← Chapters

ကွပ်မျက်မယ်

Vol. 19 Ch. 263

ကွပ်မျက်မယ်

Vol. 19 Ch. 263

သူတို့နှစ်ယောက်သား တထာဂတနှင့် တာအိုသခင်တို့ ချန်ထားရစ်သည့် ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များအားလုံး ရှင်းလင်းပြီးသောအခါ ချင်မူ ဧကရာဇ်ယန်ဖုန်းကို မည်သို့မည်ပုံ ကုသရမည်နည်းဟု စဉ်းစားလိုက်သည်။ အတန်ကြာ တွက်ချက်ပြီးနောက် တီးတိုးရေရွတ်လိုက်၏။ “ကောင်းကင်နတ်သိုင်းအကြွင်းအကျန်တွေ မရှိတော့ဘူးဆိုတော့ ယန်ဝိညာဉ်နဲ့ ယင်ဝိညာဉ်တွေ တည်ငြိမ်သွားပြီ… ဧကရာဇ်ရဲ့ ကောင်းကင်ရတနာတွေက ပျက်စီးပြိုကျနေပေမဲ့ စွမ်းအင်ဆေးဝါး လုံလုံလောက်လောက်ရှိရင် တစ္ဆေအရိပ်ကျင့်စဉ်နဲ့ ကောင်းကင်မုန်ညင်းစေ့ကျင့်စဉ်ကို သုံးပြီး အထဲဝင်ကုလို့ရတယ်… ဒါပေမဲ့…”

သူအနေဖြင့် ဤကဲ့သို့ ထိခိုက်ဒဏ်ရာများကို ယခင်က ကုသဖူးခြင်း မရှိပေ။ သို့ဖြစ်၍ ကုသမှု ကျိန်းသေအောင်မြင်နိုင်မည်ဟု ယုံကြည်ချက်မရှိ။

ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများက အက်ကွဲပျက်စီးရုံဆိုလျှင် ကုသ၍ ရနိုင်သေးသည်။ သို့သော်လည်း ၎င်းတို့က ပြိုပျက်ကျအောင် ဖျက်ဆီးခံထားရ၏။ ဆေးဆရာက သူ့ကို ဆေးပညာရပ်များစွာ သင်ကြားပေးခဲ့သော်လည်း ထိုထဲတွင် ဤကဲ့သို့ ဒဏ်ရာများကို ကုသပုံကုသနည်း မပါဝင်ချေ။

သို့သော်လည်း ကောင်းကင်ရတနာများကို ကုသနိုင်သော ဆေးပင်များ ရှိသကဲ့သို့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာတွင်လည်း ကောင်းကင်ရတနာများကို သန်မာအားကောင်းစေနိုင်သော ကျင့်စဉ်ပညာရပ်များ ပါရှိသည်။ ၎င်းတို့ကို အတူတကွ ပေါင်းစည်းအသုံးပြုလျှင် ပျောက်ကင်းနိုင်ချေ ရှိမည်ဟု ချင်မူ ခံစားမိ၏။

သူတို့နှစ်ယောက် ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများမှ ထွက်ခွာလာသောအခါ ကောင်းကင်ယံက နံနက်မိုးသောက်တော့မည် ဖြစ်သည်။ အဘွားစစ် နိုးထလာပြီး လီထျန်းရှင် အိပ်မောကျသွား၏။

ချင်မူက ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာကို ပြန်ရုပ်သိမ်းပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဆေးပင်တွေ သွားဝယ်ရဦးမှာမို့လို့ သုံးလေးငါးရက်လောက် ကျွန်တော် အပြင်ထွက်ဦးမယ်… ဒီအတောအတွင်း အခန်းအပြင်ကို လုံးဝ မထွက်ပါနဲ့… အရှင်မင်းကြီး စားဖို့သောက်ဖို့အတွက် တံခါးပေါက်အရောက် လာပို့ပေးပါလိမ့်မယ်… ညရောက်ပြီဆိုရင်တော့ ဘာသံကြားကြား ဂရုမစိုက်ပါနဲ့၊ တစ်ချက်လေး ကြည့်ပါဦး ပြောရင်တောင် သွားကြည့်လို့ မရဘူး…”

ဧကရာဇ်ယန်ဖုန်းက အားအင်ဖျော့တော့စွာ ပြောလိုက်သည်။ “ဝန်မင်းချင်၊ ဘယ်လိုနေရာမျိုးကို ခေါ်လာတာလဲ… ဘာလို့ အဲလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေရတာလဲ…”

ချင်မူက အလေးအနက် အမူအရာဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး၊ ဒီနေရာက ကျွန်တော့်ဘွားဘွားစစ်နဲ့ လီထျန်းရှင် နေတဲ့နေရာပါ… အရှင်မင်းကြီးသိထားဖို့က ညအချိန် အရှင်မင်းကြီးကို လာရှာမှာ လီထျန်းရှင်ဆိုတာပဲ… သူ့ကို သွားကြည့်မိတာနဲ့ အရှင်မင်းကြီး သေရလိမ့်မယ်၊ အဲဒါနဲ့တင် ပြီးမှာမဟုတ်ဘူး၊ အရှင်မင်းကြီးနဲ့အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တစ်ခုလုံး ပြိုလဲပျက်စီးသွားလိမ့်မယ်… ဒီတံခါးက ထွက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သေလူလို့သာ မှတ်ထားလိုက်တော့…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ၏ အလေးအနက်လေသံကို ကြားသောအခါ ပြုံးလိုက်သည်။ “စိတ်မပူပါနဲ့၊ သဘောပေါက်ပါတယ်၊ ငါက အဲလောက်စပ်စုတတ်တဲ့သူ မဟုတ်ပါဘူး…”

