ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သူရဲကောင်းနှစ်ယောက်
Vol. 19 Ch. 264
ချင်မူ အဘွားစစ်ကို နှုတ်ဆက်၍ ဧကရာဇ်ကို ခေါ်ကာ ထွက်လာခဲ့၏။ နဂါးချီလင်က သူတို့နောက်မှ လိုက်လာသည်။ လမ်းတွင် ဧကရာဇ်ယန်ဖုန်းကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ် သင်ပေးလိုက်၏။ “ဒီကျင့်စဉ်နှစ်ခုကို လမ်းလျှောက်ရင်း လေ့ကျင့်ခဲ့၊ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်ကို သန်စွမ်းလာစေနိုင်သလို ဒဏ်ရာတွေအတွက်လည်း အထောက်အကူပြုတယ်…”
ဧကရာဇ်ယန်ဖုန်းက မယုံသင်္ကာဖြင့် ဝိညာဉ်ဖန်ဆင်းကျင့်စဉ်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လေ့ကျင့်ကြည့်သည်။ သူ့အသားအရောင်က ပိုမိုကောင်းမွန်လာပြီး ပြုံးလိုက်၏။ “လမ်းလျှောက်ရင်းတောင် လေ့ကျင့်လို့ရတယ်ဆိုတော့ ဒီကျင့်စဉ်က တကယ်ကောင်းတာပဲ၊ ငါ့ခွန်အားလည်း ပြန်ပြည့်လာသလို ခံစားရတယ်…”
“ဒီအတိုင်း အရင်လေ့ကျင့်ထား၊ အရှင်မင်းကြီး နည်းနည်းလောက် ကျင့်စဉ်တိုးတက်အောင်မြင်လာရင် ဒဏ်ရာတွေ ကျက်ပြီး ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုသန်မာလာလိမ့်မယ်… အဲဒီအခါကျမှ အရှင်မင်းကြီးရဲ့ ယန်ဝိညာဉ် တည်ငြိမ်အောင် လေ့ကျင့်ဖို့ တစ္ဆေဖန်ဆင်းပညာ သင်ပေးမယ်… ယန်ဝိညာဉ်အားဖြည့်ဆေးပါ သုံးလိုက်ရင် နှစ်ဖက်ညှပ်ကုသလို ဖြစ်ပြီး ယန်ဝိညာဉ်က ဒဏ်ရာတွေ အလုံးစုံ ပျောက်ကင်းသွားနိုင်မှာပဲ…”
ချင်မူ ရုတ်တရက် အတွေးနက်သွားသည်။ ‘အခု ငါက ဧကရာဇ်ကို မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ပညာတွေ သင်ပေးနေတာဆိုတော့ သူ့အနေနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်သင့်ပြီ မဟုတ်လား… အဲဒါဆို သူ့ကို ဘာရာထူးပေးရရင် ကောင်းမလဲ…”
သူက ဧကရာဇ်ယန်ဖုန်းကို စောင်းငဲ့ကြည့်ရင်း မကောင်းသည့် အတွေးအကြံများ ကြံစည်နေ၏။ ‘ငါတို့ဂိုဏ်းမှာ ကောင်းကင်နတ်မင်းတစ်ပါး လိုသေးတာပဲ… ဧကရာဇ်သာ ဂိုဏ်းထဲဝင်ပြီး ကောင်းကင်နတ်မင်း ဖြစ်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ အပိုင်ဖြစ်သွားပြီ မဟုတ်လား…”
ဧကရာဇ်ယန်ဖုန်းက ကြိုးစားပမ်းစား လေ့ကျင့်နေပြီး သူ့ခန္ဓာကိုယ်က တစ်စထက်တစ်စ ကြံ့ခိုင်သန်စွမ်းလာသည်။ ချီစွမ်းအင်အချို့ ရရှိလာသော်လည်း သူ့ကောင်းကင်ရတနာများက ပျက်စီးနေသည့်အတွက် ရှေ့ဆက်တက်လှမ်းနိုင်ခြင်း မရှိပေ။
ချင်မူသည်လည်း အေးအေးဆေးဆေး လေ့ကျင့်လိုက်ပါလာ၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်လည်လိုက်သောအခါ အလင်းတန်းငါးခုက ကောင်းကင်ယံမှ ကျဆင်းလာသည်။ ထိုအလင်းတန်းများက သူ့ခန္ဓာကိုယ်ရှိ ဓာတ်ကြီးငါးပါးနှင့် ကောင်းကင်ယံရှိ ဓာတ်ကြီးငါးပါး ကြယ်တာရာများကို ဆက်သွယ်ကာ ကြယ်တာရာစွမ်းအားများ စုပ်ယူ၍ ကျင့်စဉ်စွမ်းအင် လေ့ကျင့်နေခြင်း ဖြစ်၏။
ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိသွားသည်။ ‘ဒီကောင်လေးက ဓာတ်ကြီးငါးပါးအဆင့်ပဲ ရှိသေးတာလား…’
