← Chapters

အောက်လမ်းမှော်အစီအရင်ဖြင့် လူသတ်ခြင်း

Vol. 20 Ch. 274

အောက်လမ်းမှော်အစီအရင်ဖြင့် လူသတ်ခြင်း

Vol. 20 Ch. 274

“လူသတ်နေပြီ… လူသတ်နေပြီ…” ကြီးကြပ်ရေးမှူးတစ်ယောက်က ပါမောက္ခချုပ်ကူလင်းနွမ်ကို သတင်းပို့ရန် အော်ကြီးဟစ်ကျယ်နှင့် ပြေးဝင်လာသည်။ “မကောင်းတော့ဘူး၊ တော်ဝင်ကျောင်းတော်သားချင်မူက လူသတ်မှု ထပ်ကျူးလွန်ပြန်ပြီ…”

ကူလင်းနွမ်က လ္ဘက်ရည်ကြမ်းသောက်နေပြီး ထိုစကားကို အလေးထားသည့်ဟန် မရချေ။ သူက ပြုံးပြုံးရယ်ရယ်နှင့် မေးလိုက်၏။ “ဘာတွေ အဲလောက် တုန်လှုပ်စရာ ရှိလို့လဲ… သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ပဲ၊ သူလူသတ်တာလေးနဲ့ ဘာလို့ အဲလောက် တုန်လှုပ်ချောက်ချားနေရတာလဲ… လူမသတ်ဘူးဆိုရင်သာ ထူးဆန်းနေမှာ… အခု ဘယ်သူ့ကို သတ်လိုက်တာလဲ…”

ကြီးကြပ်ရေးမှူးမှာ အသက်ပင် မရှူအားဘဲ ပြောလိုက်သည်။ “သူသတ်လိုက်တာ မန်သီလူရိုင်းနယ်မြေက သံတမန်နှစ်ယောက်…”

ခွပ်…။

ကူလင်းနွမ်၏ လက်ထဲမှ လ္ဘက်ရည်ကြမ်းခွက် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်၍ သိသိသာသာ အမူအရာ ပျက်ယွင်းသွား၏။ သူ လွှတ်ခနဲ အော်ဟစ်လိုက်မိသည်။ “မန်သီလူရိုင်းနယ်မြေက သံတမန်တွေ… နှစ်ယောက်တောင် ဟုတ်လား… မဟုတ်သေးပါဘူး၊ သူ့ကိုငါ ဧည့်ခံပွဲ တည်ခင်းကျွေးမွေးထားတာတောင် ပြဿနာထပ်ရှာနေသေးတာလား…”

သူ ကမန်းကတန်း ထရပ်၍ အခန်းအပြင်သို့ ပြေးထွက်မည်ပြင်ပြီးမှ လမ်းတစ်ဝက်တွင် ရပ်တန့်ကာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တတွတ်တွတ် ရေရွတ်လိုက်၏။ “သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ မိစ္ဆာလမ်းစဉ် နံပါတ်တစ်အထွတ်အမြတ်နယ်မြေရဲ့ အကြီးအကဲပဲ… သူ့ကို ဖြေရှင်းချက် သွားတောင်းရင် ငါ့အသက်ငါ တိုအောင်လုပ်သလို ဖြစ်သွားမှာပေါ့… ဒီကိစ္စကို အရှင်မင်းကြီးဆီ သတင်းပို့တာပဲ ပိုကောင်းလိမ့်မယ်…”

ပါမောက္ခပါ့ရှန်က မလှမ်းမကမ်းတွင် ရပ်၍ ပန်ကုန်းစုန်နှင့် ချင်မူကို အကဲခတ်နေသည်။ ဖြစ်ပျက်သွားသည်များကို မြင်သောအခါ သူ ခေါင်းကိုက်သွားပြီး ရင်ထဲတွင် လေးလံလာ၏။ ‘ဆရာတူညီလေး၊ ပန်ကုန်းစုန်ကို စမ်းသပ်ဖို့ပဲ မင်းကို ငါခိုင်းလိုက်တာလေ… ဘယ်လိုဖြစ်ပြီး မန်သီလူရိုင်းနယ်မြေက သံတမန်တွေကို သတ်ပစ်ရတာလဲ…’

ဤသံတမန်များမှာ မန်သီလူရိုင်းနယ်မြေ၏ ခန်က ပန်ကုန်းစုန်ကို ခေါင်းဆောင်ပြု၍ စေလွှတ်လိုက်ခြင်း ဖြစ်သည်။ စုစုပေါင်း ဆယ်ယောက်ကျော်ရှိပြီး ယခု ထိုထဲမှ နှစ်ယောက်ကို ချင်မူက နန်းတွင်းကောလိပ်၌ သတ်ဖြတ်ပစ်၏။

