နတ်ဆေးသမားတော်တို့၏ တိုက်ပွဲ
Vol. 20 Ch. 269
“ဆရာတူညီလေးက ငါ့ကို အတော်လေး စိုးရိမ်နေတဲ့ပုံပဲ…” အဆိပ်ဘုရင်ငယ်က ပြုံးလိုက်သည်။ “ငါတို့က ဆရာတူညီကိုတွေဆိုပေမဲ့ တစ်ခါမှ အတူမဆုံဖူးဘူး… ပိုရင်းရင်းနှီးနှီး နေသင့်ပြီ…”
ချင်မူ သူ့လက်များကို အောက်ချလိုက်၏။ ဤအဆိပ်ဘုရင်ငယ်အကြောင်း ကောလာဟလများနှင့် မယ်တော်ကြီးပြောသည်များကို သူကြားဖူးသည်။ ဘိုးဘိုးဆေးဆရာ သူ့မျက်နှာသူ လှီးထုတ်၍ မဟာမြို့ပျက်တွင် လာရောက်ပုန်းအောင်းနေရခြင်းမှာလည်း ဤလူ၏ လက်ချက်ကြောင့် ဖြစ်၏။
အဆိပ်ဘုရင်ငယ်က ဆေးဆရာ ဂုဏ်အယူရဆုံးတပည့် ဖြစ်သော်လည်း သူ့ဆရာကို သစ္စာဖောက်၍ ကျောက်စိမ်းမျက်နှာလုလင်ပျိုမှာ အဆိပ်ဘုရင်မှလွဲ၍ အခြားမည်သူမျှ မဟုတ်ကြောင်း သတင်းပေါက်ကြားစေခဲ့သည်။
ကျောက်စိမ်းမျက်နှာလုလင်ပျိုနှင့် အဆိပ်ဘုရင်ဆိုသည်မှာ သိုင်းလောကတွင် သီးခြားရပ်တည်နေသော လူနှစ်ယောက် ဖြစ်၏။ တစ်ယောက်က အလွန်တရာ ချောမောခံ့ညား၍ အရပ်ရှည်ရှည်၊ ဆွဲဆောင်အားကောင်းကောင်း၊ သူရဲကောင်းဆန်ဆန် ဖြစ်ပြီး အားလုံးကို နွေဦးလေပြည်ကဲ့သို့ ချိုသာယဉ်ကျေးစွာ ဆက်ဆံကာ လူချစ်လူခင်ပေါများသူ ဖြစ်သည်။ သူ့အနေဖြင့် မိန်းမပွေရန်မလို၊ မိန်းကလေးများက သူတို့ဖာသာ သူ့ထံအရောက်လာကြ၏။ အားလုံးက သူ့ကို ချစ်ခင်လေးစားကြသည်။ ယောက်ျားသားများပင် သူ့ကို မနာလိုသည့်တိုင် မုန်းတီးခြင်း မရှိကြပေ။
သို့သော်လည်း အဆိပ်ဘုရင်ကတော့ ကြောက်မက်ဖွယ်ရာသွင်ပြင် ရှိပြီး ရက်စက်ကြမ်းကြုတ်လှသဖြင့် နာမည်ဆိုးနှင့် ကျော်ကြား၏။ တစ်ခါကဆိုလျှင် မရေမတွက်နိုင်သော အဆင့်မြင့်ပညာရှင်များကို အဆိပ်ခပ်သတ်ဖြတ်၍ လမ်းမှန်ဂိုဏ်းတစ်ဂိုဏ်းလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းလင်းပစ်ခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိ။
တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်မှ ရသေ့များ၊ ရဟန်းများစွာပင် သူ့အဆိပ်ကြောင့် သေဆုံးခဲ့ရ၏။
အဆိပ်ဘုရင်၏ ကျင့်စဉ်စွမ်းအင်က မြင့်မားခြင်း မရှိသော်လည်း သူ၏ အစွမ်းအစက အလွန်တရာ ကြီးမားလှသည်။ အဆိပ်ပညာနှင့် အဆိပ်ပိုးမွှားများအရာ၌ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သမာသမတ်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် နှစ်ဖက်စလုံးမှ ထောင်ချောက်ဆင် ချောင်းမြောင်းလုပ်ကြံပြီး ထိုထဲတွင် ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင်များပင် ပါဝင်ကြသည့်တိုင် မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို မိအောင် ဖမ်းဆီးသတ်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ထိုသူအားလုံးသာ သူ့အဆိပ်မိ၍ သေဆုံးသွားကြသည်။
အဆိပ်ဘုရင်က အစွယ်နှစ်ချောင်း ထွက်နေသည့် အစိမ်းရောင် မျက်နှာဖုံးကို အမြဲဝတ်ဆင်ထားသဖြင့် သူ၏ အသွင်သဏ္ဌာန်အမှန်ကို မည်သူမျှ မသိကြချေ။ သူ့တပည့်ဖြစ်သူ အဆိပ်ဘုရင်ငယ် သတင်းလွှင့်လိုက်သည့်အခါမှသာ အဆိပ်ဘုရင်ဆိုသည်မှာ ပျော်ပျော်နေတတ်သော ကျောက်စိမ်းမျက်နှာလုလင်ပျိုဖြစ်ကြောင်း သိရှိသွားကြသည်။