ချင်မူ့ကို အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်နေပြီဟု တစ်ချိန်လုံး ထင်ခဲ့မိ၏။ ချင်မူ၏ ကျင့်စဉ်သိုင်းကွက်များက အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် တန်းတူလိုက်နိုင်ပြီး ကျင့်စဉ်စွမ်းအင်ကလည်း ထိုသူများအောက် မကျချေ။ ဓာတ်ကြီးငါးပါးအဆင့်တွင်သာ ရှိဦးမည်ဟု သူ မထင်ခဲ့မိ။
‘ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက တကယ့်ကို ထူးကဲတာပဲ…’ ဧကရာဇ်ယန်ဖုန်း စိတ်ထဲမှ ကျိတ်ချီးကျူးလိုက်မိသည်။ သို့သော်လည်း သူ မသိသည်မှာ ချင်မူ၏ ကျင့်စဉ်စွမ်းအင်က သူ ယခုလေ့ကျင့်နေသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှ အဓိက မြစ်ဖျားခံလာသည် ဆိုခြင်းပင် ဖြစ်၏။
ချင်မူ၏ ကျင့်စဉ်စွမ်းအင်က အမှန်ပင် ဓာတ်ကြီးငါးပါးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး အရပ်ခြောက်မျက်နှာအဆင့်နှင့် မဝေးတော့ချေ။ နောက်တစ်ဆင့်သို့ မတက်မီ ဓာတ်ကြီးငါးပါး ကြယ်တာရာအရှင်သခင်များ အခြေခိုင်အောင် စောင့်နေခြင်းသာ ဖြစ်သည်။
သူတို့နှစ်ယောက်သား လေးရက်တိတိ လမ်းလျှောက်ခရီးနှင်လာပြီး ညဘက်၌ ကွင်းပြင်ထဲတွင်သာ အိပ်စက်ခဲ့ရ၏။ နောက်တစ်မြို့သို့ ရာက်သောအခါ ချင်မူက မြို့ထဲသို့ ဝင်၍ ဆေးပင်များ ဝယ်ယူသည်။ ဧကရာဇ်ယန်ဖုန်းအတွက်တော့ ဤမျှဒုက္ခခံစားရသည်မှာ ဘဝတစ်လျှောက်တွင် ပထမဆုံး ဖြစ်၏။ သူ့ခြေထောက်နှစ်ဖက်စလုံး၌ ပွန်းပဲ့ရာများ၊ အရည်ကြည်ဖုများ ပြည့်နှက်နေသည်။
တည်းခိုဆောင်သို့ ရောက်သောအခါ ချင်မူက ဧကရာဇ်ယန်ဖုန်းကို သစ်သားဇလုံထဲ ဝင်ထိုင်ခိုင်း၍ တစ်ညလုံး ဆေးရည်စိမ်ထား၏။ ဧကရာဇ်ယန်ဖုန်းမှာ သစ်သားဇလုံထဲတွင်ပင် အိပ်ပျော်သွားသည်။ နောက်တစ်နေ့မနက် နိုးလာသောအခါ သူ့ခြေထောက်မှ အရည်ကြည်ဖုများအားလုံး ပျောက်ကင်းပြီး တစ်ကိုယ်လုံးပေါ့ပါးသွားသလို ခံစားရသဖြင့် တအံ့တဩ စုတ်သပ်လိုက်မိ၏။
သူတို့နှစ်ယောက်သား ခရီးဆက်၍ ချီပြည်နယ်အစပ်သို့ ရောက်ရှိလာသည်။ ထိုနေရာသို့ ရောက်သောအခါ ကောင်းကင်နတ်သိုင်းပညာရှင် များစွာက ရွာသူရွာသားများကို အော်ဟစ်မောင်းနှင်နေကြောင်း တွေ့ရ၏။
“ဒီနေရာက ငါတို့ချီတောင်ဂိုဏ်း ပိုင်တာကွ…”
ထိုကောင်းကင်နတ်သိုင်းပညာရှင်များက ချီတောင်ဂိုဏ်းသားများ ဖြစ်ဟန်ရှိပြီး လျှပ်စီးသိုင်းပညာကို လေ့ကျင့်ထားကြသည်။ သူတို့က ဝင်္ကပါအစီအရင်တစ်ခုကို ထိန်းချုပ်၍ နေရာအနှံ့ လျှပ်စီးတန်းများ ပစ်ချပြီး ရွာသူရွာသားများကို တစ်နေရာတည်းသို့ စုစည်းနေကြ၏။
“ဧကရာဇ်က စနစ်ဟောင်းကို ပြန်အသက်သွင်းဖို့ အမိန့်ပေးလိုက်ပြီ… သိုင်းဂိုဏ်းတွေရဲ့ နယ်မြေက သိုင်းဂိုဏ်းတွေနဲ့ပဲ သက်ဆိုင်တော့မယ်… ဒီနေ့ကစပြီး နန်းတွင်းကို အခွန်ဆောင်စရာ မလိုတော့ဘူး၊ ငါတို့ ချီတောင်ဂိုဏ်းကိုပဲ ဆက်ကြေးပေးရမယ်…”
ရွာသားတစ်ယောက်က ထိုစကားကို လက်မခံဘဲ ငြင်းဆန်ရန် ပြင်လိုက်သည်။ သို့သော်လည်း သူထရပ်သည်နှင့် လျှပ်စီးတန်းတစ်ခု ကျရောက်လာပြီး နေရာတွင်ပင် အသက်ပျောက်သွား၏။
ချင်မူက ရပ်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းမှာလည်း မျက်နှာတစ်ပြင်လုံး မည်းမှောင်၍ အေးစက်စက် ရေရွတ်လိုက်၏။ “ခေတ်နောက်ပြန် ဆွဲချင်နေတာပဲ…”
