← Chapters

ကျင့်ကြံဖို့သက်သက်ပဲ

Vol. 20 Ch. 267

ကျင့်ကြံဖို့သက်သက်ပဲ

Vol. 20 Ch. 267

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးမှာလည်း ကောင်းကင်ကျောင်းတော်သို့ ရောက်ရှိလာသည်။ ချင်မူ ဓားအိမ်ထဲသို့ ဓားပြန်သိမ်းလိုက်သည်နှင့် ဧကရာဇ်ယန်ဖုန်း ချင်မူ၏ နောက်ကျောသို့ စူးစိုက်ကြည့်ရှုနေသည်ကို မြင်သောအခါ ဤအမျိုးသမီးငယ်၏ မျက်ခုံးများ စိုးရိမ်ပူပန်မှုဖြင့် တွန့်ကွေးသွား၏။

သွေးစွန်းတိုက်ပွဲက မကြာမီ ပြီးဆုံးသွားသည်။ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းမှ ရဟန်းများ၊ ရသေ့များမှာ လွတ်အောင်ပြေးနိုင်သူ တချို့သာ ထွက်ပြေးလွတ်မြောက်၍ ကျန်သူများအားလုံး အသတ်ခံလိုက်ရ၏။ အများစုမှာ ဤနေရာတွင်သာ အသက်ဆုံးရှုံးသွားရပြီး ကောင်းကင်ကျောင်းတော်တစ်ခွင်လုံး သူတို့၏ သွေးများဖြင့် ရဲရဲနီနေသည်။

သွေးများက ကိုးရာကိုးဆယ့်ကိုးထစ်မြောက် လှေကားထစ်မှ ပထမဆုံးလှေကားထစ်အထိ စီးကျပြီး ထိုမှတစ်ဆင့် အားလုံးသော သံတမန်များ၊ ဂိုဏ်းသခင်များ၊ ဂိုဏ်းခေါင်းဆောင်များ၏ ခြေရင်းထိ စီးဆင်းသွား၏။

ကောင်းကင်ဘုံသို့ ပူဇော်ဆက်သသော နေရာဖြစ်သည့် ကောင်းကင်ကျောင်းတော်မှာ ရဲရနီသောသွေးတို့ စွန်းထင်းသွားချေပြီ။

မည်သူက စလိုက်သည်မသိ။ ဒူးထောက်ချ၍ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…”

ဝုန်း…။

ကောင်းကင်ကျောင်းဆောင်၏ အောက်ခြေရှိ နန်းတွင်းအရာရှိများ၊ သံတမန်များ၊ ဂိုဏ်းခေါင်းဆောင်များ အားလုံး ဒူးတစ်ဖက်ထောက်ချ၍ သံပြိုင်အော်ဟစ်လိုက်ကြ၏။ “အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ…”

ဧကရာဇ်ယန်ဖုန်းက သူတို့ဘက်သို့ လှည့်၍ လှေကားထစ်များထိပ်၌ ရပ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်ကား၍ ဤငယ်သားတို့၏ အရိုအသေပေးမှုကို ခံယူ၏။ တစ်ခဏကြာပြီးနောက် မြှောက်ထားလက်များကို အားအင်ဖျော့တော့စွာ ပြန်ချ၍ ပြောလိုက်သည်။ “ထနိုင်ပြီ…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ဧကရာဇ်ယန်ဖုန်းကို ကြည့်လိုက်၏။ ဧကရာဇ်၏နောက်ဘက် ကောင်းကင်ကျောင်းတော်ထိပ်၌ ချင်မူနှင့် ဂိုဏ်းအုပ်ရှစ်ဦးလည်း မတ်တတ်ရပ်နေပြီး ဒူးထောက်ခြင်း မပြုကြချေ။

“သခင်ကြီး၊ ဂိုဏ်းသခင်ချင်အနေနဲ့ သူ့အစွမ်းအစကို ထုတ်ထုတ်ပြနေတာ သိပ်မကောင်းဘူးထင်တယ်…” သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို တီးတိုးပြောလိုက်သည်။

ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ကို တစ်ချက်ငဲ့စောင်းကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “သူ့အတွက်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆိုတာ အတွေ့အကြုံရှာဖို့ နေရာတစ်ခုသက်သက်ပဲ… အိမ်ရှေ့မင်းသားကို သတ်တာလည်း အတွေ့အကြုံတစ်ခုပဲ ဆိုပါတော့… သူ့အနေနဲ့ စိုးရိမ်စရာလည်း မလိုသေးဘူး၊ ဧကရာဇ်က နေရာအတော်များများမှာ သူ့အကူအညီ လိုဦးမယ်…”

ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက အံ့အားသင့်သွားသည်။ “အတွေ့အကြုံရှာတာ ဟုတ်လား…”

အိမ်ရှေ့မင်းသားက မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်းနှင့် ပူးပေါင်း၍ တော်လှန်ပုန်ကန်ပြီး ဧကရာဇ်ကို သတ်ကာ ထီးနန်းသိမ်းပိုက်ရန် ကြံစည်ခဲ့၏။ ဤကိစ္စရပ်များ၏ အကျိုးဆက်က သေးငယ်သောအရာ မဟုတ်ချေ။

သို့သော်လည်း စာရေးတော်ကြီးများ၏ မှတ်တမ်းတွင်တော့ “နှစ်လပိုင်း၊ ၁၈ရက်နေ့တွင် အိမ်ရှေ့မင်းသားလင်ယွိရှ ပုန်ကန်ရန် ကြံစည်ပြီး သုံးလပိုင်း၊ ၆ရက်နေ့တွင် ကွပ်မျက်သုတ်သင်လိုက်သည်’ဟူသော စာကြောင်းတစ်ကြောင်းသာ ပါရှိပေလိမ့်မည်။

ဤမျှ ရိုးရှင်း၏။ အသေးစိတ်မှာ အပြင်လူများ သိကောင်းစရာ မဟုတ်ပေ။ သို့ကြောင့်ပင် သမိုင်းကြောင်းတစ်လျှောက်ရှိ အဖြစ်အပျက် အများစုမှာ ဒဏ္ဍာရီပုံပြင်များသဖွယ်သာ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့သော်လည်း အများစုမှာ အမှန်တရားမှ သွေဖည်၍ ယုံကြည်၍ မရသော ပုံပြင်များ ဖြစ်လာ၏။

ပုန်ကန်မှုပြီးသောအခါ သွေးဆေးပွဲ လာသည်။ အိမ်ရှေ့မင်းသားဘက်မှ နန်းတွင်းအရာရှိများအားလုံး ပစ္စည်းဥစ္စာများ သိမ်းယူ၍ မိသားစုလိုက် ကွပ်မျက်ခြင်း ခံရ၏။ မဟာမိုးခြိမ်းသံကျောင်းတော်နှင့် တာအိုဂိုဏ်းမှ ရဟန်းများ၊ တာအိုရသေ့များကို ထောင်သွင်းအကျဉ်းချ၍ သူသတ်ကုန်းသို့ ပို့ဆောင်သည်။

ကွပ်မျက်သုတ်သင်မှုများကို သုံးလပိုင်း၊ ၇ရက်နေ့မှ လေးလပိုင်း၊ ၁ရက်နေ့အထိ ပြုလုပ်ရ၏။ ထို့နောက်မှသာ ကွပ်မျက်သုတ်သင်မှုများ ပြီးဆုံးသွားသည်။

ထိုကာလများ၌ အိမ်ရှေ့မင်းသား၏ခေါင်းပြတ် မတွေ့တော့သကဲ့သို့ ဖြစ်ရပ်အချို့လည်း ရှိခဲ့၏။

အိမ်ရှေ့မင်းသား၏ ခေါင်းပြတ်က အစအနရှာမအောင် ပျောက်ဆုံးသွားသည်။ ကောင်းကင်ကျောင်းတော်တစ်ဝိုက် မည်မျှပင် လှည့်ပတ်ရှာဖွေသော်လည်း မတွေ့ရသကဲ့သို့ ဧကရာဖ်ယန်ဖုန်းမှာလည်း ဤကိစ္စကို လိုက်လံစုံစမ်းရန် မညွှန်ကြားခဲ့ချေ။

ထိုအစား ဧကရာဇ်က အိမ်ရှေ့မင်းသား လင်ယွိရှ၏ အမည်ကို နန်းစဉ်မျိုးဆက်မှတ်တမ်းမှ ထုတ်ပယ်ပစ်ရန် အမိန့်ထုတ်ပြန်ခဲ့၏။ ကွယ်လွန်ပြီးဖြစ်သော အိမ်ရှေ့မင်းသား၏ မယ်တော်ကိုလည်း မိဖုရားငယ်တစ်ပါးအဖြစ် ရာထူးချလိုက်သည်။

