← Chapters

ဧကရာဇ်၊ တာအိုသခင်၊ တထာဂတ

Vol. 19 Ch. 258

ဧကရာဇ်၊ တာအိုသခင်၊ တထာဂတ

Vol. 19 Ch. 258

“လူအတော်များများက ပြုပြင်ပြောင်းလဲမှုဟာ ဘာအတွက်လဲ၊ သူတို့ဘဝကို ဘာကြောင့် ပြောင်းလဲရမှာလဲဆိုတာ နားမလည်ကြဘူး… ပြောကြလိမ့်မယ်၊ အရင်တုန်းကအတိုင်း အဆင်ပြေနေတာပဲ၊ အားလုံး သက်သောင့်သက်သာ ပျော်ပျော်ရွှင်ရွှင် နေရတယ်၊ အဲဒါကို ပြုပြင်ပြောင်းလဲမှုလုပ်တာ ဧကရာဇ်ရဲ့ စိတ်ဆန္ဒပြည့်ဝရုံသက်သက်ပဲ၊ တော်ဝင်မျိုးဆက်သွေးတွေ၊ သိုင်းဂိုဏ်းတွေကို ထိပါးစော်ကားတာလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ နယ်မြေချဲ့ထွင်ဖို့အတွက်ပဲ… ဒီနှစ်ပိုင်းမှာ ကျရောက်တဲ့ သဘာဝကပ်ဘေး၊ လူလုပ်ကပ်ဘေးတွေ အားလုံးဟာ ဧကရာဇ်ကြောင့်၊ ဒီဒုက္ခတွေအားလုံး ခံစားရတာ အဲဒီပြုပြင်ပြောင်းလဲမှုကြောင့်လို့ လက်ညှိုးထိုးကြလိမ့်မယ်… တကယ်တော့ ဒါတွေအကုန်လုံး မှားတယ်…”

ပါ့ကျိုးပြည်နယ်တွင် ဧကရာဇ်ယန်ဖုန်းက အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများကို ဦးဆောင်၍ လှည့်လည်နေသည်။ ဒုက္ခသည်များကို ဝေငှရန် ယာဂုဆိုင် တည်ဆောက်နေသည်ကို မြင်သောအခါ သွားရောက်ကြည့်ရှုလိုက်၏။ အလုပ်သမားများက ဒူးထောက်ရန်ပြင်သဖြင့် ဧကရာဇ်ယန်ဖုန်းက ဖေးမ၍ ပြောကြားလိုက်သည်။ “ဒီလိုအေးစက်တဲ့ ရာသီဥတုနဲ့ ရေခဲနေတဲ့နေရာမှာ အစဉ်အလာတွေ လုပ်မနေနဲ့… တစ်ယောက်ကို ဘယ်လောက် ဝေငှနိုင်သလဲ…”

“အရှင်မင်းကြီး၊ အရွယ်ရောက်ပြီးသား လူတစ်ယောက်ကို ယာဂုတစ်ပန်းကန်၊ ပေါက်စီနှစ်လုံး၊ ဟင်းရွက်ခြောက်တစ်ဇွန်း ဝေငှနိုင်ပါတယ်…”

ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်၍ ထိုသူကို ဆုတ်ခွာခွင့်ပြုလိုက်၏။ ထို့နောက် ယာဂုဇွန်းကို ကောက်ကိုင်၍ ကပ်ဘေးဒုက္ခသည်များကို အစာအာဟာရများ ဝေငှပေးလိုက်သည်။ သူ့နောက်တွင်တော့ နန်းတွင်းမှ အရပ်ဘက်၊ စစ်ဘက်အရာရှိများ မတ်တတ်ရပ်နေကြ၏။ ဧကရာဇ်ယန်ဖုန်းက စကားဆက်လိုက်သည်။ “အရင်တုန်းက ကောင်းကောင်းမွန်မွန် နေခဲ့ရတယ်ဆိုတဲ့ လူတွေထဲမှာ သာမန်လူတန်းစား တစ်ယောက်မှ မပါဘူး… စိုက်ပျိုးရေးဝန်မင်း၊ သူတို့ကို ပြောပြလိုက်… ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှု မတိုင်ခင်မှာ သီးနှံဖြစ်ထွန်းတဲ့ လယ်ယာမြေတစ်ဧကကို လူဘယ်နှယောက် တင်ကျွေးလို့ရလဲဆိုတာ…”

စိုက်ပျိုးရေးဝန်မင်းက ကမန်းကတန်း လျှောက်တင်လိုက်၏။ “ပြုပြင်ပြောင်းလဲမှု မတိုင်ခင်မှာ သီးနှံဖြစ်ထွန်းတဲ့ လယ်ယာမြေတစ်ဧကကို ကောက်ပဲသီးနှံ အချိန်ကိုးဆယ် ထွက်ပါတယ်… ဒါပေမဲ့ အဲဒီအချိန်တုန်းက လယ်ယာမြေအားလုံးဟာ အထက်တန်းလွှာမိသားစု၊ ဘုန်းတော်ကြီးကျောင်း၊ တာအိုဘုရားကျောင်းတွေပဲ ပိုင်ဆိုင်ထားတာမို့လို့ လယ်သမားတွေရဲ့ လက်ထဲမှာ မြေပိုင်ယာပိုင် မရှိပါဘူး…”