ချင်မူက တံခါးပိတ်၍ သူ့စုတ်တံကို ထုတ်ယူကာ မင်ထဲသို့ နှစ်လိုက်၏။ ထို့နောက် ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါ၍ လူခေါင်း၊ မြွေကိုယ်ရှိသော စနေဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲပြီး ချီစွမ်းအင်များကို လှုံ့ဆော်နှိုးဆွလိုက်သည်။ ပြီးသည့်အခါ စုတ်တံကို မြှောက်၍ တံခါးပေါ်တွင် မုခ်ဦးတံခါးတစ်ခုပုံ ဆွဲပြီး ယိုတုဘာသာစကားဖြင့် ကောင်းကင်အလိုတော်မုခ်ဝဟူသော စာလုံးကို ရေးသားလိုက်၏။

ထို့နောက် စနေဂြိုဟ်အရှင်သခင်အသွင်ကို ပြန်ရုပ်သိမ်း၍ ကြမ်းပြင်တွင် စာကြောင်းတစ်ကြောင်း ရေးလိုက်သည်။ “ဒါက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ စနေဂြိုဟ်အရှင်သခင် မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်နဲ့ ဖန်တီးထားတဲ့ မုခ်ဦးတံခါးပဲ… တံခါးပေါ်က စာကို ဖတ်နိုင်ရင် ဝင်လို့ရမယ်၊ မဖတ်နိုင်ရင်တော့ အပြင်မှာပဲ နေရမယ်…”

ချင်မူက စုတ်တံနှင့် မင်တုံးကို ပြန်သိမ်း၍ အဘွားစစ်ကို သတိပေးလိုက်၏။ “ဘွားဘွား၊ ဒီတံခါးကို ဘာကြောင့်ပဲဖြစ်ဖြစ် မထိပါနဲ့… ဧကရာဇ်ဆီကို အစာပို့တဲ့အခါ ဝါးလုံးရှည်နဲ့ ထိုးပြီးပို့… ဒီတံခါးကို လုံးဝ ဖြတ်မလျှောက်နဲ့…”

အဘွားစစ်က တံခါးပေါ်မှ စာလုံးများကို ကြည့်၍ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ဒီတံခါးလား…”

ချင်မူလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ မည်သည်ကိုမျှတော့ မပြောချေ။

အဘွားစစ်က သဘောပေါက်သွားသည်။ “သေချာပေါက် မဝင်ပါဘူး…”

ချင်မူက အိမ်ထဲမှ ထွက်၍ နဂါးချီလင်၏ ကျောပေါ်သို့ ခုန်တက်ကာ ဧကရာဇ်ယန်ဖုန်းရှိနေသော အခန်းဆီသို့ လည်ပြန်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်၏။ “လီထျန်းရှင်အနေနဲ့ ယိုတုဘာသာစကားကို နားလည်ရင် ကိစ္စမရှိဘူး၊ နားမလည်ဘဲ အတင်းဝင်ရင်တော့ သူ့ဝိညာဉ် ယိုတုကို ဆွဲခေါ်ခံရပြီး မြေအောက်ဘုံအရှင်သခင်ဆီ ရောက်သွားလိမ့်မယ်… အဲဒါဆို ဘွားဘွားလည်း လွတ်မြောက်သွားမှာပဲ…”

ဧကရာဇ်ယန်ဖုန်းက အတော်လေး သက်သာလာပြီး ခက်ခက်ခဲခဲ အားထုတ်၍ သွားလာနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း သူက ချင်မူ၏ စကားကို မြေဝယ်မကျ နားထောင်၍ အခန်းအတွင်းမှ လုံးဝထွက်ခွာခြင်း မပြုပေ။ နေ့လယ်စာစားချိန် ရောက်သောအခါ အဘွားစစ်က ခြင်းတောင်းတစ်တောင်းကို ဝါးလုံးရှည်ဖြင့် ထိုးချိတ်၍ အခန်းထဲသို့ ပို့ပေး၏။ ဧကရာဇ်ယန်ဖုန်းက တံခါးကို ခပ်ဟဟဖွင့်၍ ခြင်းတောင်းကို ယူသည်။ စားသောက်ပြီးစီးသောအခါ တံခါးဝ၌ ခြင်းတောင်းကို  ပြန်ချထား၏။ အပြင်သို့ ထွက်ခွာခြင်း မပြုချေ။

