← Chapters

အရက်နွှေးထား

Vol. 20 Ch. 278

အရက်နွှေးထား

Vol. 20 Ch. 278

ချင်မူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဗုဒ္ဓကျမ်းစာမှ သင်္ကေတအမျိုးမျိုး ပေါ်ထွက်လာပြီး ခေါင်းလောင်းကြီးတစ်လုံးသဖွယ် လည်ပတ်၍ ဖုံးအုပ်ခြုံလွှမ်းသွားသည်။ တထာဂတ၏ မဟာယာနသုတ္တန်မှ ကောင်းကင်ဘုံငါးဆင့်က ပုံသဏ္ဌာန်ဖွဲ့တည်လာပြီး သူ့ကိုယ်တစ်ဝိုက်တွင် ဗုဒ္ဓသံများ ခြံရံနေ၏။

တစ်ချိန်တည်းတွင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သဖြင့် ရွှေမြို့တော်ကို ဝန်းရံထားသည့် နဂါးကိုးကောင်သိုက်မှ နဂါးချီများက သူ့ထံလူးလွန့်တိုးဝင်လာပြီး သူ၏ အရှိန်အဝါအငွေ့သက်များ ထပ်မံ ထိုးတက်သွားသည်။

နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်က နန်းတွင်းမိသားစု၏ ထိပ်တန်းကျင့်စဉ် ဖြစ်ပြီး ဧကရာဇ်ယန်ဖုန်းကိုယ်တိုင် သူ့ကို သင်ပေးခဲ့ခြင်း ဖြစ်၏။ ချင်မူ၏ ကျင့်စဉ်လှည့်ပတ်မှုအောက်တွင် နဂါးကိုးကောင်သိုက်မှ စီးမျောထွက်ပေါ်လာသော နဂါးချီများက ရုပ်သွင်ဖွဲ့တည်၍ မြစ်ရေအတွင်းသို့ပင် တိုးဝင်သွားသည်။

သူက လက်ဦးမှုရယူ၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။ ဤအခြေအနေ၌ ပန်ကုန်းစုန် ဟာကွက်ပေါ်သည်ဖြစ်စေ၊ မပေါ်သည်ဖြစ်စေ ချင်မူ၏ သူမတူအောင် သိပ်သည်းလှသော ချီစွမ်းအင်အင်အောက်တွင် စိစိညက်ညက် ကြေမွသွားပေတော့မည်။

ပန်ကုန်းစုန်နှင့် ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ သိုင်းကွက်ချင်း မယှဉ်ဘဲ ကျင့်စဉ်စွမ်းအင်ဖြင့် ဖိနှိပ်တိုက်ခိုက်ရန်သာ ဖြစ်သည်။

ဘုန်း…။

မြစ်ရေက ဘုန်းခနဲ ပေါက်ကွဲ၍ ကောင်းကင်ယံသို့ လွင့်စင်တက်ကာ ကိုက်သုံးဆယ်ကျော် မြင့်မားသော ဗုဒ္ဓဆင်းတုကြီးတစ်ဆူအဖြစ် ဖွဲ့စည်းသွား၏။ ဤဗုဒ္ဓဆင်းတုကြီး၏ ခန္ဓာကိုယ်၌ ရေနဂါးများ ရစ်ခွေနေပြီး တောင်ကြီးငါးလုံးကဲ့သို့သော လက်ချောင်းများငါးချောင်းဖြင့် ပန်ကုန်းစုန်ကို ရိုက်ချလိုက်သည်။

နဂါးကိုးကောင်က စူးစူးရဲရဲ တွန်ကျူးအော်ဟစ်လိုက်ပြီး နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နှင့် မိုးကြိုးရှစ်ချက်လက်သီးသိုင်းမှ နဂါးကိုးကောင်းမုန်တိုင်းသိုင်းကွက်တို့ ပေါင်းစည်းသွား၏။ ဤလက်ဝါးရိုက်ချက်က ဗုဒ္ဓလမ်းစဉ် ကောင်းကင်နတ်သိုင်းမှ အားအင်ကြီးမားမှုနှင့် နန်းတွင်းမိသားစု၏ ပြိုင်ဘက်ကင်းမှုတို့ ရောနှောပါဝင်နေသည်။

နဂါးကိုးကောင်က သူတို့၏ ပစ်မှတ်ထံ ခုန်ဝင်သွား၏။

ဘုန်း… ဘုန်း… ဘုန်း…။

ရေစီးကြောင်းများ၏ အရှိန်က အသံထက် ပိုမြန်လာပြီး သူတို့ မဖျက်ဆီးနိုင်သောအရာ မရှိတော့သကဲ့သို့ တဝုန်းဝုန်း ပေါက်ကွဲသွားသည်။