“လယ်သမားတစ်ယောက်ရဲ့ မိသားစုမှာ လူခုနစ်ယောက်ရှစ်ယောက် ရှိပြီး ကောက်ပဲသီးနှံနဲ့ဆေးပင် ဧကရှစ်ဆယ်လောက် တာဝန်ယူစိုက်ပျိုးရပါတယ်… တစ်နှစ်လုံး ကြိုးစားပမ်းစား စိုက်ပျိုးလို့ ရိတ်သိမ်းချိန် နှစ်ရာသီအပြီးမှာတောင် အပိုအလျှံ မစုမိဘဲ ဝမ်းဝရုံပဲ ရကြတယ်၊ တစ်လကို နှစ်နပ်ပဲ အသားနဲ့ စားနိုင်ပြီး ကပ်ဘေးနဲ့ ကြုံတဲ့အခါမှာ အငတ်နေကြရတော့တာပဲ… ကပ်ဘေးကျတဲ့ နှစ်တွေဆိုရင် သက်ကြီးရွယ်အိုအတော်များများဟာ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ရအောင် တောင်ပေါ်က ခုန်ချတာ၊ မြစ်ထဲခုန်ချတာတွေ လုပ်ကြတယ်… အဲဒီအချိန်မှာ အထက်တန်းလွှာမိသားစုတွေ၊ ဘုန်းကြီးကျောင်းတွေ၊ တာအိုဘုရားကျောင်းတွေကတော့ ကောက်ပဲသီးနှံ၊ ရွှေငွေအမြောက်အမြား ပိုင်ဆိုင်နေကြတာပေါ့…”

ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။ “ဧကရှစ်ဆယ်ရှိတဲ့ လယ်ယာမြေက လူခုနစ်ယောက်ရှစ်ယောက်ရှိတဲ့ မိသားတစ်စု စားလောက်ရုံပဲ ရှိတယ်… တစ်နှစ်ပတ်လုံး ကောက်ပဲသီးနှံစိုက်လာတာ ဘယ်တွေရောက်ကုန်လဲဟမ်… ပြုပြင်ပြောင်းလဲမှုပြီးတော့ လယ်ယာမြေတစ်ဧကကို လူဘယ်ယောက် တင်ကျွေးလို့ရလဲဆိုတာ သူတို့ကို ပြောပြလိုက်…”

စိုက်ပျိုးရေးဝန်မင်းက စကားဆက်လိုက်၏။ “အရှင်မင်းကြီးက ဧကရာဇ်အတိုင်ပင်ခံကို ပြုပြင်ပြောင်းလဲမှု ဦးဆောင်ပြီး လယ်ယာမြေအားလုံး သိမ်းယူဖို့ ညွှန်ကြားခဲ့တာမလို့ အထက်တန်းလွှာမိသားစု၊ ဘုန်းကြီးကျောင်း၊ တာအိုဘုရားကျောင်းတွေဟာ လယ်ယာမြေပိုင်ဆိုင်ခွင့် မရတော့ပါဘူး…”

“အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ မြေဧကရှစ်ဆယ် ပိုင်ဆိုင်ခွင့်ရပြီး သီးနှံဖြစ်ထွန်းတဲ့ လယ်ယာမြေဧကနှစ်ဆယ် စိုက်ပျိုးထွန်ယက်ခွင့်ရပါတယ်… အခုနောက်ပိုင်းနှစ်တွေမှာတော့ လူဦးရေများပြားလာတာမို့လို့ လူတစ်ယောက်ကို မြေပိုင်နက်ဧကလေးဆယ်နဲ့ လယ်ယာမြေဆယ်ဧကပဲ ပိုင်ဆိုင်ခွင့်ရပါတော့တယ်…”

“ဧကရာဇ်အတိုင်ပင်ခံက သိုင်းပညာရှင်၊ ကောင်းကင်နတ်သိုင်းပညာရှင်တွေကိုလည်း လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ကူညီဖို့ စေခိုင်းခဲ့ပါတယ်… ကောက်ပဲသီးနှံတွေ မပျက်စီးရအောင် မိုးခေါင်တဲ့အချိန်မှာ မိုးရွာအောင်လုပ်ပေးပြီး ရေလွှမ်းတဲ့အချိန်မှာ ရေဖောက်ထုတ်ပေးခဲ့တဲ့အတွက် နှစ်ပေါင်းတစ်ရာ့ခြောက်ဆယ်တိတိ အငတ်ဘေးနဲ့ မကြုံတွေ့ခဲ့ရပါဘူး… ဒီနေ့အချိန်အခါမှာ လယ်ယာမြေတစ်ဧကကို ကောက်ပဲသီးနှံ အချိန်နှစ်ရာ့နှစ်ဆယ် ထွက်ပါတယ်… မြေယာခွန်အဖြစ် အချိန်တစ်ရာ့တစ်ဆယ် ပေးသွင်းရပေမဲ့ လယ်သမားတွေအတွက် အသားနဲ့စားသောက်ရဖို့ မခဲယဉ်းတော့ပါဘူး…”

