ဘွားဘွားရဲ့အမှားမဟုတ်
Vol. 19 Ch. 257
ချင်မူ ရှေ့သို့ ခရီးဆက်ရင်း မြင်တွေ့ရသော မြင်ကွင်းက စိတ်မချမ်းမြေ့စရာများသာ ဖြစ်သည်။ နေရာအနှံ့တွင် ငတ်ပြတ်နေသောလူများ၊ ဒုက္ခဘေးများ ပြည့်နှက်၍ ကပ်ရောဂါများလည်း ပြန့်ပွားနေ၏။ မဟာမိုးခြိမ်းသံကျောင်းတော်၏ အေးချမ်းသည့်နယ်မြေနှင့် ယှဉ်သောအခါ ဤနေရာများက ငရဲသာ ဖြစ်သည်။
ကံကောင်းထောက်မ၍ အခြေခံကျောင်း၊ ကောလိပ်ကျောင်းမှ ကျောင်းတော်သားများက ဆေးကုသပေးပြီး ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားနေသဖြင့် ဒုက္ခဘေးများ ပိုဆိုးမလာခြင်း ဖြစ်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သိုင်းဂိုဏ်းများ၏ သင်ကြားမှုနေရာတွင် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများ ထူထောင်ခဲ့ပြီး ၎င်းတို့၏ အသုံးဝင်မှုက ဤအခိုက်အတန့်တွင် သိသာလာသည်။ ဤကျောင်းတော်သား တစ်ယောက်ချင်းစီ၏ စွမ်းပကားက နည်းပါးလှသော်လည်း အားလုံးစုပေါင်းသည့်အခါ အံ့အားသင့်ဖွယ် ကောင်းလှ၏။ သိုင်းဂိုဏ်းငယ်လေးများစွာ နေရာအနှံ့ ဖြန့်ကျက်နေရာယူထားသကဲ့သို့ ဖြစ်လာသည်။
မင်းမှုထမ်းအရာရှိအချို့သည်လည်း အခွင့်ကောင်းယူ သောင်းကျန်းနေသည့် မှော်မိစ္ဆာ၊ မကောင်းဆိုးဝါးများကို နောက်လိုက်နောက်ပါများခေါ်ဆောင်၍ သုတ်သင်ရှင်းလင်းနေကြောင်း ချင်မူ တွေ့ရ၏။ စီရင်စုအကြီးအကဲပင် လယ်ယာမြေများကို ကိုယ်တိုင်ကိုယ်ကျစောင့်ကြပ်၍ မကြာမီ ကယ်ဆယ်ရေးအတွက် ဧကရာဇ်ထံမှ ရိက္ခာများ ပို့ဆောင်တော့မည် ဖြစ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာသူများ နေရပ်သို့ ပြန်ကြပါဟု တိုက်တွန်းနေသည်။
ဒုက္ခသည်များကို ကူညီပေးနေသည့် တာအိုဂိုဏ်းသားများ၊ ဗုဒ္ဓဂိုဏ်းသားများ ရှိသော်လည်း သူတို့က ခရီးသွားဟန်လွှဲသာ ဖြစ်၏။ အင်ပါယာ၏ စွမ်းဆောင်နိုင်စွမ်းနှင့် ယှဉ်သောအခါ များစွာမထိရောက်ဘဲ ရောက်ရာအရပ်၌သာ ကူညီနိုင်ကြသည်။ အချို့က ဤအခွင့်အရေးကို အသုံးချ၍ သူတို့၏ အယူဝါဒများ ပြန့်ပွားအောင်ပင် ကြံစည်နေကြ၏။
“ဒီလောက်အဆင့် သဘာဝကပ်ဘေးနဲ ဒီလိုအင်ပါယာကြီးတစ်ခုလုံး ပျက်စီးအောင် မစွမ်းဆောင်နိုင်သေးပါဘူး…” ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။ ကောက်ပဲသီးနှံပင်များ အသစ်စိုက်ပျိုးပြီးသွားပြီ ဖြစ်သဖြင့် ရိတ်သိမ်းရာသီအထိ စောင့်ဆိုင်းပြီးလျှင် ပြည်သူပြည်သားများ ပြန်လည် တည်ငြိမ်အေးချမ်းသွားပေလိမ့်မည်။
သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာအပေါ် ဤသဘာဝကပ်ဘေး ကျရောက်သည့် အချိန်အခါက အလွန်တရာ ထူးဆန်းလှ၏။ စစ်ပွဲကြောင့် တစ်တိုင်းပြည်လုံး မငြိမ်မသက်ဖြစ်၍ ရိက္ခာပြတ်လပ်နေချိန်တွင် အတိအကျ ဖြစ်ပွားလာသည်။ နဂိုမတည်ငြိမ်ရသည့်အထဲ ဤဆီးနှင်းကပ်ဘေးပါ ထပ်ပေါင်းထည့်လိုက်သောအခါ အင်ပါယာမှာ သေချာပေါက် အခြေယိုင်သွားပေလိမ့်မည်။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ နန်းတွင်းကို ပြန်ရောက်ပြီလား မသိဘူး… ဧကရာဇ်ကလည်း ကပ်ဘေးကယ်ဆယ်ရေးတွေ လုပ်နေတုန်းပဲလား… ဒီကပ်ဘေးက တာအိုဂိုဏ်းလို၊ မဟာမိုးခြိမ်းသံကျောင်းတော်လို အထွတ်အမြတ်နယ်မြေတွေ ဖန်တီးနိုင်တဲ့ ကပ်ဘေးမျိုး မဟုတ်ဘူး… ဒါကို ဖန်တီးဖို့ နတ်ဘုရားတစ်ပါးရဲ့ စွမ်းအား လိုတယ်…’
သူ ကောင်းကင်ယံသို့ ဒွိဟဖြစ်စွာ မော့ကြည့်လိုက်၏။ အဘယ်ကြောင့် ဤသို့ ဖြစ်လာရသနည်း။
အဘယ်အတွက်ကြောင့် ကောင်းကင်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာပေါ် သဘာဝကပ်ဘေး ကျဆင်းစေရသနည်း။
လူဘောင်လောကရှိ နတ်ဘုရားတို့၏ သင်ကြားမှု အမွေအနှစ်များကြောင့်လော။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ မထွန်းကားမီ၌ လောကတစ်ခွင်မှာ တိုင်းနိုင်ငံအမျိုးမျိုး ကွဲ၍ သိုင်းဂိုဏ်းအသီးသီးက အုပ်ချုပ်စိုးစံကြသည်။ ထိုသိုင်းဂိုဏ်းများအနက် အချို့က ရှေးအမွေအနှစ်များ ဆက်ခံရရှိထားပြီး ဒဏ္ဍာရီအရ ထိုအမွေအနှစ်များမှာ နတ်ဘုရားတို့ ဖန်တီးထားခြင်း ဖြစ်သည်ဟု ဆိုကြ၏။ သို့ဆိုလျှင် လူ့ဘောင်လောကရှိ နတ်ဘုရားတို့၏ အမွေအနှစ်များကို ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဖျက်ဆီးလိုက်ခြင်းကြောင့် နတ်ဘုရားများ ဒေါသထွက်သွားပြီး ဤကဲ့သို့ သဘာဝကပ်ဘေးမျိုး စေလွှတ်လိုက်ခြင်း ဖြစ်မည်လား။
သို့တည်းမဟုတ် ဤဖြစ်ရပ်၏ နောက်ကွယ်၌ ပိုနက်ရှိုင်းသော အကြောင်းရင်း ရှိနေသည်လား။
ချင်မူ ကောင်းကင်နတ်ဆိုးဂိုဏ်းသားအချို့ကို တွေ့သောအခါ စုံစမ်းမေးမြန်းလိုက်၏။ ကောင်းကင်နတ်ဆိုးဂိုဏ်းက လတ်တလောတွင် မင်းမှုထမ်းအရာရှိများ၏ နောက်မှလိုက်၍ ကပ်ဘေးကယ်ဆယ်ရေး ပြုလုပ်နေပြီး ဂိုဏ်းသားအားလုံးကို တစ်ပြည်လုံးအနှံ့ စေလွှတ်ထားကြောင်း သိရသည်။ စံအိမ်သခင်အားလုံးမှာလည်း သူတို့ပိုင်ဆိုင်သမျှ ထုတ်သုံးရသဖြင့် အတော်လေး မွဲတေလုနီးပါး ဖြစ်နေပြီဟု ဆို၏။