သူ၏ သရုပ်မှန် ပေါ်ထွက်လာသည်နှင့် အခြေအနေက ရှုပ်ထွေးသွား၏။ အချို့လူများက သူ့ကို သတ်ရန် ပြင်ကြပြီး အချို့အမျိုးသမီးများကတော့ သူ့ကို ပိုင်ဆိုင်ခွင့်ရရန် အချင်းချင်း ရန်စောင်တိုက်ခိုက်ကြသည်။ ထိုထဲတွင် ဧကရာဇ်၏ မယ်တော်ကြီးကဲ့သို့ ဩဇာအင်အားကြီးမားသော အမျိုးသမီးများပင် ပါလာ၏။ သို့အတွက်ကြောင့် ဆေးဆရာမှာ မည်သို့မျှ မတတ်နိုင်ဘဲ သူ့မျက်နှာသူ လှီးထုတ်၍ ခံစားချက်အားလုံးကို စွန့်ပစ်ခဲ့သည်။ ထို့နောက် မဟာမြို့ပျက်၌ ပုန်းအောင်း၍ ကျန်သည့်သက်တမ်းတစ်ဝက်လုံး အပြင်လောကသို့ ထွက်မလာဝံ့တော့ချေ။
အဆိပ်ဘုရင်ငယ်၏ အခြေအနေမှာလည်း ထူးမခြားနားသာ ဖြစ်၏။ မယ်တော်ကြီးနှင့် ကျန်သည့်အမျိုးသမီးများက သူတို့၏ ဒေါသများကို သူ့ခေါင်းပေါ် ပုံချ၍ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ လိုက်လံသတ်ဖြတ်ကြတော့သည်။ အဆိပ်ဘုရင်ငယ်မှာ မဟာမြို့ပျက်သို့ ဝင်ရောက်ပုန်းအောင်းရလုနီးပါး ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဧကရာဇ်အတိုင်ပင်ခံက သူ့လက်အောက်သို့ ခေါ်ယူထားလိုက်၏။
ဆေးဆရာ၏ ဖြစ်ရပ်နှင့် ပတ်သက်၍ ချင်မူ့အနေဖြင့် ကောလာဟလများသာ ကြားဖူးပြီး မည်သို့ ဖြစ်ပွားခဲ့သည်ကို အတိအကျ သိရှိခြင်း မရှိပေ။ သို့သော်လည်း အဆိပ်ဘုရင်ငယ်က ဆေးဆရာ၏ ပညာအမွေကို ရထားပြီး သူ၏ အဆိပ်ပညာက ဆေးဆရာကို မီလုနီးပါးဖြစ်ကြောင်းကိုတော့ သူသိသည်။
ဧကရာဇ်ယန်ဖုန်းက ပြုံး၍ ပြောလိုက်၏။ “ဂိုဏ်းသခင်၊ မင်းနဲ့ အဆိပ်ဘုရင်ငယ်ကို ဖိတ်ခေါ်ထားရတာက မင်းတို့နှစ်ယောက်စလုံး ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ရဲ့ တပည့်တွေ ဖြစ်နေလို့ပဲ… တစ်ယောက်က အဆိပ်ပညာမှာ ကျွမ်းကျင်ပြီး တစ်ယောက်က ဆေးပညာမှာ ကျွမ်းကျင်တယ်၊ မင်းတို့နှစ်ယောက် အတူလက်တွဲလိုက်ရင် ဧကရာဇ်အတိုင်ပင်ခံနဲ့ ငါ့ကို ကုသကောင်း ကုသနိုင်လိမ့်မယ်…”
ချင်မူက ပြုံးပြလိုက်သည်။ “အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါပဲ… ကျွန်တော်မျိုးအနေနဲ့လည်း ဆရာတူအစ်ကိုကြီးရဲ့ အစွမ်းအစကို ကြည့်ချင်ပါသေးတယ်…”
အဆိပ်ဘုရင်ငယ်က ဧကရာဇ်၏ ဒဏ်ရာများကို ကြည့်ရှု၍ ချင်မူ့ကုသမှု ထိရောက်၊ မထိရောက် စစ်ဆေးနေ၏။ သူပြုံးလိုက်သောအခါ မျက်နှာပေါ်မှ ကျောက်ပေါက်မာများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ “မင်းရဲ့ အစွမ်းအစကလည်း မဆိုးပါဘူး… အခွင့်တစ်ထောင်အဆိပ်ကို တစ်ညတည်းနဲ့ ဖြေနိုင်ခဲ့တာ မဟုတ်လား…”
အခြားတစ်ဘက်တွင်တော့ ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို စစ်ဆေးကြည့်ရှုနေ၏။ ရွှေမြို့တော်သို့ ပြန်ရောက်သောအခါ ဧကရာဇ်အတိုင်ပင်ခံ၏ ဒဏ်ရာများကို အဆိပ်ဘုရင်ငယ်ကသာ ဆက်လက်ကုသပေးခဲ့သည်။ သူက မတုန်မလှုပ် ပြန်ပြောလိုက်သည်။ “ခင်ဗျားလည်း မဆိုးပါဘူး… အခွင့်တစ်ထောင်အဆိပ်ကို အသုံးပြုတဲ့ပုံက အတော်လေး ချီးကျူးစရာပဲ…”
