လူသတ်ချင်လာပြီ
Vol. 20 Ch. 276
‘ပန်ကုန်းစုန်က မနေ့ကတင် ငါ့အသက်ကို နုတ်ယူဖို့ အဆင့်မြင့်မှော်ဆရာ တစ်ယောက်ကို မှော်အတတ်နဲ့ စီရင်ခိုင်းပြီး ဒီနေ့ကျ ဧည့်ခံပွဲလာဖိတ်နေပါလား…’ ချင်မူ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။ ‘အထွတ်အမြတ်နယ်မြေချင်းအတူတူ လိုလန်ရွှေနန်းတော်က ကောင်းကင်နတ်ဆိုးဂိုဏ်းကို ဖိအားပေးနိုင်တယ်လို့ သူတွေးတာလား… ဒါမှမဟုတ် တခြားအကြံအစည်များ ရှိလို့လား…’
ပါမောက္ခပါ့ရှန်က အနားသို့ လျှောက်လာပြီး မေးလိုက်၏။ “မင်းနောက်က ငါလိုက်ခဲ့ရဦးမလား…”
ချင်မူ ခေါင်းခါယမ်းလိုက်သည်။ “မလိုဘူး ရတယ်… ပန်ကုန်းစုန်သာ ထိပ်တိုက် ရင်ဆိုင်သတ်ဖြတ်ဝံ့ရင် မနေ့ကလို မှော်ပညာသုံးပြီး သတ်ဖို့ကြိုးစားမှာ မဟုတ်ဘူး… ကျွန်တော်တစ်ယောက်တည်း သွားတွေ့မယ်…”
ကျောက်စိမ်းရနံ့စံအိမ်က ရွှေမြို့တော်တစ်ခုလုံးတွင် အကြီးဆုံးစားသောက်ဆိုင် ဖြစ်ပြီး ဥယျာဉ်ခြံဝင်းများအဖြစ် အကွက်ဖော် ဆောက်လုပ်ထား၏။ ခြံဝင်းတစ်ဝင်း၊ ခန်းမတစ်ဆောင် သီးခြားကန့်သတ်၍ ကျောက်တုံးဥယျာဉ်၊ စမ်းချောင်းများ၊ ရေပန်းများနှင့် မိန်းမလှလေးများ၏ သီဆိုကခုန်မှုများပင် ပါဝင်သည်။ ခြံဝင်းတစ်ခုနှင့် တစ်ခုကလည်း အတော်လေး လှမ်း၍ လွန်စွာဆိတ်ငြိမ်သာယာ၏။ ဤနေရာသို့ လာရောက်ကြသူများမှာ စားသောက်ရန်အတွက် လာရောက်ခြင်း မဟုတ်ဘဲ စကားအေးအေးဆေးဆေး ပြောဆိုရန်အတွက် လာရောက်ကြခြင်း ဖြစ်သည်။
ကပ်ဘေးမတိုင်မီက ဤနေရာမှာ အတော်လေး စည်ကား၍ အဆင့်မြင့်အရာရှိများ၊ တော်ဝင်မျိုးနွယ်များပင် ကြိုတင်စာရင်းပေးပြီးမှ လာရောက်နိုင်၏။ သို့သော်လည်း သဘာဝကပ်ဘေးကျရောက်ပြီး နောက်ပိုင်းတွင်တော့ ဧကရာဇ်ကိုယ်တိုင် ကပ်ဘေးကယ်ဆယ်ရေး ပြုလုပ်၍ ရွှေမြို့တော်ရှိ အဆင့်မြင့်အရာရှိများ၊ တော်ဝင်မျိုးနွယ်များလည်း လှူဒါန်းကူညီရသဖြင့် ကျောက်စိမ်းရနံ့စံအိမ်၏ စီးပွားရေးမှာ များစွာ ကျဆင်းသွားသည်။
ကပ်ဘေး၏ သက်ရောက်မှုများ ပြေငြိမ်းသွားချိန်တွင်တော့ ဤစားသောက်ဆိုင်၏ စီးပွားရေး ပြန်လည်ဦးမော့လာမည်ဟု မျှော်လင့်ရ၏။
ကျောက်စိမ်းရနံ့စံအိမ်၏ ဝါးစိမ်းဥယျာဉ်တွင် ပန်ကုန်းစုန်က ချင်မူ့ကို လာရောက်ကြိုဆိုသည်။ “ဂိုဏ်းသခင်ချင်၊ ကျွန်တော်ရဲ့ လက်အောက်ငယ်သားတွေ ဂိုဏ်းသခင်ကို ထိပါးစော်ကားခဲ့မိပါတယ်၊ အခု သူတို့လည်း သေသွားပြီဆိုတော့ ရန်ကြွေးတွေကို မေ့ပစ်လိုက်ကြပါစို့… ဂိုဏ်းသခင်အနေနဲ့ သဘောထားကြီးပြီး ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ချင်မူက ဝါးစိမ်းဥယျာဉ်သို့ လှမ်းဝင်၍ ဟိုဟိုသည်သည် ကြည့်ရှုလိုက်၏။ “မင်းသားက နှိမ့်ချလွန်းနေပါပြီ…”