ဤဖြစ်ရပ်က မည်သည့်နည်းနှင့်မျှ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။

မန်သီလူရိုင်းနယ်မြေ၏ လွမ်သီခန်မှာ ကြီးမြတ်သောပါရမီအရည်အချင်း၊ ရဲတင်းသော ရည်မှန်းချက်ရှိသည့် မြက်ခင်းလွင်ပြင်၏ သူရဲကောင်းတစ်ယောက် ဖြစ်သည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ယှဉ်ပြိုင်ရန်အတွက် အခြားခန်များ၏ တိုင်းပြည်များကို သိမ်းပိုက်၍ မြက်ခင်းလွင်ပြင်တွင် အင်ပါယာတစ်ခု ထူထောင်ထား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဓလေ့ထုံးတမ်းအစဉ်အလာများကိုပင် လေ့လာသင်ယူ၍ ကောင်းကွက်များကို ထုတ်နုတ်ကာ မန်သီလူရိုင်းနယ်မြေတိုးတက်လာအောင် ကြံစည်ကြိုးစားနေသည်။ သူ့တိုင်းပြည်အတွင်း အရေးအရာကိစ္စရပ်များကိုလည်း ပြုပြင်ပြောင်းလဲ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ဆင်တူသော နန်းတွင်းခုံရုံးတစ်ခုကိုပင် ဖွဲ့စည်းထား၏။ ထို့ပြင် နယ်မြေအနှံ့အပြားတွင် စာသင်ကျောင်းများကိုလည်း ထူထောင်ထားသည်။

လက်ရှိအနေအထားတွင် မြက်ခင်းလွင်ပြင်တစ်ခုလုံး စုစည်းညီညွတ်အောင် မသိမ်းသွင်းနိုင်သေး၍သာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အားပြည့်အင်ပြည့် ထိပ်တိုက်ရင်မဆိုင်သေးခြင်း ဖြစ်၏။ သို့သော်လည်း မြက်ခင်းလွင်ပြင်တစ်ခုလုံး စုစည်းညီညွတ်အောင် သိမ်းသွင်းပြီးသွားလျှင်တော့ တစ်ပြည်လုံးရှိ အင်အားများကို စုစည်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်ပေလိမ့်မည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကပ်ဘေးနှစ်ခု ဖြတ်သန်းခဲ့ရသဖြင့် ဆိုးဆိုးရွားရွား အင်အားချိနဲ့သွားသည်။ လွမ်သီခန် သံတမန်များ စေလွှတ်လိုက်သည့် အဓိကရည်ရွယ်ချက်မှာ ပညာဆည်းပူးသင်ယူရန်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ အင်အားမည်မျှ ချိနဲ့သွားကြောင်း သိလို၍ ဖြစ်၏။

သူက မြက်ခင်းလွင်ပြင်ပေါ်၌ ဝဲပျံနေသည့် သိမ်းငှက်ဖိုတစ်ကောင်ကဲ့သို့ အရှေ့အရပ်ကို ထိုးဖောက်ဝင်ရောက်ရန် အသင့်ဖြစ်နေသည်။ အခွင့်အရေးရသည်နှင့် မြက်ခင်းလွင်ပြင်၏ သံမဏိတပ်ဖွဲ့ကို ဦးဆောင်၍ မြေပြန့်လွင်ပြင်သို့ တိုက်ခိုက်သိမ်းပိုက်မည်သာ ဖြစ်၏။

သို့သော်လည်း ချင်မူက ဤအခြင်းအရာများကို ဂရုစိုက်ပုံ မရ။ သံတမန်နှစ်ယောက်ကို အပူအပင်ကင်းကင်း သတ်ဖြတ်ပစ်သည်။

ဤအပြုအမူက အင်ပါယာနှစ်ခုအကြား၌ ကောင်းကောင်းကြီး စစ်မီးတောက်သွားစေနိုင်၏။

ကပ်ဘေးဒဏ်က ယခုထိ ခံနေရသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အားအင်ချိနဲ့သော အခြေအနေတွင် ရှိနေသည်။ လွမ်သီခန်သာ ဤအခြင်းအရာကို အခွင့်ကောင်းယူ၍ သူ့တပ်ဖွဲ့များ စေလွှတ်ပါက အင်ပါယာတစ်ခုလုံး အကြီးအကျယ် ဒုက္ခရောက်ရပေတော့မည်။