ထို့နောက် ဧကရာဇ်ယန်ဖုန်းက နန်းတွင်းအရာရှိအချို့ကို လဲလှယ်၏။ နန်းတွင်းကောလိပ်မှ ကျောင်းတော်သားအချို့ကို ရာထူးတိုးမြှင့်ပေး၏။ တပ်ဖွဲ့အသီးသီးမှ အရည်အချင်းရှိသူများကို ရွေးချယ်၍ လစ်လပ်သွားသော ဝန်မင်းနေရာများတွင် အစားထိုးခန့်အပ်၏။

ရက်အနည်းငယ်ကြာသောအခါ ဧကရာဇ်က ဒုတိယမင်းသား လင်ယွိရှုကို နယ်စပ်မှ ပြန်လည်ခေါ်ယူလိုက်သည်။ နောက်ထပ် ရက်အနည်းငယ်ကြာသောအခါ ဧကရာဇ်က ကျန်းမာရေးမကောင်းသဖြင့် အနားယူပြီး လင်ယွိရှုကို အိမ်ရှေ့မင်းသားအဖြစ် ခန့်အပ်ကာ တိုင်းရေးပြည်ရာ ကိစ္စအဝဝကို စီမံခန့်ခွဲရန် တာဝန်ပေးလိုက်၏။

ဧကရာဇ်ယန်ဖုန်းက အိမ်ရှေ့မင်းသား လင်ယွိရှုကို ခေါ်ယူ၍ မေးမြန်းလိုက်သည်။ “ယွိရှု၊ အခု မင်းက တိုင်းရေးပြည်ရာတွေ စီမံခန့်ခွဲရပြီဆိုတော့ အရင်ဆုံး ဘာလုပ်မလဲ…”

သူ့အနေဖြင့် ဤဒုတိယသားတော်ကို များစွာအထင်ကြီးထားခြင်း မရှိပေ။ လင်ယွိရှုက သူ၏ သားတော်များကြား၌ ထူးချွန်သူတစ်ယောက်ဟု သတ်မှတ်၍မရ။ အားလုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသူ မဟုတ်သကဲ့သို့ အထုံပါရမီကလည်း အထူးချွန်ဆုံး မဟုတ်ချေ။ ထိုအချက်နှစ်ခုအတွက်တော့ လင်ယွိရှကို သူအတော်လေး အထင်ကြီးခဲ့၏။ ထိုကလေးက ပြတ်သားမှု၊ ရဲရင့်မှု၊ အထုံပါရမီနှင့် ပြည့်စုံသည်။ သို့သော်လည်း သူက ရဲတင်းလွန်း၊ ပြတ်သားလွန်းသွား၏။

အခြားသားတော်ကြီးများကတော့ သူ့ကို စောင့်ဆိုင်းရင်း စောစောစီးစီး ကွယ်လွန်သွားကြပြီ ဖြစ်သည်။

လင်ယွိရှုမှ တစ်ခဏမျှ စဉ်းစားခန်းဝင်သွား၏။ သူက စစ်မြေပြင်မှ ပြန်လာခါစ ဖြစ်သဖြင့် သူရဲကောင်းတစ်ယောက်၏ စိတ်ဝိညာဉ်နှင့် အတော်အတန် ဆုံးဖြတ်ချက်ပြတ်သားမှုရှိသည့် အရှိန်အဝါအငွေ့အသက်မျိုး ခြုံလွှမ်းနေသည်။

လင်ယွိရှနှင့် မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်းတို့ ပူးပေါင်း၍ ပုန်ကန်ကြသည်မှာ သူ ရွှေမြို့တော်တွင် မရှိခိုက် ဖြစ်သဖြင့် အထိအခိုက်မရှိ လွတ်ကင်းသွားခဲ့၏။

လင်ယွိရှုက တည်ကြည်လေးနက်စွာ လျှောက်တင်လိုက်သည်။ “သားတော်အနေနဲ့ အစ်ကိုတော်ရဲ့…”

ဧကရာဇ်ယန်ဖုန်း၏ အမူအရာ ညို့မှိုင်းသွား၏။ “မင်းက အခု အကြီးဆုံးသားပဲ… ငါ့မှာ သူ့လိုသားမျိုး မရှိဘူး…”

လင်ယွိရှုက တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်။ “သားတော်အနေနဲ့ တိုင်းတစ်ပါးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ပေးအပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းယူပါမယ်… ပြီးရင် တိုင်းပြည် မငြိမ်မသက်ဖြစ်တဲ့ ကာလအတွင်းမှာ နယ်မြေသိမ်းပိုက်ဖို့ ကြိုးစားခဲ့တဲ့ သိုင်းဂိုဏ်းတွေကို ရှင်းလင်းပါမယ်… မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက အဆင့်မြင့်ပညာရှင်တွေ ဆုံးရှုံးပြီး အထိနာသွားတဲ့အတွက် သူတို့ပိုင်ဆိုင်ထားတဲ့ နယ်မြေတစ်ဝက်ကျော်ကို ပြန်သိမ်းယူပါမယ်…”

