← Chapters

ဝိညာဉ်ပူးကပ်ခြင်း

Vol. 20 Ch. 271

ဝိညာဉ်ပူးကပ်ခြင်း

Vol. 20 Ch. 271

ချင်မူ အိပ်ချင်မူးတူးနှင့် သူ့ကိုယ်ပေါ်သို့ တစ်စုံတစ်ယောက် တွယ်ဖက်တက်လာသလို ခံစားမိသည်။ သူက အိပ်နေစဉ် လာနှောင့်ယှက်သည်ကို သည်းမခံတတ်သူ ဖြစ်သဖြင့် ထိုသူကို နှစ်ချက်ခန့် ဆောင့်ကန်၍ ခုတင်အောက်သို့ တွန်းချပစ်၏။

ထိုသူမှာလည်း အိပ်ချင်မူးတူးနှင့် ခုတင်ပေါ် ပြန်တက်လာပြီး စောင်ဆွဲ၍ သူ့ရင်ဘတ်ပေါ် လာခွေသည်။ သို့သော်လည်း ချင်မူက ထပ်၍ ကန်ချပစ်၏။ အဆုံးတွင်တော့ မိန်းကလေးသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဖက်၍ ကွေးကွေးလေး အိပ်သွားကြပြီး အခြားတစ်ဘက်စွန်းတွင် ချင်မူတစ်ယောက်သာ သီးခြားကျန်ရစ်သည်။

ဤရက်များအတွင်း မအိပ်မနေ ကြိုးစားအားထုတ်ခဲ့ရသဖြင့် ချင်မူနှင့် လင်ယွိရှို့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွား၏။ နောက်တစ်နေ့မနက်ခင်း ချင်မူနိုးလာသောအခါ လင်ယွိရှို့က သူ့လက်မောင်းအောက်တွင် တိုးဝှေ့ပူးကပ်၍ အိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။ လင်ယွိရှို့ နိုးသွားမည်စိုး၍ သူ့လက်မောင်းကို အသာမ၍ ထလိုက်၏။

တကယ်တမ်းတွင် လင်ယွိရှို့မှာ နိုးနေပြီ ဖြစ်သည်။ သို့သော်လည်း သူက အရှက်ကြီးသည့် မိန်းကလေး ဖြစ်သဖြင့် ကိုးရိုးကားရားအခြေအနေကို မည်သို့ ရင်ဆိုင်ရမှန်း မသိဘဲ ဆက်၍ အိပ်ချင်ယောင်ဆောင်နေခြင်း ဖြစ်၏။ ချင်မူ ထသွားသောအခါမှ မျက်လုံးကို ခိုးဖွင့်ပြီး ကြည့်လိုက်ရာ ဖိနပ်များ ကောက်ယူ၍ အခန်းအပြင်သို့ ခြေဖျားထောက် ထွက်သွားသော နွားကျောင်းသားလေး၏ ကျောပြင်ကိုသာ တွေ့လိုက်ရသည်။

ချင်မူ အခန်းအပြင်သို့ ရောက်သောအခါမှ သက်ပြင်းဖူးခနဲ ချလိုက်၏။ အမြွှာညီအစ်မနှစ်ယောက်ကတော့ အစောကတည်းက နိုးနေပြီ ဖြစ်ပြီး ခြံဝင်းထဲ၌ စကားပြောနေကြသည်။ တစ်ယောက် ပြောလိုက်၏။ “သခင်လေးချင်က အိပ်နေရင်းနဲ့ လက်သီးထိုးရတာတော့ အတော်ကြိုက်တာပဲ… ငါ့ကို ကောင်းကောင်းကြီး ထိုးနှက်ကန်ကျောက်လိုက်တယ်၊ ဒီမှာကြည့်ဦး၊ ငါ့မျက်လုံးကြီး ရောင်နေပြီ…”

“နင်တစ်ယောက်တည်း ဘယ်ဟုတ်မလဲ… ငါ့လည်း ရင်ဝကို ဆောင့်ကန်ပြီး ခုတင်ပေါ်က တွန်းချတာ… ဒါနဲ့ သူက နင့်ကို အသားယူလိုက်သေးလား…”

“လက်ဖျားနဲ့တောင် မထိပါဘူးအေ… ဒါပေမဲ့ မင်းသမီးနဲ့ သခင်လေးချင်တို့ တစ်အိပ်ရာတည်း အိပ်တဲ့ကိစ္စကို ဘယ်လို သတင်းပြန်ပို့ကြမလဲ… ငါတို့လည်း တစ်ခုတင်တည်း၊ တစ်စောင်တည်းအောက်မှာ အိပ်ခဲ့တာပဲ…”

