← Chapters

အမြွှာညီအစ်မ

Vol. 20 Ch. 270

အမြွှာညီအစ်မ

Vol. 20 Ch. 270

ချင်မူနှင့် အဆိပ်ဘုရင်ငယ်မှာ ဆေးညွှန်းများ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ပြောင်းလဲပြီးနောက် အနည်းငယ် ဂနာမငြိမ် ဖြစ်လာသည်။ ဤသည်က သူတို့နှစ်ယောက် ပထမဆုံးအကြိမ် အတူပူးပေါင်းကုသခြင်း ဖြစ်၍ လိုချင်သည့်အတိုင်း ဖြစ်မလာသောနေရာများ၊ တစ်ယောက်နှင့်တစ်ယောက် သဟဇာတဖြစ်အောင် မဖြည့်ဆည်းပေးနိုင်သည့် နေရာများ တစ်ချိန်လုံး ရှိနေ၏။

ထို့ပြင် သူတို့နှစ်ယောက်စလုံးက တစ်ယောက်ထက်တစ်ယောက် ပိုသာချင်နေသဖြင့် ချင်မူ အဆိပ်ဘုရင်ငယ်ကို ပေးသော ဆေးမှာ အဆသုံးလေးငါးဆယ် အားကောင်းစေခြင်း မဟုတ်ဘဲ အဆခြောက်ဆယ် အားကောင်းစေသည်။ အဆိပ်ဘုရင်ငယ် ချင်မူ့ကို ပေးသော အဆိပ်ရည်မှာလည်း အဆိပ်ဓာတ် လိုသည်ထက် ပိုပြင်းနေ၏။

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် စွမ်းရည်ပြိုင်နေကြသော်လည်း အမှန်တကယ် ခံရသူက ဧကရာဇ်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ဖြစ်သည်။ သူတို့နှစ်ယောက်မှာ အတောမသတ်အောင် ညှဉ်းပမ်းနှိပ်စက်ခံနေရ၏။ ထို့ထက်ပိုဆိုးသည်မှာ သူတို့အနေဖြင့် မလှုပ်နိုင် မရုန်းနိုင်သကဲ့သို့ အကူအညီပင် အော်မတောင်းနိုင်ချေ။

ဧကရာဇ်၏ ခန္ဓာကိုယ်က ပြန်လည်၍ ကျုံ့ဝင်လာပြီး များမကြာမီ မူလအရွယ်အစားသို့ ပြန်ရောက်သွားသည်။ သို့သော်လည်း ထိုနေရာတွင် မရပ်သဖြင့် တစ်ခဏအတွင်း မွေးကင်းစကလေးအရွယ်သို့ ရောက်ရှိသွား၏။

‘ဒီနတ်ဆေးသမားတော် အဆိုးအသွမ်းနှစ်ကောင်ကို ခေါင်းဖြတ်သတ်ဖို့ ပါးကွက်သားတွေ ခန်းမထဲ ခေါ်ထားခဲ့ရမှာ…’ အမွေးပုံထဲတွင် နစ်နေသော ဧကရာဇ်မှာ နောင်တကြီးစွာ တွေးလိုက်မိသည်။

အခြားတစ်ဘက်တွင်တော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ်က ဖောင်းကားကြီးထွားနေ၏။ ထိုမျှသာမက သူ့တင်ပါးမှလည်း တစ်စုံတစ်ခု ကြီးထွားလာသည်။ ထိုအရာက အမွေးဖွားဖွား အမြီးတစ်ခုနှင့် တူနေ၏။

သူ့ချိုင်းကြား၌လည်း ယားကျိကျိ ဖြစ်၍ အရိုးများ ငေါထွက်လာသည်။ ထိုအရိုးများ ဆန့်ထွက်ကြီးထွားလာသောအခါ အတောင်ပံတစ်စုံနှင့် တူသွား၏။

လောက်လောက်လားလား အတောင်ပံတစ်စုံအဖြစ် ကြီးထွားလာလျှင် တော်သေးသော်လည်း ထိုအတောင်ပံများက တစ်ပေခန့် အရှည်အရောက်တွင် ကြီးထွားမှု ရပ်တန့်သွားသည်။

လူနာနှစ်ယောက်၏ ခန္ဓာကိုယ်က တစ်ခါတစ်ခါတွင် အေးစက်၍ တစ်ခါတစ်ခါတွင် ပူကျက်လာ၏။ တစ်ခါတစ်ခါတွင် ငရဲသို့ ရောက်၍ ဓားတောင်များပေါ်တွင် လှိမ့်နေရသလို ခံစားရပြီး တစ်ခါတစ်ခါတွင်တော့ မသေမျိုးနတ်ဝိဇ္ဇာများ ဖြစ်၍ နေရထိုင်ရ သက်သောင့်သက်သာ ရှိလာသလို ခံစားရသည်။ သို့သော်လည်း ထိုသို့ သက်သောင့်သက်သာဖြစ်လာခြင်းမှာ သူတို့၏ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များ အရည်ပျော်သွားခြင်း ဖြစ်၍ အန္တရာယ်အများဆုံး အခြေအနေပင် ဖြစ်၏။

တစ်ခါတစ်ခါတွင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး မခံမရပ်နိုင်အောင် နာကျင်လာသည်။ ထိုနာကျင်မှုက သာမန်ခေါင်းကိုက်သည်ထက် အဆပေါင်းထောင်ချီ ပြင်းထန်၏။ တစ်ခါတစ်ခါတွင် တစ်ကိုယ်လုံး ထောင်သောင်းချီသော အပ်ချောင်းများဖြင့် ထိုးစိုက်ခံရသလို ခံစားရသည်။ တစ်ခါတစ်ခါတွင်တော့ မခံမရပ်နိုင်အောင် ပြင်းထန်သည့် အက်ဆစ်ရည်ထဲ စိမ်နေရသလို ခံစားရ၏။

