စတုတ္ထမြောက် ကောင်းကင်နတ်မင်း
Vol. 19 Ch. 265
ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ ဤမိစ္ဆာဂိုဏ်းသခင်က အမှန်ပင် ရဲတင်းလှပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဟူ၍ ထိန်းထိန်းသိမ်းသိမ်း မရှိ။ ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံကိုပင် သူ၏ ကောင်းကင်နတ်ဆိုးဂိုဏ်းအတွင်းသို့ ဆွဲသွင်းချင်နေသေး၏။
“ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေ မသက်သာရင် ထီးနန်းကို ပြန်လုနိုင်မှာ မဟုတ်ဘူး… ကျွန်တော်တို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက လက်မှုပညာသင်ထားရင် အနည်းဆုံးတော့ မိသားစုစားဝတ်နေ ပြေလည်နိုင်ပါတယ်…” ချင်မူက သွေးဆောင်လိုက်သည်။ “ပြီးတော့ အခုချိန် ဂိုဏ်းထဲဝင်ရင် ကောင်းကင်နတ်မင်းလို၊ ဂိုဏ်းထိန်းအကြီးအကဲလို ရာထူးမြင့်မြင့် ပေးနိုင်သေးတယ်… လုံးဝဒုက္ခတဖြစ်ပြီး ကယ်မရကုမရဖြစ်မှဆိုရင် အလွန်ဆုံး စံအိမ်သခင်၊ လက်ထောက်စံအိမ်သခင်လောက်ပဲ ပေးနိုင်တော့မယ်… သခင်မ၊ ကျွန်တော့်ကို ကူပြောပေးပါဦး…”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးရုံသာ ပြုံး၍ မည်သည်ကိုမျှ မပြောချေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မတုန်မလှုပ် ပြောလိုက်၏။ “ငါ ဂိုဏ်းထဲဝင်ရရင် ဂိုဏ်းသခင် လုပ်ရမှ ကျေနပ်နိုင်မယ်…”
ဧကရာဇ်ယန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ “ငါရောပဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “အရှင်မင်းကြီး ဂိုဏ်းသခင်လုပ်ရင် ကျွန်တော်မျိုးက လက်ထောက်လုပ်မယ်…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ “ဧကရာဇ်က ဂိုဏ်းသခင် လုပ်ချင်တာလား…”
ဧကရာဇ်ယန်ဖုန်းမှာ အကြီးအကျယ် အံ့အားသင့်သွား၏။ ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် နေရာကို လက်လွတ်ဆုံးရှုံးခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိချေ။ ဧကရာဇ်သာ ကောင်ကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်ဖြစ်လာလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက သူ့ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အပိုင်ဖြစ်သွားမည် မဟုတ်လား။
ဤကိစ္စက အမှန်ပင် ဆုပ်လည်းစူး၊ စားလည်းရူးပင် ဖြစ်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာလည်း ခေါင်းခဲသွားပြီး ဧကရာဇ်ယန်ဖုန်းကို တိတ်တခိုး လှမ်းကြည့်၍ လက်မခံရန် အချက်ပြလိုက်၏။
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ရယ်ရယ်မောမော ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဂိုဏ်းထဲဝင်ဖို့ သူတို့ စိတ်မပါပေမဲ့ ကျွန်မ စိတ်ပါပါတယ်… ဂိုဏ်းသခင်အနေနဲ့ ကျွန်မကို ဘယ်လိုရာထူးမျိုး ပေးနိုင်မလဲ မသိဘူး…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ဤအမျိုးသမီး၏ လိမ္မာပါးနပ်မှုကို အသံတိတ် ချီးကျူးလိုက်မိ၏။ သူက ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်တို့ ကိုးရိုးကားရား မဖြစ်ရလေအောင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ခြင်း ဖြစ်သည်။