မိန်းကလေးနှစ်ယောက်မှာ တစ်ခဏမျှ တိတ်ကျသွားပြီး တစ်ပြိုင်နက်လိုလို ပြောလိုက်မိကြသည်။ “သတင်းမပို့ဘဲ ထားလိုက်မယ်… သခင်လေးချင်နဲ့ မင်းသမီးက ဒီကိစ္စကို ထုတ်ပြောမှာ မဟုတ်ဘူး၊ ငါတို့လည်း ဘာမှသွားမပြောတာ အကောင်းဆုံးပဲ…”

နန်းတွင်းမိသားစု၏ ဂုဏ်သိက္ခာနှင့် ပတ်သက်သည့် ကိစ္စကို နှုတ်မစောင့်စည်းမိလျှင် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားပေလိမ့်မည်။ သူတို့အနေဖြင့် ဤအကြောင်းကို ကောင်းစွာ သဘောပေါက်သဖြင့် နှုတ်ပိတ်နေရန်သာ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

ချင်မူက ဖိနပ်စီး၍ အပြင်ထွက်လာပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။

နန်းတွင်းသူနှစ်ယောက်က သူ့ကို ကမန်းကတန်း နှုတ်ဆက်လိုက်၏။ “သခင်လေး နိုးပြီလား… မနေ့က ကျွန်မတို့နှစ်ယောက် မဆင်မခြင်နဲ့ ရိုင်းရိုင်းပျပျ ပြုမူမိပါတယ်… ကံကောင်းထောက်မပြီး သခင်လေးရဲ့ စောင့်ရှောက်မှုကြောင့် အဆိပ်ဘုရင်ငယ်ရဲ့ လက်အောက်မှာ ကျွန်မတို့ရဲ့ အသက်တွေ မဆုံးရှုံးခဲ့ရတာပါ…”

ချင်မူက ပြန်လှန်နှုတ်ဆက်လိုက်သည်။ “ကံကောင်းပြီး မမကြီးတို့နှစ်ယောက် ရှိနေလို့ အဆိပ်ဘုရင်ငယ် ဒဏ်ရာရသွားပြီး ရှေ့ဆက်တိုးမလာရဲတော့တာပါ…”

နန်းတွင်းသူနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ တစ်ပြိုင်နက် ရယ်မောလိုက်ကြ၏။ “သခင်လေး၊ ကျွန်မတို့ကို မမကြီးလို့ မခေါ်ပါနဲ့… ကျွန်မတို့က မယ်တော်ကြီးအပါးမှာ ခစားပြီး မျိုးရိုးနာမည်တောင် မရှိပါဘူး… ကျွန်မနာမည်က ကျင့်ချီ၊ သူ့နာမည်က ချင်ချီလို့ ခေါ်ပါတယ်…”

နန်းတွင်းသူနှစ်ယောက်မှာ ချင်မူ သူတို့နှစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ မည်သူက ကျင့်ချီ၊ မည်သူက ချင်ချီဖြစ်ကြောင်း ခွဲခြားမှတ်သားရန် ကြိုးစားနေသည်ကို မြင်သောအခါ ရယ်မောလိုက်မိကြ၏။ ထိုအခါမှသာ ကျင့်ချီတွင် ဘယ်ဘယ်သွားတက်ရှိ၍ ချင်ချီတွင် ညာဘက်သွားတက်ရှိကြောင်း ချင်မူ သတိပြုမိသွားသည်။

“သခင်လေး၊ ကျွန်မတို့နှစ်ယောက် တစ်ညလုံး မပြန်ရသေးဘူးဆိုတော့ နန်းတော်ထဲကို စောစောပြန်ပြီး တာဝန်ပြီးဆုံးကြောင်း သတင်းသွားပို့လိုက်ပါဦးမယ်…” ချင်ချီက ပြောလိုက်၏။

ချင်မူ ခေါင်းညိတ်လိုက်သည်။ “တစ်ညအိပ်ပြီးပြီဆိုတော့ မမကြီးတို့ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အကြွင်းအကျန်တွေလည်း ကုန်သွားလောက်ပါပြီ၊ ဘာမှာ ပြဿနာမရှိနိုင်တော့ဘူး… ဒါပေမဲ့ ဒီအဆိပ်ဖြေဆေးလေးတွေတော့ ဆောင်သွားလိုက်ဦး…”