ပါမောက္ခပါ့ရှန်မှာ ပန်ကုန်းစုန်ကို စမ်းသပ်ရန် ချင်မူ့ကို စေလွှတ်မိသည့်အတွက် နောင်တရမိသွား၏။ မဟာမြို့ပျက်မှလာသော ဤဆရာတူညီလေးမှာ အမှန်ပင် အဆီးအတားမရှိ ရဲတင်းလှသည်။ သူ့အတွက်တော့ သံတမန်များကို သတ်ဖြတ်ပြီး ဖြစ်လာသမျှ အရှုပ်အထွေးများကို ချန်ရစ်၍ မဟာမြို့ပျက်သို့ ဖုတ်ဖက်ခါ ပြန်သွားနိုင်သည် မဟုတ်လား။

‘အခုလောလော အိမ်ရှေ့မင်းသားက အင်ပါယာကို စီမံအုပ်ချုပ်နေတာဆိုတော့ သူ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာပဲ ကြည့်ရတော့မယ်…’

ပါမောက္ခပါ့ရှန်မှာ လင်ယွိရှုကိုယ်စား ခေါင်းခဲသွား၏။ ဤလူငယ်လေး အိမ်ရှေ့မင်းသား စဖြစ်ကတည်းက တိုင်းပြည်အုပ်ချုပ်ရေးတွင် အတော်လေး အဆင်ပြေချောမွေ့ခဲ့သည်။ သူ့အပြစ်များကိုပင် ရေးချ၍ ကောင်းကင်ကျောင်းတော်၌ ကောင်းကင်ဘုံထံ တောင်းပန်တိုးလျှိုးခဲ့၏။ ကပ်ဘေးကယ်ဆယ်ရေး၊ နယ်မြေများ ပြန်လည် သိမ်းယူခြင်း အစရှိသည်တို့တွင်လည်း ကောင်းစွာ စွမ်းဆောင်နိုင်ပြီး ပြည်သူပြည်သားများ၏ ထောက်ခံအားပေးမှု ရရှိခဲ့သည်။

သို့သော်လည်း ယခုဤအခြင်းအရာက သူ၏ တိုင်းပြည်အုပ်ချုပ်ရေး၌ ပထမဆုံး ကြုံတွေ့ရသည့် အခက်အခဲ ဖြစ်လာချေတော့မည်။

ပန်ကုန်းစုန်၏ အကြည့်က ချင်မူ့ကိုယ်ပေါ် ကျရောက်လာ၏။ သို့သော်လည်း သူ့မျက်ဝန်းထဲတွင် မည်သည့် စိတ်ခံစားချက်မျှ မရှိပေ။ ချင်မူ မည်ရွေ့မည်မျှ ဒေါသဆွသည်ဖြစ်စေ သူ့စိတ်အလျဉ်က တုန်လှုပ်ခြင်း မရှိ။

ပန်ကုန်းစုန်က ခပ်အေးအေး ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ဆိုမှတော့ ဘယ်လိုလုပ် အစွမ်းအစ ညံ့ဖျင်းမှာလဲ… ကျွန်တော်တို့ကြားမှာ တစ်ခုခု နားလည်မှု လွဲနေတာထင်တယ်… ဂိုဏ်းသခင် စိတ်မရှိဘူးဆိုရင် ဂိုဏ်းသခင်ကို တောင်းပန်ဖို့အတွက် ကျောက်စိမ်းရနံ့စံအိမ်မှာ ဧည့်ခံပွဲလေး ကျင်းပပေးချင်ပါတယ်… ဂိုဏ်းသခင်ချင် ဘယ်လို သဘောရပါသလဲ…”

“သိပ်ကောင်းတယ်…” ချင်မူက ပေါ့ပါးလွတ်လပ်စွာ ပြုံးရယ်လိုက်၏။ “မင်းရဲ့ နောက်လိုက်နှစ်ယောက်က ငါ့ကို တိုက်ခိုက်ဝံ့တာ တကယ့်ကို အတင့်ရဲစော်ကားတာပဲ… အရှင်သခင်ဖြစ်တဲ့ မင်းက ဧည့်ခံပွဲနဲ့ တောင်းပန်သင့်တာ အမှန်ပဲပေါ့…”

ပန်ကုန်းစုန်၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်ပြီး လှည့်ထွက်သွားသည်။

ချင်မူ၏ အကြည့်က သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ခြုံလွှမ်းပြီး သူ့နောက်ကျောထံ ကျရောက်သွား၏။ သို့သော်လည်း ပန်ကုန်းစုန်က မည်သည်ကိုမျှ သတိပြုမိဟန်၊ မည်သို့မျှ မသက်မသာဖြစ်ဟန် မရဘဲ တည်တည်ငြိမ်ငြိမ် ထွက်ခွာသွားသည်။ သူ့ခြေလှမ်းများကသာ အနည်းငယ် ပျက်ယွင်း၍ ထော့နင်းထော့နင်း လျှောက်သွားရသကဲ့သို့ ရှိ၏။

‘ဒီကောင်ကတော့…’

