← Chapters

အေးချမ်းစွာအသက်စွန့်

Vol. 20 Ch. 275

အေးချမ်းစွာအသက်စွန့်

Vol. 20 Ch. 275

ချင်မူ ကမန်းကတန်း ထထိုင်၍ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ ပါမောက္ခပါ့ရှန်၏ ဟောက်သံက နားကွဲလုမတတ် ဆူညံနေပြီး အေးစိမ့်သော လေများ အခန်းအတွင်းသို့ ဝင်လာသည့်တိုင် နိုးလာခြင်း မရှိချေ။

အပြင်ဘက်မှ ထူးဆန်းသော ရွတ်ဖတ်သံတစ်သံ ကြားရ၏။ သို့သော်လည်း မည်သည်ကို ရွတ်ဖတ်နေမှန်းတော့ သဲသဲကွဲကွဲ မကြားရချေ။ ချင်မူ တစ်မုဟုတ်ချင်း ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အသုံးပြု၍ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်များကို ထိုးပိတ်ပြီး ချီစွမ်းအင်များ နှိုးဆွလိုက်သည်။ ခေါင်းရင်း၌ ချိတ်ဆွဲထားသော အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဓားအိမ်ထဲမှ ပျံဝဲထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ဓားရောင်များ လင်းလက်သွား၏။

ပြတင်းတံခါး အပြင်ဘက်၌ အဖြူရောင်အရိပ်တစ်ရပ် ဟိုမှသည် မျောလွင့်နေပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဝှမ်ခနဲ တစ်ချက်တုန်ခါသွားသည်။ ဓားရောင်များ ဖျတ်ခနဲ လက်သွားပြီး ပြတင်းပေါက်အပြင်ဘက်၌ ခေါင်းပြတ်အချို့ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွား၏။

အောက်လမ်းမှော်အစီအရင်ဖြင့် လူကိုအန္တရာယ်ပြုခြင်းမှာ ထူးဆန်းသည်ဟု ထင်ရသော်လည်း ရုပ်ခန္ဓာကို ပစ်မှတ်ထားသော မှော်အစီအရင်နှင့် ဝိညာဉ်ကို ပစ်မှတ်ထားသော မှော်အစီအရင်မှ လွဲ၍ အခြားမရှိချေ။

ချင်မူ၏ အသက်အရွယ်က များစွာ ကြီးရင့်ခြင်း မရှိသေးသော်လည်း ထူးဆန်းသော ဖြစ်ရပ်များ၏ နောက်ကွယ်မှ အကြောင်းရင်းကို သိရှိသည်။ ရုပ်ခန္ဓာကို ပစ်မှတ်ထားသော မှော်အစီအရင်များက လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ အခန်းအတွင်းဝင်ရောက်ပြီး လူသတ်ခြင်းသာ ဖြစ်၏။

ဝိညာဉ်ကို ပစ်မှတ်ထားသော မှော်အစီအရင်များကတော့ ပို၍ မှန်းဆရခက်သော နည်းလမ်းများကို အသုံးပြု၏။ ဥပမာအားဖြင့် မှော်ဆရာအဆိပ်ဖြစ်သည်။ ၎င်းက ရန်သူ၏ ဝိညာဉ်ကို အဆိပ်ခပ်နိုင်ပြီး အရောင်အဆင်းအနံအရသာ မရှိဘဲ ခုခံကာကွယ်ရန် အလွန်တရာ ခက်ခဲ၏။

အခြားဥပမာတစ်ခုမှာ ကောက်ရိုးရုပ် အသုံးပြု၍ ဝိညာဉ်ကို ယဇ်ပူဇော်ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် အရုပ်ပေါ်တွင် တစ်ဘက်ရန်သူ၏ မွေးနေ့နှင့် ဇာတာခွင်ကို ရေးသားပြီး ဆယ်ရက်တိတိ ယဇ်ပူဇော်၍ ဝိညာဉ်ကို ဖဲ့ထုတ်ယူနိုင်၏။ ခုနစ်ရက်အတွင်း ယင်ဝိညာဉ်ခုနစ်ပါး ထွက်ခွာ၍ နောက်သုံးရက်တွင် ယန်ဝိညာဉ်များ ပြယ်လွင့်ပျောက်ကွယ်သွားပေလိမ့်မည်။

