တာအိုဓားကိုဖိတ်ခေါ်၍ အစစ်အမှန်နဂါးကို သတ်ဖြတ်ခြင်း
Vol. 19 Ch. 256
ချင်မူမှာ မျက်လုံးများ ပြူးကျယ်၍ ကျောက်ရုပ်သဖွယ် ဖြစ်သွားပြီး ရယ်ရမလို ငိုရမလို ခံစားလိုက်ရ၏။ ထိုဓားအလင်းတန်းက သူ့ဘေးမှ ဖြတ်၍ ဖိုရှင်း၏ မျက်ခုံးနှစ်ခုအလယ်သို့ ထိုးဖောက်ပြီး ဦးခေါင်းခွံထဲထိ စိုက်ဝင်သွားသည်။ သူ ဟန့်တားချင်လျှင်ပင် မမီတော့ချေ။
ဤအလစ်အငိုက်ဝင်လာသည့် ဓားချက်၏ ရည်ရွယ်ရာက သူ့ကို သတ်ရန် ဖြစ်၏။ သို့သော်လည်း ဖိုရှင်းနှင့်သူ တိုက်ခိုက်ရာ၌ သူက တထာဂတ၏ မဟာယာနသုတ္တန်ကို အသုံးပြုသဖြင့် ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေပြီး ဖိုရှင်းက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အသုံးပြုသဖြင့် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ လွှမ်းခြုံနေသည်။
ဤဓားပျံပိုင်ရှင်က သူတို့နှင့် တစ်မိုင်ကျော်တွင် ရှိနေပြီး မှိန်ပျပျလရောင်အောက်တွင် မည်သူမည်ဝါ မသဲကွဲဘဲ အဝေးမှ မြင်ရသည့် အလင်းတန်းများပေါ် မူတည်၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းများ ဖြစ်သည့်အတွက် ထိုသူတို့၏ စွမ်းရည်က အလွန်တရာ မြင့်မားပြီး လမ်းမှန်ဓားသိုင်းကို လေ့ကျင့်ထားကြသည်။ ထို့အပြင် ဖိုရှင်းက ချင်မူ၏ လက်ချက်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ အသက်ဆုံးရှုံးသွားရ၏။
နယ်နိမိတ်ကျောက်တုံး၏ ဘေးတွင် နဂါးချီလင်က မီလုသမင်ကြီးကို စိုက်ကြည့်နေသည်။ ဤဆန်းကြယ်သားရဲနှစ်ကောင် မတိုက်ခိုက်ရမီမှာပင် တိုက်ပွဲက ပြီးဆုံးသွား၏။
ချင်မူက ဖိုရှင်းကို သတ်ဖြတ်ခြင်းမပြုကြောင်း တွေ့ရသဖြင့် မီလုသမင်ကြီး စိတ်အေးသွားခိုက်တွင် မည်သည့်နေရာမှ မသိသော ဓားရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသဖြင့် တုံ့ပြန်လှုပ်ရှားရန် အချိန်မရလိုက်ပေ။
ထိုအခိုက်၌ လူရိပ်များ ပျံဝဲရောက်ရှိလာ၏။ ချင်မူက နှစ်ခါပြန် မတွေးတော့ဘဲ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။ မီလုသမင်ကြီးမှာ ဖိုရှင်းသေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် သူ့စိတ်အလျဉ်တစ်ခုလုံး ရှုပ်ထွေးပြီး နဂါးချီလင်ကို တားဆီးနိုင်ခြင်း မရှိချေ။
ချင်မူ ကျောပေါ်သို့ ရောက်လာသည်နှင့် နဂါးချီလင်၏ ခြေထောက်အောက်၌ မီးလျှံတိမ်တိုက်များ ထွက်ပေါ်လာပြီး အလျင်အမြန် ပြေးထွက်သွား၏။
“အဲခေါင်းပြတ်က ငါ့ဟာ…” အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းတစ်ယောက်က အော်ဟစ်လိုက်သည်။ “ဘယ်သူမှ ငါ့ဝေစုကို လုဖို့မကြံနဲ့…”
ထိုသူက နယ်နိမိတ်ကျောက်တုံးအောက်သို့ ရောက်လာပြီး ဖိုရှင်း၏ မျက်ခုံးနှစ်ခုအလယ်မှ သူ့ဓားကို ဆွဲနှုတ်လိုက်၏။ ထို့နောက် ခေါင်းဖြတ်ယူရင်း မှင်တက်မိသွားသည်။ “ဘာလို့ မိစ္ဆာဂိုဏ်းသခင်က ဆံပင်မရှိရတာလဲ…”
အခြားအမှုထမ်းများလည်း အပြေးအလွှား ရောက်ရှိလာ၏။ သူတို့မှာ ဖိုကျစ်က နဂါးချီလင်ပေါ် တက်စီး၍ ပြေးထွက်သွားပြီး မဟာမိုးခြိမ်းသံကျောင်းတော်၏ တောင်တံခါးစောင့် မီလုသမင်ကြီးက မလှုပ်မယှက် တွေတွေကြီး ရပ်နေသည်ကို တွေ့ရသဖြင့် နားမလည်နိုင် ဖြစ်သွား၏။