“အချိန်ကိုးဆယ်နဲ့ အချိန်နှစ်ရာ့နှစ်ဆယ်…” ဧကရာဇ်ယန်ဖုန်းက ပေါက်စီနှစ်လုံးကို ကောက်ယူ၍ အငတ်ဘေးဆိုက်နေသူတစ်ဦး၏ ခွက်ထဲသို့ ကမ်းပေးပြီး ဟင်းရွက်ခြောက်တစ်ဇွန်းပါ ခပ်ထည့်လိုက်၏။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ “ဗုဒ္ဓဆိုတာဘာလဲ… ဒါက ဗုဒ္ဓပဲ၊ အသက်ရှိနေတဲ့ဗုဒ္ဓ၊ သာမန်အရပ်သားတွေ အားလုံးရဲ့ ဗုဒ္ဓပဲ… တထာဂတဘွဲ့၊ တာအိုသခင်ဘွဲ့ ခံယူပြီး စိတ်ခွန်အားဖြစ်စေမဲ့ စကားတွေ ပြောနေလို့ ဗုဒ္ဓတွေ၊ တာအိုသခင်တွေ ဖြစ်မလာဘူး… စိုက်ပျိုးရေးဝန်မင်း၊ ထပ်ပြီး မေးပါရစေဦး… ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက ကောင်းမွန်ပြီး ရိက္ခာတွေလည်း တိုးပွားလာတယ်ဆို သဘာဝကပ်ဘေးဖြစ်တိုင်း ဘာလို့ အငတ်ဘေး ဆိုက်နေရသေးတာလဲ…”

စိုက်ပျိုးရေးဝန်မင်းမှာ အခက်တွေ့သည့် အမူအရာ ပေါ်လာပြီး ချီတုံချတုံ ဖြစ်သွား၏။ “ဒါက…”

“ပြောပါ…”

“မှန်လှပါ… လူဦးရေတိုးတက်လာတဲ့အပြင် အသားတွေစားတာ၊ စစ်ပွဲတွေ ဖြစ်တာကြောင့်လည်း ပါပါတယ်… ခြံမွေးတိရစ္ဆာန်တွေ၊ နန်းတွင်းတပ်ဖွဲ့ရဲ့ ဆန်းကြယ်သားရဲတွေကို အစာကျွေးဖို့ လိုသလို စစ်ပွဲမှာ တိုက်ခိုက်ဖို့၊ လေ့ကျင့်ဖို့အတွက်လည်း စစ်သည်တွေကို ကျွေးမွေးရပါတယ်… ဒါပေမဲ့ အဓိကကျတဲ့ အကြောင်းရင်းကတော့ လယ်ယာမြေပိုင်ဆိုင်မှုပါပဲ… တချို့လယ်ယာမြေတွေကို အထက်တန်းလွှာမိသားစု၊ သိုင်းဂိုဏ်း၊ ဘုရားကျောင်းတွေက ဝယ်ယူပြီး လယ်ပိုင်ရှင်၊ ယာပိုင်ရှင်တွေ ဖြစ်ကုန်ကြလို့ ကောက်ပဲသီးနှံတွေ သူတို့လက်ထဲ နောက်တစ်ကျော့ ပြန်ရောက်သွားပါတယ်… ပြီးခဲ့တဲ့တစ်ခေါက် သိုင်းဂိုဏ်းတွေ ပုန်ကန်နိုင်တာ သူတို့မှာ ငွေကြေးနဲ့ ရိက္ခာရှိလို့ပါပဲ… အဲဒီအတွက် အတင့်ရဲနိုင်ကြတာ… ဒါပေမဲ့ အငတ်ဘေးက ဒီလောက်နဲ့ မဆိုးရွားသင့်သေးဘူး… အခုလို ဆိုးရွားနေတဲ့အကြောင်းရင်းကတော့ စစ်ပွဲပြီးတဲ့အချိန် နန်းတွင်းဘဏ္ဍာတိုက်မှာ ဟောင်းလောင်းဖြစ်နေပြီး အထက်တန်းလွှာမိသားစုတွေ၊ သိုင်းဂိုဏ်းတွေ၊ ဘုရားကျောင်းတွေက သူတို့ပိုင်ဆိုင်တဲ့ ရိက္ခာကို ထုတ်ပေးဖို့ ငြင်းဆန်ကြလို့ပါ… ပြီးခဲ့တဲ့တစ်ခေါက် သိုင်းဂိုဏ်းတွေ ပုန်ကန်ကြတာရဲ့ အကျိုးသက်ရောက်မှုက အတော်လေး ကြီးမားပါတယ်…”

ဧကရာဇ်ယန်ဖုန်းက နန်းတွင်းအရာရှိများကို နောက်ပြန်လှည့်ကြည့်လိုက်သည်။ “အထက်တန်းလွှာမိသားစု၊ သိုင်းဂိုဏ်း၊ ဘုန်းကြီးကျောင်း၊ တာအိုဘုရားကျောင်းတွေက အမြဲတမ်း အမြင့်မှာနေပြီး အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေ နေ့တိုင်းစားမယ်၊ လေပြည်လေညင်းတွေအကြောင်း၊ ပန်းပွင့်တွေအကြောင်း၊ ဆီးနှင်းပေါက်တွေအကြောင်း၊ လမင်းကြီးအကြောင်း ကဗျာတွေစာတွေ စပ်ကြမယ်၊ တာအိုအကြောင်း၊ သိုင်းကွက်တွေ ကောင်းကင်နတ်သိုင်းတွေအကြောင်း၊ ထာဝရအသက်ရှည်နိုင်မဲ့အကြောင်းတွေ ပြောကြဆိုကြ တိုင်ပင်ဆွေးနွေးကြမယ်… သူတို့ကို လုပ်ကျွေးနေတဲ့ လယ်သမားတွေကျတော့ ဘယ်သူများ ကူညီဖို့ ဆန္ဒရှိကြလဲ… လယ်သမားတွေသာ သူတို့ကို လုပ်ကျွေးပြုစုဖို့ ငြင်းဆန်မယ်ဆိုရင် ကပ်ဘေးတွေ၊ ဒုက္ခဘေးတွေ တန်းပေးတော့တာပဲ… ဒီဆီးနှင်းကပ်ဘေးက ထူးဆန်းသလား… မထူးဆန်းဘူး၊ လုံးဝမထူးဆန်းဘူး… သိုင်းဂိုဏ်းတွေ သူတို့ပိုင်နက်နဲ့သူတို့ အုပ်ချုပ်တုန်းက ဒီလိုဆီးနှင်းကပ်ဘေးမျိုး ကြုံရတာပဲ… ဒါပေမဲ့ အဲဒီဆီးနှင်းကပ်ဘေးကို ကျစေတဲ့သူက နတ်ဘုရားတွေ မဟုတ်သလို ကောင်းကင်ဘုံလည်း မဟုတ်ဘူး… အဲဒီသိုင်းဂိုဏ်းတွေ ကိုယ်တိုင်ပဲ၊ သာမန်အရပ်သားတွေ သူတို့ကို နာခံအောင်၊ မတွန်းလှန်ရဲအောင် သူတို့ကိုယ်တိုင် ကပ်ဘေးတွေ၊ ဒုက္ခဘေးတွေ ဖန်တီးခဲ့တာ…”

“ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ လယ်သမားတွေ၊ ကုန်သည်တွေအတွက် သိုင်းဂိုဏ်းတွေက အလုပ်အကျွေးပြုဖို့ပဲ… အဲဒီအတွက် သူတို့မကျေနပ်ကြဘူး… ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်ကို တည်ထောင်ခဲ့တယ်… အဲဒီကျောင်းတွေကတစ်ဆင့် တစ်လောကလုံးမှာရှိတဲ့လူတွေ သူတို့ကိုယ်သူတို့ ကာကွယ်စောင့်ရှောက်နိုင်အောင် ပညာသင်ပေးလို့ ပိုပြီး မကျေမနပ် ဖြစ်ကုန်ကြတယ်… သူတို့က ပုန်ကန်ချင်တယ်၊ လူသတ်ချင်လာတယ်… သူတို့ရဲ့ ရှေးဘိုးဘေးတွေအကုန်လုံး လယ်သမားဘဝက လာတယ်ဆိုတာ သတိမရကြတော့ဘူး…”

“သေချာနားထောင်… ဒီတစ်ခေါက် အဲဒီလူတွေကို ငါကိုယ်တော် သုတ်သင်ရှင်းလင်းခဲ့တယ်… မင်းတို့လည်း သူတို့လို ပြုမူရင် သုတ်သင်ခံရမယ်… ငါကိုယ်တော် အလိုရှိတဲ့ အမှုထမ်းအရာထမ်းက အမြင့်မှာ နေသားကျနေတဲ့ အဲဒီဂိုဏ်းတွေက မဟုတ်သလို အဆင့်မြင့်ပညာရှင်တွေ၊ ဗုဒ္ဓတွေလည်း မဟုတ်ဘူး… ကိုယ်လုပ်ရမဲ့အလုပ်ကို လက်တွေ့ကျကျ လုပ်နိုင်သူတွေပဲ… ငါကိုယ်တော်ရဲ့ ဝန်မင်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် သူများထက် တစ်ဆင့်မြင့်တယ်ထင်တဲ့ စာတတ်ပေတတ် အရာရှိတွေ ရှိနေသေးတယ်…  သောက်ချီးပဲ−စာရေးတော်တွေ၊ ငါကိုယ်တော်ကို ဆဲရေးခွင့်ပြုဦး… သောက်ချီးပဲ၊ အဲလိုလူမျိုးတွေတွေ့ရင် နေရာတင် ခေါင်းဖြတ်သတ်ချင်စိတ် ပေါက်လာတာပဲ…”

နန်းတွင်းအရာရှိများမှာ ခေါင်းတွင်တွင်ငုံ့၍ မည်သည့်စကားမျှ မဆိုရဲကြတော့ချေ။

ဧကရာဇ်စကားကို မှတ်တမ်းတင်ရသည့် စာရေးတော်နှစ်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အခက်တွေ့သွားကြ၏။ အသက်ကြီးကြီး စာရေးတော်ကြီးက လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး၊ ကောင်းကင်သားတော် ဧကရာဇ်မင်းမြတ်ဆိုတာ ကိုယ်နှုတ်စောင့်စည်းတော်မူရပါတယ်…”

“ဒီလို ဆဲရေးတာတွေ ကိုယ်တော် သိပ်မလုပ်ပါဘူး… ဒေါသထွက်လွန်းလို့ ဆဲမိတာပါ… စိတ်မရှိပါနဲ့ စာရေးတော်ကြီး…”

ဧကရာဇ်ယန်ဖုန်း စကားကောင်းနေစဉ် ရွှေရောင်သပိတ်ကို ကိုင်ဆောင်ထားသော ဘုန်းတော်ကြီးတစ်ပါး အစားအစာဝေငှသည့် နေရာသို့ ရောက်ရှိလာ၏။ ထိုဘုန်းတော်ကြီးက ပြုံး၍ ပြောလိုက်သည်။ “သိပ်ကောင်းတဲ့စကားပဲ အရှင်မင်းကြီး… ဒါပေမဲ့ ကပ်ဘေးကျရောက်လာတဲ့အခါ ကပ်ဘေးကို တားဆီးပြီး ပြည်သူပြည်သားတွေကို ကယ်တင်ဖို့သာ အမှန်ဆုံးနည်းလမ်း မဟုတ်လား…”