“သခင်မ ဂိုဏ်းထဲဝင်ချင်တယ်ဆိုရင် ကျွန်တော့်အနေနဲ့ လွယ်လွယ်ကူကူအလုပ် ပေးနိုင်ပါတယ်…” ချင်မူက ပြုံးလိုက်၏။ “သခင်မ ချည်ထိုးပန်းထိုး တတ်တယ်မဟုတ်လား… ချည်ထိုးပန်းထိုးစံအိမ်ရဲ့ စံအိမ်သခင်ရာထူးဆိုရင် အဆင်ပြေနိုင်မလား…”
“အဆင်ပြေပါတယ်…” ထို့နောက် အမျိုးသမီးငယ်က ဧကရာဇ်အတိုင်ပင်ခံကို အခြားတစ်ဖက်သို့ ဆွဲခေါ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “သခင်ကြီး၊ ဘာလို့ ဂိုဏ်းသခင်ချင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်နေမှာလဲ… ဒီတစ်ခေါက် ရွှေမြို့တော်ကို အရှင်မင်းကြီးနဲ့ ပြန်သွားရင် အနိုင်ရနိုင်ခြေ ဘယ်လောက်ရှိမယ် ထင်လို့လဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ တိတ်ကျသွား၏။ “တစ်ပြည်လုံးမှာရှိတဲ့ လူတွေအကုန်လုံးက ပြုပြင်ပြောင်းလဲမှုကို ထောက်ခံကြတယ်၊ နန်းတွင်းက အရပ်ဘက်၊ စစ်ဘက်အရာရှိတွေရဲ့ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အရှင်မင်းကြီးနဲ့ မောင်ကြီးရဲ့ လူတွေ… မောင်ကြီးတို့ ရွှေမြို့တော်ကို ပြန်ရောက်တာနဲ့ ပုန်ကန်သူတွေကို သုတ်သင်ပြီး ထီးနန်းကို သေချာပေါက် ပြန်သိမ်းပိုက်နိုင်မှာပါ…”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးလိုက်သည်။ “တကယ်ပဲ အဲဒီလို ထင်လို့လား… မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက သခင်ကြီးတို့ကို မတားဆီးတော့ဘူးတဲ့လား… သခင်ကြီးချည်းဆို တထာဂတနဲ့ တာအိုသခင်ကို ခုခံကာကွယ်နိုင်ပေမဲ့ အရှင်မင်းကြီးက ခုခံကာကွယ်နိုင်ပါ့မလား…”
ချင်မူက အသာအယာ ခေါင်းညိတ်၍ ပြုံးလိုက်၏။ “နယ်စားဘုရင်ခံတွေ၊ နယ်စားမင်းတွေ၊ ဝန်မင်းတွေအားလုံးရဲ့ အိမ်မှာ တာအိုရသေ့တွေ၊ ဘုန်းတော်ကြီးတွေ ဝင်နေပြီး တရားစာတွေ၊ တာအိုကျမ်းစာတွေ ရွတ်ဖတ်နေကြတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ငြိမ်ကျသွားသည်။ သူ့ဇနီးက ချင်မူ့ကို အဝေးသို့ တွန်းထုတ်ပြီး လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏။ “တခြား အထွတ်အမြတ်နယ်မြေကြီးနှစ်ခုက သခင်ကြီးတို့လူတွေကို စောင့်ကြည့်နေတယ်၊ သခင်ကြီးတို့ရဲ့ လူရင်းတွေလည်း ထောင်ချတာ၊ နေအိမ်အကျယ်ချုပ်ထားတာ ခံနေရမှာပဲ… အခုချိန်မှာ သခင်ကြီးတို့အနေနဲ့ ဂိုဏ်းသခင်ချင်ဆီက အင်အားကို ယူဖို့ပဲ ရှိတော့တယ်… သူများဆီက အင်အားကို အငှားယူရပြီဆိုရင် သူများကို စိတ်အေးအောင် ထားဖို့လိုမယ်လေ…”
ချင်မူက အနားတိုးကပ်လာပြီး တစ်ခုခုပြောတော့မည် ပြင်သဖြင့် ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက သူ့ကို အဝေးသို့ ထပ်တွန်းထုတ်လိုက်ရပြန်သည်။