ထိုအခိုက်၌ နဂါးချီလင်၏ ကျောပေါ်တွင် စီးနင်းသွားသူက သူတို့ဘက် ခေါင်းလှည့်၍ ပြုံးပြလာသည်။ အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းများမှာ လရောင်အောက်မှ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၏ အပြုံးကို မြင်တွေ့သည်တွင် သူတို့တစ်ကိုယ်လုံး ချောက်နက်ကြီးထဲသို့ ထိုးကျသွားသလို ခံစားလိုက်ရ၏။
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်…”
အိမ်ရှေ့မင်းသား၏ နောက်လိုက်အမှုထမ်းများမှာ နောက်ဆက်တွဲ ပြဿနာကို စဉ်းစားမိပြီး အေးစက်တောင့်တင်းသွားသည်။ နဂါးချီလင်ကို စီးနင်းသွားသူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဟုဆိုလျှင် နယ်နိမိတ်ကျောက်တုံးအောက်၌ လဲလျောင်းနေသူ ဖြစ်နိုင်စရာမှာ တစ်ဦးတည်းသာ ရှိ၏။
သူတို့ နောက်ဘက်သို့ အတောင့်သား လှည့်အကြည့်တွင် မည်သည်ကို လုပ်ရမည်မှန်း မသိဘဲ ဓားကိုင်၍ ကြောင်ငေးငေး ရပ်နေသော နောက်လိုက်အမှုထမ်းကို တွေ့လိုက်ရသည်။ ထိုသူက ဖိုရှင်း၏ မျက်ခုံးနှစ်ခုအလယ်မှ အပေါက်ကြီးကို လက်ဖြင့်ပိတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း အချည်းနှီးပင် ဖြစ်သည်။ ထို့နောက် ထရပ်၍ ရုပ်အလောင်းကို အဝေးသို့ ဆွဲယူသွားရန် ကြံစည်လိုက်၏။ သို့သော်လည်း နောက်ပြန်လှည့်အကြည့်တွင် သူ့ကို ကြည့်နေသော အခြားအမှုထမ်းများကို တွေ့လိုက်ရသည်။
ဤနောက်လိုက်အမှုထမ်းမှာ ကြံရာမရဖြစ်သွားပြီး နယ်နိမိတ်ကျောက်တုံး၏ အောက်မှ ဖိုကျစ်၏ အလောင်းကိုတစ်လှည့် အခြားအမှုထမ်းများကိုတစ်လှည့် ကြည့်လိုက်မိ၏။ ထို့နောက် ဖိုကျစ်၏ အလောင်းကို ပြန်ကြည့်လိုက်ပြန်သည်။
“ငါ ဘာလုပ်ရမှာလဲ…” သူ့အသံက ငိုတော့မလို ဖြစ်နေ၏။ “ငါတို့ ဒီနေရာကို အတူတူ လာခဲ့ကြတာ၊ မင်းတို့ ငါ့ကို တစ်ယောက်တည်း ထားခဲ့ဖို့ မကြံနဲ့… ငါ့နောက်ကျောကို ဓားနဲ့ထိုးရင် မင်းတို့လည်း လွတ်မှာမဟုတ်ဘူး… ဖိုကျစ်ကို သတ်တာက အပြစ်ကြီးပဲ၊ အိမ်ရှေ့မင်းသားက မင်းတို့အားလုံးကို အလွတ်ပေးလိမ့်မယ် မထင်နဲ့…”
အခြားအမှုထမ်းများလည်း မည်သို့ ဆက်လုပ်ရမှန်း မသိကြတော့ချေ။ ထိုအခိုက်၌ သူတို့ထဲမှ တစ်ယောက်က ခြောက်ကပ်ကပ်လေသံဖြင့် ပြောလိုက်သည်။ “ဒီလိုလုပ်ကြမလား… အလောင်းကို မီးရှို့၊ သဲလွန်စဖျောက်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အပေါ် အကုန်ပုံချလိုက်… သူ့အပြစ်တွေက နည်းတာမှ မဟုတ်ပဲ၊ တစ်ခုတိုးသွားလို့လည်း ပိုထူးမှာ မဟုတ်ဘူး…”
လူအုပ်ထဲမှ အခြားတစ်ယောက်က သတိပေးလိုက်၏။ “ဒါပေမဲ့ ဟိုမီလုသမင်ကြီးက အကုန်မြင်ထားတာလေ…”
သူတို့အားလုံး မီလုသမင်ကြီးကို လှည့်ကြည့်လိုက်ကြသည်။
“ဒီသမင်ကို သတ်လိုက်ရင် ဘယ်သူမှ မသိတော့ဘူးပေါ့…”