ဧကရာဇ်ယန်ဖုန်း၏ အမူအရာ ပျော့ပျောင်းသွားပြီး ဆက်မေးလိုက်၏။ “ပြီးတော့ရော…”

“သားတော်အနေနဲ့ ခမည်းတော်ကို ကူညီပြီး ကပ်ဘေးကယ်ဆယ်ရေးတွေ ဆက်လုပ်ပါမယ်… ဒါပေမဲ့ အဲဒါမတိုင်ခင် သားတော်ရဲ့ အပြစ်တွေကို အရင်ဆုံး ရေးချပါမယ်…”

ဧကရာဇ်ယန်ဖုန်းမှာ ရုတ်တရက် ဒေါသအိုးပေါက်ကွဲသွားပြီး အော်ဟစ်လိုက်သည်။ “နောက်တစ်ခေါက် ထပ်ပြောစမ်း…”

လင်ယွိရှုက ဦးညွှတ်အရိုအသေပြု၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “အရင်ဆုံး သားတော်ရဲ့ အပြစ်တွေ ရေးချမယ်၊ ပြီးတာနဲ့ သဘာဝကပ်ဘေး ထပ်မစေလွှတ်ဖို့ ကောင်းကင်ဘုံကို ဝန်ချတောင်းပန်ပြီး ပြည်သူပြည်သားတွေ စိတ်နှလုံးအေးချမ်းအောင် ဆောင်ရွက်ပါမယ်…”

ဧကရာဇ်ယန်ဖုန်း၏ မျက်နှာက မည်းမှောင်နေဆဲ ရှိပြီး အေးစက်စက် မေးလိုက်သည်။ “မင်းကို ဘယ်သူ သင်ပေးတာလဲ…”

လင်ယွိရှု ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ “သားတော်…”

“ငါမေးနေတယ်၊ မင်းကို ဘယ်သူ သင်ပေးတာလဲ…” ဧကရာဇ်ယန်ဖုန်းမှာ ဒေါသကို ချုပ်ထိန်းနိုင်ခြင်း မရှိတော့ဘဲ မတ်တတ်ထရပ်၍ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မင်းက ငါ့သား၊ မင့်အကြောင်းကို အူမချေးခါးမကျန် ငါအကုန်သိတယ်… မင်းဖာသာ ဒါမျိုးတွေ မပြောနိုင်ဘူး… ဒီစကားက ဒုတိယမင်းသားတစ်ပါး စဉ်းစားတတ်တာမျိုး မဟုတ်ဘူး၊ ဧကရာဇ်နေရာမှာ ရပ်နေတဲ့သူတွေသာ နားလည်နိုင်တဲ့ စကားမျိုး… ပြောစမ်း၊ မင်းကို ဘယ်သူ သင်ပေးလိုက်တာလဲ…”

လင်ယွိရှု၏ နဖူးထက်တွင် ချွေးစေးများပျံလာပြီး ရုတ်တရက် အံတင်းတင်းကြိတ်၍ အမှန်အတိုင်း ဖြေလိုက်၏။ “သားတော် ရွှေမြို့တော်ကို ပြန်ရောက်တော့ ဧကရာဇ်အတိုင်ပင်ခံဆီ သွားရင်း ကျုံးစန်းအရာရှိက ဧကရာဇ်အတိုင်ပင်ခံကို ဆေးကုပေးနေတာနဲ့ ကြုံကြိုက်ခဲ့ပါတယ်… သားတော်လည်း ခမည်းတော် နိုင်ငံအရေးအရာနဲ့ ပတ်သက်ပြီး မေးမြန်းစမ်းသပ်လာမှာအတွက် သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီး အကြံဉာဏ် တောင်းခံခဲ့မိပါမယ်…”

ဧကရာဇ်ယန်ဖုန်း၏ ဒေါသများ ပြေလျော့သွားပြီး တည်ငြိမ်အေးဆေးစွာ မေးမြန်းလိုက်သည်။ “မင့်အပြစ်တွေ ရေးချဖို့ အကြံပေးခဲ့တာ ဘယ်သူလဲ…”