ဤခြံဝင်းက ဝါးစိမ်းဥယျာဉ်ဟု ခေါ်တွင်သည်နှင့်အညီ လပြည့်ဝန်းပုံတံခါးမှ ဝင်သွားလိုက်သည်နှင့် လမ်းဘေးဝဲယာတစ်လျှောက်ရှိ ဝါးပင်သေးသေးလေးများက နေပြောက်မထိုးအောင် အုပ်မိုးနေ၏။ စမ်းရေစီးသံတသွင်သွင်ကိုလည်း ကြားရပြီး လမ်းနှစ်ဆစ်ချိုးပြီးသည်နှင့် ဘဲဥပုံကျောက်ဆောင်များ ပြည့်နေသော ကျောက်တုံးဥယျာဉ်ကို ဖြတ်သန်းစီးဆင်းလာသည့် ရေကြည်ကြည်များကို စတင်မြင်တွေ့ရတော့၏။ ရေစီးကြောင်းက သေးငယ်သော်လည်း ကျောက်ဆောင်ကျောက်သားများကို အရှိန်အဟုန်ပြင်းပြင်း တွန်းတိုက်စီးဆင်းသွားသည့် ရေတံခွန်တစ်ခုကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
ရေတံခွန်မှ စီးကျလာသော ရေများက ဗောဓိသတ်ရုပ်တု၏ လက်ထဲ၌ ကိုင်ထားသော ကျောက်စိမ်းပန်းအိုးထဲသို့ စီးဝင်သွား၏။ ထိုကျောက်စိမ်းပန်းအိုးက ရှေ့သို့ ငဲ့စောင်းနေပြီး စီးဝင်လာသော ရေများကို ပန်းအိုးထဲ၌ တစ်ပတ်လည်၍ တောင်အရပ်ရှိ ရေကန်ထဲသို့ ကျဆင်းသွားစေသည်။
ချင်မူ တစ်ချက်လှမ်းကြည့်လိုက်သောအခါ တောင်ဘက်ရေကန်ထဲတွင် သဲသောင်မို့မို့များ ရှိနေကြောင်း မြင်တွေ့ရ၏။ ထိုသဲသောင်မို့မို့များက ကောင်းကင်ယံရှိ နက္ခတ်တာရာများကဲ့သို့ နေရာယူထားသည့် ကျွန်းငယ်များ ဖြစ်သည်။ ကန်စပ်တွင်တော့ တောင်ပင်လယ်၏ ကွမ်ရင်မယ်တော်ဟု ရေးထိုးထား၏။ ထိုစာလုံးများက ပင်လယ်ကြီးကဲ့သို့ နက်ရှိုင်းလှသည်။
ဗောဓိသတ်ရုပ်တုနှင့် ကျောက်တုံးဥယျာဉ်မှာ တစ်နေရာတည်းတွင် ထွင်းထုထားခြင်းဖြစ်ပြီး ရေများကို အဆက်မပြတ် စီးဆင်နေစေရန် အသေးအဖွဲ မှော်ပညာအချို့ အသုံးပြုထားဟန် ရှိ၏။ ရေကန်က ကြီးမားလှခြင်း မရှိသော်လည်း အရာအားလုံးကို အသေးစိတ် ပြင်ဆင်ထားသည်။ အနီးကပ် ကြည့်ရှုလိုက်လျှင် တောင်ပင်လယ် အထက်ကောင်းကင်၌ ရပ်၍ အရာအားလုံးကို အုပ်မိုးကြည့်ရှုရသည့် ခံစားချက်မျိုး ပေါ်ပေါက်လာ၏။
“ဂိုဏ်းသခင်ချင်၊ ကြွပါ…”
ပန်ကုန်းစုန်က လျှောက်လမ်းအတိုင်း ဖြတ်လျှောက်ရန် ချင်မူ့ကို ဖိတ်ခေါ်လိုက်သည်။ သူတို့က ရေကန်ဘေးရှိ သီးသန့်ခန်းဆောင်သို့ ရောက်ရှိလာ၏။ ပြတင်းတံခါးများက ဖွင့်လှစ်ထားပြီး ထိုနေရာမှ ကြည့်လိုက်လျှင် ဥယျာဉ်၏ ရှုခင်းအလှကို အကောင်းဆုံး မြင်တွေ့နိုင်သည်။
ခန်းဆောင်အတွင်းဝင်သည့် တံခါးတစ်ဖက်တစ်ချက်တွင်တော့ အဝါရောင်ဝတ်စုံဝတ် အဆင့်မြင့်မှော်ဆရာနှစ်ယောက် မျက်နှာသေဖြင့် မတ်တတ်ရပ်နေကြ၏။
ပန်ကုန်းစုန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်စလုံး နောက်ဆုတ်ကြ၊ ဟင်းပွဲတွေနဲ့ အရက်အိုး လာချဖို့ သွားပြောချေ…”
လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်မှော်ဆရာနှစ်ယောက် ထွက်သွားပြီး မကြာမီ စားပွဲထိုးမိန်းမပျိုတစ်ဦးက အရက်အိုးနှင့် ဟင်းပွဲများ သယ်ဆောင်လာ၏။ တိုင်းတစ်ပါးဝတ်စုံ ဝတ်ဆင်ထားသည့် စွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားနှင့် မိန်းမပျိုများလည်း ခြံဝင်းအတွင်း ရောက်ရှိလာကြသည်။ သူတို့က ကျွဲချိုများမှုတ်၊ ယန်ချင်းကြိုးတပ်တူရိယာတီးခတ်၊ ဓမ္မဗုံများရိုက်ပုတ်၍ တစ်မျိုးဆန်းသည့် ဂီတသံများ ဖန်တီးနေ၏။
“မနေ့ညက ဂိုဏ်းသခင်ကို သတ်ဖို့ လူလွှတ်တာ ကျွန်တော့်ရဲ့ အကြံအစည် မဟုတ်ဘူး…” ပန်ကုန်းစုန်က ချင်မူ၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်သည်။ “ကျွန်တော့်အတွက် လူသတ်ဖို့ တခြားလူရဲ့ လက်ကို ငှားစရာမလိုဘူး… မနေ့က ဖြစ်သွားတာက ဂိုဏ်းသခင် လိုလန်ရွှေနန်းတော်ကလူတွေ သတ်တာကို မြင်ရပြီး မကျေမနပ်ဖြစ်သွားတဲ့ လက်အောက်ငယ်သားတစ်ယောက်ရဲ့ လက်ချက်သက်သက်ပဲ…”
ချင်မူမှာ ပန်ကုန်းစုန်ကိုယ်တိုင် ဤကိစ္စ ထုတ်ပြောလာသဖြင့် အံ့အားသင့်သွား၏။ အစက ဤကိစ္စအကြောင်းကို ပန်ကုန်းစုန် စကားအစခံလိမ့်မည်မဟုတ်ဟု ထင်ထားသော်လည်း တစ်ဘက်လူက စထိုင်လျှင်ထိုင်ချင်း အရာအားလုံးကို ရှင်းပြရန် ဆုံးဖြတ်လိုက်သည့်အတွက် မအံ့ဩဘဲ မနေနိုင် ဖြစ်သွားရသည်။
“သိပါပြီ…” ချင်မူ ပြုံးလိုက်၏။ “ကံကောင်းထောက်မချင်တော့ ငါက အသက်မသေဘဲ အကောင်းအတိုင်း ရှိနေသေးတယ်… ဒီကိစ္စနဲ့ မင်းသားလေး ဘာမှမဆိုင်ဘူးဆိုတာ ယုံကြည်ပါတယ်…”
ပန်ကုန်းစုန်က ခေါင်းခါယမ်းလိုက်သည်။ “ဂိုဏ်းသခင် မသိတာတွေ ရှိသေးတယ်… သူ ဂိုဏ်းသခင်ကို သွားသတ်တော့မှာ သိပေမဲ့ ကျွန်တော် မဟန့်တားခဲ့ဘူး… ဘာဖြစ်လို့လဲဆိုတာ ဂိုဏ်းသခင်ချင် သိချင်ပါသလား…”
ချင်မူ အံ့အားသင့်သွားပြီး ကျိုးနွံသည့် အမူအရာဖြင့် ပြောလိုက်၏။ “မင်းသားလေးက တကယ့်ကို အံ့အားသင့်စရာ ကောင်းတာပဲ၊ ချင်မျိုးရိုး ကြားသိလိုပါတယ်…”
ပန်ကုန်းစုန်က သူ့အတွက် အရက်တစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။ “သူ့ကို မတားဆီးခဲ့ရတဲ့ အကြောင်းရင်းကတော့ ဂိုဏ်းသခင်က ကျွန်တော် မှော်ပညာ အသုံးပြုမဲ့ရန်ကနေ ကာကွယ်ဖို့ ပါမောက္ခပါ့ရှန်ကို ခေါ်ထားမယ်ဆိုတာ သိနေလို့ပဲ… သူ့အနေနဲ့ ဂိုဏ်းသခင်ကို မသတ်ဖြတ်နိုင်ပေမဲ့ နှောင့်နှေးစေနိုင်တယ်…”
ချင်မူ မျက်ခုံးပင့်၍ အရက်ခွက်ကို ကောက်ယူလိုက်၏။ သူတို့နှစ်ယောက်သား ခွက်ချင်းတိုက်၍ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။
ထို့နောက် ပန်ကုန်းစုန်က စကားဆက်လိုက်၏။ “ဂိုဏ်းသခင်နဲ့ ကျွန်တော်က တစ်ချိန်တည်း အတားအဆီးနံရံချိုးဖျက်ပြီး အရပ်ခြောက်မျက်နှာအဆင့်ကို ရောက်သွားကြတာ… အဲဒီအချိန်မှာ ဂိုဏ်းသခင်ရဲ့ စိန်ခေါ်မှုကို လက်မခံခဲ့တာက ဂိုဏ်းသခင်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ့်ကို ထက်မြက်မှန်း သိတဲ့အပြင် ဂိုဏ်းသခင်ကို အနိုင်ယူနိုင်မယ်လို့ တစ်ရာရာခိုင်နှုန်း မသေချာလို့ပဲ… ဒါပေမဲ့ အရာအားလုံးက ဒီတစ်ရက်အပြီးမှာ ပြောင်းလဲသွားပြီ… တစ်ရက်အချိန်ပဲ… ကျွန်တော့်အတွက် တစ်ရက်ဆိုတဲ့အချိန်လေးပဲ လိုတယ်…”