ခန်းမအတွင်း၌ ချင်မူက အမွေးအမှင်များ ပြည့်နေသည့် ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ချ၍ လက်တစ်ဖက်တွင် စုတ်တံကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် မေးထောက်ပြီး ငိုင်တွေစဉ်းစားနေသည်။

သူနှင့်မလှမ်းမကမ်းတွင် အဆိပ်ဘုရင်ငယ်မှာလည်း မျက်ခုံးကြောများ ရှုံ့၍ ဂနာမငြိမ်စွာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း မည်သို့ ဆက်ကုရမည်နည်းဟု တွေးတောနေ၏။

သူတို့နှစ်ယောက်စလုံး အခက်တွေ့၍ ရှေ့မဆက်နိုင် ဖြစ်နေကြသည်။ ချင်မူ သူ့စုတ်တံကို အကြိမ်ပေါင်းများစွာ ပင့်မြှောက်လိုက်သော်လည်း မည်သည်ကိုမျှ ရေးချနိုင်ခြင်း မရှိချေ။ အဆိပ်ဘုရင်ငယ်မှာလည်း စုတ်တံတမြှောက်မြှောက်နှင့် မည်သည်မျှ ရေးချနိုင်ခြင်း မရှိ။

ထိုအခိုက်၌ လင်ယွိရှို့က ခန်းမအတွင်း ခေါင်းထိုး၍ ချောင်းကြည့်လာပြီး အခက်တွေ့နေသော လူနှစ်ယောက်ကို အမြင်တွင် ခပ်တိုးတိုး မေးလိုက်၏။ “နွားကျောင်းသား၊ အခြေအနေ ဘယ်လိုရှိလဲ…”

ချင်မူ ပြန်မဖြေနိုင်မီ အဆိပ်ဘုရင်ငယ်က ဟက်ခနဲ ရယ်မောလိုက်သည်။ “မင်းက ဆဋ္ဌမမင်းသမီးနော်… ဟုတ်တယ်မလား…”

လင်ယွိရှို့က တစ်ခဏမျှ တုံ့ခနဲ ဖြစ်သွားပြီး ပြန်ပြောလိုက်၏။ “ဟုတ်တယ်၊ အခု အစ်ကိုတော်က အကြီးဆုံးမင်းသား ဖြစ်သွားပြီဆိုတော့ ကျွန်မက ဆဋ္ဌမမင်းသမီးပေါ့…”

“အကြီးဆုံးမင်းသားဆိုတော့ လက်ရှိအိမ်ရှေ့မင်းသားယွိရှုပေါ့…” အဆိပ်ဘုရင်ငယ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။ “ဂုဏ်ယူပါတယ် ဆဋ္ဌမမင်းသမီး၊ ရမ်းကုတစ်ယောက်ရဲ့ ကုသမှုကြောင့် မင်းရဲ့ အစ်ကိုတော် မကြာခင် ထီးနန်းတက်ပြီး ဧကရာဇ် ဖြစ်လာတော့မယ်…”

လင်ယွိရှို့မှာ အလန့်တကြား ထခုန်မိပြီး ချင်မူ့ကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။ ထို့နောက် အသံတိမ်တိမ်ဖြင့် အထစ်ထစ်အငေါ့ငေါ့ မေးလိုက်သည်။ “နွား… နွားကျောင်းသား၊ နင် တကယ်ပဲ ခမည်းတော် နတ်ရွာစံအောင် ကုပစ်တာလား…”

“မစိုးရိမ်ပါနဲ့၊ သူ မသေပါဘူး…” ချင်မူက လင်ယွိရှို့ကို နှစ်သိမ့်လိုက်၏။ ထို့နောက် သရော်တော်တော် ပြောလိုက်သည်။ “ငါ ဧကရာဇ်ကို သေအာင်မကုခင် အဲဒီသောက်ရူးက ဧကရာဇ်အတိုင်ပင်ခံကို သေအောင်ကုမှာ… ဧကရာဇ်အတိုင်ပင်ခံသာ ကျောထောက်နောက်ခံ မရှိရင် နင့်အစ်ကို ဧကရာဇ်ဖြစ်လာတောင် ထီးနန်းက ဆွဲချခံရမှာပဲ…”

လင်ယွိရှို့မှာ ငိုတော့မလို ဖြစ်လာ၏။ “နင်တို့ ငါ့ကို ခြောက်လှန့်နေတာပါ… ဟုတ်တယ်မလား…”

အဆိပ်ဘုရင်ငယ်က လှောင်ရယ်ရယ်လိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံ ငါ့လက်ထဲမှာ သေသွားရင်တောင် အဲဒါ မင့်ဆေးက အဆိပ်ဓာတ်ကို အားဖြည့်ပေးလို့ပဲ…”

ချင်မူကလည်း သူ့ကို တစ်ပြန်တစ်လှည့် ရယ်မောလိုက်၏။ “ဧကရာဇ်ကလည်း ကျုပ်လက်ထဲမှာ သေသွားတာ ဟုတ်ချင်ဟုတ်လိမ့်မယ်၊ ဒါပေမဲ့ အဲဒါက ခင်ဗျားရဲ့ အဆိပ်ကြောင့်ပဲ… ခင်ဗျားလည်း ဒီနန်းတော်ထဲက အသက်ရှင်ရက် ထွက်သွားနိုင်မယ် မထင်နဲ့…”

သူတို့နှစ်ယောက် အပြန်အလှန် စိုက်ကြည့်ရင်း ဒေါသမီးများ အလျှံတညီးတညီး တောက်လောင်ကာ တစ်ယောက်ကိုယ်တစ်ယောက် အဆိပ်ခပ်သတ်ချင်စိတ်များ တဖွားဖွား ပေါ်ထွက်လာသည်။

