ဧကရာဇ်၏ ကောင်းကင်ရတနာများ
Vol. 19 Ch. 262
အဘွားစစ်မှာ ကောင်းကင်အလိုတော်မုခ်ဝနှင့် စာလိပ်ကို စိတ်ဝင်စားသွားသည်။ အမှန်တကယ်တမ်းတွင် ချင်မူသည်လည်း စာလိပ်ပေါ်မှ စာလုံးများကို မသိဘဲ မုခ်ဦးတံခါးပေါ်မှ စာလုံးများကိုသာ ဖတ်ရှုနိုင်၏။
သူ့အနေဖြင့် ယိုတုဘာသာစကားမှ ကောင်းကင်အလိုတော်မုခ်ဝဟူသော စာစုတစ်ခုကိုသာ သိရှိသည်။ ထိုစာစုအတွက်နှင့်ပင် တုထျန်းမိစ္ဆာဘုရင်၏ သတ်ဖြတ်ခြင်း ခံရတော့မလို ဖြစ်သွားသေး၏။
“သင်ချင်လို့လား၊ သင်ချင်ရင် ကျွန်တော် သင်ပေးလို့ရတယ်…” ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။
အဘွားစစ်၏ နှုတ်ဖျားမှ လီထျန်းရှင်၏အသံ ထွက်ပေါ်လာပြီး သရော်တော်တော် ရေရွတ်လိုက်၏။ “ငါက မင်းသင်ပေးစရာ လိုရဦးမှာလား… မင်းလည်း ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ၊ ငါလည်း ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ… ပြီးတော့ ငါက မင်းထက် ဝါစဉ်ပိုကြီးတယ်… မင်းဆီက ငါသင်ရမယ်ဆိုရင် ဘယ်မှာ မျက်နှာသွားထားရတော့မှာလဲ…”
ချင်မူက ပြုံးလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားက စနေဂြိုဟ်အရှင်သခင်ရဲ့ မြေအပိုင်စားကျင့်စဉ် အစစ်အမှန်ကိုမှ မသိပဲ…”
လီထျန်းရှင် ဒေါပွသွားပြီး ညှို့မြူဆွဲဆောင်နိုင်သော အမူအရာဖြင့် မျက်လုံးလှန်ကြည့်လိုက်၏။ “ငါက ဂိုဏ်းသခင်အထွတ်အမြတ်ဆရာပဲ၊ ငါမသိစရာ ဘာရှိမှာလဲ…”
ချင်မူက လီထျန်းရှင်ကို စကားပြန်မပြောတော့ဘဲ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ ထိုအကြည့်က လွန်စွာ စွမ်းအားကြီးပြီး သူ့ကို ညှို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။ ထို့နောက် ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးကျင့်စဉ်ကို အသုံးပြု၍ သူ့မျက်လုံးမှ ကောင်းကင်အလွှာများကို ဖွင့်လှစ်လိုက်သည်။ သို့သော်လည်း ကောင်းကင်မျက်လုံးဖြင့် ဧကရာဇ်ယန်ဖုန်းကို ကြည့်လိုက်သည့်တိုင် ကမ္ဘာပျက်ကြီးကဲ့သို့ ဖြစ်နေသော ကောင်းကင်ရတနာ အပျက်အစီးများကိုသာ မြင်တွေ့ရ၏။
ချင်မူ့ထံမှ ခပ်အုပ်အုပ် မာန်သွင်းသံတစ်ချက်နှင့်အတူ မျက်ခုံးနှစ်ခုအလယ်မှ တတိယမျက်လုံး ကွဲအက်ပွင့်ထွက်လာသည်။ ဤမျက်လုံးက လူ့ဘုံလောကမှ မျက်လုံးနှင့် မတူဘဲ အမှောင်ကမ္ဘာမှ ရောက်ရှိလာသကဲ့သို့ ထင်ရ၏။ မှောင်မိုက်အေးစိမ့်သော အရှိန်အဝါအငွေ့အသက်တစ်ခု စိမ့်ဖြာထွက်လာပြီး အခန်းထဲရှိ ဖယောင်းတိုင်မီးရောင်ပင် တစ်မုဟုတ်ချင်း မှိန်ဖျော့သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး အခြားကမ္ဘာလောကသို့ ရောက်ရှိသွားသည့်နှယ် ဖြစ်လာ၏။
