← Chapters

လီထျန်းရှင်နှင့် ဧကရာဇ်

Vol. 19 Ch. 261

လီထျန်းရှင်နှင့် ဧကရာဇ်

Vol. 19 Ch. 261

ချင်မူ ဧကရာဇ်ယန်ဖုန်း၏ အခြေအနေကို စစ်ဆေးကြည့်ရှုလိုက်သည်။ ဧကရာဇ်ယန်ဖုန်းက အပေါက်အပြဲများနှင့် ဆန်အိတ်တအိတ်ကဲ့သို့ ဖြစ်နေ၏။ သူ့ခန္ဓာကိုယ်မှ သွေးများက အိတ်ပေါက်မှ တရဟော ထွက်ကျနေသည့် ဆန်စေ့များကဲ့သို့ တစိမ့်စိမ့် ယိုစီးထွက်နေသည်။ အခြေအနေက အတော်လေး ဆိုးရွား၏။

ချီစွမ်းအင်နှင့် အသွေးအသားကလည်း လျင်မြန်စွာ ခန်းခြောက်နေသည်။ ထို့အပြင် ကောင်းကင်ရတနာများဆီမှ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ပြိုပျက်ကျဆင်းနေသကဲ့သို့ တဝုန်းဝုန်းအသံများလည်း ထွက်ပေါ်လာ၏။ ကောင်းကင်ရတနာများ ပြိုလဲပျက်စီးနေပြီ ဖြစ်၍ အချိန်မီ မကုသလျှင် နှစ်နာရီပင် ခံတော့မည် မဟုတ်ပေ။

“ကျုံးစန်းအရာရှိပဲ…” ဧကရာဇ်ယန်ဖုန်းက မျက်လုံးများ အားယူဖွင့်၍ ခပ်ယဲ့ယဲ့ မေးလိုက်သည်။ “ကုလို့ရနိုင်သေးလား…”

ချင်မူက သူ၏ ဒဏ်ရာများကို အသေးစိတ် စစ်ဆေးလိုက်၏။ ထို့နောက် ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို အသုံးပြု၍ ခန္ဓာကိုယ်မှ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ် ထွက်ခွာမသွားအောင် ထိုးပိတ်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာ စကားမပြောနိုင်တော့သကဲ့သို့ မျက်လုံးလည်း မလှုပ်နိုင်တော့ချေ။

ချင်မူ နဂါးသွားရည်အချို့ ထုတ်ယူ၍ ဒဏ်ရာများအပေါ် သုတ်လိမ်းပေးလိုက်၏။ ခေါင်းမော့ကြည့်လိုက်သောအခါ မျက်ကန်းနှင့် အဘိုးကြီးမာတို့ ထွက်ခွာသွားပြီဖြစ်ကြောင်း တွေ့ရသည်။

“ဘိုးဘိုးတို့က နောက်ကလိုက်လာမဲ့သူတွေကို မျှားခေါ်သွားတာများလား…”

ချင်မူ မသေချာသဖြင့် နဂါးချီလင်ကို အမိန့်ပေးလိုက်၏။ “ဘွားဘွားအိမ်ကို ပြန်မယ်…”

နဂါးချီလင်က နောက်ပြန်လှည့်လိုက်သည်။ ချင်မူက နဂါးချီလင်၏ ကျောပေါ်တွင် ထိုင်၍ ဧကရာဇ်ယန်ဖုန်း၏ ပါးစပ်ထဲသို့ နဂါးသွားရည်အချို့ ခွံ့ပြီး သွေးခဲမကျန်အောင် ညှစ်ထုတ်လိုက်၏။ ထို့နောက် စိတ်ထဲမှ အနည်းငယ် တွက်ချက်၍ စွမ်းအင်ဆေးလုံးများ ထုတ်ယူလိုက်သည်။

