နွားလှည်း
Vol. 19 Ch. 259
ပါ့ကျိုးပြည်နယ်၏ အနောက်ဘက် မိုင်တစ်ရာခန့်အကွာတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်လျက် ရှိပြီး ထိုနေရာရှိ လေထုပင် အေးခဲသွားသကဲ့သို့ ထင်ရသည်။ တာအိုရသေ့များနှင့် ရဟန်းအိုကြီးများ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ချီစွမ်းအင်များ တရှိန်ရှိန်ထိုးထွက်၍ နတ်ဘုရားများအသွင် ဖွဲ့တည်နေ၏။ ထိုနတ်ဘုရားတို့၏ အရှိန်အဝါအငွေ့အသက်က လောကတစ်ခွင်ကို ဝါးမျိုနိုင်သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်၌ ကောင်းကင်နတ်ဆိုးဂိုဏ်းထက်ပင် ပိုရှေးကျသော ပညာအမွေများ ရှိ၏။ ဤအထွတ်အမြတ်နယ်မြေကြီးနှစ်ခုနှင့် ယှဉ်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်းမှာ သက်တမ်းနုသေးသော ဂိုဏ်းတစ်ခုအဖြစ်သာ သတ်မှတ်ရမည် ဖြစ်သည်။
ဤနေရာရှိ တာအိုရသေ့များ၊ ရဟန်းအိုကြီးများ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားများကို ကြည့်လျှင် သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော နတ်ဘုရားများကို သိရှိနိုင်၏။ ခေါင်းသုံးလုံး လက်လေးဖက်ရှိသော နတ်ဘုရား၊ မြင်းမြီးယပ်နှင့် လိပ်ခွံနတ်ဘုရား၊ ကျားသစ်မြီးနှင့် တိုက်ရှန့်ငှက်နတ်ဘုရား၊ ဝဇိရယက္ခ အစရှိသည့် နတ်ဘုရားများစွာ ပါဝင်သည်။
ဆင်းရဲခြင်းဆရာသခင်၊ အစစ်အမှန်သခင်မထျန်းနှင့် ကျန်သူများကတော့ ထိုကဲ့သို့ နတ်ဘုရားများ မဟုတ်ပေ။ သူတို့ဆက်ခံရသော ပညာအမွေအနှစ်များက တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်လောက် ရှေးမကျသော်လည်း အလွန်တရာ စွမ်းအားကြီးမြင့်၏။ သူတို့၏ နောက်ကျောဘက်မှ အချို့နတ်ဘုရားများမှာ ပညာရှိတန်ခိုးရှင်များ ဖြစ်သည်။ အချို့က ရွှေရောင်ပိုးကောင်များ ကိုင်ဆောင်ထားသည့် နတ်ဘုရားမများ ဖြစ်ပြီး အချို့က အပေါက်ဗရပွ အဝတ်အစားများ ဝတ်ဆင်ထားသည့် ဆင်းရဲသားနတ်ဘုရားများ ဖြစ်၏။
နန်းတွင်းမှ ပထမအဆင့် အမြင့်စံအရာရှိများ၏ ချီစွမ်းအင်ပုံသဏ္ဌာန်ဖွဲ့စည်းခြင်းမှာတော့ သူတို့နှင့် လုံးဝခြားနားနေသည်။ သေနင်္ဂဗျူဟာစစ်သူကြီးချင်ပေါင်ယွဲ့၏ နောက်ကျောဘက်တွင် ရှိနေသည်မှာ နတ်ဘုရားတစ်ပါး မဟုတ်ပေ။ ရွှေတင်းပုတ်တစ်စုံသာ ဖြစ်၏။ ထိုတင်းပုတ်များက တလက်လက်တောက်ပ၍ ဘေးပတ်ပတ်လည်တွင် ဓားသွားရှစ်ခု အဆက်မပြတ် လည်ပတ်နေသည်။ ဤစစ်သူကြီးက စစ်ပွဲများ မကြာခဏ ဆင်နွှဲ၍ နတ်ဘုရားဖြစ်ရန်၊ ဗုဒ္ဓဖြစ်ရန် ကျင့်ကြံခြင်းမရှိသဖြင့် သူ၏ လက်နက်များကိုသာ တိုက်ပွဲဝင်မည့် နတ်ဘုရားအဖြစ် သတ်မှတ်ထား၏။
စစ်သေနာပတိချုပ်ယွမ်ခုံးကိုယ်တော်၏ နောက်တွင် ရှိနေသည့် နတ်ဘုရားမှာလည်း ဗုဒ္ဓဘုရားရှင်တစ်ပါး မဟုတ်ပေ။ တစ်ကိုယ်လုံးတွင် သံကြိုးများ ရစ်ပတ်၍ ဓားမတစ်ချောင်း ကိုင်ဆောင်ထားသည့် ရဟန်းတစ်ပါးသာ ဖြစ်သည်။ ထိုရဟန်းက တိုက်ပွဲဝင်ရန် အသင့်အနေထား ရှိနေပြီး ရုပ်ရည်သွင်ပြင်က ယွမ်ခုံးကိုယ်တော်နှင့် တစ်ပုံစံတည်း ဖြစ်၏။
