ဂုဏ်ထူးဆောင်သင်္ချာကျမ်း
Vol. 20 Ch. 272
ပါမောက္ခပါ့ရှန်က ချင်မူ့ကို အရပ်ခြောက်မျက်နှာခန်းမရှေ့တွင် ပစ်ထား၍ ကမန်းကတန်း လှည့်ထွက်သွား၏။ မဟုတ်လျှင် ချင်မူက သူ့ကို ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသို့ ဝင်ရန် ဆက်၍ နားပူနားဆာလုပ်နေဦးမည် မဟုတ်လား။
ချင်မူ မကျေမနပ် ရေရွတ်လိုက်မိသည်။ “အနှေးနဲ့အမြန် ဆရာတူအစ်ကိုကြီးကို ဂိုဏ်းထဲဝင်အောင် လုပ်ပြမယ်…”
အရပ်ခြောက်မျက်နှာခန်းမ၏ အဆောင်မှူးဆရာမှာ သီလရှင်ဟုန်ဖ ဖြစ်၏။ သီလရှင်ဟုန်ဖက ဗုဒ္ဓလမ်းစဉ်၌ ဂုဏ်သတင်းကျော်စောပြီး နန်းတွင်းကောလိပ် စတင်တည်ထောင်ကတည်းက ကျောင်းတော်သားများကို သင်ကြားလာသူ ဖြစ်သည်။
ချင်မူ အရပ်ခြောက်မျက်နှာခန်းမအတွင်းသို့ ဝင်သွားသောအခါ စောသေးသဖြင့် ကျောင်းတော်သား တစ်ဦးတစ်ယောက်မျှ မရှိသေးသည်ကို တွေ့ရ၏။ သို့သော်လည်း သီလရှင်အိုကြီးကတော့ ရောက်နေပြီ ဖြစ်ပြီး ခန်းမတစ်ခုလုံး သပ်ရပ်ပြောင်လက်နေအောင် သန့်ရှင်းရေး လုပ်နေသည်။
ကျောင်းတက်ခေါင်းလောင်း ထိုးသောအခါ ကျောင်းတော်သားများ ခန်းမအတွင်း ဝင်လာပြီး သီလရှင်ဟုန်ဖက သင်ခန်းစာ စတင်သင်ကြား၏။ “အရပ်ခြောက်မျက်နှာ… အရပ်ခြောက်မျက်နှာဆိုတာ ဘာလဲ… ကောင်းကင်၊ မြေကြီး၊ အရပ်လေးမျက်နှာ၊ ဒါတွေက အရပ်ခြောက်မျက်နှာပဲ… အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာက ငါတို့ခန္ဓာကိုယ်ထဲမှာ ရှိတယ်၊ အတားအဆီးနံရံကို ချိုးဖျက်ဖို့ဆိုရင် အဲဒီအရပ်ခြောက်မျက်နှာ အတားအဆီးနံရံ ဘယ်မှာရှိလဲဆိုတာ အရင် သိအောင်လုပ်ရမယ်… ဘယ်လိုသိအောင် လုပ်နိုင်မလဲ… တွက်ရမှာပေါ့… မနေ့က မင်းတို့ကို အရပ်ခြောက်နှာသိအောင် တွက်ချက်နည်း ပြန်လေ့လာဖို့ ပြောလိုက်တယ်… လေ့လာခဲ့ပြီးပြီလား…”
ချင်မူ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ခန်းမအတွင်းရှိ အခြားလူများကို ကြည့်ရှုလိုက်သည်။ သင်ခန်းစာလာတက်ကြသောသူ အတော်များကြောင်း သူတွေ့ရ၏။ စုစုပေါင်း အယောက်သုံးဆယ်ခန့် ရှိပေလိမ့်မည်။ ထိုထဲတွင် ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်၊ စစ်ယွင်ရှန်းနှင့် ကျန်သူများလည်း ပါသည်။
ထို့နောက်တွင် ပန်ကုန်းစုန်ကို သူမြင်လိုက်၏။
ဤကောင်လေးက သင်ခန်းစာကို နားမထောင်ဘဲ မျက်လုံးများ မှိတ်၍ အတားအဆီးနံရံ ချိုးဖျက်ရန် ကြိုးစားနေသည်။
သီလရှင်ဟုန်ဖ၏ ခပ်ဖြည်းဖြည်း ဆက်ပြောလိုက်၏။ “လူတစ်ယောက်က မြေပြင်ညီပေါ်မှာ ရပ်နေတယ်ဆိုရင် အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အပေါ်၊ အောက် လွယ်လွယ်လေးနဲ့ ခွဲခြားနိုင်တယ်… ဒါပေမဲ့ မင်းတို့ရဲ့ ခန္ဓာကိုယ်ထဲမှာဆိုရင်တော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ကောင်းကင်၊ မြေကြီးကို ဘယ်လို ခွဲခြားမလဲ… ငါတို့အနေနဲ့ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို အသုံးပြုပြီး အပေါ်ဘက်နဲ့ အောက်ဘက်ကို သိနိုင်တယ်၊ ဝိညာဉ်သန္ဓေသားရဲ့ ခေါင်းပေါ်က ကောင်းကင်ဘုံ၊ ခြေနင်းထားတာက ကမ္ဘာမြေကြီးပေါ့… အပေါ်နဲ့အောက်ကို သိပြီးသွားရင် အရှေ့အနောက်တောင်မြောက် ဆက်ခွဲဖို့ လိုသေးတယ်… ဒါကိုတော့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာရဲ့ ဓာတ်ငါးပါးကြယ်တာရာတွေရဲ့ တည်နေရာကို အသုံးပြုပြီး တွက်ချက်ရမယ်…”