ချင်မူ တတိယမျက်လုံးဖြင့် ကြည့်လိုက်သောအခါ ဧကရာဇ်ယန်ဖုန်း၏ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ မူလဝိညာဉ်များထိ ထွင်းဖောက်မြင်ရပြီး အဓိကပြဿနာကို တွေ့ရှိသွားသည်။
ကောင်းကင်နတ်အသွင်အဆင့်သို့ ရောက်ရှိလျှင် မူလဝိညာဉ်ကို လေ့ကျင့်ပျိုးထောင်ရ၏။ ချီစွမ်းအင်က ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များနှင့် ပေါင်းစည်းသွားပြီး မူလဝိညာဉ် ဖွဲ့တည်လာသည်။ ထိုမူလဝိညာဉ်က ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်များ၏ နောက်ကျောဘက်၌ မားမားမတ်မတ် ရပ်တည်နေသော နတ်ဘုရားများပင် ဖြစ်၏။
ဧကရာဇ်ယန်ဖုန်း၏ မူလဝိညာဉ်မှာ ကောင်းကင်တံတားပေါ်တွင် ရပ်၍ နတ်ဘုရားဘုံသို့ ခုန်ကူးတော့မည့်နှယ် ရှိနေသည်။ ကောင်းကင်ရတနာများ ပြိုကျပျက်စီးနေသည်ဖြစ်၍ သူ၏ မူလဝိညာဉ်နှင့်တကွ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များမှာ ပြင်းထန်စွာ ထိခိုက်ထား၏။ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များ ဖရိုဖရဲဖြစ်၍ မူလဝိညာဉ် အကာအကွယ်မဲ့သွားသောအခါ ယန်ဝိညာဉ်သုံးပါးနှင့် ယင်ဝိညာဉ်ခုနစ်သွယ်တို့ တစ်စုတစ်စည်းတည်း မရှိနိုင်တော့ချေ။ ထို့ပြင် ကြောက်မက်ဖွယ်ရာ စွမ်းအင်တစ်ခုကလည်း ရုပ်ခန္ဓာကို အဆက်မပြတ် ရိုက်ခတ်နေသဖြင့် ယန်ဝိညာဉ်မှာ လှုပ်ခါယိမ်းထိုးနေသည်။
သို့ဖြစ်၍ ချင်မူ့အနေဖြင့် ဧကရာဇ်ယန်ဖုန်း၏ ရုပ်ခန္ဓာကို ကယ်တင်နိုင်လျှင်ပင် ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များက ခန္ဓာကိုယ်တွင်း၌ ဆက်လက်နေနိုင်တော့မည် မဟုတ်ချေ။
လီထျန်းရှင်မှာ ဟိတ်တစ်လုံး ဟန်တစ်လုံးဖြင့် နေနေရာမှ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြီး မကျေမနပ် ရေရွတ်လိုက်၏။ “ဒီမျက်လုံးမျိုး ငါမသင်ဖူးပါဘူး… ဒါ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ရော ဟုတ်ရဲ့လား…”
ချင်မူက မျက်လုံးများမှိတ်၍ စနေဂြိုဟ်အရှင်သခင်အသွင်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားတွေးတောနေ၏။ လီထျန်းရှင် သူ၏ ဒေါသကို ချုပ်တည်းပြီး ငြိမ်သက်စွာ စောင့်ဆိုင်းလိုက်သည်။
ရုတ်တရက် ချင်မူက လက်ခုပ်တီး၍ ပြုံးလိုက်၏။ “ဒီနေရာကပဲ ကြည့်နေရင် ဘာမြင်နိုင်မှာလဲ… ဧကရာဇ်ရဲ့ ကိုယ်ထဲဝင်ပြီး အသေးစိတ်ကြည့်မှ အကုန်မြင်နိုင်မှာပေါ့… ဂိုဏ်းသခင်လီ၊ ကျွန်တော့်နောက်လိုက်ခဲ့…”
လီထျန်းရှင် အံ့ဩတုန်လှုပ်သွားပြီး သင်္ကာမကင်း မေးလိုက်သည်။ “မင်းက သူ့ကိုယ်ထဲ ဘယ်လိုဝင်မှာလဲ…”