အခြားပြည်နယ်များသို့ ရောက်သောအခါတွင်လည်း သိုင်းဂိုဏ်းများ၏ ဩဇာအာဏာက ပြာပုံကြားမှ မီးထတောက်သကဲ့သို့ တဖြည်းဖြည်း ပြန်လည် ကြီးထွားလာနေကြောင်း တွေ့ရသည်။ သူတို့က နယ်မြေများ အပိုင်စီး၍ စည်းစိမ်ဥစ္စာများ သိမ်းယူကြ၏။ သိုင်းဂိုဏ်းအချင်းချင်းလည်း နယ်မြေလုနေကြရာ နဂိုကတည်းက မတည်ငြိမ်သော နယ်မြေများမှာ ပို၍ ဆိုးရွားလာသည်။
ဆီးနှင်းကပ်ဘေးကြောင့်ပင် အတော်လေး ထိခိုက်ဆုံးရှုံးခဲ့ရပြီ ဖြစ်၏။ ယခုအခါ သိုင်းဂိုဏ်းများ တစ်စခန်းပြန်ထ၍ နယ်မြေသိမ်းယူခြင်း၊ အရပ်သားများကို လယ်ကျွန်၊ မြေကျွန်များအဖြစ် ဖမ်းဆီးခြင်းတို့ပါ ထပ်တိုးလာရာ မီးပုံထဲသို့ ဆီလောင်းထည့်သကဲ့သို့သာ ရှိတော့သည်။
နေရာအနှံ့ ကပ်ဘေးကယ်ဆယ်ရေး ပြုလုပ်နေသော အရာထမ်း၊ အမှုထမ်းများမှာလည်း ရပ်တန့်သွားပြီ ဖြစ်၏။ ငတ်ပြတ်အေးခဲ၍ သေဆုံးသူများမှာလည်း ရေတွက်မရသည်အထိ တိုးမြင့်လာ၏။
ဧကရာဇ်ယန်ဖုန်းမှာ အသံမထွက်တော့ချေ။ သူ၏ ကောင်းကင်ရတနာများကို ပြုပြင်ကုသပြီး နဂိုကျင့်စဉ်စွမ်းအင် ပြန်လည်ရရှိနိုင်အောင် အပတ်တကုပ် ကြိုးစားလေ့ကျင့်နေသည်။
သဟဇာတပြည်နယ်သို့ ရောက်သောအခါ ချင်မူက မြို့စားစံအိမ်သို့ သွားလိုက်၏။ သဟဇာတပြည်နယ်အကြီးအကဲက သူ့ကို ထွက်၍ ကြိုဆိုသည်။ ဧကရာဇ်ယန်ဖုန်းကို တစ်ချက် ကြည့်လိုက်သော်လည်း မှတ်မိခြင်း မရှိသဖြင့် သူ့အကြည့်က ချင်မူထံ ပြန်ရောက်လာ၏။ “ဂိုဏ်းသခင်…”
“အထဲမှာ ပြောမယ်…” ချင်မူက နဂါးချီလင်ကို အနားယူခိုင်းပြီး စံအိမ်အတွင်းသို့ လှမ်းဝင်လိုက်သည်။ ထိုအခိုက်၌ ဧကရာဇ်ယန်ဖုန်း၏ ဗိုက်မှ တဂွီဂွီအသံများ ကြားရသဖြင့် သဟဇာတပြည်နယ်အကြီးအကဲကို လှမ်းပြောလိုက်၏။ “ခဝါသည်စံအိမ်သခင်၊ ဒီခေါင်းတုံး… ဒီဆရာကြီးကို ထမင်းတစ်ပန်းကန်လောက် စားဖို့ပေးလိုက်ပါဦး…”
သဟဇာတပြည်နယ်အကြီးအကဲက ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ခဝါသည်စံအိမ်သခင် ဖြစ်ပြီး သွမ့်မူကျင့်ဟု ခေါ်တွင်သည်။ သူက အစေခံတစ်ယောက်ကို ဧကရာဇ်ယန်ဖုန်းအတွက် စားစရာယူလာပေးရန် စေခိုင်းလိုက်ပြီး အပြုံးတစ်ခုနှင့် မေး၏။ “ဂိုဏ်းသခင်က ရဟန်းအိုကြီးတစ်ပါးကို ဘာလို့ ခေါ်လာရတာလဲ…”
ချင်မူက ရှင်းမပြဘဲ မေးခွန်းထုတ်လိုက်သည်။ “ရွှေမြို့တော်မှာ ဘယ်လိုအခြေအနေ ရှိလဲ…”
“သိပ်မကောင်းဘူး…” သွမ့်မူကျင့်က ပြောလိုက်၏။ “တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တာအိုရသေ့တွေ၊ ရဟန်းတွေ ရွှေမြို့တော်ကို ရောက်နေကြပြီ… တာအိုသခင်နဲ့ တထာဂတက အိမ်ရှေ့မင်းသားကို ငြိမ်းချမ်းရေးဧကရာဇ်အဖြစ် အပ်နှင်းတဲ့ အမိန့်စာလွှာတွေ ပို့ထားတယ်၊ သုံးလပိုင်း ခြောက်ရက်နေ့မှာ အိမ်ရှေ့မင်းသားက နန်းသိမ်းပွဲခံယူလိမ့်မယ်… အခုလောလောဆယ်တော့ အိမ်ရှေ့မင်းသားရဲ့ ကင်းထောက်တွေ နေရာအနှံ့ပဲ၊ ဧကရာဇ်နဲ့ ရုပ်တူတဲ့သူမှန်သမျှ လိုက်သတ်နေတာ…”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ဤသည်က သူမှန်းထားသည်နှင့် များစွာ မကွာချေ။
