← Chapters

သတ်ပွဲ

Vol. 19 Ch. 260

သတ်ပွဲ

Vol. 19 Ch. 260

တထာဂတနှင့် တာအိုသခင်က ပြီးခဲ့သည့်မျိုးဆက်မှ ထူးချွန်ထင်ရှားသော ပါရမီရှင်များ ဖြစ်ပြီး ဗုဒ္ဓအဆင့်၊ နတ်ဘုရားအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ကြသည်။ ကောင်းကင်တံတားသာ ကျိုးပျက်မနေလျှင် သူတို့နှစ်ယောက်စလုံး ကောင်းကင်ဘုံသို့ တက်လှမ်း၍ ဤကမ္ဘာကို စွန့်ခွာသွားပြီး ဖြစ်ချေလိမ့်မည်။

ဧကရာဇ်ယန်ဖုန်းက သူတို့ထဲတွင် အတွေ့အကြုံအနုဆုံး ဖြစ်သော်လည်း နဂါးကိုးကောင်စွမ်းအင်သိုက်ကို ပိုင်ဆိုင်ထားပြီး ရွှေမြို့တော်တွင် ကျင့်ကြံရသဖြင့် များစွာ တစ်ပန်းသာ၏။ အခြားသူများထက် နှစ်ဆမြန်အောင် ကျင့်ကြံနိုင်သည့်အပြင် နဂိုကတည်းက ပါရမီထူးချွန်သူဖြစ်သဖြင့် ဤလောက၏ ထိပ်သီးပညာရှင်များထဲမှ တစ်ယောက်ဖြစ်လာသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အကြီးဆုံး အထွတ်အမြတ်နယ်မြေ ဖြစ်သည်ဟု ဆိုကြပြီး သူနှင့် ဧကရာဇ်အတိုင်ပင်ခံက ဤအကြီးဆုံး အထွတ်အမြတ်နယ်မြေ၏ အရှင်သခင်နှင့် ပဲ့ကိုင်သူ ဖြစ်၏။

သို့တိုင်အောင် တထာဂတနှင့် တာအိုသခင်အောက်တော့ နိမ့်ကျသေးသည်။ ထိုနှစ်ယောက် အတူပူးပေါင်း၍ တိုက်ခိုက်ခြင်းမှာ သူတို့၏ စွမ်းရည်က ပိုနိမ့်ကျသည်ဟု ခံစားရ၍ မဟုတ်။ တစ်ယောက်ချင်း တိုက်လျှင် ထွက်ပြေးလွတ်မြောက်သွားမည်စိုး၍ ဖြစ်၏။

သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် ဧကရာဇ်ယန်ဖုန်းအတွက် ထွက်ပြေးလွတ်မြောက်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ဖျစ်… ဖျစ်…။

ကြည်လင်ပြာလဲ့နေသော ကောင်းကင်ယံမှ လျှပ်စီးတန်းများ ကျရောက်လာပြီး ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးပွင့်များ လွှမ်းခြုံသွားသည်။ အစစ်အမှန်နဂါးကိုးကောင်က အလွန်တရာ တောက်ပသော အလင်းတန်းများ လွှမ်းခြုံ၍ တစ်ပြိုက်နက် မာန်သွင်းတွန်ကျူးကာ တာအိုသခင်နှင့် တထာဂတတို့ကို လက်သည်းများဖြင့် လှမ်းကုပ်လိုက်၏။

တထာဂတက ဟက်ခနဲ ရယ်မောပြီး ရွှေသပိတ်ကို လှန်လိုက်သည်။ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ် တောက်ပ၍ ကောင်းကင်ဘုံအဆင့်ဆင့် ထွက်ပေါ်လာပြီး ၎င်းတို့ထဲမှ နတ်ဘုရားများ၊ ဗုဒ္ဓများက နဂါးကိုးကောင်ကို ရင်ဆိုင်တိုက်ခိုက်လိုက်၏။

“တာအိုရောင်းရင်း၊ ဧကရာဇ်ကို အဆုံးသတ်ပေးဖို့ ရောင်းရင်းလက်ထဲပဲ အပ်လိုက်မယ်…”

