← Chapters

စည်းချက်

Vol. 20 Ch. 277

စည်းချက်

Vol. 20 Ch. 277

ချင်မူနှင့် ပန်ကုန်းစုန်က ကျောက်စိမ်းရနံ့စံအိမ်မှ ဘေးချင်းယှဉ်၍ ထွက်ခွာလာပြီး မြို့ပြင်သို့ ဦးတည်လျှောက်လှမ်းသွား၏။

နွေဦးပေါက်စ ရာသီအစောပိုင်းသာ ရှိသေးသဖြင့် မြို့တော်တစ်ခွင်က အေးစိမ့်စိမ့် ရှိနေသေးသည်။ မွန်းတည့်ချိန်တွင်ပင် နေလုံးက ခေါင်းတည့်တည်သို့ မရောက်။ တောင်စူးစူး ကောင်းကင်ယံ၌သာ နေရာယူ၍ များစွာ ထွန်းလင်းနိုင်ခြင်း မရှိချေ။

မြို့တော်က ဝင်ထွက်သွားလာသော လူများဖြင့် အတော်လေး စည်ကားနေ၏။ ချမ်းသာသော မိသားစုများမှ အချို့သခင်လေး၊ သခင်မလေးများက အုပ်စုဖွဲ့၍ လှည့်လည်သွားလာနေကြသည်။ သူတို့က အနက်ရောင်သားမွေး အပေါ်ထပ်အင်္ကျီများ ဝတ်ဆင်ထားပြီး ဖြူဖွေးသောအသားအရေနှင့် လွန်စွာမှ လိုက်ဖက်နေ၏။

ယခင်ကဆိုလျှင် လူချမ်းသာမိသားစုများက သင်္ဘောပျံများဖြင့် တောင်ပိုင်းသို့သွား၍ ဆောင်းရာသီ၏ အအေးဒဏ်ကို ရှောင်ရှားလေ့ရှိပြီး နွေရာသီမှသာ ပြန်လာကြသည်။ ယခုနှစ်တွင်တော့ တောင်ပိုင်း၌ သဘာဝကပ်ဘေးကျရောက်၍ အအေးဒဏ်က မြောက်ပိုင်းနှင့်အတူတူ ဖြစ်ပြီး ပို၍ အေးကောင်းအေးနိုင်သဖြင့် အများစုက မြောက်ပိုင်းတွင်သာ နေထိုင်ကြတော့၏။ နေရာအနှံ့အပြား၌ သဘာဝကပ်ဘေးများ၊ လူလုပ်ကပ်ဘေးများ ကျရောက်နေသည်ဖြစ်ရာ ရွှေမြို့တော်တွင် အန္တရာယ်ကင်းကင်း နေထိုင်ခြင်းက ပိုကောင်းသည် မဟုတ်လား။

ချင်မူနှင့် ပန်ကုန်းစုန်က ဖြည်းညင်းစွာ လျှောက်လှမ်းရင်း ကိုယ့်အခြေအနေကိုယ် ထိန်းညှိယူနေကြသည်။ ပန်ကုန်းစုန်က ဆယ့်ကိုးခါပြန်ဝင်စား၍ အခါနှစ်ဆယ်မြောက် ရှင်သန်နေထိုင်လာသည့် ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်မှန်း သံသယရှိစရာ မလိုချေ။ မကြာမီအချိန်အတွင်း၌ သူ၏ ချီစွမ်းအင်၊ အဆီအနှစ်၊ ဝိညာဉ်တို့ကို အမြင့်ဆုံးအနေအထားထိ မြှင့်တင်ပြီးသွားပြီး ချင်မူက ဖြည်းဖြည်းချင်း ညှိယူနေဆဲသာ ရှိ၏။

ပန်ကုန်းစုန်ထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ စိမ့်ဖြာထွက်၍ ချင်မူ့ထံတိုးဝင်သွားပြီး ခြေလှမ်းများကို ဖြည်းဖြည်းချင်း အရှိန်တင်လိုက်သည်။

ပန်ကုန်းစုန်ထံမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တိုးဝင်လာကြောင်း ခံစားမိသဖြင့် ချင်မူ မည်သို့မျှ မတတ်သာဘဲ သူ့ကိုယ်ဟန်အနေအထားကို ဟာကွက်မပေါ်စေရန် လိုက်ပါပြောင်းလဲရတော့၏။

နန်းတွင်းကောလိပ်၌ ချင်မူ ဤနည်းအတိုင်း ပန်ကုန်းစုန်ကို ဖိအားပေးခဲ့ဖူးသည်။ ပန်ကုန်းစုန်မှာ ချင်မူ အခွင့်ကောင်း မယူနိုင်စေရန်အတွက် ဟာကွက်မပေါ်အောင် ခန္ဓာကိုယ်ကို ထော့နင်းလျှောက်လှမ်းသွားခဲ့ရ၏။