ပေါင်းစည်းကျင့်စဉ်ကို ဆင်ခြင်သုံးသပ်စဉ်က သူ့ခန္ဓာကိုယ်ရှိ ချီစွမ်းအင်နှင့် အသွေးအသားများ ခန်းခြောက်၍ အသက်ဓာတ်ကုန်ဆုံးလုမတတ် ဖြစ်သွားခဲ့ဖူး၏။ ထိုအခါက စွမ်းအင်ဆေးလုံးနှစ်မျိုး ဖော်စပ်ပြီး ကိုယ့်အသက်ကိုယ် ပြန်ကယ်ခဲ့ရသည်။ ထိုဆေးနှစ်မျိုးအနက် တစ်မျိုးမှာ အသက်ဓာတ်စွမ်းအင်ကို ပြန်ဖြည့်ပေးသည့် ဗုဒ္ဓစွမ်းအင်ဆေးလုံး ဖြစ်ပြီး နောက်တစ်မျိုးမှာ ချီစွမ်းအင်နှင့် အသွေးအသားကို ဖြည့်တင်းပေးသည့် သွေးအားဖြည့်ဆေးလုံး ဖြစ်၏။ ထိုဆေးများသောက်ပြီးနောက်တွင် စွမ်းအင်ပြည့်ဆေး မဟာအားဖြည့်ကျင့်စဉ်ကို အသုံးပြု၍ နဂါးနီငါးဘုရင်ကို စားကာ အားအင်ပြန်လည် ဖြည့်တင်းခဲ့ရသည်။

သူ့လက်ထဲတွင် ရှိနေသည်က သွေးအားဖြည့်ဆေးလုံးများ ဖြစ်၏။

ချင်မူ ချီတုံချတုံ ဖြစ်နေသည်။ ဧကရာဇ်ယန်ဖုန်းက ချီစွမ်းအင်နှင့် အသွေးအသားများ ခန်းခြောက်နေလျှင်ပင် အသက်ကယ်၍ ရသေး၏။ သို့သော်လည်း သွေးအားဖြည့်ဆေးလုံး တိုက်လိုက်၍ ချီစွမ်းအင်နှင့် အသွေးအသားများ အားပြန်ကောင်းလာလျှင် ပြိုပျက်နေသော ကောင်းကင်ရတနာများ ပေါက်ကွဲကောင်း ပေါက်ကွဲသွားနိုင်သည်။

ဧကရာဇ်ယန်ဖုန်းက ပါရမီကြီးမား၍ ကျင့်စဉ်စွမ်းအင်မြင့်မားသူ ဖြစ်သဖြင့် သူ့ကောင်းကင်ရတနာများထဲမှ ကျင့်စဉ်စွမ်းအင် ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာလျှင် စွန့်ထုတ်ပစ်စရာ နေရာမရှိပေ။ တစ်ကိုယ်လုံး ပွင့်ထွက်၍ ချင်မူနှင့် နဂါးချီလင်ပင် တစ်စစီ ဖြစ်သွားနိုင်၏။

သို့သော်လည်း ချီစွမ်းအင်နှင့် အသွေးအသားကို ပြန်မဖြည့်တင်းလျှင် ဧကရာဇ်အတွက် အန္တရာယ် ရှိနိုင်သည်။

‘သူ့ချီစွမ်းအင်နဲ့ အသွေးအသားကို ပြန်မဖြည့်တင်းခင် ကောင်းကင်ရတနာတွေထဲက စွမ်းအင်ကို အပြင်ဘက် ဖောက်ထုတ်ပစ်ရမယ်…’

ချင်မူ တစ်ခဏ တွေဝေစဉ်းစားနေ၏။ အကောင်းဆုံးနည်းလမ်းမှာ ငွေအပ်များအသုံးပြု၍ ကောင်းကင်ရတနာများထဲမှ စွမ်းအင်ကို လမ်းလွှဲဖောက်ထုတ်ပစ်ရန် ဖြစ်သည်။ သို့သော်လည်း ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများထဲသို့ ငွေအပ်စိုက်လိုက်လျှင် အချိန်မီ လမ်းလွှဲဖောက်ထုတ်နိုင်ခြင်း မရှိမီ အရည်ပျော်သွားနိုင်၏။

နောက်တစ်နည်းမှာ ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများထဲမှ စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားရန် ဖြစ်သည်။ သို့သော်လည်း ချင်မူ၏ စွမ်းအားက ဧကရာဇ်ယန်ဖုန်း၏ ကျင့်စဉ်စွမ်းအင်ကို ပိတ်လှောင်ရန် မလုံလောက်ချေ။