“မင်းတို့အကုန်လုံး သင်္ချာကျမ်းဆယ်ကျမ်းကို သင်ပြီးသွားပြီ၊ အဲဒီသင်္ချာကျမ်းတွေကို အသုံးပြုပြီး ဓာတ်ကြီးငါးပါး ကြယ်တာရာတွေရဲ့ တည်နေရာကို တွက်ချက်မယ်၊ ပြီးတော့မှ အဲဒီဓာတ်ကြီးငါးပါးကြယ်တာရာတွေနဲ့ မင်းတို့ကိုယ်ထဲက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးရဲ့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို တွက်ချက်ကြမယ်… အဲလိုတွက်ချက်ဖို့တော့ အရပ်ခြောက်မျက်နှာ တွက်နည်းစနစ်တစ်ခု လိုလိမ့်မယ်… အခု အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းက စာမျက်နှာ၁၇မှာရှိတဲ့ တောင်ပိုင်းသို့ပြန်သွားသောသွေးကြော တွက်နည်းစနစ်ကို လှန်လိုက်…”
…။
ချင်မူ ဟိုဟိုသည်သည် လှည့်ပတ်ကြည့်ရှုနေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့နောက်ကျောကို လာတို့၏။ လှည့်ကြည့်လိုက်သောအခါ စစ်ယွင်ရှန်း ဖြစ်နေကြောင်း တွေ့ရသည်။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ကောင်းကင်နတ်မယ်က နှုတ်ခမ်းကိုက်၍ တီးတိုးပြောလိုက်၏။ “မနေ့ညက ဂိုဏ်းသခင် မိန်းကလေးသုံးယောက်ကို အခန်းထဲ ဆွဲခေါ်သွားတာ ကျွန်မတွေ့လိုက်တယ်…”
“ဘယ်မှာလုပ်လို့လဲ…” ချင်မူက အခိုင်အမာ ငြင်းဆိုလိုက်သည်။
စစ်ယွင်ရှန်းက လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “အဲထဲက တစ်ယောက်က သတ္တမမင်းသမီးပဲ…”
ချင်မူ၏မျက်နှာ ရဲသွားသည်။ “ကောင်းကင်နတ်မယ်၊ ငါ့ကို သိက္ခာလိုက်မချနေနဲ့… မင်းရဲ့ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်း ခဏငှားစမ်းပါ… ဒီကို အခုမှ စတက်တာဆိုတော့ ကြည့်စရာ စာအုပ်မပါခဲ့လို့…”
“စာသင်ခန်းဆိုတာ အထွတ်အမြတ်နယ်မြေပဲ၊ ဘယ်လိုဖြစ်ပြီး တီးတိုးတီးတိုးနဲ့ စကားများနေရတာလဲ…”
သီလရှင်ဟုန်ဖက စားပွဲကို ဗြန်းခနဲ ရိုက်၍ အော်ဟစ်လိုက်၏။ “မင်းတို့နှစ်ယောက်စလုံး အတန်းပြင်ထွက်ပြီး အခန်းထောင့်မှာ ရပ်နေကြ…”
စစ်ယွင်ရှန်းက သူ၏ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းကို ဆွဲယူ၍ ချင်မူနှင့်အတူ အတန်းပြင် ထွက်လိုက်သည်။ သူတို့နှစ်ယောက်သား နံရံကို မှီရပ်နေရင်း စစ်ယွင်ရှန်းက သင်္ချာကျမ်းစာအုပ်ကို ချင်မူ့ထံ ကမ်းပေး၍ သရော်တော်တော် ပြောဆိုလိုက်၏။ “ဂိုဏ်းသခင်က အတော်တပ်မက်မှု အားကြီးတာပဲ၊ ဂိုဏ်းသခင်လီလို အဖြစ်မျိုး ကြုံရလိမ့်မယ်၊ သတိထားနေ…”
