လက်သီးသုံးချက်၊ ဓားမနှစ်လက်
Vol. 20 Ch. 273
“အားကောင်းလှချေလား…” ချင်မူ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အသုံးပြု၍ သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ် လွင့်ထွက်မသွားအောင် ချုပ်နှောင်ရင်း အံ့အားသင့်သွား၏။
လိုလန်ရွှေနန်းတော်၏ ကျင့်စဉ်ပညာရပ်များက အလွန်တရာ ထူးဆန်းလှသည်။ သူတို့က ဝိညာဉ်များကို အသုံးပြု၍ ကျင့်စဉ်လေ့ကျင့်ကြပြီး မှော်မိစ္ဆာ၊ မကောင်းဆိုးဝါး၊ နတ်ဘုရား၊ သားရဲ မည်သည့်သတ္တဝါတို့၏ ဝိညာဉ်ဖြစ်စေ အားလုံးကို ကျင့်စဉ်စွမ်းအင်အတွက် အသုံးပြုကြ၏။
ပန်ကုန်းစုံ၏ အကြည့်က သာမန်မဟုတ်ချေ။ ဝိညာဉ်ကို ဦးတည်တိုက်ခိုက်သော ကောင်းကင်နတ်သိုင်းတစ်ရပ် ကိန်းအောင်းပါဝင်နေသည်။ သူ့အကြည့်သက်သက်ဖြင့်ပင် တစ်ဘက်လူ၏ ဝိညာဉ်ကို ထိခိုက်အောင် တိုက်ခိုက်နိုင်၏။ သတိလက်လွတ်နေမိလျှင် စိုက်ကြည့်ခံရရုံဖြင့် အသက်ဆုံးရှုံးသွားပေလိမ့်မည်။
ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာက ထိုသို့သော ဝိညာဉ်တိုက်ခိုက်သည့် ပညာရပ်ကို ရင်ဆိုင်ရန် အသင့်လျော်ဆုံး ပညာရပ် ဖြစ်သည်။ ထို့ပြင် ပန်ကုန်းစုန်၏ မျက်လုံးအတွင်းမှ ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာဖြင့် ခုခံနိုင်ခြင်း မရှိလောက်အောင်ထိ စွမ်းအားကြီးမြင့်ခြင်း မရှိသေးသည့်အတွက်လည်း ဤသို့ ရင်ဆိုင်နိုင်ခြင်း ဖြစ်၏။
“ကောင်းကင်ဓားမရဲ့ ဓားမသိုင်း ဟုတ်လား…” ပန်ကုန်းစုန်၏ မျက်ခုံးများ ပြေလျော့သွားပြီး မေးမြန်းလိုက်သည်။ “မှတ်တမ်းထိန်းဆောင်မှာ အဲလိုဓားမသိုင်းမျိုး ရှိတာလား…”
“မှတ်တမ်းထိန်းဆောင်မှာ မရှိဘူး၊ ငါ့ဆီမှာပဲ ရှိတာ…” ချင်မူက ပြုံး၍ သူ့လက်ကို မြှောက်ကာ ဝက်ခုတ်ဓားမ၏ လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်၏။
ဓားမလက်ကိုင်ရိုးပေါ်သို့ သူ့လက်များ ဆုပ်မိသည်နှင့် မမြင်ရသော ဘီလူးကြီးတစ်ကောင်က ဓားဖြင့် ဝှစ်ခနဲ ခုတ်ချလိုက်သဖြင့် လေပွေများ တဟူးဟူး ထသွားသကဲ့သို့ အရပ်ခြောက်မျက်နှာခန်းမ အတွင်းရှိ စာရွက်များ တဖျပ်ဖျပ်လွင့်သွား၏။
ပန်ကုန်းစုန်၏ မျက်နှာအရေပြားမှာလည်း အားအရှိန်ကြောင့် တွန့်ခေါက်ပြီး ဆံချည်မျှင်အချို့ တိခနဲ ပြတ်ကျသွားသည်။
ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများ၏ ရင်ထဲတွင် တုန်လှုပ်သွား၏။ “ဂိုဏ်းသခင်ချင်ရဲ့ စွမ်းရည်က အတော်လေး တိုးတက်လာတာပဲ… ဓားမအာရုံ ဖွဲ့တည်နိုင်တဲ့အထိ လေ့ကျင့်ပြီးသွားပြီ… နှစ်သစ်ကူးလေး အိမ်ပြန်သွားတာနဲ့ သူ့ဓားမစွမ်းရည်က ဘာလို့ ဒီလောက်အများကြီး တိုးတက်လာရတာလဲ…”