ဧကရာဇ်ဖြစ်ကတည်းက ဒုက္ခကြီးစွာရောက်ရသည်မှာ ဤတစ်ကြိမ် ပထမဆုံး ဖြစ်၏။

ညစာစားပြီးသောအခါ တံခါးအပြင်ဘက်မှ ချိုလွင်သာယာသော တခစ်ခစ်ရယ်မောသံတစ်သံ ရုတ်တရက် ကြားလိုက်ရသည်။ ထိုရယ်သံက သူ့ဦးနှောက်အတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်လာပြီး ဖော်မပြနိုင်လောက်အောင် နားဝင်ချိုလှ၏။ ဧကရာဇ်ယန်ဖုန်းမှာ တိမ်းမူးသာယာသွားသည်။ သူ့နန်းဆောင်ရှိ မိန်းမလှပေါင်းများစွာ၌ ဤရယ်သံကဲ့သို့ ယောက်ျားသားတစ်ယောက်၏ နှလုံးသားကို တဒိုင်းဒိုင်းခုန်သွားအောင် ဖမ်းစားနိုင်သော အသံမျိုးမရှိဟု ခံစားလိုက်မိ၏။

“ဂိုဏ်းသခင်ချင် မရှိမှတော့ ဒီသခင်မက ဧကရာဇ်ကို ဆော့ကစားရတော့မှာပေါ့… ဒီသခင်မ စိတ်ပျော်ရွှင်ရရင် အရေခွံခွာ အဝတ်လုပ်ရုံနဲ့ ကျေနပ်ပေးပြီး ရွှေမြို့တော်မှာ ဧကရီဘုရင်မကြီး သွားလုပ်ပစ်မယ်…”

ဧကရာဇ်ယန်ဖုန်းမှာ ကြားလိုက်ရသော စကားများကြောင့် ကြောက်ရွံ့ထိတ်လန့်သွားသော်လည်း အသံက အလွန်တရာ ချိုသာလှသဖြင့် ရင်ထဲတွင် ဆူပွက်လှုပ်ရှားလာသည်။ တံခါးကို ဖွင့်၍ ထိုအမျိုးသမီး၏ ရုပ်သွင်ကို ကြည့်လိုလှသော်လည်း ချင်မူ၏ သတိပေးစကားကို အမှတ်ရသဖြင့် စိတ်ထဲမှ တွေးလိုက်မိ၏။ “ဒါက ဂိုဏ်းသခင်လီထျန်းရှင် မိစ္ဆာကဝေမအသံ သုံးပြီး ငါ့ကို မျှားခေါ်ထုတ်နေတာ ဖြစ်ရမယ်… ဒီမိစ္ဆာအိုကြီးက မိန်းမတစ်ယောက် အသံကိုတောင် တုပနေတယ်၊ တကယ့်ကို အရှက်မဲ့တာပဲ…”

သူ့နားရွက်များကို ပိတ်လိုက်သော်လည်း စွဲမက်ဖွယ်ရာ အသံချိုချိုက သူ့ခေါင်းထဲမှ ထုတ်မရအောင် ဝင်ရောက်သွားပြီ ဖြစ်သည်။

“ဟွန့် အဲခွေးကောင်လေးက ဒီသခင်မကို အကဲစမ်းရဲတယ်ပေါ့၊ မိုးကောင်းကင် ဘယ်လောက်မြင့်တယ်ဆိုတာ မသိတဲ့ကောင်လေးပဲ… ဒါပေမဲ့… ဒီစာလုံးတွေကို ငါတကယ် မသိဘူး၊ ငါလည်း စနေဂြိုဟ်အရှင်သခင်ရဲ့ မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ကို လေ့ကျင့်ဖူးတာပဲ… ဘယ်လိုနည်းနဲ့မှ သူ့အောက်ကျစရာ အကြောင်းမရှိဘူး…”

…။

အပြင်ဘက်ရှိ အမျိုးသမီးမှာ တံခါးပေါ်ရှိစာလုံးများ၏ အဓိပ္ပာယ်ကို သိနားလည်အောင် ကြိုးစားပြီး မြေအပိုင်စားအစစ်အမှန်ကျင့်စဉ်ကို ထပ်ခါထပ်ခါ လေ့ကျင့်သော်လည်း တစ်စုံတစ်ရာ အောင်မြင်မှုမရချေ။ မသိလိုက်မသိဖာသာနှင့် အချိန်များစွာ ကုန်ဆုံးသွား၏။ ဧကရာဇ်ယန်ဖုန်းမှာလည်း တစ်ညလုံး စိတ်မဖြောင့်လက်မဖြောင့် ဖြစ်ပြီးနောက် မဟန်နိုင်တော့ဘဲ အိပ်မောကျသွားသည်။

နောက်တစ်နေ့ ရောက်သောအခါတွင်လည်း ယခင်နေ့ကအတိုင်း ဖြစ်၏။ ညအချိန်ရောက်သောအခါ ထိုအမျိုးသမီး ရောက်ရှိလာပြီး တံခါးပေါ်မှ စာလုံးများကို နားလည်နိုင်ရန် ကြိုးစားသည်။ ဧကရာဇ်ယန်ဖုန်းကတော့ ထိုအမျိုးသမီး၏ အသံနှင့်ပင် နှလုံးသားမိစ္ဆာ ပေါက်ဖွားလုနီးပါး ဖြစ်လာ၏။ တံခါးဖွင့်၍ အပြင်သို့ ကြည့်လှည့်ပါ ဖိတ်ခေါ်နေသော ချိုလွင်စွဲမက်ဖွယ် အသံတစ်သံကို သူ့နားထဲ၌ တစ်ချိန်လုံး ကြားယောင်နေသည်။