ချင်မူ စာအုပ်ကို လှန်ကြည့်လိုက်သည်။ ဤစာအုပ်၌ ပုံသေနည်းများစွာ ပါဝင်နေကြောင်း တွေ့ရ၏။ ထိုပုံသေနည်းများက ဓာတ်ကြီးငါးပါး ကြယ်တာရာများကို အသုံးပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၏ တည်နေရာအတိအကျကို တွက်ချက်ရန် သင်္ချာကျမ်းဆယ်ကျမ်းမှ ဆင့်ပွားထားသော တွက်နည်းများ ဖြစ်သည်။
သီလရှင်ဟုန်ဖ သင်ကြားပေးနေသည်က စာမျက်နှာ ၁၇ ရှိ တောင်ပိုင်းသို့ပြန်သွားသောသွေးကြော တွက်နည်းစနစ် ဖြစ်၏။ ထိုတွက်နည်းစနစ်ကို အသုံးပြု၍ တောင်ဘက်အရပ်ကို တွက်ချက်နိုင်သည်။ တောင်ဘက်အရပ်၏ တည်နေရာကို သိရလျှင် မြောက်အရပ်၊ အရှေ့အရပ်၊ အနောက်အရပ်များကိုလည်း သိရပေလိမ့်မည်။ ထို့နောက်တွင် အောက်တည့်တည့်သို့ မျဉ်းဖြောင့်တစ်ကြောင်း ဆွဲချလိုက်ပါက ခန္ဓာကိုယ်တွင်းရှိ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံ၏ တည်နေရာအတိအကျကို သိရှိနိုင်ပြီ ဖြစ်၏။
လူတစ်ယောက်နှင့်တစ်ယောက် မတူညီသဖြင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာများ၏ တည်နေရာကလည်း ကွဲပြားခြားနားကြသည်။ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို အသုံးပြုပြီး အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ တည်နေရာကို တွက်ချက်ရသည်ဖြစ်၍ လူတိုင်းလူတိုင်း၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာများကလည်း အနည်းငယ်စီ ကွဲပြားခြားနားနေမည် ဖြစ်၏။ သို့ဖြစ်ရာ အမှားအယွင်း မရှိအောင် တိတိကျကျ တွက်ချက်ရပေလိမ့်မည်။
များစွာမကြာလိုက်ဘဲ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းကို ချင်မူ ဖတ်ရှုပြီးစီးသွားသည်။ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းက ဓာတ်ကြီးငါးပါး ပဉ္စကိန်းစနစ်နှင့် အရပ်ခြောက်မျက်နှာ ဆဋ္ဌကိန်းစနစ်ကို အသုံးပြုကြောင်း မှတ်သားမိလိုက်၏။ လိုချင်သော အဖြေကို တွက်ချက်ရန်အတွက် ပဉ္စကိန်းစနစ်ကို ဆဋ္ဌကိန်းစနစ်သို့ အရင်ပြောင်းလဲရပေလိမ့်မည်။
ချင်မူ မှင်တက်သွားပြီး ရုတ်တရက် တုထျန်းမိစ္ဆာဘုရင်ပေးခဲ့သော အကြံဉာဏ်ကို သတိရလိုက်မိသည်။
အဋ္ဌကိန်းစနစ်ကို ပါ့ကွအစီအရင်၏ တြိသင်္ကေတရှစ်မျိုး အသုံးပြု၍ တွက်ချက်နိုင်သည်ဟု တုထျန်းမိစ္ဆာဘုရင် ပြောခဲ့ဖူးပြီး ထိုစကားကြောင့်ပင် ချင်မူ ဉာဏ်အလင်းပွင့်ကာ ထိုက်ရွှမ်သင်္ချာကျမ်းရှိ အခြားတွက်နည်းများကို သိမြင်နားလည်နိုင်ခဲ့၏။ ထိုက်ကျိပါ့ကွအစီအရင်တွင် ယင်ယန် ဒွိကိန်းစနစ်၊ သင်္ကေတလေးပါး စတုကိန်းစနစ်၊ တြိသင်္ကေတရှစ်မျိုး အဋ္ဌကိန်းစနစ်များ ပါဝင်သည်။
သို့သော်လည်း ဓာတ်ကြီးငါးပါး ပဉ္စကိန်းစနစ်၊ အရပ်ခြောက်မျက်နှာ ဆဋ္ဌကိန်းစနစ်များကိုပါ ထပ်ပေါင်းထည့်လိုက်လျှင် ဤတွက်ချက်ရေးကိရိယာက ပို၍ ရှုပ်ထွေးလာပေတော့မည်။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပြောဖူးတာ ဝိညာဉ်ခန္ဓာလေးခုက ဓာတ်ကြီးငါးပါး မဟုတ်ဘူးတဲ့… ဝိညာဉ်ခန္ဓာတစ်ခုစီမှာ ဓာတ်ကြီးငါးပါး ပါဝင်တာဆိုပဲ… အဲဒါဆိုရင် နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်၊ လိပ်နက်ဆိုတဲ့ ဝိညာဉ်ခန္ဓာလေးခုက ထိုက်ကျိပါ့ကွအစီအရင်က သင်္ကေတလေးပါးပေါ့…’