လင်ယွိရှို့က ဒေါသအိုးပေါက်ကွဲသွားပြီး အော်ဟစ်လိုက်၏။ “နှစ်ယောက်စလုံး၊ နင်တို့လက်ချက်ကြောင့် ခမည်းတော်နဲ့ ဧကရာဇ်အတိုင်ပင်ခံ သေသွားရင် နန်းတော်ထဲက အသက်ရှင်ရက် ထွက်ရမယ်မထင်နဲ့… ပါးကွက်သားတွေ ဘယ်ရောက်နေလဲ၊ ပါးကွက်သားတွေ…”

ဧကရာဇ်ယန်ဖုန်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတို့ နှစ်ယောက်စလုံး သက်ပြင်းကိုယ်စီချ၍ စိတ်ထဲမှ တွေးလိုက်ကြသည်။ “ယွိရှို့(ဆဋ္ဌမမင်းသမီး)က စဉ်းစားဆင်ခြင်ဉာဏ်နဲ့ ပြည့်စုံလို့ တော်သေးတယ်… မဟုတ်ရင် ဒီလူဆိုးလူသွမ်းနှစ်ကောင် ရန်ဆက်ဖြစ်နေတာနဲ့ ငါတို့နှစ်ယောက် သေရင်သေ၊ မသေရင် သေတာနဲ့မခြားတဲ့ ဒုက္ခိတဖြစ်ဖို့ပဲ ရှိတော့မယ်…”

နန်းတွင်းအစောင့်တပ်ဖွဲ့များက အပြေးအလွှား ရောက်ရှိလာပြီး ခန်းမအပြင်ဘက်၌ တန်းစီရပ်လိုက်ကြ၏။

လင်ယွိရှို့က ချင်မူတို့ကို နှစ်ယောက်ကို သတ်ဖြတ်တော့မလို စူးစူးရဲရဲကြည့်ရင်း ခါးထောက် အော်ငေါက်လိုက်သည်။ “ပါးကွက်သားတွေ အပြင်ဘက်မှာ တွေ့လား… နင်တို့နှစ်ယောက်စလုံး ငါ့စကားနားထောင်… တစ်ယောက်ဆေးကို တစ်ယောက် မဖိနှိပ်နိုင်၊ တစ်ယောက်အဆိပ်ကို တစ်ယောက် မကိုင်တွယ်နိုင်မှတော့ နေရာလဲကြ… ရုပ်ဆိုးကြီး၊ ရှင်က ခမည်းတော်ကို ကု… နွားကျောင်းသား၊ နင်က ဧကရာဇ်အတိုင်ပင်ခံကို ကု…”

ချင်မူက မတ်တတ်ထရပ်၍ အဆိပ်ဘုရင်ငယ်ကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “လူနာလဲကြမယ်…”

အဆိပ်ဘုရင်ငယ်၏ မျက်ဝန်းများလည်း တောက်ပသွားသည်။ “မင်းက ဧကရာဇ်အတိုင်ပင်ခံကို ကုပြီး ငါက ဧကရာဇ်ကို ကုရင် ထူးခြားမှု ရှိလာနိုင်တယ်…”

သူတို့နှစ်ယောက်သား ကမန်းကတန်း လူနာလဲ၍ အခြေအနေကို ကြည့်ရှုစစ်ဆေးလိုက်ကြ၏။

ထို့နောက်တွင်တော့ သက်ပြင်းကျိတ်ချ၍  တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

ဤမတိုင်မီတွင် ချင်မူက နဂါးချီလင်ကို ခေါ်၍ မဟာမြို့ပျက်သို့ ပြန်ပြေးရန် ကြံစည်နေသကဲ့သို့ အဆိပ်ဘုရင်ငယ်ကလည်း ထွက်ပြေးတိမ်းရှောင်၍ ဇာတ်မြှုပ်နေရန် စိတ်ကူးထား၏။ အပြင်ဘက်မှ အဆင့်မြင့်ပညာရှင်များအတွက်တော့ သူတို့ကဲ့သို့ နတ်ဆေးသမားတော်များအနေဖြင့် အဆိပ်ဆေးတစ်ဖုံ ဖော်စပ်လိုက်ရုံသာ လိုသည်မဟုတ်လား။

သို့သော်လည်း လူနာလဲပြီးသည့်နောက်တွင်တော့ တစ်ယောက်ဖန်တီးထားသည့် အရှုပ်ထုပ်ကို တစ်ယောက်ပြန်ရှင်း၍ ရကြောင်း တွေ့ရှိသွားသည်။ ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံ သေဆုံးသွား၍ ထွက်ပြေးတိမ်းရှောင်ရမည့် အဖြစ်မျိုးကို သူတို့ စိတ်ပူစရာ မလိုတော့ပေ။

ချင်မူနှင့် အဆိပ်ဘုရင်ငယ်က စုတ်တံများမြှောက်၍ ဆေးညွှန်းများ ရေးချပြီး နန်းတွင်းသမားတော်များကို ဆေးပင်များ အယူခိုင်းလိုက်၏။

သူတို့နှစ်ယောက်စလုံးက ကိုယ့်လူနာကိုယ် ဂရုတစိုက် စမ်းသပ်ကုသ၍ ဆေးညွှန်းများကို ထပ်ခါထပ်ခါ ပြောင်းလဲနေကြသည်။ သုံးရက်မြောက်သည့်နေ့တွင် ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှ အမွေးအမှင်များ ပြတ်ကျသွားပြီး ဧကရာဇ်အတိုင်ပင်ခံ၏ ကိုယ်ပေါ်မှာ ပိုးမှင်အိမ်လည်း တဖြည်းတဖြည်း ပျောက်ကွယ်သွား၏။