ပြဿနာမှာ အချို့ကုန်သည်များက အကျိုးအမြတ်ပိုရရန် ကုန်လှောင်ထားပြီး အချို့အထက်တန်းလွှာမိသားစုများက သူတို့ပိုင်ဆိုင်သည်တို့ကို ထုတ်မရောင်းကြချေ။
“ဧကရာဇ်က အဲလူတွေ အတော်များများကို အမျက်ထွက်ပြီး သတ်ပစ်တယ်… ပြီးတော့ တံစိုးလက်ဆောင်ယူ၊ ဥပဒေကို မထီမဲ့မြင်လုပ်ပြီး ကပ်ဘေးကယ်ဆယ်ရေး ရန်ပုံငွေကို မျက်စောင်းထိုးတဲ့ အရာရှိတွေကိုလည်း သတ်တယ်… ဒီအခြေအနေကို အခွင့်ကောင်းယူ၊ အခကြေးငွေနဲ့ အရာရှိနေရာ ရောင်းစားတဲ့သူတွေကိုလည်း ဧကရာဇ်က သတ်မိန့်ပေးပစ်တယ်…”
ဧကရာဇ်နောက်လိုက်၍ ကပ်ဘေးကယ်ဆယ်ရေး ကူညီခဲ့သော ကောင်းကင်နတ်ဆိုးဂိုဏ်းသားမှာ အဖြစ်အပျက် အတော်များများကို ကြုံတွေ့ခဲ့ရသည်။ သူက စိတ်အားတက်ကြွစွာ ပြောလိုက်၏။ “ဧကရာဇ်က လုပ်ကြံသတ်ဖြတ်သူတွေနဲ့တောင် ကြုံခဲ့ရတာ၊ လုပ်ကြံတဲ့သူတွေက ဂိုဏ်းချုပ်ကြီးအဆင့်တွေ… ဒါပေမဲ့ ဧကရာဇ်ဘေးမှာ အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိတွေ အများကြီးရှိတဲ့အပြင် ဧကရာဇ်ကိုယ်တိုင်လည်း ရှေ့ဆုံးကတိုက်ခိုက်လို့ အဲလူတွေ ထွက်ပြေးသွားရတယ်… သိပ်ကြည့်လို့ကောင်းတာပဲ… ဂိုဏ်းသခင် အဲနေရာမှာ ရှိမနေတာ နာတယ်…”
ချင်မူက မေးလိုက်သည်။ “ဧကရာဇ်ကို လုပ်ကြံဖို့ကြိုးစားတဲ့ ဂိုဏ်းချုပ်ကြီးအဆင့်တွေက ဘယ်သူတွေလဲ…”
“ကျွန်တော်ကြားတာတော့ ဆင်းရဲခြင်းဆရာသခင်၊ အစစ်အမှန်သခင်မထျန်းတို့တတွေပဲ… မဟာတံတိုင်းအပြင်ဘက်က အဆင့်မြင့်ပညာရှင်တချို့လည်း ပါသေးတယ်…”
ချင်မူ၏ အမူအရာ ပြောင်းလဲသွား၏။ “မဟာတံတိုင်းအပြင်ဘက်က အဆင့်မြင့်ပညာရှင်တွေနဲ့ပါ မဟာမိတ်ဖွဲ့လာတာလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရော ပြန်ရောက်ပြီလား…”
“သူ့ကိုတော့ မတွေ့ခဲ့ဘူး…”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ “ဧကရာဇ်က အခုဘယ်မှာလဲ…”
“ဒီနေရာကနေ မိုင်ငါးထောင်ဝေးတဲ့ ပါ့ကျိုးပြည်နယ်မှာ…” ထိုကောင်းကင်နတ်ဆိုးဂိုဏ်းသားက ထပ်ဖြည့်ပြောလိုက်၏။ “ဧကရာဇ်က တောင်ပိုင်းကို အရင်သွားပြီး ရိက္ခာရောင်းချဖို့ ငြင်းဆန်တဲ့ အထက်တန်းလွှာမိသားစုတွေကို ရှင်းလင်းတာ၊ ပြီးမှ မြောက်ပိုင်းကို လာတာ… အခုတော့ ပါ့ကျိုးကို ရောက်နေပြီ… အဲနေရာက အတော်လေး အေးအေးချမ်းချမ်း ရှိတယ်လို့ ပြောရမယ်…”
ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင်ထိန်း၍ မေးမြန်းလိုက်သည်။ “ရွှေမြို့တော်မှာရော… ဘယ်သူတွေကို ချန်ထားခဲ့တာလဲ…”
“ရွှေမြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အိမ်ရှေ့မင်းသားနဲ့ သူ့လက်အောက်ခံ နန်းတွင်းအရာရှိတွေ ကျန်ခဲ့ပါတယ်…”
ချင်မူ၏မျက်နှာ မည်းမှောင်သွား၏။ အိမ်ရှေ့မင်းသားက ရွှေမြို့တော်ကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်လျက်နှင့် မဟာမိုးခြိမ်းသံကျောင်းတော်သို့ အပြေးရောက်လာသည်။ ဆင်းရဲခြင်းဆရာသခင်၊ အစစ်အမှန်သခင်မထျန်းတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လက်ချက်ဖြင့် သေအံ့ဆဲဆဲအချိန်တွင် တထာဂတရောက်လာပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူစေ၍ လောကီရေးရာများနှင့် မပတ်သက်စေရတော့ဟု ကတိပေးသွားခဲ့၏။ သို့ပါလျက်နှင့် ဆင်းရဲခြင်းဆရာသခင်နှင့် ကျန်သူများက လောကအလယ်တွင် ထပ်မံထွက်ပေါ်လာသည်။
အိမ်ရှေ့မင်းသား တထာဂတထံ လာရောက်တွေ့ဆုံသည်ကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ဤကိစ္စက ပေါ့သေးသေး မဟုတ်ချေ။
“နန်းတွင်းက တစ်လောကလုံးမှာ အကြီးဆုံးအထွတ်အမြတ်နယ်မြေလို့ ပြောကြတယ်… မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ ထိပ်တိုက်တွေ့ရင် ဘယ်သူသာမလဲ မသိဘူး…” ချင်မူက မပီဝိုးတဝါး ရေရွတ်ပြီးနောက် သူ့အတွေးများကို မောင်းထုတ်လိုက်သည်။ “စံအိမ်သခင်တွေနဲ့ ဆက်သွယ်လို့ ရနိုင်မလား…”
“စံအိမ်သခင်တွေက ကပ်ဘေးကယ်ဆယ်ရေး လုပ်နေတာဆိုတော့ အဆက်အသွယ်ရဖို့ ခဲယဉ်းတယ်… စံအိမ်သခင်အကုန်လုံးကို စုစည်းချင်ရင် တစ်လ၊ နှစ်လလောက် အချိန်ယူရပါလိမ့်မယ်…”
ချင်မူ ခေါင်းခါယမ်း၍ မည်သည်ကိုမျှ မပြောတော့ဘဲ ထွက်သွား၏။ နဂါးချီလင်ကို ပါ့ကျိုးသို့ အသော့နှင်ရန် စေခိုင်းလိုက်သည်။
ပါ့ကျိုးပြည်နယ်က ဤနေရာမှ မိုင်ငါးထောင်ဝေးသဖြင့် သွားရမည့် ခရီးက ရှည်လျား၏။ နဂါးချီလင် အနားမယူလျှင်ပင် နောက်တစ်နေ့မှ ရောက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း အနားယူရန် လိုအပ်သေးသည့်အတွက် နောက်တစ်နေ့ ညပိုင်းလောက်မှ ပါ့ကျိုးသို့ ရောက်မည်ဟု သူ ခန့်မှန်းမိ၏။
“ငါ့သင်္ဘောပျံသာ ရှိနေသေးရင် အတော်လွယ်မှာ… ပျက်စီးသွားတာ နှမြောစရာပဲ…”