အဆိပ်ဘုရင်ငယ်၏ လက်ကောက်ဝတ်ပေါ်မှ ကျောက်ပေါက်မာတစ်ခု ရုတ်တရက် ဗျစ်ခနဲ ပွင့်ထွက်သွားပြီး ဖောက်ထွင်းမြင်ရအောင် ကြည်လဲ့နေသည့် ပင့်ကူသေးသေးလေးများ ထွက်လာသည်။ ထိုပင့်ကူလေးများက ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်သို့ ပင့်ကူမျှင်များ ထွေးထုတ်လိုက်၏။ ထို့နောက် ပင့်ကူမျှင်များအတိုင်း ဧကရာဇ်ယန်ဖုန်း၏ မျက်ခုံးနှစ်ခုအလယ်သို့ တက်၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားသည်။
“သူ့ကို ငါ သေအောင် အဆိပ်မခပ်ချင်လို့ပါ… ငါ့အစွမ်းအစနဲ့ဆိုရင် ဂိုဏ်းသခင်တစ်ယောက်ကိုတောင် အဆိပ်ခပ်ဖို့ မခဲယဉ်းဘူး…” အဆိပ်ဘုရင်ငယ်က ခပ်အေးအေး ပြောလိုက်၏။ “ဘယ်ဂိုဏ်းက ဂိုဏ်းသခင်ပဲဖြစ်ဖြစ် အဆိပ်မိသွားအောင် လုပ်လိုက်ဖို့ လွယ်လွယ်လေးပဲ…”
ချင်မူက မျက်ခုံးတစ်ချက် ပင့်မကြည့်ချေ။ ထိုအစား အစိမ်းရောင် ကောင်းကင်မျက်လုံးကိုသာ ဖော်ထုတ်အသုံးပြု၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို စစ်ဆေးကြည့်ရှုလိုက်သည်။ “ခင်ဗျား သူ့ခန္ဓာကိုယ်ကို အဆိပ်ခပ်သတ်လိုက်ရင်တောင် သူ့ဝိညာဉ်ကို ကျုပ် ထိန်းထားပြီး အဆိပ်ဖြေပေးနိုင်ပါသေးတယ်… ပြီးတော့ ဂိုဏ်းသခင်ဆိုတာ ခင်ဗျား စိတ်ထင်တိုင်း အဆိပ်ခပ်လို့ရတဲ့လူမျိုး မဟုတ်ဘူး… ဂိုဏ်းသခင်တစ်ယောက်အတွက် ခင်ဗျားကို သတ်ဖို့ဆိုတာ ကိုယ်တိုင်လာစရာတောင် မလိုဘူး၊ အထူးသဖြင့် မိစ္ဆာဂိုဏ်းတွေပေါ့၊ သူတို့မှာ ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ သွေးရိုးသားရိုး သေသွားသလို ထင်ရအောင် လူတစ်ယောက်ကို သတ်နိုင်တဲ့ နည်းပေါင်းတစ်ထောင် ရှိတယ်… ဆရာတူအစ်ကိုကြီး ကိုယ့်ကိုယ်ကိုယ် ရေမြောင်းပုပ်ထဲ ပြုတ်ကျသေတာ တွေ့ရတဲ့တစ်နေ့ သဘောပေါက်လာမှာပါ…”
“အဲဒီလိုလား…” အဆိပ်ဘုရင်ငယ်၏ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သည့် သွင်ပြင် ပေါ်ထွက်လာပြီး သူ့အပြုံးက အငိုမျက်နှာဆိုခြင်းထက် ပိုရုပ်ဆိုးသွား၏။
“ဒါပေါ့…” ချင်မူက ပန်းများပွင့်လာသလို့ ပြုံးလိုက်သည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် စိုက်ကြည့်လိုက်ကြ၏။ ဧကရာဇ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ ဤနှစ်ယောက် စတွေ့ကတည်း စကားစစ်ထိုးနေကြပြီး သူတို့၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ပို၍ ပို၍ တိုးပွားလာ၏။
လင်ယွိရှို့က မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ဤလူနှစ်ယောက်ကို တစ်လှည့်စီ ကြည့်လိုက်သည်။ အခြေအနေက ထိန်းမရသိမ်းမရ ဖြစ်တော့မည်ဟု ခံစားမိသဖြင့် အပြုံးတစ်ခုနှင့် ဝင်ပြောလိုက်၏။ “အဆိပ်ဘုရင်ငယ်၊ ဂိုဏ်းသခင်ချင်၊ ဆေးကုဖို့က ပိုအရေးကြီးပါတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းတစ်ချက် ဟန့်လိုက်သည်။ ဧကရာဇ်ယန်ဖုန်းကလည်း ချောင်းတစ်ချက်ဟန့်၍ ပြောလိုက်၏။ “ယွီရှို့၊ အရင်ပြန်နှင့်…”
လင်ယွိရှို့က ခေါင်းညိတ်၍ ခန်းမအတွင်းမှ ထွက်ခွာသွားသည်။