ကောင်းကင်နတ်သိုင်းဆိုသည်မှာ အဘယ်နည်း။

ဤသည်မှာ ကောင်းကင်နတ်သိုင်းပင် ဖြစ်တော့၏။

ချင်မူ၏ အားသာချက်မှာ သူ၏ ချီစွမ်းအင် ဖြစ်ပြီး ရွယ်တူအဆင့်တူများထက် အဆပေါင်းများစွာ သာလွန်သည်။ ရွာလူကြီးကဲ့သို့ သရဲသဘက်အိုကြီးများပင် အဆင့်တူတွင် သူ့အောက်များစွာ နိမ့်ကျ၏။

ဤသို့သော ကျင့်စဉ်စွမ်းအင်မျိုးက ပန်ကုန်းစုန် လိုက်မီနိုင်သော အရာမျိုး မဟုတ်ပေ။ သို့အတွက်ကြောင့် ချင်မူက သူ၏ အားသာချက်ကို အသုံးပြု၍ ပန်ကုန်းစုန် နှစ်တစ်သောင်းကျော် ကျင့်ကြံအားထုတ်ခဲ့သည်များ အလကားဖြစ်သွားအောင် ဖိနှိပ်တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ချင်မူ့တိုက်ကွက် အရှိန်ပြင်းပြင်း ပေါက်ကွဲလုဆဲဆဲတွင် ပန်ကုန်းစုန်၏ တုံ့ပြန်တိုက်ခိုက်မှုလည်း ရောက်ရှိလာသည်။ သူအသုံးပြုလိုက်သည်က လက်မအရွယ်ခန့်ရှိသော ဓားစက်လုံးတစ်လုံး ဖြစ်ပြီး လင်းလက်တောက်ပသော ဓားရောင်များ ပေါက်ကွဲထွက်ပေါ်လာ၏။

တာအိုဓားဆယ့်လေးခန်းမှ ဒုတိယဓားကွက်၊ စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါး ပေါင်းစည်း၍ အထက်ဘုံသို့ တက်လှမ်းစဉ် တိမ်ပျံလှည်းများ ဖြတ်သန်းသွားသည်…။

ပန်ကုန်းစုန်က တာအိုဂိုဏ်း၏ အထွတ်အထိပ်ပညာရပ်ကို တန်းသုံးပြီး ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ဖြင့် တာအိုဓားသိုင်းမှ ဒုတိယဓားကွက်ကို ဖော်ထုတ်လိုက်သည်။ ဓားရောင်များ၌ စွမ်းအင်ငါးရပ်ဖြစ်သော သစ်သား၊ မီး၊ မြေ၊ ရွှေ၊ ရေ ဓာတ်ငါးပါးနှင့် ကောင်းကင်၊ မြေကြီး၊ ရေဟူသည့် ဒြပ်စင်သုံးပါး ပါဝင်၏။ ကောင်းကင်ဒြပ်စင်က နေနှင့်ထပ်တူကျပြီး လွန်ကဲယန်ဟု ခေါ်ဆိုကြသည်။ ရေဒြပ်စင်ကတော့ လနှင့်ထပ်တူကျပြီး လွန်ကဲယင်ဟု ခေါ်ဆိုကြ၏။ မြေကြီးဒြပ်စင်မှာတော့ မျှခြေအနေအထားသာ ဖြစ်သည်။

ဤဓားသိုင်းကို ထုတ်ဖော်လိုက်သည့်အခါ ဓားရောင်များက တာအိုဂိုဏ်း၏ စံပြုလောကတစ်ရပ်ကို ဖန်တီးလိုက်၏။ ဓားရိပ်နေ၊ ဓားရိပ်လ၊ ဓားရိပ်ကမ္ဘာကို စွမ်းအင်ငါးရပ်က အားဖြည့်ထောက်ပံ့ပေးနေသည်။

တာအိုဂိုဏ်း၏ ဓားသိုင်းက အလွန်တရာမြင့်မားသော သင်္ချာစွမ်းရည် လိုအပ်ပြီး သင်္ချာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားခြင်း ဖြစ်၏။ သူတို့က မိုးအောက်မြေပြင်တစ်ခွင်ရှိ မဟာတာအိုအားလုံး၏ အဖြေကို သင်္ချာဖြင့် တွက်ထုတ်နိုင်မည်ဟု ယုံကြည်ကြသည်။