“လွယ်ပါတယ်… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ရုပ်ခန္ဓာကို ဖျောက်ပြီး အရိပ်တစ်ခုလို ပုန်းကွယ်နိုင်တဲ့ တစ္ဆေအရိပ်ကျင့်စဉ်ဆိုတာ ရှိတယ်၊ ပြီးတော့ ခန္ဓာကိုယ်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ဆိုတဲ့ ပညာရပ်တစ်မျိုးလည်း ရှိတယ်… အဲဒီကျင့်စဉ်နှစ်မျိုးကို အတူတွဲသုံးလိုက်ရင် ကျွန်တော်တို့ခန္ဓာကိုယ်ကို သေးသေးလေးဖြစ်အောင် ကျုံ့ပြီး ရုပ်ခန္ဓာဖျောက်လိုက်လို့ရတယ်၊ အဲဒါဆို ဧကရာဖ်ယန်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲဝင်ပြီး သူ့ရဲ့ မူလဝိညာဉ်နဲ့ ကောင်းကင်ရတနာတွေကို ကြည့်လို့ရပြီပေါ့…”
ချင်မူက သူ့ဘေးမှ အမျိုးသမီးကို ငဲ့စောင်းကြည့်၍ ပြောလိုက်၏။ “အဲလိုလုပ်လို့ရမှန်း မသိဘူးလား…”
လီထျန်းရှင်က အံကြိတ်၍ ရယ်မောလိုက်သည်။ “ငါ ဘာလို့ မသိရမှာလဲ…”
ချင်မူက ထိုအမျိုးသမီး၏ လက်ကို ဆွဲခေါ်၍ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏၊ ထို့နောက် နှစ်ယောက်သား တစ္ဆေအရိပ်ကျင့်စဉ်နှင့် ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ကို တစ်ပြိုင်နက်နီးပါး အသုံးပြုပြီး ဧကရာဇ်ယန်ဖုန်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြသည်။ သူတို့၏ ခန္ဓာကိုယ်များက တစ်စထက်တစ်စ သေးငယ်ကျုံ့ဝင်၍ ကြမ်းပြင်ပေါ်မှ အရိပ်မည်းနှစ်ခုအဖြစ် ပြောင်းလဲပြီး ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်သို့ ခုန်ဝင်သွားတော့၏။
ဧကရာဇ်ယန်ဖုန်းမှာ မလှုပ်ရှားနိုင်ဘဲ အာရုံငါးပါး ပိတ်ဆို့ခံထားရသည့်တိုင် သူ့ခန္ဓာကိုယ်အနှံ့၌ အရိပ်မည်းနှစ်ခု လှုပ်ရှားသွားလာသည်ကို ခံစားသိရှိနေ၏။
ချင်မူနှင့် လီထျန်းရှင်က ဧကရာဇ်ယန်ဖုန်း၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသို့ ရောက်သောအခါ ရပ်တန့်၍ လှမ်းမျှော်ကြည့်လိုက်ကြသည်။
ဧကရာဇ်ယန်ဖုန်း၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ပျက်စီးနေပြီ ဖြစ်၏။ ဝိညာဉ်သန္ဓေသားနှင့်တကွ အောက်ခြေမှ ပလ္လင်တစ်ခုလုံး ပြိုပျက်ကျနေပြီး ကောင်းကင်ယံ၌လည်း အပေါက်ပေါင်းထောင်ချီ ဖြစ်ပေါ်နေသည်။ ကောင်းကင်ယံရှိ အက်ကွဲကြောင်းများက ထိတ်လန့်ကြောက်ရွံဖွယ်ရာ ကောင်းလှပြီး အပြင်ဘက်ရှိ ဆွတ်ဆွတ်ဖြူနေသော ဦးခေါင်းခွံကိုပင် လှမ်းမြင်နေရ၏။
သွေးများကလည်း ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်းသို့ ရေတံခွန်ကြီးတစ်ခုသဖွယ် တဝေါဝေါ စီးကျနေသည်။
ထို့အပြင် ဓားအလင်းတန်းတစ်ခုကလည်း ခေါက်တုံ့ခေါက်ပြန် လူးလာပျံသန်း၍ ဤကောင်းကင်ရတနာတစ်ခုလုံးကို အတားအဆီးမရှိ ထိုးခုတ်ဖျက်ဆီးနေ၏။
“တာအိုသခင်ရဲ့ တာအိုဓားပါလား…”