သူတို့အားလုံးက ချင်မူနှင့် တောင်ဘက်နယ်စပ်သို့ လိုက်လာပြီး ပုန်ကုန်သူများ နှိမ်နင်းရင်း သေအတူရှင်မကွာ တိုက်ခိုက်ခဲ့ဖူးသဖြင့် သူ၏ စွမ်းရည်ကို သူတို့ သိသည်။ ထိုစဉ်က ချင်မူ၏ ဓားမစွမ်းရည်မှာ စွမ်းအားကြီးမားသည်ဟု ဆိုနိုင်သော်လည်း ယခု မြင်တွေ့ရသည့် ဓားမစွမ်းရည်နှင့် များစွာ အလှမ်းကွာ၏။
ဓားမသိုင်းမှ ဓားမအာရုံဖွဲ့တည်လာအောင် လေ့ကျင့်နိုင်ခြင်းမှာ အရည်အသွေးပိုင်း တိုးမြင့်လာခြင်း ဖြစ်ပြီး ရက်အနည်းငယ်မျှ အားသွန်ခွန်စိုက် လေ့ကျင့်ရုံဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။
သူတို့ မသိလိုက်သည်မှာ ချင်မူ့အတွက် နှစ်သစ်ကူးအိမ်ပြန်ရန် မည်မျှ ခက်ခဲခဲ့သည်ဆိုခြင်းပင် ဖြစ်၏။ အရပ်မျက်နှာပေါင်းစုံမှ ချောင်းမြောင်းလုပ်ကြံသည်ကို သီသီလေး လွတ်လာခဲ့ခြင်းဟုပင် ဆိုရပေလိမ့်မည်။ တစ်ချိန်လုံး ဝန်းရံတိုက်ခိုက်ခံရ၏။ နောက်မှအုံဖွဲ့လိုက်ခံရ၏။ ပိတ်ဆို့တားဆီးခံရ၏။ အလစ်အငိုက်တိုက်ခိုက်ခံရ၏။ ဒုက္ခိတဘိုးဘွားကျေးရွာသို့ မရောက်မီ ရက်ပေါင်းများစွာ သွေးလွှမ်းတိုက်ပွဲများ ဆင်နွှဲ၍ ဒုက္ခပေါင်းစုံ ဖြတ်ကျော်ခဲ့ရသည်။
အိမ်ပြန်ရောက်သည့်တိုင် နှစ်ကူးပွဲကို ငြိမ်းငြိမ်းချမ်းချမ်း မကျင်းပရသေးဘဲ သူ့အဘိုးအဘွားများကို လိုက်ရှာရသေးသည် မဟုတ်လား။ နှစ်သစ်ကူးညစာ စားပြီးသောအခါတွင်လည်း နေ့စဉ်နေ့တိုင်း အဘိုးအဘွားများနှင့် တိုက်ခိုက်ရ၏။ သားသတ်သမား၊ အဘိုးကြီးမာ၊ ထော့ကျိုး၊ မျက်ကန်းနှင့် ကျန်သူများက ချင်မူ့ကို အဆက်မပြတ် ထိုးနှက်၍ အမျိုးမျိုးသော သဘောတရားများကို ပြောပြကြသည်။ ထို့ပြင် ထိပ်တန်းပညာရှင်ဟု ဆိုရမည်ဖြစ်သော ရွာလူကြီးကလည်း သူ့ကို လေ့ကျင့်သင်ကြားပေးသေး၏။
ဤတစ်ခေါက် အိမ်ပြန်ရသည်မှာ ချင်မူ့အတွက် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်ပြီး နှစ်နှစ်သုံးနှစ် အားသွန်ခွန်စိုက် လေ့ကျင့်ရသည်နှင့် အတူတူပင် ဖြစ်၏။
သူ၏ ဓားမသိုင်းသာ အရည်အသွေး တိုးတက်လာသည်မဟုတ်။ ဓားသိုင်း၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ဗုဒ္ဓကျင့်စဉ်ပညာ၊ လက်သိုင်း၊ မျက်လုံးစွမ်းအား၊ တာအိုနှလုံးသား အရာအားလုံး အရည်အသွေးပိုင်း တိုးတက်လာခဲ့သည်။
ပန်ကုန်းစုန်မှာ သူ့မျက်ခုံးနှစ်ခုအလယ်သို့ ကျရောက်လာသော ချင်မူ့ ဓားမအာရုံ၏ ဖိအားကြောင့် တွန့်ခနဲ ဖြစ်သွား၏။ ချင်မူက သူ့ဓားမကို အချိန်မရွေး ဓားအိမ်ထဲမှ ဆွဲထုတ်၍ သူ့မျက်ခုံးနှစ်ခုအလယ်သို့ ခုတ်ပိုင်းချတော့မလို ရှိနေသည်။