ချင်မူက နဂါးချီလင်ကို အစွမ်းကုန်ထုတ်ပြေးရန် ညွှန်ကြားပြီး နေ့တိုင်း အစာတစ်အိုးကျွေးမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။ နဂါးချီလင်မှာ စိတ်အားတက်ကြွသွားပြီး မီးလျှံတိမ်တိုက်များအပေါ် နင်းတက်၍ ပါ့ကျိုးပြည်နယ်ရှိရာသို့ တစ်ဟုန်ထိုး ပြေးတော့၏။
များမကြာမီ ညအချိန် ကျရောက်လာသည်။ ချင်မူ ကောင်းကင်ယံရှိ နက္ခတ်တာရာများကို မော့ကြည့်၍ အရပ်မျက်နှာတွက်ချက်ပြီး နဂါးချီလင်ကို ခရီးဆက်ခိုင်းလိုက်၏။ နေထွက်ချိန်တွင်တော့ နဂါးချီလင် အရှိန်ကျ၍ ပါးစပ်မှ အမြှုပ်တစီစီ ထွက်လာသည်။ ဆက်၍ ပြေးလွှားနိုင်ခြင်း မရှိတော့ဘဲ ပြေးနှုန်းက ကျသည်ထက် ကျလာ၏။
ချင်မူ သူ့ကို ရပ်ခိုင်းပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြေပုံနှင့် တိုက်ကြည့်သောအခါ ပါ့ကျိုးပြည်နယ်နှင့် မိုင်တစ်ထောင်ခန့်သာ ဝေးတော့ကြောင်း တွေ့ရသည်။
သူ သက်ပြင်းတစ်ချက်ချ၍ နဂါးချီလင်ကို အစာကျွေးလိုက်၏။ ထို့နောက် ခပ်မှန်မှန် ခရီးဆက်ရင်း ထိုသတ္တဝါကြီးကို အနားပေးထားသည်။
များစွာမလျှောက်ရသေးမီ လူသူအရောက်အပေါက်နည်းသည့် တောင်တန်းများကြား၌ အိမ်လေးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရ၏။ ထိုအိမ်က ယခုမှ ဆောက်လုပ်ထားဟန် ရှိပြီး အားလုံးက အသစ်အတိုင်း ဖြစ်နေသည်။ ချင်မူ အနားသို့ လျှောက်သွားပြီး တံခါးခေါက်လိုက်သောအခါ အမျိုးသမီးတစ်ယောက် ထွက်လာ၏။ သူတို့နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
“မူအာပါလား…”
ပြိုင်ဘက်ကင်းအလှပိုင်ရှင် အမျိုးသမီးက သူ့ကို မြင်သောအခါ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ ဘေးဘီကို လှည့်ပတ်ကြည့်ရှုရင်း တအံ့တဩ မေးလိုက်သည်။ “ဒီနေရာကို ဘယ်လိုလုပ် ရှာတွေ့တာလဲ… မျက်ကန်းနဲ့ အဘိုးကြီးမာတို့ မျက်ခြည်ပြတ်အောင် မနည်းပြေးလာရတာ၊ ဒါကို မင်းက တွေ့သွားသေးတယ်…”
ချင်မူလည်း အံ့ဩဝမ်းသာသွား၏။ “ဘွားဘွား၊ ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ…” သူ ရုတ်ခြည်း သတိအနေအထား ဖြစ်သွားသည်။ “ခင်ဗျားက ဘွားဘွားလား၊ လီထျန်းရှင်လား…”