“ဧကရာဇ်အတိုင်ပင်ခံနဲ့ ကျုံးစန်းအရာရှိ နှစ်ယောက်စလုံးပါ… သူတို့ပြောတာတော့ ဒီကပ်ဘေးဟာ ကောင်းကင်နတ်ဘုရားတွေရဲ့ လက်ချက်ဖြစ်တဲ့အတွက် သားတော်တို့အနေနဲ့ သူတို့ဆန္ဒအတိုင်း နေထိုင်ပြီးမှ ဖြည်းဖြည်းချင်း ကြံစည်လုပ်ကိုင်သင့်တယ်၊ တိုက်ရိုက်သွားဆန့်ကျင်မိရင် သားတော်တို့ပဲ ရှုံးနိမ့်လိမ့်မယ်တဲ့... ပြီးတော့ သားတော်ရဲ့ အပြစ်တွေ ရေးချတာက ခမည်းတော်ကိုယ်တိုင် အပြစ်ဝန်ခံတာထက် ပိုကောင်းတယ်တဲ့၊ ခမည်းတော်ကိုယ်တိုင် အပြစ်ဝန်ခံရင် ပြုပြင်ပြောင်းလဲမှုကို ငြင်းဆိုသလို ဖြစ်သွားပြီး သားတော်ကတော့ အိမ်ရှေ့မင်းသား ဖြစ်တဲ့အတွက် ဟန်ဆောင်အလျှော့ပေးလိုက်လို့ ရပါတယ်တဲ့...”

ဧကရာဇ်ယန်ဖုန်း၏ အမူအရာ ပျော့ပျောင်းသွားပြီး ထိုင်ချလိုက်၏။ “မင်းရဲ့ အရည်အချင်းနဲ့ ဉာဏ်ပညာ၊ ရဲစွမ်းသတ္တိနဲ့ ထိုးထွင်းသိမြင်နိုင်မှုကို ငါသိတာပေါ့... ဒီလိုအရာမျိုးတွေကို မင်းမတွေးနိုင်သေးဘူးဆိုတာရယ်၊ နောက်ကွယ်က သင်ပေးလိုက်တဲ့သူ သေချာပေါက် ရှိမယ်ဆိုတာရယ် သိလို့ ဒေါသထွက်ချင်ဟန်ဆောင်ခဲ့တာ... မင်းကို ငါ တိုင်းရေးပြည်ရာအကြောင်း မေးရင်တောင် သူတို့ သင်ပေးတဲ့အတိုင်း လိုက်ပြောစရာ၊ လိုက်လုပ်စရာမလိုဘူး... မင်းသိနားလည်ထားတဲ့အတိုင်း ပြောရမယ် ကြားလား...”

လင်ယွိရှို့က ခေါင်းညိတ်နာခံလိုက်သည်။

ဧကရာဇ်ယန်ဖုန်းက သက်ပြင်းချလိုက်၏။ “ငါစိတ်ပူတာက ဧကရာဇ်အတိုင်ပင်ခံကို မဟုတ်ဘူး၊ ကျုံးစန်းအရာရှိကိုပဲ... ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါမရှိတော့တဲ့တစ်နေ့မှာ သူ့လောင်းရိပ်ကနေလွတ်အောင် မင်းမလုပ်နိုင်မှာ စိုးမိတယ်… အခုက ငါ့ကျင့်စဉ်စွမ်းအင်ဆုံးရှုံးပြီး ကောင်းကင်ရတနာတွေ ပျက်စီးနေလို့ နဂိုအခြေအနေ ပြန်ရနိုင်ဖို့ ခက်ခဲဦးမယ်၊ အဲဒါကြောင့် ဒီတိုင်းပြည်တစ်ပြည်လုံးကို စီမံအုပ်ချုပ်ဖို့ မင့်လက်ထဲ အပ်လိုက်တာပဲ… မင်းကြိုးစားရမယ်၊ ကျင့်စဉ်စွမ်းအင် ပြန်မရနိုင်ရင် ငါ့သက်တမ်းက အလွန်ဆုံး နှစ်ငါးဆယ်ပဲ… အဲဒီအချိန်ရောက်ရင် မင်း ဧကရာဇ် ဖြစ်လာတော့မယ်… မင်းရဲ့ အသိအမြင် တိုးမြင့်အောင်၊ စိတ်အခြေအနေ မြင့်မားအောင် ကြိုးစား၊ ကိုယ့်ဖာသာ များများစဉ်းစား…”