နန်းတွင်းသူနှစ်ယောက်မှာ ကျေးဇူးစကားဆို၍ အဆိပ်ဖြေဆေးများကို လက်ခံလိုက်၏။ သူတို့ ထွက်သွားတော့မည်ပြင်စဉ် အခန်းအတွင်းမှ လင်ယွိရှို့၏ အသံ ထွက်ပေါ်လာသည်။ “ငါ့ကို စောင့်ဦး၊ ငါလည်း နင်တို့နှစ်ယောက်နဲ့ အတူတူ လိုက်ခဲ့မယ်…”

မိန်းကလေးနှစ်ယောက် ခြေလှမ်းများရပ်၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အဝတ်အစားဖရိုဖရဲနှင့် အဖြူရောင်အတွင်းဝတ် လိပ်တက်၍ ကသောကမျော ပြေးလာသော လင်ယွိရှို့ကို တွေ့လိုက်ကြ၏။ သူ၏ ပျော့ပျောင်းလှပသော ဆံနွယ်များမှာလည်း ရှုပ်ပွ၍ အပေါ်ထပ်ဝတ်ကို ချိုင်းကြားတွင် ညှပ်ကာ ဖိနပ်များကို ခြေတရွတ်တိုက် ဆွဲပြီး အပြေးထွက်ခြင်း ဖြစ်သည်။ ပြေးလာရင်းနှင့် ဖိနပ်များ ပြုတ်ကျသွားသဖြင့် နောက်ပြန်လှည့်၍ ခြေထောက်များဖြင့် ညှပ်ဆွဲယူလိုက်၏။ ထိုသို့ နောက်အလှည့်တွင် နက်မှောင်သော ဆံကေသာများက ဖြူဖွေးသော ပခုံးသားပေါ်သို့ ရေတံခွန်တစ်ခုသဖွယ် ဖွာခနဲ ပြေကျသွားသည်။

ဆံပင်များကို ပြန်သိမ်းရန် ပြင်လိုက်သော်လည်း ချိုင်းကြားတွင် ညှပ်ထားသည့် အပေါ်ထပ်ဝတ်က လွတ်ကျသွားပြန်၏။ လင်ယွိရှို့၏ အသွင်က အတော်လေး သနားစရာ ကောင်းနေသည်။

ချင်မူမှာ သူ့ကို လှမ်းအကြည့်တွင် အတွင်းဝတ်အောက်မှ ခုန်ထွက်တော့မတတ် ဖြစ်နေသော ဖွံ့ထွားသည့် ရွှေရင်အစုံကို မြင်လိုက်မိ၏။ ဤလူငယ်လေး၏ ရင်ထဲတွင် တဒိုင်းဒိုင်းခုန်၍ ပြေးကူရမည်လား၊ လှမ်းသတိပေးရမည်လားမသိ ဖြစ်သွားသည်။

ကျင့်ချီနှင့် ချင်ချီတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မင်းသမီးကို ဖေးမကာ အခန်းထဲခေါ်သွားပြီး သပ်သပ်ယပ်ယပ် ဖြစ်အောင် ပြင်ဆင်ပေးလိုက်ကြရ၏။

လင်ယွိရှို့၏ ပါးပြင်မှာ ရှက်ရွံ့မှုဖြင့် နီရဲနေပြီး အရဲစွန့်၍ ခပ်တိုးတိုး မေးလိုက်သည်။ “ကျွန်မ ကိုယ်ဝန်ရသွားမှာလားဟင်…”

နန်းတွင်းသူနှစ်ယောက်မှာ မျက်လုံးပြူးသွားပြီး တအံ့တဩ မေးလိုက်၏။ “မင်းသမီးက ဘာလို့ အဲလိုမေးတာလဲ…”

“ကျွန်မကြားဖူးတာတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူအိပ်ရင် မိန်းမမှာ ကိုယ်ဝန်ရသွားတတ်တယ်တဲ့…” လင်ယွိရှို့က အလေးအနက် ပြောလိုက်သည်။ “ကျွန်မတို့ အတူအိပ်သွားတာ တစ်နေ့လုံးတစ်ညလုံးနီးပါးပဲ… ကျွန်မမှာ ကိုယ်ဝန်ရသွားလောက်ပြီ ထင်တယ်…”

ကျင့်ချီမှာ တဟားဟား ရယ်မောလိုက်မိ၏။ “မင်းသမီး၊ မှားနေပြီ၊ အဲလို မဟုတ်ဘူး… အား ဘယ်လိုရှင်းပြရမလဲ မသိတော့ဘူး၊ သခင်လေးက နတ်ဆေးသမားတော်ပဲဟာ သူ့မှာ ကိုယ်ဝန်မရအောင် တားလို့ရတဲ့ နည်းလမ်းတွေ သေချာပေါက် ရှိမှာပါ…”