ထိုက်တောင်ဘုရင်လင်ရှုဟွာ၏ နောက်ကျောဘက်တွင်တော့ ထိုက်တောင်ကို ရစ်ပတ်ထားသည့် နဂါးကိုးကောင် ရှိသည်။ ထိုက်တောင်က ထိုနဂါးကိုးကောင်ကို ပူဇော်ပသနိုင်သည့် ပလ္လင်တစ်ခုသဖွယ် ဖြစ်နေ၏။ လင်ရှုဟွာမှာ ဘိုးဘေးများကို ပူဇော်ပသရန် တာဝန်ယူကြီးကြပ်ရသူ ဖြစ်သည်။
စစ်ခုန်ဝေ့ဖျင်းပေါ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ရေအရင်းအမြစ် ထိန်းသိမ်းရေးကို တာဝန်ယူရသဖြင့် သူ့ချီစွမ်းအင်က နတ်ဘုရားတစ်ပါးအဖြစ် မဖွဲ့စည်းဘဲ မြေ၊ ရေ၊ သစ်သားဖြင့် တည်ဆောက်ထားသော မြစ်ဆည်တစ်ခုအဖြစ် ဖွဲ့တည်နေ၏။ သူ၏ နတ်ဘုရားက ရေအရင်းအမြစ် ထိန်းသိမ်းရေး ဖြစ်သည်။
စစ်တုရှို့လဲ့ချင်းက အင်ပါယာ၏ ဘဏ္ဍာတိုက်ကို တာဝန်ယူရသည့် အမျိုးသမီးအရာရှိ ဖြစ်ပြီး တစ်ပြည်လုံး၏ ဘဏ္ဍာငွေကို စီမံခန့်ခွဲရ၏။ သူ့နောက်ကျောဘက်ရှိ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားမှာလည်း နတ်ဘုရားတစ်ပါး မဟုတ်။ မြွေကြီးတစ်ကောင်ကဲ့သို့ လူးလွန့်လှုပ်ရှားနေသည့် ဖုန်းတုကြေးပြားတစ်တွဲသာ ဖြစ်သည်။ သူ၏ နတ်ဘုရားက ငွေကြေး ဖြစ်၏။
ပထမအဆင့်အရာရှိစုယွင်ကျစ်မှာလည်း အမျိုးသမီးအရာရှိ ဖြစ်ပြီး ကိုယ်ပိုင်ဌာနဖွင့်လှစ် စီမံခန့်ခွဲရသဖြင့် နယ်စားသုံးပါးနှင့် အဆင့်ချင်း တူညီသည်။ ပြင်ပအရပ်သားအရာရှိ ဖြစ်သော်လည်း အမြင့်ဆုံးရာထူးအဆင့်ထိ ရယူထားနိုင်၏။ အခြေခံကျောင်းနှင့် ကောလိပ်ကျောင်းအားလုံးကို တာဝန်ယူကြီးကြပ်ရသူ ဖြစ်သဖြင့် သူ၏ ချီစွမ်းအင်ဖြင့် ပုံသဏ္ဌာန်ဖွဲ့ထားသည်မှာ နတ်ဘုရားတစ်ပါး မဟုတ်ဘဲ စာအုပ်တစ်အုပ်နှင့် ပေတံတစ်ချောင်းသာ ဖြစ်၏။
မြင်းဖြူစစ်သူကြီးချွမ်တင်းဝူ၏ နောက်ကျောဘက်တွင်တော့ မီးလျှံများ တရှိန်ရှိန် တောက်လောင်နေသည့် စစ်မြင်းတစ်ကောင်ကို စီးနင်းထားသည့် နတ်ဘုရားတစ်ပါး ရှိသည်။ ထိုနတ်ဘုရားက လက်ရှစ်ဖက်ရှိပြီး ဓားမ၊ ဒိုင်း၊ လှံတို၊ လှံရှည်၊ ဓားရှည်၊ ရဲတင်းလှံတို့ကို ကိုင်ဆောင်ထား၏။ ထို့ပြင် မျက်နှာလေးခုလည်း ရှိပြီး အရပ်လေးမျက်နှာသို့ ကြည့်ရှု၍ မျက်လုံးမှ မီးတန်းများ ပန်းထွက်နေသည်။ ထိုမျက်နှာလေးခုစလုံးမှာ စစ်သူကြီးချွမ်တင်းဝူ၏ မျက်နှာများသာ ဖြစ်၏။
ဤသည်ကိုကြည့်လျှင် နန်းတွင်းမှ ပထမအဆင့်အရာရှိများက သိုင်းဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များနှင့် ခြားနားနေကြောင်း သိနိုင်သည်။ တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်က နတ်ဘုရားနှင့် ဗုဒ္ဓကို ကိုးကွယ်သဖြင့် ၎င်းတို့၏ နောက်ကျောဘက်မှ နတ်ဘုရားများမှာ ဗုဒ္ဓနှင့် နတ်ဘုရားများသာ ဖြစ်၏။ အခြားတစ်ဘက်တွင်တော့ နန်းတွင်းမှ ပထမအဆင့်အရာရှိများမှာ သူတို့ စီမံခန့်ခွဲရသမျှကို နတ်ဘုရားအဖြစ် မှတ်ယူထားကြသည်။ တစ်ယောက်ချင်းစီ၌ မတူညီသော တာဝန်ဝတ္တရားနှင့် ထူးချွန်ပိုင်နိုင်မှုများ ရှိကြ၏။
ဗုဒ္ဓလမ်းစဉ်မှဖြစ်သော ယွမ်ခုံးကိုယ်တော်ပင် သူ့ကိုယ်သူ စစ်ပွဲကြားမှ ရဟန်းတစ်ပါးအဖြစ် သတ်မှတ်၍ ဗုဒ္ဓမြတ်စွာတစ်ပါး၏ အရှိန်အဝါအငွေ့အသက်မျိုး မပြသချေ။
နားရွက်ရှည်ရဟန်းတစ်ပါး၏ အမူအရာ ပြောင်းလဲသွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ဒီလို မိစ္ဆာလမ်းစဉ်တွေ ပေါ်ထွက်လာတာပဲ… နတ်ဘုရားနဲ့ ဗုဒ္ဓကို မကိုးကွယ်ဘဲ အမှိုက်တွေကို ကိုးကွယ်ဆည်းကပ်နေကြတာ…”