ဤသည်က တာအိုမှ မူလ၊ မူလမှ ယင်ယန်နှစ်ဖြာ၊ ယင်ယန်နှစ်ဖြာမှ စွမ်းအင်သုံးသွယ်၊ စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဟူသော သူတို့၏လမ်းစဉ်ပင် ဖြစ်၏။ သူတို့၏ မျက်လုံးထဲတွင် တစ်လောကလုံးရှိ အရာအားလုံးမှာ ကိန်းဂဏန်းများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သက်ရှိသတ္တဝါများဖြစ်စေ အသက်မရှိသည့် အရာဝတ္တုများဖြစ်စေ ထိုနည်းတူသာ ဖြစ်သည်။ အရာအားလုံးက အဆုံးသတ်တွင် အံ့ဩဖွယ်ရာ ကိန်းဂဏန်းများသာ ဖြစ်နေသည် ဟူ၏။

သို့အတွက်ကြောင့် တာအိုဂိုဏ်းက မိုးအောက်မြေပြင်တစ်ခွင်ရှိ အရာအားလုံးနှင့် မဟာတာအိုကို တွက်ထုတ်ရန် စက်ဝိုင်းပုံဝူကျိ၊ ယင်နှင့်ယန်နှစ်ခြမ်းခွဲသည့် ထိုက်ကျိ၊ သင်္ကေတလေးပါး၊ တြိသင်္ကေတရှစ်မျိုး(ပါ့ကွ)၊ ဆဋ္ဌသင်္ကေတခြောက်ဆယ့်လေးသွယ်တို့ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ဤသဘောတရားများကို ဓားသိုင်းအဖြစ် ပြောင်းလဲပြီး ဓားချက်လှုပ်ရှားမှုအမျိုးမျိုး အဆက်မပြတ် တွက်ချက်ပုံဖော်လိုက်သောခါ မိုးအောက်မြေပြင်တစ်ခွင်လုံး ရုပ်လုံးပေါ်သက်ဝင်လှုပ်ရှား၍ မဟာတာအို၏ ကြီးမြတ်သည့်စွမ်းအားကို ပိုင်ဆိုင်လာ၏။

တာအိုဂိုဏ်း၏ တာအိုဓားဆယ့်လေးခန်းရှိ ဓားကွက်တစ်ကွက်ချင်းတွင် စံပြုလောကတစ်ရပ်စီ ပါဝင်သည်။ ထိုစံပြုလောကများက အက္ခရာသင်္ချာဖြင့် လှလှပပပုံဖော်ထားသည့် မိုးအောက်မြေပြင်တစ်ခွင်၏ ရင်သပ်ရှုမောဖွယ်ရာ သဘောတရားများပင် ဖြစ်၏။

ဤသည်မှာ တာအိုဂိုဏ်းနှင့် ဗုဒ္ဓဂိုဏ်း၏ အကြီးမားဆုံး ကွဲပြားခြားနားချက်ပင် ဖြစ်သည်။ တာအိုဂိုဏ်းက အတွက်အချက်လမ်းစဉ် ဖြစ်ပြီး ဗုဒ္ဓဂိုဏ်းက စိတ်အဓိကလမ်းစဉ် ဖြစ်၏။

တာအိုဂိုဏ်းသားများ အချင်းချင်း ဟာသလုပ် ပြောကြသော စကားတစ်ခွန်း ရှိသည်။ ထိုစကားမှာ “မင့်သင်္ချာစွမ်းရည် မကောင်းဘူးလား၊ အဲဒါဆို ဘာကိစ္စ ကျင့်ကြံအားထုတ်နေသေးတာလဲ၊ သွား… အိမ်ပြန် ကလေးမွေးချေ…” ဟူ၏။

လူနှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများ ထိပ်တိုက်တွေ့သွားသည်။ တစ်ဘက်က ဓားကောင်းကင်နတ်သိုင်း ဖြစ်၍ အခြားတစ်ဘက်က ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းနှင့် မှော်ပညာကောင်းကင်နတ်သိုင်း ဖြစ်၏။ နှစ်ဖက်ထိပ်တိုက်တွေ့သွားသည့် မြင်ကွင်းက လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှသည်။ မြစ်ပြင်တစ်ခုလုံး တုန်ခါ၍ မြေရေများ ကောင်းကင်ယံသို့ မြောက်တက်သွား၏။ ထိုမျှမက ဘေးနားရှိ မြေပြင်မှာလည်း မသိမသာ တုန်ခါသွားသည်။