သူက ပြုံးပြလိုက်သည်။ “အဆင့်မြင့်ပညာရှင်တွေရဲ့ တိုက်ပွဲမှာ အရှုံးအနိုင်ဆိုတာ တစ်ရက်အချိန်နဲ့တင် အဆုံးအဖြတ်ပေးနိုင်တယ်… ဂိုဏ်းသခင်အနေနဲ့ နေ့လယ်ခင်းမှာ အိမ်ရှေ့မင်းသားနဲ့ တွေ့ရတဲ့အတွက် အရပ်ခြောက်မျက်နှာအဆင့်ရဲ့ ထူးခြားချက်တွေကို ရှာဖွေပြီး အခြေခိုင်အောင် လုပ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး… ညရောက်တော့လည်း ကျွန်တော့်လက်အောက်ငယ်သားရဲ့ မှော်အစီအရင်ကို သတိထားကာကွယ်နေရတဲ့အတွက် အရပ်ခြောက်မျက်နှာအဆင့်ကို လေ့လာဖို့ အချိန်မရှိဘူး… တခြားတစ်ဘက်မှာတော့ ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့် အခြေခိုင်အောင် တစ်နေ့လုံး ကျင့်ကြံပြီး ကျင့်စဉ်စွမ်းအင်ကို မြှင်တင်နိုင်ခဲ့တယ်… တစ်ရက်တာအချိန်လေးနဲ့တင် ဂိုဏ်းသခင်ရဲ့ အနိုင်ရနိုင်ခြေကို သုညဖြစ်သွားအောင် ပြောင်းလဲဖို့ လုံလောက်သွားပြီ…”
ချင်မူ ထပ်၍ အံ့အားသင့်သွားပြီး တစ်ဘက်လူ၏ မျက်နှာကို အကဲခတ်လိုက်၏။ ပန်ကုန်းစုန်၏ မျက်နှာက ငယ်ရွယ်နုနယ်သေးသည့် အငွေ့အသက်များ လွှမ်းခြုံနေသော်လည်း သူ့အကြည့်များက လူငယ်တစ်ယောက်တွင် မရှိသင့်သော နက်ရှိုင်းမှုမျိုးဖြင့် လေးနက်နေသည်။ သူ တအံ့တဩ ချီးကျူးလိုက်မိ၏။ “မြက်ခင်းလွင်ပြင်ရဲ့ မင်းသားလေးက တကယ့်ကို ထူးခြားတာပဲ… ကောင်းကင်ဓားမက ကြောက်တာလည်း မဆန်းပါဘူး… မင်းက အခုမှ ဆယ့်လေးနှစ်ပဲ ရှိသေးတာ မဟုတ်လား…”
ပန်ကုန်းစုန်က သူ့အတွက် အရက်တစ်ခွက် ထပ်ငှဲ့ပေးရင်း ပြောလိုက်သည်။ “ဆယ့်သုံးနှစ်ပါ၊ မြက်ခင်းလွင်ပြင်သားတွေက လေဒဏ်နေဒဏ် ခံရလို့ ကြမ်းတမ်းပြီး ရှိရင်းစွဲထက် ရင့်သယောင် ထင်ရတယ်… ဆယ်သုံးနှစ်ဆိုတာ ဒီဘဝအတွက် ငါ့ရဲ့သက်တမ်းပေါ့… ဂိုဏ်းသခင်က ငါ့ဝိညာဉ်ရဲ့ သက်တမ်းကို မေးတာဆိုရင်တော့ နှစ်ပေါင်းတစ်သောင်းတစ်ထောင် ရှိပါပြီ…”
ချင်မူက တဟားဟား ရယ်မောလိုက်၏။ “မင်းသားလေးက ပိုပြီးပိုပြီး အံ့အားသင့်အောင် လုပ်နိုင်တာပဲ… ဒီကိစ္စကို လွယ်လွယ်နဲ့ ထုတ်ပြောမယ်လို့ မထင်ထားမိဘူး…’
“ငါ့အနေနဲ့ မင်းကို ဖုံးကွယ်ထားစရာ မလိုပါဘူး…” ပန်ကုန်းစုန်က ခပ်အေးအေး ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်ကလည်း အတော်လေး လေးစားစရာ ကောင်းတာပါပဲ… မင်းက ကောင်းကင်ဓားမရဲ့ တပည့် ဟုတ်တယ်မဟုတ်လား… ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို ကျင့်စဉ်စွမ်းအင်မျိုး ပိုင်ဆိုင်ထားနိုင်တာ ချီးကျူးလို့ မဆုံးပါဘူး… ငါတို့ အရပ်ခြောက်မျက်နှာအဆင့်ကို အတူတူချိုးဖောက် တက်ရောက်သွားတုန်းကသာဆိုရင် မင်းကို အနိုင်ယူဖို့ ရှစ်ဆယ်ရာခိုင်နှုန်းပဲ ယုံကြည်ချက် ရှိမယ်…”