ရုတ်တရက် ချင်မူ့ခေါင်းထဲတွင် အရာအားလုံး ရှင်းလင်းသွား၏။ ထိုက်ကျိပါ့ကွအစီအရင် သင်္ကေတလေးပါး ရှိပြီး သင်္ကေတတစ်ပါးစီတွင် ဓာတ်ကြီးငါးပါးဖြင့် ဖွဲ့စည်းထားသည်။ ကွဲပြားခြားနားသော ဓာတ်ကြီးငါးပါး ဖွဲ့စည်းပုံအစီအစဉ်ကြောင့် မတူညီသော သင်္ကတတစ်ပါးစီ ဖြစ်ပေါ်လာ၏။
ဤသည်မှာ ဓာတ်ကြီးငါးပါး ပဉ္စကိန်းစနစ်ကို အသုံးပြု၍ သင်္ကေတလေးပါးရှိ အသွင်ပြောင်းလဲမှုများကို တွက်ချက်နိုင်သည်ဆိုခြင်းနှင့် အတူတူပင် ဖြစ်၏။ ဤနည်းအားဖြင့် ငါးခုမှ လေးခုသို့ ပြောင်းလဲတွက်ချက်နိုင်မည့် တွက်နည်းတစ်ခု ရလာပေပြီ။
အရပ်ခြောက်မျက်နှာအတွက်တော့ သင်္ကေတလေးပါးကို အသုံးပြု၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာကို တွက်ထုတ်ပြီး ယင်နှင့်ယန်ကို အသုံးပြု၍ အပေါ်ဘက်နှင့် အောက်ဘက်ကို တွက်ထုတ်လိုက်လျှင် အရပ်ခြောက်မျက်နှာ တည်နေရာကို တွက်ချက်နိုင်သည့် တွက်ချက်ရေးကိရိယာတစ်ခု ရလာနိုင်သည်။
‘ဒါဆိုရင် ငါ့အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာရဲ့ တည်နေရာကို ခဏလေးနဲ့ တွက်ချက်နိုင်ပြီပေါ့…’
ချင်မူက စစ်ယွင်ရှန်းထံ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်း ပြန်ပေး၍ သူ့လက်များကို ဆန့်ထုတ်လိုက်၏။ ဘယ်လက်ပေါ်တွင် ညာလက်တင်၍ အပေါ်အောက် ဆွဲခွာလိုက်သောအခါ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ထိုက်ကျိအင်းကွက်တစ်ခု ပေါ်ထွက်သည်။ ထိုထိုက်ကျိအင်းကွက်၌ ယင်ယန်၊ သင်္ကေတလေးပါး ပါဝင်ပြီး သင်္ကေတတစ်ခုစီတွင် ဓာတ်ကြီးငါးပါးဖြင့် ဖွဲ့စည်းထား၏။
ချင်မူက ရွှင်ပျသော အမူအရာဖြင့် သူ့လက်များကို ထပ်၍ ဆွဲဖွင့်ပြီး ထိုက်ကျိအင်းကွက်ရှိ ဓာတ်ကြီးငါးပါးကို တစ်ခုစီခွဲထုတ်ကာ စနစ်တကျ ပြောင်းလဲတွက်ချက်တော့သည်။
စစ်ယွင်ရှန်းက အဆက်မပြတ် ပြောင်းလဲနေသော အင်းကွက်ကိုကြည့်၍ တစ်မဟုတ်ချင်း မေးလိုက်၏။ “အဲဒါ ဘယ်လိုတွက်တာလဲ… သီလရှင်ဟုန်ဖပြောတာနဲ့ မတူသလိုပဲ၊ ပြောပြဦး…”
ချင်မူက လျင်မြန်စွာ တွက်ချက်နေရင်းမှ သူ့စိတ်အလျဉ်ကို နှစ်ခုခွဲ၍ စစ်ယွင်ရှန်းကို ရှင်းပြလိုက်သည်။
စစ်ယွင်ရှန်း၏ မျက်ဝန်းများ တောက်ပသည်ထက် တောက်ပလာ၏။ သူသည်လည်း အခြားသူများထက် ပါရမီထူးချွန်တစ်ယောက် ဖြစ်သဖြင့် ချင်မူ့တွက်နည်း၏ သဘောတရားကို လျင်မြန်စွာ နားလည်သဘောပေါက်သွားသည်။ ချက်ချင်းပင် နှုတ်မှထုတ်ဖော် ချီးကျူးလိုက်၏။ “ဂိုဏ်းသခင်ရဲ့ တွက်နည်းက အတော်ကောင်းတာပဲ… အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းမှာပါတဲ့ တွက်နည်းက ရှုပ်နေတာပဲ၊ အဲအတိုင်း တွက်မယ်ဆိုရင် အဖြေရဖို့ တစ်လ၊ နှစ်လလောက် တွက်ယူရလိမ့်မယ်၊ အမှားလုပ်မိဖို့လည်း များတယ်… ဂိုဏ်းသခင်ရဲ့ တွက်နည်းအတိုင်းဆို အမှားလုပ်မိစရာ မရှိဘူး၊ နှစ်နာရီ သုံးနာရီလောက် တွက်လိုက်ရုံနဲ့ အဖြေထွက်လာမှာ…”