ထို့ပြင် ဝိညာဉ်ကို ထိုးနှက်၍ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော အုပ်စိုးမှုမုန်းတီးခြင်းဟူသည့် မှော်အစီအရင်လည်း ရှိသည်။ မှော်ဆရာတစ်ယောက်က ဝိညာဉ်နှင့် ရုပ်ခန္ဓာ၏ ဆက်နွှယ်မှုကို အသုံးချ၍ အပ်များ၊ ဓားချွန်များဖြင့် ဝိညာဉ်ကို ထိုးနှက်ပြီး ရုပ်ခန္ဓာတွင် ထိခိုက်အောင် ပြုလုပ်နိုင်၏။ ဥပမာအားဖြင့် ဝိညာဉ်၏ ခြေလက်များကို အပ်ဖြင့် ခြစ်လိုက်လိုက်လျှင် ရန်သူ၏ ရုပ်ခန္ဓာ၌လည်း အပ်ဖြင့် ခြစ်ခံရသကဲ့သို့ ခံစားရပေလိမ့်မည်။

အမည်သိရုံဖြင့် လူသတ်နိုင်ခြင်းမှာတော့ ယုံကြည်ရန် ခက်ခဲလှသော်လည်း အထက်ပါနည်းလမ်းနှစ်ရပ်နှင့် များစွာကွာခြားလိမ့်မည် မဟုတ်ချေ။

ချင်မူ သူ၏ ယင်ဝိညာဉ်၊ ယန်ဝိညာဉ်များကို ချုပ်၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ခေါင်းရင်းတွင် တွဲလောင်းထားကာ ဤနည်းလမ်းနှစ်ရပ်ကို ကာကွယ်ရန် အသင့်စောင့်စားနေလိုက်သည်။

ရုတ်တရက် ထူးဆန်းသော ရယ်သံတစ်သံ ထွက်ပေါ်လာသဖြင့် ချင်မူ အလျင်အမြန် လှမ်းကြည့်လိုက်၏။ များစွာသော လူသေးသေးလေးများ ပြတင်းပေါက်မှ တွယ်တက်၍ အခန်းအတွင်းသို့ ခုန်ချလာကြောင်း သူမြင်တွေ့လိုက်ရသည်။ ထိုလူသေးသေးလေးများက ဓားမ၊ ပုဆိန်၊ ခက်ရင်းခွများ ကိုင်ဆောင်ပြီး မြင်းများ စီးလာကာ ရာချီသော တပ်ဖွဲ့ကြီးတစ်ခု ချီတက်လာသည်နှင့်ပင် တူနေ၏။

ဤလူသေးသေးလေးတပ်ဖွဲ့က အုံလိုက်ကျင်းလိုက် ချီတက်လာပြီး ပါမောက္ခပါ့ရှန်၏ ရင်ဘတ်ပေါ်တွင် တက်ရပ်လိုက်ကြသော်လည်း ပါမောက္ခပါ့ရှန်က နိုးထခြင်း မရှိဘဲ မိုးခြိမ်းသကဲ့သို့သာ ဆက်၍ ဟောက်နေသည်။

ထိပ်ဆုံးမှ ဦးဆောင်လာသော လူသေးသေးလေးက လှံရှည်တစ်လက်ကို ကိုင်ဆောင်၍ မြင်းစီးကာ ပါမောက္ခပါ့ရှန်၏ နှာခေါင်းပေါ်တွင် တက်ရပ်လိုက်၏။ သူက ထထိုင်နေပြီဖြစ်သော ချင်မူ့ထံ လှံရှည်ဖြင့် ညွှန်ပြလိုက်သည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြောင်လက်တောက်ပနေ၏။ နားမလည်နိုင်သော အော်ဟစ်သံတစ်သံနှင့်အတူ အခြား လူသေးသေးလေးများက ချင်မူ့ထံသို့ ဒီရေအလား ပြေးဝင်လာကြသည်။