အရှိန်ပြင်းပြင်း လွင့်စင်ထွက်သွားသော ရေစက်ရေပေါက်များက မြစ်ကမ်းဘေးရှိ မိုးမခပင်များ၏ ပင်စည်ကို ထွင်းဖောက်၍ ဓားချီများက ကျောက်ဆောင်ကျောက်သားများကို ထိုးစိုက်သွားသဖြင့် မြစ်ကမ်းစပ်တစ်လျှောက်လုံး အပေါက်များဖြင့် ပြည့်နှက်သွား၏။

ချင်မူ့ထံမှ ကမ္ဘာမြေတုန်ဟည်းလောက်သည့် ရိုက်ချက်မှာ ပန်ကုန်းစုန်၏ ဓားရိပ်များဖြင့် ဖွဲ့စည်းထားသော တာအိုဂိုဏ်း၏ စံပြုလောကကြီးနှင့် ထိပ်တိုက်တွေ့သွားပြီး အရှိန်အဟုန်ကြီးမားသည့် အားလှိုင်းများကို အသေးစိတ် တွက်ချက်မှုများနှင့် ပြည့်နှက်နေသည့် ဓားရိပ်များက လွှမ်းမိုးချေဖျက်ပစ်သည်။

ပန်ကုန်းစုန်၏ ဓားကွက်၌ အက္ခရာသင်္ချာကဲ့သို့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အရာသည်ပင် အလွန်တရာ စိတ်ဝင်စားဖွယ်၊ စွဲမက်ဖွယ် ကောင်းနေတော့၏။

ရေနဂါးကိုးကောင်နှင့် ဗုဒ္ဓဆင်းတုတော်ကြီးမှာ တာအိုဓားသိုင်းမှ ဒုတိယဓားကွက်ကို တစ်ချက်ပင်မခံနိုင်ဘဲ စွဲမက်ဖွယ်ကောင်းလှသော ဓားရောင်များကြား၌ လျင်မြန်စွာ ပြိုကျပျက်စီးသွားသည်။

မရေမတွက်နိုင်သော ဓားရိပ်များက တစ်ရှိန်ထိုး ပြေးဝင်လာပြီး ချင်မူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဗုဒ္ဓအလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ခေါင်းလောင်းကြီးကို ထိုးစိုက်သွား၏။ ခေါင်းလောင်းကြီး၏ မျက်နှာပြင်တွင် လှိုင်းထလှုပ်ခတ်သွားပြီး နောက်တစ်ခဏ၌ ပျက်စီးပြိုကွဲသွားတော့သည်။

ချင်မူက အမူအရာ အနည်းငယ်မျှပင် ပျက်ယွင်းခြင်း မရှိဘဲ သူ့လက်ထဲသို့ ပျံဝဲရောက်ရှိလာသော ဓားစက်လုံးထံ ချီစွမ်းအင်များ ပို့လွှတ်လိုက်၏။ တစ်မုဟုတ်ချင်းပင် ဓားရောင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ချင်မူက ‘တောင်တန်းနှင့်မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသောဓား’ကို အသုံးပြုဘဲ ဓားပန်းချီ၏ ဒုတိယဓားကွက်ကို တစ်ခါတည်း တန်းအသုံးပြုလိုက်၏။

ဝူး…။

ထူမြစ်ကမ်းတစ်ဘက်လုံး အနီရောင်လွှမ်း၍ သွေးနီရောင်ဓားရိပ်များက ပင်လယ်ကြီးလှိုင်းလုံးများကဲ့သို့ တရိပ်ရိပ်ပြေးထွက်သွားသည်။ ထိုဓားရိပ်များကြား၌ ဧကရာဇ်နတ်ဘုရားတစ်ပါး ထရပ်လာပြီး ရန်သူများကို သူ့ဓားဖြင့် ထိုးညွှန်၍ အရာအားလုံးကို ထီမထင်စွာ ကြည့်ရှုနေသကဲ့သို့ ရှိ၏။

ခိုင်ဧကရာဇ်ဓားမှာ သွေးပင်လယ်ဖြာသည်…။

တာအိုဓားနှင့် ဓားပန်းချီ ထိပ်တိုက်တွေ့သွားပြီး ပန်ကုန်းစုန် အင့်ခနဲ ညည်းညူလိုက်မိ၏။ စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါးက တစ်မုဟုတ်ချင်း ပြိုကွဲသွားပြီး တုဖက်ယှဉ်ပြိုင်ခြင်းငှာ မစွမ်းသာလောက်သည့် ဓားအလင်းတန်းများ၏ သတ်ဖြတ်လိုသော အရှိန်အဝါအငွေ့အသက်များက သူ့မျက်နှာသို့ လာရောက်ရိုက်ခတ်သည်။