တာအိုသခင်က သူ၏ တာအိုဓားကို ထိန်းချုပ်လိုက်သည်။ ဓားရောင်များက ဆန်းကြယ်သော စည်းချက်တစ်ခုအတိုင်း လှုပ်ရှားပြီး လောကီလူ့ဘုံ၏ သဘာဝတရားများ အားလုံးကို အုပ်မိုးချုပ်ကိုင်လိုက်သကဲ့သို့ ရှိ၏။ ထို့နောက် ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ “တာအိုက ကောင်းကင်ဘုံအားလုံးရဲ့ ရင်းမြစ်မြေကို ထောက်ပံ့ပြီး သဘာဝတရားအားလုံးကို မွေးထုတ်ပေးတယ်၊ လောကကြီးတစ်ခုလုံးက မူလကို ပြန်သွားရမယ်… အရှင်မင်းကြီး၊ ဒီတစ်ဝက်တစ်ပျက် ဓားကွက်က…”

သူ့စကား အဆုံးမသတ်နိုင်မီ အလင်းတန်းနှစ်ခု ဖျတ်ခနဲ ပေါ်ထွက်လာပြီး သူတို့ဘေးနား၌ ရုတ်တရက် ရပ်တန့်သွား၏။ တာအိုသခင်က သူ့ဓားကို အလျင်အမြန် ထိန်းချုပ်၍ ရပ်တန့်ပြီး အကဲခတ်လိုက်သည်။ ကောင်းကင်ယံ၌ အစိမ်းရောင်ဝတ်ရုံဝတ် အဘိုးကြီးတစ်ဦးနှင့် ဝါးတောင်ဝှေးကိုင်ဆောင်ထားသော မျက်ကန်းတစ်ယောက် ရပ်နေသည်ကို တွေ့ရ၏။

“တထာဂတ၊ တိုက်ခိုက်နေတာပါလား…” မျက်ကန်းက အားရပါးရပြုံး၍ မေးလိုက်သည်။

တထာဂတကလည်း ရွှေသပိတ်ထဲမှ စီးမျောထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကို ပြန်ရုပ်သိမ်း၍ ပြုံးလိုက်၏။ “မာဝမ်ရှန်း၊ တာအိုမိတ်ဆွေကြီးမျက်ကန်း၊ ဘာအတွက် ဒီကို ရောက်လာတာလဲ…”

အဘိုးကြီးမာက အေးစက်စက် ပြောလိုက်သည်။ “လူရှာနေတာ…”

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ဆောင့်ချလိုက်ရာ ကောင်းကင်တစ်ခွင်လုံး တုန်ခါသွား၏။ အပြင်းအထန် တိုက်ပွဲဆင်နွှဲနေသူများမှာ အံ့ဩတုန်လှုပ်သွားပြီး အလျင်အမြန် ရပ်တန့်လိုက်ကြသည်။ မျက်ကန်းက သွားဖြီး၍ ပြုံးပြရင်း မေးလိုက်၏။ “လေမုန်တိုင်းတွေထ၊ တိမ်တိုက်တွေ မျောလွင့်လို့ အားလုံး တိုက်ကြခိုက်ကြနဲ့ အလုပ်များနေတယ် ထင်ပါရဲ့… နှောက်ယှက်ရတာတော့ အားနာပါတယ်၊ မိန်းမတစ်ယောက် ဖြတ်သွားတာ မြင်လိုက်မိကြသေးလား…”

သေလုမျောပါး ရိုက်နှက်ခံထားရသည့် ချွမ်တင်းဝူမှာ ယခုမှ အသက်ရှူချောင်သွားသည်။ “မျက်ကန်းဆရာကြီး၊ ဘယ်သူ့ကို လိုက်ရှာနေတာပါလဲ…”

“မိန်းမတစ်ယောက်၊ သိပ်ချောတဲ့ မိန်းမတစ်ယောက်ပဲ… တစ်ခါကြည့်မိတာနဲ့ တစ်သက်လုံးမမေ့နိုင်ဘဲ မင်းတို့နှလုံးသားကို တတိတိ လှိုက်စားသွားနိုင်တယ်…” မျက်ကန်းက သက်ပြင်းချလိုက်၏။ “အဲဒီမိန်းမက သိပ်စွမ်းအားကြီးသလို မိစ္ဆာအိုကြီးတစ်ကောင်လည်း သူ့နှလုံးသားထဲမှာ နေထိုင်တယ်… မိစ္ဆာအိုကြီးက သူ့အလှကို အရူးအမူးဖြစ်လို့ ခန္ဓာကိုယ်ပါ အပိုင်စီးပြီး မိန်းမတစ်ယောက် လုပ်ဖို့ကြုံစည်နေတာ… အစက ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားပြီး တာထာဂတကို အဲဒီမိစ္ဆာနှိမ်နင်းခိုင်းသေးတယ်…”

မျက်ကန်းက ရှည်လျားထွေပြားစွာ ပြောနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းကောင်းနားမလည်ကြပေ။ အဘိုးကြီးမာက ကြားဖြတ်ပြောလိုက်သည်။ “မျက်ကန်း၊ လိုရင်းပြော…”