သူတို့အားလုံး ခုန်ဝင်တိုက်ခိုက်လိုက်ကြ၏။ မရေမတွက်နိုင်သော ဓားပျံများ ဓားအိမ်မှ ထွက်ပေါ်လာပြီး မီလုသမင်ကြီးအပေါ် မိုးသီးမိုးပေါက်ပမာ ကျရောက်သွားသည်။ မီလုသမင်ကြီး၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ခါ၍ အဆပေါင်းဒါဇင်ချီ ကြီးထွားပြီး ခန္ဓာကိုယ်အစစ်အမှန် ပေါ်ထွက်လာ၏။ ၎င်းက ဓားပျံများကို လျစ်လျူရှု၍ လူအုပ်ထံပြေးဝင်သွားသည်။ ဓားပျံများက သူ၏ အရေခွံကိုသာ ထိုးစိုက်နိုင်ပြီး ကိုယ်တွင်းအင်္ဂါများကို ထိခိုက်အောင် မပြုနိုင်ချေ။
ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး မီလုသမင်ကြီး၏ ဦးချိုက လူနှစ်ယောက်ကို ထိုးစိုက်၍ နယ်နိမိတ်ကျောက်တုံးနှင့် ဝင်ဆောင့်လိုက်၏။ နယ်နိမိတ်ကျောက်တုံးပေါ်တွင် သွေးစက်များ ထပ်မံစွန်းထင်သွားသည်။
အခြားနှစ်ယောက်မှာ တစ်မုဟုတ်ချင်း ထွက်ပြေးလိုက်သော်လည်း ဤမီလုသမင်ကြီးက သာမန်ဆန်းကြယ်သားရဲ မဟုတ်။ မြင်းမျက်နှာ၊ နွားခွာ၊ မြည်းအမြီး၊ သမင်ဦးချို ရှိပြီး မဟာမိုးခြိမ်းသံကျောင်းတော်၌ ဓမ္မတရားကို နှစ်ပေါင်းနှစ်ရာကျော် နာယူခဲ့ရသည့်အတွက် အလွန်တရာ ခွန်အားကြီးမားပြီး စွမ်းရည်မြင့်မားသည်။
သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သောအခါ သမင်ချိုများက လေထဲသို့ ပျံထွက်ပြီး ထွက်ပြေးသွားသူတစ်ယောက်၏ ရင်ဝသို့ ထိုးစိုက်သွား၏။ အခြားတစ်ယောက်ကိုတော့ နောက်မှ အမီလိုက်ပြီး နင်းသတ်ပစ်သည်။
ဤဆန်းကြယ်သားရဲကြီး ခေါင်းတစ်ချက် ထပ်ယမ်းလိုက်သောအခါ သူ့ခေါင်းပေါ်သို့ သမင်ချိုများ ပြန်လည်ရောက်ရှိလာ၏။ ထို့နောက် နယ်နိမိတ်ကျောက်တုံးအောက်ရှိ ဖိုကျစ်၏အလောင်းကို တစ်ချက်ကြည့်၍ မဟာမိုးခြိမ်းသံကျောင်းတော် ရှိရာဘက်သို့ သုတ်ခြေတင် ပြေးလွှားသွားတော့သည်။
ဤသတ္တဝါကြီး၏ ကိုယ်လုံးပေါ်ဤ ဓားပျံများ ဖုံးလွှမ်းနေသော်လည်း အပေါ်ယံဒဏ်ရာသာ ဖြစ်သဖြင့် ပြေးနှုန်းက လျော့ကျခြင်း မရှိချေ။
များမကြာမီ မိုးသောက်နေရောင်ခြည်များ လင်းလက်လာသည်။ ရဟန်းအိုကြီးအချို့ မီလုသမင်ကြီးနောက်မှ လိုက်၍ နယ်နိမိတ်ကျောက်တုံးရှိရာသို့ ရောက်ရှိလာကြ၏။ ထိုရဟန်းအိုကြီးများက တည်ကြည်လေးနက်သော အမူအရာဖြင့် အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ကြသည်။
“ဖိုကျစ်က ထင်မှတ်မထားဘဲ သေဆုံးသွားရတာ…”
အဝါရောင်သင်္ကန်းဝတ် ရဟန်းအိုကြီးက မျက်မှောင်ကြုတ်လိုက်၏။ “ဓားဒဏ်ရာက အိမ်ရှေ့မင်းသားနဲ့ ပါလာတဲ့ နောက်လိုက်အမှုထမ်းတွေရဲ့ လက်ချက်ပဲ… ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ ဓားသိုင်း မဟုတ်ဘူး… အဲဒီအမှုထမ်းတွေရဲ့ လက်နက်နဲ့ ဖိုကျစ်ရဲ့ ဒဏ်ရာကလည်း ထပ်တူကျတယ်… ဒါပေမဲ့ အခုအချိန်မှာ တထာဂတက တစ်လောကလုံးရဲ့ အနာဂတ်အတွက် အိမ်ရှေ့မင်းသားနဲ့ တိုင်ပင်ဆွေးနွေးနေတာ… အရာအားလုံး မူလအတိုင်း ပြန်ဖြစ်အောင် ဧကရာဇ်ယန်ဖုန်းရဲ့ ပြုပြင်ပြောင်းလဲမှုကို တည့်မတ်ပြီး မင်းဆက်ပြောင်းလဲရလိမ့်မယ်… ဒါက သိပ်ကို အရေးကြီးတဲ့ ဆွေးနွေးပွဲပဲ… ဒီကိစ္စကြောင့် အပျက်စီးခံလို့ မဖြစ်ဘူး…”