တတိယမြောက်ည ရောက်သောအခါ ထိုအမျိုးသမီးမှာ ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။ “ဒီဟာတွေ နားလည်းမလည်၊ ဖြေလည်းမဖြေရှင်းနိုင်မှတော့ ဘာလို့ ဆက်စဉ်းစားနေဦးမှာပဲ… အထဲကို အတင်းဝင်ပြီး ဧကရာဇ်ကို အရေခွံခွာလိုက်ရင် ဒီပုစ္ဆာကို ဖြေရှင်းစရာ မလိုတော့ဘူးပေါ့…”

ဧကရာဇ်ယန်ဖုန်းမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော်လည်း နောက်တစ်ခဏ၌ ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရ၏။ “မဟုတ်သေးဘူး၊ မဟုတ်သေးဘူး… ဂိုဏ်းသခင်ချင် ဒီကျင့်စဉ်ကို သုံးတုန်းက တတိယမျက်လုံး ပေါ်လာပြီး တစ်ခန်းလုံး မှောင်ကျသွားတာ… ကြည့်ရတာ လူ့ဘုံလောကနဲ့ မတူတော့ဘူး… ဒီတံခါးက ထူးဆန်းတယ်၊ ငါ အတင်းဝင်သွားမိလို့ တခြားကမ္ဘာကို ရောက်သွားရင် ဘယ်လိုလုပ်မလဲ… အဲခွေးကောင်လေးက သိပ်ဉာဏ်များတာ၊ တစ်ခုခု အကွက်ဆင်ခဲ့တာ ဖြစ်ရမယ်…”

ဧကရာဇ်ယန်ဖုန်းမှာ အံ့အားသင့်သွားသည်။ “ဒီအမျိုးသမီးက ဉာဏ်အတော်ကောင်းပါလား… မဟုတ်သေးဘူး၊ ဒါ ဟိုမြေခွေးအိုကြီး လီထျန်းရှင်ပဲ… ဒါပေမဲ့ ဂိုဏ်းသခင်လီက အဘိုးကြီးအို ဖြစ်နေပြီ မဟုတ်ဘူးလား… ဘာလို့ သိပ်ကို စွဲမက်စရာကောင်းတဲ့ မိန်းမသံဖြစ်အောင် တုပပြောဆိုနေရတာလဲ…”

ချောင်းကြည့်ချင်စိတ်ကို မအောင့်အီးနိုင်တော့ဘဲ သူ့စိတ်ထဲမှ တွေးလိုက်မိ၏။ ‘တစ်ချက်လေး ကြည့်ရုံနဲ့ ဘာမှ မဖြစ်လောက်ပါဘူး၊ ဟုတ်တယ်မဟုတ်လား…’

တံခါးကြားမှ ချောင်းကြည့်မည် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ နဂါးတွန်သံတစ်သံ ကြားလိုက်ရသည်။ ချင်မူက ခြေလှမ်းကြဲများနှင့် လှမ်းဝင်လာသဖြင့် ချောင်းကြည့်မည့်အတွေးကို သူ ပြန်ရုပ်သိမ်းလိုက်ရ၏။

“ဂိုဏ်းသခင်လီ အခန်းထဲ မဝင်ဘူးလား… တံခါးပေါ်က စာတွေကို မဖတ်တတ်ဘူး ထင်တယ်… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အမှားကြီးအတိုင်း ကျင့်ထားမိတယ်ဆိုတာ ဝန်ခံတော့မလား…”

“သင်ချင်လား…”

“တံခါးပေါ်က စာလုံးတွေရဲ့ အဓိပ္ပာယ်က ကောင်းကင်အလိုတော်မုခ်ဝတဲ့… ခင်ဗျားကို ကျွန်တော် သင်ပေးမယ်…”

သူက လီထျန်းရှင်ကို ထိုယိုတုစာသား သင်ပေးလိုက်သည်။ “ဂိုဏ်းသခင်လီ၊ အခု အဲဒီစာသားကို သိသွားပြီဆိုတော့ တံခါးကနေ ဝင်လို့ရပြီပေါ့…”

ဂိုဏ်းသခင်လီက ဟက်ခနဲ ရယ်လိုက်၏။ “ဒီယိုတုဘာသာစကားကို ငါ သိသွားပေမဲ့ အဲလိုသိတိုင်း တံခါးကနေ အန္တရာယ်ကင်းကင်း ဖြတ်သွားနိုင်မယ်လို့ မဆိုလိုဘူး မဟုတ်လား… ဂိုဏ်းသခင်ချင်၊ ဒီသခင်မကလည်း မအတဲ့ ဂိုဏ်းသခင်အထွတ်အမြတ်ဆရာပါ၊ လွယ်လွယ်နဲ့ လှည့်စားလို့ရမယ် မထင်နဲ့….”

