အရက်ထဲမှအဆိပ်
Vol. 20 Ch. 279
တစ်ခဏကြာသောအခါ အရက်နွှေးရန် ထွက်သွားသော အဆင့်မြင့်မှော်ဆရာ ပြန်ရောက်လာသည်။ အခြားအဆင့်မြင့်မှော်ဆရာက အရက်အိုးကို လှုပ်ခါ၍ အရက်များကို ဝဲကတော့သဖွယ် လည်ပတ်စေပြီး ကြည်လင်သွားသောအခါမှ ပန်းကန်လုံးတစ်လုံးထဲ ငှဲ့ထည့်ကာ ချင်မူ့ရှေ့တွင် ရိုရိုသေသေ လာချပေး၏။
“ဒီထဲကို အဆိပ်ခပ်ထားလား…” ချင်မူက နှစ်လိုဖွယ်အမူအရာဖြင့် မေးလိုက်သည်။
လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာနှစ်ယောက် ကမန်းကတန်း ပြောလိုက်၏။ “မလုပ်ဝံ့ပါဘူး…”
ချင်မူက တဟားဟား ရယ်မောလိုက်သည်။ “ငါက ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ဆီကနေ ပညာသင်ထားတဲ့ နတ်ဆေးဆရာတစ်ယောက်ပဲ… မင်းတို့ ငါ့ရှေ့မှာ အဆိပ်သုံးဖို့ ကြံနေရင် ရယ်စရာပဲ ဖြစ်နေလိမ့်မယ်…”
အဆင့်မြင့်မှော်ဆရာနှစ်ယောက် သူ့နောက်မှာ လိုက်ပါရယ်မောလိုက်၏။
ချင်မူ၏ အမူအရာက တည်သွားပြီး အရက်သွားနွှေးလာသော အဆင့်မြင့်မှော်ဆရာကို လက်ညှိုးထိုး၍ ပြောလိုက်သည်။ “သောက်လိုက်…”
ထိုအဆင့်မြင့်မှော်ဆရာမှာ မျက်နှာ အကြီးအကျယ်ပျက်ပြီး ဆတ်ခနဲ တုန်ခါသွား၏။ ချင်မူ့မျက်နှာက ပို၍ မည်းမှောင်သွားပြီး အေးစက်စက် ထပ်ပြောလိုက်သည်။ “သောက်လိုက်…”
အဆင့်မြင့်မှော်ဆရာ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး တုန်ရီသော လက်များဖြင့် အရက်ခွက်ကို ကောက်ကိုင်ကာ မော့သောက်လိုက်၏။ ထို့နောက် ပြုံးပြလိုက်သည်။ “အဆိပ်မရှိပါဘူး…”
စကားမဆုံးမီမှာပင် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီ၍ လေလျှော့လိုက်သော ပူဖောင်းတစ်လုံးကဲ့သို့ ရှုံ့ဝင်သွား၏။ တဖြည်းဖြည်း ပိန်လှီခြောက်ကပ်သွားပြီး အရေပြားသာ ကျန်ခဲ့တော့သည်။ အရေပြားကို ဖုံးအုပ်ထားသည့် အဝတ်အစားများအောက်တွင်တော့ လှုပ်ရွလှုပ်ရွ ဖြစ်နေ၏။ အဆိပ်ပိုးကောင်များက အရေပြားကိုပါ စား၍ အပြုံလိုက်ထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပြေးထွက်သွားသည်။ ထို့နောက်တွင်တော့ မီးစွဲလောင်၍ ပြာကျသွား၏။
အခြားအဆင်မြင့်မှော်ဆရာ၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားသည်။
ချင်မူက အမူအရာအပြောင်းအလဲ မရှိဘဲ စားပွဲကို တတောက်တောက်ခေါက်လိုက်၏။ “နောက်တစ်ခွက်ငှဲ့ပြီး ငါ့ကိုပေး…”
ထိုမှော်ဆရာက ငိုတော့မလို မျက်နှာနှင့် အရက်ခွက်ကမ်းပေးလိုက်သည်။ “ဒီအရက်ထဲက အဆိပ်…”