ချင်မူက ပြုံးလိုက်သည်။ “ထိုက်ကျိ၊ သင်္ကေတလေးပါး၊ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာ၊ တြိသင်္ကေတရှစ်မျိုး(ပါ့ကွ)ဆိုတာ အစကတည်းက လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အသုံးပြုတဲ့ တွက်ချက်ရေးကိရိယာတွေပဲ…”
ယခုအချိန်တွင် ထိုက်ရွှမ်သင်္ချာကျမ်းကို ပြန်ကြည့်လျှင် ယခင်က နားလည်ရခက်ခဲ့သော ပုစ္ဆာအမျိုးမျိုးမှာ လွယ်ကူသွားပြီ ဖြစ်သဖြင့် သူ ပျော်ရွှင်သွား၏။ သို့သော်လည်း နေရာရွှေ့ပြောင်း ကောင်းကင်နတ်သိုင်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ရန်အတွက်တော့ ထိုက်ရွှမ်သင်္ချာကျမ်းတစ်ခုတည်းနှင့် မလုံလောက်သေးချေ။
ခန်းမအတွင်း၌ သီလရှင်ဟုန်ဖက သင်ခန်းစာ ဆက်လက်ပို့ချနေဆဲ ရှိသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ဆုံးတွင် ချင်မူ သူ့အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ တည်နေရာကို တွက်ချက်ပြီးသွားချေပြီ။ သူ၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်သည့် တန်းထျန်နားတွင် ဖြစ်၏။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ ရှိနေသည့်နေရာကို တစ်ခါတစ်ရံတွင် အောက်ပိုင်းတန်းထျန်ဟုလည်း ခေါ်ဆိုပြီး တာအိုဂိုဏ်းကတော့ အဝါရောင်ခုံရုံးဟု ညွှန်းဆိုကြသည်။ အလယ်တန်းထျန်ကတော့ နှလုံးနေရာတွင် ရှိပြီး သွေးနီနန်းတော်ဟု ခေါ်ဆိုကြ၏။ အပေါ်ပိုင်းတန်းထျန်က မျက်ခုံးနှစ်ခုအလယ်တွင် တည်ရှိပြီး တာအိုဂိုဏ်းက ထိုနေရာကို ဝိညာဉ်စင်မြင့်ဟု ခေါ်ဆို၍ ဗုဒ္ဓဂိုဏ်းက စိတ်နှလုံးတောင်ကုန်းဟု ခေါ်ဆိုကြသည်။
ချင်မူ သူ၏ သွေးနီနန်းတော်နေရာကို ရှာဖွေ၍ ရှိသမျှ ချီစွမ်းအင်အားလုံး စုစည်းကာ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံထံသို့ တစ်ဟုန်ထိုး ပို့လွှတ်လိုက်၏။
သူ၏ ကျင့်စဉ်စွမ်းအင်က အလွန်တရာ သိပ်သည်းနက်ရှိုင်းပြီး သက်တူရွယ်တူအဆင့်တူများထက် များစွာ သာလွန်သည်။ ဤတစ်ကြိမ်တွင် သူ့ရှိသမျှ ချီစွမ်းအင်အားလုံး စုစည်း၍ ဝင်ဆောင့်လိုက်ခြင်း ဖြစ်သဖြင့် အရပ်ခြောက်မျက်နှာ အတားအဆီးနံရံ၌ တစ်မဟုတ်ချင်း အက်ကွဲကြောင်းများ ဖုံးလွှမ်းသွား၏။
သူ့ခန္ဓာကိုယ်မှ လှိုင်းလုံးကြီးများ ရိုက်ခတ်သကဲ့သို့ အသံများ ထွက်ပေါ်လာပြီး ချင်မူက သူ့ချီစွမ်းအင်များကို ထပ်မံစုစည်း၍ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံကို ဒုတိယအကြိမ် ဝင်တိုက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် အသံများ ပိုကျယ်လောင်၍ ကမ်းပါးနံရံကို နှစ်ခြမ်းခွဲတော့မည်ကဲ့သို့ ဒေါသတကြီး ဝင်ဆောင့်နေသော လှိုင်းလုံးကြီးများသဖွယ် ဖြစ်လာ၏။ တစ်ကြိမ်ထက်တစ်ကြိမ် ပို၍ ပို၍ ကျယ်လောင်လာသကဲ့သို့ ချင်မူ့ချီစွမ်းအင် ဝင်ဆောင့်သည့် အရှိန်အဟုန်ကလည်း ပို၍ ပို၍ ပြင်းထန်လာသည်။