သွမ့်မူကျင့်က ဆက်ပြော၏။ “ပြီးတော့ အခုလက်ရှိမှာ အိမ်ရှေ့မင်းသားက တိုင်းပြည်ကို အုပ်ချုပ်နေတဲ့အတွက် အာဏာအင်အား အတော်လေး ရထားတယ်၊ တချို့ ဩဇာကြီးမိသားစုတွေလည်း ဘက်ပြောင်းသွားပြီ… ဘက်မပြောင်းတဲ့ မိသားစုတွေအိမ်မှာတော့ ဘုန်းတော်ကြီးတွေနဲ့ တာအိုရသေ့တွေ အတင်းဝင်နေနေကြတယ်… အဲဒီမိသားစုကြီးတွေလည်း သူတို့နဲ့ ထိပ်တိုက် ရင်မဆိုင်ဝံ့လို့ နေခွင့်ပြုထားကြရတာ… လက်ရှိရွှေမြို့တော်က လူစုံဖြစ်နေပြီ၊ လူကောင်း လူဆိုး မကွဲတော့ဘူး… ဧကရာဇ်ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိတော့ဘူးလို့တောင် ပြောနိုင်တယ်…”
“အိမ်ရှေ့မင်းသားက ရှေးဘိုးဘေးတွေ လက်ထက်က စနစ်ဟောင်းကို ပြန်အသက်သွင်းပြီး ဟိုအရင် သိုင်းဂိုဏ်းတွေ ပိုင်ဆိုင်ခဲ့တဲ့ နယ်မြေကို သူတို့လက်ထဲ ပြန်အပ်ဖို့ အမိန့်ထုတ်လိုက်တယ်… တခြားနယ်မြေတွေကိုပဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပိုင်အဖြစ် သတ်မှတ်မယ်တဲ့… ပြီးတော့…”
သွမ့်မူကျင့်က ချီတုံချတုံ ဖြစ်သွားပြီးမှ ပြောလိုက်သည်။ “ဝံပုလွေအသိုက်နယ်မြေက နယ်စပ်စစ်ပွဲအကြောင်း၊ ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးဖို့ သံတမန်တစ်ယောက် စေလွှတ်လိုက်တယ်… အိမ်ရှေ့မင်းသားက ဝံပုလွေအသိုက်နယ်မြေကို ပြည်နယ်ဆယ်ခြောက်ခု ပြန်ပေးအပ်ဖို့ သဘောတူလိုက်ပြီ… မန်သီလူရိုင်းနယ်မြေကလည်း နယ်မြေပြန်တောင်းဖို့ သံတမန်တစ်ယောက် စေလွှတ်ထားသေးတယ်…”
“မိဘအမွေကို ဖြုန်းဖို့က တကယ်လွယ်တာပဲ…” ချင်မူ ပြုံးလိုက်၏။ “ဒီအိမ်ရှေ့မင်းသားက ဧကရာဇ်လုပ်မယ်ဆိုပြီး အတော်ကြောက်တတ်ပါလား…”
သွမ့်မူကျင့်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ချင်မူက ဒေါသထွက်သည့် အမူအရာ မရှိဘဲ ခပ်အေးအေး ဖြစ်နေသည် မဟုတ်လား။ သူ မသိသည်မှာ ချင်မူက သူ့ကိုယ်သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားတစ်ယောက်အဖြစ် မည်သည့်အခါကမျှ ခံယူမထားခြင်း ဖြစ်၏။ အစကတည်းမှ ယခုအချိန်ထိ သူ့ကိုယ်သူ မဟာမြို့ပျက်၏ နတ်ဘုရားတို့ စွန့်ပစ်ခြင်းခံရသော စွန့်ပစ်ခံလူတစ်ယောက်အဖြစ်သာ မှတ်ယူထားသဖြင့် ဤကိစ္စကို ဒေါသထွက်စရာ အကြောင်းမရှိပေ။
‘သုံးလပိုင်း ခြောက်ရက်နေ့မှာ နန်းတက်မယ်ဆိုတော့… တကယ့်ကို နေ့ကောင်းရက်မြတ်ပဲ၊ လူသတ်ဖို့အတွက် သိပ်ကို သင့်တော်တယ်…’ ချင်မူက သွမ့်မူကျင့်ကို မေးလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ ပတ်သက်တဲ့ သတင်းရော ဘာကြားသေးလဲ…”
“သူရှိတဲ့နေရာကို သိထားပါပြီ…”
ချင်မူ စိတ်အားတက်ကြွသွားပြီး စာရွက်အချို့ ထုတ်ယူလိုက်၏။ “စံအိမ်သခင်၊ ဒီစာရွက်ပေါ်မှာ ရေးထားတဲ့ ဆေးပင်တွေ ပြင်ဆင်ပြီး ချင်ပြည်နယ်မြို့တော်ဆီ ပို့ပေးပါ…”
သွမ့်မူကျင့်က ခေါင်းညိတ်၍ ဦးညွှတ်အရိုအသေပြုလိုက်သည်။
ထို့နောက် ချင်မူ ဧကရာဇ်ယန်ဖုန်းကို ခေါ်ယူ၍ နဂါးချီလင်ထံ လျှောက်လှမ်းသွား၏။
ဧကရာဇ်ယန်ဖုန်းက ကမန်းကတန်း ပြောလိုက်သည်။ “ငါ ဗိုက်ဝအောင်တောင် မစားရသေးဘူး…”