“ငါ့ကို အဆိပ်ခပ်လို့ မရဘူး…” ချင်မူက ထိုမှော်ဆရာ၏ စကားကို အရေးမစိုက်ဘဲ ပြောလိုက်၏။ “အရက်ဆက်ငှဲ့… ကချေသည်တွေ ဘယ်ရောက်နေလဲ၊ သူတို့ကို သွားပြီး တီးမှုတ်ကခုန်ခိုင်းစမ်း၊ အဲဒါမှ ပျော်စရာကောင်းမှာပေါ့…”
အဆင့်မြင့်မှော်ဆရာက အရက်တစ်ခွက် ကမန်းကတန်း ငှဲ့၍ ကချေသည်များကို ဆင့်ခေါ်ပြီး တီးမှုတ်ကခုန်ဖျော်ဖြေခိုင်းလိုက်သည်။
ချင်မူက ဟင်းပွဲများစားလိုက်၊ အရက်သောက်လိုက်နှင့် အတီးအမှုတ်အကအခုန်များ ခံစားနားဆင်နေပြီး သဘောကျသည့်အခါ လက်ခုပ်လက်ဝါးတီး၍ပင် အားပေးလိုက်သေး၏။ ဤစားပွဲသောက်ပွဲက အချိန်အတော် ကြာမြင့်ပြီး နေလုံးကြီး အနောက်ဘက်ယွန်းယွန်းတွင် ခိုနားသည့်အခါမှသာ သူ့လက်ကို ဝှေ့ယမ်း၍ သီချင်းသည်များ၊ ကချေသည်များကို ရပ်တန့်ခိုင်းလိုက်သည်။
စားပွဲပေါ်မှ အရက်က လွန်စွာအဆိပ်ပြင်းထန်လှပြီး မှော်ဆရာအဆိပ်တစ်မျိုး ပါဝင်၏။ ထိုအဆိပ်က ယန်ဝိညာဉ်နှင့် ရုပ်ခန္ဓာကို စားသောက်နိုင်သော အဆိပ်ပိုးကောင်များဖြင့် ဖော်စပ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ချင်မူက ထိုအရက်တစ်အိုးလုံး သောက်ပြီးသည့်တိုင် သက်သောင့်သက်သာ ရှိနေဆဲ ရှိ၏။
“စိတ်ပျက်စရာပဲ…”
ချင်မူ ရှုပ်ပွနေသော စားပွဲကို ချန်ရစ်၍ ထရပ်လိုက်သည်။ ဟင်းပွဲအားလုံးနှင့် အရက်မှာ သူစားသောက်၍ ကုန်သွားပြီ ဖြစ်၏။ ဤမျှသော ပမာဏက လူအယောက်တစ်ဒါဇင်ခန့် စားနိုင်သော ပမာဏ ဖြစ်သည်။ သို့သော်လည်း သူက စွမ်းအင်ပြည့် မဟာအားဖြည့်ကျင့်စဉ်ကို အသုံးပြု၍ စားသောက်ထားသမျှကို ချေဖျက်ပစ်ခြင်း ဖြစ်သဖြင့် အနည်းငယ်မျှပင် ပြည့်အင့်သည့်အသွင် မပေါ်ချေ။
“သက်တမ်းတွေ ဒီလောက်အများကြီး ရှင်သန်ပြီး နှစ်ပေါင်းတစ်သောင်းတစ်ထောင် နေထိုင်လာခဲ့တယ်… အဲဒါတောင် ကိုယ့်လမ်းကိုယ်မလျှောက်ဘဲ သူများရဲ့လမ်းစဉ်တွေပဲ သဘောကျပြီး ဟိုခုန်ကူးဒီခုန်ကူး လုပ်နေခဲ့တာ နှမြောစရာပဲ… ခင်ဗျားရဲ့ကိုယ်ပိုင် တက်ကြွတဲ့ စိတ်ဝိညာဉ်က ပျက်စီးလွင့်ပါးသွားပြီ…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ကျုပ်အကြာကြီး စောင့်ခဲ့ပေမဲ့ ခင်ဗျား ပေါ်မလာရဲခဲ့ဘူး… ရယ်စရာပဲ၊ ပြိုင်ဘက်ကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့တာ… အသက်ကြီးလာလေလေ ကြောက်တတ်လာလေလေ ဖြစ်မယ်လို့ မထင်မိဘူး… ကျုပ်အသာစီးရသွားကတည်းက ခင်ဗျား ပြန်ပြီး မတိုက်ရဲတော့ပဲ…”
လိုလန်ရွှေနန်းတော်မှ အဆင့်မြင့်မှော်ဆရာမှာ သူ မည်သူ့ကို ပြောနေသည်၊ မည်သည့်အကြောင်း ပြောနေသည်ကို နားမလည်နိုင် ဖြစ်သွား၏။