သူ ပြန်တုံ့ပြန်တော့မည့်ဆဲဆဲတွင် သီလရှင်ဟုန်ဖက သူတို့နှစ်ယောက်ကြား ဝင်ရပ်လိုက်သဖြင့် ချင်မူ၏ ဓားမအာရုံ ပျက်ပြားသွား၏။
“ဒါက အရပ်ခြောက်မျက်နှာခန်းမ… မင်တို့ရဲ့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာတွေ နိုးထလာအောင် လေ့ကျင့်ဖို့နေရာ၊ ရန်ဖြစ်ဖို့နေရာ မဟုတ်ဘူး…”
သီလရှင်ဟုန်ဖ၏ အကြည့်က သူတို့နှစ်ယောက်အပေါ် ဝေ့ဝဲကျရောက်လာပြီး ခပ်တည်တည် ပြောလိုက်သည်။ “နန်းတွင်းကောလိပ်မှာ သူ့စည်းမျဉ်းနဲ့သူ ရှိတယ်… ငါ့ရဲ့ အရပ်ခြောက်မျက်နှာခန်းမမှာ လေ့ကျင့်ရင် မင်းတို့က ငါ့တပည့်တွေပဲ၊ ငါ့အရပ်ခြောက်မျက်နှာခန်းမရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်… မင်းတို့နှစ်ယောက်စလုံးက အခုမှ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာရဲ့ အတားအဆီးနံရံကို ချိုးဖျက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်လာကြတာ… အခြေခိုင်သေးတာ မဟုတ်ဘူး၊ ဘာကိစ္စ သွေးဆူနေကြတာလဲ…”
ပန်ကုန်းစုန်က ပြုံးပြလိုက်၏။ “ဆရာကြီးပြောတာ မှန်တယ်… ဂိုဏ်းသခင်ချင်၊ နောက်ရက်မှ ဂိုဏ်းသခင်ရဲ့ ကောင်းကင်ဓားမကို သင်ယူပါတော့မယ်…” စကားဆုံးသည်နှင့် သူက ခန်းမအပြင်သို့ ထွက်သွားသည်။
ချင်မူက သူ့ဘေးမှ လိုက်လျှောက်၍ ပြုံးလိုက်၏။ “ဘာလို့ နောက်ရက်ကူးနေမှာလဲ… အခုသင်ခန်းစာချိန် ပြီးပြီမဟုတ်လား… အချိန်ကောင်းပဲလေ… အရပ်ခြောက်မျက်နှာခန်းမအပြင် ရောက်တာနဲ့ သီလရှင်ကြီးက ငါတို့ကို တားနိုင်တော့မှာ မဟုတ်ဘူး…”
ခန်းမအပြင်၌ လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာနှစ်ယောက် ရောက်လာပြီး ပန်ကုန်းစုန်၏ ဘယ်ညာနှစ်ဖက်ဝန်းရံ၍ လိုက်ပါလာကြသည်။ အဆင့်မြင့်မှော်ဆရာတစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။ “ဘာတွေလောနေတာလဲ၊ ဂိုဏ်းသခင်ချင်… မင့်လက်ယားပြီး တိုက်ချင်ခိုက်ချင်နေတယ်ဆိုရင် ငါတို့လက်ပါးစေတွေက အချိန်မရွေး ဖျော်ဖြေပေးဖို့ အသင့်ပဲ…”
အရပ်ခြောက်မျက်နှာခန်းမအတွင်းတွင် ဝေ့ယုံ၊ ချန်ဝမ်ယွင်၊ ချင်ယွီတို့ မျက်မှောင်ကြုတ်နေကြသည်။ “ဂိုဏ်းသခင်ချင်ကိုကြည့်ရတာ နည်းနည်းလေး ရန်လိုနေသလိုပဲ… ပန်ကုန်းစုန်က တိုင်းတစ်ပါးကနေ ပညာသင်ဖို့လာတဲ့ သံတမန်လေ… အရင်တုန်းက ရန်သူဆိုပေမဲ့ ကျင့်ဝတ်လိုက်နာရမှာပဲ၊ သွားရိုင်းလို့ မရဘူး…”
ယွင်ချွယ်ကိုယ်တော်က ခေါင်းညိတ်လိုက်၏။ “သူတကယ် ရန်လိုနေတာ… ဂိုဏ်းသခင်ချင်က ပန်ကုန်းစုန်နဲ့ ရန်ငြှိုးမရှိလောက်ဘူး မဟုတ်လား…”