ပန်ကုန်းစုန်က ထူးဆန်းသော ခန္ဓာကိုယ်လှုပ်ရှားမှုကျင့်စဉ်တစ်ခုကို အသုံးပြု၍ နဂါးတစ်ကောင်ကဲ့သို့ မိုးပေါ်ခုန်တက် ပျံထွက်သွား၏။ ထို့နောက် ရေအလျဉ်တွင် ကူးခတ်နေသော ငါးတကောင်ကဲ့သို့၊ လေအဟုန်ဆန်၍ ပျံသန်းနေသော စာကလေးကဲ့သို့၊ ဖုန့်ဟွမ်ငှက်ကဲ့သို့ အဆက်မပြတ် ကိုယ်ဟန်ပြောင်းလဲ ရှောင်ရှားလိုက်သည်။ သို့သော်လည်း ဓားရိပ်အားလုံးကိုတော့ ရှောင်ရှားနိုင်ခြင်း မရှိလိုက်ချေ။

ရွှပ်… ရွှပ်… ရွှပ်…။

သူ့ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတန်းများ ဖြာထွက်၍ မြစ်ပြင်ထက်သို့ ပြုတ်ပြီး ရေစက်ရေပေါက်များ အရပ်မျက်နှာအနှံ့ ကြဲလွင့်ပွင့်ထွက်သွားသည်။

ဟူး…။

ချင်မူက လေထဲသို့ ခုန်တက်လာပြီး သူ့လက်ထဲမှ ဓားရောင်များ ပျောက်ကွယ်သွား၏။ ဓားစက်လုံးက ဓားမကြီးတစ်လက်အဖြစ် ပြောင်းလဲ၍ မြစ်ရေမျက်နှာပြင်ကို နှစ်ခြမ်းခွဲပစ်သည်။

ပန်ကုန်းစုန်က ဓားစက်လုံးကို လွှဲယမ်း၍ ခုခံလိုက်သော်လည်း သူ့နားထဲတွင် တဘုန်းဘုန်းအသံများသာ မြည်ဟည်းသွား၏။ သူ့ခန္ဓာကိုယ်က ရေပြင်ပေါ် လျှပ်တိုက်ပစ်လွှတ်လိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ တစ်လိမ့်ပြီးတစ်လိမ့် လွင့်ထွက်သွားပြီးမှ အရှိန်ထိန်းလိုက်နိုင်သည်။

အခြားတစ်ဘက်တွင်တော့ ချင်မူက မြစ်ရေမျက်နှာပြင်ပေါ်နင်း၍ တစ်ရှိန်ထိုး ပြေးဝင်လာပြီး ရေပြင်ပေါ် သူ့ခြေထောက် ကျသွားတိုင်း တဝုန်းဝုန်း ပေါက်ကွဲကာ ရေပန်းရေမွှားများ တဖွားဖွား လွင့်ပျံကုန်၏။ ထိုရေပန်းရေမွှားများ အောက်ပြန်မကျသေးဘဲ လေထဲတွင် ရှိနေဆဲမှာပင် ချင်မူက ရှေ့သို့ ကိုက်ပေါင်းရာချီ ရောက်ရှိသွားပြီ ဖြစ်သည်။ ဓားမကြီးတစ်လက်အဖြစ် အသွင်ပြောင်းလဲထားသည့် ဓားစက်လုံးက ချင်မူ့လက်ထဲသို့ ပြန်လည် ရောက်ရှိလာပြီး သူ့လက်သီးပတ်ပတ်လည်တွင် စီးဆင်းနေသော ရေအလျဉ်ကဲ့သို့ လွှမ်းခြုံဖုံးအုပ်ကာ ရှေ့သို့ အားကုန် ထိုးချလိုက်၏။ မြစ်ရေမျက်နှာပြင်တစ်ခွင်လုံး တုန်ခါ၍ အစိမ်းရောင်တောက်နေသော ရေနဂါးများ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်မြည်ကြွေးလျက် ကိုက်ပေါင်းဒါဇင်ချီအကွာရှိ ပန်ကုန်းဟုန်အပေါ် အုပ်မိုးလွှမ်းခြုံသွား၏။