ဧကရာဇ်ယန်ဖုန်းက ထိုဘုန်းတော်ကြီးကို ကြည့်၍ ယာဂုတစ်ပန်းကန်၊ ပေါက်စီနှစ်လုံး၊ ဟင်းရွက်ခြောက်တစ်ဇွန်း လှူဒါန်းလိုက်၏။ “အပြောတင်မဟုတ်ဘူး၊ အလုပ်လည်း ကောင်းပါတယ်… ကိုယ်တော်ကြီး၊ ဖြည်းဖြည်းသုံးဆောင်… လောကီအလုပ်မှာ ဝင်မရှုပ်နဲ့…”

ထိုဘုန်းတော်ကြီးက ခေါင်းညိတ်၍ ရွှေသပိတ်ကို သယ်ဆောင်ကာ ထွက်သွားသည်။

“တထာဂတ…” ဧကရာဇ်ယန်ဖုန်း၏ နောက်ဘက်မှ လူများမှာ ဘုန်းတော်ကြီးကို မြင်သောအခါ မှင်တက်သွားမိကြ၏။

တထာဂတထွက်သွားသောအခါ နောက်ဘက်မှ ရသေ့အိုကြီးတစ်ပါး ရောက်ရှိလာသည်။ ထိုရသေ့ကြီး၏ ဝတ်ရုံက ဖိုသီဖတ်သီ ဖြစ်၍ ဆံပင်များလည်း ရှုပ်ပွနေ၏။ သူက ခွက်တစ်လုံး ယူလာပြီး ပြုံးပြလိုက်သည်။ “အရှင်မင်းကြီး၊ စားသောက်ပြီးပါပြီလား…”

ဧကရာဇ်ယန်ဖုန်း၏မျက်နှာ တင်းမာသွားပြီး ယာဂုများ ခပ်ထည့်ပေး၍ ခေါင်းခါယမ်းလိုက်၏။ “မစားရသေးပါဘူး…”

“အရှင်မင်းကြီး များများစားသင့်တယ်၊ ဗိုက်ဝမှ သွားရမဲ့လမ်းကို ဖြောင့်ဖြောင့်သွားနိုင်မှာ…”

ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်၍ ပေါက်စီနှစ်လုံးနှင့် ယာဂုတစ်ပန်းကန်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူ့နောက်မှ အရပ်ဘက်၊ စစ်ဘက်အရာရှိများကို လှည့်ပြောလိုက်၏။ “လာစားကြ… ကိစ္စကြီးနဲ့ ကြုံရပြီ…”

နန်းတွင်းအရာရှိများက ရဟန်းအိုကြီးနှင့် တာအိုရသေ့ကြီးကို ရန်သူတော်ကြီးများနှင့် ကြုံတွေ့ရသကဲ့သို့ ကြည့်လိုက်ကြသည်။ ထိုသူနှစ်ယောက်ကတော့ နံရံထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်၍ ယာဂု၊ ပေါက်စီ၊ ဟင်းရွက်ခြောက်များကို မြိန်ရည်ယှက်ရည် စားသောက်နေကြ၏။

နန်းတွင်းအရာရှိများက ဝေစုကိုယ်စီသွားယူ၍ အခြားနံရံထောင့်၌ ထိုင်ချလိုက်သည်။ ဧကရာဇ်ယန်ဖုန်းလည်း ထိုသို့ သွား၍ တိတ်တဆိတ် စားသောက်၏။

စားသောက်ပြီးစီးသောအခါ ရေတွင်းသို့ သွားရောက်၍ ပန်းကန်ခွက်ယောက်များ ဆေးကြောလိုက်သည်။ နန်းတွင်းအရာရှိများက သူ့နောက်တွင် တန်းစီစောင့်ဆိုင်းနေကြ၏။ တထာဂတနှင့် တာအိုသခင်လည်း ဆေးကြောသန့်စင်ရန် ရောက်လာပြီး ပြောဆိုကြသည်။ “လောကီလူ့ဘုံက အစားအသောက်တွေ မစားဖြစ်တာ အတော်ကြာပြီဆိုတော့ အရသာတောင် တစ်မျိုးထူးနေတယ်…”

“တပည့်တော်နဲ့ ဝန်မင်းတွေကတော့ ဒီအစားအသောက်တွေ စားတာ လချီနေပါပြီ…” ဧကရာဇ်ယန်ဖုန်းက အလေးအနက် ပြောလိုက်၏။ “တာအိုရောင်းရင်းတို့အနေနဲ့ ဒါမျိုးများများ စားသင့်တယ်… အမြင့်ကို တအားရောက်မသွားစေနဲ့…”

“အမြင့်မှာနေရတာက လူ့ဘုံလောကနဲ့ ကင်းကွာဖို့ပါပဲ…” တာအိုသခင်က ပြုံးလိုက်သည်။ “အရှင်မင်းကြီးက လူ့လောကရဲ့ ဧကရာဇ်ဆိုတော့ လောကီလူသားတွေကို အုပ်ချုပ်ရတာ မဆန်းပါဘူး… ကိုယ်တော်တို့က တာအိုနဲ့ ဗုဒ္ဓတရားကို လေ့ကျင့်တာမို့လို့ လောကီလူ့ဘုံနဲ့ ခပ်ဝေးဝေး နေရတယ်… စိတ်နှလုံးညစ်နွမ်းရင် ဒုက္ခပင်လယ်က ရုန်းထွက်လွတ်မြောက်ဖို့ ခဲယဉ်းသွားမယ် မဟုတ်လား…”

ဧကရာဇ်ယန်ဖုန်းက ပြုံး၍ မေးလိုက်သည်။ “တာအိုသခင်၊ နတ်ဘုရားအစစ် ဖြစ်နိုင်ပြီလား…”