လီထျန်းရှင် အံ့အားသင့်သွားသည်။ “ဒီရသေ့အိုကြီးက တကယ့်ကို ချီးကျူးဖို့ကောင်းတာပဲ… သူ့ဓားအာရုံကို ဒီထဲရောက်အောင် ထည့်ထားနိုင်တယ်…”
“ခင်ဗျား အဲဒီဓားအာရုံကို ဖျက်ဆီးပစ်နိုင်လား…” ချင်မူက မေးလိုက်၏။
လီထျန်းရှင်က ဟက်ခနဲ ရယ်လိုက်သည်။ “ငါက ဘာလို့ မင်းကို ကူညီရမှာလဲ…”
ချင်မူက ပြုံးလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက အစစ်အမှန်ကျင့်စဉ်တွေ အတော်များများကို မြင်ရပြီးပြီလေ၊ အပြန်အလှန် မရှိသင့်ဘူးလား… ခင်ဗျားမကူညီလည်း ကိစ္စမရှိပါဘူး၊ မနက်ဖြန်ကျ အဘွားစစ်ကို အကူအညီတောင်းလို့ ရတာပဲ…”
လီထျန်းရှင်က နှာခေါင်းတစ်ချက်ရှုံ့၍ လေပေါ်သို့ ပျံတက်သွားပြီး သူ့လက်ချောင်းဆယ်ချောင်းကို ဆတ်ခနဲ ဖြန့်ကားလိုက်သည်။ တစ်မုဟုတ်ချင်းပင် ချီစွမ်းအင်ကြိုးမျှင်များ ပေါ်ထွက်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ဟင်းလင်းပြင်အနှောင်အဖွဲ့ လှောင်အိမ်တစ်ခု ဖြစ်သွား၏။ ထိုလှောင်အိမ်၏ မျက်နှာချင်းဆိုင်ထောင့်များ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး နောက်ထပ် ဟင်းလင်းပြင်အနှောင်အဖွဲ့ လှောင်အိမ်တစ်ခု အတွင်း၌ ပေါ်ထွက်လာသည်။ မကြာမီ ထိုဒုတိယလှောင်အိမ်အတွင်း၌ နောက်ထပ်လှောင်အိမ်တစ်ခု ပေါ်ထွက်လာပြီး ထိုနည်းအတိုင်း ဆင့်ကဲဆင့်ကဲ လှောင်အိမ်များ အဆုံးမရှိအောင် ဖွဲ့တည်သွား၏။
လီထျန်းရှင်က ထိုကုဗတုံးပုံလှောင်အိမ်ကို ဓားအာရုံထံသို့ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတန်းမှာ တစ်မုဟုတ်ချင်း အတွင်းသို့ စုပ်ယူခံလိုက်ရ၏။
လီထျန်းရှင်က ထိုကုဗတုံးကို ပြန်ဖမ်း၍ လက်ထဲတွင် မြှောက်လိုက်ဖမ်းလိုက် ကစားရင်း ကျေနပ်အားရသော အမူအရာဖြင့် ချင်မူ့ကို ကြည့်လိုက်သည်။
“ကုဗတုံး ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်ပါလား…” ချင်မူ တအံ့တဩ ရေရွတ်လိုက်မိ၏။ “သိပ်ကောင်းတဲ့ တီထွင်ဖန်တီးမှုပဲ…”
“ဒီကျင့်စဉ်ကို မင်းသိရင်သိလိမ့်မယ်၊ ထုတ်သုံးနိုင်မှာတော့ မဟုတ်ဘူး…” လီထျန်းရှင်က ရယ်မောလိုက်သည်။
ချင်မူက တစ်ချက်ပြုံး၍ ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်ကို အခက်အခဲမရှိ ထုတ်သုံးပြလိုက်၏။ “ကျုပ်ရဲ့ ကျင့်စဉ်စွမ်းအင်က အတော်အားနည်းလို့ တာအိုသခင်ရဲ့ ဓားအာရုံကို မချုပ်နှောင်ထားနိုင်ပေမဲ့ အတွက်အချက်ပညာ လေ့လာထားတာဆိုတော့ ဟင်းလင်းပြင်အနှောင်အဖွဲ့အစီအရင်တွေ ဘယ်လိုစီရင်ရမလဲဆိုတာ သိပါတယ်… ကျင့်စဉ်စွမ်းအင်တစ်ခုပဲ ခင်ဗျားထက် အားနည်းတာ… ကျုပ်တို့နှစ်ယောက်စလုံးက ဂိုဏ်းသခင်အထွတ်အမြတ်ဆရာတွေပဲ၊ ကျုပ်သိထားသမျှက ခင်ဗျားသိထားတာအောက် မကျပါဘူး… ပိုသာရင် သာဖို့ပဲ ရှိမယ်…”