လင်ယွိရှို့များ မျက်လုံးများ ပြူးကျယ်အောင် ပွင့်သွားသည်။ “အဲလို လုပ်လို့ရလား…”

“ရတာပေါ့… တချို့ အထက်တန်းစားမိသားစုက သခင်မတွေဆိုရင် ကလေးမလိုချင်လို့ ဆေးဆရာတွေဆီက ကိုယ်ဝန်တားဆေးတွေ တောင်းကြတာ ကျွန်မကြားဖူးတယ်…”

…။

ချင်မူက အမျိုးသမီးသုံးယောက်ကို လက်ပြနှုတ်ဆက်ရင်း အဝါရောင်သစ်တော်ပင် တစ်ပင်လုံး သစ်တော်ပန်းများ ပွင့်လန်း၍ ဖွေးဖွေးလှုပ်နေကြောင်း သတိပြုမိလိုက်၏။

“နောက်ဆုံးတော့ နွေဦးပေါက်ရာသီ ရောက်လာပြီပဲ…” သူ့စိတ်ထဲမှ တွေးလိုက်သည်။ ‘ပထမရာသီက စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေ ရင့်မှည့်ရင် ဒီနှစ်ကပ်ဆိုး အဆုံးသတ်သွားပြီပေါ့…’

သူ မျက်နှာသစ်၍ အပြင်ထွက်ရန် ပြင်လိုက်၏။ နဂါးချီလင်နှင့် သူသာ ရှိသဖြင့် ချက်ပြုတ်စားသောက်ရန် စိတ်မကူးတော့ဘဲ တောင်အောက်ဆင်းစားရန် ကြံလိုက်ခြင်း ဖြစ်သည်။ ခြံဝင်းအပြင်သို့ အရောက်တွင် ပါမောက္ခပါ့ရှန် လျှောက်လှမ်းလာသည်ကို မြင်တွေ့ရ၏။ သူက အသံကျယ်လောင်ကျယ်လောင်ဖြင့် လှမ်းပြောလိုက်သည်။ “ငါ လမ်းမှာ မင်းသမီးနဲ့ မီးအိမ်သယ်လာတဲ့ နန်းတွင်းသူနှစ်ယောက်ကို တွေ့ခဲ့တယ်… သူတို့က မင်းအိမ်ကနေ ပြန်သွားတာလား…”

“ဆရာတူအစ်ကိုကြီး၊ သက်သေမရှိဘဲ လျှောက်လျှောက်မပြောစမ်းပါနဲ့…” ချင်မူက မျက်နှာအမူအရာနှင့် နှလုံးခုန်သံကို မူမပျက်အောင် ထိန်း၍ ပြောလိုက်၏။ “ဆရာတူအစ်ကိုကြီးက ပန်ကုန်းစုန်ကိစ္စနဲ့ ကျွန်တော့်ကို လာရှာတာလား… မနက်စာရော စားပြီးပြီလား…”

ပါ့မောက္ခပါ့ရှန်က နယ်စားဝေ့အောက် မကျအောင် အာကျယ်သူ ဖြစ်သည်။ လင်ယွိရှို့နှင့် နန်းတွင်းသူနှစ်ယောက် ချင်မူ့အခန်းတွင် တစ်ညလုံးအိပ်သွားကြောင်းသာ သူသိသွားလျှင် ရွှေမြို့တော်တစ်ခုလုံး သိသွားသည်နှင့် ခြားလိမ့်မည် မဟုတ်ပေ။

ချင်မူအတွက်တော့ ဤဖြစ်ရပ်က သာမန်မျှသာ ဖြစ်၏။ မည်သည်ကိုမျှ လွန်ကျူးခဲ့ခြင်း မရှိ။ သို့သော်လည်း အပြင်လူများအတွက်တော့ ဤသည်က သေးသေးမွှားမွှား ကိစ္စရပ် မဟုတ်ချေ။ သူနှင့် မင်းသမီး အတူအိပ်ခဲ့သည့် သတင်းသာ ပြန့်သွားလျှင် ဧကရာဇ်က သူ့ကို ခေါင်းဖြတ်သတ်ပေလိမ့်မည်။ ဤအကြောင်းကို ဖုံးကွယ်ထားသည်သာ အကောင်းဆုံး ဖြစ်၏။

“ငါက အောက်မှာ စားခဲ့ပြီ… မင်းက နန်းတော်က အခုမှ ပြန်ရောက်ပြီး နေ့မနားညမနား အားကုန်ခဲ့ရတာဆိုတော့ ဗိုက်ဆာနေမယ်ထင်လို့ စားစရာဝယ်လာတယ်…”