မြစ်ရေပြင်က တစ်ခဏအတွင်း လှုပ်ရှားသက်ဝင်လာသည်။ လက်သီးချက်မှ နဂါးလေးဆယ့်ငါးကောင် ပျံသန်းထွက်ပေါ်၍ မြစ်ရေနှင့် ပေါင်းစည်းကာ ပန်ကုန်းဟုန်ထံ တစ်ဟုန်ထိုး တိုးဝင်သွားပြီး တဘုန်းဘုန်း အသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

ချင်မူက လေထဲသို့ ခုန်တက်၍ လက်ချောင်းများကို ဖြန့်ကားလိုက်သည်။ ထို့နောက် မိုးပေါ်သို့ လက်ဖဝါးဖြန့်၍ အောက်ဘက်သို့ ဆွဲချလိုက်သောအခါ မြစ်ရေမျက်နှာပြင်ထက်တွင် လျှပ်စီးတန်းများ ပေါ်ထွက်လာ၏။ ထိုလျှပ်စီးတန်းများက တစ်စုတစ်စည်းတည်း စုဝေး၍ နဂါးလေးဆယ့်ငါးကောင်၏ အလယ်ဗဟိုတည့်တည့်သို့ တဝုန်းဝုန်း ကျရောက်သွားတော့သည်။

ချင်မူ ရေပြင်ထက်သို့ ပြန်ဆင်းသက်လာသောအခါ သူ့လက်ထဲရှိ ဓားစက်လုံးက မရေမတွက်နိုင်သော ဓားရောင်များအဖြစ် ပြောင်းလဲသွား၏။ တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်လျှောက်သွားသောဓား…။

ဓားရိပ်များက အပြောကျယ်လှသည့် တောင်တန်းနှင့် မြစ်ပြင်များအဖြစ် အသွင်ပြောင်းလဲပြီး ကောင်းကင်ယံမှ ကျဆင်းလာသည်။ ထိုတောင်တန်းနှင့် မြစ်ပြင်များ ရေပြင်နှင့် ဝင်တိုက်သောအခါ ကိုက်ပေါင်းတစ်ဒါဇင်ပတ်လည်ခန့်ရှိသော မြစ်ရေပြင် ကွဲထွက်၍ ရေစက်ရေပေါက်များအဖြစ် လွင့်ပျံတက်လာ၏။ ထိုရေစက်ရေပေါက်များက မြစ်ပြင်အတွင်းမှ တောင်တန်းများအဖြစ် ဖွဲ့စည်းသွားသည်။

ရေအောက်ထဲမှ သွေးများဖြာတက်လာပြီး လူရိပ်တစ်ရိပ်က မြစ်ကြမ်းပြင်ဆီသို့ ဦးတည်ကူးခတ် ထွက်ပြေးသွား၏။

ချင်မူ သူ့လက်ကို မြှောက်လိုက်သောအခါ ခါးတွင်ချိတ်ဆွဲထားသည့် အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဝှမ်ခနဲ ပျံဝဲထွက်သွားသည်။ သူ့လက်ညှိုး တစ်ချက်အလှည့်တွင် အိမ်ရှေ့စံကိုယ်ရံတော်ဓားက တဝှီးဝှီးလည်ပတ်လာ၏။ ၎င်း၏ ပတ်ပတ်လည်တွင် ဓားချီများ ဝန်းရံလျက် လွန်သွားဓားချက်အသွင် ကူးပြောင်းပြီး ရေပြင်ကို ထိုးခွဲ၍ မြစ်ကြမ်းပြင်အောက်ထဲရှိ သွေးတန်းများနောက် လိုက်ပါသွားတော့သည်။

ချင်မူ၏ အင်္ကျီအနားစများ တဖျပ်ဖျပ်လွင့်၍ ကောင်းကင်ယံမှ ဆင်းသက်လာပြီး လှိုင်းထလှုပ်ခတ်နေသည့် မြစ်ရေမျက်နှာပြင်ပေါ်သို့ ခြေချလိုက်၏။ သူ့နောက်ဘက်တွင်တော့ ရေလှိုင်းများ အချင်းချင်း ရိုက်ခတ်သည့် တဝုန်းဝုန်းအသံများ ထွက်ပေါ်လာသည်။ ထိုရေလှိုင်းများက သူပြေးလာစဉ် လေပေါ်သို့ မြောက်တက်သွားသော မြစ်ရေများ ဖြစ်ပြီး ယခုမှ မြစ်ပြင်ထဲပြန်ကျ၍ ကျောက်စိမ်းလုံးများကဲ့သို့ တဖွဲဖွဲ လွင့်ပါးပျောက်ကွယ်သွား၏။