ချင်မူက ပြုံးလိုက်၏။ “အရှင်မင်းကြီးကို ဧကရာဇ်အတိုင်ပင်ခံနဲ့ တွေ့ရအောင် ခေါ်သွားမလို့ပါ… လမ်းရောက်မှ ထပ်စားကြတာပေါ့…”
ဧကရာဇ်ယန်ဖုန်းက လက်ထဲမှ ပေါက်စီကို အလျင်အမြန်ချ၍ တည်ကြည်လေးနက်သော အမူအရာ ဖြစ်သွားသည်။ သူ ဤလူငယ်လေးနောက်မှ တိတ်တဆိတ် လိုက်လာရင်း လှမ်းမေးလိုက်၏။ “ဒီရက်ပိုင်းတွေ သူဘယ်သွားနေတာလဲ ငါမေးရမယ်…”
ချင်မူက သူ့ကို နဂါးချီလင်၏ ကျောပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူကိုယ်တိုင်လည်း နဂါးချီလင်၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်၏။
နဂါးချီလင်က မီးလျှံတိမ်တိုက်များပေါ် နင်းတက်၍ ကောင်းကင်ယံ၌ တစ်ဟုန်ထိုး ပြေးလွှားသွားသည်။ လေအေးများ တဝူးဝူး တိုက်ခိုက်နေသဖြင့် ဧကရာဇ်ယန်ဖုန်းမှာ အဆက်မပြတ် နှာချေတော့၏။ ရုတ်တရက် ချင်မူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် မီးတောက်မီးလျှံများ တရှိန်ရှိန် တောက်လောင်လာသည့်အခါမှသာ ဧကရာဇ်ယန်ဖုန်း နေသာထိုင်သာ ရှိသွားသည်။
နဂါးချီလင်က နှစ်ရက်တိုင်တိုင် ပြေးလွှားနေ၏။ ရုတ်တရက် ချင်မူက ဤဆန်းကြယ်သားရဲကြီးကို အောက်သို့ဆင်းရန် အချက်ပြလိုက်သည်။ သူတို့ရောက်ရှိလာသည့် တောင်ကြားက ရေငွေ့များ တလူလူထွက်နေ၏။ တောင်ကြားအတွင်း၌ သက်တံရောင်အလင်းတန်းများ ရှိပြီး တောင်ကြားစမ်းချောင်းက ရေငွေ့ပျံ၍ ခြောက်ခန်းနေသည်။
“နတ်ဘုရားအလင်းတန်းတွေပါလား…” ဧကရာဇ်ယန်ဖုန်း၏ မျက်နှာတွင် အလေးအနက်အမူအရာ ပေါ်ထွက်လာပြီး လေထဲသို့ နှာခေါင်းရှုံ့ပွရှုံ့ပွ ရှူ၍ ပြောလိုက်၏။ “သွေးနံ… ဒီတောင်ကြားချိုင့်ဝှမ်းထဲမှာ နတ်ဘုရားတစ်ပါးရဲ့ သွေးနံ့ရနေတယ်…”
ချင်မူက သူ့ကို ရွာတစ်ရွာဆီသို့ ခေါ်သွားသည်။ ထိုနေရာ၌ အမှန်ပင် သွေးရေကန်တစ်ကန် ရှိနေ၏။ ရေကန်ဘေးတွင်တော့ သစ်သားအိမ်လေးတစ်လုံး ရှိပြီး အိမ်၏ နောက်ကျောဘက်၌ မြစ်ငယ်ကလေး ရှိသည်။ မြစ်ရေက နတ်ဘုရားသွေး၏ အပူရှိန်ကြောင့် အနည်းငယ်နွေးနေပြီး မြစ်ကမ်းဘေးတွင် အဖြူရောင်သားမွေးအင်္ကျီကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူ၏ ဝမ်းဗိုက်က အနည်းငယ် ခပ်စူစူ ဖြစ်နေသည်။
ထိုအမျိုးသမီး၏ ခြေရင်းတွင်တော့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ကျောက်ပြားပေါ်မှ အဝတ်များကို သစ်သားတုတ်တစ်ချောင်းဖြင့် ထုရိုက်လျှော်ဖွတ်နေ၏။ သူ့နောက်တွင် လျှော်ပြီးသားအဝတ်များ ထည့်ထားသည့် ဝါးခြင်းတောင်းတစ်တောင်း ရှိသည်။
ချင်မူက နဂါးချီလင်၏ ကျောပေါ်မှ ခုန်ချလိုက်ပြီး ဧကရာဇ်ယန်ဖုန်းလည်း သူ့နောက်မှ လိုက်လာ၏။ သို့သော်လည်း သူ့ခြေထောက်များက မခိုင်သည့်အတွက် ခြေကားရားလက်ကားရား ပစ်ကျသွားသည်။
မြစ်ကမ်းဘေးမှ စုံတွဲက ဆူဆူညံညံအသံများ ကြားပြီး လှည့်ကြည့်လာ၏။ ချင်မူက မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်း၍ သူတို့ထံ လျှောက်လှမ်းသွားသည်။
“မင်းငါ့ကို ထူသွားလို့ မရဘူးလားဟ…” ဧကရာဇ်ယန်ဖုန်းက သူ့ဖာသာ ထရပ်၍ ကသောကမျော လိုက်လာ၏။