“ဖိုကျစ် ဆုံးပါးသွားရတာ ဝမ်းနည်းစရာပါပဲ… ဒါပေမဲ့ ဒါက သေမျိုးခန္ဓာတစ်ခုပဲ မဟုတ်လား… နောက်ဆုံးတော့ ဒုက္ခပင်လယ်မှာ ရုန်းကန်လှုပ်ရှားနေရတဲ့ အဖြစ်ကနေ လွတ်မြောက်သွားနိုင်ပြီပေါ့…”
အခြားရဟန်းတစ်ပါးကလည်း ဝင်ပြောလိုက်သည်။ “ဖိုကျစ်သေဆုံးတာကြောင့် အရေးကြီးတဲ့ အစီအစဉ် ပျက်ယွင်းခံလို့ မဖြစ်ဘူး… ဒီအဖြစ်အပျက်ကို တထာဂတဆီ အသိမပေးနဲ့၊ ငါတို့ ရဟန္တာဆောင်က ရဟန္တာတွေသိရင် လုံလောက်ပြီ…”
“ဒါပေမဲ့ ဖိုကျစ် ဆုံးပါးသွားသလို အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်တွေလည်း ဆုံးပါးသွားတာပဲ… ဒီအကြောင်းကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး…”
“ဒီကိစ္စတွေအကုန်လုံးက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ လက်ချက်လို့ တထာဂတနဲ့ အိမ်ရှေ့မင်းသားကို ငါတို့ ပြောကြတာပေါ့… ဖိုကျစ်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို စိတ်သဘောထားကောင်းကောင်းနဲ့ ကျောင်းတော်အပြင်ဘက် လိုက်ပို့ပေမဲ့ နယ်နိမိတ်ကျောက်တုံး ရောက်တဲ့အချိန်မှာ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဖိုကျစ်ကို အလစ်ချောင်း တိုက်ခိုက်သတ်ဖြတ်ပစ်တယ်၊ အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်အမှုထမ်းတွေက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကို သွားရောက်တားဆီးပေမဲ့ သူတို့လည်း ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတယ်…”
အဝါရောင်သင်္ကန်းဝတ် ရဟန်းအိုကြီး၏ အမူအရာ ကွက်ခနဲ ပျက်သွားပြီး အခြားရဟန္တာတစ်ပါးကလည်း လွှတ်ခနဲ အော်ဟစ်လိုက်၏။ “ရဟန်းဆိုတာ လိမ်လို့မရဘူး…”
အစောကစကားကို ဆိုလိုက်သည့် ရဟန်းအိုကြီး၏ မျက်ခုံးမွေးရှည်များ လှုပ်ခါသွားပြီး သက်ပြင်းခပ်လေးလေး ချလိုက်သည်။ “ကိုယ်တော်တို့ ဘာမှပြောဖို့ မလိုပါဘူး… တပည့်တော် ပြောပါ့မယ်… ပြောပြီးတာနဲ့ ရဟန်းဘဝကို စွန့်လွှတ်ပြီး ကျောင်းတော်ကနေ ထွက်ခွာသွားမယ်… မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အနာဂတ်နဲ့ယှဉ်ရင် တပည့်တော်ရဲ့ စင်ကြယ်တဲ့ဂုဏ်ပုဒ်က ဘာမှမဟုတ်တော့ပါဘူး…”
“သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်… နောင်တော်ကြီးရဲ့ စိတ်ထားက တကယ့်ကို ဖြောင့်မတ်မှန်ကန်တာပဲ…” ရဟန်းအားလုံးက လက်အုပ်ချီ၍ အရိုအသေပြုလိုက်ကြ၏။
…။
ရဟန္တာဆောင်မှ ရဟန်းများ မဟာမိုးခြိမ်းသံကျောင်းတော်သို့ ပြန်ရောက်သောအခါ တထာဂတက ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားနှင့် ပြောဆိုဆွေးနွေးပြီးသွားပြီ ဖြစ်သည်။ သူက လိုက်ပါပို့ဆောင်ရန် ထရပ်လိုက်၏။ “အရှင့်သားအနေနဲ့ ရွှေမြို့တော်ကို ချက်ချင်း ပြန်ပါ… ဧကရာဇ် နတ်ရွာစံပြီး လောကကြီးကို အုပ်ချုပ်စိုးစံမဲ့သူ မရှိချိန် အရှင့်သား မြို့တော်မှာ ရှိမနေရင် အခြားမင်းသားတွေ ထီးနန်းဆက်ခံသွားမှာကို ကိုယ်တော် စိုးရွံ့မိပါတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “အရှင်ဘုရားပြောတာ မှန်ပါတယ်ဘုရား...”