မျက်ကန်းက ခေါင်းကုတ်လိုက်၏။ “အဲမိန်းမက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပြီးခဲ့တဲ့ကောင်းကင်နတ်မယ်ပဲ… တထာဂတက ဧကရာဇ်ကို သတ်ချင်တာနဲ့ သူ့ကို အလွတ်ပေးလိုက်တာ…”

တထာဂတက ရယ်မောလိုက်သည်။ “ဒီရဟန်းအိုကြီးက တစ်ပြိုင်တည်း နှစ်ခုမလုပ်နိုင်တာဆိုတော့ ဘယ်လောက်ပဲ ကူညီချင်ပေမဲ့ သူ့ကို မကူညီနိုင်တော့ပါဘူး…”

မျက်ကန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။ “မလုပ်နိုင်ရင်လည်း အစောကတည်းက ပြောလေ… အခုတော့ သူ့ကို ရှာမတွေ့တော့ဘူး၊ ကောင်းသေးရဲ့လား… ဒီကတာအိုမိတ်ဆွေတွေရော ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ပြီးခဲ့တဲ့ဂိုဏ်းသခင်မကို တွေ့မိကြသေးလား… အဲအမျိုးသမီးက သိပ်လှပြီးတော့ စကားတစ်ခွန်းတည်းနဲ့ အရိုးထဲအသားထဲထိ ရူးသွပ်စွဲလမ်းသွားအောင် လုပ်နိုင်တယ်၊ ဘယ်သူများ မြင်မိကြသေးလဲ…”

အားလုံးက ခေါင်းခါယမ်းလိုက်သည်။

ရွှယ်ပီ၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် ယှက်သန်းသွားပြီး အော်ဟစ်ပြောဆိုလိုက်၏။ “ကျွန်မတို့က ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကပါ… ဆရာကြီးတို့နှစ်ယောက် ကျွန်မတို့ကို ကူညီပေးနိုင်မလား…”

တထာဂတက အံ့အားသင့်သွားသည်။ တာအိုသခင်က မေးမြန်းလိုက်၏။ “သူတို့ရဲ့ နောက်ခံက ဘယ်ကလဲ…”

“ကိုယ်တော့်ရဲ့ လက်ရင်းတပည့်နဲ့ လှံနတ်ဘုရားပါ…” တထာဂတက ဖြေလိုက်သည်။

တာအိုသခင်က တအံ့တဩ ရေရွတ်လိုက်၏။ “မျက်လုံးသုံးလုံး ကောင်းကင်လူဆိုးထိန်းမာနဲ့ ဟိုအရင်က နတ်ဘုရားမျက်လုံးပါလား… ဘယ်လိုဖြစ်ပြီး ဒီအခြေအနေဆိုက်သွားပါလိမ့်…”

အဘိုးကြီးမာက ခေါင်းခါယမ်းလိုက်သည်။ “မင်းတို့ကိစ္စက ငါတို့ လူရှာနေတာလောက် အရေးမကြီးဘူး… အချိန်မပေးနိုင်သေးတာ စိတ်မရှိနဲ့…”

“မင်းတို့ ဧကရာဇ်ကိုသတ်တာ၊ ဧကရာဇ်ကိုကာကွယ်တာက ငါတို့ လူရှာနေတာလောက် တကယ်အရေးပေါ် မဟုတ်ဘူး…” မျက်ကန်းက သက်ပြင်းလေးလေး ချလိုက်၏။ “ဧကရာဇ်သေသွားရင် နောက်ထပ် ဧကရာဇ်အသစ်တစ်ယောက် တင်လိုက်ရုံပဲ… ဒါပေမဲ့ အဲဒီကဝေမ လွတ်သွားရင်တော့… ဟီး ဟီး… တစ်လောကလုံး ကပ်ဆိုက်သွားလိမ့်မယ်… ဧကရာဇ်၊ ဒီဂိုဏ်းသခင်မကို အရင်က မြင်ဖူးလား…”

ဧကရာဇ်ယန်ဖုန်းက မျက်နှာကြီးမည်းမှောင်သွားပြီး ခပ်လေးလေး ခေါင်းခါယမ်းလိုက်သည်။ “မမြင်ဖူးပါဘူး၊ ဆရာကြီးနှစ်ယောက်အနေနဲ့ ကျုပ်တို့ကို ကူညီပေးနိုင်မလား မသိဘူး…”