ဧကရာဇ်အတိုင်ပင်ခံ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများ တဖြည်ဖြည်း သက်သာလာပြီး နတ်ဘုရား ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များလည်း အားနည်းလျော့ပါးသွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ကျင့်စဉ်စွမ်းအင်အချို့ကို ပြန်လည်အသုံးပြု၍ ရပြီ ဖြစ်၏။

ဧကရာဇ်ယန်ဖုန်း၏ ကောင်းကင်ရတနာများက ပြိုပျက်လျက် ရှိသေးသော်လည်း ၎င်းတို့ကို ပြန်လည်တည်ဆောက်နိုင်စေရန် အဆိပ်ဘုရင်ငယ်က မရေမတွက်နိုင်သော အဆိပ်ပြင်းပင့်ကူငယ်များကို ချီစွမ်းအင်နှင့် အသက်ဓာတ်စွမ်းအားများ သယ်ယူပို့ဆောင်စေသည်။ ချင်မူ၏ ဆေးများမှ အားကောင်းသည့် အသက်ဓာတ်စွမ်းအင်များနှင့် ပေါင်းစည်းလိုက်သောအခါ ပြဿနာကြီးကြီးမားမား ရှိတော့မည် မဟုတ်ပေ။

သူတို့၏ ဒဏ်ရာများ အကောင်းပကတိ ပြန်ဖြစ်ဖို့မှာ အချိန်တစ်ခုသာ လိုတော့မည် ဖြစ်၏။

လင်ယွိရှို့က မိန်းမစိုးအချို့ကို ခေါ်ယူ၍ နန်းတော်ခန်းမကို သန့်ရှင်းစေလိုက်သည်။ ထိုမိန်းမစိုးများ သယ်ထုတ်သွားသည့်ထဲတွင် ဧကရာဇ်ထံမှ အမွေးအမှင်များစွာနှင့် ဧကရာဇ်အတိုင်ပင်ခံထံမှ ခြေ၊ လက်၊ အတောင်ပံ၊ အမြီးများ ပါသွား၏။

“ပြဿနာကြီးကြီးမားမား မရှိတော့ပါဘူး…”

ချင်မူက အဆိပ်ဘုရင်ငယ်ကို လှမ်းကြည့်လိုက်သည်။ အဆိပ်ဘုရင်ငယ်ကလည်း သူ့ကို လှမ်းကြည့်နေ၏။ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သရော်တော်တော် ရယ်မောလိုက်ကြသည်။ လင်ယွိရှို့မှာ သူ့ဘဝတစ်လျှောက်၏ အကြီးမားဆုံး ရန်သူနှင့် ဆုံတွေ့ရသည့်နှယ် ထိတ်လန့်တုန်လှုပ်သွားပြီး ကမန်းကတန်း အော်ဟစ်လိုက်၏။ “ရန်ထပ်မဖြစ်တော့နဲ့…”

ချင်မူက ဆေးညွှန်းတစ်ခု ရေးချပြီး နန်းတွင်းသမားတော်များကို ဆေးပင်များ သွားယူခိုင်းလိုက်သည်။ ထို့နောက် အညောင်းဆန့်၍ ပြုံးလိုက်၏။ “ငါ သူနဲ့ ရန်မဖြစ်အားပါဘူး… ဒီနှစ်ရက်သုံးရက်စလုံး ဧကရာဇ်နဲ့ ဧကရာဇ်အတိုင်ပင်ခံကို စမ်းသပ်ကုသနေတာ ပင်ပန်းနေပြီ၊ ပြန်နားတော့မယ်…”

အဆိပ်ဘုရင်ငယ်ကလည်း အေးစက်စက် ပြောလိုက်သည်။ “ငါလည်း ပင်ပန်းနေပြီ၊ ပြန်အိပ်ရဦးမယ်… ကျန်တာတွေကို တံခါးဝက ရမ်းကုတွေ လက်ထဲ ထားခဲ့လိုက်တော့…”

လင်ယွိရှို့က အဆိပ်ဘုရင်ငယ်ကို တစ်ချက်ကြည့်၍ ချင်မူ့ဘက်လှည့်ကာ ပြောလိုက်၏။ “နွားကျောင်းသား၊ နင့်ကို ငါ နန်းတွင်းကောလိပ် လိုက်ပို့မယ်…”

ချင်မူက တစ်ချက်တုံ့ဆိုင်းသွားပြီး ခေါင်းခါယမ်းလိုက်သည်။ “မလိုဘူး၊ နင်လည်း ပြီးခဲ့တဲ့ နှစ်ရက်စလုံး နားရသေးတာမှ မဟုတ်တာ…”

“ရတယ်၊ ငါ လိုက်ပို့မယ်…” လင်ယွိရှို့က ပြတ်သားစွာ ပြောလိုက်၏။

ချင်မူမှာ လင်ယွိရှို့က အလျှော့ပေးမည့်ဟန် မပြသဖြင့် မည်သို့မျှ မတတ်နိုင်ဘဲ သဘောတူလိုက်ရတော့သည်။ ထို့နောက် သူတို့နှစ်ယောက်သား နန်းတွင်းသမားတော်များ ဆေးပင်ယူ၍ ပြန်လာမည်ကို စောင့်လိုက်ကြ၏။ အဆိပ်ဘုရင်ငယ်က ဆေးပင်များ၏ အနံ့ကို နှာခေါင်းရှုံ့၍ ရှူလိုက်သော်လည်း ဤရက်များအတွင်း၌ ဆေးပင်များစွာ အသုံးပြုခဲ့သဖြင့် ခန်းမအတွင်း၌ ဆေးနံ့များ ကြိုင်လှိုင်နေပြီး အမျိုးအမည် ခွဲခြားနိုင်ခြင်း မရှိပေ။