ထိုအခိုက်၌ မျက်ခုံးမွေးရှည်ရဟန်းက ရှေ့သို့တက်လာပြီး လျှောက်တင်လိုက်၏။ “သုံးလောကထွတ်ထားအရှင်ဘုရား၊ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က မကောင်းမှုဒုစရိုက်တွေ အများကြီး ကျူးလွန်နေပါပြီ... ဖိုကျစ်က သူ့ကို လိုက်ပို့ရင်း အသက်ဆုံးရှုံးခဲ့ရသလို အိမ်ရှေ့မင်းသားရဲ့ နောက်လိုက်အမှုထမ်းတွေလည်း ဖိုကျစ်ကို ကယ်ဆယ်ဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားရပါတယ်...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားမှာ ဒေါသအိုးပေါက်ကွဲသွား၏။ “ဒီမိစ္ဆာနတ်ဆိုးက ဒီလိုအမှုမျိုးတောင် ကျူးလွန်ရဲတယ်ပေါ့... ငါကိုယ်တော် သူ့ကို ဒုက္ခမပေးသေးတာတောင် ငါ့လူတွေကို လာသတ်တယ်... ဗုဒ္ဓဘုရား၊ ဒီမိစ္ဆာနတ်ဆိုးက ဖိုကျစ်ကိုတောင် သတ်ဖြတ်ရဲတာ၊ အတော့်ကို အတင့်ရဲစော်ကားတာပဲ... တပည့်တော်တို့ သူ့ကို ဒီလိုမျိုး အလွတ်ပေးထားလို့ မဖြစ်တော့ဘူးဘုရား...”
တထာဂတက ရဟန္တာဆောင်မှ ရဟန္တာများကို ကြည့်လိုက်သည်။ ထိုရဟန္တာများက စကားတစ်ခွန်းမျှ မဆိုဘဲ ခေါင်းတွင်တွင်သာ ငုံ့နေကြ၏။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင့်သား ဒုက္ခခံစရာမလိုပါဘူး၊ ရွှေမြို့တော်ကိုသာ အမြန်ဆုံးရောက်အောင် ပြန်ပါ... ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ ပတ်သက်တဲ့ကိစ္စကို မဟာမိုးခြိမ်းသံကျောင်းတော်က ဖြေရှင်းပါ့မယ်...” တထာဂတက မျက်ခုံးမွေးရှည်ရဟန်းအိုကြီးကို နွေးထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ “ချန်းမိန်၊ ရဟန္တာဆောင်မှာရောက်တာ ဘယ်လောက်ကြာပြီလဲ...”
“သုံးလောကထွတ်ထားအရှင်ဘုရား၊ နှစ်ပေါင်းနှစ်ရာနဲ့ကိုးနှစ် ရှိပါပြီဘုရား...”
တထာဂတက ရင်းနှီးနှစ်လိုသော အမူအရာဖြင့် မိန့်လိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်ကို မင်းဖြေရှင်းရမယ်၊ အဲဒီအတွက် သာမန်လူဘဝကို ပြန်သွားဖို့ မင်းကို ကိုယ်တော်ခွင့်ပြုပေးလိုက်မယ်...”
ချန်းမိန်ကိုယ်တော်မှာ ကြီးစွာ တုန်လှုပ်သွားသည်။ သူခေါင်းမော့ကြည့်လိုက်သောအခါ တထာဂတက တစ်ဘက်လှည့်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားနှင့် စကားပြောနေပြီ ဖြစ်၏။ “အရှင့်သား၊ ရွှေမြို့တော်ကို ပြန်ပါ၊ နောက်မကျစေနဲ့...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ခေါင်းညိတ်အရိုအသေပြု၍ တောင်အောက်သို့ အလျင်အမြန် ဆင်းသွားရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ “ဒီဗုဒ္ဓက မှန်းဆလို့ မရပါလား...”