မြစ်ရေမျက်နှာပြင်ပေါ်သို့ ချင်မူ၏ ခြေထောက်များ ချလိုက်သည်နှင့် ရေပြင်က ထွင်းဖောက်မြင်ရသော ရေနဂါးများကဲ့သို့ ဝဲလည်လှည့်၍ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်၌ လွှမ်းခြုံဝန်းရံလာ၏။

ရွှမ်း…။

အိမ်ရှေ့စံကိုယ်ရံတော်ဓားက မြစ်ထဲမှ ပျံဝဲထွက်ပေါ်လာပြီး လေထဲတွင် တဝှီးဝှီး ဆက်လက်လည်ပတ်နေသေးသည်။ သို့သော်လည်း တဖြည်းဖြည်း နှေးကျလာပြီး ချင်မူ့ရှေ့သို့ရောက်သောအခါ လည်ပတ်ခြင်း မရှိတော့ဘဲ ရပ်တန့်သွား၏။

ချင်မူ့ခါးမှ ဓားအိမ်က ပျံထွက်လာပြီး ငါးနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲ၍ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ပါးစပ်ဖြဲဟဝါးမျိုကာ ဓားအိမ်တစ်လက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ချင်မူ၏ အမူအရာက ယခင်အတိုင်း တည်တည်ငြိမ်ငြိမ် ရှိပြီး အသံမပြုဘဲ ရပ်နေ၏။ ဓားစက်လုံးက သူ့လက်ထဲမှ ပျံထွက်၍ ရှေ့တည့်တည့် လေထုထဲတွင် ရေစက်ရေပေါက်တစ်ခုကဲ့သို့ ရပ်တန့်နေသည်။

ပတ်ဝန်းကျင်တစ်ခွင်တွင်တော့ မိုးပြောင်းပြန် ရွာသကဲ့သို့ ရေငွေ့များ ကောင်းကင်ယံသို့ တဖြည်းဖြည်း မြင့်တက်လာ၏။ မြစ်ရေက ရေခိုးရေငွေ့များအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယံတွင် စုဝေးပြီး ကိုက်ပေါင်းဒါဇင်ချီ ကျယ်ဝန်းသော တိမ်တိုက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

တိမ်တိုက်ထဲမှ လျှပ်စီးတန်းများ ပြိုးပြက်၍ မိုးခြိမ်းသံများ တဂျိမ်းဂျိမ်း ထွက်ပေါ်လာ၏။ တစ်ချက်တစ်ချက် လက်သွားသည့် လျှပ်စီးအလင်းရောင်အောက်တွင် အကြေးခွံများ၊ ခြေသည်းချွန်များ ဖျတ်ခနဲ မြင်တွေ့ရသည်။

“ပန်ကုန်းစုန်၊ ခင်ဗျားက ကျုပ်ကို စိတ်ပျက်စေခဲ့တာပဲ…” ချင်မူ၏ တည်ငြိမ်အေးဆေးသော အသံက မြစ်ပြင်တစ်လျှောက် လွင့်ပျံသွား၏။ “သက်တမ်းဆယ့်ကိုးခု ကျင့်ကြံလာသမျှက ဒါအကုန်ပဲလား… မျက်နှာတောင် မပြရဲတော့တဲ့ဘဝ ရောက်နေပြီပေါ့… ကျုပ် ဒီမှာ ခင်ဗျားကို သတ်ဖို့ စောင့်နေတယ်၊ အဲဒါပြီးမှ အစားပြန်စားရမှာ၊ ဟင်းပွဲတွေ အေးကုန်တော့မယ်…”

မြစ်ပြင်ထက်တွင် မည်သည့်လှုပ်ရှားမှုမျှ ရှိမလာချေ။

ချင်မူက မျက်မှောင်ကြုတ်၍ နောက်ပြန်လှည့်ပြီး မြစ်ကမ်းဘက်သို့ ပြန်လျှောက်လာခဲ့သည်။

လာရာလမ်းအတိုင်း ပြန်လျှောက်လာသောအခါ အံ့အားသင့်သော အကြည့်များဖြင့် ဝိုင်းကြည့်သည်ကို ခံလိုက်ရ၏။ အားလုံးက သူ့နောက်ကျောမှ အကြည့်မလွှဲနိုင်အောင် ရှိနေကြသည်။