“အိုး ဟုတ်လား…” ချင်မူက ပြုံးလိုက်ပြီး မည်သည့်စကားမျှ မဆိုဘဲ အရက်ခွက်ကိုသာ လှည့်ပတ်ဆော့ကစားနေ၏။
ပန်ကုန်းစုန်က အခိုင်အမာ ပြောလိုက်သည်။ “ဒီဘဝရောပါ ထည့်ရေတွက်ရင်က ငါက သက်တမ်းဆယ်ကိုးခု ရှင်သန်နေထိုင်လာပြီးပြီ… ငါ့ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေ၊ သူရဲကောင်းတွေ မြင်ခဲ့ဖူးသလို သေတာ၊ ရှင်တာ၊ ပျော်တာ၊ ဝမ်းနည်းတာတွေ အများကြီး ကြုံတွေ့ဖူးတယ်… .တစ်ခါတလေမှာ ငါ့ကိုယ်ငါ အချိန်မြစ်အလယ်မှာ မားမားမတ်မတ် ရပ်တည်နေတဲ့ ကျောက်ဆောင်တစ်ခုလို ခံစားရတယ်၊ မရေမတွက်နိုင်တဲ့ ပြိုင်ဘက်ကင်းပါရမီရှင်တွေဆိုတာ တစ်ရှိန်ထိုး စီးဆင်းသွားတဲ့ လှိုင်းလုံးတွေ၊ ခေတ်အဆက်ဆက်က ဧကရာဇ်မင်းတွေက ငါငဲ့စောင်းမကြည့်တဲ့ လှိုင်းကြက်ခွပ်လေးတွေပေါ့…”
“ကောင်းကင်ဘုံကို ဓားမပင့်မြှောက် ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ ကောင်းကင်ဓားမတောင် ငါ့ဘဝထဲက ခဏတာ ဖြတ်သန်းသွားတဲ့ ခရီးသွားတစ်ယောက်သာသာပဲ… မှတ်မိပါသေးတယ်၊ ဆဋ္ဌမမြောက်သက်တမ်းမှာ ငါ့တာအို၊ ကျင့်စဉ်၊ ကောင်းကင်နတ်သိုင်းတွေက နောက်တစ်ဆင့် ထပ်မတက်နိုင်တော့ဘူးလို့ ခံစားရတဲ့အတွက် မြေပြန့်လွင်ပြင်ကို သွားပြီး ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်နဲ့ တာအိုဓားသိုင်းကို သင်ယူဖို့ တာအိုဂိုဏ်းထဲ ဝင်ခဲ့တာ… အဲဒီအချိန်တုန်းက တာအိုဂိုဏ်းရဲ့ တာအိုသခင်က ငါ့ကို မျှော်မှန်းချက် အကြီးကြီးထားပြီး တောက်ကျစ်အဖြစ် ပြုစုပျိုးထောင်ခဲ့တယ်၊ နောင်တစ်ချိန်မှာ တာအိုသခင်လုပ်ပြီး တာအိုဂိုဏ်းကို ဦးဆောင်ခိုင်းဖို့တောင် မျှော်လင့်ခဲ့တာ…”
ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွား၏။ ဤမကောင်းဆိုးဝါးအိုကြီးက တာအိုဂိုဏ်းသို့ ဝင်၍ တောက်ကျစ်ပင် ဖြစ်ခဲ့ဖူးသည်တဲ့လား။
တာအိုဂိုဏ်း၏ အထွတ်အမြတ် ပညာရပ်များဖြစ်သော ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်နှင့် တာအိုဓားသိုင်းဆယ့်လေးခန်းကိုပင် အောင်မြင်အောင် သင်ယူလေ့ကျင့်ပြီးသွားပြီလော။
“တာအိုဓားသိုင်းက နားလည်သဘောပေါက်ဖို့ အတော်လေးခက်တယ်… အဲဒီသက်တမ်းမှာ တာအိုဓားဆယ်သုံးခန်းထိ သင်ယူနိုင်ပေမဲ့ ဆယ့်လေးခန်းမြောက်ကို လုံးလုံးလျားလျား နားမလည်ခဲ့ဘူး…” ပန်ကုန်းစုန်က သက်ပြင်းလေးလေး ချလိုက်သည်။ “တာအိုဓားသိုင်းက သိပ်ကို ခက်လွန်းတယ်၊ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကို ရထားတာတောင်မှ အပြည့်အဝ သဘောမပေါက်နိုင်ခဲ့ဘူး… ဒီဓားသိုင်းကို လေ့ကျင့်ဖို့အတွက် သင်္ချာသဘောတရားတွေကို ကြောက်စရာကောင်းလောက်အောင် ထုံးလိုချေရေလိုနှောက်ထားနိုင်မှ ရမှာ…”