ဤအခိုက်အတန့်၌ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ တန်ခိုးရှင်သက်ဆင်းတောင်ပေါ်တွင်…။ ချင်မူက စံအိမ်သခင်များ၊ အကြီးအကဲများနှင့် ကျန်သူအားလုံးကို ကောင်းကင်နတ်မင်းချမ်နှင့် ကောင်းကင်နတ်မင်းလုတို့၏ အုတ်ဂူများဆီသို့ ဦးဆောင်ခေါ်ယူသွားသည်။ ကောင်းကင်နတ်မင်းလုမှာ အရိုးပြာသာ ကျန်ရစ်ပြီး ကောင်းကင်နတ်မင်းချမ်ကတော့ ရုပ်အလောင်းပင် ပြန်မရသဖြင့် သူတို့၏ အုတ်ဂူ၌ အသက်ရှင်စဉ်က ဝတ်ဆင်ခဲ့သော အဝတ်အစားများသာ မြှုပ်နှံထားရ၏။

ချင်မူက ရှေ့သို့ လှမ်းတက်၍ အုတ်ဂူများရှေ့၌ အိမ်ရှေ့မင်းသားလင်ယွိရှ၏ ခေါင်းပြတ်ကို ချလိုက်သည်။ အားလုံးက အမွှေးတိုင်များ ကိုယ်စီထွန်းညှိ၍ ဂါရဝပြုလိုက်ကြ၏။

“ကောင်းကင်နတ်မင်းနှစ်ပါး၊ မင်းတို့ရဲ့ ဝိညာဉ်တွေ ငါပြောတာကို ကြားနိုင်ရင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့…” ကောင်းကင်နတ်မင်းယွီက ဆုတောင်းစကား ဆိုလိုက်သည်။ “အခုအချိန်မှာ ကောင်းကင်ဘုံက ငါတို့အပေါ် သဘာဝဘေးတွေ စေလွှတ်နေလို့ ဒုက္ခတွေ၊ ကပ်ဘေးတွေ မလွှဲသာမရှောင်သာ ကြုံတွေ့နေရတယ်… အစ်ကိုတော် ကောင်းကင်နတ်မင်းနှစ်ပါး ငါတို့နတ်ဂိုဏ်းကို စောင့်ရှောက်ပေးပါ…”

အားလုံးက ဦးညွှတ်အရိုအသေပြု၍ ပြန်လည်ဆုတ်ခွာပြီး လူစုခွဲလိုက်ကြ၏။

ကောင်းကင်နတ်မင်းယွီက ချင်မူဘေးသို့ ရောက်လာပြီး တစ်ခဏမျှ တုံ့ဆိုင်းကာ မေးလိုက်သည်။ “ဂိုဏ်းသခင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ဦးမှာလား…”

ချင်မူက ခေါင်းညိတ်လိုက်၏။

ကောင်းကင်နတ်မင်းယွီမှာ နားမလည်နိုင် ဖြစ်သွားသည်။ “ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က ဧကရာဇ်အတိုင်ပင်ခံကို ဂိုဏ်းထဲဆွဲသွင်းပြီး အယောင်ဆောင်ဧကရာဇ်၊ မဟာမိုးခြိမ်းသံကျာင်းတော်နဲ့ တာအိုဂိုဏ်းက အဆင့်မြင့်ပညာရှင်တွေကို သတ်ဖြတ်ခဲ့တာဆိုတော့ ဧကရာဇ်က ကျွန်တော်တို့ကို သတိနဲ့ ဆက်ဆံမှာကို စိုးရွံ့မိပါတယ်… ဂိုဏ်းသခင်အနေနဲ့ စိတ်အေးအေး ပြန်သွားနိုင်ပါရဲ့လား…”

ချင်မူက ကောင်းကင်နတ်မင်းနှစ်ပါး၏ အုတ်ဂူကို ငေးကြည့်ရင်း အေးချမ်းသော သွင်ပြင်မူရာဖြင့် ပြောလိုက်၏။ “မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းက ရှိနေသေးတယ်၊ အခုလောလောဆယ် ဧကရာဇ်အတွက် အရေးအကြီးဆုံးက အဲဒီအထွတ်အမြတ်နယ်မြေကြီး နှစ်ခုကို ရှင်းပစ်ဖို့ပဲ… သူတို့ကို အရင်ရှင်းမပစ်ဘဲနဲ့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ထိမှာမဟုတ်ဘူး… အဲဒီဂိုဏ်းတွေကို ရှင်းပစ်ပြီးတဲ့အခါမှပဲ ကျွန်တော်တို့ သတိထားဖို့လိုလိမ့်မယ်… အခုလောလောဆယ်တော့ စိတ်ပူဖို့ မလိုသေးပါဘူး…”

ကောင်းကင်နတ်မင်းယွီက စဉ်းစားကြည့်ပြီး ချင်မူ့စကားက ကျိုးကြောင်းဆီလျော်ကြောင်း လက်ခံမိသည်။

