရဲ့ ဂိုဏ်းတူဦးလေးတချို့တောင် ပါသေးတယ်…”
အမှုထမ်းများက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ “ငါတို့တော့ ပွပေါက်တိုးတာပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းက စွန်းနန်ထိုကို သတ်ပြီး နန်ထိုကျောင်းတော်ကို အမြစ်ပြတ်ရှင်းပစ်ခဲ့တာ… ဒီနေရာမှာ မိစ္ဆာဂိုဏ်းသခင်ကို တွေ့ရမယ်လို့ မမျှော်လင့်ခဲ့မိဘူး… သွားကြစို့၊ ငါတို့ငွေထုပ်ကြီးကို သွားယူကြစို့…”
“သူတော်ကောင်းတို့၊ လူသတ်ဒုစရိုက်မှုကို မကျူးလွန်ကြနဲ့… ဖိုကျစ်ကို ထိခိုက်အောင် မလုပ်မိပါစေနဲ့…” မုခ်တံခါးစောင့် ရဟန်းက စိုးရိမ်တကြီး သတိပေးလိုက်၏။
အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းများက ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့ ကိုယ်တော်…”
ချင်မူက နဂါးချီလင်၏ နောက်ကျောပေါ်တွင် ထိုင်၍ ကောင်းကင်ယံမှ လမင်းကြီးကို တစ်ချိန်လုံး ကြည့်နေ၏။ ယခုက ဒုတိယလ၏ ရှစ်ရက်မြောက်နေ့ ဖြစ်သဖြင့် လခြမ်းကွေးက အတော်လေး ခွက်ဝင်နေချေပြီ။
များမကြာမီ ဖိုကျစ်က သက်ပြင်းတစ်ချက်ချ၍ ချင်မူ့ကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ ပြန်ပေးလိုက်သည်။ “နောက်ဆုံးတော့ ကိုယ်တော် ဖတ်လို့ပြီးသွားပြီ… ဒီကျမ်းစာက တကယ့်ကို ဂန္တဝင်မိစ္ဆာကျမ်းစာပဲ… ဂိုဏ်းသခင်ချင်၊ ကောင်းကင်ပေါ်က လမင်းကို ဘာလို့ တစ်ချိန်လုံး ကြည့်နေရတာလဲ…”
“မဟာမြို့ပျက်မှာ လမင်းမရှိဘူး…” ချင်မူက သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အသာအယာ ထိကိုင်လိုက်၏။ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက ချည်လုံးတစ်လုံးအဖြစ် ပြန်ကျုံ့ဝင်သွားသည်။ “အဲဒါကြောင့် ကောင်းကင်မှာ လမင်းကို မြင်တိုင်း သိပ်လှတယ်လို့ ခံစားရပြီး ကြည့်နေမိတာ… ပြီးတော့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ နယ်နိမိတ်ကို သိချင်တာလဲ ပါတယ်…”
ဖိုရှင်းမှာ မှင်တက်မိသွားပြီး စိတ်ဝင်တစား မေးမြန်းလိုက်၏။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ နယ်နိမိတ် ဟုတ်လား…”
ချင်မူက ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ယံမှ လမင်းကြီး တိမ်တိုက်များ ဖုံးလွှမ်းပိတ်ဆို့သွားသည်ကို မြင်သောအခါ နဂါးချီလင်၏ ကျောပေါ်မှ ခုန်ချလိုက်၏။ ဤနေရာက တစ်ခြမ်းတွင် လရောင်လင်း၍ တစ်ခြမ်းတွင် အမှောင်ထု ဖုံးလွှမ်းနေသည်။
“မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ နယ်နိမိတ်က ဒီနေရာမှာပဲ ဖြစ်လိမ့်မယ်… တစ်ချက်ကြည့်ကြည့်၊ ဖိုကျစ်… မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဘုန်းတော်ကြီးတွေက သူတို့ပိုင်နက်ထဲမှာရှိတဲ့ တိမ်တိုက်မည်းတွေအကုန်လုံးကို ဖယ်ရှားထားတာဆိုတော့ ဒီနေရာမှာရှိတဲ့ တိမ်တိုက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာဘက်က တိမ်တိုက်တွေပဲ ဖြစ်လိမ့်မယ်…”
ဖိုရှင်းလည်း မီလုသမင်ကြီး၏ ကျောပေါ်မှ ခုန်ဆင်း၍ ကောင်းကင်ကိုတစ်လှည့်၊ မြေကြီးကိုတစ်လှည့် ကြည့်ရင်း တအံ့တဩ ပြောလိုက်သည်။ “မဟာမိုးခြိမ်းသံကျောင်းတော်မှာ နယ်နိမိတ်ရှိမှန်း မသိခဲ့ဘူး… အဲဒါဆို ဒီနားမှာ နယ်နိမိတ်အမှတ်အသား တစ်ခုခု ရှိမှာပဲ…”
ချင်မူ၏ စပ်စုလိုစိတ်များ ခေါင်းထောင်ထလာပြီး ပြုံးလိုက်၏။ “ရှာကြည့်ကြမလား…”
ဖိုရှင်းမှာလည်း လူငယ်တစ်ယောက်၏ စိတ်မျိုး ပေါ်လာဟန်ရှိပြီး သူတို့နှစ်ယောက်သား စတင်ရှာဖွေကြတော့သည်။ အတန်ကြာသောအခါ ပဲ့ကျနေသော တောင်ထွတ်နံရံတစ်ခုကို တွေ့လိုက်ကြ၏။ ကိုက်သုံးဆယ်ခန့်မြင့်သော တောင်ထွတ်မှာ တစ်ဝက်ခန့်သာ အကောင်းအတိုင်း ကျန်တော့ပြီး တောင်နံရံ၌ စာများ ရေးထွင်းထားသည်။ ထိုစာများက ဤနေရာသည် မဟာမိုးခြိမ်းသံကျောင်းတော်၏ နယ်နိမိတ်ဖြစ်ကြောင်း ဖော်ပြနေ၏။
ဖိုရှင်းက လက်ခုပ်လက်ဝါးတီး၍ ရယ်မောလိုက်သည်။ “နယ်နိမိတ်အမှတ်အသားကျောက်တုံး တကယ်ရှိနေတာပဲ… ကိုယ်တော်က မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရဟန်းတစ်ပါး ဖြစ်ပေမဲ့ တခြားရဟန်းအကြီးတွေ ဒီအကြောင်းပြောတာ တစ်ခါမှ မကြားခဲ့ဖူးဘူး… ဂိုဏ်းသခင်ချင်၊ ကိုယ်တော်ကြားဖူးတာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းက စိတ်နှလုံးကို မလေ့ကျင့်သလို အသုံးပြုတဲ့ ကျင့်စဉ်သိုင်းကွက်တွေကလည်း စိတ်အခြေအနေ ခိုင်ကျည်အောင် ကျင့်ကြံစရာမလိုဘူးတဲ့… ဒကာလေးတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဉ်တွေက စိတ်နှလုံးကို လေ့ကျင့်စရာ မလိုတဲ့အတွက် တိုးတက်နှုန်း မြန်ပေမဲ့ အဲဒါကြောင့်ပဲ အလွယ်တကူ မိစ္ဆာနတ်ဆိုး အပူးခံရတာလို့ ဆိုကြတယ်…”
ချင်မူက နယ်နိမိတ်ကျောက်တုံးအောက်တွင် ရပ်၍ မော့ကြည့်ပြီး ရေးထွင်းထားသော စာလုံးများကို လေ့လာနေ၏။ “အဲလို ပြောကြတာပဲ…”
ဖိုရှင်း၏ မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ “ဗုဒ္ဓဂိုဏ်းရဲ့ ကျင့်စဉ်တွေက စိတ်နှလုံးကို လေ့ကျင့်တာဆိုတော့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ လေ့ကျင့်နှုန်း မြန်တာနဲ့ ပေါင်းလိုက်ရင် ပြီးပြည့်စုံမသွားနိုင်ဘူးလား…”