“ငါ သက်တမ်းကုန်ပြီး သေဆုံးတဲ့အထိ ဆယ်လေးကွက်မြောက်တာအိုဓားကို မတတ်မြောက်ခဲ့ဘူး… သတ္တမမြောက်သက်တမ်း ပြန်စတဲ့အချိန်မှာလည်း တာအိုဂိုဏ်းကို ထပ်ဝင်ခဲ့ပေမဲ့ ဆယ့်လေးကွက်မြောက် တာအိုဓားကို ကုန်စင်အောင် သဘောပေါက်နိုင်စွမ်း မရှိခဲ့ဘူး၊ အဲဒီဓားကွက်ရဲ့ တစ်ကွက်ကိုပဲ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့တယ်… အဋ္ဌမမြောက်သက်တမ်းမှာတော့ ငါ မဟာမိုးခြိမ်းသံကျောင်းတော်ကို ဝင်ခဲ့တယ်…”
ချင်မူ့ရင်ထဲတွင် ပြင်းစွာ တုန်လှုပ်သွားပြီး တစ်ဘက်လူ၏ မျက်ဝန်းထဲသို့ စူးစူးစိုက်စိုက် ကြည့်ရှုလိုက်၏။ “ခင်ဗျားအနေနဲ့ တာအိုဓားသိုင်းမှာ ရှေ့ဆက်မတက်နိုင်တော့ဘူး ထင်လို့ တထာဂတရဲ့ မဟာယာနသုတ္တန်ကို သင်ဖို့ မဟာမိုးခြိမ်းသံကျောင်းတော်ကို သွားခဲ့တာလား…”
“မဟုတ်ဘူး…” ပန်ကုန်းစုန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “ငါက အဲဒီကို ဗုဒ္ဓဝါဒအကြောင်း လေ့လာဖို့ သွားခဲ့တာ… မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဓမ္မတရားက လူတစ်ယောက်ရဲ့ စိတ်နဲ့ သဘောသဘာဝကို ကောင်းကောင်းကြီး ထိုးထွင်းသိမြင်နိုင်တယ်၊ တထာဂတရဲ့ မဟာယာနကျင့်စဉ်က အဲဒီလိုစိတ်ကျင့်စဉ် အောင်မြင်ပြီးသူတွေရဲ့ သဘောတရား အဆီအနှစ်တွေကို စုစည်းထားတာပဲ၊ ဒီကျင့်စဉ်ကို ငါသင်ယူချင်တာပေါ့… ဒါပေမဲ့ ငါ ကိုရင်ငယ်ဘဝကနေစလို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဗုဒ္ဓကျမ်းစာတွေကို ဖတ်ရှုသိမြင်ပြီးမှ တထာဂတရဲ့ မဟာယာနသုတ္တန်ကို သင်ယူခဲ့တယ်…”
ချင်မူက မေးလိုက်၏။ “အဲဒီမျိုးဆက်ရဲ့ တထာဂတကလည်း ခင်ဗျားကို မျှော်လင့်ချက်ကြီးကြီး ထားမှာပေါ့…”
“သူပြောတာတော့ ငါ့ရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းက အဲဒီခေတ်က တစ်လောကလုံးမှာ အကောင်းဆုံးပဲတဲ့၊ ဗုဒ္ဓကျင့်စဉ်နဲ့ ပတ်သက်ပြီး အောင်မြင်ပေါက်ရောက်မှုက သူ့ထက်တောင် သာလွန်နေပြီဆိုပဲ၊ အယူဝါဒရေးရာ ငြင်းခုန်ရင် ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့တောင် ပြောရမယ်…”
“ငါ့အနေနဲ့ တထာဂတရဲ့ မဟာယာနသုတ္တန်က ကောင်းကင်ဘုံ အဆင့်နှစ်ဆယ်လုံးကို ကျင့်ကြံနိုင်ခဲ့ပေမဲ့ အဆုံးမှာ မဟာမိုးခြိမ်းသံကျောင်းတော်ကနေ ထွက်ခွာခဲ့တယ်… မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဗုဒ္ဓကျင့်စဉ်က ငါ့ကို နောက်ဆုံးအဆင့်ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး… နောက်တစ်ဘဝမှာ မိန်းမတစ်ယောက်အဖြစ် ပြန်ဝင်စားပြီး မေတ္တာမဲ့နန်းတော်ကို သွားခဲ့တယ်… နောက်တစ်ဘဝထပ်ရောက်တော့ ကျောက်စိမ်းမြို့တော်ငယ်ကို သွားတယ်၊ နောက်ထပ်သက်တမ်းတစ်ခုနှစ်ခု ထပ်နေပြီးမှ အဲဒီမှာရှိတဲ့ အထွတ်အထိပ်ပညာတွေ အကုန်လုံးကို တတ်မြောက်သွားတယ်… တကယ့်ကို အထွတ်အမြတ်နယ်မြေကြီး သုံးခုရဲ့ အထက်က အထွတ်အမြတ်နယ်မြေပါပဲ…”