ချန်းမိန်ကိုယ်တော်လည်း အထုပ်အပိုးများ ပြင်ဆင်၍ တောင်ပေါ်မှာ ထွက်ခွာလာ၏။ “တထာဂတက ငါလိမ်ပြောမှန်းသိလို့ အပြစ်ဝန်မခံရခင် မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်ခွာခွင့်ပြုလိုက်တာပဲ... အလုံးစုံကို သိမြင်တဲ့ ရွှေဉာဏ်ရှင် ပီသပါပေတယ်... ဒီလိုအဆင့်မျိုးကို ငါ့တစ်သက်လုံး ကြိုးစားရင်တောင် ရောက်နိုင်မှာ မဟုတ်ဘူး... ဒီခန္ဓာကိုယ်ကြီးကို အသုံးချပြီး မဟာမိုးခြိမ်းသံကျောင်းတော်အတွက် အကျိုးပြုနိုင်အောင် လုပ်ရမယ်...”
တောင်အောက်သို့ ရောက်၍ တစ်ခဏမျှ ခရီးနှင်အပြီးတွင် ကောင်းကင်ယံမှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။ “ချန်းမိန်ကိုယ်တော်၊ တပည့်တော်နဲ့ လိုက်ခဲ့ပါလား...”
ချန်းမိန်ကိုယ်တော် ခေါင်းမော့ကြည့်လိုက်သောအခါ ခမ်းနားထည်ဝါသည့် သင်္ဘောပျံတစ်စီး လေထဲတွင် ရပ်တန့်ထားသည်ကို တွေ့လိုက်ရ၏။ အိမ်ရှေ့မင်းသားက သင်္ဘောဦးထိပ်တွင် မတ်တတ်ရပ်၍ သူ့ကို ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
သူ့ရင်ထဲတွင် လှုပ်ရှားသွားပြီး တစ်မုဟုတ်ချင်း ကောင်းကင်ယံသို့ ခုန်တက်၍ သင်္ဘောပေါ်သို့ သက်ဆင်းကာ အရိုအသေပြု နှုတ်ဆက်လိုက်သည်။ “အရှင့်သား၊ ကျွန်တော်မျိုးက ရဟန်းမဟုတ်တော့ပါဘူး... ကျွန်တာ်မျိုးရဲ့ လူဘဝမျိုးရိုးနာမည်က စု၊ နာမည်ကတော့...” သူတစ်ခဏမှ ငိုင်တွေသွားပြီး ရယ်မောလိုက်၏။ “လူနာမည်မသုံးတာ နှစ်ပေါင်းနှစ်ရာကျော်ပြီဆိုတော့ မေ့သွားပြီ... ခွင့်လွှတ်ပါ အရှင့်သား...”
“ကိုယ်တော်က သာမန်လူဘဝကို ပြန်သွားပေမဲ့ ရဟန်းတစ်ပိုင်း လူတစ်ပိုင်းပါပဲ... တပည့်တော် ကိုယ်တော့်ကို စုချန်းမိန်လို့ပဲ ခေါ်လိုက်မယ်...” ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ပြောလိုက်သည်။
စုချန်းမိန်က ကျေးဇူးတင်စကားဆိုလိုက်၏။ “ကျွန်တော်မျိုး ဒီနာမည်ကိုပဲ သုံးလိုက်ပါ့မယ်... အရှင့်သား ကျွန်တော်မျိုးကို ဘာအတွက် ခေါ်တာပါလဲ...”
“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ပြောလိုက်သည်။ “မိစ္ဆာဂိုဏ်းရဲ့ ဒီမိစ္ဆာနတ်ဆိုးမှာ လှည့်ကွက်တွေ အများကြီး ရှိတယ်... စွန်းနန်ထိုကိုတောင် ခြေရာလက်ရာမပေါ်အောင် သတ်ဖြတ်သွားတာ... နန်းတွင်းကောလိပ်က ကျောင်းပိတ်ရက်ပေးတဲ့အချိန် သူ မဟာမြို့ပျက်ကို တစ်ယောက်တည်း ပြန်ဖို့လုပ်တော့ တစ်လောကလုံးက အဆင့်မြင့်ပညာရှင်တွေ သူ့ကို လိုက်သတ်အောင် သတင်းဖြန့်ခဲ့ပေမဲ့ အသက်ရှင်ရက် လွတ်သွားသေးတယ်... သူ့နောက်ကို လိုက်သွားတဲ့ အဆင့်မြင့်ပညာရှင်တွေ၊ ဆင်းရဲခြင်းယုတ္တိဂိုဏ်းက လုဝမ်ရှု၊ ခြေသလုံးအိမ်တိုင်ချင်းယွီ၊ ရဟန္တာဖူရှန်၊ ရသေ့ကြီးခူးယဲ့တို့အပြင် ရသေ့ကြီးချင်းရှန်တောင် အသတ်ခံလိုက်ရတာ... ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အင်အားက မဟာမိုးခြိမ်းသံကျောင်းတော်အောက် မကျဘူး... ကိုယ်တော်တစ်ယောက်တည်း သူ့နောက်လိုက်ရင် ကိုယ်တော်ပဲ ခံလိုက်ရမှာ တပည့်တော် စိုးရိမ်လို့ပါ...”