ချင်မူက လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာများကို တစ်ချက်ကြည့်၍ ခပ်အေးအေး ပြောလိုက်သည်။ “ငါက လိုလန်ရွှေနန်းတော်ကို ရောက်ဖူးပါတယ်၊ ငါဖော်စပ်လိုက်တဲ့ ဆေးတစ်အိုးကြောင့် မင်းတို့ အဆင့်မြင့်မှော်ဆရာတွေ အကုန်နီးပါး မေ့လဲပြီး မှော်ဆရာဘုရင်တွေ ကြောက်အားလန့်အား ထွက်ပြေးသွားရတာ… မင်းတို့နှစ်ယောက်လည်း ငါ့ကြောင့် မေ့လဲဖူးမှာပေါ့ ဟုတ်လား…”
အဆင့်မြင့်မှော်ဆရာနှစ်ယောက်၏ မျက်နှာများ မည်းမှောင်သွား၏။ သို့သော်လည်း မည်သည်ကိုမျှတော့ ပြန်မပြောကြချေ။
“ဒါမှမဟုတ်လည်း မင်းတို့က ငါ့လက်အောက်မှာ ရှုံးခဲ့ဖူးတာများလား…” ချင်မူက တစ်ချက်စဉ်းစားကြည့်လိုက်သည်။ သို့သော်လည်း ဤနှစ်ယောက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ မမှတ်မိသဖြင့် ခေါင်းခါယမ်းလိုက်၏။ “လိုလန်ရွှေနန်းတော်မှာ ငါသတ်ခဲ့တဲ့လူတွေက များလွန်းတော့ မင်းတို့ကို မမှတ်မတော့တာနဲ့တူတယ်… အဲဒီတုန်းက လိုလန်ရွှေနန်းတော်ဆီ တက်တဲ့လမ်းတစ်လျှောက်လုံး အလောင်းတွေထပ်ပြီး သွေးနီရောင် စွန်းထင်းနေခဲ့တာ…”
“ငါ့ဓားမနှစ်လက်က အပြင်ဂိုဏ်းသားတွေကို ခုတ်သတ်၊ အတွင်းဂိုဏ်းသားတွေကို ခုတ်ဖြတ်ပြီး ဦးသျှောင်မှော်ဆရာရဲ့ တပည့်တွေထိ တက်သတ်ခဲ့တယ်… အဲဒီအချိန်တုန်းက မှော်ဆရာတွေ၊ အဆင့်မြင့်မှော်ဆရာတွေ ဘယ်လောက်တောင် သေခဲ့လဲ… တစ်ရာဖြစ်မလား… တစ်ရာမဟုတ်တောင် အနည်းဆုံးတော့ ရှစ်ဆယ်လောက် ရှိလိမ့်မယ်… ငါသတ်ခဲ့တဲ့လူတွေ များလွန်းလို့ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာတွေ၊ အဆင့်မြင့်မှော်ဆရာတွေ ရှေ့တောင် ထွက်မလာရဲတော့ဘူး…”
အဆင့်မြင့်မှော်ဆရာနှစ်ယောက်၏ မျက်နှာများ မည်းသည်ထက် မည်းမှောင်လာပြီး လက်ဝါးများ တဆတ်ဆတ် တုန်လာသည်။ အဆင့်မြင့်မှော်ဆရာတစ်ယောက်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း လင်းဖြာလာပြီး သူ့ဦးခေါင်းက ငှက်ခေါင်းအဖြစ် ပြောင်းလဲ၍ စူးစူးရှရှ အော်ဟစ်လိုက်၏။ “အဲဒီအချိန် ငါ လိုလန်ရွှေနန်းတော်မှာ မရှိဘဲ အပြင်ရောက်နေလို့… ငါသာ ရှိနေရင် မင်းလိုလူမျိုး ဆယ်ယောက်လာတောင် စိစိညက်ညက်ကြေအောင် သတ်ပစ်လို့ရတယ်…”
သူတို့၏ နောက်ဘက်တွင်တော့ အရပ်ခြောက်မျက်နှာခန်းမမှ ကျောင်းတော်သားများ အပြင်ရောက်လာပြီး ကြီးစွာ တုန်လှုပ်သွားကြသည်။ အများစုမှာ ချင်မူ့စကားကို ကြား၍ ကျောက်ရုပ်သဖွယ် ဖြစ်သွားကြ၏။
သူတို့က အတန်းဖော်များ ဖြစ်သော်လည်း ချင်မူ လိုလန်ရွှေနန်းတော်သို့ သွားရောက်၍ မုခ်ဦးတံခါးပိတ်ကာ ထိုနေရာမှ အဆင့်မြင့်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည့်အကြောင်းကို မသိရှိကြပေ။