ပါမောက္ခပါ့ရှန်က ဆီစိမ်စက္ကူထုပ်အချို့ကို ထုတ်ပေးလိုက်သည်။ ချင်မူက ကျေးဇူးစကားဆို၍ လှမ်းယူလိုက်၏။ စက္ကူထုပ်ကို ဖွင့်လိုက်သောအခါ အသားပေါက်စီအချို့၊ ဆန်းကြယ်သားရဲ အသားဟင်း၊ ကြက်သွန်ပါးပါးလှီးထည့်ထားသည့် ငရုတ်ရည်အချဉ်၊ ဆားရည်စိမ်အသီးအရွက်များကို တွေ့ရသည်။

ချင်မူက ပါမောက္ခပါ့ရှန်ကို အိမ်ထဲသို့ ဖိတ်ခေါ်၍ ဖင်ထိုင်ချပြီး စားသောက်လိုက်၏။

ပါမောက္ခပါ့ရှန်က ပလုတ်ပလောင်းစားနေသော သူ့ကို ကြည့်၍ သက်ပြင်းချလိုက်သည်။ “ဧကရာဇ်က တကယ့်ကို ကပ်စေးနှဲတာပဲ… သူ့ကို ဆေးကုပေးတာတောင် မင်းစားဖို့ ဘာမှ ပြင်ပေးမထားဘူး… ဒါနဲ့ ပန်ကုန်းစုန်က အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ အတားအဆီးကို ချိုးဖျက်ဖို့ အဆင့်တစ်ဝက်ရောက်နေပြီ…”

“မြန်လှချေလား…”

ချင်မူ အံ့အားတကြီး ခေါင်းမော့ကြည့်လိုက်မိ၏။

အရပ်ခြောက်မျက်နှာအဆင့်သို့ ရောက်လျှင် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်ပေတော့မည်။ ကျင့်ကြံခြင်းလမ်းစဉ်၌ အဆင့်တိုင်းကို ကြေကြေညက်ညက် ကျင့်ကြံရန် လိုအပ်သည်။ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ အတားအဆီးကို နှစ်နှစ်အတွင်း ချိုးဖျက်ခဲ့သော ချင်မူကဲ့သို့သူပင် အလွန်တရာ မြန်ဆန်လှပြီဟု သတ်မှတ်နိုင်၏။

သူ့အနေဖြင့် ဓာတ်ကြီးငါးပါးအဆင့်တွင် တစ်နှစ်နီးပါး ကြိုးကြိုးစားစား လေ့ကျင့်ပြီးမှ အရပ်ခြောက်မျက်နှာအဆင့်နား ကပ်နိုင်ရုံ ရှိသေးသည်။ အတားအဆီးနံရံကို အောင်အောင်မြင်မြင် ချိုးဖျက်နိင်မည်လား မသိသေးချေ။

ပြီးခဲ့သည့်အခေါက် ပန်ကုန်းစုန်နှင့် ဆုံတွေ့ခဲ့စဉ်က ဝိညာဉ်သန္ဓေသားအဆင့် ရှိသည့် ကောင်ကလေးတစ်ယောက်သာ ဖြစ်သော်လည်း နှစ်တစ်ဝက်ကြာသည့် ယခုအချိန်တွင် ပန်ကုန်းစုန်၏ အဆင့်က ချင်မူ့ထက်ပင် သာလွန်နေပြီ ဖြစ်၏။ ပန်ကုန်းစုန်က မကြာမီအချိန်အတွင်း၌ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာတော့ပေမည်။

ဤသည်က သာမန်ကျင့်ကြံနှုန်းမဟုတ်။ နတ်ဘုရားတစ်ပါး၏ ကျင့်ကြံနှုန်းဟု ခေါ်ရပေလိမ့်မည်။

“အဲကောင်လေးနဲ့ ပတ်သက်ပြီး ထူးဆန်းနေတာတစ်ခု ရှိတယ်…”