သက်လတ်ပိုင်းအရွယ် အမျိုးသားက သစ်သားတုတ်ကို ချ၍ ရေစိုလက်များကို အင်္ကျီဖြင့် သုတ်လိုက်သည်။ ထို့နောက် အမျိုးသမီးဘေးတွင် ရပ်နေရင်းမှ ချင်မူနှင့် ဖြူဖျော့ဖျော့ မျက်နှာဖြင့် လျှောက်လာသော ဧကရာဇ်ကို ပြုံးပြလိုက်၏။
“ဧကရာဇ်အတိုင်ပင်ခံ…”
ဧကရာဇ်ယန်ဖုန်း၏ ခြေလှမ်းက မြန်သည်ထက် မြန်လာပြီး အပြစ်တင်ပြောဆိုတော့မည် ပြင်စဉ် ဧကရာဇ်အတိုင်ပင်ခံ၏ ရင်ဝ၌ စွန်းထင်းနေသော သွေးစက်များကို သတိပြုမိသွားသည်။ အသားအရောင်ကလည်း ကောင်းမွန်ခြင်းမရှိ။ ဧကရာဇ်၏ ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်၍ မျက်ရည်များ စီးကျလာ၏။ “ကိုယ်တော့်ရဲ့ အတိုင်ပင်ခံ၊ ဘယ်လိုဖြစ်ပြီး ဒီအခြေအနေထိ ရောက်သွားရတာလဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ်ယန်ဖုန်းကို ဆီးကြိုဖေးမလိုက်ပြီး ဧကရာဇ်၏ ကျင့်စဉ်စွမ်းအင်အားလုံး ဆုံးရှုံးနေကြောင်း သတိပြုမိသွားသည်။ သူ့ရင်ထဲတွင်လည်း ဧကရာဇ်နှင့် ထပ်တူ ဝမ်းနည်းကြေကွဲသွား၏။ “အရှင်မင်းကြီးလည်း ဘာလို့ ဒီလို ဖြစ်နေရတာလဲ…”
အမျိုးသမီးက ကမန်းကတန်း ပြောလိုက်သည်။ “သခင်ကြီးလည်း ဒဏ်ရာရထားတာ၊ စိတ်အခြေအနေ မဖောက်ပြားစေနဲ့…”
ချင်မူ မှင်တက်မိသွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအားအကြီးဆုံးဟူသည့် ပညာရှင်နှစ်ယောက်စလုံး ယခုတော့ ဒဏ်ရာပြင်းထန်စွာ ရထားသည်တဲ့လား။
“ဧကရာဇ်အတိုင်ပင်ခံကတော်ကို ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဂါရဝပြုနှုတ်ဆက်ပါတယ်…” ချင်မူ အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံကတော်က ဧကရာဇ်၏ ခေါင်းတုံးပြောင်ပြောင်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွား၏။ ထို့နောက် ကမန်းကတန်း ပြောလိုက်သည်။ “အဲမှာ ရပ်မနေကြနဲ့လေ၊ အိမ်ထဲ ဝင်ထိုင်ကြ…”
“ကျောက်စိမ်းမြို့တော်ငယ်ကအပြန် ဆီးနှင်းကပ်ဘေးရဲ့ ဇာစ်မြစ်ကို စုံစမ်းရင်း ဗူးသီးခြောက်တစ်လုံး ကိုင်ထားတဲ့ နတ်ဘုရားတစ်ပါးနဲ့ ဆုံတွေ့ခဲ့ရတာပါ…” သစ်သားအိမ်လေးအတွင်းသို့ ရောက်သောအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မည်သို့မျှ မဖြစ်လေသည့်ဟန်ဖြင့် ခပ်အေးအေး ပြောပြ၏။ “ဒီသဘာဝကပ်ဘေးက သူ့ဗူးသီးခြောက်ကနေ ထုတ်လွှတ်လိုက်တာ… ကျွန်တော်မျိုးနဲ့ တိုက်တဲ့တိုက်ပွဲမှာ အဲဒီနတ်ဘုရား ဒဏ်ရာရသွားပေမဲ့ ကျွန်တော့်ဒဏ်ရာတွေက သူ့ထက် ပိုပြင်းထန်တယ်… ဇနီးသည်ကလည်း ကိုယ်ဝန်ရှိသွားတာဆိုတော့ ဒီနေရာမှာ အချိန်တစ်ခုထိ နေဖို့ ဆုံးဖြတ်လိုက်ကြတာ…”
သူက ခပ်ရိုးရိုးသာ ပြောလိုက်သော်လည်း ထိုတိုက်ပွဲက မည်မျှ ပြင်းထန်မည်ဖြစ်ကြောင်း မှန်းဆကြည့်နိုင်သည်။
ဧကရာဇ်ယန်ဖုန်းက သူ့ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုရင်း ချင်မူ့ကို အကြည့်ဖြင့် လှမ်းမေးလိုက်၏။