ဧကရာဇ်အတိုင်ပင်ခံက အတန်ကြာအောင် စဉ်းစားနေပြီးမှ ချင်မူ့ထံ လျှောက်လှမ်းသွား၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ကောင်းကင်နတ်မင်းနေရာ လွတ်နေတာလား…”
ချင်မူက ခေါင်းညိတ်လိုက်သည်။ “စတုတ္ထကောင်းကင်နတ်မင်းနေရာပဲ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်၏။ “ငါ့ကို အဲဒီကောင်းကင်နတ်မင်းနေရာပဲ ထားလိုက်၊ ဒါပေမဲ့ အရှင်မင်းကြီးကိုတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ မပတ်သက်ခိုင်းရဘူး… အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဂိုဏ်းသခင်ချင်ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်လိုက်ပါတော့မယ်…”
ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိသွားသော်လည်း တစ်ခဏကြာသည့်အခါ ခပ်လေးလေး ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံကို ဒီလိုမျိုး ဒုက္ခခံခိုင်းရတာ စိတ်မကောင်းဖြစ်မိပါတယ်…”
ချင်မူက ဧကရာဇ်ယန်ဖုန်းကို ပြုံးပြလိုက်၏။ “အရှင်မင်းကြီးက ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို အထင်လွဲနေတဲ့ပုံပဲ… ကျွန်တော်တို့က အကိုးကွယ်ခံဂိုဏ်းတစ်ခု မဟုတ်ဘူး… ကျွန်တော်တို့ရဲ့ အယူဝါဒက သာမန်လူတွေအတွက် နိစ္စဓူဝအသုံးဝင်နိုင်ရေး၊ ကျွန်တော်တို့ အကောင်အထည်ဖော်နေတာက သူတော်စင်တန်ခိုးရှင်လမ်းစဉ်… အရှင်မင်းကြီးနဲ့ ဧကရာဇ်အတိုင်ပင်ခံတို့ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ တူညီတဲ့ စံသတ်မှတ်ချက်တွေ ရှိတယ်…”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ပြုံးလိုက်၏။ “ဂိုဏ်းသခင်၊ ကျွန်မတို့ ခရီးဆက်သင့်ပြီ၊ အရှင်မင်းကြီးက ကျွန်မတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ဝင်ဖို့မဖြစ်နိုင်တော့ သူ့ကို ဂိုဏ်းရဲ့ အယူဝါဒတွေ ပြောပြနေလည်း မထူးဘူး ထင်တယ်…”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက နဂါးချီလင်၏ ကျောပေါ်သို့ တက်ထိုင်ပြီး ချင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၊ ဧကရာဇ်တို့က အောက်မှ လမ်းလျှောက်လိုက်လာသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်တို့က ချီစွမ်းအင်အချို့ ပြန်ရအောင် ချင်မူ သင်ကြားပေးသည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လေ့ကျင့်နေကြ၏။
ဤနှစ်ယောက်က သိက္ခာတော်ရ ရဟန်းနှစ်ပါးကဲ့သို့ ရှိနေသည်။ သူတို့၏ ခြေလှမ်းများက မြန်ဆန်ခြင်း မရှိဘဲ အားစိုက်လျှောက်လှမ်းနေရသဖြင့် သုံးရက်နီးပါး ခရီးနှင်ပြီးမှ ချင်ပြည်နယ်သို့ ရောက်ရှိ၏။