မျက်ကန်းက စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ “စိတ်မဝင်စားဘူး… အင်း၊ သူ့ကို မမြင်ဖူးတာပဲ ကောင်းပါတယ်လေ… မြင်ဖူးသွားရင် အင်ပါယာတစ်ခုလုံး ပျက်စီးသွားတာ ထိုင်ကြည့်နေရလိမ့်မယ်… အဘိုးကြီးမာ၊ သွားစို့… အဲကဝေမ ဝေးဝေးရောက်ဦးမှာ မဟုတ်သေးဘူး…”

အဘိုးကြီးမာက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်သား ဝှစ်ခနဲ ပြေးထွက်၍ အစအန မမြင်ရအောင် ပျောက်ကွယ်သွား၏။

အားလုံး အကြောင်သား ကျန်ခဲ့သည်။ “တကယ့်ကို ထူးဆန်းတဲ့သူတွေပဲ…”

မာန်သွင်းသတ်ဖြတ်သံများ ထပ်မံ၍ ပေါ်ထွက်လာ၏။

တထာဂတက ရွှေသပိတ်မှ အလင်းတန်းများ ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ဘုံအဆင့်နှစ်ဆယ်လုံး လေထုထဲ၌ ပေါ်ထွက်လာသည်။ တာအိုသခင်ကလည်း သူ၏ ဓားကို ဆွဲထုတ်ပြီး တာအိုဓားဆယ်လေးခန်း၏ စွမ်းအားကို ဖောက်ခွဲဖော်ထုတ်လိုက်၏။ ဓားရောင်များက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ မဟာတာအိုကို ဖော်ကျူးနေသည်။ ကမ္ဘာမြေကဲ့သို့၊ ကောင်းကင်ဘုံကဲ့သို့ ဖွဲ့တည်၍ သဘာဝတရားအားလုံးအဖြစ် အသွင်ပြောင်းလဲကာ နက္ခတ်တာရာများသဖွယ် လှည့်လည်နေ၏။ ဤဓားချက်၌ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ မဟာတာအိုကို တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားသည်။

ဧကရာဇ်ယန်ဖုန်းက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို အသုံးပြုလိုက်သဖြင့် သူ့တစ်ကိုယ်လုံး၌ နဂါးကိုးကောင်၏ အရှိန်အဝါအငွေ့အသက်များ လွှမ်းခြုံလာ၏။ သူ၏ တိုက်ကွက်တိုင်းက တောင်ကို ဖြို၍ ပင်လယ်ကို နှစ်ခြမ်းခွဲကာ ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်ပစ်နိုင်သော စွမ်းအားမျိုး ကိန်းအောင်းပါဝင်နေသည်။ ဧကရာဇ်ယန်ဖုန်းက ကောင်းကင်နတ်သိုင်းများစွာ ကျွမ်းကျင်ပိုင်နိုင်ပြီး တာအိုဂိုဏ်း၏ တာအိုဓားဆယ့်လေးခန်းကို အသုံးပြုနိုင်သကဲ့သို့ မဟာမိုးခြိမ်းသံကျောင်းတော်၏ ဗုဒ္ဓအောင်နိုင်ခြင်း ပညာရပ်ကိုလည်း ထုတ်သုံးနိုင်၏။ သူ၏ လက်ထဲတွင် မည်သည့်ကောင်းကင်နတ်သိုင်းမဆို လှပသေသပ်စွာ  ပေါ်ထွက်လာပြီး ထိုကောင်းကင်နတ်သိုင်းများ၌ မယုံကြည်နိုင်လောက်အောင် ပြင်းထန်သည့် အားအင်များလည်း ကိန်းအောင်းပါဝင်နေသည်။

အမျိုးသမီးများသာ လေ့ကျင့်နိုင်သော မေတ္တာမဲ့ကောင်းကင်နတ်ဓားကိုပင် ထုတ်ဖော်အသုံးပြုနိုင်ပြီး မူလဓားကွက်ထက် ပို၍ ကြီးမားသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။

သူ့လက်ဖြင့် ထိလိုက်လျှင် သာမန်သိုင်းကွက်များပင် ပြင်းထန်သော အားအဟုန် ပိုင်ဆိုင်လာသည်။

မှော်ပညာ၊ ဓားသိုင်းသာမက ခန္ဓာကိုယ်ကောင်းကင်နတ်သိုင်းများပင် ထုတ်ဖော်အသုံးပြုနေပြီး တိုက်ကွက်တိုင်း၏ အားအင်က တောင်များကို ပိုင်းဖြတ်၍ ပင်လယ်ကို သွန်မှောက်တော့မည်ကဲ့သို့ ဖြစ်လာ၏။