“ငါသိပြီ…” ဝေ့ယုံက ရုတ်တရက် အော်ဟစ်လိုက်သည်။ “ဖိုကျစ်နဲ့ တောက်ကျစ်ကို ဘယ်သူ အနိုင်ယူခဲ့တာလဲ ငါသိပြီ…”
ချင်ယွီ၊ ချန်ဝမ်ယွင်နှင့် ကျန်သူများမှာလည်း အကြီးအကျယ် အံ့အားသင့်သွားပြီး လွှတ်ခနဲ ရေရွတ်လိုက်မိကြ၏။ “မင်းဆိုလိုချင်တာက တောက်ကျစ်နဲ့ ဖိုကျစ်တို့ မုခ်ဦးတံခါး ပိတ်ဖို့လာတုန်းက ဂိုဏ်းသခင်ချင်က သူတို့ကို အနိုင်ယူပြီး မောင်းထုတ်ခဲ့တာပေါ့ ဟုတ်လား…”
ယွင်ချွယ်ကိုယ်တော်က ပြောလိုက်သည်။ “အံ့ဩစရာမရှိဘူး၊ တကယ်အံ့ဩစရာ မရှိဘူးပဲ… ဖိုကျစ်နဲ့ တောက်ကျစ်ကို နာမည်မ ဖော်ဘဲ အနိုင်ယူသွားတဲ့ ပညာရှင်က ဘယ်သူပါလိမ့်လို့ ငါစဉ်းစားနေတာ… လက်စသပ်တော့ ဂိုဏ်းသခင်ချင် ဖြစ်နေတာကိုး…”
စစ်ယွင်ရှန်းမှာ မျက်ခုံးများ ရှုံ့၍ မကျေမနပ်ဖြစ်ကာ တီးတိုးရေရွတ်လိုက်၏။ “ဖိုကျစ်ကို အနိုင်ယူခဲ့တာ ငါကို…”
ချန်ဝမ်ယွင်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ငါကြားတဲ့ သတင်းအရ ဖိုကျစ်က သေသွားပြီ၊ သူ့ကို သတ်လိုက်တာ ငါတို့ဂိုဏ်းသခင်ချင်တဲ့…”
ယွဲ့ချင်းဟုန်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “မကြာသေးခင်ကဖြစ်သွားတဲ့ အိမ်ရှေ့မင်းသား ဧကရာဇ်ကို သတ်ဖြတ်ပြီး နန်းသိမ်းဖို့ ကြံစည်တုန်းကလည်း ဂိုဏ်းသခင်ချင်ပဲ ကောင်းကင်တန်ခိုး− ကောင်းကင်နတ်ဆိုးဂိုဏ်းက အဆင်မြင့်ပညာရှင်တွေကို ဦးဆောင်ပြီး ကောင်းကင်ကျောင်းတော်ထိပ်ထိ သတ်ဖြတ်ခုတ်ထစ် တက်သွားတာတဲ့… ပြီးတော့ အိမ်ရှေ့မင်းသားရဲ့ ခေါင်းကိုလည်း ဂိုဏ်းသခင်ချင်ကိုယ်တိုင် ခုတ်ဖြတ်ခဲ့တာဆိုပဲ…”
အားလုံးက သူတို့ကြားထားသမျှ ကောလာဟလများကို ဖလှယ်ရင်း ပို၍ ပို၍ အံ့အားသင့်လာကြသည်။ သူတို့ဘေးမှ ဤအတန်းဖော်ချင်က ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရာများစွာကို လုပ်ဆောင်ခဲ့သည် မဟုတ်လား။
သီလရှင်ဟုန်ဖက သူတို့ကို တစ်ချက်စိုက်ကြည့်၍ ပြောလိုက်၏။ “ဒီကိစ္စတွေ အခြေအမြစ်မရှိ လျှောက်လျှောက်မပြောကြနဲ့… ပြီးတော့ ဂိုဏ်းသခင်ချင်နဲ့ ဝေးဝေးနေကြ၊ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မိစ္ဆာဂိုဏ်းသခင်ဆိုတာ မင်းတို့သိပြီးသားပဲ… အထူးသဖြင့် စစ်ယွင်ရှန်း၊ မင်းက သူနဲ့ တအားရင်းရင်းနှီးနှီးလွန်းတယ်… မင်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဆွဲသွင်းသွားရင် မင့်တစ်လျှောက်လုံး ဒုက္ခရောက်ရလိမ့်မယ်…”