ချင်ပြည်နယ်ရှိ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဆေးပင်များ ပြင်ဆင်ထားသဖြင့် ဧကရာဇ်ယန်ဖုန်း၏ ယန်ဝိညာဉ်မှ ဒဏ်ရာများကို ချင်မူ ကုသနိုင်ပြီ ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ပြင်ပဒဏ်ရာများအားလုံးလည်း ပျောက်ကင်းသွားပြီ ဖြစ်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကတော့ ချင်မူ ဖယ်ရှားနိုင်သောအရာ မဟုတ်ပေ။
နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များက အလွန်တရာ စွမ်းအားကြီးမားလှ၏။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသာ ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို သူ့ဖာသာ ချေဖျက်နိုင်လျှင် ချင်မူ့အတွက် ကုသရန် အခက်အခဲရှိတော့မည် မဟုတ်ချေ။ လက်ရှိအခြေအနေတွင်တော့ ဧကရာဇ်အတိုင်ပင်ခံက သူ၏ ချီစွမ်းအင်ကို စုစည်းအသုံးပြုနိုင်ခြင်း မရှိသေးပေ။ ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များက သူ့ခန္ဓာကိုယ်နှင့် ကောင်းကင်ရတနာများ အတွင်း၌ ခိုအောင်းနေသည် ဖြစ်၍ ကိုယ်ပိုင်ချီစွမ်းအင်ကို အသုံးပြုနိုင်မှသာ ဖိနှိမ်နိုင်ပေလိမ့်မည်။ အလွဲအချော် တစ်ခုခု ဖြစ်သည်နှင့် ထိုကောင်းကင်နတ်သိုင်း စွမ်းအားများ ပေါက်ကွဲထွက်သွားနိုင်၏။
‘ဧကရာဇ်ရော၊ ဧကရာဇ်အတိုင်ပင်ခံပါ တိုက်ခိုက်လို့ မရသေးဘူး…’ ချင်မူ စိတ်ထဲမှ တွေးရင်း သက်ပြင်းလေးလေး ချလိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စွမ်းအားအကြီးဆုံး ပညာရှင်နှစ်ယောက်မှာ သူ၏ ကာကွယ်ကုသမှု လိုအပ်သော လူမမာနှစ်ယောက် ဖြစ်နေချေပြီ။
သူကိုယ်တိုင်လည်း မနားမနေ လေ့ကျင့်နေပြီး လမ်းလျှောက်သည်နှင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အလိုအလျောက် လေ့ကျင့်၍ ကြယ်တာရာစွမ်းအားများကို စုပ်ယူ၏။
ထို့ပြင် ရွာလူကြီး သင်ပေးထားသော ဓားသိုင်းနှစ်ကွက်ကိုလည်း ဟာကွက်မရှိအောင် ပြုပြင်ရန် ထပ်ခါထပ်ခါ လေ့ကျင့်သေးသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ဓားပန်းချီမှ ဓားသိုင်းနှစ်ကွက်ကို မြင်သောအခါ တအံ့တဩ ဖြစ်သွားပြီး နှစ်ခါပြန် ကြည့်မိ၏။ “ဂိုဏ်းသခင်၊ ဒီဓားကွက်က ဘယ်သူ သင်ပေးတာလဲ…”
“ကျွန်တော့်ရွာက ရွာလူကြီး၊ အကြီးဆုံးဘိုးဘိုးပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်က ကျွန်တော်ဖန်တီးထားတဲ့ အခြေခံဓားချက်သုံးမျိုးကို အဲဒီဓားသိုင်း ကွက်တွေထဲ ထည့်သုံးဖို့ ကြိုးစားနေတာလား… ဒီဓားကွက်တွေက ဟာကွက်မရှိ ပြီးပြည့်စုံပြီးသားဆိုတော့ အခြေခံဓားချက်တွေ ထပ်ထည့်ရင် ဟန်ချက်ညီနေတာ ပျက်သွားလိမ့်မယ်၊ အားအဟုန် တိုးမြင့်လာနိုင်ပေမဲ့ ဟာကွက်တွေ အများကြီး ပေါ်လာမှာ၊ ဘာလို့ ဒီလိုလုပ်တာလဲ…”