နောက်တစ်နည်းကတော့ စွမ်းအင်ဆေးလုံးများ၊ အဆိပ်များ အသုံးပြု၍ ထိုစွမ်းအင်ကို ချေဖျက်ပစ်ရန် ဖြစ်၏။ သို့သော်လည်း ဤသို့သော ဆေးလုံးမျိုးက အလွန်တရာ အဆိပ်ပြင်းသည့် ဆေးပင်များနှင့် ဖော်စပ်ရသည်။ အနည်းငယ် ချွတ်ချော်သည်နှင့် ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်သွားနိုင်၏။

ချင်မူ ဒုတိယနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် ဧကရာဇ်ယန်ဖုန်း၏ ကျင့်စဉ်စွမ်းအင်ကို ပိတ်လှောင်ရန် စွမ်းအားမရှိသော်လည်း အဘွားစစ်တွင် ရှိ၏။

“ဒါပေမဲ့ သူ့အသက်ကို ကယ်နိုင်ရင်တောင် အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားမှာပဲ...”

ချင်မူ ဝမ်းနည်းမိသွားသည်။ ဧကရာဇ်ယန်ဖုန်းက အရွယ်ကောင်းဆဲ ရှိသေးပြီး နောက်ထပ် အနှစ်နှစ်ရာသုံးရာအထိ ကောင်းစွာ စွမ်းဆောင်နိုင်ဦးမည် ဖြစ်၏။ သို့သော်လည်း ဤဖြစ်ရပ်အပြီးတွင်တော့ သက်တမ်းတစ်ဒါဇင်ခန့်သာ ကျန်သည့် သာမန်လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

မျိုးဆက်တစ်ဆက်၏ စွမ်းအားကြီးမြင့်သည့် ဧကရာဇ်မင်းမြတ်ဘဝမှ သာမန်လူတစ်ယောက်ဘဝသို့ ရောက်ရှိသွားပြီဟူသော အဖြစ်မှာ ဧကရာဇ်ယန်ဖုန်းကဲ့သို့ လူမျိုးပင် စိတ်ခိုင်ခိုင်ထားနိုင်ရန် ခဲယဉ်းမည် ဖြစ်သည်။ သူအသိပြန်ဝင်လာချိန်တွင် မည်မျှ စိတ်ဓာတ်ကျသွားမည် ချင်မူ မသိချေ။

“ဒုတိယနည်းလမ်းက အကောင်းဆုံးပဲ... သူ့ကျင့်စဉ်စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ ပိတ်လှောင်ထားရင် နောင်တစ်ချိန် သူ့ဖာသာ ကောင်းကင်ရတနာတွေ ပြန်ပြုပြင်ချင် ပြုပြင်နိုင်လိမ့်မယ်...”

ချင်မူ ခေါင်းခါယမ်းလိုက်သည်။ ဤဖြစ်နိုင်ချေက လွန်စွာ နည်းပါးလှ၏။

နဂါးချီလင်က တောအုပ်အတွင်းရှိ အဘွားစစ်၏ အိမ်ရှေ့သို့ ရောက်ရှိလာသည်။ ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်ကို လှုပ်ခါခြင်း မရှိအောင် မယူလိုက်၏။

အဘွားစစ်က အပြင်ဘက်မှ အသံဆူဆူ ကြား၍ ထွက်လာပြီး ချင်မူ့ကို မြင်သောအခါ အံ့အားသင့်သွားသည်။ “မူအာ၊ မင်း ဘာတွေလုပ်လာတာလဲ... ဧကရာဇ်ပါလား... ဧကရာဇ်ကို အရေခွံခွာပြီး ကိုယ်တိုင် တက်အုပ်ချုပ်တော့မလို့လား... ခွေးကောင်လေး၊ ပိုပိုပြီး အရွယ်ရောက်လာပြီ...”

အဘွားစစ်က ဝမ်းသာရွှင်ပျစွာ ပြောနေရင်းမှ စိုးရိမ်ပူပန်သည့် အမူအရာ ပေါ်ထွက်လာ၏။ “ဒါပေမဲ့ ဧကရာဇ်ရဲ့ မိဖုရားဆောင်မှာရှိတဲ့ အလှပဂေးတွေ အကုန်လုံးက မြေခွေးမတွေချည်းပဲ... သူတို့အလှမှာ မျောမသွားအောင် ဂရုစိုက်...”