လီထျန်းရှင်က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း ထိုနှာခေါင်းရှုံ့သံက အတော်လေး မိန်းမဆန်လှသဖြင့် မနှစ်မြို့ရမည့်အစား ချစ်စဖွယ်ကောင်းသည်ဟု ခံစားရ၏။
ချင်မူ ရင်ထဲတွင် အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်း၍ အရိပ်မည်းတစ်ခုအသွင် ပြောင်းလဲပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာမှ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာသို့ ဆက်သွားလိုက်သည်။
ထိုနေရာရှိ ပြိုပျက်ကျနေသောကောင်းကင်တွင် ဓာတ်ကြီးငါးပါးကြယ်တာရာများ၏ နေရာ၌ ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး နေရာယူထားသည်ကို တွေ့ရ၏။ လီထျန်းရှင်က သူ့လက်ချောင်းငါးချောင်းကို ဆတ်ခနဲ တောက်ထုတ်လိုက်ရာ မိစ္ဆာချီစွမ်းအင်များ ထွက် ပေါ်လာပြီး ကြာပန်းငါးပွင့်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် လေပေါ်သို့ ပျံတက်၍ ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး၏ အောက်၌ နေရာယူလိုက်၏။ မျက်စိတစ်မှိတ်အတွင်း၌ မိစ္ဆာမီးလျှံများ တရှိန်ရှိန် တောက်လောင်လာပြီး ဗုဒ္ဓဆင်းတုတော်ကြီးငါးပါး၏ စွမ်းအားများ လျော့ကျ၍ ညှိုးခြောက်ပျက်စီးကာ ပြာဖြစ်သွားသည်။ လီထျန်းရှင်က သရော်တော်တော် မေးမြန်းလိုက်၏။ “ဒါရော မင်းသိလား…”
ချင်မူက ပြန်ဖြေလိုက်သည်။ “ဒါက ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်ပဲ… ဒီမန္တာန်ကို အခုမှ စသုံးဖူးပေမဲ့ ခင်ဗျားအောက်ကျမှာ မဟုတ်ပါဘူး…”
သူ၏ ချီစွမ်းအင်က အသွင်ပြောင်းလဲသွားပြီး ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်ကို အသုံးပြုလိုက်သည်။ လက်ချောင်းတစ်ချောင်းကို တောက်ထုတ်လိုက်သည်နှင့် ကြာပန်းနီတစ်ပွင့် မျောလွင့်ထွက်ပေါ်လာ၏။
လီထျန်းရှင်က မျက်လုံးပြူးနှင့် စိုက်ကြည့်နေမိသည်။ ဤသည်က အမှန်ပင် ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန် ဖြစ်၏။ အစောက သူအသုံးပြုခဲ့သည့် မိစ္ဆာချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ကြာပန်းနီမိစ္ဆာမီးလျှံများမှာ ချင်မူ၏ ကြာပန်းနီကံကြမ္မာမီးလျှံများလောက် သန့်စင်ခြင်း မရှိပေ။ သို့သော်လည်း ကျင့်စဉ်စွမ်းအင် အကန့်အသတ်ကြောင့် ချင်မူ၏ ကြာပန်းနီမိစ္ဆာနှလုံးသားမန္တာန်မှ စွမ်းအားက များစွာ နိမ့်ကျနေသည်။
ထို့နောက် သူတို့နှစ်ယောက်သား အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာသို့ သွားလိုက်ကြ၏။ ထိုနေရာသည်လည်း အတော်လေး ပျက်စီးနေပြီး နေရာအနှံ့၌ လေများ စိမ့်ထွက်၍ ကောင်းကင်ရတနာတစ်ခုလုံး အေးစိမ့်နေသည်။ ထိုကောင်းကင်ရတနာထဲ၌ ဗုဒ္ဓများ၊ နတ်ဘုရားများပါသည့် ကောင်းကင်ဘုံတစ်ခု ရောက်ရှိ၍ အရပ်ခြောက်မျက်နှာစလုံးကို ဖျက်ဆီးတိုက်ခိုက်နေကြသည်။