ချင်မူက ဆေးပင်များ သွားယူလိုက်ပြီး လင်ယွိရှို့က သူ့နောက်မှ အလျင်အမြန် လိုက်လာသည်။ အဆိပ်ဘုရင်ငယ်ကလည်း သူတို့နောက်မှ ကပ်လိုက်လာ၏။ နန်းတော်အတွင်းမှ ကျောက်စိမ်းဖဲကြိုးမြစ်သို့ ရောက်သောအခါ အဆိပ်ဘုရင်ငယ်က ရေထဲသို့ ဗွမ်းခနဲ ခုန်ချသွားပြီး ပြန်ပေါ်မလာတော့ချေ။

လင်ယွိရှို့က တအံ့တဩ အော်ဟစ်၍ ငုံ့ကြည့်လိုက်သည်။ “ရုပ်ဆိုးကြီးက မြစ်ထဲဆင်းပြေးသွားပြီ… နွားကျောင်းသား၊ သူက နင့်ကို ကြောက်လို့လား…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “သူက ငါ့ကို ကြောက်တာမဟုတ်ဘူး… မယ်တော်ကြီးကို ကြောက်တာ…”

သူ့စကား မဆုံးမီမှာပင် ကျောက်စိမ်းဖဲကြိုးမြစ်က ကောင်းကင်ယံသို့ ကြွတက်လာပြီး မြစ်ရေများက ငွေရာင်မြွေကြီးတစ်ကောင်ကဲ့သို့ ကောင်းကင်ယံတွင် စီးဆင်းနေသည်။ နန်းတွင်းသူနှစ်ယောက် မီးအိမ်များကို မြှောက်၍ မြစ်ပြင်ဆီသို့ လျှောက်လှမ်းလာ၏။ မီးအိမ်အတွင်းမှ မရေမတွက်နိုင်သော ဓားရောင်များ ပြေးထွက်လာပြီး ကျောက်စိမ်းဖဲကြိုးမြစ်အတွင်းသို့ တိုးဝင်သွားသည်။

“မယ်တော်ကြီး၊ အဲဒီလူက မြစ်ထဲမှာ မရှိတော့ပါဘူး…” မီးအိမ်များ ကိုင်ဆောင်ထားသည့် နန်းတွင်းသူနှစ်ယောက်က မြစ်ကမ်းဘေးရှိ အဆောက်အဦမြင့်တစ်ခုသို့ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

ချင်မူနှင့် လင်ယွိရှို့တို့ ထိုနေရာသို့ ကမန်းကတန်း လှမ်းကြည့်လိုက်သောအခါ လသာဆောင်ပေါ်တွင် ရပ်နေသော မယ်တော်ကြီးကို တွေ့လိုက်ရသည်။ မယ်တော်ကြီးက လက်တစ်ကို ပင့်မြှောက်ထားရာမှ အသာအယာ ပြန်ချလိုက်၏။

ကျောက်စိမ်းဖဲကြိုးမြစ်မှလည်း တစ်မုဟုတ်ချင်း အောက်ပြန်ကျ၍ မြစ်ကြောင်းအတိုင်း ဆက်လက်စီးဆင်းသွားတော့သည်။

ချင်မူက လသာဆောင်ဘက် လှည့်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။ မယ်တော်ကြီးက ပြုံးလိုက်သည်။ “နတ်ဆေးသမားတော်လေး၊ ဧကရာဇ်ကို ကုလို့ပြီးပြီလား…”

ချင်မူက ပြန်လျှောက်တင်လိုက်၏။ “အနားယူဖို့တော့ လိုပါသေးတယ်၊ နောက်နှစ်နှစ်သုံးနှစ်ဆိုရင်တော့ အရင်အတိုင်း ပြန်ကောင်းသွားမှာပါ…”

မယ်တော်ကြီးက ခေါင်းညိတ်လိုက်သည်။ “ယွိရှို့၊ ဒီအပျိုတော်နှစ်ယောက်ကို ခေါ်သွားပြီး နတ်ဆေးသမားတော်လေးကို မယ်တော်ကြီးကိုယ်စား လိုက်ပို့ပေးလိုက်ပါဦး…”

လင်ယွိရှို့က ပြုံးလိုက်၏။ “ယွိရှို့လည်း သူနဲ့အတူတူ နန်းတွင်းကောလိပ်ကို ပြန်ဖို့လုပ်နေတာပါ မယ်တော်ကြီး…”

မယ်တော်ကြီးက စံအိမ်အတွင်း ဝင်သွားပြီး မီးအိမ်များ သယ်ဆောင်ထားသော နန်းတွင်းသူနှစ်ယောက်က ချင်မူနှင့် လင်ယွိရှို့နောက်မှ လိုက်ပါလာသည်။

နန်းတော်အပြင်သို့ ရောက်သောအခါ ချင်မူက ခြေလှမ်းများ ရုတ်တရက် ရပ်၍ နန်းတွင်းသူနှစ်ယောက် ပြောလိုက်၏။ “ပြန်လိုက်တော့၊ ရှေ့ဆက်ပို့ဖို့ မလိုတော့ပါဘူး…”

နန်းတွင်းသူနှစ်ယောက်က အမွှာညီအစ်မများ ဖြစ်၍ ရုပ်ချင်းဆင်တူကြသည်။ သူတို့နှစ်ယောက်စလုံးက ဉာဏ်ရည်ထက်မြက်သူများ ဖြစ်သဖြင့် ခေါင်းခါယမ်းလိုက်၏။ “မယ်တော်ကြီးက နတ်ဆေးသမားတော်လေးကို နန်းတွင်းကောလိပ်ရောက်အောင် ပို့ဖို့ ကျွန်မတို့ကို ညွှန်ကြားလိုက်ပါတယ်…”