ချင်မူက ‘ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်’ဟူသော ဓားကွက်ကို ထုတ်ဖော်ကစားလိုက်ပြီး ရုတ်တရက် ဝမ်းနည်းကြေကွဲသည့် ခံစားချက် ဖြစ်ပေါ်လာ၏။ “ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်… တောင်တန်းနဲ့ မြစ်ပြင်တွေက တည်ရှိနေဆဲ၊ နှလုံးသားရင်ခွင်က အပြန့်ကျယ်တယ်… ဘေးဘီကို အကြည့်အရောက်မှာ ဇာတိမြေဟာ ရိုးရာဝတ်စုံကို မဆင်မြန်းတော့…” ဤသည်က ဇာတိမြေနှင့် ယုံကြည်ချက်အတွက် အသက်စွန့်သွားသူများကို အထီးကျန်စွာ လွမ်းဆွတ်တမ်းတနေခြင်း ဖြစ်၏။ သူရဲကောင်းတစ်ယောက်၏ စိတ်ထားနှင့် ဝမ်းနည်းကြေကွဲသည့် ခံစားချက်များ ရောထွေးပါဝင်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သစ်ကိုင်းတစ်ကိုင်းကို ကောက်ယူလိုက်၏။ “ဂိုဏ်းသခင်ရဲ့ ဓားကွက်မှာ ဟာကွက်တွေ အများကြီး ရှိသေးတယ်… တစ်ကွက်နှစ်ကွက်လောက် ဖြည့်စွက်ပေးရမလား…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်သည်။ “ကျေးဇူးပြုပြီး သင်ကြားပြသပေးပါ…”
“မခံယူဝံ့ပါဘူး…”
ချင်မူလည်း သစ်ကိုင်းတစ်ကိုင်း ကောက်ယူပြီး သူတို့နှစ်ယောက်သား သစ်ကိုင်းများကို ဓားသဖွယ် သဘောထား၍ ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက တိုက်ခိုက်ပြီး ချင်မူက ဓားပန်းချီမှ ဓားကွက်များကို အသုံးပြု၍ ခုခံကာကွယ်သည်။ သို့သော်လည်း တစ်ခဏအတွင်း၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဟာကွက်တစ်ကွက်တွေ့ပြီး ‘တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသောဓား’ကို ဖျက်ဆီးပစ်၏။
ချင်မူက အတန်ကြာအောင် စဉ်းစားဆင်ခြင်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ထောက်ပြလိုက်သော ဟာကွက်က ရွာလူကြီး ထောက်ပြခဲ့သော ဟာကွက်နှင့် ခြားနားနေ၏။
ဤနှစ်ယောက်စလုံးက ဓားသိုင်းအရာတွင် ဆရာများ ဖြစ်သော်လည်း လမ်းစဉ်မတူချေ။ ရွာလူကြီး၏ ဓားသိုင်း၌ စိတ်ခံစားချက်များ ပြင်းပြစွာ ကိန်းအောင်းပါဝင်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းက တည်ငြိမ်အေးဆေးသည်။ ပြုပြင်ပြောင်းလဲမှုကို ဆောင်ကြဉ်း၍ အသိအမြင်သစ်များ လင်းပွင့်စေပြီး တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သကဲ့သို့ ရှိ၏။
သူတို့၏ အတွေးအခေါ်က ခြားနားသကဲ့သို့ ဓားသိုင်းကလည်း ခြားနားနေသည်။
နှစ်ယောက်စလုံး၏ လမ်းညွှန်ထောက်ပြမှု ခံရသဖြင့် ချင်မူ့အတွက် ကွဲပြားခြားနားသော အကျိုးကျေးဇူးများ ရရှိလာ၏။
ရွာလူကြီး၏ လမ်းညွှန်ထောက်ပြမှုက ချင်မူသိထားသမျှ တတ်ထားသမျှကို အကုန်အစင်အသုံးပြုစေပြီး ဤဓားကွက်နှစ်ကွက်ကို ထပ်၍ ပြုပြင်ပြောင်းလဲရန် မတတ်နိုင်တော့သည်အထိ တွန်းပို့ခဲ့၏။ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လမ်းညွှန်ထောက်ပြမှုက သူ့ဓားသိုင်းကို ဆက်လက် ပြုပြင်မွမ်းမံနိုင်စေရန် လမ်းသစ်ဖွင့်ပေးခဲ့သည်။
သူတို့အားလုံး လမ်းလျှောက်ရင်း လေ့ကျင့်လာပြီး ချင်မူ၏ ဓားပညာအပေါ် ထိုးထွင်းနားလည်မှုက ပို၍ ပို၍ တိုးပွားလာ၏။
သူ့ဓားသိုင်းစွမ်းရည်က အခြားအဆင့်တစ်ခုသို့ ခုန်ကူးတော့မလို ခံစားလိုက်မိသည်။ သို့သော်လည်း မည်မျှပင် ကြိုးစားသည်ဖြစ်စေ အခြားတစ်ဖက်သို့ ခုန်မကူးနိုင်စေရန် အလွှာပါးတစ်ခု ကာဆီးထားသကဲ့သို့ ရှိနေ၏။