ချင်မူက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ “ကျွန်တော်က သူ့ကို အရေခွံခွာပြီး ဧကရာဇ်လုပ်ဖို့ မဟုတ်ပါဘူး... ဘွားဘွား၊ သူ့ကောင်းကင်ရတနာထဲက စွမ်းအင်တွေ ပေါက်ထွက်မသွားအောင် ပိတ်လှောင်ပေးထားပါဦး... ကျွန်တော် ဆေးပင်သွားဝယ်လိုက်ဦးမယ်... ဧကရာဇ်ကို အဝတ်လုပ်မပစ်နဲ့နော်...”

အဘွားစစ်၏ မျက်နှာတွင် စိုးရိမ်ပူပန်သော အမူအရာ ပေါ်ထွက်လာ၏။ “မမှောင်ခင် မြန်မြန်ပြန်ခဲ့နော်... ဟိုခွေးမလီထျန်းရှင် ထွက်လာရင် ပျော်ပျော်ကြီး အရေခွံခွာပြီး ဧကရာဇ်သွားလုပ်လိမ့်မယ်...”

ထိုအခိုက်၌ ဧကရာဇ်ယန်ဖုန်းက သတိလည်လာပြီး သူတို့၏ ပြောစကားများကို ကြားလိုက်သည်။ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ ‘ကျုံးစန်းအရာရှိရဲ့ ဒီအဘွားက ဘယ်သူများပါလိမ့်... တကယ့်ကို ရက်စက်တဲ့သူပဲ... ပြီးတော့ လီထျန်းရှင်ကလည်း သေသွားပြီ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီနေရာမှာ ရှိနေရတာလဲ...”

သို့သော်လည်း သူ၏ ဒဏ်ရာများက ပြင်းထန်သည့်အတွက် ပြန်၍ သတိလစ်သွားသည်။

ချင်မူ အလျင်အမြန် ပြေးထွက်၍ အရပ်မျက်နှာကို ခွဲခြားကာ အနီးဆုံးမြို့သို့ သွားလိုက်၏။

အနီးဆုံးမြို့က မြို့ငယ်လေးတစ်မြို့ ဖြစ်ပြီး ယန့်ချန်းမြို့ဟု ခေါ်တွင်သည်။ ဆီးနှင်းကပ်ဘေးကြောင့် ဆေးပင်အတော်များများက ဝယ်ယူ၍ မရတော့ချေ။ ချင်မူ ဆေးဆိုင် တစ်ဆိုင်မှတစ်ဆိုင် ကူး၍ ဆေးပင်များ ဝယ်ယူပြီး သုတ်ခြေတင် ပြန်ပြေးလာခဲ့၏။

သူပြန်ရောက်ချိန်တွင် ကောင်းကင်က အလင်းရောင် မပျောက်ကွယ်သေးပေ။ ချင်မူ သက်ပြင်းတစ်ချက်ချ၍ သူ့လူနာကို စမ်းသပ်လိုက်သည်။ အဘွားစစ်က ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများမှ စွမ်းအင်ကို ခန္ဓာကိုယ်ထဲတွင် ပိတ်လှောင်ထားပြီးဖြစ်ကြောင်း တွေ့ရ၏။ ဧကရာဇ်ယန်ဖုန်းမှာ တစ်ကိုယ်လုံး ပျက်စီးယိုယွင်းနေသည့်တိုင် အသက်ရှိဆဲ ဖြစ်သည်။ သူ၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်က အကောင်းအတိုင်း ရှိနေသေး၏။

“ကောင်းကင်နတ်ဆိုးပညာကို ပြန်ရုပ်သိမ်းလိုက်တာနဲ့ သူ့ခန္ဓာကိုယ်က ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ကို ထိန်းမထားနိုင်ဘဲ အသက်ပျောက်သွားမှာပဲ...” အဘွားစစ်က ပြောလိုက်သည်။

“သူ မသေပါဘူး...” ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “သူ့ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ကို ဒီလူ့လောကကြီးထဲမှာပဲရှိအောင် ကျွန်တော် ထိန်းထားနိုင်တယ်... သူ့ခန္ဓာကိုယ်က အသက်ရှူနေသေးသမျှ ကျွန်တော် ကယ်နိုင်တယ်...”

အဘွားစစ်က ခေါင်းခါယမ်းလိုက်သည်။ “ငါ ညစာသွားပြင်လိုက်ဦးမယ်... ဒါပြီးရင်တော့ မင်းသတိထားတော့၊ ဟိုမိစ္ဆာအိုကြီး ထွက်လာတော့မှာ...”