ဝုန်း…။
အရပ်ခြောက်မျက်နှာ အတားအဆီးနံရံက ရုတ်တရက် ပွင့်ထွက်သွားပြီး အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာ၏။
ချင်မူက သူ၏ ချီစွမ်းအင်ကို ဆက်လက်စုစည်းပြီး ပွင့်ထွက်သွားသော နံရံထံ ထပ်မံပို့လွှတ်၍ အက်ကွဲကြောင်း ပိုကြီးလာအောင် လုပ်ဆောင်လိုက်သည်။
အရပ်ခြောက်မျက်နှာခန်းမအတွင်းမှ သီလရှင်ဟုန်ဖနှင့် ကျောင်းတော်သားများမှာလည်း ချင်မူ့ခန္ဓာကိုယ်တွင်းမှ ချီစွမ်းအင်တိုးတိုက်သံများကို ကြားရပြီး အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာကြ၏။
“တော်ဝင်ကျောင်းတော်သား…” သီလရှင်ဟုန်ဖက အမောတကော ပြေးထွက်လာပြီး အော်ဟစ်လိုက်သည်။ “အရပ်ခြောက်မျက်နှာ အတားအဆီးနံရံရဲ့ တည်နေရာအတိအကျကို မတွက်ရသေးဘဲ မဆင်မခြင် ချိုးဖျက်ဖို့ ကြိုးစားရင် သေတတ်တယ်…”
သူ့စကား မဆုံးမီပင် ချင်မူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး ပွင့်ထွက်လာသကဲ့သို့ ဝုန်းခနဲ အသံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက်တွင် ချင်မူ၏ ကျင့်စဉ်စွမ်းအင်က တစ်ရှိန်ထိုး ထိုးတက်သွားသည်။
အရပ်ခြောက်မျက်နှာ အတားအဆီးနံရံ ကျိုးပျက်သွားချေပြီ။
အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ နိုးထလာပြီ ဖြစ်၏။
ထိုအခိုက်အတန့်၌ အရပ်ခြောက်မျက်နှာခန်းမအတွင်းမှ နောက်ထပ် ပြိုလဲသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ အတားအဆီးနံရံကို အောင်မြင်စွာ ချိုးဖျက်ပြီးသွားသော ပန်ကုန်းစုန်ထံမှ ဖြစ်၏။ အရပ်ခြောက်မျက်နှာခန်းမအတွင်းမှ အားလုံးသော ကျောင်းတော်သားများနှင့် သီလရှင်ဟုန်ဖ၏ အာရုံက ချင်မူ့ထံ ရောက်နေသဖြင့် သူ့ကို မည်သူမျှ သတိမပြုလိုက်မိကြချေ။
ပန်ကုန်းစုန်၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ လေထုက သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ သူ့မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး နေရာမှ ထရပ်၍ ခန်းမအပြင်သို့ ကြည့်လိုက်၏။
သီလရှင်ဟုန်ဖက မှင်တက်မိနေပြီး ကမန်းကတန်း ပြောလိုက်သည်။ “တော်ဝင်ကျောင်းတော်သား၊ ကောင်းကင်ရတနာတွေ အကုန်လုံးကို ပိတ်ပြီး တစ်ချက်တည်း တွန်းဖွင့်ကြည့်လိုက်…”
ချင်မူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူ၍ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၊ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတို့ကို ပိတ်လိုက်၏။ ထို့နောက် ခပ်အုပ်အုပ်တစ်ချက် မာန်သွင်း၍ ကောင်းကင်ရတနာများကို တွန်းဖွင့်လိုက်ရာ သူ၏ ဝိညာဉ်စင်မြင့်၊ သွေးနီနန်းတော်၊ အဝါရောင်ခုံရုံးတို့မှာ တဝုန်းဝုန်း အသံများ ထွက်ပေါ်လာသည်။ အသံသုံးသံတိတိ ပေါ်ထွက်၍ ကောင်းကင်ရတနာသုံးခု ပွင့်ထွက်ကာ သူ့အရှိန်အဝါအငွေ့အသက်က တစ်ရှိန်ထိုး ထောင်တက်သွား၏။