“ဆက်မလေ့ကျင့်နဲ့တော့… ဘယ်လောက်ပဲ လေ့ကျင့်ကျင့် ဒီထက် ပိုတိုးတက်လာနိုင်တော့မှာ မဟုတ်ဘူး…” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောလိုက်သည်။ “ဒီအဆင့်ကို ဖြတ်ကျော်တက်ချင်ရင် ကိုယ်ကိုယ်တိုင် ဉာဏ်အလင်းပွင့်သိမြင်ဖို့ လိုလိမ့်မယ်…”
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ သို့သော်လည်း သူ့ဘေးမှ ဧကရာဇ်ယန်ဖုန်းက ဧကရာဇ်တိုင်ပင်ခံ၏ ဆိုလိုရင်းကို သဘောပေါက်ပြီး သက်ပြင်းချလိုက်သည်။ “နောက်တစ်ဆင့်သာ တက်နိုင်ရင် ဆရာတစ်ဆူ ဖြစ်လာတော့မယ်… ဝန်မင်းချင်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီအဆင့်ထိ ရောက်နိုင်တာပဲ… ငါကိုယ်တော် အဲဒီအဆင့်ကို ရောက်တုန်းကဆိုရင် သက်တော်ငါးဆယ့်ခုနစ်နှစ် ရှိနေပြီ… နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လေ့ကျင့်ပြီး နဂါးကိုးကောင်ချီစွမ်းအင်ကို စုပ်ယူစုစည်းလို့ အဆုံးအစမဲ့တဲ့ ချီစွမ်းအင်ကို ရရှိခဲ့ပေမဲ့ ကမ္ဘာမြေကြီးအောက်က နဂါးချီစွမ်းအင်ရဲ့ လှုပ်ရှားမှုနဲ့ မှန်းဆလို့မရအောင် စည်ကားသိုက်မြိုက်နေတဲ့ လောကကြီးရဲ့ သဘောသဘာဝကို ခံစားသိရှိတော့မှ တစ်ချီတည်း အဆင့်ကျော်ဖြတ်တက်နိုင်ခဲ့တာ… မင်းက ငါ့ထက် အနှစ်လေးဆယ်လောက် ပိုမြန်တာပဲ…”
ချင်မူက ပြုံးလိုက်၏။ “အရှင်မင်းကြီး၊ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ရဲ့ အားသာချက်က ဘာများလဲ…”
“နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ရဲ့ အားသာချက်က အသွင်ပြောင်းလဲနိုင်တာပဲ…” ဧကရာဇ်ယန်ဖုန်းက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “မင်းသင်ချင်ရင် ငါသင်ပေးလို့ရတယ်… ငါ့လက်ထက် မတိုင်ခင်က နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ဆိုတာ မှော်ပညာမှာ အစွမ်းထက်တဲ့ ကျင့်စဉ်တစ်မျိုးပဲ၊ ဒါပေမဲ့ ငါ့လက်ထဲ ရောက်လာတဲ့အချိန်မှာတော့ မှော်ပညာ၊ ဓားသိုင်း၊ ရုပ်ခန္ဓာကျင့်စဉ် ဘယ်လိုကောင်းကင်နတ်သိုင်းမျိုးကိုမဆို ထုတ်သုံးလို့ ရသွားတယ်… ဘာလို့လဲသိလား… နဂါးဆိုတာ အသွင်ပြောင်းလဲနိုင်စွမ်းကို ကိုယ်စားပြုတယ်၊ နဂါးတွေက ကြီးနိုင်သလို သေးနိုင်တယ်၊ မျက်စိနဲ့ မြင်နိုင်သလို မမြင်ရအောင်လည်း စွမ်းဆောင်နိုင်တယ်၊ ကောင်းကင်ပေါ်ကို ပျံတက်နိုင်သလို ပင်လယ်အောက်ထဲလည်း ငုပ်လျှိုးနိုင်တယ်၊ တိမ်တွေကို ဖယ်ရှားပြီး မိုးကို ရွာသွန်းစေနိုင်သလို ကောင်းကင်ကို မီးရှို့ပြာချပြီး လေပွေမုန်တိုင်းကိုလည်း ထိန်းချုပ်နိုင်တယ်… မင်း သင်ချင်သလား…”
ချင်မူက နာမည်ကျော် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မိစ္ဆာဂိုဏ်းသခင်တစ်ယောက် ဖြစ်သည့်အတွက် ငြင်းဆိုလိမ့်မည်ဟု ထင်ထားသော်လည်း တစ်ချက်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ သူ အငိုက်မိသွား၏။