ချင်မူ အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းရင်း ပန်ကုန်းစုန်မှာ ကိုင်တွယ်ရခက်၍ ကြောက်မက်ဖွယ်ရာကောင်းလှသည်ဟု ခံစားလိုက်မိ၏။

သူ့အနေဖြင့် ပန်ကုန်းစုန်ကို တစ်ချိန်လုံး ရန်စစိန်ခေါ်၍ လက်အောက်ငယ်သားများကိုပါ စော်ကားသတ်ဖြတ်ပြီး လူပုံအလယ်တွင် မျက်နှာဖြတ်ရိုက်ခဲ့သော်လည်း ဤတစ်ယောက်က ခံစားချက်ကင်းမဲ့စွာ နေနိုင်သေးသည်။ ချင်မူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ သူ့ထံကျရောက်လာသည့်အခါတွင်လည်း အနည်းငယ်မျှသာ ခြေလှမ်းပျက်၍ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းထွက်ခွာသွားနိုင်၏။ ဤပန်ကုန်းစုန်က အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းသော လူတစ်ယောက် ဖြစ်သည်။

ချင်မူ့အနေဖြင့် အခြားသူများကို မပြောဝံ့သော်လည်း တောက်ကျစ်၊ ဖိုကျစ်ကဲ့သို့သော အဆင့်မြင့်ပညာရှင်များသာဆိုလျှင် သူတို့၏ နောက်ကျောသို့ သူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒဖြင့် ကြည့်ခံရလျှင် ဟာကွက်ပေါ်သွားမည်စိုး၍ ခြေတစ်လှမ်းမျှပင် လှမ်းဝံ့လိမ့်မည် မဟုတ်ပေ။

တောက်ကျစ်နှင့် ဖိုကျစ်ထက် ကျင့်စဉ်စွမ်းအင်နှင့် အဆင့်ပိုမြင့်သူများဆိုလျှင်တော့ ဤကဲ့သို့ ချင်မူ၏ စိုက်ကြည့်ခံရပါက ထော့နင်း၍ ဖြစ်စေ၊ သူ့ဘက်သို့ နောက်ပြန်ကြည့်၍ ဖြစ်စေ ဖြည်းညင်းစွာ ဆုတ်ခွာသွားရပေလိမ့်မည်။

ထော့နင်းဆုတ်ခွာရသည့် အကြောင်းရင်းမှာ ကျရောက်လာနိုင်သော တိုက်ခိုက်မှုများကို ရှောင်ရှားရန် ဖြစ်၏။ တစ်ဖြောင့်တည်း မလျှောက်လှမ်းနိုင်ဘဲ ခန္ဓာကိုယ်ကို အပေါ်အောက် တက်လိုက်ကျလိုက် လှုပ်ရှားသွားလာရသည်။

သို့အတွက်ကြောင့် ပန်ကုန်းစုန် ထွက်ခွာသွားသောအခါ သူ့ကိုယ်ဟန်က ထော့နင်းထော့နင်းနှင့် ထူးဆန်းသည့်သွင်ပြင် ပေါ်လာခြင်း ဖြစ်၏။

အမှန်တကယ်တမ်းတွင် သူ့အနေဖြင့် ဟာကွက်တစ်ကွက်မျှ ပေါ်ထွက်ခြင်း မရှိဘဲ ချင်မူ့ကို တိုက်ခိုက်ရန် အခွင့်အရေး တစ်စိုးတစိမျှ မပေးခဲ့ပေ။

ကြောက်စရာအကောင်းဆုံးအချက်မှာ ပန်ကုန်းစုန် ထော့နင်းထော့နင်းသွားလာသည်က များစွာ မသိသာခြင်း ဖြစ်၏။ သူ၏ စွမ်းရည်နှင့် ကျင့်စဉ်စွမ်းအင်က အလွန်တရာ မြင့်မားလှကြောင်း ထင်ရှားပေသည်။

ပါမောက္ခပါ့ရှန်က ခြေလှမ်းကြဲကြဲ လှမ်း၍ ချင်မူ့နားသို့ ရောက်လာ၏။ ချင်မူက ထွက်ခွာသွားပြီဖြစ်သော ပန်ကုန်းစုန်၏ နောက်ကျောသို့ စိုက်ကြည့်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

“ဆရာတူအစ်ကိုကြီးပါ့ရှန်၊ ခင်ဗျားက ကျွန်တော့်ကို ခက်ခဲတဲ့ပြဿနာတစ်ခု ထပ်ပေးလိုက်တာပဲ…” ချင်မူက လေပူတစ်ချက် မှုတ်ထုတ်၍ ပါမောက္ခပါ့ရှန်ကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ဒီပန်ကုန်းစုန်က ကျွန်တော်တွေ့ဖူးသမျှ ရွယ်တူတန်းထဲမှာ စွမ်းအားအကြီးဆုံးသူပဲ… တောက်ကျစ်လင်းရွှမ်ထက်တောင် စွမ်းအားကြီးသေးတယ်… သူသာ ဆယ်ရှစ်ကြိမ် ပြန်ဝင်စားလာတဲ့ မကောင်းဆိုးဝါးအိုကြီး မဟုတ်ရင် ကျွန်တော့်လို လောကသခင်ခန္ဓာပဲ ဖြစ်ရမယ်…”