“တကယ်ပဲ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ နိုးထသွားပြီပဲ…”
သီလရှင်ဟုန်ဖက အံ့အားသင့်စွာ သက်ပြင်းချ၍ ချင်မူ့ဘေးမှ စစ်ယွင်ရှန်းကို ကြည့်လိုက်သည်။ ဤမိန်းကလေးကလည်း သူ၏ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံကို ချိုးဖျက်ရန် ကြိုးစားနေ၏။ သူသည်လည်း သူ့အရပ်ခြောက်မျက်နှာ အတားအဆီးနံရံ၏ တည်နေရာကို တွေ့ရှိသွားပြီဖြစ်ကြောင်း ထင်ရှားသည်။
သီလရှင်ဟုန်ဖအနေဖြင့် စာသင်ခန်းအတွင်း၌ တီးတိုးတီးတိုး စကားများနေသော ကောင်လေးနှင့် ကောင်မလေးကို အပြင်ဘက်သို့ မောင်းထုတ်ပြီးနောက် များစွာမကြာလိုက်ဘဲ ထိုနှစ်ယောက်က သူတို့၏ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံ တည်နေရာများကို ရှာဖွေတွေ့ရှိသွားကြလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။ သူတို့ထဲမှ တစ်ယောက်မှာ ပထမတစ်ကြိမ်နှင့်ပင် နံရံချိုးဖျက်အောင်မြင်ပြီး အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်သွားပေပြီ။
သီလရှင်ဟုန်ဖက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ “ဂိုဏ်းသခ− တော်ဝင်ကျောင်းတော်သားဆီမှာ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံရဲ့ တည်နေရာကို တွက်ချက်ဖို့ ဒီကသီလရှင်ကြီးရဲ့ အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းထက် အများကြီး ပိုမြန်တဲ့ လျှို့ဝှက်တွက်နည်း ရှိနေတဲ့ပုံပဲ… တော်ဝင်ကျောင်းတော်သားအနေနဲ့ အားလုံးသိအောင် ပြောပြနိုင်မလား မသိဘူး…”
ချင်မူက ပြုံးလိုက်၏။ “ဆရာကြီးက နှိမ့်ချနေပါပြီ… ကျွန်တော်စွမ်းရည်က သာမန်ပဲမို့ အားလုံးရဲ့ရှေ့မှာ မဝင့်ကြွားဝံ့ပါဘူး… ဒါပေမဲ့ ကျွန်တော် နားလည်သဘောပေါက်ထားသမျှတော့ ဆရာကြီးနဲ့ အတန်းဖော်တွေကို ဝေမျှဖို့ ဆန္ဒရှိပါတယ်…”
သီလရှင်ဟုန်ဖမှာ ဝမ်းသာသွားပြီး ချင်မူ့ကို ခန်းမအတွင်းသို့ ကမန်းကတန်း ဖိတ်ခေါ်လိုက်သည်။ သူက ကျောင်းတော်သားအားလုံးကို ကြေညာလိုက်၏။ “ဒီနေ့ မင်းတို့ကို သင်ခန်းစာ ပို့ချဖို့ တော်ဝင်ကျောင်းတော်သားကို ငါဖိတ်ခေါ်ထားတယ်… တော်ဝင်ကျောင်းတော်သား၊ ကြွပါ…”
ချင်မူက ခန်းမနောက်နား၌ ထိုင်နေသော ပန်ကုန်းစုန်ကို လှမ်းကြည့်၍ ပြုံးလိုက်သည်။ “မဟာတံတိုင်းအလွန်က မင်းသားပန်ကုန်းစုန်လည်း သူ့ရဲ့ အရပ်ခြောက်မျက်နှာ အတားအဆီးနံရံကို ချိုးဖျက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပါပြီ… မင်းသားအနေနဲ့ သိနားလည်ထားတာတွေကို ဝေမျှဖို့ ဆန္ဒရှိသလား သိချင်မိပါတယ်…”
အားလုံးက ပန်ကုန်းစုန်ကို လှည့်ကြည့်လိုက်ကြ၏။ ပန်ကုန်းစုန်က ခေါင်းခါယမ်းလိုက်သည်။ “ကျွန်တော်က မဟာတံတိုင်းအလွန်က လူရိုင်းတစ်ယောက်ဆိုတော့ မဝင့်ကြွားဝံ့ပါဘူး… ဂိုဏ်းသခင်ချင် ပို့ချပါ…”