“အောင်မြင်မှုအတွက် ကြိုးစားရုန်းကန်ဖို့ မဝံ့ရဲမှတော့ အိပ်မက်တွေမက်နေလို့ ဘာထူးမှာလဲ…” ချင်မူက အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာသွားပြီး ဟက်ခနဲ ရယ်မောလိုက်သည်။ “အိမ်ကိုပဲ ပြန်ပါတော့… ဒါနဲ့ ဒီစားပွဲသောက်ပွဲက ခင်ဗျားကျွေးတာဆိုတော့ မပြန်ခင် ငွေရှင်းခဲ့ဦး…”
သူ ကျောက်စိမ်းရနံ့စံအိမ်မှ ထွက်ခွာသွားတော့၏။
ဝါးစိမ်းဥယျာဉ်တွင်တော့ အဆင့်မြင့်မှော်ဆရာမှာ ကြောင်တောင်တောင် ကျန်ရစ်ပြီး ကချေသည်နှင့် သီချင်းသည်များကို လက်ဝှေ့ယမ်းပြ၍ ပြန်ခိုင်းလိုက်သည်။ တစ်ခဏကြာပြီးသောအခါမှ ပန်ကုန်းစုန်က မျက်နှာတစ်ပြင်လုံး ပုပ်သိုး၍ အမှောင်ရိပ်ထဲမှ ထွက်လာ၏။ သူ့တစ်ကိုယ်လုံးက သွေးများစွန်းထင်းနေသည်။
“လူသားဧကရာဇ်ရဲ့ ဓားသိုင်း…”
သူ တီးတိုးရေရွတ်လိုက်၏။ “အဲဒီဓားကွက်တွေက လူသားဧကရာဇ်နဲ့ ဓားသိုင်းပဲ… မတူသလိုလို ရှိပေမဲ့ မှားစရာအကြောင်းမရှိဘူး… ဒီကောင်လေးက လူသားဧကရာဇ်ရဲ့ ဓားသိုင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဓားကွက်တွေ ပေါင်းထည့်ထားတာ၊ တထာဂတရဲ့ မဟာယာနသုတ္တန်နဲ့ လင်မိသားစုရဲ့ နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ရောပဲ…”
ချင်မူက ကျင့်စဉ်၊ သိုင်းကွက်များစွာကို ပေါင်းစည်းထားပြီး ထိုကျင့်စဉ်၊ သိုင်းကွက်တိုင်းကလည်း ထိပ်တန်းပညာရပ်များချည်းသာ ဖြစ်သဖြင့် သူ့တာအိုဓားသိုင်းမှာ ချင်မူ၏ ဓားကွက်ကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ဘဲ ပြိုကွဲပျက်စီးပြီး သူ့စိတ်အလျဉ်လည်း ကစဉ့်ကလျား ဖြစ်သွားရသည်။
သို့အတွက်ကြောင့် ချင်မူ့ကို သူ ထိပ်တိုက်ရင်ဆိုင် မတိုက်ခိုက်ရဲတော့ခြင်း ဖြစ်၏။
ချင်မူက လူသားဧကရာဇ်၏ ဓားသိုင်းကို အကွက်ပေါင်း မည်မျှအထိ သင်ယူတတ်ကျွမ်းထားမှန်း မသိရသည် မဟုတ်လား။
ယခင်မျိုးဆက်၏ လူသားဧကရာဇ်မှာ အလွန်တရာ စွမ်းအားကြီးမားသော ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်သဖြင့် သူ မစွန့်စားဝံ့ချေ။
ပြီးခဲ့သည့်မျိုးဆက်တွင် အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပွားသွားပြီး နတ်ဘုရားအဆင့်နီးနီး ပညာရှင်များစွာ လောကတစ်ခွင်တွင် ပေါ်ထွက်လာခဲ့သည်။ သူသည်လည်း ထိုထဲမှတစ်ယောက် ဖြစ်၏။ ကောင်းကင်ဓားမလည်း သူ့လိုပင် ဖြစ်သည်။ သူတို့နှစ်ယောက်အပြင် အခြားထိပ်သီးပညာရှင်များစွာ ပေါ်ထွန်းခဲ့သော်လည်း မည်သူမျှ အထင်ရှားဆုံး မဟုတ်ခဲ့ပေ။