ချင်မူ ဆတ်ခနဲ တုန်ခါသွားပြီး ဧကရာဇ်ယန်ဖုန်းကို သွေးအားဖြည့်ဆေးနှင့် ဗုဒ္ဓစွမ်းအင်ဆေးများ ကမန်းကတန်း တိုက်ကျွေး၍ ချီစွမ်းအင်ဖြင့် ဆေးစွမ်းအင်များ ချေဖျက်ပေးလိုက်၏။ ထို့နောက် ငွေအပ်များစိုက်၍ ဆေးစွမ်းအာနိသင်ကို လိုရာရောက်အောင် ပို့ဆောင်ပြီး နောက်ထပ် ဆေးလုံးများ ဖော်စပ်လိုက်သည်။

အဘွားစစ်က ညစာပြင်ပြီးသွားသဖြင့် ချင်မူ့ကို လာစားရန် အော်ခေါ်၏။

သူတို့နှစ်ယောက် ညစာစားပြီးသောအခါ အဘွားစစ်က သူ့အခန်းသို့ ပြန်သွားပြီး ချင်မူက ဧကရာဇ်ယန်ဖုန်းကို ဆက်လက် ကုသလိုက်သည်။ အတန်ကြာသောအခါ အခန်းအပြင်ဘက်မှ ခပ်တိုးတိုးရယ်သံတစ်သံ ထွက်ပေါ်လာ၏။ “မူအာ၊ အရှင်မင်းကြီး ဘယ်လိုနေလဲ...”

ချင်မူမှာ ထိုအသံကြောင့် အသည်းအူတုန်သွားပြီး နေရာမှ မရွေ့ဘဲ ပြန်ဖြေလိုက်သည်။ “ဂိုဏ်းသခင်လီ၊ ခင်ဗျားလည်း ကျုပ်တို့နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ပဲ မဟုတ်လား... ဒါက ဘာလုပ်ချင်တာလဲ...”

အပြင်ဘက်မှ အသံက ချက်ချင်း အိုမင်းသည့်အသံ ပြန်ဖြစ်သွားပြီး ဟက်ခနဲ ရယ်မောလိုက်၏။ “ငါက သေပြီးသားပဲ၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ မဆိုင်တော့ဘူး... မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကိုလည်း မင့်ဆီ လက်လွှဲပေးပြီးပြီ... အဲတော့ ငါဘာလုပ်ချင်ချင် မင်းနဲ့ ဘာဆိုင်လဲ... ဧကရာဇ်ကို ငါ့ဆီပေးလိုက်... သူ့ကို အသုံးချပြီး ငါ့လက်ထဲ ထီးနန်းအပ်အောင် လုပ်မယ်၊ ပြီးရင် ဧကရီဘုရင်မကြီး သွားလုပ်မယ်...”

ချင်မူက စကားပြန်မပြောချေ။

ရုတ်တရက် တံခါး ဝုန်းခနဲ ပွင့်သွားပြီး အဘွားစစ်ဝင်လာကာ ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ “မင်းငါ့ကို ဧကရာဇ်မပေးလဲ ငါ့ဖာသာ လာယူမှာပေါ့...”

အထဲမှ မြင်ကွင်းကို မြင်သောအခါ သူ မှင်တက်မိသွား၏။ ချင်မူက ဧကရာဇ်ကို ထင်းရှူးပင်တစ်ပင်ကဲ့သို့ မြေကြီးထဲတွင် မြှုပ်၍ ဘေးနားမှ တပတ်ပြီးတစ်ပတ် ပတ်လျှောက်ကာ အမျိုးမျိုးသော လက်ဟန်မုဒြာများဖြင့် ရိုက်ပုတ်နေသည်။

“ကမ္ဘာမြေမှုန်ဖန်ဆင်းပညာလား... ဒါက ဝိညာဉ်ဖန်ဆင်းပညာပဲ... ဟမ်၊ တစ္ဆေဖန်ဆင်းပညာလည်းပါတယ်...”