ချင်မူက အထွတ်အမြတ်သစ်ပင်ဆီသို့ လျှောက်လှမ်းသွားပြီး သစ်ခေါက်များကို အသာအယာ တို့ထိကြည့်လိုက်၏။ ထို့နောက် အကိုင်းအခက်ဝေဆာနေသော ပင်စည်ကြီးကို မော့ကြည့်ရင်း မေးလိုက်သည်။ “ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းဆိုတာ သာမန်လူတွေအတွက် နိစ္စဓူဝအသုံးဝင်မှုမှ လွဲပြီး တခြားမရှိဘူး… ကောင်းကင်နတ်မင်းယွီ၊ ကျွန်တော်တို့အနေနဲ့ လောကကြီးရဲ့ မဟာတာအိုကို ပြောင်းလဲပစ်နိုင်မယ်လို့ တကယ်ပဲ ထင်သလား…”

ကောင်းကင်နတ်မင်းယွီက ရှေ့သို့ လျှောက်လှမ်းသွားပြီး ပြန်ဖြေလိုက်၏။ “ကျွန်တော်မျိုးက ဉာဏ်ထိုင်းပြီး ဂိုဏ်းသခင်မေးတဲ့ မေးခွန်းက နက်နဲလွန်းတဲ့အတွက် မဖြေဆိုနိုင်မှာ စိုးရွံ့မိပါတယ်… ဒါပေမဲ့ ကျွန်တော်သိသလောက် ပြောရမယ်ဆိုရင် ရှေးအခါက လမ်းဆိုတာ မရှိခဲ့ဘူး၊ လူတွေအသွားအလာများရင်း လမ်းဖြစ်လာတာပါ… နောက်ပိုင်းမှာ လူတွေက မိုးရွာတဲ့အခါ ရွှံ့နွံထဲမှာ လမ်းလျှောက်ရတာ မကြိုက်ကြလို့ လမ်းတွေကို ကျောက်တုံးတွေ ခင်းလိုက်ကြတယ်… အဲဒီနောက်မှာ လမ်းလျှောက်ရတာ နှေးတယ်ဆိုပြီး လှည်းဘီးတွေ၊ ရွေ့လျားနိုင်တဲ့ယာဉ်တွေ တီထွင်ပြီး မြင်းရထားတွေနဲ့ လမ်းပေါ်မှာ သွားလာခဲ့ကြတယ်… အရင်တုန်းက မြင်းရထားတွေ သွားလာဖို့ လမ်းဆိုတာ မရှိခဲ့ဖူးဘူး၊ လူသားတွေ တီထွင်ပြီးတဲ့နောက်မှ လောကကြီးရဲ့ မဟာတာအိုမှာ အသစ်ထပ်ပေါ်လာတာပါ…”

ချင်မူ မှင်တက်မိသွားသည်။

ကောင်းကင်နတ်မင်းယွီက ဆက်ပြောလိုက်၏။ “အဲဒီနောက်ပိုင်းမှာ လူတွေက မြင်းရထားနဲ့ သွားရတာ နှေးလို့ဆိုပြီး ကောင်းကင်မှာ ပျံနိုင်တဲ့ လေသင်္ဘောတွေ တီထွင်ကြပြန်တယ်… ကြေးနီတွေ၊ ရွှေတွေ မရှိလို့ သတ္ထုရိုင်းတုံးတွေကနေ ကျိုချက်ထုတ်ယူကြတယ်၊ စာပို့ရတာ ဝေးလွန်းလို့ မိုးပျံစာပို့စနစ်တွေ တီထွင်ကြတယ်… ကျွန်တော်ထင်ပါတယ်၊ လူသားတွေ တီထွင်ရင်း တီထွင်ရင်းနဲ့ လောကကြီးရဲ့ မဟာတာအိုဟာလည်း တဖြည်းဖြည်း ပိုပိုတိုးပွားလာနေတာပဲ…”

ချင်မူ ငိုင်ကျသွားသည်။ အထွတ်အမြတ်သစ်ပင်က ပင်စည်တစ်ခုတည်း ရှိသော်လည်း ၎င်းမှ အကိုင်းအခက်များ ဖြာ၍ ထိုအကိုင်းအခက်များမှ နောက်ထပ်အကိုင်းအခက်သစ်များ ထပ်မံ ဖြာထွက်သွားကြောင်း တွေ့ရ၏။ ဤမြင်ကွင်းကို အတွေ့တွင် သူပြုံးမိသွားသည်။