အဆိပ်ဘုရင်ငယ်၏ မျက်နှာပေါ်မှ ကျောက်ပေါက်မာများ တစ်ခုပြီးတစ်ခုပေါက်၍ ငါးကဲ့သို့ အဆိပ်ပိုးကောင်လေးများ ထွက်ပေါ်လာပြီး ဧကရာဇ်ယန်ဖုန်း၏ အခြားကောင်းကင်ရတနာများထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ထိုနေရာမှ ဒဏ်ရာများကို စစ်ဆေးကြည့်ရှုပြီးနောက် သူပြောလိုက်သည်။ “မင်းက တကယ်ကို မဆိုးတာပဲ… အရှင်မင်းကြီးရဲ့ ကောင်းကင်ရတနာတွေထဲက အတွင်းဒဏ်ရာတွေကို ကုထားပေးနိုင်တယ်… သူ့ရုပ်ခန္ဓာနဲ့ ယန်ဝိညာဉ်လည်း ဒဏ်ရာတွေ ပျောက်သွားပြီ… ဒါပေမဲ့ နှမြောစရာကောင်းတာက မင့်ဆေးပညာက လိုနေသေးတာပဲ၊ အဲဒါကြောင့် ကောင်းကင်ရတနာတွေကို အကောင်းအတိုင်းဖြစ်အောင် မကုနိုင်တာ…”
ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို စစ်ဆေးကြည့်ရှုလိုက်ပြီး အဆိပ်ဘုရင်ငယ်က အဆိပ်ကို အသုံးပြု၍ အရည်ဖျော်ဝိညာဉ်ပိုးမျှင်အဖြစ် အသွင်ပြောင်းကာ ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ရစ်ပတ်ထားကြောင်း တွေ့ရ၏။ အရည်ပျော်ဝိညာဉ်ပိုးမျှင်က ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းတို့၏ အာနိသင်နှင့် ချီစွမ်းအင်ကိုပင် အရည်ဖျော်နိုင်စွမ်း ရှိသည့်အတွက် သူက ထိုကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို အရည်ဖျော်ဖျက်ဆီးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သို့သော်လည်း နတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းအပေါ် သက်ရောက်မှုကတော့ အတော်လေး နည်းပါးနေ၏။
“ခင်ဗျားရဲ့ အဆိပ်ပညာက ရုပ်အသွင်နဲ့ စိတ်ဝိညာဉ်ဖွဲ့နိုင်ပြီး ပြီးပြည့်စုံတဲ့အဆင့်ထိ ရောက်နေပြီပဲ… ဒီအရည်ဖျော်ဝိညာဉ်ပိုးမျှင်တွေ သုံးထားတာလည်း အတော်လေး ချီးကျူးဖို့ကောင်းတယ်… ဒါပေမဲ့ ဒီဟာတွေက နောက်တစ်ဆင့် တက်မယ်ဆို ထပ်တက်လို့ရသေးတာ…” ချင်မူက ပြုံးလိုက်သည်။
ဤသူနှစ်ယောက်၏ အကြည့်များ ထပ်ဆုံသွားပြန်၏။
ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ခေါင်းကျိန်းသွားသည်။ ဤနှစ်ယောက် ထိပ်တိုက်တွေ့လျှင် သူတို့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ အဆိပ်ပညာ၊ ဆေးပညာများ ယှဉ်ပြိုင်ကြမည် မဟုတ်လား။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ဝင်ပြောလိုက်၏။ “မင်းတို့နှစ်ယောက်စလုံးက တစ်ဆရာတည်းက ထွက်တဲ့ နတ်ဆေးဆရာတွေဆိုတော့ ငါတို့ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှိမလား…”
အဆိပ်ဘုရင်ငယ်က တစ်မုဟုတ်ချင်း ပြောလိုက်သည်။ “အရှင်မင်းကြီးကို ပျောက်ကင်းအောင် ကုဖို့ ကျွန်တော် ယုံကြည်ချက် အပြည့်ရှိပါတယ်… အရှင်မင်းကြီးရဲ့ ကောင်းကင်ရတနာတွေက ပျက်စီးသွားတာဆိုတော့ လူအရှင်တစ်ယောက်ရဲ့ ကောင်းကင်ရတနာတွေယူပြီး အစားထိုးလိုက်ရင် ရနိုင်မှာပါ…”
ဧကရာဇ်ယန်ဖုန်း မျက်မှောင်ကြုတ်သွား၏။ “ဘယ်လောက် သေချာလဲ…”
“ဒါက…” အဆိပ်ဘုရင်ငယ်မှာ တုံ့ဆိုင်းသွားပြီး ချင်မူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ကျွန်တော်မျိုးက အဆိပ်မှာ ကျွမ်းကျင်တာဆိုတော့ ဘယ်လောက်သေချာလဲ တပ်အပ်မပြောနိုင်ပါဘူး…”