တာအိုသခင်က ခေါင်းခါယမ်းလိုက်၏။

ဧကရာဇ်ယန်ဖုန်းက တထာဂတကို မေးလိုက်သည်။ “တထာဂတ၊ ကိုယ်တော်ရော ဗုဒ္ဓအစစ် ဖြစ်လာနိုင်ပြီလား…”

တထာဂတက ခေါင်းခါယမ်းလိုက်၏။ “ကောင်းကင်တံတား ကျိုးပျက်နေတဲ့အတွက် ဘယ်သူများ နတ်ဘုရားအစစ်၊ ဗုဒ္ဓအစစ် ဖြစ်လာနိုင်မှာလဲ…”

“အဲဒါဆို လောကီလူ့ဘုံက ဝေးဝေးနေတာတွေ၊ စွမ်းအားကြီးမြင့်တာတွေ ဘာလို့ သောက်ပေါက်တတ်ကရ ပြောနေရလဲ… စာရေးတော်တို့ စကားကြမ်းပြောမိသွားပြန်ပြီ၊ ဒါတွေ လိုက်မမှတ်နဲ့… ကိုယ်တော်သိပါတယ်… မင်းတို့ နောက်ဆုတ်ကြ… ဒီနေရာမှာ မနေတော့နဲ့…” ဧကရာဇ်က နောက်လိုက်နောက်ပါ အရာရှိများ ခြံရံ၍ မြို့ပြင်သို့ ထွက်ခွာသွားသည်။

ထို့နောက် ခြေလှမ်းများရပ်၍ နောက်ပြန်လှည့်ကြည့်ပြီး ပြုံးလိုက်၏။ “သိုင်းလောကထုံးစံ မဟုတ်ဘဲ နန်းတွင်းစည်းမျဉ်းအတိုင်း ဆိုပေမဲ့ လူအများကြီး မလိုဘူး… ကောင်းကင်တံတားအဆင့်တွေပဲ နေခဲ့၊ ကျန်တဲ့သူတွေ နောက်ပြန်ဆုတ်…”

နန်းတွင်းအရာရှိအများစု ရပ်တန့်ကျန်ရစ်ခဲ့ပြီး ခုနစ်ယောက်သာ ဧကရာဇ်ယန်ဖုန်းနောက် ဆက်လိုက်လာကြသည်။ ထိုသူများက စစ်သေနာပတိချုပ်ယွမ်ခုံးကိုယ်တော်၊ စစ်တုရှို့လဲ့ချင်း၊ စစ်ခုန်ဝေ့ဖျင်းပေါ်၊ သေနင်္ဂဗျူဟာစစ်သူကြီးချင်ပေါင်ယွဲ့၊ ထိုက်တောင်ဘုရင်လင်ရှုဟွာ၊ မြင်းဖြူစစ်သူကြီးချွမ်တင်းဝူ၊ ပထမအဆင့်အရာရှိစုယွင်ကျစ်တို့ ဖြစ်၏။ ဧကရာဇ်အပါအဝင်ဆိုလျှင် စုစုပေါင်း လူရှစ်ယောက် ဖြစ်သည်။

တထာဂတနှင့် တာအိုသခင်က သူတို့ကို ဂရုမစိုက်ဘဲ ရှေ့သို့သာ ဆက်လျှောက်သွား၏။

ဧကရာဇ်ယန်ဖုန်းက အားလုံးကို ဦးဆောင်၍ မြို့ပြင်သို့ ထွက်လာသည်။ မြို့ပြင်ရှိ လယ်ကွင်းများသို့ ရောက်သောအခါ ခြေလှမ်းရပ်၍ ကောက်ပဲသီးနှံများကြည့်ရင်း လယ်သမားအိုကြီးကို မေးမြန်းလိုက်၏။ “သီးနှံတွေ ဖြစ်ထွန်းရဲ့လား…”

“ဖြစ်ထွန်းပါတယ်…” လယ်သမားအိုကြီးက အသံကျယ်ကျယ်ဖြင့် ဖြေလိုက်သည်။

ဧကရာဇ်ယန်ဖုန်းက ပြုံး၍ သူ့နောက်မှ ဝန်မင်းများကို လှည့်ကြည့်လိုက်၏။ “ရိတ်သိမ်းရာသီမှာ သီးနှံကောင်းကောင်းထွက်မှာပါ…”

တာအိုသခင်က ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဒီနှစ်ရိတ်သိမ်းရာသီမှာ သီးနှံကောင်းကောင်း ထွက်နိုင်ပေမဲ့ နောက်နှစ်တွေမှာ ထွက်နိုင်ချင်မှ ထွက်နိုင်ပါလိမ့်မယ်… အရှင်မင်းကြီးအတွက် မဟာမြို့ပျက်အကြောင်း မှတ်တမ်းတင်ထားတဲ့ စာလိပ်တစ်လိပ် ကိုယ်တော် ယူလာပါတယ်… တာအိုဂိုဏ်းကတော့ ဒီမှတ်တမ်းကို ခိုင်ဧကရာဇ်ကပ်ဘေးမှတ်တမ်းလို့ ခေါ်တယ်… အရှင်မင်းကြီး လမ်းလျှောက်ရင်း ဖြည်းဖြည်း အချိန်ယူဖတ်ကြည့်ပါ… ဒီမှတ်တမ်းကို ဖတ်ပြီးတဲ့အထိ ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိသေးတယ်ဆိုရင်တော့ လောကကြီးမှာ အပြောင်းအလဲတွေ ဖြစ်ရတော့မှာပဲ…”