ယခုတော့ ချင်မူမှာ သူဖော်သည့်ဆေး သူပြန်မြည်းစမ်းရပြီ ဖြစ်သည်။ ပန်ကုန်းစုန်က အမြင့်ဆုံးရောက်ရှိသွားသည့် ချီစွမ်းအင်၊ အရှိန်အဝါအငွေ့အသက်ဖြင့် ဖိအားပေး၍ သူ့လှုပ်ရှားမှု အပြောင်းအလဲအတိုင်း ချင်မူ လိုက်ပါပြောင်းလဲရအောင် လက်ဦးမှုရယူသွားချေပြီ။

ချင်မူ သူ့စည်းချက်အတိုင်း လိုက်နေရသမျှ ကာလပတ်လုံး သူက ရှေ့မှဦးဆောင်၍ ချင်မူက နောက်မှလိုက်ရမည်သာ ဖြစ်၏။ ချင်မူ့အနေဖြင့် အမှားအယွင်း မလုပ်မိစေရန် သူ၏ ကိုယ်ဟန်အနေအထားနှင့် အရှိန်အဝါအငွေ့အသက်ကို အဆက်မပြတ် ပြောင်းလဲနေရပေလိမ့်မည်။ လျှောက်လှမ်းရမည့် လမ်းရှည်လေလေ ပြောင်းလဲမှု ပို၍လုပ်ဆောင်ရလေလေ ဖြစ်ပြီး အဆုံး၌ ဤလူငယ်လေး သိမြင်တတ်ကျွမ်းသမျှ အားလုံးထုတ်သုံးပြီးသွားသည့်အခါ သူ့ကိုယ်ဟန်အနေအထားကို ဆက်လက် ပြောင်းလဲနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

မြို့ပြင်သို့ ရောက်သွားချိန်တွင်တော့ ချင်မူ၏ အသက်ကို နုတ်ယူရန်မှာ သိုင်းကွက်တစ်ကွက်နှစ်ကွက်စာ အရေးအရာသာ ဖြစ်သွားပေလိမ့်မည်။

“မြေခွေးအိုကြီး…”

ချင်မူ၏ မျက်နှာ တည်ကြည်လေးနက်သွားသည်။ ဤသည်က အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။

ပန်ကုန်းစုန်မှာ ဤသို့ ကြောက်မက်ဖွယ်ရာ လူတစ်ဦးပင် ဖြစ်သည်။ သူ့ရန်သူထက် မည်မျှပင် စွမ်းအားသာလွန်သည်ဖြစ်စေ အသာစီးရနိုင်မည့် အခွင့်အရေးကို တွေ့သည်နှင့် အရအမိ ဖမ်းဆုပ်၍ သာလွန်သည်ထက် သာလွန်အောင် ဆောင်ရွက်မည်သာ ဖြစ်၏။

နှစ်ပေါင်းတစ်သောင်းကျော် ဖြတ်သန်းလာပြီးသည့် နောက်ပိုင်းတွင် သူ၏ လုပ်ဆောင်ချက်များအပေါ် ပြင်ပမှ လွှမ်းမိုးမှု မရှိသလောက် ဖြစ်သွားသည်။ သူပြောသမျှ စကားလုံးတိုင်း၊ လုပ်ဆောင်သမျှ အလုပ်တိုင်းက ပြီးခဲ့သည့် နှစ်ပေါင်းတစ်သောင်းအတွင်း စုမိလာသည့် အတွေ့အကြုံများအရသာ ဖြစ်ပြီး သူ့အတွေ့အကြုံများက သူ၏ လှုပ်ရှားမှု၊ ဆောင်ရွက်မှုတိုင်းတွင် မှော်သင်္ကေတများ၊ သဘောတရားများကဲ့သို့ နက်ရှိုင်းစွာ စွဲထင်ကိန်းအောင်းနေပြီ ဖြစ်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် မျက်ကန်းက အသိနှင့်အလုပ် တစ်ထပ်တည်းကျရမည်ဟု ယခင်က ပြောဖူးသည်။ အဘိုးကြီးကလည်း စည်းမျဉ်းများမှ သွေဖည်ခြင်း မရှိရဟု ဆို၏။ နှစ်တစ်သောင်းကျော် အားထုတ်မှုနှင့် ပန်ကုန်းစုန်က ဤအဆင့်သို့ ကျင့်ကြံအောင်မြင်နိုင်ခဲ့ပြီ ဖြစ်သည်။