ချင်မူက ခေါင်းခါယမ်း၍ တံခါးအတွင်းသို့ ဝင်သွားပြီး ချီစွမ်းအင်ကို အသုံးပြုကာ ယိုတုစာလုံးများကို ပြန်ဖျက်လိုက်သည်။ ထို့နောက် ဧကရာဖ်ယန်ဖုန်းကို ပြောလိုက်၏။ “အရှင်မင်းကြီး၊ ဆေးပင်တွေ ဝယ်ဖို့ မြို့အတော်များများ သွားခဲ့ပေမဲ့ ကပ်ဘေး၊ ဒုက္ခဘေးတွေ ကျနေတဲ့အချိန်မို့လို့ ဆေးဆိုင်တွေမှာ ဆေးပင်များများ မရှိတော့ဘူး… အဲဒါကြောင့် နည်းနည်းပဲ ဝယ်လို့ရခဲ့တယ်၊ ဘယ်လောက် ထိရောက်နိုင်မလဲဆိုတာတော့ မပြောတတ်ဘူး…”

“ဝန်မင်းချင်၊ မင်းလုပ်နိုင်သလောက်ပဲ လုပ်ပါ…” ဧကရာဇ်ယန်ဖုန်းက ပြောလိုက်သည်။ “ဒီတစ်ခေါက် အပြင်ထွက်သွားတာ ဝန်မင်းချင် ဘာသတင်းတွေများ ကြားခဲ့ရသေးလဲ…”

“အရှင်မင်းကြီးက နတ်ရွာစံသွားပါပြီ…”

ချင်မူက သူ့ကို ကြည့်၍ ခပ်အေးအေး ပြောလိုက်၏။ “ရွှေမြို့တော်က သတင်းတွေအရတော့ အရှင်မင်းကြီးက တိုင်းပြည်အရေးအတွက် အလုပ်ဝန်ပိပြီး နတ်ရွာစံသွားတာတဲ့… အိမ်ရှေ့မင်းသားက အခု အရှင်မင်းကြီးရဲ့ ဈာပနာအတွက် စီစဉ်နေပါတယ်၊ တစ်ပြည်လုံးလည်း ပူဆွေးသောကရောက်နေကြတယ်…”

ဧကရာဇ်ယန်ဖုန်းမှာ အနည်းငယ် တုန်ခါသွားပြီး ပြုံးမလို မဲ့မလို မျက်နှာဖြင့် ပြောလိုက်သည်။ “ငါက နတ်ရွာစံသွားပြီတဲ့လား… သိပ်ကောင်းတဲ့ သားပဲ၊ သိပ်ကောင်းတဲ့သား… သေနင်္ဂဗျူဟာစစ်သူကြီးနဲ့ ကျန်တဲ့သူတွေရော… အသက်ရှိကြသေးလား…”

ချင်မူက ဆေးဖော်စပ်ရန်အတွက် ဆေးပင်များကို အမျိုးအစားခွဲနေရင်းမှ ပြန်ပြောလိုက်၏။ “ပါ့ကျိုးမြို့ပြင်က တိုက်ပွဲမှာ ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက အရှင်မင်းကြီးကို ကယ်တင်ဖို့ပဲ အဓိကထားတဲ့အတွက် အရှင်မင်းကြီး လွတ်မြောက်သွားတာနဲ့ သူတို့လည်း ထွက်ခွာသွားပါတယ်… သေနင်္ဂဗျူဟာစစ်သူကြီး၊ ပထမအဆင့်အရာရှိ၊ စစ်တု၊ စစ်ခုန် အားလုံး အဖမ်းခံလိုက်ရတယ်… တာအိုသခင်နဲ့ တထာဂတက သူတို့ကို ဘာမှ မလုပ်ပါဘူး၊ အိမ်ရှေ့မင်းသားဆီပဲ အပ်လိုက်တာ၊ သူတို့က ရွှေမြို့တော်မှာ ဩဇာအာဏာကြီးမားတဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ ခေါင်းဆောင်တွေဆိုတော့ သူတို့အသက်ဘေးကို အရှင်မင်းကြီး မစိုးရိမ်ပါနဲ့… အိမ်ရှေ့မင်းသားက အဲဒီဩဇာကြီးမိသားစုတွေရဲ့ ထောက်ခံမှု လိုပါသေးတယ်…”

“သိပ်ကောင်းတဲ့သား…” ဧကရာဇ်ယန်ဖုန်း သက်ပြင်းချလိုက်သည်။

သေနင်္ဂဗျူဟာစစ်သူကြီးနှင့် ကျန်သူများ၏ ဩဇာအာဏာက ကြီးမားလှ၏။ နန်းတွင်းတပ်ဖွဲ့နှင့် လူမှုအလွှာအသီးသီးအပါအဝင် မြို့တော်၏ အင်အားတစ်ဝက်ကျော်မှာ သူတို့၏ လက်ထဲတွင် ရှိနေသည် မဟုတ်လား။ အိမ်ရှေ့မင်းသားအနေဖြင့် ထီးနန်းသိမ်းပိုက်စိုးစံလိုလျှင် သူတို့၏ ထောက်ခံမှုကို လိုအပ်သေး၏။

“အင်ပါယာက အုပ်ချုပ်စိုးစံသူ မရှိလို့ မဖြစ်တဲ့အတွက် အိမ်ရှေ့မင်းသားရဲ့ နန်းတက်ပွဲက သုံးလပိုင်း လအစလောက်မှာ ကျင်းပလိမ့်မယ်… သုံးလပိုင်း၊ ခြောက်ရက်နေ့က မင်္ဂလာနေ့ရက်ဆိုတော့ အိမ်ရှေ့မင်းသားက အဲဒီရက်မှာ နန်းသိမ်းပွဲခံယူဖို့ များတယ်… တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ အထောက်အပံ့ပါ ရထားတာဆိုတော့ ဧကရာဇ်ဖြစ်လာဖို့က သူ့အတွက် သေချာနေပြီ… တားဆီးကန့်ကွက်ရဲတဲ့သူမှန်သမျှ ဆွေခုနစ်ဆက်မျိုးခုနစ်ဆက် ကွပ်မျက်ခံရမှာပဲ…”