စစ်ယွင်ရှန်းက မည်သို့မျှ မတတ်နိုင်ဟန်ဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။ “ဟုတ်ကဲ့ပါ… သူနဲ့ အပတ်အသက် အဆက်အဆံ မလုပ်ဘဲ နေပါ့မယ်…”
သီလရှင်ဟုန်ဖက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ဂိုဏ်းသခင်ချင်၊ ဒါက နန်းတွင်းကောလိပ်၊ မင်းရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်း မဟုတ်ဘူး၊ စည်းမျဉ်းတွေ ရှိတယ်… ပြီးတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဥပဒေရှိတယ်၊ နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းနေဦး…”
…။
“အဲဒါပြီးတော့ လိုလန်ရွှေနန်းတော်ရဲ့ ရတနာတိုက်ကို အပြောင်ရှင်းခဲ့တာပဲ…” ချင်မူက အမူအရာအပြောင်းအလဲမရှိ ခပ်အေးအေး လမ်းလျှောက်နေသည်။ သူက သီလရှင်ဟုန်ဖ၏ စကားကို လျစ်လျူရှု၍ ဆက်ပြောလိုက်၏။ “မင်းတို့လိုလန်ရွှေနန်းတော်က သူများရတနာတွေ အများကြီးစုထားတာပဲ… အဖိုးတန်တဲ့ ပစ္စည်းတွေ၊ အဆောင်ရတနာတွေ၊ လက်နက်တွေ အကုန်လုံး ငါယူလာခဲ့တယ်… ဒါပေမဲ့ မင်းတို့ရွှေနန်းတော်ရဲ့ ပစ္စည်းတွေတော့ တစ်စိုးတစ်စိမှ မထိခဲ့ဘူး… သူခိုးတစ်ယောက် ဘယ်တော့မှ လက်ဗလာနဲ့ ပြန်ရိုးထုံးစံမရှိပေမဲ့ ဘယ်ဟာခိုးဖို့ ထိုက်တန်တယ်၊ ဘယ်ဟာခိုးဖို့ မထိုက်တန်ဘူးလဲ ခွဲခြားသိတယ်တဲ့… ဒီသဘောတရားကို ငါကောင်းကောင်းကြီး သဘောပေါက်ပါတယ်…”
ပန်ကုန်းစုန်၏ မျက်နှာအမူအရာက အပြောင်းအလဲ မရှိသော်လည်း လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာနှစ်ယောက်ကတော့ ဆက်လက် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
ရုတ်တရက် ငှက်ခေါင်းမှော်ဆရာက စူးစူးရှရှအော်ဟစ်လိုက်၏။ ထိုအော်သံက လူ့ဦးနှောက်နှင့် ဝိညာဉ်ထဲသို့ အပ်ချောင်းလေးများ ထိုးစိုက်လိုက်သကဲ့သို့ ရှိသည်။
ထိုအော်သံနှင့်အတူ နောက်ကျောဘက်မှ ရွှေရောင်အတောင်ပံများ ဖြန့်ကားလာ၏။ ထို့နောက် ဆတ်ခနဲ လှုပ်ခါ၍ မရေမတွက်နိုင်သော ရွှေရောင်ငှက်မွေးများကို ပစ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံး ရွှေရောင်ဖုံးလွှမ်း၍ ချင်မူ့ထံ အရပ်မျက်နှာအနှံ့မှ တိုးဝင်ထိုးစိုက်သွားသည်။
တစ်ချိန်တည်းတွင် ထိုမှော်ဆရာက အလွန်တရာ ချွန်ထက်သည့် ရွှေရောင်ခြေသည်းများအဖြစ် အသွင်ပြောင်းလဲပြီးဖြစ်သော ခြေထောက်များကို မြှောက်၍ ချင်၏ ဦးခေါင်းထံ ပြေးဝင်တိုက်ခိုက်လိုက်၏။
“ဦးသျှောင်မှော်ဆရာနတ်ဒေဝါကျင့်စဉ်က တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ… မင်းက ဦးသျှောင်မှော်ဆရာရဲ့တပည့်၊ ကောင်းကင်နတ်သိုင်းတွေ လေ့ကျင့်အောင်မြင်ပြီးသွားပြီပေါ့…”