ထိုလူသေးသေးလေးများက လွန်စွာတက်ကြွ၍ နားမလည်နိုင်သော စကားများဖြင့် အော်ဟစ် သူတို့၏ လက်နက်များကို ဝှေ့ယမ်းလိုက်ကြ၏။ သို့သော်လည်း ဤလူသေးသေးလေး ရာချီမှာ ချင်မူ ခြေထောက်ဖြင့် နင်းလျှင်ပင် နှစ်ချက်သုံးချက်နှင့် အားလုံးပြားချပ်သွားမည် မဟုတ်လား။

သူ့အနေဖြင့် ရယ်ရမည်လား၊ ငိုရမည်လားပင် မသိတော့ချေ။ ဤသည်မှာ ဘိုးဘိုးသားသတ်သမား နာမည်အရင်းကို မသုံးရဲသည့် အကြောင်းရင်း ဖြစ်လေသည်လား။

ချင်မူ သူ့ဓားကို ဆွဲထုတ်၍ ဓားရိပ်များက ဤလူသေးသေးလေးများထံ တိုးဝင်ခုတ်ပိုင်းသွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် သူ့နာမည်ခေါ်သံကို ကြားလိုက်မိသည်။

ဤအသံက အေးစိမ့်စိမ့်လေနှင့်အတူ စီးမျောရောက်ရှိလာပြီး အသံပိုင်ရှင်က ခပ်ဝေးဝေးတွင် ရှိနေသကဲ့သို့ ဆွဲဆွဲငင်ငင် နိုင်လှ၏။ ချင်မူ တုံ့ပြန်ခြင်း မပြုသော်လည်း ထိုအသံက သူ့ထံသို့ လျင်မြန်စွာ တိုးဝင်လာသည်။

မိမိနာမည်ကို ခေါ်သံကြားလျှင် ပြန်ထူးခြင်းမပြုသော်လည်း ရင်ထဲ၌ အလိုအလျောက် တုံ့ပြန်မိသည်သာ ဖြစ်၏။ ထိုအသံက ဤသို့သော တုံ့ပြန်မှုကို အသုံးပြု၍ သူ့တည်နေရာကို အာရုံမိသွားခြင်း ဖြစ်သည်။

ချင်မူ့လက်မှ ဓားရောင်များက လူသေးသေးလေးတပ်ဖွဲ့ကို ခုတ်ပိုင်းသတ်ဖြတ်တော့မည့်ဆဲဆဲတွင် သူ့မျက်ခုံးနှစ်ခုအလယ်၌ အေးစိမ့်စိမ့်ခံစားလိုက်ရတော့၏။ သူ့ဝိညာဉ်နှင့်အတူ ဓားဆွဲထုတ်တော့မည် လက်များ တောင့်ခဲသွားသည်။

သူ့ဝိညာဉ်က ကျောက်ရုပ်သဖွယ် တောင့်ခဲသွားသည် ဖြစ်၍ ခန္ဓာကိုယ်လည်း မလှုပ်ရှားနိုင်တော့ဘဲ ဓားရောင်များ ပြယ်လွင့်ပျောက်သွား၏။

လူသေးသေးလေးများက ဝမ်းသာအားရ ကခုန်၍ သူ့ခန္ဓာကိုယ်ပေါ် တွယ်တက်လာပြီး ပါးစပ်၊ နားရွက်၊ နှာခေါင်းပေါက်များမှတစ်ဆင့် ကိုယ်တွင်းသို့ ဝင်ရောက်သွားကြသည်။

နောက်တစ်ခဏတွင် ချင်မူမှာ ဤလူသေးသေးလေးများက သူ့ကို သယ်ဆောင်၍ ပြေးထွက်သွားကြောင်း တွေ့လိုက်ရတော့၏။ သူတို့သယ်ဆောင်သွားသည်က သူ့ရုပ်ခန္ဓာ မဟုတ်ချေ။ သူ့ဝိညာဉ်ကို သယ်ပြေးသွားခြင်းသာ ဖြစ်၏။

ဤလူသေးသေးလေးများက သူ့ကိုယ်တွင်းသို့ ဝင်ရောက်၍ သူ့ဝိညာဉ်ကို တုပ်နှောင်ကာ ထမ်းပြေးနေကြသည်။ ထိုသို့ ထမ်းပြေးနေရင်းနှင့် အချင်းချင်း နားမလည်နိုင်သော ဘာသာစကားဖြင့် အော်ဟစ်ပြောဆိုနေကြ၏။