အသိနှင့်အလုပ် တစ်ထပ်တည်းကျရမည်ဟူခြင်းအတွက် ချင်မူလည်း သူ့သိမြင်နားလည်မှုနှင့်သူ ရှိခဲ့၏။

သိမြင်နားလည်သည့်အတိုင်း မလုပ်ဆောင်ခြင်းမှာ မိမိကိုယ်မိမိ သစ္စာဖောက်ခြင်းသာ ဖြစ်သည်။

လုပ်ဆောင်ပြီး၍ မအောင်မြင်ခြင်းမှာ မစွမ်းဆောင်နိုင်ခြင်းသာ ဖြစ်၏။

သိမြင်နားလည်သည့်အတိုင်း လုပ်ဆောင်ခြင်းက ကိုယ့်စိတ်နှလုံးကိုယ် သစ္စာစောင့်သိခြင်း ဖြစ်သည်။ အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်းမှာ အဆုံးထိ လျှောက်လှမ်းခြင်း ဖြစ်၏။ ဤအဆင့်သို့ရောက်လျှင် အခြားသူ၊ အခြားဖြစ်ရပ်များ၏ လွှမ်းမိုးမှုကြောင့် ဆုံးဖြတ်ချက် ယိမ်းယိုင်တော့မည် မဟုတ်ပေ။

ထို့ပြင် အသိနှင့်အလုပ်ကို တစ်ထပ်တည်းကျအောင် လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်ချက်မှာ အဆုံးထိ သိနားလည်အောင် လေ့လာခြင်း ဖြစ်၏။ ကိစ္စတစ်ရပ်ကို လေ့လာသည့်အခါ နောက်ကွယ်မှ သဘောတရားများကိုပါ သိနားလည်အောင် လေ့လာ၍ ကိုယ်ပိုင်အသိအမြင်အဖြစ် ပြောင်းလဲယူရပေလိမ့်မည်။

ဥပမာဆိုရသော် ချက်ပြုတ်ခြင်းအတတ်ပညာ၌ ပြီးပြည့်စုံရန် အရောင်အဆင်း၊ အနံ့အရသာကို ချေးများ၍ မရဘဲ အရာအားလုံးကို သိနားလည်အောင် မြည်းစမ်းရသည်။ ဆောက်လုပ်ရေးအတတ်ပညာတွင် အဆောက်အဦ၊ စံအိမ်များ ဆောက်လုပ်ရာ၌ လှပခိုင်ခန့်၍ အသုံးဝင်ရုံသာမက မည်သို့ဆောက်လျှင် ကြီးကျယ်ခမ်းနားသည့် အသွင်ပေါက်မည်၊ မည်သို့ဆောက်လျှင် လေဒဏ်မိုးဒဏ်၊ မုန်တိုင်းဒဏ်နှင့် မြေငလျင်ဒဏ်ကို ခံနိုင်မည် စသည်များကို သိအောင်အထိ လေ့လာထားရ၏။ သင်္ဘောတည်ဆောက်ရာတွင်လည်း သင်္ဘောတည်ဆောက်ခြင်း အတတ်ပညာအပြင် လေဒဏ်၊ လှိုင်းဒဏ်ခံနိုင်အောင် တည်ဆောက်ရေးနှင့် အသုံးပြုမည့် ကုန်ကြမ်းပစ္စည်းများအကြောင်းထိ လေ့လာရမည် ဖြစ်သည်။

ဤသည်မှာ အဆုံးထိ သိနားလည်အောင် လေ့လာခြင်းပင် ဖြစ်၏။ ကိစ္စတစ်ခု၊ ပညာတစ်ရပ်ကို အဆုံးစွန်ထိ သိမြင်နိုင်ရန်အတွက် နောက်ကွယ်မှ သဘောတရားများအားလုံးကို သိနားလည်အောင် လေ့လာရပေလိမ့်မည်။

အဆုံးထိ သိနားလည်အောင် လေ့လာသင်ယူပြီးသည့် အခါမှသာ အသိနှင့်အလုပ်ကို တစ်ထပ်တည်းကျအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ပန်ကုန်းစုန်က ထိုကဲ့သို့သောလူမျိုး ဖြစ်၏။ ထပ်ခါထပ်ခါ ပြန်လည်ဝင်စားပြီးသည့်နောက်တွင် အမျိုးမျိုးသော ကျင့်စဉ်ပညာရပ်များကို အဆုံးစွန်ထိ လေ့လာသင်ယူခဲ့ပြီး သူသင်ယူထားသမျှက သူပြောသမျှစကား၊ သူလုပ်သမျှအလုပ်တိုင်း၏ အခြေခံအုတ်မြစ် ဖြစ်လာသည်။