ချင်မူက ပြောလိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေက အရည်ဖျော်ဝိညာဉ်ပိုးမျှင်တွေ သုံးရုံနဲ့ မပျောက်နိုင်ဘူး၊ အဲဒီနတ်ဘုရား ချန်ခဲ့တဲ့ ကောင်းကင်နတ်သိုင်း အကြွင်းအကျန်တွေက အားကောင်းလွန်းတယ်… ကျွန်တော်စဉ်းစားထားတာတော့ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင် တစ်ဒါဇင်၊ နှစ်ဒါဇင်လောက် စုစည်းပြီး အဲဒီကောင်းကင်နတ်သိုင်း အကြွင်းအကျန်တွေကို ဖိနှိပ်နိုင်ရင် ဧကရာဇ်အတိုင်ပင်ခံအနေနဲ့ ကိုယ်ပိုင်ကျင့်စဉ်စွမ်းအင်ကို အသုံးပြုပြီး ကိုယ့်ဖာသာ တဖြည်းဖြည်း တိုက်ဖျက်ပစ်နိုင်ပါလိမ့်မယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ခေါင်းခါယမ်းလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဂိုဏ်းချုပ်ကြီးအဆင့် ပညာရှင် တစ်ဒါဇင်၊ နှစ်ဒါဇင် ရှိပေမဲ့ အားလုံးကို စုစည်းပြီး ငါ့ကို ကူညီခိုင်းဖို့ဆိုတာ မလွယ်ဘူး… နတ်ဆေးသမားတော်နှစ်ယောက်၊ မင်းတို့ထဲမှာ တစ်ယောက်က အဆိပ်သုံးပြီး တစ်ယောက်က ဆေးသုံးတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အထောက်အကူပြုပြီး ကုသလို့ မရနိုင်ဘူးလား…”
ချင်မူက အဆိပ်ဘုရင်ငယ်ကို တစ်ချက်ကြည့်လိုက်ပြီး အဆိပ်ဘုရင်ကလည်း သူ့ကို ပြန်ကြည့်လာ၏။
“ငါ့ဆရာ ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်က အဆိပ်ပညာနဲ့ ဆေးပညာမှာ ပြိုင်ဘက်ကင်းပဲ၊ ဆေးကိုသုံးပြီး အဆိပ်ဓာတ်ကို မြှင့်တင်နိုင်သလို အဆိပ်ကိုသုံးပြီး ဆေးအာနိသင်ကိုလည်း မြှင့်တင်နိုင်တယ်…” အဆိပ်ဘုရင်ငယ်က ပြောလိုက်သည်။ “မင်းအနေနဲ့ ငါ့အဆိပ်ကို ဘယ်နှဆထိ မြှင့်တင်ပေးနိုင်မလဲ…”
ချင်မူက အေးစက်စက် တုံ့ပြန်လိုက်၏။ “ဆရာတူအစ်ကိုကြီးရဲ့ အဆိပ်က ဘယ်လောက်ပြင်းလဲပဲ ကြည့်ရတော့မှာပေါ့… ကျုပ်ဘက်ကတော့ အရှင်မင်းကြီးရဲ့ ချီစွမ်းအင်နဲ့ အသက်ဓာတ်စွမ်းအားကို ဆေးနဲ့မြှင့်တင်ပေးနိုင်တယ်၊ အဲဒါဆို အရှင်မင်းကြီးအနေနဲ့ သူ့ချီစွမ်းအင်နဲ့ အသက်ဓာတ်စွမ်းအားကို အသုံးပြုပြီး ကောင်းကင်ရတနာက ဒဏ်ရာတွေကို သူ့ဖာသာ ပြန်ကုနိုင်လိမ့်မယ်… ဆရာတူအစ်ကိုကြီးရဲ့ အဆိပ်က ဘယ်လောက်များ ပြင်းပြင်းပေးနိုင်သလဲ၊ ကျုပ်ဆေးရဲ့ အာနိသင်ကို အဆသုံးလေးငါးဆယ် မြှင့်တင်ပေးနိုင်ရဲ့လား…”
“မင်းပြင်းချင်သလောက် ပြင်းပေးလို့ရတယ်…” အဆိပ်ဘုရင်ငယ်က သရော်တော်တော် ပြောလိုက်သည်။ “မင့်ဆေးတွေကသာ ငါ့အဆိပ်ကို ပြင်းအားမြှင့်မပေးနိုင်မှာ စိုးနေတာ… ဧကရာဇ်အတိုင်ပင်ခံကိုယ်ထဲက ကောင်းကင်နတ်သိုင်း အကြွင်းအကျန်တွေကို ဖျက်ဆီးပစ်ဖို့ဆိုရင် အရည်ဖျော်ဝိညာဉ်ပိုးမျှင်ရဲ့ အဆိပ်ဓာတ်ကို အဆသုံးလေးငါးဆယ် မြှင့်ဖို့လိုတယ်… အဲလောက်အဆိပ်ဓာတ်နဲ့ဆိုရင် နတ်ဘုရားတွေတောင် အရိုးစုပဲကျန်အောင် အဆိပ်ခပ်သတ်လို့ရတယ်၊ မင်းမှာ အဲလို အစွမ်းအစ ရှိရဲ့လား…”
ချင်မူက အံတင်းတင်းကြိတ်လိုက်၏။ “စမ်းကြည့်လိုက်လေ…”
ဧကရာဇ်ယန်ဖုန်း၏ ကိုယ်ထဲမှ အဆိပ်ပိုးကောင်များ ပြန်ထွက်လာပြီး အဆိပ်ဘုရင်ငယ်၏ လက်နှင့် မျက်နှာပေါ်ရှိ ကျောက်ပေါက်မာများထဲသို့ ဝင်သွားသည်။
“အဲလိုဆေးမျိုး မင်းမဖော်နိုင်ရင် မင်းကို ငါကိုယ်တိုင် အဆိပ်ခပ်သတ်မယ်…” သူက ရယ်သွမ်းသွေးလိုက်၏။
ချင်မူက အမူအရာ အပြောင်းအလဲ မရှိချေ။ “ခင်ဗျား အဆိပ်မှားသုံးရင်တော့ ကျုပ်က အသေမသတ်ပါဘူး၊ အသက်ရှင်လျက်နဲ့ မဟာမြို့ပျက် ပြန်ခေါ်သွားမှာပါ…”