ချင်မူက နယ်နိမိတ်ကျောက်တုံးပေါ်မှ စာသားများကို ကြည့်ရှုစစ်ဆေးနေဆဲ ရှိပြီး စိတ်နှင့်ကိုယ် မကပ်ဘဲ ပြန်ပြောလိုက်၏။ “ဒါတော့ တပည့်တော်လည်း မသိဘူးဘုရား…”
ဖိုရှင်းက ချင်မူ၏ နောက်ကျောကို စိုက်ကြည့်လိုက်သည်။ ချင်မူကတော့ ကျောက်စာများကို ကြည့်နေ၏။ သူတို့နှစ်ယောက်သား စကားထပ်မဆိုဖြစ်ကြတော့ချေ။
ရုတ်တရက် ဗုဒ္ဓအလင်းတန်းများ တောက်ပလင်းလက်လာပြီး သိပ်သည်းထူထပ်သည့် မိစ္ဆာချီစွမ်းအင်တစ်ခုလည်း ထိုးတက်လာ၏။ နယ်နိမိတ်ကျောက်တုံးအောက်တွင် ဗုဒ္ဓနှင့် မိစ္ဆာနတ်ဆိုး၊ အလင်းနှင့်အမှောင် ကမ္ဘာလောကကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ထွက်ပေါ်လာပြီး ဘုန်းခနဲ ထိပ်တိုက်တွေ့သွားသည်။
ချင်မူက နောက်သို့လှည့်လာပြီး သူ၏ ခေါင်းနောက်ဘက်၌ ဗုဒ္ဓရောင်ခြည်များ တောက်ပစွာ လင်းဖြာနေ၏။ သူ့အသွင်က အဝါရောင်သင်္ကန်းကို ဆင်မြန်းထားသည့် ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ရှိပြီး ခြေလက်လှုပ်ရှားမှုတိုင်း၌ မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာသည်။ သူအသုံးပြုလိုက်သည်က တထာဂတ၏ မဟာယနသုတ္တန် ဖြစ်၏။ ထိုအခိုက်၌ ဖိုရှင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင်တော့ မိစ္ဆာမီးလျှံများ ဝန်းရံပြီး ရန်လိုရိုင်းစိုင်းသည့် မိစ္ဆာချီစွမ်းအင်များ စိမ့်ဖြာထွက်နေသည်။ သူအသုံးပြုသည်က ကမ္ဘာမြေမှုန်ဖန်ဆင်းပညာ ဖြစ်၏။
နယ်နိမိတ်ကျောက်တုံးအောက်တွင် သူတို့နှစ်ယောက်သား စကားတစ်ခွန်းမျှမဆိုဘဲ ရုတ်တရက် တိုက်ခိုက်လိုက်ကြသည်။ ချင်မူ၏ ချီစွမ်းအင်က သူ၏ ဦးခေါင်းထက်တွင် တိမ်တိုက်များ ဖန်ဆင်းလိုက်၏။ ထိုတိမ်တိုက်ထဲ၌ ဗုဒ္ဓအသင်္ချေ သီတင်းသုံးနေသည့် ကောင်းကင်ဘုံငါးဆင့်ကို ခပ်ရေးရေး မြင်တွေ့ရသည်။ ဖိုရှင်း၏ ခန္ဓာကိုယ်မှ မိစ္ဆာမီးလျှံများကလည်း တရှိန်ရှိန် တောက်လောင်ပြီး ပို၍ ပို၍ အားကောင်းလာ၏။
သူတို့နှစ်ယောက်က မဟာမိုးခြိမ်းသံကျောင်းတော်၏ နယ်နိမိတ်ကျောက်တုံးအောက်တွင် ယုန်များကဲ့သို့ ခုန်ပေါက်၍ သိမ်းငှက်များကဲ့သို့ ပျံဝဲတိုက်ခိုက်နေကြသည်။ ရုတ်တရက် ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ဖိုရှင်း အင့်ခနဲ ညည်းညူ၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်သွား၏။ ချင်မူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လက်ဝါးဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်သည်။ သူ၏ ရိုက်ချက်တိုင်းက မဟာမိုးခြိမ်းသံကျောင်းတော်၏ နယ်နိမိတ်ကျောက်တုံးကဲ့သို့ လေးလံပြင်းထန်လှ၏။