သူ့ထံမှ စကားလုံးတိုင်း၊ လုပ်ဆောင်မှုတိုင်းက နက်နဲသည့် အဓိပ္ပာယ် ပါဝင်ပြီး ချင်မူ သူနှင့်စတွေ့ကတည်းက သူ့စည်းချက်နောက် ခေါ်ဆောင်ဆွဲယူခြင်း ခံခဲ့ရ၏။

အရပ်ခြောက်မျက်နှာခန်းမအပြင်တွင် ချင်မူ ရန်စစော်ကားသည်မှ စ၍ ကျောက်စိမ်းရနံ့စံအိမ်တွင် ထိုင်စကားပြောသည်အထိ အရာအားလုံးက ပန်ကုန်းစုန် ရက်လုပ်ထားသော ပင့်ကူအိမ်တစ်ခုသာ ဖြစ်၏။ ချင်မူ့ကို ထောင်ဖမ်းရန်အတွက် တစ်ရစ်ချင်း ရက်လုပ်လာခဲ့သော ပင့်ကူအိမ်ကြီး ဖြစ်သည်။

ယခု သူတို့ မြို့ပြင်သို့ လျှောက်လှမ်းလာခြင်းမှာ ဤပင့်ကူကြီးက သူ၏ ပင့်ကူအိမ်ကို ပြန်ဆွဲသိမ်း၍ ချင်မူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ပိုးချည်မျှင်များဖြင့် ရစ်ပတ်ချုပ်နှောင်လိုက်ခြင်းသာ ဖြစ်၏။ ချင်မူအနေဖြင့် လှုပ်ရှားရုန်းကန်နိုင်သည့်နေရာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး မြို့ပြင်သို့ ရောက်သောအခါ ဤပင့်ကူကြီးက သူ့သားကောင်ကို အဆိပ်ရည်များ ပက်ဖြန်းဖမ်းဆီးပေတော့မည်။

ချင်မူ့အနေဖြင့် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော ပြိုင်ဘက်မျိုးကို တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။

တောက်ကျစ်၊ ဖိုကျစ်သာမက သူ့နောက်သို့ လိုက်လံသတ်ဖြတ်ဖူးသော ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များပင် ပန်ကုန်းစုန်းနှင့် ယှဉ်လျှင် တစ်ဆင့်နိမ့်နေမည်သာ ဖြစ်၏။

ယခု ချင်မူမှာ ထော့နင်းထော့နင်း လျှောက်ရသည်အထိ ဖိအားပေးခံရပြီး ဘေးဘယ်ညာသို့ ယိမ်းထိုးနေသည်။ ပန်ကုန်းစုန်၏ ခြေလှမ်းများကတော့ ပို၍ ပို၍ တည်ငြိမ်လာ၏။

သူက ချင်မူ၏ ကိုယ်ဟန်အပြောင်းအလဲအားလုံး ထုတ်သုံးအောင် ဖိအားပေးနေသည်။ ချင်မူ ကိုယ်ဟန်အပြောင်းအလဲအားလုံး ထုတ်သုံးပြီး၍ ဟာကွက်ပေါ်လာသည့်အချိန်မှာ သူသေပွဲဝင်ရမည့် အချိန်သာ ဖြစ်၏။

“ဒီလိုကြောက်စရာကောင်းတဲ့သူမျိုးနဲ့ ရင်ဆိုင်ရတာ ရှားရှားပါးပါး အခွင့်အရေးပဲ…”

ချင်မူ၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားပြီး ထိုသို့ ရပ်တန့်လိုက်သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ရာချီသော ဟာကွက်များ ပေါ်ထွက်လာသည်။ တစ်ကိုယ်လုံး ဟာကွက်များ ပြည့်နေသည်ဟုပင် ဆိုနိုင်၏။

ပန်ကုန်းစုန်မှာ မှင်တက်မိသွားပြီး သူ့ခြေလှမ်းများကိုလည်း ရပ်တန့်လိုက်မိသည်။

ဤအခိုက်အတန့်၌ သူ့ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာ၏။ ချင်မူ၏ ကိုယ်ပေါ်တွင် ဟာကွက်များ ပြည့်နေပြီး သူ့မျက်လုံးထဲ၌ ဟာကွက်တိုင်းက သိုင်းကွက်တစ်ကွက် ထုတ်ရုံနှင့် အသက်နုတ်ယူနိုင်သော သေကွင်းသေကွက်များ ဖြစ်သည်။ သို့သော်လည်း သူ တစ်ခဏမျှ တုံ့ဆိုင်းသွား၏။

ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းက တစ်လောကလုံးတွင် နံပါတ်တစ်ဂိုဏ်းဟု ဆိုရမတတ် အင်အားကြီးမားသည်။ သူ့အနေဖြင့် ချင်မူ့ကို ဤနေရာတွင် သတ်ဖြတ်လိုက်လျှင် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်စားချေ လိုက်လံသတ်ဖြတ်ခြင်းကို ရှောင်ရှားနိုင်ရန် ခက်ခဲသွားမည် ဖြစ်၏။

သူတုံ့ဆိုင်းသွားသည့် တစ်ခဏတွင် ချင်မူ့ကိုယ်ပေါ်မှ ဟာကွက်အားလုံး ပျောက်ကွယ်၍ သူ့အရှိန်အဝါအငွေ့အသက်က ရုတ်တရက် ထောင်တက်လာသည်။ ချင်မူ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ပန်ကုန်းစုန်အပေါ် ခြုံလွှမ်း၍ ရှေ့သို့ လှမ်းလျှောက်သွားတော့၏။

ပန်ကုန်စုန်၏ အမူအရာ ပျက်ယွင်းသွားပြီး မည်သို့မျှ မတတ်နိုင်ဘဲ ချင်မူ့နောက်မှ အမီလိုက်ရတော့သည်။

ချင်မူက သူ၏ တုံ့ဆိုင်းမှုကို အခွင့်ကောင်းယူ၍ အောက်စီးကျနေသည့် အခြေအနေမှ ရုန်းထွက်သွားခြင်း ဖြစ်၏။ ဤသို့သော အဖြစ်မျိုးကို သူမျှော်လင့်မထားမိပေ။ ဤလူငယ်လေး၏ အတွေ့အကြုံက သူ့ထက်နိမ့်ကျကြောင်း ထင်ရှားသော်လည်း သူ့တွင် ကာလရှည်ကြာ ပျက်စီးလွင့်ပါးသွားပြီ ဖြစ်သော ထက်သန်သည့် စိတ်ဝိညာဉ်မျိုး ပိုင်ဆိုင်ထားသည်။

အကြိမ်ပေါင်းများစွာ ပြန်ဝင်စားပြီးနောက်ပိုင်းတွင် ပထမသက်တမ်းမှ စိတ်အားထက်သန်မှုများမှာ အချိန်၏ တိုက်စားမှုအောက်၌ တဖြည်းဖြည်း ပျက်စီးလွင့်ပါးသွား၏။ ဤကဲ့သို့ အရှိန်အဝါ၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်မျိုးကို ယခုမှ ချင်မူ့ထံတွင် ပြန်မြင်တွေ့ရသည်။

ဤတစ်ကြိမ်တွင်တော့ ဖိအားဒဏ်ခံသူမှာ သူဖြစ်သွားပြီး ချင်မူ၏ စည်းချက်အတိုင်း လိုက်လျှောက်နေရ၏။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အရှိန်အဝါအငွေ့အသက်များက အဆက်မပြတ်ပြောင်းလဲနေပြီး ပြောင်းလဲမှုတိုင်းက များစွာ သိသာလှခြင်း မရှိပေ။ သို့သော်လည်း ဆက်၍ လျှောက်ရင်းလျှောက်ရင်းနှင့် ပန်ကုန်းစုန်၏ ခန္ဓာကိုယ်က သိသိသာသာ ယိမ်းထိုးလာပြီး အရက်မူးသမားတစ်ယောက် လမ်းလျှောက်နေသည်နှင့်တူကာ အားလုံး၏ ဝိုင်းကြည့်ခြင်း ခံရတော့သည်။

လက်ရှိအနေအထားမှာ ချင်မူက အရက်မူးနေသည့် ဆယ့်သုံးနှစ်၊ ဆယ့်လေးနှစ် ကောင်လေးတစ်ယောက်ကို မမြင်ရသော ကြိုးတစ်ချောင်းဖြင့် ချည်နှောင်၍ ဆွဲခေါ်လာသည်နှင့် တူနေ၏။

အဆင့်မြင့်ပညာရှင်တို့၏ တိုက်ပွဲမှာ ဤကဲ့သို့သာ ဖြစ်သည်။ အထူးသဖြင့် နှစ်ယောက်ကြား ကွာခြားချက်က များစွာကြီးမားခြင်း မရှိသောအခါ အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သည်နှင့် အခြေအနေ ပြောင်းပြန် ပြောင်းလဲသွားနိုင်၏။