အဘွားစစ်က တစ်ချက်ကြည့်ရုံဖြင့် ချင်မူ၏ လျင်မြန်စွာ ပြောင်းလဲနေသော လက်ဟန်မုဒြာများကို သိရှိလိုက်၏။ ထိုလက်ဟန်မုဒြာများက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဖန်ဆင်းပညာရပ်များ ဖြစ်သည်။

ချင်မူက ဆေးဝါးများ မလုံလောက်သဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ ဖန်ဆင်းပညာရပ်များဖြင့် ဧကရာဇ်ယန်ဖုန်းကို ကုသနေရခြင်း ဖြစ်၏။

“ဂိုဏ်းသခင်ချင်၊ မင်းရဲ့ ကမ္ဘာမြေမှုန်ဖန်ဆင်းပညာက မှားနေတယ်...”

အဘွားစစ်၏ နှုတ်ဖျားမှ လီထျန်းရှင်၏ အသံအက်ရှရှ ထွက်ပေါ်လာပြီး နှာခေါင်းရှုံ့လိုက်သည်။ “အဲဒါက ဒီလို ထုတ်သုံးရတာ မဟုတ်ဘူး... စစ်မှန်တဲ့ မိစ္ဆာပညာက မင့်လက်ထဲမှာ အတော်ပျက်စီးသွားတာပဲ၊ သမာသမတ်လမ်းစဉ်က ပညာနဲ့ တူနေပြီ… တကယ်ပဲ  ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အရှက်ကို ခွဲနေတာပါလား…”

အတန်ကြာပြီးနောက် သူငြိမ်မနေနိုင်ဘဲ ပြောလိုက်ပြန်၏။ “ဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကလည်း မှားနေတယ်၊ ဘယ်လိုလုပ် လူကယ်ဖို့ သုံးရတာလဲ၊ သူ့ရုပ်ခန္ဓာရဲ့ ဖွဲ့စည်းပုံကို ပြောင်းပစ်ဖို့ သုံးနေတာလား… တကယ့်ကို အရှက်ရစရာပဲ၊ တစ္ဆေဖန်ဆင်းကျင့်စဉ်ကို ဘယ်သူများ မင်းလို သုံးလို့လဲ၊ ဒီကျင့်စဉ်က သူ့အတိုင်း ပြီးပြည့်စုံနေတာ၊ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်ကို တည်ငြိမ်အောင်လုပ်ဖို့ သုံးရတယ်လို့… ဟမ် နေပါဦး၊ စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ…”

လီထျန်းရှင်က ကြည့်ရင်းကြည့်ရင်း စိတ်ဝင်စားလာသည်။ ချင်မူ၏ ဖန်ဆင်းပညာရပ်များက သူသိနားလည်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဤကျင့်စဉ်ပညာရပ်များက မိစ္ဆာလမ်းစဉ်မှန်း အထင်တရှား ဖြစ်သော်လည်း မိစ္ဆာအရှိန်အဝါအငွေ့အသက် လုံးဝမရှိဘဲ ထည်ဝါခမ်းနားနေသည်။

လူ့အသက်ကို အန္တရာယ်ပြုရန် ဖန်တီးထားသည့် ကျင့်စဉ်ပညာရပ်များ ဖြစ်သော်လည်း ချင်မူက ဤပညာရပ်များကို အသုံးပြု၍ လူ့အသက်ကို ကယ်တင်နေ၏။ ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို အသုံးပြု၍ မိခင်ကမ္ဘာမြေကြီးမှ ချီစွမ်းအင်၊ မိုးအောက်မြေပြင်တစ်ခွင်မှ ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး ဧကရာဇ်ယန်ဖုန်း၏ မူလဝိညာဉ်ကို အားဖြည့်ပေးသည်။ ဝိညာဉ်ဖန်ဆင်းပညာကို အသုံးပြု၍ ခန္ဓာကိုယ်မှ အတွင်းဒဏ်ရာများကို ကုသပြီး တစ္ဆေဖန်ဆင်းပညာကို အသုံးပြု၍ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်ကို တည်ငြိမ်အားကောင်းအောင် ပြုလုပ်၏။

ဂိုဏ်းသခင်ဟောင်းတစ်ယောက်အနေဖြင့် လီထျန်းရှင်သည်လည်း ဤပညာရပ်များကို လေ့ကျင့်ဖူးသည်။ သို့သော်လည်း သူက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ဖန်ဆင်းမှု၊ အခြားသူများ၏ ဖန်ဆင်းမှုကို ခိုးယူသည့် မိစ္ဆာလမ်းစဉ်ကိုသာ လျှောက်လှမ်းခဲ့၏။ အဘွားစစ်၏ မိစ္ဆာလမ်းစဉ်ပညာရပ်များမှာလည်း သူသင်ကြားပေးခဲ့ခြင်းသာ ဖြစ်သည်။