“ဧကရာဇ်အတိုင်ပင်ခံ ဘယ်ရောက်နေလဲ… သူသာ ရှိနေရင် ဒီလို အခြေအနေဆိုးမှာ မဟုတ်ဘူး…”

“ဧကရာဇ်အတိုင်ပင်ခံက ပျားရည်ဆမ်းခရီး ထွက်သွားပြီးကတည်းက ဘာသတင်းမှ မကြားရတော့ဘူး… ဒီတစ်ခေါက် အပြင်သွားတဲ့လမ်းမှာ အရှင်မင်းကြီးရဲ့ ခြေရာလက်ရာကို လိုက်ရှာနေတဲ့သူတွေ အတော်များများ တွေ့ခဲ့တယ်… ကြားမိသမျှတော့ အိမ်ရှေ့မင်းသားက အရှင်မင်းကြီး နတ်ရွာစံသွားရင်တောင် ရုပ်အလောင်းကို ရအောင်ရှာခဲ့ရမယ်လို့ အမိန့်ထုတ်ထားတာတဲ့…”

ချင်မူက တစ္ဆေအရိပ်ကျင့်စဉ်ကို အသုံးပြု၍ ဧကရာဇ်၏ ကောင်းကင်ရတနာများထဲသို့ ဝင်ရောက်လိုက်သည်။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာသို့ ရောက်သောအခါ စွမ်းအင်ဆေးလုံးများမှ ဆေးစွမ်းအင်ကို အသုံးပြုလိုက်၏။ သို့သော်လည်း ဆေးအာနိသင်များ စိမ့်ဝင်ကုန်ဆုံးသွားသည့်တိုင် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာက ကောင်းမွန်လာခြင်း မရှိပေ။ ဆေးအာနိသင် ထိရောက်မှုက အတော်လေး နည်းပါးနေသည်။

ချင်မူ မျက်မှောင်ကြုတ်၍ စွမ်းအင်ဆေးလုံးအချို့ ပြောင်းလဲ အသုံးပြုကြည့်၏။ သို့သော်လည်း ထိုဆေးအားလုံးက ထိရောက်ခြင်း မရှိပေ။

သူ အရိပ်မည်းတစ်ခုအဖြစ် ပြောင်း၍ ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်မှ ပြန်ထွက်လာခဲ့လိုက်သည်။ ထို့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ စဉ်းစားနေရင်းမှ ရုတ်တရက် ထပြောလိုက်၏။ “အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ ဒဏ်ရာတွေက ကုဖို့ခက်တယ်၊ ခန္ဓာကိုယ်နဲ့ ယန်ဝိညာဉ်က ဒဏ်ရာတွေကို ကျွန်တော် ကုနိုင်ပေမဲ့ ကောင်းကင်ရတနာက ဒဏ်ရာတွေကို မကုနိုင်ဘူး… ကျွန်တော့်ရဲ့ ဘိုးဘိုးဆေးဆရာဆိုရင်တော့ အရှင်မင်းကြီးကို ကုပေးနိုင်လောက်မမယ်… အရှင်မင်းကြီးအနေနဲ့ ကျွန်တော်နဲ့ မဟာမြို့ပျက်ကို လိုက်ခဲ့ချင်ပါသလား…”

ဧကရာဇ်ယန်ဖုန်း၏ ရင်ထဲတွင် မျှော်လင့်ချက်အချို့ ရှင်သန်လူးလွန့်လာသည်။ “အဲဒီဆေးဆရာဆိုတာက…”

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး အမှန်အတိုင်း ပြောလိုက်၏။ “ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ပါ…”

ဧကရာဇန်ယန်ဖုန်း၏ မျက်နှာပြင်လုံး မည်းမှောင်သွားပြီး ဒေါသတကြီး ရေရွတ်လိုက်သည်။ “ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဟုတ်လား…”

ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်က သူ၏ မယ်တော်နှင့် မရှင်းလင်းသော ဆက်ဆံရေးရှိသူ ဖြစ်၏။ ဆေးဆရာမှာ သရုပ်မှန်မပေါ်မီက ကျောက်စိမ်းမျက်နှာလုလင်ပျိုအဖြစ် နာမည်ကျော်ကြားပြီး နေရာအနှံ့အပြားတွင် ချစ်သူရည်းစားများ ထားခဲ့သည်။ နာမည်ကျော် သီလရှင်များပင် သူနှင့် မရှင်းလင်းသော ဆက်ဆံရေး ရှိ၏။

ဧကရာဇ်ယန်ဖုန်းက ဤအကြောင်းကို သိသော်လည်း ထုတ်ပြောရန် အဆင်မပြေ ဖြစ်ခဲ့ရသည်။ တစ်ခါဆိုလျှင် မယ်တော်ကြီး၏ အချစ်တော်၊ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ကို သုတ်သင်ရှင်းလင်းရန် လူများပင် လွှတ်ခဲ့ဖူး၏။ ဆေးဆရာ မဟာမြို့ပျက်၌ ပုန်းအောင်းနေရသည့် အကြောင်းရင်းတွင် ဧကရာဇ်ယန်ဖုန်း၏ အားထုတ်မှု တစ်စိတ်တစ်ပိုင်းလည်း ပါဝင်သည်။