သူက ကျောက်စိမ်းမြို့တော်ငယ်တွင် နေခဲ့ရသော နေ့ရက်များကို အမှတ်ရသွားဟန်ဖြင့် သက်ပြင်းလေးတွဲ့တွဲ့ ချလိုက်သည်။ ထို့နောက် တစ်ခဏမျှ တုံ့ဆိုင်းသွား၏။ “အဲဒါပြီးတော့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ငါသွားခဲ့တယ်…”
ချင်မူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီး မေးမြန်းလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဟုတ်လား… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို သင်ခဲ့ရလား၊ ဘယ်လောက်ထိ နားလည်ခဲ့လဲ…”
ပန်ကုန်းစုန်က ပြုံး၍ ပြောလိုက်၏။ “မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက သိပ်ကို စွမ်းအားကြီးပါတယ်… ဒါပေမဲ့ တထာဂတရဲ့ မဟာယာနသုတ္တန်၊ တာအိုဓားသိုင်းတို့နဲ့ ယှဉ်လိုက်ရင်တော့ နည်းနည်းလေး နိမ့်ကျနေတယ်… ငါ ဂိုဏ်းကထွက်မလို့ လုပ်တုန်းမှာ ဂိုဏ်းသခင်အဆက်ဆက်ပဲ လက်ဆင့်ကမ်းတဲ့ ပေါင်းစည်းကျင့်စဉ်ဆိုတာ ရှိသေးတဲ့အကြောင်း ကြားသိခဲ့ရတယ်၊ အဲဒီကျင့်စဉ်ကို လိုချင်တဲ့အတွက် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာပဲ ဆက်နေခဲ့တာပေါ့… နှမြောစရာကောင်းတာက အဲဒီမျိုးဆက်ရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က အတော်လေး အစွမ်းထက်ပြီး သူ့တပည့်ကလည်း သိပ်ကို စွမ်းအားကြီးတယ်… အဲဒီတပည့်ကို နှစ်ငါးရာမှာတစ်ခါပေါ်တဲ့ ပါရမီရှင်လို့ ဆိုကြတာပဲ… ငါ သူ့ကို ရှုံးနိမ့်ပြီး ဂိုဏ်းသခင် ဖြစ်လာမဲ့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတယ်…”
ချင်မူ သက်ပြင်းတစ်ချက် ချလိုက်သည်။ ပန်ကုန်းစုန်က စကားဆက်လိုက်၏။ “အဲဒါကြောင့် ငါ ကောင်းကင်နတ်ဆိုးဂိုဏ်းကို သစ္စာဖောက်ပြီး တာအိုဂိုဏ်းက အဆင့်မြင့်ပညာရှင်တွေဆီသွားခဲ့တယ်… ကောင်းကင်နတ်ဆိုးဂိုဏ်းကို တိုက်ခိုက်ဖို့ဆိုပြီး သမာသမတ်လမ်းစဉ်က လူတွေအကုန်လုံးကို စုစည်းလို့ အဲဒီနှစ်ငါးရာမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ကို သတ်ဖြတ်ခဲ့တာပေါ့…”
ချင်မူ၏ အရက်ခွက်ထဲမှ အရက်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်ပြီး စားပွဲပေါ်သို့ အရက်တစ်စက် ပြုတ်ကျသွားသည်။