ဧကရာဖ်ယန်ဖုန်းက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နတ်ဘုရားအဆင့်အထိ လေ့ကျင့်ထားပြီး ဖြစ်ချေသည်။

တာအိုသခင်၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ၏ တာအိုဓားကို လှုပ်ရှား၍ ဧကရာဇ်ယန်ဖုန်းကို မုန်တိုင်းဆင်သကဲ့သို့ တိုက်ခိုက်ရင်း ချီးကျူးလိုက်၏။ “တာအိုသဘောတရားနဲ့ သိုင်းပညာမှာ ဧကရာဇ်အတိုင်ပင်ခံကို ပါရမီရှင်တစ်ယောက်လို့ အားလုံးက ပြောကြတယ်၊ ဒါပေမဲ့ လောကကြီးက ဧကရာဇ်ကို သတိမမူမိဘူး... အရှင်မင်းကြီး၊ အရှင်မင်းကြီးက ကိုယ်ပိုင်ဂိုဏ်းတစ်ခု၊ ကိုယ်ပိုင်အထွတ်အမြတ်နယ်မြေတစ်ခု တည်ထောင်နိုင်တဲ့ ဆရာအဆင့် ဖြစ်နေပြီ... နှမြောစရာပဲ...”

ရွှပ်... ရွှပ်... ရွှပ်...။

တာအိုဓားက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ စည်းချက်အတိုင်း လိုက်နင်း၍ ဧကရာဇ်ယန်ဖုန်း၏ အကာအကွယ်အတားအဆီးကို ထိုးဖောက်ကာ ထပ်ခါထပ်ခါ ဒဏ်ရာရအောင် တိုက်ခိုက်နေသည်။

တထာဂတက ဟာကွက်မြင်သည်နှင့် ရွှေသပိတ်ကို မှောက်ချ၍ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ဖြင့် ဖိချလိုက်၏။ သပိတ်အတွင်းရှိ ဘုံကမ္ဘာငယ်အဆင့်နှစ်ဆယ်က ဧကရာဇ်ယန်ဖုန်း၏ ကိုယ်ပေါ်သို့ တစ်ခုပြီးတစ်ခု ပိကျလာသည်။

ဧကရာဇ်ယန်ဖုန်း အင့်ခနဲ ညည်းညူလိုက်မိ၏။ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်၏ ကြီးမားသော ဖိအားကို တောင့်ခံထားရသည့်အတွက် သူ၏ လှုပ်ရှားမှုက များစွာ နှေးကျသွားသည်။ သို့သော်လည်း သူ၏ သိုင်းကွက်များမှ စွမ်းအားက ပို၍ ပို၍ ပြင်းထန်လာပြီး တာအိုဓားနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

တာအိုသခင်၏ မပြည့်စုံသေးသော ဓားကွက်က အသေးဆုံးကိန်းဂဏန်းထိ တွက်ချက်ထားသဖြင့် အလှည့်အပြောင်းအသင်္ချေ ပါဝင်ပြီး မှန်းဆ၍ မရချေ။ တာအိုမှ မူလ၊ မူလမှ ယင်ယန်နှစ်ဖြာ၊ ယင်ယန်နှစ်ဖြာမှ စွမ်းအင်သုံးသွယ်၊ စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဟူသော သဘောတရားကို ပြောင်မြောက်စွာ ဖော်ထုတ်၍ ဓားချက်ဖြင့် အရာရာကို ဖန်ဆင်းနိုင်နေပြီ ဖြစ်၏။

တာအိုသခင်၏ အသိဉာဏ်ပညာက ဤနေရာမှ ရှေ့ဆက်မတက်နိုင်သဖြင့် တာအိုဓားဆယ့်လေးခန်း၏ နောက်ဆုံးဓားကွက်ကို ပြည့်စုံအောင် လေ့ကျင့်နိုင်ခြင်း မရှိသေးပေ။ သို့တိုင်အောင် အားလုံးသော သိုင်းကွက်၊ ကောင်းကင်နတ်သိုင်းများကို ဖျက်ဆီးနိုင်စွမ်း ရှိနေသည်။

တထာဂတက ရွှေသပိတ်ကို လေထဲသို့ လွှတ်တင်၍ ဗုဒ္ဓတရားစာများ ရွတ်ဖတ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အခုထိ ပေါ်မလာသေးပေမဲ့ အပြောင်းအလဲ ဖြစ်မှာကိုတော့ ရှောင်လွှဲလို့ မရနိုင်ဘူး... ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်လိုက်ကြစို့...” စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်က လှုပ်ခါ၍ ကြီးမားသည့် ဗုဒ္ဓဆင်းတုတော်ကြီးတစ်ဆူအဖြစ် အသွင်ပြောင်းလဲသွားသည်။ ထို့နောက် လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ဧကရာဇ်ယန်ဖုန်းအပေါ် တောင်ကြီးငါးလုံး အုပ်မိုးပိကျလာ၏။