မြင်းဖြူစစ်သူကြီးက နားရွက်ရှည်ကိုယ်တော်ကို လက်ညှိုးထိုး၍ သရော်စကားဆိုလိုက်၏။ “သင်ထားတာကို အသုံးချ၊ သိထားတဲ့အတိုင်း လုပ်ရတယ်… နားရွက်ရှည်ကိုယ်တော်၊ ကိုယ်တော့်ရဲ့ အသိအမြင်က အတော်လေး နိမ့်ပါးသေးတာပဲ… ဒီအတိုင်းဆို သေတွင်းက လွတ်ဖို့ လွယ်မှာ မဟုတ်ဘူး…”
“ဘဝတစ်လျှောက်လုံး ကျင့်ကြံအားထုတ်နေတဲ့ အလုပ်တွေက ဘယ်လိုလုပ် နတ်ဘုရားဖြစ်အောင်၊ ဗုဒ္ဓဖြစ်အောင် ကျင့်ကြံတာထက် နိမ့်ကျရမှာလဲ…” ဧကရာဇ်ယန်ဖုန်းက ခပ်အေးအေး ပြောလိုက်သည်။ “ဒါတွေအားလုံးက လူတွေရဲ့ ကိုယ်ပိုင်စွမ်းရည်ပဲ… နတ်ဘုရားတွေ၊ ဗုဒ္ဓတွေအပေါ် မှီခိုအားထားနေတာသာ လမ်းမှား… ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပြီး နတ်ဘုရားအဆင့်၊ ဗုဒ္ဓအဆင့်ထိ ကျင့်ကြံမယ်ဆိုရင် နတ်ဘုရားတွေ၊ ဗုဒ္ဓတွေ ဖြစ်လာမှာပဲ…”
တာအိုဂိုဏ်းမှ တာအိုရသေ့များ မျက်မှောင်ကြုတ်သွား၏။ တာအိုသခင်က ခေါင်းခါယမ်းလိုက်သည်။ “ကိုယ်ပိုင်အလုပ်ကို နတ်ဘုရားအဆင့်ထိ ကျင့်ကြံမယ်တဲ့လား… အဲဒါဆို နတ်ဘုရားဖြစ်ပြီးရင်တောင် သေမျိုးလူတွေအတွက် အလုပ်ဆက်လုပ်ပေးရဦးမဲ့ သဘောပေါ့… ဒါက ထွက်ရပ်ပေါက်ရာလမ်းစဉ်ဆိုတာ သာမန်လူတွေအတွက် နိစ္စဓူဝ အသုံးဝင်မှုမှလွဲပြီး အခြားမရှိဆိုတဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အယူဝါဒပဲ… ဧကရာဇ်၊ အရှင်မင်းကြီးက ဧကရာဇ်အတိုင်ပင်ခံနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လွှမ်းမိုးမှုခံနေရပြီ…”
ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်သည်။ “တပည့်တော်သာ ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဝင်ရင် ဂိုဏ်းသခင် ဖြစ်လာမှာပါ…”
“မိစ္ဆာလမ်းစဉ်ဆိုမှတော့ ဆက်ပြောနေစရာ မရှိတော့ဘူး…”
တာအိုရသေ့များက နောက်ကျောရှိ ဓားများကို စမ်းလိုက်ကြသည်။ ထိုအခိုက်၌ မည်သူအော်လိုက်မှန်းမသိသော အသံတစ်သံ ခပ်အုပ်အုပ် ထွက်ပေါ်လာ၏။ “သေပေတော့…”
ထိုအသံ ထွက်ပေါ်လာသည်နှင့် သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များ ကောင်းကင်ယံထိ ထိုးတက်သွား၏။ နဂိုကတည်းက အေးခဲနေသော လေထုမှာ အရိုးကွဲအောင် စိမ့်တက်လာသည်။ ထိုအခိုက်၌ တကျွီကျွီတအီအီ အသံများနှင့်အတူ အဘိုးအိုတစ်ဦး နွားလှည်းမောင်း၍ ရောက်ရှိလာ၏။
အားလုံးမှာ သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များကို ပြန်ရုပ်သိမ်း၍ စကားတစ်ခွန်းမျှ မဆိုဘဲ ငြိမ်သက်စွာ ရပ်တန့်လိုက်ကြသည်။
အဘိုးအိုမှာ ကောင်းကင်တစ်ခွင်လုံး နတ်ဘုရားများ၊ ဗုဒ္ဓများပြည့်နှက်နေသည်ကို မြင်သောအခါ အံ့အားသင့်သွား၏။ လှည်းဆွဲလာသော နွားများမှာ ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ရီနေပြီး ခြေထောက်များ ပျော့ခွေကာ ရှေ့ဆက်မလှမ်းနိုင်ကြတော့ပေ။ အဘိုးအိုမှာ ဒေါသထွက်သွားပြီး နွားများကို နှင်တံဖြင့် တဖျောင်းဖျောင်း ရိုက်တော့၏။ ထိုအခါမှသာ နွားလှည်းမှာ တရွေ့ရွေ့ ထွက်ခွာသွားနိုင်သည်။
အဘိုးအိုနှင့် နွားလှည်း ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲပြန်စရန် ပြင်လိုက်ကြ၏။