ချင်မူက မြို့တော်အတွင်း လူမသတ်ဝံ့သော ပန်ကုန်းစုန်၏ စိတ်အခြေအနေကို အသုံးချ၍ အခြေအနေကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် ဆွဲလှန်ပစ်ခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်က ယခုထိ သိုင်းကွက် မထုတ်ရသေးသော်လည်း ဉာဏ်ရည်ချင်း ယှဉ်ပြိုင်တိုက်ခိုက်နေပြီ ဖြစ်၏။

အခြေအနေ ပြောင်းလဲသွားသော်လည်း ချင်မူ သတိလက်လွတ် မနေရဲချေ။ ပန်ကုန်းစုန်ပြောသကဲ့သို့ပင် သူက အရပ်ခြောက်မျက်နှာအဆင့် ကျင့်စဉ်စွမ်းအင်ကို အခြေခိုင်အောင် လုပ်ရန် အချိန်မရခဲ့သည် မဟုတ်လား။ ပန်ကုန်းစုန်နှင့် သူက တစ်ချိန်တည်းလိုလို အရပ်ခြောက်မျက်နှာအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသော်လည်း အခြေအနေက ကွာခြား၏။ ပန်ကုန်းစုန်က သက်တမ်းနှစ်ဆယ်အတွေ့အကြုံ ရှိပြီး အရပ်ခြောက်မျက်နှာအဆင့်သို့ အကြိမ်နှစ်ဆယ်တိတိ တက်လှမ်းဖူးပြီ ဖြစ်သည်။ တစ်ရက်တာ အချိန်မျှနှင့် ကျင့်စဉ်စွမ်းအင်ကို အခြေခိုင်အောင် လုပ်ပြီး ဤအဆင့်၏ စွမ်းအားအလုံးစုံ ထုတ်ယူအသုံးပြုနိုင်ပေလိမ့်မည်။

အခြားတစ်ဘက်တွင်တော့ ချင်မူမှာ ဤအဆင့်၏ စွမ်းအားနှင့် ရင်းနှီးကျွမ်းရန်၊ ထိန်းချုပ်အသုံးပြုနိုင်ရန် လေ့လာရ၊ လေ့ကျင့်ရဦးမည် ဖြစ်၏။

အဓိကအကျဆုံး အချက်မှာ သူ၏ အရပ်ခြောက်မျက်နှာအဆင့်ကို လေ့ကျင့်ရန်ပင် အချိန်မရခဲ့ခြင်း ဖြစ်သည်။

သူ့တွင် အရပ်ခြောက်မျက်နှာအဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့် စွမ်းအင်စီးဆင်းရာ လမ်းကြောင်းပြမြေပုံ ရှိထားပြီး ဖြစ်၏။ တစ်ခုက နန်းတွင်းကောလိပ်၏ ပထမခန်းမမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ခုနစ်စဉ်ကြယ်အဆင့် စွမ်းအင်စီးဆင်းရာ လမ်းကြောင်းပြမြေပုံကိုတော့ လိုလန်ရွှေနန်းတော်ရှိ ကျောက်ပြားတစ်ခုပေါ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ့အနေဖြင့် ပေါင်းစည်းကျင့်စဉ်ဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်နှင့် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ပေါင်းစည်းရန် လိုအပ်သေး၏။ ပန်ကုန်းစုန်က ထိုသို့ ပေါင်းစည်းလေ့ကျင့်ရန် သူ့ကို အချိန်ပေးလိမ့်မည် မဟုတ်ပေ။

ချင်မူ၏ စိတ်အလျဉ်က သူ၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲသို့ တိုးဝင်သွားသည်။ ထိုကောင်းကင်ရတနာထဲ၌ သူ၏ ဝိညာဉ်သန္ဓေသားကို မြင်ရ၏။ ဓာတ်ကြီးငါးပါးကြယ်တာရာများနှင့် ကြယ်တာရာအရှင်သခင်များက ကောင်းကင်ယံတွင် နေရာယူထားသည်။

ဝိညာဉ်သန္ဓေသားနေရာမှ ကြည့်လျှင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ လေးဘက်လေးတန်ကို မြင်ရ၏။

ဤသည်ကို ကြည့်လျှင် အရပ်ခြောက်မျက်နှာအဆင့်သို့ ရောက်ပြီးနောက် ဤကောင်းကင်ရတနာသုံးခုကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းရဦးမည်မှန်း ထင်ရှားပေသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က ကောင်းကင်ရတနာသုံးခုစလုံးကို ဖြတ်သန်းစီးဆင်း၍ တစ်ကိုယ်လုံးသို့ ဖြန့်ကျက်ရပေလိမ့်မည်။