ချင်မူက ဧကရာဇ်အတိုင်ပင်ခံကို စစ်ဆေးစမ်းသပ်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ “နတ်ဘုရားတစ်ပါးကြောင့်ရတဲ့ ဒဏ်ရာတွေမှာ နတ်ဘုရားတစ်ပါးရဲ့ စိတ်အာရုံ ကိန်းအောင်းနေတယ်… ဒီဒဏ်ရာတွေရဲ့ ရင်းမြစ်ကို ကျွန်တော် မကုသနိုင်ဘူး… အမြစ်ပြတ်အောင် ကုချင်ရင်တော့ ရွာပြန်ပြီး ဘိုးဘိုးဆေးဆရာကို အကူအညီတောင်းမှ ရမယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ဒီပြဿနာရဲ့ အရင်းအမြစ်ကို မင်း မကုသနိုင်ဘူးဆိုတာ ငါသိပါတယ်၊ အဲဒါကြောင့် လာမရှာတာပဲ… အခုရထားတဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်လို့ ရွှေမြို့တော်ကိုလည်း မပြန်တာ၊ ပြန်တာနဲ့ သေချာပေါက် သေမှာပဲ၊ ငါဒဏ်ရာရထားတယ်ဆိုတာ တခြားသူတွေကို ပေးသိလို့ မဖြစ်ဘူး… ဒါပေမဲ့ အရှင်မင်းကြီးလည်း ဒီလို ဖြစ်သွားလိမ့်မယ်တော့ မထင်လိုက်မိဘူး…”
သက်လတ်ပိုင်းအရွယ် ယောက်ျားကြီးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တဟားဟား ရယ်မောလိုက်မိကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ရယ်မောရင်းနှင့် ချောင်းတဟွတ်ဟွတ် မနားတမ်း ဆိုးတော့၏။
ဧကရာဇ်ယန်ဖုန်းက အပြင်ဘက်သို့ ကြည့်၍ မေးလိုက်သည်။ “အပြင်ဘက်က သွေးကန်က…”
“အဲဒီနတ်ဘုရားဆီက ကျန်ခဲ့တာ… အတော်စွမ်းအားကြီးတဲ့ နတ်ဘုရားပဲ၊ အပေါ်ယံဒဏ်ရာ နည်းနည်းလေး ရသွားတာ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ရင်ဘတ်မှ ဒဏ်ရာများက ပွင့်ထွက်သွားသဖြင့် ချင်မူ နဂါးသွားရည်များ လိမ်းပေးလိုက်ရ၏။ သို့သော်လည်း အနာကျက်စအပြုတွင် ထိုနတ်ဘုရား ချန်ထားရစ်သော ကောင်းကင်နတ်သိုင်း အကြွင်းအကျန်ကြောင့် တဖန်ထပ်၍ ပွင့်ထွက်သွားပြန်သည်။
ဤသို့သော ဒဏ်ရာမျိုးက ဆေးသက်သက်ဖြင့် ကုသ၍ မရတော့။ သေရွာမှ ပြန်ခေါ်နိုင်သော စွမ်းအင်ဆေးလုံးများပင် နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ချေ။
ချင်မူ တစ်ခဏမျှ စဉ်းစား၍ ရွှေအ သူ့ကို လက်ဆောင်ပေးလိုက်သော ဓားစက်လုံးကို ထုတ်ယူလိုက်သည်။ အသာအယာ တစ်ချက် လှုပ်ခါလိုက်သည်နှင့် ပြိုးပြိုးပြက်ပြက် ဓားရောင်များ ပေါ်ထွက်လာ၏။ ချင်မူက ထိုဓားရောင်များကို စုစည်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာပတ်ပတ်လည်တွင် ထိုးစိုက်လိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ခပ်အုပ်အုပ် အော်ဟစ်လိုက်မိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့ကတော့ တုန်လှုပ်ခြင်းအလျဉ်း မရှိချေ။
ချင်မူက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်၌ သိပ်သည်းသော ချီစွမ်းအင်များက တိမ်တိုက်တစ်ခုကဲ့သို့ ဝဲလည်လှည့်လာ၏။ ထို့နောက် ဓားစက်လုံးကို အသာအယာ တို့ထိလိုက်ရာ ရွှီးခနဲ အသံတစ်သံနှင့်အတူ ဓားစက်လုံးထံမှ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အိမ်နံရံကို ထွင်းဖောက်၍ သွေးရေကန်ထဲသို့ ကျရောက်သွားသည်။
ဘုန်း…။
သွေးရေကန်က ပြင်းစွာ လှုပ်ခါ၍ ဘုန်းခနဲ ပေါက်ကွဲထွက်သွား၏။ သုံးကြိမ်သုံးခါတိတိ ပေါက်ကွဲအပြီးတွင်တော့ ဓားစက်လုံးမှ ဓားအလင်းတန်းက တုန်ခါမှုအရှိန်ဖြင့် ပြိုကွဲပျက်စီးပြီး သေးငယ်သွားသည်။
“နတ်ဆေးသမားတော်လေးကတော့ တကယ့်ကို ပါရမီရှင်ပါပဲ…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လေးစားချီးကျူးစွာ သက်ပြင်းချလိုက်၏။ “နတ်ဘုရားသွေးရဲ့ စွမ်းအားနဲ့ နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်ကို တန်ပြန်ချေမှုန်းဖို့ကို တော်ရုံ စဉ်းစားမိမှာ မဟုတ်ဘူး…”