အဆိပ်ဘုရင်ငယ်၏ မျက်နှာ သိသိသာသာ ပျက်ယွင်းသွားပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် စုတ်တံတစ်ချက်မြှောက်၍ လိုအပ်သော အဆိပ်ဆေးပင်များ ရေးချလိုက်၏။
ချင်မူလည်း ဆေးညွှန်းတစ်ခု ရေးလိုက်သည်။
“အရှင်မင်းကြီး ဒီဆေးပင်တွေ ယူခိုင်းပေးပါ…” သူတို့နှစ်ယောက်စလုံးက စုတ်တံများ ပစ်ချ၍ စကားမဆိုဘဲ ထိုင်ချလိုက်ကြ၏။
ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့မှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်မသက်မသာ ကြည့်လိုက်မိကြသည်။ ဤနှစ်ယောက်က စိတ်ကြီးကြပြီး သူတို့၏ ဒဏ်ရာများကို ကုသပေးရန် ပြင်ဆင်နေသည်နှင့် မတူချေ။ ထိုအစား သူတို့အသက်များကို နုတ်ယူတော့မည်ကဲ့သို့သာ ရှိနေ၏။
ဧကရာဇ်ယန်ဖုန်းက ချောင်းတစ်ချက်ဟန့်၍ ခန်းမအပြင်၌ စောင့်ဆိုင်းနေသော နန်းတွင်းသမားတော်များကို ဆင့်ခေါ်လိုက်သည်။ “ဒီဆေးပင်တွေ မြန်မြန်သွားယူလာခဲ့…”
နန်းတွင်းသမားတော်များက ဆေးညွှန်းများကို ကမန်းကတန်း ကြည့်၍ အလျင်အမြန် ပြေးထွက်သွားကြ၏။
“မင့်ဆေးက အတော်လေး အာနိသင်ပြင်းတာပဲ…” အဆိပ်ဘုရင်ငယ်က ရက်စက်ကြမ်းကြုတ်သည့် သွင်ပြင်နှင့် ပြုံးလိုက်သည်။
ချင်မူက သူ့ကို လျစ်လျူရှုထားသည်။ ထိုအခိုက်၌ နန်းတွင်းသမားတော်များက လိုအပ်သော ဆေးပင်များ၊ အဆိပ်ဆေးပင်များ ယူဆောင်လာကြ၏။ ချင်မူက တစ်မုဟုတ်ချင်း စတင်လှုပ်ရှား၍ ဆေးစွမ်းအာနိသင်များ ထုတ်ယူလိုက်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို အသုံးပြု၍ နွားခေါင်းလူကိုယ် အင်္ဂါဂြိုဟ်အရှင်သခင်တစ်လှည့် ကျားခေါင်းလူကိုယ် သောကြာဂြိုဟ်အရှင်သခင်တစ်လှည့် အသွင်ပြောင်းလဲလိုက်၏။ ထို့အပြင် ဗုဒ္ဓဟူးဂြိုဟ်အရှင်သခင်၊ ကြာသပတေးဂြိုဟ်အရှင်သခင်၊ စနေဂြိုဟ်အရှင်သခင်များ အသွင်သို့လည်း ပြောင်းလဲပြီး အမျိုးမျိုးသော ဆေးစွမ်းအင်များကို ထုတ်ယူလိုက်သည်။
ထိုအခိုက်၌ အဆိပ်ဘုရင်ငယ်က အဆိပ်ဆေးပင်များ အသုံးပြု၍ သူ့အဆိပ်ပိုးကောင်များကို ပြုစုပျိုးထောင်နေ၏။ သူ၏ အဆိပ်ပိုးကောင်များကို အဆိပ်ဆေးပင်များ စားသုံးစေပြီးနောက် အဆိပ်ဆေးလုံးများအဖြစ် ပြောင်းလဲပစ်သည်။ ပြီးသည့်အခါ ထိုအဆိပ်ဆေးလုံးများကို အခြားအဆိပ်ပိုးကောင်များကို ကျွေး၏။ ဤနည်းအတိုင်း ထပ်ခါထပ်ခါ ပြုမူပြီးသောအခါ နောက်ဆုံးတွင် အနီရောင်မျက်လုံးများနှင့် ပိန်းပိတ်အောင် နက်ပြောင်နေသော ပင့်ကူတစ်ကောင် ရရှိလာသည်။ ထိုပင့်ကူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ အဆိပ်ငွေ့များ ဝန်းရံနေပြီး ထိုအဆိပ်ငွေ့များက ပြယ်လွင့်ပျောက်ကွယ်သွားမည့် လက္ခဏာ မပြချေ။
ချင်မူကတော့ သစ်စေ့အချို့ ယူ၍ ခန်းမအတွင်း၌ ပန်းပင်များ စိုက်ပျိုးနေသည်။ သူက သစ်စေ့များကို ဖော်စပ်ထားသည့် စွမ်းအင်ဆေးလုံးများအတွင်း၌ စိုက်ပျိုးထားခြင်း ဖြစ်ပြီး ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို အသုံးပြုလိုက်သည်။ များစွာမကြာဘဲ သစ်စေ့များက စွမ်းအင်ဆေးလုံးအတွင်းမှ ဆေးစွမ်းအင်များ စုပ်ယူ၍ ပန်းပင်များပေါက်ကာ အသီးများ သီးလာ၏။