ချင်မူ မျက်မှောင်ကြုတ်၍ လင်ယွိရှို့ကို ပြောလိုက်သည်။ “မိန်းကလေးယွိရှို့၊ သူတို့နဲ့ ပြန်လိုက်သွားလိုက်…”

လင်ယွိရှို့က ခေါင်းခါယမ်းလိုက်၏။ “ငါ နင့်ဘေးမှာ ရှိနေမှ အဆိပ်ဘုရင်ငယ်က နင့်ကို မထိရဲမှာပေါ့…”

ချင်မူ သက်ပြင်းချလိုက်သည်။ “ငါတို့လို ဆေးဆရာတွေအတွက် အဆိပ်ခပ်မသတ်ရဲတဲ့သူ ဘယ်သူမှ မရှိဘူး… အစကဆို ငါ့ဖာသာကာကွယ်ဖို့ပဲ လိုမှာ၊ အခုတော့ နင်တို့ကိုပါ ကာကွယ်ရတော့မယ်၊ အတော်လေး အားထုတ်ရလိမ့်မှာပဲ…”

နန်းတွင်းသူနှစ်ယောက်က တခစ်ခစ် ရယ်မောလိုက်၏။ “နတ်ဆေးသမားတော်လေးက အတော်ရယ်စရာ ပြောတတ်တာပဲ… သမားတော်လေးက အခုမှ ဓာတ်ကြီးငါးပါးအဆင့် မဟုတ်လား၊ အဆိပ်ဘုရင်ငယ်နဲ့ ကျွန်မတို့က ခုနစ်စဉ်ကြယ်အဆင့်တွေလေ… ပြီးတော့ မယ်တော်ကြီးက ကျွန်မတို့ကို အဆိပ်ဘုရင်ငယ်နဲ့ ရင်ဆိုင်ဖို့ ရတနာတစ်ခု ပေးလိုက်သေးတယ်… ကျွန်မတို့ညီအစ်မ ရှိနေရက်နဲ့ အဆိပ်ဘုရင်ငယ် လာရဲတယ်ဆိုရင် သူ့သေလမ်းသူရှာတာ ဖြစ်သွားမှာပေါ့…”

ချင်မူက ခေါင်းခါယမ်း၍ သူတို့ကို ဖျောင်းဖျခြင်း မပြုတော့ပေ။ “ဆေးဆရာတွေက အဆင့်ကွာခြားတာကို ဂရုမစိုက်ဘဲ လူသတ်နိုင်တယ်… ခင်ဗျားတို့က အတော်လေး အတွေ့အကြုံနည်းသေးတာပဲ… ကျွန်တော့်လိုလူတောင် ကောင်းကင်နတ်အသွင်အဆင့် ပညာရှင်တွေကို အခက်အခဲမရှိ အဆိပ်ခပ်နိုင်တယ်၊ အဆိပ်ဘုရင်ငယ်ဆိုရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့… ကျွန်တော့်နောက်ကို ဆက်လိုက်ချင်တယ်ဆိုလည်း သဘောပဲ၊ ဒါပေမဲ့ သတိတော့ပိုထား… ကျွန်တော်တစ်ယောက်တည်းနဲ့ အကုန်လုံးကို လိုက်ပြီး စောင့်ရှောက်နိုင်မှာ မဟုတ်ဘူး…”

နန်းတွင်းသူနှစ်ယောက်က တခစ်ခစ် ရယ်မော၍ မရပ်နိုင်အောင် ရှိသည်။

လမ်းတစ်လျှောက်တွင် လူသွားလူလာ များပြား၏။ နန်းတွင်းသူနှစ်ယောက် နေ့ခင်းကြောင်တောင် ရှေ့တစ်ယောက်၊ နောက်တစ်ယောက် မီးအိမ်များကိုင်၍ လျှောက်လှမ်းလာသည့် မြင်ကွင်းမှာ အတော်လေး မျက်စိကျဖွယ် ကောင်းလှသည်။ သို့သော်လည်း သူတို့က နန်းတွင်းအဝတ်အစားများ ဝတ်ဆင်လာသည့်အတွက် မည်သူမျှ လာရောက်စုံစမ်းမေးမြန်းခြင်း မရှိကြပေ။

နန်းတွင်းကောလိပ်က နန်းတော်နှင့် အတော်လေး လှမ်းလှ၏။ သို့သော်လည်း ခြောက်မိုင်ခုနစ်မိုင်ခန့် ခရီးနှင်ပြီးသည့်တိုင် တစ်စုံတစ်ရာမျှ ကြုံတွေ့ရခြင်း မရှိသေးပေ။ ချင်မူက လမ်းတစ်လျှောက် ဆေးများ ဖော်စပ်လာပြီး နောက်ဆုံးတွင် သူသယ်ဆောင်လာသော ဆေးပင်များအားလုံးကို ဆေးလုံးများအဖြစ် ဖော်စပ်ပြီးစီးသွားသည်။ ထို့နောက် သူ့လက်များကို ထောင်ထျယ်အိတ်ထဲသို့ ထိုးထည့်ထားပြီး ပခုံးစွန်းနှင့် လက်မောင်းသားများသာ မသိမသာ လှုပ်ခါနေ၏။ ထောင်ထဲအိတ်ထဲတွင် သူဖော်စပ်သည့် ဆေးအမျိုးအစားနှင့် လက်ဟန်နည်းစနစ်တို့ကို တွေ့မြင်ရခြင်း မရှိတော့ချေ။