ချင်မူက ထိုသူများကို လျစ်လျူရှု၍ သူပစ်ချခဲ့သော စုတ်တံ၊ မင်အိုး၊ စက္ကူ၊ မင်တုံးတို့ကို ပြန်ကောက်ယူလိုက်၏။ ထို့နောက် ခပ်လှမ်းလှမ်းရှိ သံတူကြီးထံ လျှောက်လှမ်းသွားပြီး လက်ကိုင်ရိုးကို ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက် သံတူကြီးကို ဆွဲမြှောက်၍ မြေပြင်ပေါ်သို့ အားပြင်းပြင်း ထုချလိုက်၏။ ဘုန်းခနဲ့ အသံကြီးနှင့်အတူ သူ့ရှေ့ရှိ လေထုမှာ နံရံတစ်ခုသဖွယ် ပိသိပ်ကျပ်ညှပ်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသည်။

မြေပြင်က အောက်ဘက်သို့ နိမ့်ဝင်၍ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ မြေအောက်တစ်ခွင်လုံး လှိုင်းထတုန်ခါပြီး လူရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်သွားသည်။

ချင်မူက လေပေါ်တွင် ပျံဝဲသည့်အလား ပြေးလိုက်သွားပြီး သူ၏ ဝါးတောင်ဝှေးထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွား၏။ သူ့လက်ဝါးရိုက်ချက်တစ်ချက်နှင့်အတူ ဝါးတောင်ဝှေးက မြေကြီးထဲသို့ စိုက်ဝင်သွားပြီး တွင်းပေါက်သေးသေးလေးထဲများ သွေးများပန်းထွက်လာသည်။

ချင်မူက နောက်ထပ် နှစ်ချက်သုံးချက်များ ခုန်ပျံထွက်၍ ဝက်ခုတ်ဓားမနှစ်လက်ရှေ့သို့ ကျရောက်သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဦးစိုက်ဇောက်ထိုးအနေအထားဖြင့် ဓားမလက်ကိုင်များကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် ဓားမများနှင့်တကွ တစ်ကိုယ်လုံး ချာချာလည်၍ မရေမတွက်နိုင်သော ဓားရိပ်များ ပေါ်ထွက်လာပြီး မြေပြင်ကို ခုတ်ပိုင်းချလိုက်သည်။

သူ၏ ခန္ဓာကိုယ်က ချာချာလည်ရင်း ရှေ့သို့ ရွေ့လျား၍ မြေပြင်ပေါ် မိုးသီးမိုးပေါက်များ ကျသကဲ့သို့ ဆက်လက်ခုတ်ပိုင်းသွား၏။

ရုတ်တရက် ချင်မူက သူ့ခြေထောက်များကို ဆန့်ကား၍ မြေပြင်ကို ဓားနှောင့်ဖြင့် ရိုက်ပြီး လေထဲတွင် ကျွမ်းပစ်ကာ ခြေစုံရပ်လျက် ပြန်ကျသွားသည်။ ထို့နောက် ဓားမများကို နောက်ကျောဘက်ရှိ ဓားအိမ်ထဲပြန်ထည့်၍ နောက်ပြန်လှည်ပြီး မြို့ထဲသို့ ဝင်သွားတော့၏။

များမကြာမီ ကျောက်စိမ်းရနံ့စံအိမ်သို့ ရောက်ရှိလာပြီး ဝါးစိမ်းဥယျာဉ်ထဲ လှမ်းဝင်သွားသည်။ ကွမ်ရင်မယ်တော်ရုပ်တုဘေးမှ လမ်းချိုးနှစ်ချိုး ချိုးပြီးသောအခါ သီးသန့်ခန်းဆောင်သို့ ရောက်ရှိသွား၏။

အဆင့်မြင့်မှော်ဆရာနှစ်ယောက်မှာ ထိုနေရာတွင်ပင် ရှိနေသေးပြီး သူ့ကို မြင်သောအခါ အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာသည်။

“ဟင်းပွဲတွေ ပူပူနွေးနွေး ရှိသေးရဲ့လား…” ချင်မူက မေးလိုက်၏။

အဆင့်မြင့်မှော်ဆရာတစ်ယောက် သူ့ကို ကြောင်စီစီ ငေးကြည့်နေပြီး အခြားတစ်ယောက်က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

“အရက်ကရော…”

“အရက်ကတော့ နည်းနည်းအေးသွားပါပြီ…”

ချင်မူက လက်ဝှေ့ယမ်းပြလိုက်၏။ “သွားနွှေးပြီး ယူလာခဲ့… ဟိုတစ်ယောက်၊ မင်းက ဒီမှာ အရက်ငှဲ့ဖို့ နေခဲ့…”

All Chapters