ချင်မူမှာ လှုပ်ရှား၍ မရချေ။ သူ့မျက်လုံးရှေ့၌ မြင်ကွင်းများ တလှစ်လှစ် ပြောင်းလဲ နေပြီး နောက်ဆုံး၌ မှောင်အတိကျသွားသည်။ ပတ်ဝန်းကျင်ရှိ အလင်းရောင်အားလုံး ပျောက်ကွယ်သွားပြီး အမှောင်ထုကြီးသာ ကျန်ရစ်တော့၏။

သူ့ခန္ဓာကိုယ်အောက်၌ အလင်းလုံးများ ပေါ်ထွက်လာပြီး ထိုအခါမှသာ သူ့ကိုယ်သူ ယဇ်ပလ္လင်တစ်ခုထက်တွင် လဲလျောင်းနေကြောင်း သတိပြုမိသွားသည်။

လူသေးသေးလေးများက သူ့ကို ယဇ်ပလ္လင်ထက်တွင် ချ၍ မိုးပေါ်သို့ မော့ကြည့်လိုက်ကြ၏။ ခေါင်းဆောင်ဖြစ်သူက အမှောင်ထုဆီသို့ စူးစူးရှရှအော်ဟစ်လိုက်ပြီး ယဇ်ပလ္လင်က အထက်သို့ တဖြည်းဖြည်း မြင့်တက်သွားသည်။ ဘေးပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ ရုပ်သေးရုပ်ကဲ့သို့ မျက်နှာကြီးလေးခုက လေးဘက်လေးတန်တွင် ပိတ်ဆို့ဝန်းရံထားကြောင်း ချင်မူ တွေ့လိုက်ရ၏။ ဤသစ်သားရုပ်သေးရုပ်လေးခု၏ မျက်နှာများက တစ်ပုံစံတည်းဖြစ်ပြီး ရယ်မလို ငိုမလို မျက်နှာထားနှင့် ရှိနေသည်။

ထို့နောက်တွင် ယဇ်ပလ္လင်က တစ်ချက်တုန်ခါပြီး အထက်သို့ ထပ်၍ မြင့်တက်သွားပြန်၏။ ကြီးမားသော လက်ဝါးကြီးတစ်ဖက်က သစ်သားရုပ်သေးရုပ် လေးရုပ်နှင့်တကွ ယဇ်ပလ္လင်ကို မယူလိုက်ခြင်း ဖြစ်ပြီး အမှောင်ထုထဲတွင် တရှိန်ရှိန်တောက်လောင်နေသော မီးတောက်မီးလျှံများကို ချင်မူ ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ထိုအရာက ကြီးမားသော မျက်လုံးကြီးတစ်လုံး ဖြစ်ပြီး သစ်သားရုပ်သေးရုပ်များ၏ မျက်နှာထက်ပင် ပိုကြီးသေး၏။

ထို့နောက် အမှောင်ထု၌ မျက်လုံးကြီးများ တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာပြီး ကောင်းကင်ယံတွင် မျောလွင့်နေသည်။

‘အုပ်စိုးမှုမုန်းတီးခြင်း မှော်အစီအရင်လား…’

ချင်မူ ဤမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် တုန်လှုပ်သွား၏။ ပန်ကုန်းစုန်က အုပ်စိုးမှုမုန်းတီးခြင်း မှော်အစီအရင်ကို အသုံးပြု၍ လူသေးသေးလေးများကို သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်စေကာ သူ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ၌ပင် ချုပ်နှောင်ထားခြင်း ဖြစ်ပေလိမ့်မည်။

ဤနည်းလမ်းက လွန်စွာ ထူးဆန်းလှသည်။ ခေါ်သံကြား၍ ပြန်မထူးမိသည့်တိုင် ထိုအသံက သူရှိရာသို့ တန်းတန်းမတ်မတ် ရောက်လာပြီး သူ့ခန္ဓာကိုယ်တွင်း၌ ယဇ်ပလ္လင်တစ်ခုအသွင် ပြောင်းလဲသွား၏။ သူ၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များကို ခန္ဓာကိုယ်တွင်း ပိတ်လှောင်ထားသည့်တိုင် ကာကွယ်တားဆီးနိုင်ခြင်း မရှိချေ။