ပါမောက္ခပါ့ရှန်မှာ မျက်နှာမသာမယာ ဖြစ်နေသည်။ “အဲဒါကြောင့် မင်းက သံတမန်နှစ်ယောက်ကို သတ်လိုက်တယ် ဆိုပါတော့…”

ချင်မူ မှင်တက်မိသွား၏။ “ကျွန်တော့်ကို လူမသတ်ရဘူးလို့မှ မပြောလိုက်ပဲ… ပြီးတော့ လိုလန်ရွှေနန်းတော်က အဆင့်မြင့်မှော်ဆရာတွေကို ကျွန်တော်တို့ အများကြီး သတ်ခဲ့ဖူးတာ မဟုတ်ဘူးလား… ဒီတစ်ခေါက် နှစ်ယောက်တည်း သတ်လိုက်တာ အများကြီး လျှော့ပေါ့ထားတယ်လို့တောင် ပြောရမယ်…”

ပါမောက္ခပါ့ရှန်က အံကြိတ်၍ ရယ်မောလိုက်သည်။ “ဘယ်လိုလုပ် တူမှာလဲ… ပြီးခဲ့တဲ့တစ်ခေါက် မင်းနဲ့ မင်းသမီးကို မုခ်ဦးတံခါးပိတ်ဖို့ ခေါ်သွားတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မသက်ဆိုင်တဲ့ ဝူခန်အနေနဲ့ သွားတာ… ဒီတစ်ခေါက်ကျ သူတို့က မန်သီလူရိုင်းနယ်မြေကို ကိုယ်စားပြုတဲ့ သံတမန်တွေအနေနဲ့ လာကြတာ… မန်သီလူရိုင်းနယ်မြေက သံတမန်နှစ်ယောက်ကို သတ်တာက မန်သီလူရိုင်းနယ်မြေတစ်ခုလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ… ဘယ်လိုလုပ် သူတို့က ငြိမ်ခံနေမှာလဲ…”

ချင်မူက ညည်းတွားလိုက်၏။ “အဲလိုလည်း မပြောလိုက်ဘူးလေ… အခုတော့ သတ်ပြီးသွားပြီ၊ ပြန်အသက်သွင်းလို့ မရတော့ဘူး…”

ပါမောက္ခပါ့ရှန်မှာ ခေါင်းတစ်ခုလုံး ပွင့်ထွက်မတတ် ကိုက်ခဲလာပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ “အခု အိမ်ရှေ့မင်းသား ဆင့်ခေါ်တာကိုပဲ စောင့်နေလိုက်တော့… အိမ်ရှေ့မင်းသား ဒီကိစ္စကို ကြားပြီး ငါ့ထက်ပို ခေါင်းကိုက်နေလောက်ပြီ… မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ဖြစ်သလို တိုင်းပြည်အတွက် အကျိုးပြုထားတဲ့ အရာရှိတစ်ယောက်ပဲ… သူ့အတွက် အိမ်ရှေ့မင်းသားနေရာတောင် မင်းကြောင့်ရလာတယ်လို့ ပြောလို့ရတယ်၊ အဲတော့ မင်းကို ဆူငေါက်ဖို့၊ အပြစ်ပေးဖို့ လုပ်နိုင်မှာ မဟုတ်လောက်ပါဘူး… ပြီးတော့…”

သူ၏ အမူအရာက တည်သွားပြီး အလေးအနက် ပြောလိုက်၏။ “ပန်ကုန်းစုန်သာ အဲဒီမကောင်းဆိုးဝါးအိုကြီး မှန်ရင် ဒီနေ့ည မင်းသတိထားနေတော့… အဲဒီမကောင်းဆိုးဝါးအိုကြီးက မင်းနာမည်သိတာနဲ့ မှော်အစီအရင်သုံးပြီး မင်းကို သတ်လို့ရတယ်… မင်း အိမ်ရှေ့မင်းသားကို သွားတွေ့ပြီးရင် ဒီနေ့ည မင့်အခန်းကို ငါလာအိပ်ပေးမယ်…”

ချင်မူက ခေါင်းညိတ်လိုက်သည်။ ဘိုးဘိုးသားသတ်သမားပင် နာမည်အရင်း ကွယ်ဝှက်ထားရသော ပညာရှင်မျိုးနှင့် ရင်ဆိုင်ရာတွင် သတိလက်လွတ်၍ မရသည်မှာ အမှန်ပင် ဖြစ်၏။