တထာဂတက သက်ပြင်းချလိုက်၏။ “တာအိုသခင်က မေတ္တာတရားကြီးမားပါပေတယ်…”

တာအိုသခင်က ခေါင်းခါယမ်းလိုက်သည်။ “သူက အန္တရာယ်ကို မသိဘူး၊ သိသွားရင် တပည့်တော်တို့လို ဖြစ်လာမှာပါပဲ…” စကားအဆုံးတွင် ခိုင်ဧကရာဇ်ကပ်ဘေးမှတ်တမ်းကို ဧကရာဇ်ယန်ဖုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

“အရှင်မင်းကြီး သတိထားပါ…” ပထမအဆင့်အရာရှိ စုယွင်ကျစ်က သတိပေးလိုက်သည်။

ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်၏။ “ကိစ္စမရှိပါဘူး…”

သူက တာအိုသခင်၏ လက်ထဲမှ ခိုင်ဧကရာဇ်ကပ်ဘေးမှတ်တမ်းကို ယူ၍ အသေးစိတ် ဖတ်ရှုလိုက်သည်။

သူတို့ ခပ်အေးအေး ရှေ့ဆက် လျှောက်လှမ်းနေကြ၏။ ဧကရာဇ်ယန်ဖုန်းက စာရွက်များ တစ်ရွက်ပြီးတစ်ရွက် လှန်၍ ခိုင်ဧကရာဇ်ကပ်ဘေးမှတ်တမ်းကို ဖတ်ရှုနေသည်။ တာအိုသခင်နှင့် တထာဂတက သူ့ကို လောဆော်ခြင်းမရှိဘဲ ငြိမ်သက်စွာ လိုက်လာကြ၏။

မိုင်တစ်ရာခန့် လျှောက်ပြီးသောအခါ ဧကရာဇ်ယန်ဖုန်း ခိုင်ဧကရာဇ်ကပ်ဘေးမှတ်တမ်းကို ဖတ်ရှုပြီးစီးသွားပြီး စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။ ကောင်းကင်ယံသို့ မော့ကြည့်သော်လည်း မည်သည်ကိုမျှ မပြောချေ။

တာအိုသခင်က မေးလိုက်၏။ “အရှင်မင်းကြီးစိတ်မှာ သတ္တဝါတွေကောင်းကျိုးကို လိုလားတယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာ သိပြီမဟုတ်လား…”

ဧကရာဇ်ယန်ဖုန်းက အတန်ကြာအောင် ငိုင်တွေနေသည်။ ထို့နောက် ရုတ်တရက် ပြောလိုက်၏။ “တပည့်တော်ငယ်ငယ်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ နယ်မြေကျဉ်းမြောင်းသေးသလို ဧကရာဇ်ကိုလည်း ဘယ်သူမှ အလေးတယူ မပြုကြဘူး… သိုင်းဂိုဏ်းတွေ၊ အထက်တန်းလွှာမိသားစုတွေ အကုန်လုံး လူတွေကို ကုပ်သွေးစုပ် အမြတ်ထုတ်နေချိန်ပေါ့… တစ်ခါသား တပည့်တော် သံတမန်တစ်ယောက်နဲ့ ယွမ်ချီတိုင်းပြည်လို့ ခေါ်တဲ့နေရာကို သွားလည်ရင်း မိုးကြိုးကပ်ဘေးနဲ့ ကြုံခဲ့ရတယ်၊ အဲနေရာက အခုတော့ ယွမ်ပြည်နယ် ဖြစ်သွားပါပြီ… ယွမ်ချီတိုင်းပြည်ရဲ့ ကောင်းကင်တစ်ခွင်လုံး တိမ်တိုက်မည်းတွေ ဖုံးလွှမ်းပြီး လျှပ်စီးတန်းတွေ တဖျစ်ဖျစ်မြည်၊ မိုးကြိုးတွေ အဆက်မပြတ်ပစ်ချလို့ လူတွေ၊ တိရိစ္ဆာန်တွေ ဘယ်လောက် သေကြေရလဲ မရေနိုင်အောင်ပါပဲ…”

“ယွမ်ချီတိုင်းပြည်ရဲ့ ဧကရာဇ်မင်းက သူ့ရဲ့ နောက်လိုက်နောက်ပါ ဝန်မင်းတွေနဲ့အတူ ဒူးထောက်ထိုင်ချပြီး မိုးကြိုးကပ်ဘေးရှေ့မှာ အသနားခံခဲ့တယ်… ပြည်သူပြည်သား သာမန်အရပ်သားတွေလည်း မြေပေါ်မှာ ဒူးထောက်ထိုင်ချပြီး ကောင်းကင်ဘုံကို တောင်းပန်တိုးလျှိုးကြတယ်… အဲဒီမိုးကြိုးကပ်ဘေးမှာ ဧကရာဇ်ဟာ မိုးကြိုးလျှပ်စီးထိမှန်ပြီး သေဆုံးခဲ့ရရှာတယ်… နောက်ကျမှ သူတို့ပြောတဲ့ ကောင်းကင်ဘုံဆိုတာ ကောင်းကင်နတ်ဘုရားအစစ်တွေ မဟုတ်ဘဲ လျှို့ဝှက်မိုးကြိုးဂိုဏ်းဖြစ်နေမှန်း သိလိုက်ရတော့တာပဲ…”