နန်းတွင်းသူနှစ်ယောက်က သတိကြီးစွာထားပြီး လမ်းတစ်လျှောက် တွေ့သမျှ ပိုးကောင်များ၊ ပင့်ကူများ အားလုံးကို ဓားရိပ်များ ပစ်လွှတ်၍ သတ်ဖြတ်ပစ်သည်။ မည်သည့် ပိုးမွှားသတ္တဝါမျှ သူတို့နားသို့ ကပ်လာနိုင်ခြင်း မရှိ။

ရှေ့ဆက်ခရီးနှင်လာရင်း လေအေးတစ်ချက် ဝှေ့၍ တိုက်ခတ်သွားသဖြင့် သူတို့နှစ်ယောက် ချီစွမ်းအင်များကို တစ်မုဟုတ်ချင်း နှိုးဆွလိုက်၏။ မီးအိမ်မှ အလင်းရောင်များက ရုတ်တရက် ပို၍ လင်းလက်တောက်ပလာပြီး စက်ဝိုင်းပုံ အကာအကွယ်အတားဆီးလွှာနှစ်ခု ထွက်ပေါ်ကာ သူတို့အားလုံးကို ခြုံလွှမ်းဖုံးအုပ်သွားသည်။ လေအဟုန်မျှပင် အထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိတော့။

နန်းတွင်းသူတစ်ယောက်က ရယ်မောလိုက်၏။ “အဆိပ်ဘုရင်ငယ်က ဒီလိုနည်းလမ်းလေးတွေပဲ ရှိတာ…” သူ့စကားမဆုံးမီမှာပင် နူးညံ့လှပသော မျက်နှာတစ်ပြင် မည်းနက်၍ ပျော့ခွေလဲကျသွားသည်။ နောက်ဘက်မှ သူ့ညီမဖြစ်သူမှာလည်း ဘုတ်ခနဲ လဲပြိုကျ၍ လှုပ်ရှားနိုင်စွမ်း မရှိတော့ချေ။

လင်ယွိရှို့မှာ အံ့အားသင့်သွားပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှု၍ မေးမြန်းလိုက်၏။ “ဘာလို့ ငါတို့က ကောင်းသေးတာ…”

ဘုတ်…။

သူသည်လည်း ပက်လက်လန် လဲကျသွားသည်။

ဤအမျိုးသမီးသုံးယောက် လဲကျသွားပြီးသောအခါ ဆူးချွန်များ အပြည့်ဖုံးနေသော အနက်ရောင်လက်တံရှည်အချို့ မြေကြီးအောက်ထဲမှ တိုးထွက်လာ၏။ သူတို့၏ ခြေထောက်များက  ဤလက်တံရှည်များ၏ ဆူးချွန်နှင့် ခြစ်ပြီး အဆိပ်မိသွားကြခြင်း ဖြစ်သည်။

ချင်မူ လက်တစ်ချက် တောက်ထုတ်လိုက်သောအခါ ထိုလက်တံများက ပျော့ခွေ၍ တရှဲရှဲမြည် အရည်ပျော်သွားပြီး ရေအိုင်ငယ်လေးများ ဖြစ်သွား၏။ ထို့နောက်တွင် ကြီးမားသော သတ္တဝါကြီးတစ်ကောင် မြေကြီးအောက်ထဲမှ ရွေ့လျားနေသကဲ့သို့ တသိမ့်သိမ့် တုန်ခါသွားသည်။

ချင်မူက အမျိုးသမီးသုံးယောက် သတိပြန်လည်လာအောင် အဆိပ်ကို ဟန့်တားနိုင်သည့် ဆေးလုံးသုံးလုံးတိုက်လိုက်၏။

ရုတ်တရက် ခပ်လှမ်းလှမ်းမှ ညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။ “မင်းက ငါ့ကောင်လေးကို အားတိုးဆေးပေးလိုက်တာပဲ…”

ဘုန်း…။

မြေပြင်တစ်ခုလုံး တုန်ခါကွဲအက်၍ ဘေးနားရှိ အဆောက်အဦများ ပြိုလဲသွား၏။ မြေအောက်ထဲမှ ကိုက်သုံးဆယ်ခန့်မြင့်၍ ကိုက်ပေါင်းရာချီရှည်လျားသော ပိုးမွှားသတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လက်တံရှည်များ ဖုံးလွှမ်းနေ၏။ ဤသည်က အဆိပ်ဘုရင်ငယ် မွေးမြူထား အဆိပ်ပိုးကောင်ဘုရင်ပင် ဖြစ်သည်။

အဆိပ်ဘုရင်ငယ် သူ၏ အဆိပ်ပိုးကောင်ဘုရင်ကို အနားသို့ ပြန်ခေါ်လိုက်သည့်အခိုက်မှာပင် ၎င်း၏ ခန္ဓာကိုယ်က ချင်မူ၏ ဆေးဒဏ်ကြောင့် စတင်ဖောင်းကြွလာ၏။ သူ့အနေဖြင့် ဤဆေးအာနိသင်ကို ဖိနှိပ်လိုလျှင်ပင် ဖိနှိပ်နိုင်ခြင်း မရှိတော့ပေ။

အဆိပ်ဘုရင်ငယ်မှာ ပိုးကောင်ကြီး၏ ကျောပေါ်၌ ကိုးရိုးကားရား ပါသွား၏။

“ဘာတွေစောင့်နေကြတာလဲ…” ချင်မူက သူ့ဘေးမှ နန်းတွင်းသူနှစ်ယောက်ကို အော်ဟစ်လိုက်သည်။

နန်းတွင်းသူနှစ်ယောက်က ပျော့ခွေအားနည်း၍ ငိုင်တွေနေကြဆဲ ရှိသော်လည်း သူ့အသံကြားသည်နှင့် သူတို့၏ ချီစွမ်းအင်များကို မီးအိမ်များထဲသို့ ပို့လွှတ်လိုက်ကြ၏။ အဆိပ်ပိုးကောင်ဘုရင်ပေါ်သို့ မီးအိမ်မှ အလင်းရောင်များ ဓားသွားသဖွယ် ကျရောက်ထိုးစိုက်လာပြီး ဇကာပေါက်များ ဖြစ်သွားသည်။