သူ၏ အမြင်အာရုံက လွန်စွာစူးရှ၏။ ချင်မူလျှောက်သည့်လမ်းက သူနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြောင်း သိမြင်သည်။ သူက အပြင်မှ ရယူခြင်း ဖြစ်ပြီး ချင်မူက အတွင်းမှ တည်ဆောက်၏။ ချင်မူ၏ နည်းလမ်းအတိုင်း လေ့ကျင့်လျှင် တိုးတက်နှုန်းနှေးမည် ဖြစ်သော်လည်း ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ မူလဝိညာဉ်၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့က အလွန်တရာ အခြေခံခိုင်မာလာပေလိမ့်မည်။ စိတ်ဝိညာဉ်ရော ရုပ်ခန္ဓာပါ သန်မာလာနိုင်၏။

အံ့အားသင့်စရာ အကောင်းဆုံးအချက်မှာ ဖန်ဆင်းပညာခုနစ်ခန်းမှ ဖန်ဆင်းခြင်းဟူသော စာသားဖြစ်ပြီး ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ မူလဝိညာဉ်၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကောင်းကင်ရတနာများကို အရည်အသွေး တိုးမြင့်လာစေနိုင်သည်။ ဥပမာဆိုရလျှင် အထုံပါရမီ ဖြစ်၏။ လူတစ်ယောက်၏ အထုံပါရမီက မွေးကတည်းက သတ်မှတ်ပြီးသား ဖြစ်ပြီး ပြောင်းလဲရန် ခဲယဉ်းလှသည်။ သို့သော်လည်း ချင်မူ၏ နည်းလမ်းအတိုင်း လေ့ကျင့်မည်ဆိုလျှင် ဖန်ဆင်းပညာရပ်များကို အသုံးပြု၍ အထုံပါရမီကို ပြောင်းလဲပစ်နိုင်ပြီး တစ်စထက်တစ်စ တိုးတက်ကောင်းမွန်လာပေလိမ့်မည်။

လီထျန်းရှင်က ထူးချွန်ထက်မြက်သည့် ပညာရှင်တစ်ယောက် ဖြစ်သည်။ မဟုတ်လျှင် အဘယ်သို့ပြု၍ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နတ်ဂိုဏ်းသခင် ဖြစ်လာနိုင်ပါမည်နည်း။ ပညာရပ်တစ်ခုတည်းမှ မတူညီသည့် လမ်းစဉ်သို့ လျှောက်လှမ်းနိုင်သည်ကို တွေ့သောအခါ သူ စိတ်ဝင်တစားဖြစ်ပြီး တမေ့တမော့ ကြည့်ရှုနေမိတော့၏။

ချင်မူ၏ လက်ဟန်မုဒြာ အပြောင်းအလဲတိုင်းက သူ့အတွက် ကြီးစွာသော စိတ်ဝင်စားစရာ ဖြစ်လာသည်။ ဧကရာဇ်ယန်ဖုန်းကို သတ်၍ အရေခွံခွာကာ ဧကရီဘုရင်မကြီး လုပ်လိုလှသော်လည်း ဖန်ဆင်းပညာရပ်များ၏ မတူညီသော ပြောင်းလဲမှုများကို ကြည့်ရှုချင်သေး၏။

မသိလိုက်မသိဖာသာနှင့် လင်းကြက်တွန်သံများ ထွက်ပေါ်၍ ပြတင်းပေါက်မှ နေရောင်တိုးဝင်လာသည်။ လီထျန်းရှင် သက်ပြင်းချလိုက်၏။ “တစ်ညတော့ သေတွင်းက လွတ်သွားပြီပေါ့… မနက်ဖြန်တော့ မင်းတို့ကို သေချာပေါက် သတ်ပစ်မယ်…”

သူ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီး အဘွားစစ် နိုးထလာသည်။ သူ ကမန်းကတန်း မေးလိုက်၏။ “မူအာ၊ မိစ္ဆာအိုကြီးက မင့်ကို ဒုက္ခပေးသေးလား…”