သို့သော်လည်း သူ၏ ယင်ဝိညာဉ်နှင့် ယန်ဝိညာဉ်များက သူ့ခန္ဓာကိုယ်တွင်း၌သာ ဖြစ်ချေလိမ့်မည်။ သူ့ခန္ဓာကိုယ်တွင်းတွင် ရှိနေသေးသမျှ အခြေအနေကို ပြောင်းလဲပစ်နိုင်သေး၏။

‘ဘယ်လို အောက်လမ်းမှော်အစီအရင်မျိုးကိုသုံးသုံး ကိုယ်ပိုင်မှော်စွမ်းအားအပေါ်မှာ မှီခိုရတာ... ငါ့ခန္ဓာကိုယ်ထဲမှာတော့ မင်းရဲ့ မှော်စွမ်းအားက ငါ့ထက်သာစရာ အကြောင်းမရှိဘူး၊ ဒီလိုနည်းနဲ့ ငါ့ကို သတ်နိုင်မယ်မထင်နဲ့...”

ချင်မူ ရုတ်တရက် ထခုန်၍ အော်ဟစ်လိုက်သည်။ “လာခဲ့စမ်း၊ ဓားတွေ...”

ရုတ်တရက် ဓားစက်လုံးတစ်လုံးက အမှောင်ထုအတွင်းမှ ပျံဝဲ၍ သူ့ရှေ့သို့ ရောက်ရှိလာ၏။ ဤဓားစက်လုံးက သူနှစ်သစ်ကူးအိမ်ပြန်စဉ်က ရွှေအ လက်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ ချင်မူ တစ်ခါက ဤဓားစက်လုံးကို အသုံးပြု၍ ဧကရာဇ်အတိုင်ပင်ခံ၏ ကိုယ်တွင်းမှ နတ်ဘုရား ကောင်းကင်နတ်သိုင်း အကြွင်းအကျန်များကို ဖောက်ထုတ်ခဲ့သဖြင့် အတော်လေးပျက်စီးပြီး သေးငယ်သွား၏။

ဓားစက်လုံးမှ ဓားရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး လူသေးသေးလေးများအပေါ် ခြုံလွှမ်း ထိုးစိုက်သွားသည်။

လူသေးသေးလေးများမှာ ရင်ဘတ်များ၊ ဝမ်းဗိုက်များ ပေါက်ပြဲသွားသည့်တိုင် သေဆုံးခြင်း မရှိပေ။ ပြတ်တောက်သွားသည့် ခြေလက်များက သူတို့ဖာသာ လူးလွန့် ရောက်ရှိလာပြီး အကောင်းပကတိ ပြန်ဆက်၍ ချင်မူ့ကို ဆက်လက် တိုက်ခိုက်လိုက်ကြ၏။ ထိုအခိုက်၌ ယဇ်ပလ္လင်ပတ်ပတ်လည်မှ သစ်သားရုပ်သေးရုပ်များကလည်း ထူးဆန်းသော အပြုံးများ ပြုံး၍ သူတို့၏ လက်များကို ခပ်တောင့်တောင့် လွှဲယမ်းပြီး ယဇ်ပလ္လင်အလယ်တွင် ရှိနေသော ချင်မူ့ကို ထုချလိုက်ကြသည်။

ချင်မူက ဓားစက်လုံးကို အသုံးပြု၍ သစ်သားရုပ်သေးရုပ်များကို ခုခံလိုက်သော်လည်း ၎င်းတို့က ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားကြောင်း တွေ့ရ၏။ သူတို့၏ ရိုက်ချက်များကို မနည်းခုခံကာကွယ်လိုက်ရသည်။

အချို့လူသေးသေးလေးများမှာ ရုပ်သေးရုပ်များ၏ လက်ချက်ဖြင့် စက္ကူတစ်ရွက်သဖွယ် ပြားချပ်သွားကြသော်လည်း နောက်တစ်ခဏတွင် လေထိုးသွင်းလိုက်သကဲ့သို့ ပြန်လည်ဖောင်းကားလာပြီး ချင်မူ့ကို ဆက်လိုက်တိုက်ခိုက်လိုက်ကြ၏။