ဤအခိုက်၌ မိုင်သုံးရာခန့်ကွာသောနေရာတွင် ချင်မူက နဂါးချီလင်၏ ကျောပေါ်မှ ထိုင်လျက်သား လိုက်ပါလာသည်။ နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်း၍ ကောင်းကင်ယံ၌ ပြေးလွှားနေဆဲ ရှိ၏။

“မြန်မြန်... ဒီထက် မြန်အောင် ပြေးဦး...” ချင်မူက ရှေ့တူရူမှ ကြောက်မက်ဖွယ်ရာ အားလှိုင်းများကို အာရုံခံမိသဖြင့် လောဆော်လိုက်သည်။ “မင်း ဒီထက်မြန်မြန် ပြေးနိုင်ရင် သွေးနီမီးလျှံဆေးလုံး သုံးအိုးကျွေးမယ်...”

နဂါးချီလင်က ဟောဟဲဆိုက်နေရင်းမှ ပြောလိုက်၏။ “ဂိုဏ်းသခင်၊ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီးပြီ...”

ချင်မူ အံတင်းတင်းကြိတ်လိုက်သည်။ “မင့်ပြေးနှုန်းက နွားသိုးစိမ်းကြီးထက် အများကြီးနှေးတာပဲ... ဟိုက မင်းထက် နှစ်ဆမြန်အောင် ပြေးနိုင်တယ်၊ မိုင်တစ်သောင်းလောက်ကိုလည်း မနားတမ်း တစ်ခါတည်း ပြေးနိုင်တယ်... ဖက်တီးနဂါး၊ မင်း ဒီထက်အားပိုစိုက်ရင် နွားသိုးစိမ်းကြီးကို ရိုက်လို့ရအောင် ခေါ်သွားပေးမယ်... ဒီအတိုင်း နှေးနေလို့ကတော့ အဲနွားသိုးစိမ်းကြီးကို ခေါ်လာပြီး မင်းကို ရိုက်ခိုင်းရမှာပဲ...”

နဂါးချီလင်က အံတင်းတင်းကြိတ်၍ ရှေ့သို့ အားကုန်ထုတ် ပြေးလိုက်၏။ သူ့ခြေထောက်အောက်မှ မီးလျှံတိမ်တိုက်များ ပေါက်ကွဲထွက်ပေါ်လာပြီး အရှိန်အဟုန်က သိသိသာသာ ထိုးတက်သွားသည်။ ချင်မူပင် ပြုတ်ကျတော့မလို ဖြစ်သွား၏။ ဤအတိုင်း မိုင်သုံးလေးငါးဆယ် ပြေးပြီးသောအခါ နဂါးချီလင်၏ ပြေးနှုန်းက ပြန်နှေးကျသွားပြီး အမြှုပ်တစီစီ ထွက်လာသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် မရတော့ဘူး...”

ချင်မူ မည်သို့ လုပ်ရမှန်းမသိတော့ဘဲ ကြိမ်းဝါးလိုက်၏။ “အစားပုပ်ဖက်တီး ထပ်လုပ်ရဲသေးလို့ကတော့ နောက်နှစ်ကူးကျရင် ညစာစားပွဲပေါ် ရောက်မယ်မှတ်...”

ထိုအခိုက်၌ အစိမ်းရောင်နှင့် မီးခိုးရောင် အလင်းတန်းနှစ်ခု ဘေးနားမှ ဖြတ်ကျော်သွားသည်။ သူ မှင်တက်မိနေခိုက်၌ ထိုအလင်းတန်းနှစ်ခုက ပြန်ကွေ့လာ၏။

“မူအာ၊ မင်းဘာလို့ ဒီကိုရောက်နေတာလဲ...” အလင်းတန်းနှစ်ခုက ရပ်တန့်သွားပြီး အဘိုးကြီးမာနှင့် မျက်ကန်းတို့ ပေါ်ထွက်လာသည်။ မျက်ကန်းက ပြောလိုက်၏။ “ငါ့အမြင်အာရုံသာ မကောင်းရင် မင်းကို ကျော်သွားတော့မလို့... မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ဘယ်အချိန် ထွက်လာတာလဲ... အဲဘုန်းကြီးတွေက မင်းကို ဒုက္ခပေးကြသေးလား...”