ချင်မူ သက်ပြင်းချလိုက်သည်။ သူ့တစ်ကိုယ်လုံး ချွေးစေးများ စိုနစ်နေပြီး ခေါင်းခါယမ်းလိုက်၏။ “ကျွန်တော့်ဖန်ဆင်းပညာကို သူ တစ်ချိန်လုံး စိတ်ဝင်စားပြီး ဒုက္ခပေးဖို့ မေ့နေတာ… ဘွားဘွား၊ ကျွန်တော် နားလိုက်ဦးမယ်၊ ညကျရင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက တခြားကျင့်စဉ်တွေ သုံးပြီး သူ့ကို အာရုံလွှဲထားရဦးမှာ…”

ညအချိန်ရောက်သောအခါ ဧကရာဇ်ယန်ဖုန်းမှာ ဒဏ်ရာများ သက်သာလာပြီ ဖြစ်၍ ကြည်ကြည်လင်လင် နိုးထလာ၏။ ချင်မူ သက်ပြင်းချလိုက်သည်။ “အရှင်မင်းကြီး၊ ကျွန်တော် ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို နုတ်ယူလိုက်မယ်၊ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က ယန်ဝိညာဉ်ကို ထိန်းထားနိုင်သလား ကြည့်ရအောင်…”

သူ ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို ပြန်ရုပ်သိမ်းလိုက်သည်နှင့် ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်က ရုတ်ခြည်း ဟောင်းလောင်းဖြစ်၍ မြေပေါ်သို့ ပုံလဲကျသွား၏။ ယန်ဝိညာဉ်သုံးပါးနှင့် ယင်ဝိညာဉ်ခုနစ်သွယ်အနက် ယန်ဝိညာဉ်နှစ်ပါး၊ ယင်ဝိညာဉ်နှစ်သွယ်က ခန္ဓာကိုယ်မှ ထွက်ခွာ၍ ယိုတုသို့ ခရီးနှင်တော့မလို ဖြစ်သွားသည်။

ချင်မူ ဝိညာဉ်လမ်းညွှန်ကို ကမန်းကတန်း ထုတ်သုံး၍ ဧကရာဇ်ယန်ဖုန်း၏ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များကို ခန္ဓာကိုယ်အတွင်းသို့ ပြန်ဝင်စေပြီး မျက်မှောင်ကြုတ်လိုက်၏။

ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်က သူ၏ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များကို ထိန်းမထားနိုင်လောက်အောင် အားအင်နည်းပါးနေသည်။

ရုတ်တရက် အပြင်ဘက်မှ နူးနူးညံ့ညံ့ ရယ်သံတစ်သံ ပေါ်ထွက်လာ၏။ “ဂိုဏ်းသခင်ချင်၊ ငါ ထပ်လာပြီ… မင်းမှာ ပြစရာ အသစ်မရှိတော့ရင် ဧကရာဇ်ကို သတ်လိုက်တော့မယ်…”

ဧကရာဇ်ယန်ဖုန်းက လေသံဖျော့ဖျော့ဖြင့် အားအင်နည်းပါးစွာ ရေရွတ်လိုက်သည်။ “ဘယ်ကဝေမက ဒီလောက် စွဲမက်စရာကောင်းအောင် ပြောနေတာလဲ…”

ချင်မူ ဧကရာဇ်၏ အာရုံငါးပါးကို ကမန်းကတန်း ထိုးပိတ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါ၍ စနေဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလိုက်သည်။ သူ၏ နောက်ကျောဘက်၌ ကောင်းကင်အလိုတော်မုခ်ဝ ပေါ်ထွက်လာ၏။

အဘွားစစ်က တံခါးကို တွန်းဖွင့်ဝင်ရောက်လာပြီး တအံ့တဩ အော်ဟစ်လိုက်သည်။ “စနေဂြိုဟ်အရှင်သခင်ရဲ့ မြေအပိုင်စား အစစ်အမှန်ကျင့်စဉ်ပါလား… အဲဒီ မုခ်ဦးတံခါးက ဘာကြီးလဲ၊ မင့်လက်ထဲမှာလည်း ဘာလို့ စာလိပ်တစ်လိပ် ရှိနေရတာလဲ… မင်းရဲ့ မြေအပိုင်စား အစစ်အမှန်ကျင့်စဉ်က ငါနဲ့ အတော်လေး ခြားနားတာပဲ…”

All Chapters