ဤအခိုက်၌ အမှောင်ထုအတွင်းမှ ထူးဆန်းသော မျက်လုံးများက တရှိန်ရှိန် တောက်ပလာပြီး မီးတန်းများ နေရာအနှံ့ ဖုံးလွှမ်းအောင် ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

ချင်မူ အံတင်းတင်းကြိတ်၍ တိုက်ခိုက်မှုအားလုံးကို ခုခံလိုက်၏။ သူဝိညာဉ်က ပြယ်လွင့်လုဆဲဆဲ ရှိနေချေပြီ။ လူသေးသေးလေးများ၊ သစ်သားရုပ်သေးရုပ်များ၊ ထူးဆန်းသော မျက်လုံးများက သေသွားလျှင်ပင် ပြန်ရှင်နိုင်ပြီး သူ့ထံ အတောမသတ်အောင် ပြေးဝင်လာသည်။ မောရကောင်းမှန်းလည်း မသိကြဘဲ အနားမပေးစတမ်း တိုက်ခိုက်နေကြ၏။

ချင်မူ အမောဆို့၍ လဲကျလုဆဲဆဲတွင် ဒေါသစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာသည်။ ‘ဆရာတူအစ်ကိုကြီးပါ့ရှန်က အခုထိ အိပ်နေတုန်းလား...’

ဤအခိုက်အတန့်၌ လင်းကြက်တွန်သံများ ထွက်ပေါ်လာပြီး ညကင်းသမား၏ မိုးသောက်ယံ အချက်ပေးမောင်းသံကိုလည်း ဝိုးတဝါးကြားလိုက်ရ၏။

ထို့နောက်တွင်တော့ ပါမောက္ခပါ့ရှန်၏ သန်းဝေသံကို အဝေးတစ်နေရာမှ လာသကဲ့သို့ ကြားလိုက်ရသည်။ “တစ်ညလုံး စောင့်နေတာကို ပန်ကုန်းစုန်က ကိုယ်တိုင်ရောက်မလာဘူး၊ စိတ်ပျက်စရာပဲ... ဒီခွေးကောင်က တကယ့်ကို သတိကြီးတယ်၊ ဆရာတူညီလေးချင်ကို သတ်ဖို့ ကိုယ်တိုင် မလှုပ်ရှားဘဲ တခြားအဆင့်မြင့်မှော်ဆရာတစ်ယောက်ကိုပဲ မှော်ပညာသုံးခိုင်းလိုက်တာ...”

ချင်မူ မှင်တက်မိသွား၏။ ‘ဆရာတူအစ်ကိုကြီးပါ့ရှန်က ငါပိတ်မိနေတာကို သိတာလား...’

“ခုနစ်စဉ်ကြယ်အဆင့် မှော်ဆရာတစ်ယောက်ပဲ ထောင်ချောက်ဝင်တိုးတာ နှမြောစရာကောင်းတယ်...”

ချင်မူ ပါမောက္ခပါ့ရှန် ဓားဆွဲထုတ်၍ သူ့ဓားမ ဓားအိမ်ထဲမှ ထွက်လာသံကို ကြားလိုက်ရသည်။

“ကျောက်စိမ်းဖြူသား စီခြယ်ထားတဲ့ ရွှေဓားမက ညဉ့်ယံအလယ်ထဲ ပြတင်းပေါက်ကို ထွင်းဖောက်ဝင်လာတဲ့ အလင်းတန်းတွေလိုပဲ၊ အသက်ငါးဆယ်ရှိတဲ့အထိ ဘာကိုမှ မလုပ်ရသေးတဲ့လူတစ်ယောက်၊ တောရိုင်းရှစ်သွယ်အလယ်မှာ တစ်ကိုယ်တည်း ဓားမကို သယ်ဆောင်လာတယ်...”