ပါမောက္ခပါ့ရှန်က ဆားရည်စိမ်ဟင်းရွက်တစ်ရွက် ဖဲ့၍ ပါးစပ်ထဲ ထည့်လိုက်၏။ “နန်းတွင်းကောလိပ်ရဲ့ အရပ်ခြောက်မျက်နှာခန်းမက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ အတားအဆီးနံရံကို ဘယ်လိုချိုးဖျက်ရမလဲ သင်ကြားပေးတဲ့နေရာပဲ… အဲဒီမှာ ဓာတ်ကြီးငါးပါးအဆင့်ကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီးတဲ့ ကျောင်းတော်သားတွေ သင်ခန်းစာ လာနားထောင်ကြတယ်… ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်၊ ချင်ယွီ၊ ယွင်ချွယ်၊ ဖက်တီးဝေ့နဲ့ တခြားတော်ဝင်မျိုးနွယ်တွေ အဲဒီခန်းမမှာ ရောက်နေကြပြီ၊ ပန်ကုန်းစုန်လည်း အဲဒီမှာပဲ… အရပ်ခြောက်မျက်နှာခန်းမကို တာဝန်ယူရတဲ့ သီလရှင်ဟုန်ဖပြောတာတော့ ပန်ကုန်းစုန်ရဲ့ တိုးတက်မှုနှုန်းက သိပ်ကိုမြန်တယ်၊ သူ့လမ်းညွှန်မှု လုံးဝမလိုဘူးတဲ့… ပန်ကုန်းစုန်က လွန်ခဲ့တဲ့သုံးရက်ကမှ ဓာတ်ကြီးငါးပါးအဆင့် ပြီးပြည့်စုံတာပဲ ရှိသေးတယ်၊ အခု အရပ်ခြောက်မျက်နှာ အတားအဆီးနံရံကို ချိုးဖျက်ဖို့ အဆင့်တစ်ဝက်ရောက်နေပြီတဲ့… နောက်နှစ်ရက်လောက်ဆိုရင် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်တော့မယ်… ဒါနဲ့ မင်းရဲ့ ကျင့်စဉ်စွမ်းအဆင့်က ဘယ်လောက် ရောက်နေပြီလဲ…”

“ကျွန်တော်က ဓာတ်ကြီးငါးပါးအဆင့် ပြီးပြည့်စုံတဲ့အနေအထားပဲ…” ချင်မူက အသားတုံးတစ်ဖဲ့ ကိုက်ဝါးရင်း ပြောလိုက်သည်။ “အရပ်ခြောက်မျက်နှာအဆင့်အကြောင်း ဘာမှ မသိသေးတာပဲရှိတာ…”

ပါမောက္ခပါ့ရှန်၏ မျက်ဝန်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ “အဲဒါဆိုရင် မင်း အရပ်ခြောက်မျက်နှာခန်းမကို သွားသင့်တယ်… သီလရှင်ဟုန်ဖက အဲဒါကို အထူးပြုသင်တာ… မင်းနဲ့ ပန်ကုန်းစုန် ဘယ်သူပိုသာလဲဆိုတာ ငါလည်း သိချင်သေးတယ်…”

ချင်မူက ခေါင်းပင် မော်မကြည့်ချေ။ “မလိုဘူး ထင်တာပါပဲ၊ ကျွန်တော်က လောကသခင်ခန္ဓာ…”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်… မင်းက လောကသခင်ခန္ဓာ၊ အားလုံးထက် ပိုသာတဲ့ ထိပ်ဆုံးကသူပါ…” ပါမောက္ခပါ့ရှန်က ပြုံးလိုက်သည်။ “ငါ ချန်ဝမ်ယွင်ကို လွှတ်ပြီး သူ့ကို စမ်းသပ်ကြည့်ပြီးပြီ… ဝမ်ယွင်က သိုင်းကွက်နှစ်ကွက်ပဲ ထုတ်နိုင်တယ်၊ ရှုံးသွားတာ…”

နောက်ဆုံးတွင်တော့ ချင်မူ ခေါင်းမော့လာပြီး တအံ့တဩ ရေရွတ်လိုက်၏။ “နှစ်ကွက်တည်းလား… ဆရာတူအစ်ကိုကြီး၊ သူက ချန်ဝမ်ယွင်ကို နှစ်ကွက်တည်းသုံးပြီး အနိုင်ယူခဲ့တာ သေချာလား…”

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်သည်။

ချင်မူမျက်နှာထက်တွင် လေးနက်သည့် အမူအရာ ပေါ်ထွက်လာ၏။ ချန်ဝမ်ယွင်၏ အထုံပါရမီက အမှန်တကယ် ထူးချွန်လှသည်။ မျိုးဆက်သစ်လူငယ်များကြား၌ ထူးချွန်သူတို့၏ ထိပ်ခေါင်တစ်ယောက်ဟုပင် ဆိုနိုင်၏။ သူ၏ အထုံပါရမီနှင့် ထိုးထွင်းသိမြင်နိုင်မှုက ဖိုကျစ်နှင့် တောက်ကျစ်တို့အောက် တစ်ဆင့်နိမ့်ရုံမျှသာ ဖြစ်ပြီး အလွန်တရာ ထက်မြက်သည့် စွမ်းရည်ရှိသည်။ ဖိုကျစ်ဖိုရှင်း နန်းတွင်းကောလိပ် မုခ်ဦးတံခါးကို လာရောက်ပိတ်ဆို့စဉ်က ချန်ဝမ်ယွင် ရှေ့ထွက်စိန်ခေါ်ပြီး အကွက်တစ်ဒါဇင်ကျော်မှာ ရှုံးနိမ့်ခဲ့၏။ ဤအဖြစ်က သူ၏ စွမ်းရည်ကို ထင်ရှားစွာ ထုတ်ပြနေသည်။