ပါမောက္ခပါ့ရှန် မျှော်မှန်းထားသကဲ့သို့ပင် မွန်းလွဲချိန်တွင် အိမ်ရှေ့မင်းသားလင်ယွိရှုက ချင်မူ့ကို လာရှာသည်။ ပါမောက္ခပါ့ရှန်၏ မှန်းဆချက်နှင့် လွဲသည်မှာတော့ လင်ယွိရှုက ချင်မူ့ကို ဆင့်ခေါ်ခြင်း မဟုတ်ဘဲ နန်းတွင်းကောလိပ်သို့ ကိုယ်တိုင်လာ၍ ချင်မူ့ကို တွေ့ဆုံခြင်း ဖြစ်၏။

“အရှင့်သားကိုယ်တိုင် ကြွရောက်လာတဲ့အတွက် ကျွန်တော်မျိုး တုန်လှုပ်ပီတိ ဖြစ်မိပါတယ်…” ချင်မူက နှုတ်ခွန်းဆက်သလိုက်သည်။

လင်ယွိရှုက သူ့ကို တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်၏။ “ငါတော့ မင်းဆီက တုန်လှုပ်တဲ့ အမူအရာ မတွေ့မိပါဘူး၊ တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတာပါ… ဂိုဏ်းသခင်ချင်၊ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ငါအတော် ခေါင်းကိုက်နေရတယ်… တစ်နေ့ခင်းလုံး စဉ်းစားတာတောင် ဘယ်လို ဖြေရှင်းရမလဲ မသိတော့ဘူး… မင်းက တစ်ချိန်လုံး ဉာဏ်နီဉာဏ်နက်တွေ ပြည့်နေတာဆိုတော့ ဘယ်လို ဖြေရှင်းချက်ပေးရမလဲ သင်ပေးစမ်းပါဦး…”

ချင်မူက ပြုံးလိုက်သည်။ “လွယ်ပါတယ်… အရှင့်အသားအနေနဲ့ လွမ်သီခန်ဆီကို စာတစ်စောင် ရေးပြီး မန်သီလူရိုင်းနယ်မြေရဲ့ သံတမန်နှစ်ယောက်က သင်ကြားမှုတွေကို မနာယူတဲ့အပြင် သူတို့ရဲ့ ရိုင်းစိုင်းတဲ့ စရိုက်ကို ပြုပြင်ရခက်ကြောင်း၊ နန်းတွင်းကောလိပ်လို အထွတ်အမြတ်နယ်မြေမှာတောင် အတင့်ရဲစော်ကားပြီး ကျုံးစန်းအရာရှိရဲ့ အသက်ကိုရန်ပြု လူသတ်ဖို့ လုပ်ခဲ့တဲ့အကြောင်း၊ အဲဒီကျုံးစန်းအရာရှိက ထာဝရငြိမ်းချမ်းရေးအင်ပါယာ မိစ္ဆာလမ်းစဉ် နံပတ်တစ်အထွတ်အမြတ်နယ်မြေရဲ့  ဂိုဏ်းသခင်ချင် ဖြစ်ကြောင်း၊ ဂိုဏ်းသခင်ချင်က ဒေါသအိုးပေါက်ကွဲပြီး အဲဒီသံတမန်နှစ်ယောက်ကို သတ်လိုက်မိကြောင်း ပြောပြလိုက်ပါ… ပြီးတော့ ဂိုဏ်းသခင်ချင်ရဲ့ ဒေါသက ပြေငြိမ်းဖို့ ခက်တာကြောင့် လွမ်သီခန်အနေနဲ့ လက်ဆောင်ပဏ္ဍာဆက်သပြီး တောင်းပန်ရမှာဖြစ်ကြောင်းနဲ့ အဲလို မတောင်းပန်ရင် မတွေးတောနိုင်လောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ကြောင်း အရှင့်သား ထည့်ရေးပေးပါ…”

လင်ယွိရှုမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။

အတန်ကြာမှ လေပူတစ်ချက် မှုတ်ထုတ်၍ သက်ပြင်းချလိုက်သည်။ “ကောင်းပြီ၊ အဲဒီအတိုင်း ငါရေးလိုက်မယ်… လွမ်သီခန် ဒေါသထွက်ပြီး ငါတို့တိုင်းပြည်ကို စစ်ခင်းရင် မင်းအရင်ဆုံး ရှေ့တန်းက ထွက်ပြီး ခေါင်းခံဦးဆောင်ရမယ်…”