သီချင်းသံနှင့်အတူ မျက်လုံးကန်းလောက်အောင် ဝင်းလက်သည့် အလင်းရောင်တစ်ခုက အမှောင်ထုကို ထက်ခြမ်းခွဲပြီး ကောင်းကင်ယံမှ ကျဆင်းကာ ယဇ်ပလ္လင်ကို အညှာတာကင်းမဲ့စွာ ခုတ်ပိုင်းပစ်၏။ မိုးအောက်မြေပြင်တစ်ခွင်လုံး တစ်ဝုန်းဝုန်း မြည်ဟည်း၍ တစ်စစီ ပြိုပျက်ကျသွားသည်။

ဤဓားမက လောကကြီးကို နှစ်ခြမ်းခွဲလိုက်သကဲ့သို့ ရှိပြီး ဘယ်ညာနှစ်ဖက်သို့ တဖြည်းဖြည်းချင်း ပွင့်ဟလာ၏။ ဤသို့ တဖြည်းဖြည်းပွင့်ဟလာသည်က ချင်မူ၏ မျက်လုံးများသာ ဖြစ်ပြီး ထူးဆန်းနေသည်မှာ သူမျက်ခွံများက အပေါ်အောက် မပွင့်ဘဲ ဘယ်နှင့်ညာသို့ ပွင့်ဟသွားခြင်း ဖြစ်၏။

“ဒါက လိုလန်ရွှေနန်းတော်ရဲ့ အုပ်စိုးမှုမုန်းတီးခြင်း အစီအရင်ပဲ... ဒီလို အစီအရင်မျိုးက မင်းရဲ့ မျက်လုံးကို ဆွဲလှည့်လိုက်လို့ ဘယ်နဲ့ညာကို ကြည့်သလို ဖြစ်နေတာ...”

ပါမောက္ခပါ့ရှန်မှာ ချင်မူ့ရှေ့ရှိ နံရံပေါ်တွင် မတ်တတ်ရပ်သကဲ့သို့ ဖြစ်နေသည်။ “မင့်မျက်လုံးကြွက်သားတွေကို လှုပ်ရှားပြီး ပုံမှန်အနေအထားရောက်အောင် ဖြည်းဖြည်းချင်း ပြန်တည့်ယူ...”

ချင်မူက ပါမောက္ခပါ့ရှန် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်လိုက်၏။ အတန်ကြာပြီးနောက် သူ့မျက်လုံးများ ပုံမှန်အတိုင်း ဖြစ်သွားသည်။ “ဆရာတူအစ်ကိုကြီး၊ ကျွန်တော် ပိတ်မိနေတာ...”

ပါမောက္ခပါ့ရှန်က ခေါင်းညိတ်၍ လက်ညှိုးထိုးပြလိုက်၏။ “ဒါက မင်းကို ပိတ်ဆို့ချုပ်နှောင်ထားတဲ့ဟာပဲ...”

ချင်မူ ငုံ့ကြည့်လိုက်သောအခါ မှင်တက်မိသွားသည်။ သူ့ကို ပိတ်ဆို့ချုပ်နှောင်ထားသည့် ယဇ်ပလ္လင်က ငွေပန်းကန်ပြားတစ်ချပ်သာ ဖြစ်ပြီး ဘေးနားတွင် လက်တစ်ဝါးအရွယ်ခန့်ရှိသော ရုပ်သေးရုပ်လေးရုပ် ရှိကြောင်း တွေ့လိုက်ရ၏။ သူ့ကို သယ်မသွားသည့် လူသေးသေးလေးများက ပဲပုပ်စေ့များ ဖြစ်ပြီး သူတို့စီးနင်းထားသည့် မြင်းများက ပဲညှောင့်ပေါက်များသာ ဖြစ်သည်။

ကောင်းကင်ယံ၌ မျောလွင့်နေသော မျက်လုံးကြီးများမှာလည်း ပင့်ကူကြီးတစ်ကောင်၏ မျက်လုံးများ ဖြစ်ကြောင်း တွေ့ရ၏။ ပန်းကန်ပြားအောက်တွင်တော့ မြွေပါတစ်ကောင် ရှိနေသည်။

ထိုပင့်ကူနှင့် မြွေပါမှာ ပါမောက္ခပါ့ရှန်၏ ဓားချက်ကြောင့် သေဆုံးသွားပြီ ဖြစ်၏။

“ပန်ကုန်းစုန် လှုပ်ရှားလိမ့်မယ် ထင်နေတာ၊ ခုနစ်စဉ်ကြယ်အဆင့် မှော်ဆရာတစ်ယောက်ပဲ လာလိမ့်မယ်လို့ မထင်မိဘူး...” ပါမောက္ခပါ့ရှန်က ခေါင်းခါယမ်းလိုက်သည်။ “ပန်ကုန်းစုန်က သူကိုယ်တိုင်မလာဘဲ ခုနစ်စဉ်ကြယ်အဆင့် မှော်ဆရာတစ်ယောက်ကို လွှတ်လိုက်တာ မင့်ဘေးမှာ ငါရှိနေမှန်း တွက်မိလို့ပဲနေမယ်... ဒီကောင်က တကယ့်ကို သတိကြီးတာပဲ...”