လီထျန်းရှင်က မအောင့်နိုင်ဘဲ ပြောလိုက်မိ၏။ “ဒီဧကရာဇ်အတွက် မျှော်လင့်ချက် မရှိတော့ဘူး… သူ့ကောင်းကင်ရတနာတွေက တစ်ဆင့်ပြီးတစ်ဆင့် ပိုပိုဆိုးလာတာ… သူ့အသက်ကို မင်းကယ်နိုင်ရင်တောင် အသုံးမကျတဲ့လူတစ်ယောက် ဖြစ်သွားမှာပဲ… ဘာလို့ ဒီလောက် အားစိုက်နေဦးမှာလဲ…”
ဤခရီးလမ်းတစ်လျှောက်၌ လီထျန်းရှင်မှာ ချင်မူ့ကို ဂိုဏ်းသခင်အထွတ်အမြတ်ဆရာအဖြစ် အသိအမှတ်ပြုပြီး အထင်အမြင် ကောင်းမွန်လာသည်။ ချင်မူ့အနေဖြင့် အသုံးမကျသော လူတစ်ယောက် ဖြစ်လာတော့မည့် ဧကရာဇ်ယန်ဖုန်းကို ကယ်တင်ရန် မထိုက်တန်ဟု သူခံစားမိ၏။
ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “သူ့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းအတွက် ကယ်တင်မှဖြစ်မယ်…”
လီထျန်းရှင်က မေးခွန်းများ ထပ်မမေးတော့ဘဲ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာအတွင်းမှ တထာဂတ၏ ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ဖယ်ရှားပစ်လိုက်သည်။ “ငါက နတ်ဂိုဏ်းသခင် မဟုတ်တော့ပေမဲ့ အရင်က ဖြစ်ခဲ့ဖူးတာပဲ… ဂိုဏ်းအတွက် အကျိုးရှိမဲ့အရာဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်…” သူက ခပ်တိုးတိုး ပြောလိုက်၏။
ချင်မူ အံ့အားသင့်သွားပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာသို့ ရောက်လာပြီး ကောင်းကင်ယံ၌ တွဲလောင်းခိုနေသော နေနှင့်လကို မော့ကြည့်လိုက်ကြ၏။ ၎င်းတို့မှာလည်း ဖျက်ဆီးခံထားရပြီး နတ်ဓားနှစ်ချောင်း ထိုးစိုက်နေသည်။ တစ်ခါတစ်ခါတွင် ထိုနတ်ဓားနှစ်ချောင်း တုန်ခါ၍ ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်သွား၏။
ချင်မူ ဇဝေဇဝါ ဖြစ်သွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာဆိုတော့ ဒီနေရာမှာ ကြယ်ခုနစ်လုံး ရှိသင့်တာ မဟုတ်ဘူးလား…”
“ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာမှာ နေနဲ့လ အမြွှာကြယ်တာရာနှလုံး ရှိတယ်… ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ဓာတ်ကြီးငါးပါး ကြယ်တာရာတွေနဲ့ ပေါင်းလိုက်ရင် ကြယ်ခုနစ်လုံး ဖြစ်သွားတာပေါ့…” လီထျန်းရှင်က လက်ညှိုးထိုးပြလိုက်၏။ “အောက်ငုံ့ကြည့်လိုက်ရင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို တွေ့ရလိမ့်မယ်…”