သို့သော်လည်း ကောင်းကင်တံတားအဆင့်ပညာရှင်များ သိုင်းကွက်ထုတ်ဖော်ရခြင်း မရှိသေးမီပင် နောက်ထပ် လှည်းဘီးသံတအီအီကို ကြားလိုက်ကြရသည်။ သူတို့ရှိရာသို့ နွားလှည်းတစ်စီး မောင်းနှင်လာပြီး ထိုလှည်းပေါ်တွင် အဘိုးကြီးတစ်ဦး ပါလာ၏။ ထိုအဘိုးကြီးမှာ အားလုံးကို မြင်သောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ခက်ခက်ခဲခဲ အားထုတ်၍ နွားများကို အတင်းမောင်းနှင်သွားရသည်။
အားလုံး သက်ပြင်းချ၍ တိုက်ပွဲစတော့မည် ပြင်လိုက်စဉ်မှာပင် လှည်းဘီးသံတအီအီ ထပ်ကြားရပြန်၏။ တာအိုရသေ့တစ်ပါးက ဒေါသတကြီး ရေရွတ်လိုက်သည်။ “ဒီလောက်အေးစိမ့်နေတဲ့ ရာသီဥတုနဲ့ ရေခဲနေတဲ့နေရာမှာ နွားလှည်းတွေ အများကြီး ဘယ်က ရောက်လာတာလဲ…”
အားလုံး အံ့အားသင့်သွားကြ၏။ ထိုရသေ့၏စကားက အမှန်ပင် ဖြစ်သည်။ ယခုအချိန်က နေရာအနှံ့ ဒုက္ခဘေးများ ကျရောက်ပြီး ခြံမွေးတိစ္ဆာန်များအားလုံး စားသောက်ပစ်သဖြင့် ကုန်ပြီဖြစ်ရာ အဘယ်သို့ပြု၍ နွားလှည်းများ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေရသနည်း။ ထို့ပြင် အဘယ်ကြောင့် ဤနေရာကိုမှ ရွေး၍ ရောက်လာရသနည်း။
နောက်ထပ်ရောက်လာသည့် နွားလှည်းပေါ်တွင် အဘိုးကြီး၊ အဘွားကြီးစုံတွဲ ရှိနေသည်ကို မြင်လိုက်ကြရ၏။ အဘွားကြီးက ဆံပင်များ ဖွေးဖွေးဖြူနေပြီး အဘိုးကြီးက များစွာအိုမင်းခြင်း မရှိသေးချေ။ အားလုံးက နွားလှည်းဖြတ်သွားပြီးသည်အထိ ငြိမ်ငြိမ်သက်သက် စောင့်နေလိုက်ကြ၏။
သို့သော်လည်း နွားလှည်းက သူတို့အနီးတွင် ရပ်တန့်သွားသည်။ လှည်းဆွဲသော နွားများက ကြောက်လန့်သည့်ပုံမပြသကဲ့သို့ အဘိုးကြီးနှင့် အဘွားကြီးကလည်း မည်သည်ကိုမျှ ဂရုမစိုက်ဟန်ဖြင့် ခုန်ဆင်းလာသည်။ သူတို့က မျက်လှည့်ပြတော့မည်ကဲ့သို့ လှည်းပေါ်မှ အဝတ်လိပ်ကို ဖြန့်ကာ ခပ်သာသာတစ်ချက် လှုပ်ခါ၍ ဆွဲဖယ်လိုက်၏။ တစ်မုဟုတ်ချင်းပင် ထူးဆန်းသော အသွင်သဏ္ဌာန်ရှိသည့် လူတစ်ဒါဇင်ခန့် နွားလှည်းပေါ်တွင် ပေါ်ထွက်လာသည်။
“ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လက်ဝဲရံ၊ လက်ယာရံ၊ ဂိုဏ်းထိန်းအကြီးအကဲ ဆယ့်နှစ်ယောက်နဲ့ ကောင်းကင်နတ်မင်းနှစ်ပါးပါလား…” တာအိုသခင်က အောက်ငုံ့ကြည့်ပြီး စိတ်ပျက်လက်ပျက် အမူအရာ ဖြစ်သွား၏။ “လူနှစ်ယောက်နဲ့ နွားလှည်းတစ်စီးကနေ လူဆယ့်ခြောက်ယောက် ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်မိဘူး… သိပ်ကောင်းတဲ့ လှည့်ကွက်ပဲ၊ ကောင်းကင်နတ်ဆိုးဂိုဏ်း…”
လက်ဝဲရံခုန်းလင်ရှန်းက မော့ကြည့်၍ ဟက်ခနဲ ရယ်မောလိုက်သည်။ “ကျုပ်တို့က သိုင်းလောကတစ်ခွင် လှည့်လည်သွားလာရင်း မျက်လှည့်ပြပြီး အသက်မွေးဝမ်းကြောင်းလာတာပါ… ဆရာကြီးတွေရှေ့မှာ အရှက်ရစရာတွေ ပြသမိတဲ့အတွက် တောင်းပန်ရမယ်ထင်တယ်…”
လက်ယာရံရွှယ်ပီက အားလုံးကို သွားဖြဲ၍ ပြုံးပြလိုက်၏။ “မြည်းခေါင်းတုံးအိုကြီးနဲ့ ရသေ့အိုကြီး၊ ဂိုဏ်းသခင်က သူနှစ်သစ်ကူးအိမ်ပြန်တုန်း ဧကရာဇ်နောက် လိုက်သွားဖို့ ကျုပ်တို့ကို မှာခဲ့တာ… အခု ဧကရာဇ် ဒုက္ခရောက်နေပြီဆိုတော့ ကျုပ်တို့ လျစ်လျူရှုထားလို့ မရဘူး… မဟုတ်ရင် ဂိုဏ်းသခင် ပြန်လာတဲ့အခါ အပြစ်ပေးခံရလိမ့်မယ်…”