ချင်မူ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သောအခါ သူ့ဓားဖြင့် ပိုင်းဖြတ်ခဲ့သည်များက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကောက်ရိုးရုပ်များသာ ဖြစ်ကြောင်း တွေ့ရ၏။

သူက မေးမြန်းလိုက်သည်။ “ဆရာတူအစ်ကိုကြီး၊ အဲဒီ ခုနစ်စဉ်ကြယ်အဆင့် မှော်ဆရာရော ဘာဖြစ်သွားလဲ...”

“သေသွားပြီ...” ပါမောက္ခပါ့ရှန်က ပြန်ဖြေလိုက်၏။ “သူက သူ့အိပ်မက်ကတစ်ဆင့် မှော်အစီအရင် စီရင်ပြီး မင့်ကို အုပ်စိုးမှုမုန်းတီးခြင်း အစီအရင်နဲ့ ဒုက္ခပေးဖို့ ကြိုးစားတာ... ငါ့ဓားမနဲ့ သူ့မှော်အစီအရင်ကို ဖျက်ဆီးရင်း အဲဒီအစီအရင်ကနေတစ်ဆင့် သူ့အိပ်မက်ထဲ ဝင်ပိုင်းပြီး သူအိပ်နေတုန်း သတ်ပစ်လိုက်ပြီ... တစ်နည်းပြောရရင်တော့ အိပ်နေရင်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း သေသွားပြီပေါ့...”

ချင်မူ မယုံသင်္ကာဖြစ်သွားပြီး မေးလိုက်သည်။ “ဓားမသိုင်းက အဲလောက်အဆင့်ထိ လေ့ကျင့်လို့ ရတာလား...”

ပါမောက္ခပါ့ရှန်က ပြုံးလိုက်၏။ “ဆရာကောင်းကင်ဓားမရဲ့ ဓားမသိုင်းက ဒဏ္ဍာရီတစ်ပါးလို့ ခေါ်ရမယ်... သူက နတ္ထိနယ်ပယ်ကိုပါ ပိုင်းဖြတ်ဆွဲဖွင့်နိုင်တယ်၊ ငါတော့ အဲလို မလုပ်နိုင်ဘူး...”

မနက်ရောက်သောအခါ မန်သီလူရိုင်းနယ်မြေမှ နောက်ထပ်သံတမန်တစ်ယောက် သေဆုံးသွားသည့် သတင်းကို နန်းတွင်းကောလိပ်မှ လူအားလုံး ပြောဆိုနေကြသည်။ သတင်းစကားများအရ ထိုသံတမန်မှာ မိုးသောက်ယံအချိန်တွင် ဒြွာရကိုးပေါက်မှ သွေးများယိုစီး၍ သေဆုံးသွားခြင်း ဖြစ်သည် ဟူ၏။ မသေမီ၌ သုံးကြိမ်သုံးခါတိတိ စူးစူးရှရှ အော်ဟစ်၍ မရှုမလှ သေဆုံးသွားခြင်း ဖြစ်သည်။

ချင်မူ စိတ်ထဲမှ ကျိတ်၍ ဝေဖန်လိုက်၏။ ‘ငြိမ်းငြိမ်းချမ်းချမ်း သေသွားမှာလို့ ဆရာတူအစ်ကိုကြီးပါ့ရှန် ပြောခဲ့တာ မဟုတ်လား...’

မွန်းလွဲချိန်တွင် မှော်ဆရာတစ်ယောက် ရောက်လာပြီး ဦးညွှတ်အရိုအသေပြုသည်။ “မင်းသားက ဂိုဏ်းသခင်ချင်ကို ဧည့်ခံပွဲ ဖိတ်ကြားခိုင်းလိုက်လို့ပါ...”

All Chapters