ချင်မူက ကမန်းကတန်း ပြောလိုက်သည်။ “ဘိုးဘိုးတို့နောက်က တန်းလိုက်လာတာပဲ... ဘိုးဘိုးမျက်ကန်း၊ ဘိုးဘိုးမာ... အခြေအနေ မကောင်းတော့ဘူး... တထာဂတတို့က ဧကရာဇ်ကို ဝိုင်းသတ်နေကြပြီ...”

အဘိုးကြီးမာက ပြောလိုက်၏။ “ငါတို့ တွေ့ခဲ့သားပဲ... အရေးမကြီးပါဘူး... ဧကရာဇ်ဆိုတာ တစ်ချိန်လုံး ပြောင်းနေတာပဲ...”

မျက်ကန်းက ညည်းညူပြောဆိုလိုက်သည်။ “မူအာ၊ ပိုအရေးကြီးတဲ့ကိစ္စတွေကို လျစ်လျူရှုထားလို့ မရဘူးလေ... လီထျန်းရှင်က ပြဿနာကြီးပဲ၊ ဒီသောက်အဘိုးကြီးသာ အဘွားကြီးစစ်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးမိသွားရင် တကယ့်ကို ဒုက္ခများမှာ... ဘယ်သူ သူ့ကို တားနိုင်တော့မှာလဲ...”

“ကျွန်တော် ဘွားဘွားကို တွေ့ခဲ့တယ်... ဘိုးဘိုးတို့ စိတ်မပူတော့နဲ့... ဘွားဘွားက ဘိုးဘိုးတို့ကို ထိခိုက်မှာစိုးလို့ မဟာမြို့ပျက်ကို မပြန်ချင်တော့တာ...” ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ မေးလိုက်သည်။ “ဘိုးဘိုးတို့ ဧကရာဇ်ကို ကယ်ပေးလို့ ရမလား...”

အဘိုးကြီးမာက မျက်ကန်းကို  ကြည့်လိုက်၏။ မျက်ကန်းက ခေါင်းခါယမ်းလိုက်သည်။ “ခက်တယ်... ဧကရာဇ်က ဒီချိန်ဆို သေလောက်ပြီ... တထာဂတနဲ့ တာအိုသခင် ပေါင်းတိုက်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတောင် ခံနိုင်မှာ မဟုတ်ဘူး... ဒါနဲ့ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းလည်း အဲမှာ ရောက်နေတယ်၊ သူတို့လည်း မရှုမလှ သေကြမှာပဲ...”

ချင်မူက အံတင်းတင်းကြိတ်လိုက်၏။ “ဧကရာဇ်က အခုသေလို့ မဖြစ်သေးဘူး... ကျွန်တော့်ဂိုဏ်းကလူတွေကို ထားလိုက်၊ သူတို့က အချိန်မရွေး နေရာခုန်ကူးပြီး ထွက်ပြေးလို့ ရတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ခံရော အဲဒီကို မရောက်သေးဘူးလား...”

“မမြင်မိဘူး...” အဘိုးကြီးမာက ပြောလိုက်သည်။ “တထာဂတက အိုပြီ၊ တာအိုသခင်ကလည်း အိုပြီ... သူတို့နှစ်ယောက်စလုံး အကြာကြီး မတိုက်နိုင်ဘူး... အကြာကြီးတိုက်နေရင် သူတို့ရဲ့အသက်ဓာတ် အတော်လေး ကုန်သွားလိမ့်မယ်...”

မျက်ကန်းက သွားဖြဲ၍ ပြုံးလိုက်၏။ “ငါတို့က သူတို့ထက် ငယ်ပါသေးတယ်...”

အဘိုးကြီးမာက ခေါင်းညိတ်လိုက်သည်။  မျက်ကန်းက ချင်မူ့ကို ပြုံး၍ ပြောလိုက်၏။ “အဲဒါဆို ငါတို့ ဧကရာဇ်ကို သွားလုမယ်... မူအာ၊ မင်းဒီမှာ စောင့်နေခဲ့... ငါတို့ မင့်အတွက် ဧကရာဇ်ရဲ့အလောင်း သွားယူလာမယ်...”

ချင်မူ ကြက်သေသေသွားသည်။ “အလောင်း ဟုတ်လား...”

အဘိုးကြီးမာက အဝေးသို့ ရောက်သွားပြီ ဖြစ်ပြီး သူ့အသံသာ လွင့်ပျံ့လာ၏။ “တာအိုသခင်နဲ့ တထာဂတ ပူးပေါင်းတိုက်ခိုက်မှတော့ သူ သေလောက်ပြီပေါ့...”