“အဲဒီပါရမီရှင် တကယ့်ကို ရှားရှားပါးပါးပဲ၊ တာအိုသခင်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ရင်းနဲ့တောင် ချောင်းမြောင်းလုပ်ကြံတဲ့ ငါ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် ပြန်တိုက်နိုင်ခဲ့တယ်၊ ဒါပေမဲ့ သူလည်း သမာသမတ်ဂိုဏ်းသားတွေ အများကြီး ဝိုင်းတိုက်ခံရလို့ ခြေကုန်လက်ပမ်းကျပြီး သေသွားတာပါပဲ…”
ပန်ကုန်းစုန်က ခပ်အေးအေး ပြောလိုက်၏။ “သူ မသေခင်မှာ ဂိုဏ်းသခင်ရာထူးနဲ့ ပေါင်းစည်းကျင့်စဉ်ကို အဲဒီအချိန်က ကောင်းကင်နတ်မင်းချင်းကို လက်လွှဲပေးအပ်ခဲ့တယ်… ငါ့အနေနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပေမဲ့ အကုန်လုံးကို ဘယ်လိုအလဟဿ ဖြစ်ခံနိုင်မှာလဲ၊ အားလုံးကို စုစည်းပြီး ဆက်တိုက်ခဲ့တာပေါ့… ဒါပေမဲ့ ဂိုဏ်းသခင်ချင်းက ပေါင်းစည်းကျင့်စဉ်ကို ကောင်းကင်နတ်မယ်ဆီ လက်လွှဲပေးအပ်ပြီး နောက်လိုက်နောက်ပါတွေ စုစည်းလို့ ငါတို့နဲ့ တိုက်ခိုက်ခဲ့တယ်… ငါလည်း ဘယ်လိုမှ မတတ်သာတော့ဘဲ မြက်ခင်းလွင်ပြင်ဆီ ဒဏ်ရာတွေနဲ့ ပြန်ဆုတ်သွားရတော့တာပဲ…”
သူ သက်ပြင်းလေးလေးတစ်ချက် ချလိုက်သည်။ “အဲဒီနောက်မှာတော့ ဂိုဏ်းသခင်ချင်းက ကျောက်စိမ်းရေလှိုင်းကန်မှာ သေဆုံးသွားခဲ့တယ်… ကောင်းကင်နတ်မယ်က ဂိုဏ်းသခင်အဖြစ် ဆက်ခံပြီး တာအိုဂိုဏ်းနဲ့ သမာသမတ်ဂိုဏ်းက ပညာရှင်တွေကို လိုက်လံသတ်ဖြတ်ခဲ့လို့ သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့ပြီး နောက်သွားကြရတယ်… အဆုံးမှာတော့ ကောင်းကင်နတ်မယ်လည်း ဂိုဏ်းသခင်နေရာကို လက်ဆင့်ကမ်းပြီး ရထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်… အဲဒီဂိုဏ်းသခင်သုံးယောက်ကို မင်းတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဘယ်လို ခေါ်ကြတာလဲ…”
ချင်မူက အမူအရာအပြောင်းအလဲမရှိ ပြန်ပြောလိုက်၏။ “မင်းမြတ်သုံးပါး…”
“မင်းမြတ်သုံးပါး ဟုတ်လား…” ပန်ကုန်းစုန်က ချီးကျူးလိုက်သည်။ “တကယ်ပဲ မင်းမြတ်သုံးပါးလို့ ခေါ်ထိုက်ပါတယ်… အခုဆိုရင် ငါနဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဆက်နွှယ်မှုအကြောင်း မင်းသိသွားပြီပေါ့… ငါ့ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှုက ဘယ်ကလာလဲ သိပြီမဟုတ်လား… ဒါပေမဲ့ ဒါက အရင်တစ်ရက်ကပါ… အခုတော့ မင်းကို အနိုင်ယူဖို့ ငါ့မှာ တစ်ရာရာခိုင်နှုန်း ယုံကြည်မှု ရှိနေပြီ… မင်းမှာ အနိုင်ရာဖို့ ဆယ်ရာခိုင်နှုန်းတောင် မရှိဘူး…”
ချင်မူက ထရပ်၍ အညောင်းဆန့်လိုက်၏။ “သွားကြစို့၊ အခု ကျုပ် လူသတ်ချင်လာပြီ…”
ပန်ကုန်းစုန်လည်း ထပ်ရပ်၍ သူတို့နှစ်ယောက် ဘေးချင်းယှဉ် လျှောက်လှမ်းထွက်ခွာသွားသည်။
ပန်ကုန်းစုန်က နောက်လှည့်၍ အဆင့်မြင့်မှော်ဆရာနှစ်ယောက်ကို ညွှန်ကြားလိုက်၏။ “ဟင်းပွဲတွေကို နွှေးထားလိုက်၊ ခဏနေ ငါပြန်လာခဲ့မယ်…”