အဆိပ်ဘုရင်ငယ်မှာလည်း ဓားဒဏ်ရာများစွာ ရသွားပြီး မီးခိုးငွေ့တန်းတစ်ခုသဖွယ် ပျောက်ကွယ်သွား၏။

နန်းတွင်းသူနှစ်ယောက်က မြေပြင်ပေါ်သို့ မီးအိမ်အလင်းရောင် ကမန်းကတန်း ထိုးလိုက်သည်။ မီးအိမ်၏ အလင်းရောင်အောက်၌ မြေပြင်အောက်တွင် ရှိနေသည်များကို ကိုက်ပေါင်းဒါဇင်ချီ အနက်ထိ ထွင်းဖောက်မြင်ရ၏။

သို့သော်လည်း ဤအမျိုးသမီးနှစ်ယောက်၏ ကိုယ်တွင်းရှိ အဆိပ်က ပြေသွားအောင် ဖြေထားခြင်း မဟုတ်ဘဲ ခဏတာ ဟန့်တားထားခြင်းသာ ဖြစ်သည်။ သူတို့ကိုယ်တွင်းမှ အဆိပ်က ပြန်၍ ထကြွလာကြောင်း ခံစားမိသဖြင့် ချီစွမ်းအင်ကို ဆက်လက်အသုံးမပြုရဲကြတော့ချေ။

ချင်မူက ပြောလိုက်၏။ “သူ့နောက်လိုက်ဖို့ မလိုတော့ပါဘူး… သူခံလိုက်ရလို့ ထွက်ပြေးသွားပြီပဲ၊ နောက်ကနေ ချောင်ပိတ်လိုက်ရိုက်ရင် ရွှေမြို့တော်တစ်ခုလုံးကို အဆိပ်ခပ်ပစ်မှာ စိုးရတယ်… ပြီးတော့ ခင်ဗျားတို့ မိထားတဲ့အဆိပ်တွေကို နောက်မကျခင် ကုရဦးမယ်…”

ချင်မူက သူတို့သုံးယောက်ထံမှ သွေးတစ်စက်စီ ဖောက်ထုတ်၍ စစ်ဆေးကြည့်ရှုလိုက်သည်။ သူတို့၏ သွေးများက မည်းနက်နေပြီ ဖြစ်၏။ သူတို့အကုန်လုံး အဆိပ်ပိုးကောင်ဘုရင် တစ်ကောင်တည်းထံမှ အဆိပ်မိထားခြင်း ဖြစ်သော်လည်း ဝင်ရောက်သည့် အဆိပ်ပမာဏက မတူညီသဖြင့် သီးခြားကုသမှုများ လိုအပ်သည်။

လမ်းတွင် ချင်မူက အဆိပ်အမျိုးအစားများ ခွဲ၍ ကုသပေးလာ၏။ ကျောင်းတော်သားအိမ်ရာသို့ ရောက်သည့်အချိန်တွင် သူတို့သုံးယောက်၏ ကိုယ်တွင်းရှိ အဆိပ်များကို ဖယ်ရှားကုသပြီးသွားချေပြီ။ သို့သော်လည်း အဆိပ်ဒဏ်အချို့ ကျန်သေးသဖြင့် ခေါင်းထောင်နိုင်ခြင်း မရှိကြသေးပေ။ ချင်မူ့အခန်းသို့ မရောက်မီပင် သူတို့အားလုံး မြေပြင်ပေါ်သို့ ပုံလဲကျသွားသည်။

ချင်မူ မျက်မှောင်ကြုတ်၍ သူတို့အားလုံးကို အိမ်ထဲဆွဲသွင်းလိုက်၏။ လင်ယွိရှို့နှင့် နန်းတွင်းသူနှစ်ယောက်ကို အိပ်ရာပေါ်သို့ ပစ်တင်ပြီးနောက် အိမ်တံခါးကို သွားပိတ်လိုက်သည်။

တံခါးဝ၌ နဂါးချီလင်က လှမ်းပြောလိုက်၏။ “ဂိုဏ်းသခင်၊ စိတ်မပူပါနဲ့၊ ဘယ်သူမှ ဝင်မလာစေရဘူး… ဒါကို ကျွန်တော် ကောင်းကောင်းသဘောပေါက်ပါတယ်…”

“ကောင်းတယ်၊ ကောင်းတယ်…” ချင်မူက သူ့ကို ချီးကျူးလိုက်သည်။

ဤရက်များအတွင်း၌ အားကုန်၍ ပင်ပန်းလာခဲ့သဖြင့် သူ့အခန်းအတွင်းသို့ ပြန်ရောက်သောအခါ မိန်းကလေးသုံးယောက်ကြားတွင် ဝင်လှဲ၍ အိပ်မောကျသွားတော့၏။ အိပ်ပျော်နေရင်းနှင့် နှာခေါင်းယားလာသဖြင့် ငုံ့ကြည့်ရာ မိန်းကလေးတစ်ယောက်၏ ဆံပင်ဖြစ်နေကြောင်း တွေ့ရသဖြင့် တွန်းထုတ်လိုက်သည်။ မိန်းကလေးသုံးယောက်အနက် မည်သူမှန်းမသိ ခုတင်အောက်သို့ ပြုတ်ကျသွားတော့၏။

All Chapters