ချင်မူ့မျက်နှာတစ်ပြင်လုံး မည်းမှောင်သွား၏။

လင်ယွိရှု ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကလည်း ကြောက်တတ်သားပဲ… ကောင်းပြီလေ၊ ဒီကိစ္စ မပြောတော့ဘူး… ဂိုဏ်းသခင်၊ မင်းအနေနဲ့ နန်းတွင်းကောလိပ်မှာ နေနေလို့ အကျိုးမထူးဘူးလို့ ငါထင်တယ်… နန်းတွင်းကောလိပ်မှာ တိုင်းတစ်ပါးက သံတမန်တွေ အယောက်ငါးရာနီးပါးရှိတာ၊ တစ်နေ့နေ့ မင်းစိတ်လွှတ်ပြီး ထပ်သတ်ရင် ငါ တိုင်းပြည်လို ဘယ်လို စီမံအုပ်ချုပ်ရပါတော့မလဲ… နေ့တိုင်းလိုလို မင့်အရှုပ်ထုပ်တွေ ရှင်းပြီး တိုင်းတစ်ပါးက ဧကရာဇ်တွေဆီ စာတွေရေးနေရတော့မှာပေါ့…”

ချင်မူက မကျေမနပ် ပြောလိုက်သည်။ “ဒီလောက်လဲ မသတ်ရသေးပါဘူး… ဒီကိစ္စအတွက် အကြောင်းရင်း ရှိတယ် မဟုတ်လား…”

လင်ယွိရှုက ပြုံးလိုက်၏။ “မင်းက အခု ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီ၊ မင့်ရဲ့ အရည်အချင်းကလည်း မြင့်တယ်.. ခမည်းတော်က မင်းကို ကျုံးစန်းအရာရှိအဖြစ် ခန့်အပ်ထားပေမဲ့ အမှန်တကယ် ဩဇာအာဏာရှိတာ မဟုတ်ဘူး… ဒီလိုလုပ်မယ်လေ၊ မင်းကို ငါက အမှန်တကယ်လုပ်ရမဲ့ ရာထူးတစ်ခု ပေးမယ်… ခမည်းတော်နဲ့ ဧကရာဇ်အတိုင်ပင်ခံလည်း အခန်းအောင်းတာကနေ ပြန်ထွက်လာပြီ၊ နောက်သုံးလေးငါးရက်ဆိုရင် အုပ်ချုပ်ရေးအတွက် ငါ့ကို လိုမှာမဟုတ်တော့ဘူး… သေချာပေါက် ကပ်ဘေးကယ်ဆယ်ရေးအတွက် ထွက်ရမှာပဲ… မင်း ငါနဲ့ လိုက်ခဲ့… ဒီတစ်ခေါက်ထွက်ရင် စက်မှုလက်မှုဝန်ကြီးဌာနက အရာရှိတွေနဲ့ နန်းတွင်းကောလိပ်က ကျောင်းတော်သားတချို့ ခေါ်သွားမှာ…”

သူ့အနေဖြင့် ချင်မူ့ကို ဤနေရာတွင် ထားခဲ့ရန် စိတ်မချချေ။ အချိန်မရွေး ပြဿနာ ထရှာနိုင်သည် ဖြစ်၍ သူနှင့်အတူတူ ခေါ်သွားရန်သာ ရှိတော့၏။

ချင်မူ တစ်ခဏမျှ စဉ်းစားပြီးနောက် နန်းတွင်းကောလိပ်၌ ဆက်နေလျှင် အမှန်ပင် သူ့အတွက် လုပ်စရာမရှိကြောင်း သတိပြုမိသွားသည်။ စိတ်ရှိတိုင်း မတိုက်နိုင်၊ မသတ်နိုင်ဘဲ ကန့်သတ်ချက် များပြားလှသဖြင့် အိမ်ရှေ့မင်းသားနှင့် လိုက်သွားသည်ကမှ သူ့အတွက် များစွာ လွတ်လပ်ပေါ့ပါးပေလိမ့်မည်။

သူတို့ ဘေးချင်းယှဉ် လျှောက်နေရင်းမှ လင်ယွိရှု့က ရုတ်တရက် မေးမြန်းလိုက်၏။ “ငါကြားတာ မနေ့ညက ငါ့ညီမ မင့်အိမ်မှာ အိပ်သွားတယ်ဆို…”

ချင်မူ ရင်ထဲတွင် တဆတ်ဆတ် တုန်ရီသွားပြီး မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။ “အရှင့်သား၊ အဲဒီလို ကိစ္စမျိုး ဖြစ်ပွားခဲ့တာ မရှိပါဘူး… တခြားသူတွေရဲ့ လုပ်ကြံစွပ်စွဲတာကို နားယောင်ပြီး မင်းသမီးနဲ့ ကျွန်တော်ရဲ့ သန့်ရှင်းစင်ကြယ်တဲ့ ဂုဏ်သိက္ခာကို မဖျက်ဆီးပါနဲ့…”