အဘွားစစ်က သူ အိမ်ထဲဝင်နိုင်စေရန် ဘေးဖယ်ပေးလိုက်၏။ “မိစ္ဆာအိုကြီးကို လောလောဆယ် ဖိနှိမ်ထားတယ်… တထာဂတက သူ့ကို အပြတ်မရှင်းနိုင်ပေမဲ့ အတော်ထိခိုက်အောင် လုပ်ထားလို့ လတ်တလော ငါတို့နှစ်ယောက် အားချင်းညီနေတာ… အဲဒါကြောင့် သဘောတူညီချက် ယူထားတယ်၊ ငါက နေ့ခင်းပိုင်း နေပြီး သူက ညဘက်ကျ ထွက်လာလိမ့်မယ်…”
ချင်မူက သံသယမကင်းစွာ မေးလိုက်သည်။ “ဘွားဘွားအစစ်ဆိုရင် ဘာလို့ ဘိုးဘိုးမားနဲ့ ဘိုးဘိုးမျက်ကန်းကို ရှောင်ပြီး ဒီနေရာမှာ ပုန်းနေရတာလဲ…”
အဘွားစစ်က သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်၏။ “ခွေးကောင်လေး၊ အခုတော့ အဘွားလုပ်တဲ့သူကိုတောင် သံသယဝင်နေပြီပေါ့ ဟုတ်လား… ငါသာ အဲဒီမိစ္ဆာအိုကြီးဆိုရင် မင်းကို ဒုက္ခပေးဖို့ လိမ်ညာနေရဦးမှာလား…”
ချင်မူ စဉ်းစားကြည့်ပြီး အဘွားစစ်၏စကားက အမှန်ပင်ဖြစ်သည်ဟု ခံစားမိ၏။ အဘွားစစ်နှင့်ယှဉ်လျှင် သူက အတော်ဆိုးဆိုးရွားရွားပင် အင်အားနည်းပါးသည် မဟုတ်လား။ လီထျန်းရှင်သာဆိုလျှင် အားကုန်ခံ၍ လိမ်ညာနေလိမ့်မည် မဟုတ်ချေ။ ညှို့ငင်ဖျားယောင်းသည့် အကြည့်တစ်ချက်နှင့်ပင် သူ့ကို ဆွဲဆောင်ထားနိုင်မည် ဖြစ်သည်။ လီထျန်းရှင်က မိန်းမတစ်ယောက်ထက်ပင် မိန်းမပိုဆန်၏။
ဤအိမ်လေးက ယခုမှ ဆောက်ထားခြင်း ဖြစ်ပြီး လွန်စွာ ရိုးရှင်း၍ ပရိဘောဂ များစွာ မရှိပေ။ ချင်မူ ဟိုဟိုသည်သည် ကြည့်ရှုရင်း ရွဲ့စောင်းနေသော စားပွဲများကို တွေ့ပြီး စိတ်အေးသွားသည်။
ဘွားဘွားစစ်က ဘိုးဘိုးမာကဲ့သို့ လက်မှုပညာ မကျွမ်းကျင်ပေ။ အဝတ်အထည်များ ချုပ်လုပ်နိုင်သော်လည်း လက်သမားပညာ၌ အတော်လေး ဆိုးရွား၏။ ဤထိုင်ခုံများ၊ စားပွဲများက သေချာပေါက် သူပြုလုပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ချင်မူ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်၍ အနားယူရန် ပြင်လိုက်သော်လည်း ထိုထိုင်ခုံက တစ်ဘက်မြင့်၊ တစ်ဘက်နိမ့် ဖြစ်နေသဖြင့် သက်သောင့်သက်သာ မရှိချေ။ ဤပရိဘောဂများက ဘွားဘွားစစ် လုပ်ထားခြင်း ဖြစ်ကြောင်း ပိုသေချာသွား၏။ သူ စိတ်ဝင်တစား မေးမြန်းလိုက်သည်။ “ဘွားဘွားက ဘာလို့ မဟာမြို့ပျက်ကို မပြန်ချင်တာလဲ…”
အဘွားစစ်က ခေါင်းခါယမ်း၍ အိမ်အပြင်ဘက်သို့ ထွက်သွား၏။ တစ်ခဏကြာသောအခါ သစ်လုံးများ သယ်လာပြီး ခုတင်တစ်လုံးရိုက်ရန် ပြင်လိုက်သည်။