ချင်မူက နဂါးသွားရည်များ ထပ်လိမ်းပေးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ဒဏ်ရာက ပြန်ပွင့်ထွက်ခြင်း မရှိတော့။ “တခြားကောင်းကင်နတ်သိုင်းတွေကိုတော့ ကျွန်တော့်အစွမ်းနဲ့ အပြင်ထုတ်မပေးနိုင်ဘူး… အရှင်မင်းကြီး၊ ဧကရာဇ်အတိုင်ပင်ခံ၊ အခုလောလောဆယ်အတွက် ရွေးစရာလမ်းနှစ်ခု ရှိတယ်… ပထမလမ်းက မဟာမြို့ပျက် ခေါ်သွားပြီး ဒဏ်ရာတွေ ကုပေးမယ်… ဒုတိယလမ်းကတော့ ရွှေမြို့တော်ကို သွားဖို့ပဲ… ကြိုက်ရာလမ်း ရွေးနိုင်တယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဧကရာဇ်ယန်ဖုန်းကို ကြည့်လိုက်၏။ သူတို့နှစ်ယောက်က တစ်ယောက်အတွေး တစ်ယောက်သိသည့်အလား တစ်ပြိုင်နက် ပြောလိုက်သည်။ “မြို့တော်ကို သွားမယ်…”
ချင်မူက သူ၏ ဝက်ခုတ်ဓားမကို ဆွဲထုတ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဦးခေါင်းကို စားပွဲပေါ် ဖိချလိုက်၏။ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးမှာ အလန့်တကြား အော်ဟစ်လိုက်မိသည်။ “ဂိုဏ်းသခင်ချင်၊ ဘာလုပ်တာလဲ…”
ဧကရာဇ်ယန်ဖုန်းက သူ့ဦးပြည်းပြောင်ပြောင်ကို ပွတ်၍ ပြောလိုက်သည်။ “အတိုင်ပင်ခံကတော်၊ ကျုပ်ကို ကြည့်ရင် သိပါလိမ့်မယ်…”
ချင်မူ၏ လက်များက ပေါ့ပါးသွက်လက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဦးခေါင်းကို မျက်စိတစ်မှိတ်အတွင်း ခေါင်းတုံးဖြစ်အောင် ရိတ်ပစ်၏။ ထို့နောက် အမွှေးတိုင်တချို့ ထုတ်ယူ၍ မီးညှိပြီး ခေါင်းပေါ်တွင် အမာရွတ်များဖြစ်အောင် လုပ်လိုက်သည်။ ပြီးသည့်အခါ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုကို လုပ်ရသကဲ့သို့ ထောင်ထျယ်အိတ်ထဲမှ အဝါရောင်သင်္ကန်းတစ်စုံ ထုတ်ယူလိုက်၏။ သူက တစ်ချက်ပြုံး၍ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံအတွက် အပိုတစ်စုံ အသင့်ဆောင်ထားတာ အတော်ပဲ… ခဏလေးစောင့်၊ မျက်နှာတစ်ခြမ်းမှာ အစိမ်းရောင်အမှတ်တစ်ခု ဆွဲပေးဦးမယ်…”
ဧကရာဇ်အတိုင်ပင်ခံကို ပြင်ဆင်ပေးပြီးသောအခါ အတိုင်ပင်ခံကတော်ဘက်သို့ လှည့်လိုက်၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ကမန်းကတန်း ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါ့ဇနီးက ကိုယ်ဝန်ရှိနေတာဆိုတော့ ဒီလိုအေးခဲနေတဲ့ ရာသီဥတုမှာ ဆံပင်မရှိရင်…”
“အဲဒါဆို သူက တာအိုရသေ့မ လုပ်ပေါ့..” ချင်မူက တာအိုရသေ့ဝတ်စုံတစ်စုံ ထုတ်ယူ၍ အတိုင်ပင်ခံ၏ ဇနီးထံ ကမ်းပေးလိုက်သည်။ ထို့နောက် ရုတ်ခြည်းဆိုသလို မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ အားလုံးကို ပြုံးပြလိုက်၏။ “ဒါနဲ့ ခင်ဗျားတို့သုံးယောက် ကျွန်တော့်ဂိုဏ်းကိုများ ဝင်ချင်ကြလား… ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်ရင် စားဖို့အတွက် မပူရဘူး၊ ဘာပညာမှ မတတ်ရင် အသက်မွေးဝမ်းကြောင်းဖို့အတွက် လက်မှုပညာ သင်ပေးမယ်… ဂိုဏ်းထဲသာ ဝင်လိုက်၊ ငတ်မသေဖို့တော့ အာမခံတယ်…”