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းထိန်းအကြီးအကဲ ဆယ့်နှစ်ယောက်နှင့် ကောင်းကင်နတ်မင်းနှစ်ပါးက နွားလှည်းပေါ်မှ ခုန်ချလာသည်။ ကောင်းကင်နတ်မင်းရှီနှင့် ကောင်းကင်နတ်မင်းယွီတို့က အညောင်းဆန့်၍ အားလုံးကို ပြုံးပြရင်း နှုတ်ဆက်လိုက်၏။ “အားလုံးက ဆရာကြီးတွေချည်းပဲဆိုတော့ ဒီအဘိုးအိုတွေ ဂါရဝပြုပါတယ်… ဂိုဏ်းသခင်က ကျုပ်တို့လက်ထဲ အသက်ရှူနေတဲ့ ဧကရာဇ် အပ်သွားတာဆိုတော့ ကိုယ်တော်တို့ သတ်လိုက်လို့ အသက်မရှူတော့တဲ့ ဧကရာဇ်ကို ဂိုဏ်းသခင်ဆီ ပြန်အပ်ရရင် သူ့ဒေါသကို ကျုပ်တို့အသက်တွေနဲ့ ဖြေပေးနေရလိမ့်မယ်…”
သူတောင်းစားဂိုဏ်းချုပ်ချီတယိုက အော်ဟစ်ပြောဆိုလိုက်သည်။ “မိစ္ဆာကောင်တွေ… နန်းတွင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းနေပြီ… တာအိုရောင်းရင်းတို့၊ မိစ္ဆာကောင်တွေကို မတွန့်ဆုတ်ဘဲ နှိမ်နင်းကြစို့…”
“သေပေတော့…”
အော်သံများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး သိမ့်သိမ့်တုန်အောင် တိုက်ပွဲစတင်တော့၏။ တစ်ခဏအတွင်း၌ အရပ်မျက်နှာအနှံ့ လေမုန်တိုင်းများ တိုက်ခတ်၍ အနီးနားရှိ တောအုပ်တစ်ခြမ်း ပြားကပ်သွားသည်။
ဤတိုက်ပွဲက ဧကရာဇ်အတိုင်ပင်ခံ ပုန်ကန်သူများကို နှိမ်နင်းစဉ်ကထက် များစွာ ပိုပြင်းထန်၏။ ထိုစဉ်က ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များစွာ ပါဝင်သော်လည်း ၎င်းတို့မှာ အထွတ်အမြတ်နယ်မြေကြီးသုံးခုမှ အဆင့်မြင့်ပညာရှင်များနှင့် ယှဉ်လျှင် တစ်ဆင့်နိမ့်နေသေးသည်။ နန်းတွင်းမှာလည်း အထွတ်အမြတ်နယ်မြေကြီးတစ်ခုနှင့် ညီမျှသဖြင့် အထွတ်အမြတ်နယ်မြေကြီးလေးခုမှ စွမ်းအားအကြီးဆုံးပညာရှင်များ တစ်ပြိုင်နက် တိုက်ခိုက်ကြသည့် တိုက်ပွဲ၏ အရှိန်အဟုန်ကို မြင်ယောင်ကြည့်နိုင်၏။
ဤတစ်ကြိမ်တွင် မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းမှ ဂိုဏ်းလုံးကျွတ် ထွက်လာကြသော်လည်း နန်းတွင်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းဘက်၌ အဆင့်မြင့်ပညာရှင် တစ်ဝက်ခန့်သာ ပါရှိသည်။ တာအိုသခင်နှင့် တထာဂတကိုယ်တိုင်လည်း ရောက်ရှိနေသည် ဖြစ်၍ အခြားတစ်ဘက်အတွက် အခြေအနေက များစွာ ကောင်းမွန်လှခြင်း မရှိချေ။
တိုက်ပွဲစတင်သည်နှင့် အားလုံး မြေပြင်သို့ ဆင်းသက်လာကြ၏။
နားရွက်ရှည်ကိုယ်တော်က ချွမ်တင်းဝူထံ တည့်တည့်မတ်မတ် ပြေးသွားသည်။ ကောင်းကင်တံတားအဆင့် ပညာရှင်နှစ်ယောက် သူတို့၏ ကောင်းကင်ရတနာအားလုံးကို ဖွင့်လှစ်လိုက်သဖြင့် မိုးအောက်မြေပြင်တစ်ခွင်၌ အက်ကွဲကြောင်းများ ထလာ၏။ နားရွက်ရှည်ကိုယ်က မဟာမိုးခြိမ်းသံကျောင်းတော်၏ ရဟန္တာဆောင်ကျောင်းအုပ် ဖြစ်ပြီး ဗုဒ္ဓကျင့်စဉ်နှင့် ဓမ္မအောင်နိုင်ခြင်းပညာ၌ ကျွမ်းကျင်ပိုင်နိုင်သည်။