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွားပြီး သူ့နောက်ကျောမှ ဝက်ခုတ်ဓားမနှစ်လက်က ဖြတ်ခနဲ ခုတ်ထွက်လာသည်။ တချွင်ချွင်အသံများက မိုးသီးမိုးပေါက်များ ကျလာသည့်နှယ် ထွက်ပေါ်လာပြီး ထိုတစ်ခဏ၌ ဓားမရောင်က ရွှေရောင်အလင်းတန်းများကို ခုတ်ဖြတ်တိုးဝင်သွား၏။
ဓားမရောင်က ဆယ့်နှစ်ကိုက်ခန့် ရှည်လျားပြီး အလျားလိုက်ဓားမရောင်တစ်ချက်၊ ဒေါင်လိုက်ဓားမရောင်တစ်ချက် ပေါ်ထွက်၍ ရွှေရောင်ငှက်ခြေထောက်တစ်ဖက်ကို ဖြတ်တောက်သွားသည်။
တိမ်တိုက်တိုင်းတွင် ငွေရောင်အနားသပ်ရှိသည်…။
နောက်တစ်ခဏ၌ ချင်မူက ထိုမှော်ဆရာအနီးသို့ ပူးကပ်သွားပြီး သူ့ဓားမကို ပြောင်းပြန်ကိုင်လိုက်၏။
တားမြစ်နယ်မြေမှ ဓားမပင့်မြှောက်ခြင်း…။
သူ့ဓားမတစ်ချက် အပင့်တွင် မှော်ဆရာဝမ်းဗိုက်မှ ရင်ဝအထိ ဟက်တက်ကွဲ၍ ပွင့်ထွက်သွားသည်။
ထိုမှော်ဆရာ၏ ရုပ်အလောင်း ကြမ်းပြင်ပေါ်သို့ မကျမီပင် အခြားအဆင့်မြင့်မှော်ဆရာ၏ ဦးခေါင်း ဆတ်ခနဲ လှုပ်ခါ၍ ဆင်ဦးခေါင်းအဖြစ် ပြောင်းလဲသွား၏။ သူ၏ လက်သီးဆုပ်များက တောင်လုံးကြီးကဲ့သို့ ကြီးမားလာပြီး ချင်မူ့ကို ထိုးချလိုက်သည်။
ချင်မူက သူ့ဓားမများကို လွှတ်ချ၍ နောက်ပြန်လှည့်လိုက်၏။ သူ၏ ချီစွမ်းအင်က ပေါက်ကွဲထွက်ပေါ်လာပြီး သူ့ဆံပင်ကို ချီနှောင်ထားသည့် ကြိုးက အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားသည်။ သူ၏ နက်မှောင်သော ဆံချည်မျှင်များက ချီစွမ်းအင်စီးဝင်၍ လေထဲသို့ထောင်တက်လာ၏။
ဘုန်း…။
လက်သီးချင်းအတွေ့တွင် ချင်မူ့ကိုယ်ပေါ်မှ ကြွက်သားအားလုံး တဆတ်ဆတ် တုန်ခါသွားသည်။ တချို့ကြွက်သားများက အရေပြားအောက်၌ မြွေကြီးများကဲ့သို့ပင် တွန့်လိမ်လူးလွန့်နေ၏။
ချင်မူ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်က ရစ်ခွေနေသော နဂါးစိမ်းများကဲ့သို့ ဖြစ်လာသည်။ သို့သော်လည်း သူက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နှင့် တထာဂတ၏ မဟာယာနကျင့်စဉ် နှစ်ရပ်စလုံးကို တစ်ပြိုင်နက် ထုတ်သုံးလိုက်သဖြင့် ကြီးမားသော ဗုဒ္ဓဘုရားရှင်တစ်ပါး တင်ပျဉ်ဖွဲ့ထိုင်နေသည်နှင့် တူလာ၏။ ထိုဗုဒ္ဓဘုရားရှင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ နဂါးများ ရစ်ခွေလျက် နောက်ထပ်လက်သီးတစ်ချက် ထိုးချလိုက်သဖြင့် ဘုန်းခနဲ အသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာကတော့ တုနှိုင်းမဲ့ခွန်အား ပိုင်ဆိုင်ပြီး ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကို လက်သီးတစ်ချက်ဖြင့် နှစ်ခြမ်းထိုးခွဲနိုင်သည့် ရွှေရောင်ဆင်နတ်ဘုရားတစ်ပါးအသွင် ရှိနေ၏။