သူ၏ အတွေ့အကြုံ၊ သိနားလည်မှုကလည်း များစွာ အခြေခိုင်မာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ လမ်းညွှန်ပြသမှု ခံယူအပြီးတွင် အားနည်းချက် မရှိသလောက် ဖြစ်သွားသည်။

တောင်ဘက်နယ်စပ်ဒေသမှ ပြန်လာပြီးနောက်ပိုင်း ချင်မူ ချန်ဝမ်ယွင်နှင့် အတွေ့ရ နည်းသွား၏။ သူကြားမိသလောက် ချန်ဝမ်ယွင်မှာ မှတ်တမ်းထိန်းဆောင်၌ အချိန်ကုန်ဆုံးပြီး ဓာတ်ကြီးငါးပါးအဆင့်၏ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့်ကို ကျင့်ကြံနေခြင်း ဖြစ်ပေလိမ့်မည်။

ချန်ဝမ်ယွင်သာ နတ်ဘုရားအသွင်ပြောင်းလဲခြင်း အဆင့်ထိ အောင်မြင်အောင် ကျင့်ကြံပြီးလျှင် ဖိုကျစ်ဖိုရှင်းနှင့် တန်းတူမဟုတ်သည့်တိုင် များစွာ အလှမ်းကွာတော့မည် မဟုတ်ပေ။

သူ့အနေဖြင့် ‘တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသောဓား’ကဲ့သို့ စွမ်းအားကြီးတိုက်ကွက်မျိုးကို အစကတည်းက အသုံးမပြုလျှင် ချန်ဝမ်ယွင်ကို နှစ်ကွက်အတွင်း အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

“စိတ်ဝင်စားစရာပဲ…” ချင်မူ စားသောက်ပြီးစီးသွားသောအခါ ပါးစပ်မှ ဆီများသုတ်၍ ပြုံးလိုက်၏။ “ဝူခန်၊ ကျွန်တော့်ကို အရပ်ခြောက်မျက်နှာခန်းမဆီ သွားပြီး ပန်ကုန်းစုန်နဲ့ တွေ့အောင် မြှူဆွယ်ဖျားယောင်းနေတာ ဘာအကြံရှိလို့လဲ…”

ပါမောက္ခပါ့ရှန်က ခပ်အေးအေး ပြောလိုက်သည်။ “ငါက မင်းကို သွားအကဲစမ်းစေချင်တာ… ဒီကောင်လေးကို ဝိညာဉ်တစ်ကောင် ပူးနေတယ် ထင်လို့… ပြီးတော့ လောကသခင်ခန္ဓာက မကြောက်တတ်ဘူး မဟုတ်လား…”

“ဝိညာဉ်ပူးတာ ဟုတ်လား…” ချင်မူ မှင်တက်မိပြီး လိုလန်ရွှေနန်းတော်သို့ သွားရာလမ်း၌ သားသတ်သမား ပြောသည့် ဆယ့်ရှစ်ကြိမ်မြောက် ပြန်လည်မွေးဖွားပြီး သက်တမ်းဆယ့်ကိုးခု ရှင်သန်နေထိုင်နေသည်ဆိုသော မကောင်းဆိုးဝါးအိုကြီးကို သတိရသွား၏။ သူ လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “ဆရာတူအစ်ကိုကြီး ပြောတာက…”

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်လိုက်၏။ “ပန်ကုန်းစုန်က ပန်ကုန်းစုန် မဟုတ်တော့ဘဲ နှစ်ပေါင်းသောင်းချီ နေထိုင်လာတဲ့ အဲဒီမကောင်းဆိုးဝါးအိုကြီး အစားထိုးသွားပြီလို့ ငါ သံသယရှိနေတာ… သူက ငါတို့ဆရာကောင်းကင်ဓားမရဲ့ ရန်သူတော်ဟောင်းကြီးပဲ၊ အဲမကောင်းဆိုးဝါးအိုကြီးကြောင့် ဆရာက သူ့နာမည်ကို စွန့်လွှတ်ပြီး အသုံးမပြုရဲတော့တာ…”