ချွမ်တင်းဝူကတော့ မြင်းဖြူစစ်သူကြီး ဖြစ်ပြီး သူ့ဘဝတစ်လျှောက်လုံး မြင်းစီး၊ လူသတ်၍ တိုင်းပြည်များ၊ သိုင်းဂိုဏ်းများကို အမြစ်ပြတ်ရှင်းလင်းလာသူ ဖြစ်၏။ နန်းတွင်းကောလိပ် စတင်တည်ထောင်စဉ်၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တာအိုသဘောတရား၊ ကျင့်စဉ်၊ သိုင်းကွက်၊ ကောင်းကင်နတ်သိုင်းများ လေ့လာရန်အတွက် တစ်လောကလုံးရှိ အဆင့်မြင့်ပညာရှင်များကို စုဆောင်းသိမ်းသွင်းခဲ့သည်။ ချွမ်တင်းဝူက ထိုထဲတွင် ပါဝင်ခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ထိပ်သီးပညာရှင်တစ်ယောက်ဟု ဆိုနိုင်၏။
ဓမ္မအောင်နိုင်ခြင်းပညာနှင့် သတ်ဖြတ်ခြင်းပညာတို့ ထိပ်တိုက်တွေ့သောအခါ သွေးပင်လယ်ကြီး ကောင်းကင်ယံထိ စီးမျော၍ စစ်မီးလျှံများ အရှိန်အဟုန်ပြင်းစွာ တောက်လောင်လာသည်။ ဤမြင်ကွင်းက အစစ်အမှန် ဖြစ်ပျက်နေသကဲ့သို့ ထင်ရသော်လည်း ချွမ်တင်းဝူ၏ သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များမှ ဖွဲ့တည်လာခြင်း ဖြစ်၏။
သွေးပင်လယ်ထက်တွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကြီး ရပ်၍ နေပြီး ထိုဆင်းတုကြီး၏ ရှေ့၌ နားရွက်ရှည်ကိုယ်တော် ရှိသည်။ ဗုဒ္ဓဆင်းတုတော်ကြီးနှင့် ယှဉ်လျှင် သူက များစွာ သေးငယ်နေ၏။ သွေးပင်လယ်နှင့် မီးလျှံများကြားမှ လူတစ်ယောက် သူ့ထံသို့ တစ်ရှိန်ထိုး ပြေးဝင်လာသည်။ ထိုသူက ချွမ်တင်းဝူ ဖြစ်၏။ ချွမ်တင်းဝူ၏ နောက်ဘက်တွင်တော့ မြင်းတစ်ကောင်ပေါ် စီးနင်းလာသည့် ကြောက်မက်ဖွယ်ရာ သေမင်းနတ်ဘုရားတစ်ပါး ပါလာသည်။
“မကောင်းဆိုးရွား မိစ္ဆာလမ်းစဉ်ပဲ… သေသွားရင်တောင် အပြစ်တွေ ကျေမှာမဟုတ်ဘူး…”
နားရွက်ရှည်ကိုယ်တော်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး လက်အုပ်ချီလိုက်၏။ ထို့နောက် ဗုဒ္ဓတရားစာများ ရွတ်ဖတ်၍ လက်ဟန်မုဒြာနှစ်ခု တစ်ပြိုင်နက် ရိုက်ထုတ်လိုက်သည်။ ထိုလက်ဟန်မုဒြာများက အလွန်တရာ ရှုပ်ထွေးနက်နဲလှပြီး ချွမ်တင်းဝူ၏ သေကွင်းသေကွက်များသို့ ရိုက်ချလိုက်ခြင်း ဖြစ်၏။
မမျှော်လင့်စွာပင် ချွမ်တင်းဝူက ရှောင်တိမ်းခြင်း မရှိဘဲ ထိုလက်ဝါးရိုက်ချက်များ ထိမှန်ခံ၍ ချီစွမ်းအင်လက်တံများတွင် ကိုင်ဆောင်ထားသော ဓားမ၊ ဒိုင်း၊ လှံတို၊ လှံရှည်၊ ဓားရှည်၊ ရဲတင်းလှံတို့ဖြင့် လွှဲယမ်းခုတ်ထစ်လိုက်သည်။ ဓားမက နားရွက်ရှည်ကိုယ်တော်၏ လက်များကို ခုတ်ဖြတ်သွားပြီး ဒိုင်းဖြင့် ဦးခေါင်းကို ရိုက်ချ၏။ လှံရှည်ဖြင့် ရင်ဝသို့ ထိုးစိုက်ပင့်ကော်၍ လှံတိုဖြင့် နှလုံးသားတည့်တည့်သို့ ပစ်လွှတ်သည်။ ဓားရှည်က လည်မျိုကို ပိုင်းဖြတ်ပြီး ရဲတင်းလှံဖြင့် တစ်ကိုယ်လုံး ထိုးချိတ်၍ လေထဲသို့ မြှောက်တင်ထား၏။
သူတို့၏ နောက်ဘက်တွင်တော့ သေမင်းနတ်ဘုရားနှင့် ဗုဒ္ဓဆင်းတုတော်ကြီး ထိပ်တိုက်တွေ့သွားပြီး သွေးပင်လယ်နှင့် မီးတောက်မီးလျှံများက ဝဲကတော့တစ်ခုကဲ့သို့ ဝဲလည်လှည့် လှုပ်ရှားလာသည်။
“မင်း… မရှောင်ဘူး…” နားရွက်ရှည်ကိုယ်တော်က ရဲတင်းလှံပေါ်တွင် တွဲလောင်းထိုးချိတ်နေရင်းမှ မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့၍ ရေရွတ်လိုက်၏။
ဒိုင်းကြီးတစ်လက်က သူ့အပေါ် အုပ်မိုးကျဆင်းလာပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ချပစ်သည်။