အရပ်ခြောက်မျက်နှာကောင်းကင်ရတနာထဲတွင် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ လေးဘက်လေးတန်ရှိ၍ ချီစွမ်းအင်ကို သိပ်သည်းတိုးပွားလာစေသဖြင့် ကောင်းကင်နတ်သိုင်းများကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ဤသည်က အရည်အသွေးပိုင်းအရ ခုန်တက်သွားခြင်းဖြစ်သော်လည်း သူ့အနေဖြင့် ပေါင်းစည်းကျင့်စဉ်ဖြင့် ပြုပြင်ထားသော လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်၏ အရပ်ခြောက်မျက်နှာအဆင့် စွမ်းအင်စီးဆင်းရာလမ်းကြောင်း မရှိသေးသည့်အတွက် အားနည်းချက်ကြီးတစ်ခု ဖြစ်နေ၏။

နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်သား မြို့ပြင်သို့ ရောက်ရှိလာကြသည်။ ပန်ကုန်းစုန်၏ ခြေလှမ်းများက ပို၍ ယိမ်းထိုးလာ၏။ သို့သော်လည်း သူ့ကိုယ်ဟန်လှုပ်ရှားမှုနှင့် ကျင့်စဉ်အပြောင်းအလဲက ကုန်ခန်းခြင်း မရှိဘဲ ဟာကွက်မရှိ ပြီးပြည့်စုံသည့် အနေအထားကို ဆက်လက် ထိန်းသိမ်းထားနိုင်သေးသည်။

ချင်မူ သူ့ကို မလေးစားဘဲ မနေနိုင် ဖြစ်သွား၏။ သူတို့ မြို့လယ်ခေါင်မှ မြို့ပြင်ဆင်ခြေဖုံး ရောက်သည်အထိ လျှောက်လှမ်းလာသည့် လမ်းတလျှောက် ပန်ကုန်းစုန် အသုံးပြုခဲ့သော ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်သက်သက်ပင် ဒါဇင်ချီ၏။ ထိုခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်တစ်ခုချင်းစီမှာလည်း အလွန်တရာ နက်နဲဆန်းကြယ်၍ ပန်ကုန်းစုန်က ၎င်းတို့ကို အထွတ်အထိပ်အဆင့်ထိ လေ့ကျင့်ပြီးထားပြီ ဖြစ်သည်။

သူ နဂါးအသွင် အသုံးပြု၍ ရွေလျားသည့်အခါတွင် တကယ့်နဂါးအစစ်တစ်ကောင် မြေပြင်တွင် ရွေ့လျားနေသကဲ့သို့ ထင်ရ၏။ ကျားတစ်ကောင်ကဲ့သို့ ရွေ့လျားသည့်အခါတွင်လည်း သူ့ကို တကယ့်ကျားရဲတစ်ကောင်ကဲ့သို့ မြင်ယောင်လာရသည်။ ဖုန့်ဟွမ်ငှက် ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို ထုတ်သုံးသည့်အခါတွင်တော့ သူ့ကို ခပ်နိမ့်နိမ့် ပျံသန်းနေသော ဖုန့်ဟွမ်ငှက်တစ်ကောင်အဖြစ် ထင်လာရ၏။ ငါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသည့်အခါတွင်လည်း သူ့အသွင်က ရေဆန်၍ ကူးခတ်နေသော ငါးတစ်ကောင်အလား ထင်မှတ်မှားရသည်။

လူတစ်ယောက်က ဤမျှ များပြားသော ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်များကို အထွတ်အထိပ်အဆင့်ထိ အောင်မြင်အောင် လေ့ကျင့်ထားနိုင်သည် ဆိုခြင်းမှာ ယုံရခက်လှ၏။

သူတို့နှစ်ယောက်သား ဝေးသည်ထက်ဝေးအောင် လျှောက်လှမ်းရင်း သတ်ဖြတ်လိုသော စိတ်ဆန္ဒများက ပို၍ ပို၍ သိပ်သည်းထူထပ်လာသည်။ ချင်မူ၏ ထောင်ထျယ်အိတ်ထဲမှ အိမ်ရှေ့စံကိုယ်ရံတော်ဓားနှင့်တူ ဓားစက်လုံးတစ်လုံး ပျံဝဲထွက်ပေါ်လာပြီး သူ့ခါးတွင် ချိတ်ဆွဲ နေရာယူလိုက်၏။