ဖိုရှင်းက နောက်သို့ အဆက်မပြတ် ဆုတ်နေရပြီး သူ၏ မျက်လုံး၊ နားရွက်၊ ပါးစပ်၊ နှာခေါင်းမှ သွေးများ ယိုစီးကျနေသည်။
ဘုန်း…။
ချင်မူက နောက်ထပ် လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ချလိုက်၏။ သူ့အသွင်က မသိသားဆိုးဝါးလှသော ကမ္မမီးလျှံများကို ရိုက်ပုတ်နေသည့် ဗုဒ္ဓမြတ်စွာတစ်ပါးကဲ့သို့ ရှိနေသည်။ ဖိုရှင်းက သူ့လက်နှစ်ဖက်ကို မြှောက်၍ တားဆီးလိုက်သော်လည်း အရိုးကျိုးသံ တဂျွတ်ဂျွတ်သာ ထွက်ပေါ်လာ၏။ နောက်သို့ ထပ်အဆုတ်တွင် နယ်နိမိတ်ကျောက်တုံးနှင့် ကျောကပ်သွားသဖြင့် သူ့စိတ်ဓာတ်များ အဆုံးထိ ကျဆင်းသွားသည်။
ဘုန်း…။
ချင်မူက ထပ်၍ ရိုက်ချလိုက်၏။ ဖိုရှင်းမှာ အင့်ခနဲ ထပ်ညည်းညူ၍ နယ်နိမိတ်ကျောက်တုံးအောက်သို့ ဖင်ထိုင်ကျသွားသည်။ သူ့လက်ကို ကမန်းကတန်း မြှောက်၍ တားဆီးလိုက်၏။ “ငါအရှုံးပေးပြီ၊ ငါအရှုံးပေးပြီ…”
ချင်မူက လက်သီးကို မြှောက်၍ တစ်ချက်ပြီးတစ်ချက် ထိုးချလိုက်သည်။ တစ်ခဏကြာသောအခါမှ ထရပ်၏။ ဖိုရှင်းမှာ တစ်ကိုယ်လုံး သွေးခြင်းခြင်းနီ၍ ကျန်ခဲ့သည်။
“မင်းရဲ့ မိစ္ဆာစိတ်က ပြင်းထန်လွန်းတယ်… မင်းကို အသက်ရှင်ခွင့်ပေးလိုက်တာက နောင်တစ်ချိန် မဟာမိုးခြိမ်းသံကျောင်းတော်ကို ဘယ်လိုဖျက်ဆီးမလဲ ကြည့်ချင်လို့ပဲ…” ချင်မူက သူ့လက်သီးများကို ပြန်ရုပ်သိမ်းလိုက်၏။ သူ့လက်နှစ်ဖက်စလုံးမှ သွေးတစက်စက် စီးကျနေသည်။ လူရုပ်မပေါ်တော့သော ဖိုရှင်းကို ကြည့်၍ သူ ခပ်တိုးတိုး ပြောလိုက်၏။ “မင်းက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ပါတဲ့ ပညာရပ်တိုင်းကို အဓိပ္ပာယ်လွဲမှား ဖွင့်ဆိုနေတာ… မိစ္ဆာနတ်ဆိုးထက်တောင် မိစ္ဆာဆန်နေသေးတယ်… မင်းကို အသက်ရှင်ခွင့် ပေးထားရင် မဟာမိုးခြိမ်းသံကျောင်းတော်က မင့်လက်ထဲမှာ ပျက်စီးသွားမှာ အသေအချာပဲ…”
ဖိုရှင်းက အသက်ရှူနေသေးပြီး တစ်စုံတစ်ခု ပြောတော့မည်ပြုစဉ် ဓားရောင်တစ်ချက် လက်ခနဲ တိုးဝင်လာသည်။ ထိုဓားက သူ၏ မျက်ခုံးနှစ်ခုအလယ်မှတစ်ဆင့် ဦးခေါင်းခွံကို ထိုးဖောက်ပြီး နယ်နိမိတ်ကျောက်တုံးထိ စိုက်ဝင်သွား၏။
ဝမ်းသာအားရ ပြောဆိုသံတစ်သံ ကြားလိုက်ရသည်။ “နောက်ဆုံးတော့ မိစ္ဆာဂိုဏ်းသခင် သေသွားပြီ… ဒီအယုတ်တမာကောင်ရဲ့ မိစ္ဆာအားက အတော်ကောင်းတာပါလား…”
“ဖိုကျစ်က အတော်လေး စိတ်သဘောထားပျော့တာပဲ… အသေမသတ်ဘဲ အညှာပေးနေသေးတယ်…”
အခြားတစ်ယောက်က ရယ်မောလိုက်၏။ “အဲဒီတော့ မိစ္ဆာဂိုဏ်းသခင်ကို လက်စသိမ်းပေးတဲ့သူက ငါတို့ ဖြစ်သွားတာပေါ့… သူ့ခေါင်းကို သွားဖြတ်ပြီး အိမ်ရှေ့မင်းသားဆီမှာ ဆုတော်လဘ်တော် ထုတ်ယူကြစို့…”