“တိုက်ပွဲမှာ လူသတ်ဖို့ တစ်ကွက်၊ နှစ်ကွက်ပဲလိုတယ်၊ ဘာအတွက် ရှောင်နေရဦးမှာလဲ… အသေသတ်ကွက်တစ်ကွက်ဆို လုံလောက်ပြီ… ကိုယ်တော်တိုက်တဲ့အတိုင်းသာ နောက်ကလိုက်ခုခံနေရင် ကိုယ့်အားနည်းချက်နဲ့ သူများအားသာရာကို ရင်ဆိုင်ရသလို ဖြစ်သွားမှာပေါ့…”
ချွမ်တင်းဝူ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ နားရွက်ရှည်ကိုယ်တော်၏ လက်ဟန်မုဒြာနှစ်ခုကြောင့် သူ့ကိုယ်တွင်းအင်္ဂါများ ပျက်စီးလုမတတ် ဖြစ်သွား၏။ နံရိုးနှင့် လက်ပြင်ရိုးနှစ်ဖက်လည်း ကျိုးပဲ့သွားပြီး နာကျင်မှုကြောင့် စုတ်သပ်ညည်းညူလိုက်မိသည်။
ရုတ်တရက် ရွှေရောင်တောက်ပနေသော လက်ဝါးတစ်ဖက် တိုးဝင်လာပြီး ဝုန်းခနဲ မြည်ဟည်းသွား၏။ အခြားရဟန်းတစ်ပါး ရောက်လာပြီး သူ့ကို ကောင်းကင်ဆယ့်ရှစ်ဆင့်စေတီဖြင့် ဖိချလိုက်ခြင်း ဖြစ်သည်။ ဤစေတီက နတ်ဘုရားများ၊ ဗုဒ္ဓများ ပြည့်နှက်နေသဖြင့် ချွမ်တင်းဝူ၏ အရိုးအားလုံး မွမွကြေသွား၏။
“ယွမ်ခုံးကိုယ်တော်၊ ကိုယ်တော်ကလည်း ဗုဒ္ဓရဟန်းတစ်ပါး ဖြစ်ရက်နဲ့ ဘာလို့ မိစ္ဆာလမ်းစဉ်ကို လျှောက်ပြီး နန်းတွင်းရဲ့ နောက်လိုက်ခွေး လုပ်နေရတာလဲ…” မဟာမိုးခြိမ်းသံကျောင်းတော်၏ သင်ကြားရေးဆောင်ကျောင်းအုပ် သီလရှင်ဟုန်ယင်က စစ်သေနာပတိချုပ်ယွမ်ခုံးကိုယ်တော်၏ ရှေ့တွင် ပိတ်ရပ်၍ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ “ကိုယ်တော့်အနေနဲ့ အသိပြန်ဝင်ပြီး လမ်းမှားလျှောက်နေတာ ရပ်ဖို့ အချိန်ရောက်ပြီ… အမှားတွေ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဉာဏ်အလင်းပွင့်နိုင်မှာ မဟုတ်ဘူး…”
ယွမ်ခုံးကိုယ်တော်၏ မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး အော်ဟစ်လိုက်၏။ “ဘာဉာဏ်အလင်းလဲ… ရင်ထဲမှ ဗုဒ္ဓရှိနေသမျှ ဘာဉာဏ်အလင်းမှ ရနိုင်မှာ မဟုတ်ဘူး… အရှင်မင်းကြီးက နန်းတွင်းတပ်ဖွဲ့ကို စီမံပြီး စည်းမျဉ်းချဖို့ ကိုယ်တော့်ကို တာဝန်ပေးထားလို့ ကိုယ့်ကိုယ်ကိုယ် သံမဏိစည်းမျဉ်းတွေနဲ့ တုပ်နှောင်ထားတယ်… ဒီသံကြိုးတွေကို ဖြတ်တောက်နိုင်တဲ့တစ်နေ့ ဉာဏ်အလင်းရပြီး သံသရာလွတ်မြောက်နိုင်လိမ့်မယ်…”
သီလရှင်ဟုန်ယင်မှာ ဒေါသထွက်သွားပြီး သူ၏ မြင်းမြီးယပ်ကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ “ကိုယ်တော်က မိစ္ဆာအညစ်အကြေးတွေ စွန်းထင်းနေပြီပဲ… တပည့်တော် ရှင်းလင်းပေးရတော့မှာပေါ့…”
တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့၏။ တာအိုဂိုဏ်းမှ ရသေ့များက သူတို့၏ ဓားပျံများကို ဓားအိမ်မှ ထုတ်လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်တစ်ခွင်လုံး ဓားရောင်များ ပြည့်နှက်သွား၏။ ထိုဓားများက တာအိုဓားဆယ့်လေးခန်းမှ ဓားကွက်များကို ပုံဖော်နေခြင်း ဖြစ်ပြီး အလွန်တရာ အားကောင်းသကဲ့သို့ ထင်မှတ်မထားလောက်အောင် သွက်လက်ပေါ့ပါးသည်။ တာအိုဂိုဏ်း၏ နံပါတ်တစ်ဓားသိုင်း ပီသလှ၏။
“နေရာယူ၊ မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းမယ်…” တာအိုရသေ့တစ်ပါးက အော်ဟစ်လိုက်သည်။