ချင်မူမှာ အနားမယူနိုင်တော့ဘဲ ကမန်းကတန်း ထ၍ ကူညီလိုက်ရ၏။ အဘွားစစ်က ကောင်းကင်နတ်မယ်ဖြစ်သည့်အတွက် ဒုက္ခိတဘိုးဘွားကျေးရွာတွင် နှစ်လေးဆယ်ကျော် နေထိုင်လာခဲ့သည့်တိုင် အဘိုးကြီးမာ၏ လက်သမားပညာကို သင်ယူထားခြင်း မရှိချေ။ တစ်ဘက်တွင်တော့ ချင်မူက ပရိဘောဂပစ္စည်းမျိုးစုံ ပြုလုပ်ရာ၌ ဆရာတစ်ဆူ ဖြစ်၏။
အဘွားစစ်မှာ သူကူညီနိုင်စရာ မရှိသည့်အတွက် မြစ်ရေသွားခပ်ပြီး ကြေးမုံမှန်ကို ပြောင်လက်အောင် ပွတ်တိုက်လိုက်သည်။ “အခု ပြန်လာလို့မဖြစ်ဘူး၊ ပြန်လာလဲ ဘာထူးမှာလဲ… မဟာမြို့ပျက်မှာ အမှောင်ထုကြီးက သွားချင်တိုင်း သွားမရအောင် ပိတ်ဆို့ထားတာ… မိစ္ဆာအိုကြီး ထွက်လာပြီး သောင်းကျန်းရင် ရွာလူကြီးတို့ အဘိုးကြီးအိုတွေ ဘယ်လောက်ကြာအောင် တောင့်ခံနိုင်မယ်ထင်လဲ… ဒီနေရာမှာနေပြီး မိစ္ဆာအိုကြီးရဲ့ မိစ္ဆာစိတ်တွေ ကျေပျက်အောင် နည်းနည်းချင်း ချေဖျက်တာ ပိုမကောင်းဘူးလား…”
ချင်မူ ခုတင်ရိုက်ပြီးသွားပြီ ဖြစ်၍ အိမ်ထဲသို့ သွင်းလိုက်၏။ အိမ်ထဲရှိ ကြေးမုံမှန်မှာ အဘွားစစ်၏ လက်ချက်ကြောင့် အချိုင့်များ၊ အခွက်များ ဖြစ်နေကြောင်း တွေ့ရသဖြင့် သူ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ကြေးမုံမှန်ကို ကမန်းကတန်း လက်လွှဲယူ၍ သူ၏ ချီစွမ်းအင်ကို ကျားဖြူချီအဖြစ် ပြောင်းလဲကာ အနည်းငယ်တွက်ချက်ပြီး ချောမောပြောင်လက်အောင် ညှိပေးလိုက်၏။ ထို့နောက် အလှပြင်ခုံတစ်လုံးပါ ရိုက်ပေးလိုက်သည်။
အဘွားစစ်က နဂါးချီလင် မြေပြင်တွင် ခြေကားရားလက်ကားရား အိပ်ပျော်နေပြီး ချင်မူမှာလည်း မျက်လုံးများ နီရဲနေသည်ကို တွေ့သဖြင့် အနားယူရန် ပြောလိုက်၏။ “မင်းတို့ တစ်ညလုံး ခရီးနှင်လာတာလား… အရင်သွားအိပ်ဦး သွား….”
“ဘွားဘွား ထွက်မပြေးဘူး မဟုတ်လား…”
“မပြေးပါဘူး…”
ချင်မူ စိတ်ချလက်ချ ဖြစ်သွားပြီး အိပ်ရာပေါ် တက်အိပ်လိုက်သည်။ အိပ်ရာခင်း၊ မွေ့ရာ မပါသော်လည်း လမ်းပေါ်အိပ်နေကျ သူ့အဖို့ လျင်မြန်စွာ အိပ်မောကျသွား၏။
မည်မျှကြာသည်မသိ၊ သူနိုးလာသောအခါ အဘွားစစ်က အလှပြင်ခုံပေါ်မှ ကြေးမုံမှန်ရှေ့တွင် စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ငိုင်တွေငေးမောနေကြောင်း အိပ်ချင်မူးတူး လှမ်းမြင်လိုက်ရသည်။ အဘွားစစ်၏ လက်ထဲတွင်တော့ ကတ်ကြေးတစ်လက် ကိုင်၍ သူ့မျက်နှာသူ ချိန်ရွယ်ထား၏။
“ဘွားဘွား…” ချင်မူ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