ပြီးသည့်အခါ သီးလာသော စွမ်းအင်သစ်သီးများကို ခူးဆွတ်၍ ဆေးဖော်စပ်ပြန်သည်။ ဤနည်းအတိုင်း အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြီးသောအခါ တောင်တစ်လုံးသဖွယ် စုပုံနေသော ဆေးပင်များမှာ စွမ်းအင်ဆေးခုနစ်လုံးနှင့် အနီရောင်အလုံးလေးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ချင်မူက ထိုဆေးများအားလုံးကို ကောက်ယူ၍ အဆိပ်ဘုရင်ငယ်ကို လှမ်းကြည့်လိုက်သည်။
အဆိပ်ဘုရင်ငယ်ကလည်း အနက်ရောင်ပင့်ကူကြီးကို သတ်၍ သာမန်မျက်စိဖြင့် မမြင်နိုင်သော ဝိညာဉ်များနှင့် အဆိပ်ရည်တစ်ပုလင်း ဖော်စပ်ပြီးစီးသွားချေပြီ။
သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ ချင်မူက အနီရောင်အလုံးလေးကို အဆိပ်ဘုရင်ငယ်ထံ ပစ်ပေးပြီး အဆိပ်ဘုရင်ငယ်က အဆိပ်ရည်ပုလင်းကို ချင်မူ့ထံ ပြန်ပစ်ပေးလိုက်၏။
ချင်မူက အပြုံးတစ်ခု ဖျစ်ညှစ်ပြုံးပြ၍ နူးညံ့ချိုသာစွာ ပြောလိုက်သည်။ “အရှင်မင်းကြီး၊ ဆေးကုဖို့ အချိန်ရောက်ပါပြီ…”
ဧကရာဇ်ယန်ဖုန်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လာပြီး ချင်မူ့လက်ထဲမှ စွမ်းအင်ဆေးလုံး ခုနစ်လုံးနှင့် အဆိပ်ရည်ပုလင်းကို လှမ်းကြည့်လိုက်သည်။ “ဝန်မင်းချင်၊ ဒီအဆိပ်က…”
“သိပ်ပြင်းတယ်…” ချင်မူက အဆိပ်ဘုရင်ငယ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ “အရှင်မင်းကြီး နတ်ရွာစံသွားရင် အရှင်မင်းကြီးအတွက် ကျွန်တော် လက်စားချေပေးမှာပါ…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သူ့ရှေ့ရှိ အနီရောင်အလုံးလေးနှင့် ပင့်ကူမျှင်များကို ကြည့်၍ ချီတုံချတုံ ဖြစ်နေသည်။ အဆိပ်ဘုရင်ငယ် ပြောလိုက်၏။ “မစိုးရိမ်ပါနဲ့ ဧကရာဇ်အတိုင်ပင်ခံ၊ ခင်ဗျား အဆင်ပြေသွားမှာပါ…”
ချင်မူက ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ် ပြောင်းလဲ၍ ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများထဲသို့ တိုးဝင်သွားသည်။ သူက စွမ်းအင်ဆေးလုံး ခုနစ်လုံးကို ကောင်းကင်ရတနာ ခုနစ်ဆင့်၌ တစ်လုံးစီ ထားလိုက်၏။ ထို့နောက် ထိုစွမ်းအင်ဆေးလုံးများပေါ်သို့ အဆိပ်ရည်အနည်းငယ်စီ လောင်းချ၍ အပြင်သို့ ပြန်ထွက်လာသည်။
အဆိပ်ဘုရင်ငယ်ကလည်း ဝိညာဉ်ပိုးမျှင်များကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ်အတွင်းသို့ ရိုက်သွင်း၍ လက်တစ်ချက်လှုပ်ခါကာ သူ့လူနာ၏ ပါးစပ်မှ ပင့်ကူမျှင်တစ်စ ပြန်ဆွဲထုတ်လိုက်၏။ ထို့နောက် ထိုပင့်ကူမျှင်ဖြင့် အနီရောင်အလုံးကို ရစ်ပတ်ပြီး ဧကရာဇ်အတိုင်ပင်ခံ၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။
ဧကရာဇ်ယန်ဖုန်း၏ ခန္ဓာကိုယ်မှ တစ်သိမ့်သိမ့်တုန်ခါအောင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များအားလုံး တစ်ဟုန်ထိုး ရှည်ထွက်လာ၏။ သူ့အရိုးများမှာလည်း ထိုနည်းအတိုင်း ရှည်ထွက်လာပြီး ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံပင် လုံအောင် မဖုံးနိုင် ဖြစ်သွားသည်။ ဦးခေါင်းကလည်း ကြီးထွားလာ၏။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးများက ပေါင်းပင်များကဲ့သို့ ရှည်ထွက်လာပြီး ခေါင်းထက်မှ ဆံပင်များက အရပ်မျက်နှာအနှံ့သို့ ရှည်လျားဆန့်ထွက်သွားသည်။