ချင်မူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။ သူတို့၏ အောက်ဘက်တွင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ ရှိပြီး ဓာတ်ကြီးငါးပါး ကြယ်တာရာများနှင့် ဤနေရာရှိ နေနှင့်လ ပေါင်း၍ ကြယ်တာရာခုနစ်ခုအဖြစ် ဖွဲ့တည်နေ၏။ သို့သော်လည်း ဧကရာဇ်ယန်ဖုန်း၏ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာက ဖျက်ဆီးခံထားရသဖြင့် သူတို့ခြေထောက်အောက်တွင် ထိတ်လန့်ကြောက်ရွံ့ဖွယ် အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်နေသည်။ ကောင်းကင်ယံက တစ်ချက်တစ်ချက်တွင် ပြိုပျက်ကျပြီး အတော်လေး မတည်မငြိမ် ဖြစ်နေ၏။
“ဒီကောင်းကင်ရတနာနှစ်ခုက ဆက်နွှယ်နေတာ၊ အဲဒါကြောင့် ခုနစ်စဉ်ကြယ်အဆင့်ကို ရောက်တာနဲ့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာနဲ့ ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာကို တစ်ခုတည်းအဖြစ် မြင်ရလိမ့်မယ်… ကောင်းကင်နတ်အသွင်အဆင့် ရောက်ရင်တော့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ အပြင်ဘက်မှာ တွေ့ရမယ်၊ ဓာတ်ကြီးငါးပါး ကြယ်တာရာတွေက ကောင်းကင်မှာ ဖြန့်ကျက်နေရာယူထားပြီး နေနဲ့လက ထိပ်ဆုံးမှာ တွဲလောင်းခိုနေလိမ့်မယ်… ဒီကြယ်တာရာတွေက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ ဝင်ရိုးစွန်းတွေပဲ…”
လီထျန်းရှင်က ချင်မူ့ကို ရှင်းပြလိုက်သည်။ “သေခြင်းရှင်ခြင်းအဆင့်ကို ရောက်တဲ့အခါ မင့်ခြေထောက်အောက်မှာ အမှောင်ထုကြီး ပေါ်လာလိမ့်မယ်၊ အဲဒါက ယိုတုကို သွားတဲ့လမ်းပဲ… ကောင်းကင်တံတားအဆင့်ကို ရောက်ရင်တော့ ကောင်းကင်ဘုံတက်တဲ့ တံတားတစ်စင်း ပေါ်လာမယ်… အဲတံတားကိုတွေ့ရင် မင့်အတွက် နတ်ဘုရားတစ်ပါး ဖြစ်ဖို့ မဝေးတော့ဘူး…”
သူက ပြုံးလိုက်၏။ သို့သော်လည်း ထိုအပြုံးက ရက်စက်ကြမ်းတမ်းလှသည်။ “ဒါပေမဲ့ အဲဒီအချိန်ရောက်ရင် ကောင်းကင်ဘုံကိုသွားတဲ့ တံတားက ကျိုးပျက်နေတယ်ဆိုတာ မင်းသိသွားလိမ့်မယ်… ဟီး ဟီး… ကျိုးပျက်နေတာကွ… မင့်တစ်သက်လုံး ကျင့်ကြံခဲ့တာ၊ ကြိုးပမ်းခဲ့တာ၊ ရည်မှန်းခဲ့တာတွေ အကုန်လုံး သက်တမ်းစေ့တဲ့အခါ အလကား ဖြစ်သွားမှာပဲ… အကုန် အလကားပဲကွ၊ အကုန်လုံး အလကားပဲ…”
“ဂိုဏ်းသခင်လီ၊ စိတ်ထိန်းပါ…” ချင်မူက ဖျောင်းဖျလိုက်၏။
လီထျန်းရှင်က သူ့ကို မျက်လုံးလှန်ကြည့်၍ တအံ့တဩ မေးလိုက်သည်။ “မင်း စိတ်ပျက်မသွားဘူးလား…”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ “လူ့ဘဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားအသက်ရှင်ခဲ့ရရင် ဘာစိတ်ပျက်နေစရာ ရှိဦးမှာလဲ…”
လီထျန်းရှင်မှာ မှင်တက်မိသွားပြီး ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်၊ အဲဒါကြောင့်ပဲ တစ်လောကလုံးမှာ အလှဆုံးအမျိုးသမီး လုပ်ပြီး လူ့ဘဝရဲ့ အရသာကို ပြည့်ပြည့်ဝဝ ခံစားအသက်ရှင်တော့မယ်…”