လင်ယွိရှု၏ အကြည့်က သူ့မျက်နှာပေါ်သို့ ကျရောက်လာပြီး စိတ်ရင်းအတိုင်း ပြောဆိုလိုက်သည့် အမူအရာကို မြင်တွေ့သွား၏။ ထိုအခါမှ အိမ်ရှေ့မင်းသားမှာ သက်ပြင်းချနိုင်သည်။ “မင်းကို ငါ ယုံပါတယ်… သံတမန်နှစ်ယောက် သတ်လိုက်တဲ့ကိစ္စကို လွမ်သီခန်ဆီ ငါ မျက်နှာပြောင်ပြောင်နဲ့ပဲ စာရေးအကြောင်းကြားလိုက်မယ်… နောက်သုံးလေးရက်အတွင်း မြို့တော်ကနေ ခွာပြီး ငါနဲ့ လိုက်ခဲ့ဖို့ အသင့်ပြင်ထား…”

ချင်မူက အိမ်ရှေ့မင်းသားကို နှုတ်ဆက်၍ ရပ်ကျန်ခဲ့စဉ် ပါမောက္ခပါ့ရှန် ရောက်လာပြီး ခပ်တိုးတိုး ပြောလိုက်၏။ “မနေ့ညက ဆဋ္ဌမမင်းသမီးလင်ယွိရှို့ မင့်အိမ်မှာ အိပ်သွားတယ်လို့ အိမ်ရှေ့မင်းသားပြောတာ ငါကြားလိုက်တယ်… ပြန်စဉ်းစားကြည့်တော့ ဒီနေ့မနက် မင်းဆီလာတဲ့လမ်းမှာ ဆဋ္ဌမမင်းသမီးနဲ့ မီးအိမ်ကိုင်ထားတဲ့ နန်းတွင်းသူနှစ်ယောက် တောင်ပေါ်က ဆင်းသွားတာ ငါတွေ့လိုက်တာပဲ… မင်းတို့နှစ်ယောက်−“

ချင်မူ ခေါင်းကိုက်သွားပြီး ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်။ “အဲလိုအဖြစ်မျိုး မရှိပါဘူး… ဆရာတူအစ်ကိုကြီး၊ ခင်ဗျား ဒီလိုပါးစပ်ဖွာအာကျယ်တာကြောင့် ဘိုးဘိုးသားသတ်သမားက ခင်ဗျားကို မြင်တိုင်း ထွက်ပြေးပြီး ပြန်မဆုံရဲတာ… ကောလာဟလတွေ လျှောက်မပြောဘဲ နည်းနည်းလောက် ဆင်ဆင်ခြင်ခြင်နေဖို့ ကြိုးစားစမ်းပါ…”

ပါမောက္ခပါ့ရှန်က တတွတ်တွတ် ရေရွတ်လိုက်၏။ “ငါက ဒီအတိုင်း သိချင်ရုံသက်သက်ပါ… စိတ်မပူပါနဲ့… ငါ့ပါးစပ်က ဒီကမ္ဘာမှာ အလုံဆုံးပါ၊ နေရာတိုင်း အာကျယ်အာကျယ်လုပ်တဲ့ နယ်စားဝေ့လို မဟုတ်ပါဘူး… ပန်ကုန်းစုန်သာ မကောင်းဆိုးဝါးအိုကြီးဆိုရင် ဒီနေ့ည မင့်အတွက် အန္တရာယ်ရှိတယ်၊ ငါ မင်းနဲ့လာအိပ်မယ်၊ ညကျရင် ပါးပါးနပ်နပ် အိပ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျမသွားစေနဲ့…”

ထိုညတွင် ပါမောက္ခပါ့ရှန်၏ ဟောက်သံက မိုးခြိမ်းသံကဲ့သို့ ဆူညံနေသည်။ သူက ကြမ်းပြင်တွင် စောင်တစ်ထည်ခင်း၍ အိပ်နေခြင်း ဖြစ်ပြီး ချင်မူ၏ ခုတင်မှာ သူ့ဟောက်သံကြောင့် တုန်ခါနေသဖြင့် မည်သို့မျှ အိပ်စက်မရချေ။

အတော်ကြာသည်အထိ ထူးထူးခြားခြား ဖြစ်မလာဘဲ သန်းခေါင်ယံအကျော် တစ်နာရီ၊ နှစ်နာရီသို့ ရောက်ရှိလာ၏။ ထိုအခိုက်၌ လေအေးတစ်ချက် စိမ့်ခနဲ တိုက်ခတ်လာပြီး ပြတင်းတံခါးနှစ်ချပ် ပွင့်သွားသည်။

All Chapters