“အဲဒီနှစ်မှာ ကောက်ပဲသီးနှံများများ မထွက်ဘဲ ဆက်သတဲ့ လက်ဆောင်ပဏ္ဍာနည်းပါးသွားလို့ လျှို့ဝှက်မိုးကြိုးဂိုဏ်းက ယွမ်ချီတိုင်းပြည်အပေါ် ကပ်ဘေးကျအောင် လုပ်ခဲ့တာတဲ့… ကပ်ဘေးကို ဖန်တီးခဲ့တာတော့ ကောင်းကင်ကိုးဆင့်မိုးကြိုးပဝါလို့ခေါ်တဲ့ ဂိုဏ်းအမွေအနှစ်ဝိညာဉ်ရတနာပဲ… ဧကရာဇ်က အပြစ်အားလုံး သူတစ်ယောက်တည်း ခံယူသွားတဲ့အတွက် လျှို့ဝှက်မိုးကြိုးဂိုဏ်းက သူ့ကို သတ်ဖြတ်ပြီး ဧကရာဇ်အသစ်လဲပစ်ကြတယ်… အဲဒီအချိန်ကတည်းက တပည့်တော် စဉ်းစားနေတာ…”

သူက တာအိုသခင်နှင့် တထာဂတကို ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။ “ကိုယ်တော်တို့ကို ဖယ်ရှားပစ်ရမယ်ဆိုတာပဲ… အခု တပည့်တော် လုပ်နိုင်ခဲ့ပြီ… ဒါပေမဲ့ တပည့်တော်နဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက မလုံလောက်သေးလို့ ဒီဆီးနှင်းကပ်ဘေး ကျရောက်လာတာပဲ… ဒီကပ်ဘေးကို နတ်ဘုရားတစ်ပါးက စေလွှတ်တာဆို အဲဒီနတ်ဘုရားကို ဖယ်ရှားပစ်မယ်…”

တာအိုသခင်က ချုပ်တည်းမထားနိုင်ဘဲ မေးလိုက်၏။ “အရှင်မင်းကြီးက သတ္တဝါတွေရဲ့ ကောင်းကျိုးကို ထည့်မစဉ်းစားတော့ဘူးလား၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မဟာမြို့ပျက်လိုဖြစ်အောင် လုပ်တော့မလို့လား… အရှင်မင်းကြီးနဲ့ ဧကရာဇ်အတိုင်ပင်ခံတို့ သိုင်းဂိုဏ်းတွေကို ဖယ်ရှားပြီး နယ်မြေချဲ့ထွင်ခဲ့တုန်းက ဒီရသေ့ကြီး တားဆီးခဲ့သလား စဉ်းစားပါဦး… ဒါပေမဲ့ အခု အရှင်မင်းကြီးရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆက်လုပ်နေဦးမယ်ဆိုရင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသသင့်ပြီး သတ္တဝါအားလုံး ဒုက္ခရောက်ရလိမ့်မယ်…”

တထာဂတက ပြောလိုက်သည်။ “ပြန်စဉ်းစားပါဦး၊ အရှင်မင်းကြီး…”

“ကိုယ်တော်တို့မှာ ကိုယ်တော်တို့ယုံကြည်ရာ ရှိသလို တပည့်တော်မှာလည်း တပည့်တော် ယုံကြည်ရာ ရှိပါတယ်…”

တထာဂတက သက်ပြင်းချ၍ တာအိုသခင်ကို ပြောလိုက်၏။ “တာအိုရောင်းရင်း၊ ဧကရာဇ်အသစ်ပဲ လဲလိုက်ကြတာပေါ့…”

တာအိုသခင်က သူ၏ တာအိုဓားကို ယူငင်၍ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ တပည့်တော် ပြောနိုင်သလောက် ပြောပြီးပြီပဲ… အရှင်မင်းကြီးက ခေါင်းမာနေမှတော့ ဘာတတ်နိုင်မှာလဲ… ဧကရာဇ်အသစ်ပဲ လဲလိုက်ကြတာပေါ့…”

ဧကရာဇ်ယန်ဖုန်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ တာအိုရသေ့များ၊ ရဟန်းအိုကြီးများနှင့် ဆင်းရဲခြင်းဆရာသခင်တို့ အရပ်မျက်နှာအနှံ့မှ ပေါ်ထွက်လာပြီး သူတို့ကို ဝန်းရံထားကြောင်း တွေ့ရ၏။ ၎င်းတို့၏ အရေအတွက်က သူတို့ထက် များစွာသာလွန်နေသည်။

သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများ သိသိသာသာ မျက်နှာပျက်ယွင်းသွား၏။

ဧကရာဇ်ယန်ဖုန်းက မှင်တက်မိသွားပြီး တဟားဟားရယ်မောလိုက်သည်။ “တထာဂတ၊ တာအိုသခင်၊ ကိုယ်တော်တို့ကို သိုင်းလောကထုံးစံအတိုင်း သွားလိမ့်မယ် ထင်ထားတာ… နန်းတွင်းစည်းမျဉ်းအတိုင်း ကျင့်သုံးမယ်လို့ မထင်မိဘူး…”

တထာဂတက ခေါင်းခါယမ်းလိုက်၏။ “ကိုယ်တော်တို့မှာ ရွေးချယ်စရာမရှိဘူး… အရှင်မင်းကြီး ခွင့်လွှတ်ပါ… တာအိုသခင်၊ တာအိုရောင်းရင်းတို့… အရှင်မင်းကြီးကို သူသွားရမဲ့လမ်းဆီ ပို့ဆောင်ကြစို့…”

All Chapters