စုချန်းမိန်၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ လုဝမ်ရှု၊ ခြေသလုံးအိမ်တိုင်ချင်းယွီ ထိုသူများက ထင်ရှားကျော်ကြားသူများ ဖြစ်သည်။ အထူးသဖြင့် ရသေ့ကြီးချင်းရှန်မှာ သေခြင်းရှင်ခြင်းအဆင့် သမာသမတ်သိုင်းသမားတစ်ယောက် ဖြစ်၏။ ရသေ့ကြီး၏ စွမ်းရည်က သူ့အောက်နိမ့်ကျခြင်း မရှိပေ။
ရသေ့ကြီးချင်းရှန်ပင် အသတ်ခံလိုက်ရသည်တဲ့လား။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ထပ်ဖြည့်ပြောလိုက်သည်။ “တပည့်တော်က ကိုယ်တော့်ကို သတိပေးဖို့ စောင့်နေတာ... ကိုယ်တော် သွားသတ်မဲ့သူက တခြားလူမဟုတ်ဘူး... မိစ္ဆာလမ်းစဉ်ရဲ့ နံပတ်တစ်အထွတ်အမြတ်နယ်မြေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ပဲ... ကိုယ်တော် တပည့်တော်နဲ့ ရွှေမြို့တော်ကို လိုက်လာပြီး ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ရင် ပိုမကောင်းဘူးလား...”
စုချန်းမိန်က ခေါင်းညိတ်လိုက်၏။ “အရှင့်သား၊ ဖိုကျစ်အတွက် လက်တုံ့ပြန်ရပါမယ်...”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားက ပြုံးလိုက်သည်။ “တပည့်တော်က ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ ဦးခေါင်းတင်မကဘူး၊ ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းလုံးကို အမြစ်လှန်ပြီး အပြတ်ရှင်းပစ်ချင်တာ... ဒါကို မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း သဘောတူမှာ သေချာပါတယ်... စိတ်မပူပါနဲ့၊ ကိုယ်တော်က မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ရဟန္တာတစ်ပါး မဟုတ်တော့ပေမဲ့ တပည့်တော် နန်းတက်ပြီးတဲ့အခါ ကိုယ်တော့်ဂိုဏ်းကိုယ်တော် တည်ထောင်ပြီး ကိုယ်တော်ကိုယ်တိုင်ကျောင်းအုပ်၊ ကိုယ်တော်ကိုယ်တိုင်ဗုဒ္ဓ ဖြစ်လာစေရပါမယ်...”
...။
ခွန်းလွန်းယွီရှုတောင်၊ တာအိုဂိုဏ်း…။
တာအိုဂိုဏ်းသားတစ်ယောက် အပြေးရောက်လာပြီး တာအိုသခင်ကို လျှောက်တင်လိုက်၏။ “တာအိုသခင်၊ တထာဂတ ကြွလာပါတယ်…”
တာအိုသခင်က အလျင်အမြန် မေးလိုက်သည်။ “ဘယ်နှယောက် လာတာလဲ…”
“တစ်ယောက်တည်းပါ…”
တာအိုသခင် သက်ပြင်းချလိုက်၏။ “အဲဒါဆို တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူးပဲ… မြန်မြန် ဖိတ်ခေါ်လိုက်… မဟုတ်သေးဘူး၊ ငါကိုယ်တိုင် သွားဖိတ်ခေါ်လိုက်မယ်…”
တစ်ခဏကြာပြီးနောက် တထာဂတနှင့် တာအိုသခင်တို့ အတူတကွ ထိုင်ချ၍ နောက်လိုက်နောက်ပါများကို ဆုတ်ခွာခိုင်းလိုက်သည်။ တထာဂတက ကွေ့ဝိုက်မနေဘဲ တန်းပြောလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ အိမ်ရှေ့မင်းသားနဲ့ ကိုယ်တော်ဆုံတွေ့ခဲ့တယ်…”