ခြေထောက်နှင့် ရင်ဘတ်မှ အမွေးအမှင်များလည်း ထူထပ်သိပ်သည်းလာသဖြင့် နဂါးဝတ်ရုံပင် တဗျစ်ဗျစ် ပဲ့ထွက်သွား၏။
များစွာမကြာလိုက်ဘဲ ဧကရာဇ်ယန်ဖုန်းမှာ ကိုက်သုံးဆယ်ကျော် မြင့်မားသည့် လူ့ဘီလူးကြီးတစ်ဦး ဖြစ်သွားပြီး ကြမ်းပြင်ပေါ်လဲကျကာ မလှုပ်ရှားနိုင်တော့ချေ။ ခန်းမတစ်ဝက်ခန့်မှာ အမွေးအမှင်များ ဖုံးလွှမ်းနေပြီး ဧကရာဇ်က ထိုအမွေးပုံကြားထဲ၌ နစ်မြုပ်နေသည်။
“ခင်ဗျားရဲ့ အဆိပ်က နည်းနည်းပြင်းသွားတယ်၊ ဆရာတူအစ်ကိုကြီး…” ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။
အခြားတစ်ဘက်တွင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံး၊ နား၊ နှာခေါင်း၊ ပါးစပ်မှ ထွင်းဖောက်မြင်ရသော ပင့်ကူမျှင်များ စုပုံထွက်ကျလာသည်။ ထိုမျှမက မွေးညင်းပေါက်များမှပါ ပင့်ကူမျှင်များ ထွက်လာပြီး တစ်ကိုယ်လုံးကို ရစ်ပတ်သွား၏။ များမကြာမီ၌ သူ့အသွင်က ကျစ်နေအောင် ထုပ်ထားသည့် ဖက်ထုပ်တစ်ခုနှင့် တူသွားတော့သည်။
အဆိပ်ဘုရင်ငယ်ကလည်း ချင်မူ့ကို မည်းမှောင်သော မျက်နှာဖြင့် ကြည့်လာ၏။ “မင့်ဆေးက အာနိသင် မပြင်းလွန်းဘူးလား…”
သူတို့နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်နေရာမှ စုတ်တံများမြှောက်၍ ဆေးညွှန်းများ ထပ်ရေးချလိုက်ကြပြန်သည်။ ထို့နောက် ဆေးပင်များ ယူခိုင်းရန် ဧကရာဇ်ကို လျှောက်တင်မည်ပြင်ပြီးမှ ဧကရာဇ်က အမွေးပုံကြား၌ နစ်မြုပ်နေဆဲဖြစ်ကြောင်း သတိရသွား၏။
သူတို့နှစ်ယောက် မည်သို့မျှ မတတ်နိုင်ဘဲ ချောင်းတစ်ချက်ဟန့်၍ အပြင်ဘက်မှ နန်းတွင်းသမားတော်များကို သူတို့ဖာသာ ဆင့်ခေါ်လိုက်ရသည်။
အမိန့်စောင့်နေသော နန်းတွင်းသမားတော်များမှာ ခန်းမအတွင်းမှ လှေကားထစ်များအထိ ပြန့်ကြဲနေသော အမွေးပုံကြီးကို ကြည့်၍ ထိတ်လန့်တုန်ရီသွား၏။
များစွာမကြာလိုက်ဘဲ နန်းတွင်းသမားတော်များက ဆေးပင်များနှင့်အတူ ပြန်ရောက်လာသည်။ ချင်မူက နောက်တစ်ဖန်ပြန်၍ ဆေးဖော်လိုက်သကဲ့သို့ အဆိပ်ဘုရင်ငယ်မှာလည်း သူ့အဆိပ်ပိုးကောင်များ အလျင်အမြန် ပြုစုပျိုးထောင်လိုက်၏။
ချင်မူက ဝက်ခုတ်ဓားမနှစ်ချောင်းကို ဆွဲထုတ်၍ မရေမတွက်နိုင်သော အမွေးအမှင်များကို ခုတ်ထွင်ကာ ဧကရာဇ်ကို ရှာဖွေလိုက်သည်။ ဧကရာဇ်ကိုယ်တွင်းသို့ ဆေးလုံးများ အရောက်ပို့ရန်အတွက် သူ အတော်ကြိုးစားလိုက်ရ၏။ အခြားတစ်ဘက်တွင်တော့ အဆိပ်ဘုရင်ငယ်၏ မျက်နှာပေါ်မှ ကျောက်ပေါက်မာများ ပွင့်၍ အဆိပ်ပိုးကောင်များ ထွက်လာပြီး ဖော်စပ်ထားသော ဆေးများကို ယူဆောင်၍ ပိုးမျှင်လုံးအတွင်းရှိ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ်တွင်းသို့ ပို့ဆောင်ကြသည်။
“သေစမ်း…” သူတို့နှစ်ယောက်သား အခြေအနေကို စောင့်ကြည့်ရင်း မျက်နှာများ ဖြူဖျော့သွား၏။ “ကြည့်ရတာ အဆိပ်နဲ့ ဆေးက သဟဇာတမဖြစ်သေးတဲ့ပုံပဲ…”
ဧကရာဇ်၏ ခန္ဓာကိုယ်မှ အမွေးအမှင်များ ထပ်ရှည်ထွက်မလာတော့သော်လည်း ဒွါရကိုးပေါက်မှ အဆိပ်များ စီးကျလာသည်။ ဧကရာဇ်အတိုင်ပင်ခံဘက်တွင်တော့ အမွေးအမှင်များ စတင်ရှည်ထွက်လာ၏။
နတ်ဆေးသမားတော်နှစ်ယောက်မှာ စုတ်တံများကို အလျင်အမြန် ကောက်ယူ၍ ဆေးညွှန်းများ ထပ်ရေးလိုက်ကြပြန်သည်