သူ့အနေဖြင့် ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်နှင့် မည်သို့မျှ တွေ့ဆုံလိုခြင်း မရှိပေ။

“ဝန်မင်းချင်၊ မဟာမြို့ပျက်ကို မသွားတော့ဘူး… မသိတတ်တဲ့သားက မကြာခင် နန်းတက်ပြီး ဧကရာဇ်လုပ်တော့မယ်… ငါနှစ်နှစ်ရာကျော် တည်ဆောက်ခဲ့ရတဲ့ ပြုပြင်ပြောင်းလဲမှုကို တစ်ရက်တည်းနဲ့ ဖျက်ဆီးပစ်မှာ မခံနိုင်ဘူး…” ဧကရာဇ်ယန်ဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ငါတို့ ရွှေမြို့တော်ကို သွားကြမယ်…”

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး ဧကရာဇ်ကို ကြည့်လိုက်သည်။ “အရှင်မင်းကြီး ရွှေမြို့တော်ကို သွားချင်တာ သေချာရဲ့လား…”

ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်လိုက်၏။ “ရွှေမြို့တော်က နဂါးသိုက်စုဆုံတဲ့နေရာပဲ၊ အဲနေရာမှာဆိုရင် ငါ့လင်မိသားစုရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို နှစ်ဆမြန်အောင် လေ့ကျင့်နိုင်တယ်… ငါ့အနေနဲ့ နဂါးကိုးကောင်ချီရဲ့ စွမ်းအားကို သုံးပြီး ကောင်းကင်ရတနာတွေ ပြန်တည်ဆောက်ကောင်း တည်ဆောက်နိုင်လိမ့်မယ်… ဧကရာဇ်အတိုင်ပင်ခံနဲ့ငါ ရင်းခဲ့ရတဲ့ သွေးချွေးတွေကို အလဟဿ အဖြစ်မခံနိုင်ဘူး… ရွှေမြို့တော်ကိုသာ ရောက်အောင်ပြန်နိုင်ရင် မသိတတ်တဲ့သားကို ဖြုတ်ချပစ်လို့ရတယ်…”

ချင်မူက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်သည်။ “ခွင့်လွှတ်ပါ အရှင်မင်းကြီး…” သူက ဝက်ခုတ်ဓားမကို ထုတ်ယူ၍ ဧကရာဇ်၏ သရဖူနှင့် ဝတ်ရုံကို ဆွဲချွတ်လိုက်၏။

ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားသည်။ “ဝန်မင်းချင်၊ မင်းဘာလုပ်တာလဲ…”

ချင်မူက သူ့ခေါင်းကို ဖိ၍ ဝက်ခုတ်ဓားမဖြင့် ဆွဲခြစ်လိုက်၏။ တစ်ခဏကြာပြီးသောအခါ ဧကရာဇ်ယန်ဖုန်း၏ ဦးခေါင်းတစ်ခုလုံး ပြောင်တလင်းခါသွားပြီး ဆံပင်တစ်မွေးမျှ မကျန်တော့ချေ။

ထို့နောက် ချင်မူက အမွှေးတိုင်တချို့ ထုတ်ယူ၍ မီးညှိပြီး ဧကရာဇ်ယန်ဖုန်း၏ ဦးရေပြားပေါ်သို့ ထိုးစိုက်လိုက်သည်။ တဖျစ်ဖျစ်မြည်၍ ညှော်နံ့ထွက်လာပြီး အနာရွတ်များ ဖြစ်ကျန်ရစ်၏။

ချင်မူက ဧကရာဇ်ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ ပြုံးလိုက်သည်။ “သိပ်ကောင်းသွားပြီ… အခုဆို သင်္ကန်းတစ်စုံ၊ မြက်ဖိနပ်တစ်ရံနဲ့ ပုတီးတစ်ကုံးပဲလိုတော့တယ်… အရှင်မင်းကြီးရဲ့ မုတ်ဆိတ်တွေကလည်း ရိတ်ရဦးမှာပဲ…” စကားအဆုံးတွင် သူက ဧကရာဇ်ကို ထပ်ဖိချ၍ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပြောင်စင်အောင် ရိတ်ပေးလိုက်၏။

ဧကရာဇ်ယန်ဖုန်းမှာ ဒေါသခြောင်းခြောင်း ထွက်သွားသော်လည်း လက်တုံ့ပြန်နိုင်ခြင်း မရှိချေ။ အတန်ကြာပြီးနောက် သူ့တစ်ကိုယ်လုံး အေးမြလန်းဆန်းသွားသည်။ သိက္ခာတော်ရ ရဟန်းတစ်ပါးကဲ့သို့ အဝါရောင်သင်္ကန်းကို ဆင်မြန်းလိုက်သည့်အခါ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါအဟန့်အထည်မျိုး မရှိတော့ချေ။