“ဝင်္ကပါခင်းပြီး ရသေ့တွေကို သေလမ်းပို့မယ်ဟေ့…” ရွှယ်ပီက လေသံတင်းတင်းဖြင့် အော်ဟစ်လိုက်သည်တွင် ကောင်းကင်နတ်မင်းနှစ်ပါးနှင့် ဂိုဏ်းထိန်းအကြီးအကဲ ဆယ့်နှစ်ယောက်တို့က ဝင်္ကပါကြီးတစ်ခု ခင်းကျင်း၍ တာအိုရသေ့များကို ဆီးကြိုတိုက်ခိုက်လိုက်၏။ ဤလူများအားလုံးမှာ တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် အတူလက်တွဲ တိုက်ခိုက်လာသူများ ဖြစ်သဖြင့် တစ်ယောက်၏ တိုက်ကွက်ကို တစ်ယောက် ပြောစရာမလိုဘဲ သိရှိကြသည်။
အခြားတစ်ဘက်တွင်တော့ သေနင်္ဂဗျူဟာစစ်သူကြီး၊ ပထမအဆင့်အရာရှိ၊ စစ်ခုန်၊ စစ်တု၊ ထိုက်တောင်ဘုရင်တို့အားလုံးကို မဟာမိုးခြိမ်းသံကျောင်းတော်မှ ရဟန်းအိုကြီးများက ပိတ်ဆို့တိုက်ခိုက်နေကြ၏။ မဟာမိုးခြိမ်းသံကျောင်းတော်က လူအင်အားအသာစီးဖြင့် ဝိုင်းအုံတိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ဧကရာဇ်ယန်ဖုန်းထံတော့ ဆင်းရဲခြင်းဆရာသခင်၊ ချီတယို၊ အစစ်အမှန်သခင်မထျန်းတို့ လျှောက်လှမ်းလာ၏။ တထာဂတနှင့် တာအိုသခင်တို့လည်း သပိတ်တစ်လုံး၊ ဓားတစ်လက် သယ်ဆောင်၍ ရောက်ရှိလာသည်။
တထာဂတက နွေးထွေးသော အမူအရာဖြင့် ပြောလိုက်၏။ “တာအိုရောင်းရင်းတို့၊ တခြားလူတွေ သွားကူပါ… ဒီဘက်ကို ကိုယ်တော်နဲ့ ရသေ့ကြီးဆီ ထားခဲ့လိုက်…”
ဆင်းရဲခြင်းဆရာသခင်တို့က ခေါင်းညိတ်အရိုအသေပြု၍ အနီးအနားရှိ တိုက်ပွဲစည်းအတွင်းသို့ ဝင်ရောက်သွားကြသည်။
တထာဂတက ဧကရာဇ်ယန်ဖုန်းကို ကြည့်၍ ပြောလိုက်၏။ “အရှင်မင်းကြီး၊ စပါ…”
ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်က တစ်ချက်လှုပ်ခါပြီး ခမ်းနားထည်ဝါသည့် နဂါးချီများ မိုးပေါ်သို့ ထိုးတက်သွား၏။ ကောင်းကင်ယံမှ နဂါးတွန်သံများ ထွက်ပေါ်လာပြီး တိမ်တိုက်များကြား၌ နဂါးအစစ်တစ်ကောင်ကို ဝိုးတဝါး မြင်လိုက်ရသည်။ ထိုနဂါးက ခြေလက်များနှင့် ဦးခေါင်းကို ဆန့်၍ တထာဂတကို ငုံ့ကြည့်လိုက်၏။
တာအိုသခင်က ရှေ့သို့တက်လှမ်းလာပြီး တာအိုဓားကို လွှဲယမ်းလိုက်သည်။ ကောင်းကင်တစ်ခွင်လုံး ဓားရောင်များ ပြည့်နှက်၍ နဂါးကြီး နောက်ဆုတ်သွားရ၏။ တာအိုသခင်က ချီးကျူးလိုက်သည်။ “အရှင်မင်းကြီးက အတုအယောင်ကို အစစ်အမှန်ဖွဲ့ပြီး အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာတော့မှာပါလား… နှမြောစရာကောင်းတာက ကောင်းကင်တံတား ကျိုးပျက်နေတဲ့အတွက် မျှော်လင့်ချက်မရှိတာပဲ… ဒီရသေ့ကြီးလည်း အသုံးမကျတဲ့အတွက် တာအိုဓားဆယ်လေးခန်းရဲ့ ဆယ့်လေးကွက်မြောက်ဓားကွက်ကို တစ်ဝက်တစ်ပျက်ပဲ လေ့ကျင့်နိုင်ခဲ့တယ်… ဒီနေ့တော့ အဲဒီမပြည့်စုံသေးတဲ့ ဓားကွက်နဲ့ အရှင်မင်းကြီးဆီကနေ ပညာယူပါမယ် …”
တထာဂတ၏ ရွှေသပိတ်ကလည်း လေပေါ်သို့ ပျံတက်၍ ကောင်းကင်တစ်ခွင်လုံး ဖုံးအုပ်သွား၏။ သပိတ်ထဲမှ ရွှေရောင်အလင်းတန်းတစ်ခု စီးမျောထွက်ပေါ်လာပြီး ထိုအလင်းတန်းထဲတွင် နတ်ဘုရားများ၊ ဗုဒ္ဓများ ပြည့်နေသော ကောင်းကင်ဘုံအဆင့်နှစ်ဆယ် ရှိနေသည်။ ထိပ်ဆုံးရှိ ကောင်းကင်က ဗြဟ္မာဘုံဖြစ်ပြီး ခံ့ညားထည်ဝါသော အငွေ့အသက်များ ရစ်သိုင်းလွှမ်းခြုံနေ၏။ တထာဂတက ပြုံးလိုက်သည်။ “ကိုယ်တော့်အနေနဲ့ တထာဂတရဲ့ မဟာယာနသုတ္တန် အမြင့်ဆုံးအဆင့်ကို အသုံးပြုပြီး အရှင်မင်းကြီးရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ရင်ဆိုင်ပါမယ်…”