“အရင်တုန်းကဆိုရင် မြောက်ပိုင်းမှာ ဆောင်းရာသီရောက်တဲ့အခါ အသီးအနှံ၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် စားရဖို့ ခက်သွားပြီ၊ အခုတော့ သင်္ဘောပျံတွေ ရှိလာတဲ့အတွက် တောင်ပိုင်းက အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို မြောက်ပိုင်းရောက်အောင် ရက်နည်းနည်းနဲ့ ပို့လို့ရနေပြီ… အတိတ်တုန်းက မှော်မိစ္ဆာတွေ လှည့်လည်သွားလာနေပြီး လူနေလို့မဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ရှိခဲ့တယ်… အခုတော့ မှော်ပညာတွေကို သုံးပြီး ရေမြေအနေအထားကို ပြောင်းလဲလို့ တောင်ကတုံးတွေ စိမ်းစိုအောင်၊ ရေစီးသန်တဲ့ မြစ်ချောင်းတွေကို ကြည်လင်သာယာအောင် လုပ်ဆောင်နိုင်နေပြီ… ဟိုအရင်က သီးနှံမဖြစ်ထွန်းတဲ့လယ်မြေတွေကို အခုအချိန်မှာ သီးနှံထွက်အောင် ပြုပြင်နိုင်ပြီ…” ကောင်းကင်နတ်မင်းယွီက ပြောလိုက်၏။

“ဟိုးတုန်းက လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးဆိုတာ မိုးလေဝသဖြစ်ရပ်တွေပဲ၊ အခုတော့ လူတွေက အဲဒီဖြစ်ရပ်တွေကို ထိန်းချုပ်လာနိုင်ပြီ… ဂိုဏ်းသခင်၊ ကျွန်တော်တို့ လောကကြီးရဲ့ မဟာတာအိုကို ပြောင်းလဲခဲ့ပါသလား…”

ချင်မူက ခေါင်းညိတ်၍ ပြုံးလိုက်သည်။ “ပြောင်းလဲခဲ့တာပေါ့…”

“ဂိုဏ်းသခင်၊ ကျွန်တော်မျိုးက ဉာဏ်ထိုင်းလွန်းပါတယ်…”

“ခင်ဗျားက ဘယ်နည်းနဲ့မှ ဉာဏ်မထိုင်းပါဘူး…” ချင်မူက ပြုံးကာရယ်ကာနှင့် စကားဖြတ်ပြောလိုက်၏။ “ကောင်းကင်နတ်မင်းယွီ၊ ခင်ဗျားက အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ၊ အချိန်တိုင်း နှိမ့်ချနေဖို့ မလိုပါဘူး… အခုက ဘာမေးချင်လို့လဲ…”

“ဂိုဏ်းသခင် အစောကပြောတဲ့ စကားမှာ ဧကရာဇ်က ဟိုအထွတ်အမြတ်နယ်မြေကြီးနှစ်ခုကို ရှင်းပြီးတဲ့အခါ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဘက်ကို လှည့်ကောင်းလှည့်လာနိုင်တယ်လို့ ပါတယ်မဟုတ်လား… ဂိုဏ်းသခင်မှာ အဲဒီအတွက် တုံ့ပြန်ဖို့ စီစဉ်ထားတာများ ရှိသလားလို့… ကြည့်ရတာ ဂိုဏ်းသခင်လည်း ဧကရာဇ် လုပ်လို့ရမယ်ထင်တယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “မလုပ်ပါဘူး… ဧကရာဇ်ရဲ့ လုပ်ဆောင်ချက်တွေက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီနေသမျှ ကျွန်တော် ဧကရာဇ်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အရေးမကြီးဘူး… ပြီးတော့ ဧကရာဇ်အတိုင်ပင်ခံက အခု ကျွန်တော်တို့နတ်ဂိုဏ်းရဲ့ စတုတ္ထကောင်းကင်နတ်မင်း ဖြစ်နေပြီ၊ သူ သက်ရှိထင်ရှား ရှိနေရက်နဲ့ ဧကရာဇ်က ကျွန်တော်တို့ကို ဘယ်လိုထိပါးမှာလဲ… အဲဒါအပြင် မဟာမိုးခြိမ်းသံကျောင်းတော်နဲ့ တာအိုဂိုဏ်းကိုလည်း အမြစ်ပြတ်ရှင်းလင်းဖို့ လွယ်မယ်မထင်ဘူး… အများကြီး မတွေးနဲ့၊ ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အတွေ့အကြုံယူဖို့နဲ့ ကျင့်ကြံဖို့အတွက်ပဲ လာခဲ့တာ…”

All Chapters