ထို့နောက် ချင်မူက စုတ်တံတစ်ချောင်း ထုတ်ယူ၍ အရောင်စပ်ပြီး ဧကရာဇ်ယန်ဖုန်း၏ မျက်နှာကို ဆေးခြယ်လိုက်၏။ ဧကရာဇ်က ရုန်းကန်တုံ့ပြန်လိုသော်လည်း လှုပ်မရအောင် သွေးကြောများ ထိုးပိတ်ခံလိုက်ရသည်။ မခံချိမခံသာဖြင့် ရပ်၍ ချင်မူ စိတ်တိုင်းကျ လုပ်သမျှကို ခံနေရတော့၏။

ချင်မူက ဆေးခြယ်ပြီးသည်နှင့် မှန်တစ်ချပ်ယူ၍ သူ့ရှေ့ချပေးပြီး ပြုံးပြလိုက်သည်။ “အရှင်မင်းကြီး ကိုယ့်ဖာသာကိုယ် မှတ်မိပါသေးရဲ့လား…”

ဧကရာဇ်ယန်ဖုန်း မှန်ထဲသို့ ကြည့်လိုက်သောအခါ သက်လတ်ပိုင်းအရွယ် ရဟန်းတစ်ပါးကို မြင်တွေ့လိုက်ရ၏။ မျက်နှာပေါ်တွင် ဘယ်ဘက်မျက်လုံး၊ နှာခေါင်း၊ ပါးပြင်မှ ဘယ်ဘက်နားရွက်နောက်ထိ ကန့်လန့်ဖြတ် အမာရွတ်ကြီးတစ်ခု ရှိပြီး အားလပ်ချိန်တွင် သတ်သတ်လွတ်စား၊ တရားကျင့်၍ စိတ်မကြည်သာသည့်အခါ လူသတ်၊ မီးရှို့တတ်သော မိစ္ဆာရဟန်းတစ်ပါးအသွင် ပေါက်နေသည်။

ချင်မူက သူ့ဓားမနှစ်လက် ထည့်ထားသော ဓားအိမ်များကို ချွတ်၍ ဧကရာဇ်ယန်ဖုန်း၏ နောက်ကျော၌ လွယ်ပေးလိုက်၏။ ဧကရာဇ်ယန်ဖုန်းမှာ အင့်ခနဲ ညည်းညူ၍ မြေပေါ်သို့ ပုံလဲကျသွားသည်။ “ငါ့အရိုး… အရိုးတွေ ကျိုးကုန်ပြီ… မြန်မြန် ဖယ်လိုက်… အသက်… ရှူမရတော့ဘူး…”

“အိုး ဟုတ်သားပဲ… အရှင်မင်းကြီးမှာ ကျင့်စဉ်စွမ်းအင် မရှိတော့လို့ ခန္ဓာကိုယ်က အရင်လို မဟုတ်တာကို မေ့သွားတယ်…”

ချင်မူက ဝက်ခုတ်ဓားမနှစ်လက်ကို ကမန်းကတန်း ပြန်ဖြုတ်၍ ဘေးနားရှိ သစ်သားပြားတစ်ချောင်း လှမ်းယူလိုက်သည်။ ထို့နောက် သစ်သားဓားမနှစ်ချောင်း ထွင်းခုတ်၍ သတ္ထုရောင် ဆေးသုတ်လိုက်၏။ ပြီးသည့်အခါ ဓားအိမ်နှစ်ခု ပြုလုပ်၍ ဧကရာဇ်ယန်ဖုန်း၏ နောက်တွင် လွယ်ပေးလိုက်သည်။

ချင်မူက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြုံးလိုက်၏။ “အရှင်မင်းကြီး အခု ကျွန်တော်နဲ့ လိုက်လို့ရပြီ…”

ဧကရာဇ်ယန်ဖုန်းက သစ်သားဓားမနှစ်ချောင်းကို ဆွဲထုတ်၍ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ဝန်မင်းချင်၊ ငါကိုယ်တော်ကို ပြက်ရယ်ပြုရဲတယ်ပေါ့… အခုချက်ချင်း ခေါင်းဖြတ်ပစ်မယ်… လည်ဆန့်စမ်း…”

ချင်မူက လည်ပင်းကို ဆန့်ပေး၍ ပြုံးပြလိုက်၏။ “အရှင်မင်းကြီး၊ ဖြတ်လို့ရပါပြီ…”

ဧကရာဇ်ယန်ဖုန်းက ချင်မူ၏ လည်ပင်းကို နှစ်ချက်ခန့် အားကုန်ထုတ် ခုတ်ပြီးနောက် ဟောဟဲလိုက်၍ ချွေးပြိုက်ပြိုက်ကျသွားသည်။ ချင်မူက သူ့ဝက်ခုတ်ဓားကို ကမ်းပေးလိုက်၏။ “အရှင်မင်းကြီး ဓားမအစစ်ကို အသုံးပြုနိုင်ပါတယ်…”

ဧကရာဇ်ယန်ဖုန်းက ဓားမလက်ကိုင်ကို ဆုပ်ကိုင်လိုက်သော်လည်း မည်သို့မျှ ကြွတက်အောင် မနိုင်စွမ်းမရှိချေ။ သူ ဝက်ခုတ်ဓားမကို မြေပေါ်သို့ စိတ်ဆိုးမာန်ဆိုး လွှတ်ချ၍ ဒေါသတကြီး ပြောလိုက်သည်။ “မင့်ခေါင်းကိုဖြတ်ဖို့ မှတ်ထားမယ်… သွားကြစို့…”

All Chapters