အဘွားစစ်က သူ့ကို လှည့်ကြည့်၍ ကတ်ကြေးကို အောက်ချလိုက်၏။ ထို့နောက် ခပ်ဖွဖွပြုံး၍ ညင်ညင်သာသာ ပြောလိုက်သည်။ “တထာဂတရဲ့ စကားအရဆိုရင် နှလုံးသားမိစ္ဆာကို ဖျက်ဆီးဖို့ တစ်ခုတည်းသော နည်းလမ်းက သူစွဲလမ်းနေတဲ့ ဒီမျက်နှာကို ဖယ်ရှားပစ်ဖို့ပဲ… မူအာ၊ ငါ ဘယ်သူ့ကိုမှ အန္တရာယ် မဖြစ်စေချင်ဘူး… အထူးသဖြင့် မင်းပဲ…”
အဘွားစစ် ကတ်ကြေးထပ်မြှောက်လိုက်သည်ကို မြင်သောအခါ ချင်မူ မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာ၏။ “ဘွားဘွား၊ ဒါ ဘွားဘွားအမှား မဟုတ်ဘူး… ဘွားဘွားကို ဘယ်တုန်းကမှ အပြစ်မတင်ပါဘူး…”
“ငါမလုပ်နိုင်ဘူး…” အဘွားစစ်က ကျောက်ရုပ်သဖွယ် ဖြစ်နေရင်း ကတ်ကြေးကို အောက်ချလိုက်သည်။ “မူအာ၊ ငါ့ကို ကူလုပ်ပေးပါ…”
ချင်မူက အိပ်ရာမှထ၍ အဘွားစစ်၏ လက်ထဲမှ ကတ်ကြေးကို ယူပြီး ခြင်းတောင်းငယ်လေးထဲသို့ အသာအယာ ပြန်ထည့်လိုက်၏။
“ဒါ ဘွားဘွားရဲ့အမှား မဟုတ်ဘူး၊ ဘယ်သူမှ ဘွားဘွားကို အပြစ်မတင်ပါဘူး… ဘွားဘွားက ရုပ်သွင်အစစ်အမှန် အသုံးမပြုဘဲ နှစ်ပေါင်းလေးဆယ်တိတိ ပုန်းအောင်းပြီးပြီပဲ…”
သူက ဆောင့်ကြောင့်ထိုင်ချ၍ နှစ်ယောက်မရှိအောင် ချောမောလှပသည့် မျက်နှာလေးကို မော့ကြည့်လိုက်သည်။ ဤသည်က သူ့ကို ကျွေးမွေးပြုစုခဲ့သည့် အရင်းနှီးဆုံးသူ၏ ရုပ်သွင်အစစ်အမှန် ဖြစ်၏။ ချင်မူ ပြုံးပြလိုက်သည်။ “ကျွန်တော်သာဆိုရင် အလွန်ဆုံး တစ်ရက်နှစ်ရက်ပဲ သည်းခံနိုင်မယ်… နှစ်လေးဆယ်ကြာအောင် မနေနိုင်ဘူး… ဒီလိုအခြေအနေထိ ရောက်ရတာ ဘွားဘွားအပြစ်ကြောင့် မဟုတ်ဘူး… ဘယ်မိန်းမလှကများ သူတို့ရဲ့ မျက်နှာကို ထာဝရဖုံးကွယ်ပြီး အသက်ကြီးကြီးရုပ်ရည်ကို အသုံးပြုချင်မှာလဲ…” သူ ထရပ်လိုက်၏။ “ဘွားဘွား၊ ကျွန်တော် လီထျန်းရှင်ကို ရအောင်ဖယ်ရှားပေးမယ်… အခုတော့ ဒီမှာပဲနေခဲ့ဦး… ပါ့ကျိုးကို သွားလိုက်ဦးမယ်၊ အဲဒီမှာ ကိစ္စကြီးတစ်ခု ဖြစ်စရာ ရှိတယ်…”
အဘွားစစ်က အသာအယာ ခေါင်းညိတ်လိုက်၏။
ချင်မူ အခန်းပြင်သို့ လျှောက်သွားပြီးမှ နောက်ပြန်လှည့်ကြည့်၍ ပြောလိုက်သည်။ “ဘွားဘွား၊ စားစရာရှိတာစား၊ သောက်စရာရှိတာသောက်ဦးနော်… ကိုယ့်ကိုယ်ကိုယ် မညှဉ်းဆဲနဲ့…”
“ခွေးကောင်လေး၊ ငါ့ကို လာဆုံးမနေပြန်ပြီ…” အဘွားစစ်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်၏။
ချင်မူက တဟားဟား ရယ်မော၍ နဂါးချီလင်ကို ကန်နှိုးလိုက်သည်။ “အိပ်တုန်းလားဟ၊ ထတော့… မြန်မြန်လုပ်…”