ဧကရာဇ်ယန်ဖုန်းမှာ မှင်တက်မိပြီး တဟားဟား ရယ်မောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ… နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က ငါတို့လင်မိသားစုရဲ့ ကျင့်စဉ်၊ အပြင်လူကို သင်ပေးမရဘူးလို့ ဘယ်သူပြောလဲ… မင်းကို ငါသင်ပေးမယ်…”
ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ဧကရာဇ်ယန်ဖုန်းကို တအံ့တဩကြည့်လိုက်မိ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကတော့ တည်တည်ငြိမ်ငြိမ် ရှိနေသည်။ “အရှင်မင်းကြီးက ဒီလိုလူစားမျိုးပဲ… ရဲရင့်ပြီး ပွင့်လင်းတယ်… မဟုတ်ရင် မောင်ကြီးကို ဘယ်လိုလုပ် အသုံးချရဲမှာလဲ… မောင်ကြီးတောင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ် မူရင်းစာလိပ်ကို ဆယ်ကြိမ်မက မြင်ဖူးတယ်…”
ဧကရာဇ်ယန်ဖုန်းက ချင်မူ့ကို နဂါးကိုးကောင်းဧကရာဇ်ကျင့်စဉ် သင်ပေးပြီး ချီစွမ်းအင် မည်သို့လှည့်လည်ရမည်၊ နဂါးကိုးကောင်ချီစွမ်းအင်ကို မည်သို့ အသုံးပြုရမည် စသည်များပါ ပြောပြ၏။
ဤကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် ကွဲပြားခြားနားပြီး ထုတ်ဖော်အသုံးပြုလျှင် ထည်ဝါခမ်းနားသော ချီစွမ်းအင်များ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် အကွက်အပြောင်းအလဲ အမျိုးမျိုးကို ပြုလုပ်နိုင်ပြီး လှုပ်ရှားမှုတိုင်းတွင်လည်း မိုးအောက်မြေပြင်တစ်ခွင်မှ ကြီးမြတ်သောအားအင်များ ပါဝင်လာ၏။
“ကောင်းကင်ကိုးဆင့်နတ်နဂါးအကာအကွယ်က နဂါးအစစ်အမှန်ကိုးကောင်လို အသွင်ပြောင်းလဲ၊ တိမ်တိုက်ကြားမှာ ပုန်းကွယ်ပြီး ရန်သူကို တိုက်ခိုက်နိုင်တဲ့ မှော်ပညာပဲ… ဒီမှာကြည့်…”
ဧကရာဇ်ယန်ဖုန်းက သူ၏ ချီစွမ်းအင်ကို အသုံးပြုလိုက်ရာ လက်တစ်ဝါးအရွယ်ခန့်ရှိသော တိမ်တိုက်တစ်ခု သူ့ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။ တီကောင်ကဲ့သို့ သေးမျှင်သော နဂါးချီစွမ်းအင်အချို့က အစွယ်များ ဖြဲဟ၍ လက်သည်းများ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
ထို့နောက်တွင် ဧကရာဇ်ယန်ဖုန်း၏ ချီစွမ်းအင် ကုန်ခန်းပြီး တိမ်တိုက်နှင့်တကွ နဂါးချီစွမ်းအင်များ ပျောက်ကွယ်သွားသည်။ ဧကရာဇ်ယန်ဖုန်းက ဟောဟဲလိုက်၍ ဗလုံးဗထွေး ပြောလိုက်၏။ “ငါ့မှာ ချီစွမ်းအင် မကျန်တော့ဘူး၊ ငါပြချင်တာကိုတော့ မင်းမြင်လိုက်မှာပါ…”
ချင်မူက ခေါင်းညိတ်၍ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို ထုတ်သုံးပြီး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လောကသခင်ချီစွမ်းအင်နှင့် ပေါင်းစည်းလိုက်သည်။ ရုတ်တရက် လေထုထဲ၌ နဂါးကိုးကောင်၏ပုံရိပ် ဝိုးတဝါး ပေါ်ထွက်လာပြီး လက်သည်းများ ဆန့်ထုတ်၍ တိုက်ခိုက်လိုက်ရာ သူတို့ဘေးနားရှိ တစ်ဒါဇင်ပတ်လည်ခန့်မှ ကျောက်တုံးကျောက်ခဲများ မွမွကြေသွား၏။