တာအိုသခင်၏ ရင်ထဲတွင် လှုပ်ခါသွားသည်။ “အိမ်ရှေ့မင်းသားက ဧကရာဇ်လို အုပ်ချုပ်ရေးစွမ်းရည် ကောင်းတဲ့သူ မဟုတ်ဘူး…”
“ဧကရာဇ်က တိုင်းပြည်တစ်ပြည်ကို ဘယ်လို အုပ်ချုပ်ရမလဲ သိလွန်းအားကြီးတယ်၊ အဲဒါကြောင့်ပဲ ဒီလိုသဘာဝဒုက္ခဘေး ကြုံတွေ့ခဲ့ရတာ… တာအိုရောင်းရင်း၊ ဒီဆီးနှင်းကပ်ဘေးကိုပဲ ကြည့်ပါ၊ လူတွေဘယ်လောက် ဒုက္ခများနေရပြီလဲ… ဒီထက်ပိုကြီးတဲ့ ကပ်ဘေးတွေ သက်ဆင်းလာမှာကို ကြည့်ရက်သလား… တာအိုဂိုဏ်းအနေနဲ့ အိုင်းဧကရာဇ်၊ ခုန်းမင်းဆက် မှတ်တမ်းတွေအကြောင်း ကြားဖူးမှာပါ…”
တာအိုသခင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။ “ကိုယ်တော်တို့ ဗုဒ္ဓဘာသာက အိုင်းဧကရာဇ်၊ ခုန်းမင်းဆက်ခေတ်၊ ခုန်းကပ်ဘေးလို့ ခေါ်ကြပေမဲ့ တပည့်တော်တို့ တာအိုဂိုဏ်းက ခိုင်ဧကရာဇ်၊ ခိုင်ဧကရာဇ်ခေတ်၊ ခိုင်ဧကရာဇ်ကပ်ဘေးလို့ ခေါ်တာပါ… ခိုင်ဧကရာဇ်ခေတ်မှတ်တမ်းနဲ့ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုံတိုင်းပြည်ကြီး ပျက်စီးသွားရတဲ့အကြောင်းကို တပည့်တော် ဖတ်ရှုဖူးပါတယ်… အဲဒီကပ်ဘေးကြောင့် မရေမတွက်နိုင်တဲ့ သတ္တဝါတွေ ပြာဘုံဘဝ ရောက်ရှိခဲ့ရတာ… ဒီကိစ္စကို တပည့်တော်လည်း စိတ်ပူမိပါတယ်…”
တာအိုသခင်က ခပ်လေးလေး ပြောလိုက်သည်။ “တိုင်းပြည်သေးသေး၊ လူဦးရေနည်းနည်း၊ ပါရမီရင့်သန်သူတွေရဲ့ အသိဉာဏ်ပညာကို စွန့်ပစ်ရမယ်… ဒါ ခိုင်ဧကရာဇ်ကပ်ဘေးကနေ တပည့်တော်တို့ တာအိုဂိုဏ်း ရခဲ့တဲ့ သင်ခန်းစာပါပဲ… တိုင်းပြည်သေးသေး၊ လူဦးရေနည်းနည်း၊ ပါရမီရင့်သန်သူတွေရဲ့ အသိဉာဏ်ပါတဲ့စကားကို မယုံကြည်ကြဘူးဆိုရင် အားလုံး ပူပန်သောကမရှိဘဲ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင် နေနိုင်ကြမယ်၊ အဲဒီလိုဆို အကောင်းဆုံး မဟုတ်ဘူးလား… ဟိုးအရင်ကတော့ တိုင်းပြည်သေးသေး၊ လူဦးရေနည်းနည်း၊ သက်ဆိုင်ရာ သိုင်းဂိုဏ်းတွေရဲ့ အမိန့်ကို နာခံပြီး အဆင်ပြေခဲ့ကြတာ…”
“ကိုယ်တော်တို့ ဧကရာဇ်အသစ်လိုပြီ… ဧကရာဇ်သေသွားတာက သတ္တဝါတွေအားလုံး သေသွားတာထက် ပိုကောင်းမယ်…” တထာဂတက ပြောလိုက်၏။
တာအိုသခင်က သူ့ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။ “အိမ်ရှေ့မင်းသားက ကိုယ်တော့်ကို ဘာတွေအကျိုးပြုမယ် ကတိပေးလိုက်သလဲ…”
တထာဂတက ခေါင်းခါယမ်းလိုက်၏။ “ဘာအကျိုးအမြတ်မှ မတောင်းခဲ့ပါဘူး…”
တာအိုသခင်က ပြုံးလိုက်သည်။ “ကိုယ်တော့်ကို တပည့်တော် ယုံပါတယ်…” စကားဆုံးသည်နှင့် သူ ထရပ်လိုက်၏။ “တပည့်တော်ရဲ့ တာအိုဓားက အသုံးမပြုတာကြာပြီ… အသွားတုံးပြီလား၊ အစစ်အမှန်နဂါး နဂါးတစ်ကောင်ကို သတ်နိုင်သေးလား စမ်းကြည့်ရမှာပေါ့လေ…”
တထာဂတက ကျေးဇူးစကားဆိုလိုက်သည်။ “နောင်တော်ကြီး ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…”