သူ့နောက်ကျောမှ ဝက်ခုတ်ဓားမများက တစ်လက်ပြီးတစ်လက် ပြုတ်ကျ၍ မြေပြင်၌ ထိုးစိုက်နစ်ဝင်သွားသည်။ ဓားမများက တစ်လက်နှင့်တစ်လက် ကိုက်သုံးဆယ်ကျော် ဝေးကွာပြီး မြေပေါ်၌ လက်ကိုင်ရိုးသာ ပေါ်တော့၏။ သူ၏ ဝါးတောင်ဝှေးက မြေပြင်ပေါ် ထိုးစိုက်၍ သံတူကြီးလည်း ပြုတ်ကျကျန်ရစ်သည်။ သူ့အင်္ကျီလက်အိုးအတွင်းမှ စုတ်တံ၊ မင်အိုး၊ စက္ကူ၊ မင်တုံးများလည်း လျှောကျလာပြီး လျှောက်လှမ်းရာ လမ်းတစ်လျှောက်တွင် ပြန့်ကြဲကျန်ရစ်၏။

သူ့ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားပြီး ရင်ဘတ်နှင့် ကျောဘက်မှ သံတုန်းကြီးများ တဘုန်းဘုန်း ပြုတ်ကျသွားသည်။ ခြေထောက်မှ သံဖိနပ်များ ရုတ်တရက် ပေါက်ကွဲ၍ ခြေသလုံး၌ ပတ်ထားသည့် အလေးတုံးများလည်း ပြုတ်ကျကျန်ရစ်၏။

သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး အရိုးများ ဂျိုးဂျိုးဂျွတ်ဂျွတ် မြည်လာသည်။ သူ၏ အရှိန်အဝါအငွေ့အသက်က ဒီရေလှိုင်းလုံးများကဲ့သို့ ထပ်မံ၍ မြင့်တက်လာပြန်၏။

ပန်ကုန်းစုန်က သူ၏ စည်းချက်နောက်မှ ဆက်လက်လိုက်ပါလာဆဲ ရှိသည်။ ချင်မူ အရှိန်အဝါအငွေ့အသက်ကို မြှင့်တင်လိုက်ခြင်းကြောင့် သူ့အပေါ် ဖိအားပိုမိုကြီးမားလာသော်လည်း ဟာကွက်တစ်ခုမျှ မပေါ်အောင် တောင့်ခံနိုင်ဆဲ ရှိ၏။

ခပ်လှမ်းလှမ်းရှိ မြက်ခင်းပြင်မှ မြက်ပင်များက လွန်စွာသိပ်သည်းထူထပ်နေပြီး များစွာသော မောင်မယ်စုံတွဲများက စိမ်းစိုသော ရှုခင်းအလှကို ခံစားနေကြသည်။ အချို့သော ကလေးငယ်များက မြက်ခင်းပြင်အတွင်း ပျော်ရွှင်စွာ ပြေးလွှား၍ လေတံခွန်လွှတ်နေကြ၏။ ယောက်ျားပျိုအချို့က သူတို့၏ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို ဟန်ရေးပြ၍ ကောင်းကင်ယံသို့ ခုန်တက်ကာ လေတံခွန်များအပေါ် နင်းတက်ပြေးလွှားပြပြီး မိန်းမပျိုလေးများက တအံ့တဩ ချီးကျူးအားပေးနေကြသည်။

ထူးဆန်းသော လူငယ်လေးနှစ်ယောက် သူတို့နား ရောက်အလာတွင် အော်ဟစ်ဆူညံသံများ တဖြည်းဖြည်း တိုးလျသွား၏။

တောအုပ်အတွင်းရှိ ငှက်တစ်အုပ်က တောင်ပံတဖျပ်ဖျပ် ခတ်၍ ပျံတက်သွားပြီး သူတို့လာရာလမ်းမှ ရှောင်ရှားလိုက်သည်။ ဤလူငယ်လေးနှစ်ယောက်၏ သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များကြောင့် ထိတ်လန့်ကြောက်ရွံ့သွားခြင်း ဖြစ်၏။

ချင်မူနှင့် ပန်ကုန်းစုန်တို့ ထူမြစ်ကမ်းဘေးသို့ အရောက်တွင် မရေမတွက်နိုင်သော ငါးကြီးများ ရေထဲမှ ခုန်ထွက်၍ မြစ်လယ်သို့ ကူးခတ်ပြေးလွှားကြသဖြင့် မြစ်ပြင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။

ဤငါးများနှင့် ငှက်များ ပြေးလွှားသွားသည့် အခိုက်အတန့်တွင်ပင် ကလေးငယ်တစ်ယောက် သူ့မျက်လုံးများကို မှိတ်ချ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထိုအော်သံများကြား၌ မြစ်ကမ်းနဖူးပေါ်ရှိ ချင်မူနှင့် ပန်ကုန်းစုန်တို့ တစ်ပြိုင်နက်လိုလို စတင်လှုပ်ရှားလိုက်ကြသည်။

All Chapters