ဧကရာဇ်ယန်ဖုန်း မှင်တက်မိသွားသကဲ့သို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည်လည်း အံ့အားတကြီး ဖြစ်သွားသည်။ ကောင်းကင်ယံ၌ ဝဲလည်လှည့်နေသော နဂါးကိုးကောင်ကို သူတို့ မြင်ရ၏။ ထိုနဂါးများက ရုတ်တရက် မီးနဂါးများ အဖြစ်ပြောင်းလဲပြီး မီးလျှံလေပွေတစ်ခုဖြစ်အောင် လှည့်လည်ကာ လေပေါ်သို့ ပျံတက်သွားသည်။
ထို့နောက် မီးနဂါးများမှ ရေနဂါးများအဖြစ် ပြောင်းလဲပြီး ရေဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ပြီးသည့်နောက်တွင် လျှပ်စီးတန်းများ တစ်ဖျစ်ဖျစ်မြည်၍ နေရာအနှံ့ ပေါက်ကွဲကျရောက်သွားသည်။
ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ အံ့အားသင့်သွားကြ၏။
ဤနဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ချင်မူ ယခုမှ သင်ယူခြင်း ဖြစ်သော်လည်း ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် လေ့ကျင့်ထားသကဲ့သို့ ရှိနေသည်။ နန်းတွင်းကောလိပ်၏ တော်ဝင်ခြံဝင်းရှိ မင်းသားအများစုထက်ပင် ပိုသာသေး၏။
ချင်မူက ကောင်းကင်ကိုးဆင့်နတ်နဂါးအကာအကွယ်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဧကရာဇ်ယန်ဖုန်းက သူသိထားတတ်ထားသမျှကို ဆရာစားမချန် သင်ကြားပေး၏။ အဆုံး၌ သက်ပြင်းချလိုက်သည်။ “မင့်မျိုးရိုးနာမည်သာ လင်ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ…”
ရွှေမြို့တော်သို့ ရောက်ရှိရန် နှစ်ရက်၊ သုံးရက် ခရီးနှင်ရဦးမည် ဖြစ်၏။ အိမ်ရှေ့မင်းသား၏ နန်းတက်ပွဲကျင်းပမည့် သုံးလပိုင်း ခြောက်ရက်နေ့သို့ ရောက်ရှိရန်မှာလည်း သုံးရက်လိုသေးသည်။ ထိုအခိုက်၌ ငှက်ကြီးတစ်ကောင် တောင်ပံတဖျပ်ဖျပ် ခတ်၍ မြေပြင်ပေါ်သို့ သက်ဆင်းလာပြီး အစိမ်းရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက်အသွင် ပြောင်းလဲကာ သူတို့ကို ဦးညွှတ်အရိုအသေပြုလိုက်၏။ “အထွတ်အမြတ်ဆရာသခင်၊ အားလုံး ပြင်ဆင်ပြီးပါပြီ…”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “မင်းတို့ အရင်သွားနှင့်…”
“အမိန့်အတိုင်းပါ…” ထိုအမျိုးသမီးက နောက်ပြန်လှည့်၍ ခြေနှစ်လှမ်းခန့်ပြေးကာ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်သည်တွင် နောက်ကျော၌ အတောင်ပံတစ်စုံပေါက်လာပြီး လေပေါ်သို့ ပျံတက်သွား၏။
“မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက ဧကရာဇ်ကို သတ်နိုင်တယ်ဆိုမှတော့ ငါ့ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း သတ်နိုင်ရတော့မှာပေါ့… မဟုတ်ရင် မိစ္ဆာလမ်းစဉ်ရဲ့ နံပတ်တစ် အထွတ်အမြတ်နယ်မြေအဖြစ် ဘယ်လိုရပ်တည်နိုင်တော့မှာလဲ…” ချင်မူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မျက်မှောင်ကြုတ်လိုက်၏။ “မင်းက ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ…”
“မြို့တော်ကို ဝင်ပြီး ဧကရာဇ်ကို သတ်မယ်…”