တိုက်ပွဲကွင်းပြင်၌...။ တထာဂတနှင့် တာအိုသခင်က ပူးပေါင်းတိုက်စစ်ဆင်၍ တိုက်ပွဲကို အမြန်အဆုံးသတ်နိုင်ရန် ကြိုးစားနေကြသည်။ ဧကရာဇ်ယန်ဖုန်းက ပြင်းထန်သော ဒဏ်ရာများ ထပ်ခါထပ်ခါ ရ၍ နတ်ဘုရားကဲ့သို့ အဆင့်မြင့်ပညာရှင်နှစ်ယောက်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရ၏။ သူ၏ ချီစွမ်းအင်က အတော်လေး အားကောင်းပြည့်လျှံဆဲ ဖြစ်သော်လည်း တာအိုသခင်နှင့် တထာဂတ၏ ကျင့်စဉ်စွမ်းအင်က သူ့ထက် များစွာသာလွန်သည်။ ထို့ပြင် သိုင်းစွမ်းအားအရာ၌လည်း သူ့ထက် တစ်ဆင့်မြင့်၏။ ထို့ထက်ပိုသည်မှာ ဤနတ်ဘုရားကဲ့သို့ အဆင့်မြင့်ပညာရှင်နှစ်ယောက် အတူပူးပေါင်း၍ သူ့ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

ချီစွမ်းအင်က အားကောင်းဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်က မလိုက်နိုင်တော့ချေ။

တာအိုသခင်နှင့် တထာဂတတို့က နောက်တစ်ကွက် ထုတ်သည်နှင့် ဧကရာဇ်ကို သုတ်သင်နိုင်တော့မည်ဖြစ်ကြောင်း ခံစားသိရှိလိုက်စဉ် ဝါးတောင်ဝှေးတစ်ချောင်းက တိုးဝင်တိုက်ခိုက်လာ၏။ တာအိုသခင်က သူ့ဓားကို အလျင်အမြန် ဝှေ့ယမ်း၍ ခုခံလိုက်ရသည်။ တထာဂတမှာလည်း နောက်ကျောဘက်မှ တိုးဝင်လာသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိသဖြင့် ရွှေသပိတ်ကို နောက်သို့ ကမန်းကတန်း လှည့်လိုက်ရ၏။ ဝါးတောင်ဝှေးက တာအိုဓားကို ထိုးနှက်ရိုက်ခတ်လိုက်ပြီး ဓားသွားက ရွှေသပိတ်ဘက်သို့ ထိုးစိုက်သွားသဖြင့် တဒေါင်ဒေါင်တဒင်ဒင် အသံများ ထွက်ပေါ်လာသည်။

မျက်ကန်းက နောက်သို့ ယိမ်းယိုင်၍ ဆုတ်ခွာသွားပြီး ချီးကျူးလိုက်၏။ “သိပ်ကောင်းတဲ့ သိုင်းကွက်ပဲ... ကိုယ်တော်တို့ရဲ့ ကျင့်စဉ်စွမ်းအင်ကလည်း ကျုပ်ထက်မြင့်တယ်... ဟိုဘိုးတော် ရွာလူကြီးအောက် နည်းနည်းပဲ နိမ့်တာ...” စကားအဆုံးတွင် သူ လှည့်ထွက်သွားသည်။

တထာဂတနှင့် တာအိုသခင်သို့ နောက်သို့ ကမန်းကတန်း ပြန်လှည့်ကြည့်လိုက်သောအခါ ဧကရာဇ်ယန်ဖုန်းက ပျောက်ချင်းမလှ ပျောက်သွားပြီဖြစ်ကြောင်း တွေ့ရ၏။

“လိုက်စရာမလိုတော့ပါဘူး... ဧကရာဇ်က အသွေးအသားခန်းခြောက်ပြီး ကောင်းကင်ရတနာတွေ အကုန်လုံး တစ်စစီ ပျက်စီးသွားပြီပဲ...” တထာဂတက သက်ပြင်းချလိုက်သည်။ “ကောင်းတယ်... အသက်ရှင်နိုင်ရင်တောင် သုံးစားမရတဲ့ လူတစ်ယောက် ဖြစ်သွားတော့မှာ...”

လူခန္ဓာကိုယ်တစ်ခုက ချင်မူ့ထံ ပြေးဝင်လာပြီး နဂါးချီလင်၏ ကျောပေါ်သို့ ပြုတ်ကျသွား၏။ “မူအာ၊ ဒီမှာ မင်းလိုချင်တဲ့ အလောင်း...”

All Chapters