ဘုန်း… ဘုန်း… ဘုန်း…။
လူနှစ်ယောက်၏ လက်သီးချက်များ သုံးကြိမ်သုံးခါတိတိ ထိပ်တိုက်တွေ့သွားပြီး ချင်မူက သူ့လက်များကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့ထံမှ စိမ့်ဖြာထွက်နေသည့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အရှိန်အဝါအငွေ့အသက်က ပျက်ပြယ်သွားပြီး တစ်ကိုယ်လုံးရှိ တဆတ်ဆတ်တုန်ခါနေသော ကြွက်သားများအားလုံးလည်း ငြိမ်သက်သွား၏။ အခြားတစ်ဘက်တွင်တော့ ဆင်ခေါင်းနှင့် မှော်ဆရာက စူးစူးရဲရဲ မာန်သွင်းအော်ဟစ်၍ ချင်မူ့၏ မျက်နှာသို့ အားအင်အပြည့်ပါသည့် လက်သီးတစ်ချက် ထပ်ထိုးချလိုက်သဖြင့် လေတဟူးဟူး ထသွားသည်။
သို့သော်လည်း ဤလက်သီးချက် ချင်မူ၏ ခန္ဓာကိုယ်ပေါ်သို့ မကျရောက်မီမှာပင် ဆင်ခေါင်းနှင့် မှော်ဆရာ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့အရိုးများအားလုံး အပိုင်းပိုင်းအစစ ကြေမွသွား၏။ ကြွက်သားများ တစ်မျှင်ချင်း ပြတ်ထွက်၍ ချီစွမ်းအင်များ စုစည်းမရအောင် ပြယ်လွင့်သွားသဖြင့် ကြမ်းပြင်ပေါ်သို့ ဖွဲအိတ်တစ်အိတ်သဖွယ် ပုံကျသွားသည်။ သူ့ပါးစပ်မှ လေများဖူးခနဲထွက်၍ ပြန်လည်ရှူသွင်းနိုင်ခြင်း မရှိတော့ချေ။
ချင်မူ၏ လက်သီးသုံးချက်မှ အားလှိုင်းများက ဤအဆင့်မြင့်မှော်ဆရာ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့၍ အရိုးများ၊ ကြွက်သားများနှင့် ချီစွမ်းအင်အားလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။
အရပ်ခြောက်မျက်နှာခန်းမမှ ကျောင်းတော်သားများမှာ ပါးစပ်အဟောင်းသားနှင့် ကျောက်ရုပ်သဖွယ် ဖြစ်သွားကြသည်။ သီလရှင်ဟုန်ဖမှာ ရေခဲရေဖြင့် လောင်းချခံရသကဲ့သို့ တစ်ကိုယ်လုံး အေးစက်သွား၏။ ချင်မူက ဥပဒေမဲ့လူရမ်းကားတစ်ယောက်ကဲ့သို့ ပြုမူ၍ တိုင်းတစ်ပါးမှ သံတမန်နှစ်ယောက်၏ အသက်ကို ဓားမနှစ်ချက်၊ လက်သီးသုံးချက်ဖြင့် နုတ်ယူလိုက်သည် မဟုတ်လား။ ထိုမျှမက သူ ရမ်းရမ်းကားကား ပြုမူလိုက်သည်က နန်းတွင်းကောလိပ်နယ်မြေအတွင်းတွင် ဖြစ်၏။
ချင်မူက သူတို့ကို လျစ်လျူရှု၍ ပန်ကုန်းစုန်ကို ပြုံးပြုံးရယ်ရယ် ကြည့်လိုက်သည်။ သူ့အသွင်က အကြောင်းပြချက် မရှိဘဲ လူ့အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်တတ်သော လူရမ်းကားတစ်ယောက်အသွင် စိုးစဉ်းမျှ မပေါ်ချေ။ “ဒီအလောင်းတွေကို ဘယ်သူ ဆွဲပြီး သန့်ရှင်းမှာလဲ… မင်းသားလေး၊ ငါ့အစွမ်းအစက မဆိုးဘူး မဟုတ်လား… မင့်ရင်ထဲမှာ တိုက်ချင်ခိုက်ချင်စိတ်များ ပေါ်လာပြီလား…”