ချင်မူ ခေါင်းညိတ်လိုက်သည်။ ပါမောက္ခပါ့ရှန်က သူ့ကို ဤအကြောင်း အရင်က ပြောဖူး၏။ သားသတ်သမားက သူ၏ နာမည်ရင်းကို မည်သူမျှ ပြောမပြ၊ ယုတ်စွအဆုံး ပါမောက္ခပါ့ရှန်ပင် သူ့နာမည်ကို မသိရချေ။ ဤသည်မှာ လိုလန်ရွှေနန်းတော်၌ ပုန်းခိုနေသော ဆယ့်ရှစ်ကြိမ် ပြန်လည်ဝင်စားထားသည့် အဆင့်မြင့်ပညာရှင်ကြီးကြောင့် ဖြစ်သည်။

ထိုသူက နာမည်သိရုံဖြင့် မှော်အစီအရင် စီရင်ပြီး လူကို အန္တရာယ်ပြုနိုင်သော ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးအိုကြီး ဖြစ်၏။

“ချန်ဝမ်ယွင်က သူ့အကြောင်းကို ဘာမှသိရအောင် မနှိုက်ထုတ်နိုင်လိုက်ဘူး… အဲဒါကြောင့် မင်းကို အရပ်ခြောက်မျက်နှာခန်းမကို သွားပြီး သူနဲ့တွေ့စေချင်တာ…” ပါမောက္ခပါ့ရှန်၏ အကြည့်များ လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ငါတို့ဆရာ ကောင်းကင်ဓားမရဲ့ အကြီးမားဆုံးရန်သူက အဲဒီမကောင်းဆိုးဝါးပဲ… ပန်ကုန်းစုန်ကိုသာ အဲဒီမကောင်းဆိုးဝါး ပူးကပ်ထားတာမှန်ရင် ပန်ကုန်းစုန်ကို သတ်လိုက်တာက ငါတို့ဆရာအတွက် ရန်သူတော်ကြီးတစ်ယောက်ကို ရှင်းပစ်ပေးလိုက်တာနဲ့ အတူတူပဲ… ဒါပေမဲ့ သူက မန်သီလူရိုင်းနယ်မြေက ခန်ရဲ့သားတော်တစ်ပါးဆိုတော့ မသေချာပဲနဲ့ ငါမလှုပ်ရှားချင်ဘူး… အဲဒါကြောင့် မင်းစမ်းသပ်ပေးမှပဲ ရတော့မယ်…”

ပါမောက္ခပါ့ရှန်၏ သွင်ပြင်က အကြမ်းပတမ်းဆန်လှသော်လည်း သူ့အတွေးများက ထက်မြက်လှ၏။

ချင်မူ ထရပ်၍ ပြောလိုက်သည်။ “ကျွန်တော်လည်း အရပ်ခြောက်မျက်နှာအဆင့်ကို တက်ဖို့ အတားအဆီးနံရံ ချိုးဖျက်ရမှာဆိုတော့ အရပ်ခြောက်မျက်နှာခန်းမကို သွားလိုက်ပါ့မယ်…” ထို့နောက် ရှက်အမ်းအမ်း မေးလိုက်၏။ “ဒါနဲ့ ဆရာတူအစ်ကိုကြီး၊ အရပ်ခြောက်မျက်နှာခန်းမက ဘယ်နားမှာ ရှိတာလဲ…”

ပါမောက္ခပါ့ရှန်မှာ သွေးအန်လုနီးပါး ဖြစ်သွားသည်။ “မင်း နန်းတွင်းကောလိပ်ကို ရောက်တာ တစ်နှစ်နီးပါး ရှိပြီ မဟုတ်လား၊ အခုထိ အရပ်ခြောက်မျက်နှာခန်းမက ဘယ်နားမှာလဲ မသိသေးဘူးလား…”

ချင်မူက ရှက်ရှက်နှင့် ပြောလိုက်၏။ “နန်းတွင်းကောလိပ်ရောက်တာ ကြာပေမဲ့ ကျွန်တော် သင်ခန်းစာတစ်ချိန်ပဲ တက်ဖူးသေးတာ…”

“ငါပဲ မင်းကို ခေါ်သွားပါတော့မယ်…”

ပါမောက္ခပါ့ရှန်က သူ့ကို ခေါ်၍ ကျောင်းတော်သားအိမ်ရာမှ ထွက်လာခဲ့သည်။ ချင်မူ၏ ခေါင်းထဲတွင် ရုတ်တရက် အတွေးပေါ်လာပြီး မေးလိုက်၏။ “ဆရာတူအစ်ကိုကြီး၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ အရင်က ကြားဖူးလား…”

All Chapters