ချင်မူ ခေါင်းကျိန်းသွား၏။ ဂိုဏ်းသခင်လီမှာ အဘွားစစ်၏ အလှကို စွဲလမ်းလွန်းသွားသည်လား၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကျင့်စဉ်အမှားများကို လေ့ကျင့်ပြီး စိတ်ဖောက်ပြန်သွားသည်လား သူမသိတော့ချေ။
ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်နတ်အသွင် ကောင်းကင်ရတနာသို့ ရောက်သောအခါ လီထျန်းရှင်ပြောသည့် ဝိညာဉ်သန္ဓေသား၊ အရပ်ခြောက်မျက်နှာ၊ ဓာတ်ကြီးငါးပါး၊ ခုနစ်စဉ်ကြယ်တို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ ဝင်ရိုးစွန်းများအဖြစ် ဖွဲ့တည်နေပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
သေခြင်းရှင်ခြင်းအဆင့်သို့ ရောက်သောအခါတွင်တော့ ခြေထောက်အောက်၌ ယိုတု၏ အမှောင်ထုကြီးကို မြင်တွေ့ရ၏။
နောက်ဆုံးတွင်တော့ ကောင်းကင်တံတား ကောင်းကင်ရတနာသို့ ရောက်ရှိလာသည်။
တံတားတစ်စင်းက ကောင်းကင်တစ်လျှောက် ဆန့်ထွက်၍ သေခြင်းရှင်ခြင်း၊ နေနှင့်လ၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတို့ကို ဖြတ်သန်းသွား၏။ ဤကောင်းကင်တံတား၏ အခြားတစ်ဖက်စွန်း၌ အလွန်တရာ တောက်ပခမ်းနားသည့် ကောင်းကင်ဘုံကြီး ရှိပြီး နတ်ဘုရားများက သူတို့အလာကို ဆီးကြိုနေသကဲ့သို့ ရှိသည်။
သို့သော်လည်း ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်တံတားက နေရာများစွာ၌ အက်ကွဲနေပြီး တစ်ခါတစ်ခါတွင် အစိတ်အပိုင်းများ ပဲ့ကျ၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအထိ ကောင်းကင်ရတနာအဆင့်ဆင့်ကို တိုးတိုက်ဖျက်ဆီးသွား၏။
လီထျန်းရှင်က လှည့်ပတ်ကြည့်ရှုလိုက်သည်။ “ဒီဧကရာဇ်က တကယ့်ကို မျှော်လင့်ချက်မဲ့နေတာပဲ… အသုံးကျမှာ မဟုတ်တော့ဘူး… သူ့အရေခွံကို ငါ့သာပေးလိုက်၊ အဲဒါဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ လက်အောက်ခံ ဖြစ်လာလိမ့်မယ်…”
ချင်မူ ခေါင်းခါယမ်းလိုက်၏။ “ခင်ဗျားက ဧကရာဇ် ဖြစ်မလာနိုင်ဘူး… သတ္တဝါတွေအားလုံးအတွက် ဒုက္ခဘေးတစ်ခုပဲ ဖြစ်လာမှာ…”
လီထျန်းရှင် ဒေါသထွက်သွားပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ “ငါ ဧကရီဘုရင်မကြီး ဖြစ်လာရင် မင်းကို နန်းတွင်းသူတစ်ယောက် ယူခွင့်ပြုမယ်လေ…”
ချင်မူ သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်၍ ရှုံ့ရှုံ့မဲ့မဲ့ ကြည့်လိုက်၏။
လီထျန်းရှင်မှာ တစ်ခဏမျှ မှင်တက်သွားပြီး ရုတ်တရက် တခစ်ခစ် ရယ်မောလိုက်သည်။
“ညှို့ချက်ပြင်းလိုက်တဲ့ ကဝေမပဲ…” ချင်မူ သူ့ကိုယ်သူ အာရုံငါးပါး ထိုးပိတ်၍ မျောပါမသွားအောင် ကာကွယ်လိုက်ရ၏။