ချင်မူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ခန်းမအတွင်းရှိ အားလုံးကို သူ၏ တွက်ချက်နည်းအကြောင်း ပြောပြလိုက်သည်။ သီလရှင်ဟုန်ဖမှာ အံ့အောဝမ်းသာသွားပြီး အခွင့်အရေးကို အရအမိဖမ်း၍ မေးခွန်းများ အဆက်မပြတ် မေးတော့၏။ သူ့အနေဖြင့် ချင်မူ့၏ တွက်နည်းသဘောတရားများကို ရင်သပ်ရှုမော ဖြစ်နေသကဲ့သို့ ခန်းမအတွင်းရှိ ကျောင်းတော်သားများမှာလည်း သင်ခန်းစာတွင် နစ်မျောနေကြသည်။
အချိန်အတန်ကြာပြီးနောက် ချင်မူက သူ၏ သင်ခန်းစာကို အဆုံးသတ်လိုက်၏။ ကျောင်းတော်သားများက ထိုတွက်နည်းအတိုင်း စမ်းသပ်တွက်ချက်၍ ကျွမ်းကျင်ပိုင်နိုင်အောင် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ဉာဏ်ရည်ကွဲပြားကြသည်ဖြစ်၍ အားလုံးတော့ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိကြချေ။
“တော်ဝင်ကျောင်းတော်သား၊ ဒီလိုတွက်နည်းမျိုးနဲ့ဆိုရင် အရပ်ခြောက်မျက်နှာ သင်္ချာကျမ်းကို ဒီသီလရှင်ကြီး ပြန်တည်းဖြတ်ပြုပြင်နိုင်ပါတော့မယ်…” သီလရှင်ဟုန်ဖက ပြုံးလိုက်၏။ “တော်ဝင်ကျောင်းတော်သားအနေနဲ့ တွဲဖက်ကျမ်းပြုစုသူအနေနဲ့ အမည်ရေးထိုးဖို့ ဆန္ဒရှိပါသလား…”
ချင်မူက မဆိုင်းမတွ ပြန်ပြောလိုက်သည်။ “ဒါက နောင်လာနောက်သားတွေအတွက် အကျိုးရှိမဲ့ကိစ္စပါပဲ… ကျွန်တော့်နာမည်ကို ရေးထိုးနိုင်မယ်ဆိုတာ ဝမ်းသာစရာပါ… ဒါပေမဲ့ ရေးထိုးမဲ့နာမည်ကတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ချင်မူ ဖြစ်ရပါမယ်…”
သီလရှင်ဟုန်ဖ၏ မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြီး စိတ်ထဲမှ တွေးလိုက်၏။ “သူက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသခင်ဆိုတော့ သူ့နာမည်ဘေးမှာ ငါ့နာမည် တွဲရက်တွေ့ရင် ငါ့ကိုပါ မိစ္ဆာလမ်းစဉ်ကလို့ မြင်ကုန်ကြတော့မှာပေါ့… သိပ်ကောင်းတယ်၊ သိပ်ကောင်းတယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ တစ်တန်းတည်းနေရာယူနိုင်တာပဲ ဒီသီလရှင်ကြီးအတွက် ဂုဏ်ယူရတော့မယ်…”
ချင်မူက ပန်ကုန်းစုန်ကို ကြည့်၍ ပြုံးလိုက်သည်။ “မင်းသားလေး၊ မင်းနဲ့ငါက တစ်ပြိုက်နက်လိုလို နံရံချိုးဖျက်ပြီး အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်လာကြတာ… တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဆင့်တူအခြေအနေတူ ဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး… ငါတို့ နည်းနည်းလောက် ပညာဖလှယ်ကြည့်ကြမလား…”
ပန်ကုန်းစုန်က ခေါင်းခါယမ်းလိုက်၏။ “ဂိုဏ်းသခင်ချင်က ကျီစားနေပြန်ပါပြီ… ကျွန်တော်က ဒီကို ပညာဆည်းပူးဖို့သက်သက် လာတာပါ…”
ချင်မူက ပြုံး၍ ပြောလိုက်သည်။ “ပညာဆည်းပူးဖို့လား… တိုက်ဆိုင်လိုက်တာ၊ ငါ့မှာ ကောင်းကင်ဓားမ တီထွင်ပြီး သင်ပေးထားတဲ့ ဓားမသိုင်း ရှိတယ်… မင်း အဲဒီဓားမသိုင်း မသင်ချင်ဘူးလား…”
ပန်ကုန်းစုန်၏ မျက်ခုံးများ ပင့်၍ ချင်မူ့ထံ အကြည့်ရောက်လာ၏။ တစ်မုဟုတ်ချင်းပင် ချင်မူ့နားထဲ၌ မရေမတွက်နိုင်သော ဝိညာဉ်တို့၏ မချိမဆံ့ အော်ညည်းသံ ငိုကြွေးသံများ ဆူညံသွားသည်။