လူသားဧကရာဇ်သည်သာ ပြီးခဲ့သည့်မျိုးဆက်တွင် အထင်ရှားဆုံး၊ အကျော်ကြားဆုံး ဖြစ်ခဲ့၏။
သူ့အပြင် အခြားလူသားဧကရာဇ်တစ်ယောက်ကိုလည်း ပန်ကုန်းစုန် တွေ့ခဲ့ဖူးသည်။ ထိုလူသားဧကရာဇ်က ပြီးခဲ့သည့်မျိုးဆက်လူသားဧကရာဇ်၏ ရှေ့မှ ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာကျော်ခန့်က တွေ့ဆုံခဲ့ဖူးခြင်း ဖြစ်၏။
လူသားဧကရာဇ်များက သူ့သက်တမ်းတစ်လျှောက် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွန်းခဲ့သည်။ ထိုသို့ ပေါ်ထွန်းလာသူအားလုံးမှာလည်း သူ့ထက်သာလွန်၍ ထင်ရှားကျော်ကြားသူများသာ ဖြစ်လာ၏။ လူသားဧကရာဇ်တို့၏ သမိုင်းကြောင်းက သူ့ပထမသက်တမ်းကတည်းက ရှိနှင့်နေပြီး ထို့ထက်ပင် ပိုစောပေလိမ့်ဦးမည်။ လွန်စွာရှေးကျသော ကာလကတည်းက လောကတစ်ခွင်တွင် လူသားဧကရာဇ်များ ရှိလာခဲ့သည်ဟု ဆို၏။
တစ်ခါတွင် ဤရှေးကျသော အမွေဆက်ခံမှုကို စိတ်ဝင်စား၍ သူလေ့လာခဲ့ဖူးသည်။ လူသားဧကရာဇ်တိုင်း၏ ကျင့်စဉ်ကောင်းကင်နတ်သိုင်းများက တစ်ယောက်နှင့်တစ်ယောက် တူညီခြင်း မရှိဘဲ ကွဲပြားခြားနားနေ၏။ အယောက်စီတိုင်းကလည်း ထူးချွန်ထက်မြက်သူများသာ ဖြစ်လသည်။ အနှစ်ငါးရာတစ်ခါပေါ်သော ပါရမီရှင် အတော်များများပင် လူသားဧကရာဇ်အဖြစ် အသုံးသတ်သွားကြ၏။
သူ့အနေဖြင့် ဤပညာအမွေဆက်ခံမှုကို ရယူလိုမိသော်လည်း လူသားဧကရာဇ်တို့၏ လက်ချက်ကြောင့် အကြိမ်အနည်းငယ် သေပွဲဝင်ရပြီးနောက်ပိုင်းတွင် ထိုအကြံကို စွန့်လွှတ်လိုက်သည်။
ယခုအခါတွင်တော့ ပြီးခဲ့သည့်မျိုးဆက်လူသားဧကရာဇ်၏ ပညာအမွေကို ချင်မူ့သိုင်းကွက်များ၌ မြင်တွေ့လိုက်ရ၏။ ပြီးခဲ့သည့်မျိုးဆက်လူသားဧကရာဇ် ပျောက်ကွယ်နေသည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ပြီး သေဆုံးသွားပြီဟုပင် လောလာဟာလများ ထွက်ခဲ့သည်။
ပန်ကုန်းစုန်မှာ သူ၏ ဓားသိုင်းကို မြင်တွေ့ခွင့်ရခဲ့ပြီး ထိုသူမှာ ပြီးခဲ့သည့်မျိုးဆက်၏ ထိပ်ဆုံးပညာရှင်များထဲမှ တစ်ယောက်ဟု လက်ခံမိခဲ့သည်။ သူ့ဓားသိုင်းက စွမ်းအားကြီးမားလှ၏။ တစ်ခါမြင်တွေ့မိရုံဖြင့် ရင်ထဲတွင် တံဆိပ်ခတ်နှိပ်သကဲ့သို့ စွဲထင်သွားပြီး မေ့ဖျောက်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့အတွက်ကြောင့်သာ မဟုတ်လျှင် ချင်မူ့လက်ချက်ဖြင့် သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားစရာ အကြောင်းမရှိချေ။ ချင်မူ့ဓားကွက်ကို အမြင်တွင် ထိတ်လန့်တုန်လှုပ်၍ စိတ်ကစဉ့်ကလျား ဖြစ်ပြီး အသာစီးရနိုင်စွမ်း မရှိတော့သဖြင့် မြစ်ထဲသို့ ခုန်ချထွက်ပြေးခဲ့သည်။ ထို့နောက် မြေကြီးထဲတွင် ပုန်းကွယ်နေခဲ့သော်လည်း ထိုလူငယ်လေး၏ အစိမ်းရောင်ကောင်းကင်မျက်လုံးက သူ့ကို ရှာတွေ့သွားပြီး ဝါးတောင်ဝှေး၊ သံတူ၊ ဝက်ခုတ်ဓားမတို့ကို အသုံးပြု၍ တိုက်ခိုက်ခဲ့သဖြင့် နဂိုရရှိထားသော ဒဏ်ရာများပေါ်တွင် သေစေနိုင်လောက်သော ဒဏ်ရာများ ထပ်ဆင့်တိုးလာ၏။ သို့အတွက်ကြောင့် သူ ပြန်လှန်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
သူ၏ အပြေးစွမ်းရည်က အထွတ်အထိပ်ထိရောက်အောင် ကျင့်ကြံထားပြီး ဖြစ်သည်။ ကျောက်စိမ်းမြို့တော်ငယ်၏ တိမ်းရှောင်ပညာက ဤလောကတွင် ပထမတန်းစား အရှောင်အတိမ်းပညာရပ် ဖြစ်၏။
သူ၏ ယန်ဝိညာဉ်က အလွန်တရာ စွမ်းအားကြီးမားလှပြီး နတ်ဘုရားအဆင့်နီးနီး ရှိနေပြီ ဖြစ်သဖြင့် သူ့ကို ချင်မူ သေအောင်သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ယခင်ဘဝမှ ကျင့်စဉ်စွမ်းအင်က သူ့ကိုယ်ထဲတွင် ရှိနေသေးသည်။ ဤခန္ဓာကိုယ်က လွန်စွာအားနည်းသဖြင့် ထိုကျင့်စဉ်စွမ်းအင်ကို ထုတ်သုံးနိုင်လောက်အောင် ခံနိုင်ရည်မရှိသေးသော်လည်း ချင်မူ့ သူ့ကို ချောင်ပိတ်တိုက်ခိုက်လာလျှင် ထိုစွမ်းအင်ကို ဖောက်ခွဲဖော်ထုတ်ပစ်ရုံဖြင့် ချင်မူ့အသက်ကို အသာလေး နုတ်ယူပစ်နိုင်၏။
သူထွက်ပြေးလွတ်မြောက်သွားပြီးနောက် ချင်မူက သူ့ကို မတားဆီးနိုင်မှန်း သိသွားသဖြင့် နောက်မှ လိုက်မလာတော့ချေ။ ထိုအစား ကျောက်စိမ်းရနံ့စံအိမ်သို့သာ ပြန်၍ သူ ကိုယ်ထင်မပြရဲအောင် ဖိအားပေးပြီး ဒဏ်ရာများ ကုသရန် နှောင့်နှေးစေခဲ့သည်။
“အဲဒီရှေးဟောင်းအဖွဲ့အစည်းသာ လူသားဧကရာဇ် မသေသေးဘဲ အမွေဆက်ခံသူတောင် ရှိနေပြီမှန်း သိရင် ပွဲက သေချာပေါက် ကြည့်လှသွားမှာပဲ…” ပန်ကုန်းစုန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
ချင်မူ့ကို အရက်ငှဲ့ပေးခဲ့သော အဆင့်မြင့်မှော်ဆရာက ကမန်းကတန်း ရောက်လာပြီး ပြုံးပြလိုက်သည်။ “မင်းသား၊ ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ… ဂိုဏ်းသခင်ချင်က စားပွဲသောက်ပွဲအတွက် ရှင်းမသွားဘူး…”
“ငါအကြိမ်ပေါင်း မနည်းအောင် ရှုံးနိမ့်ခဲ့ဖူးပေမဲ့ ငါရှုံးသွားတယ်ဆိုတာ သိတဲ့သူ ရှိနေဖို့ မလိုအပ်ဘူး…”
ထိုအဆင့်မြင့်မှော်ဆရာမှာ မှင်တက်မိသွားပြီး ရုတ်တရက် သူ့ဝိညာဉ်မှာ တစ်စုံတစ်ခု၏ ရစ်ပတ်ချုပ်နှောင်ခြင်း ခံရသကဲ့သို့ အေးခဲတောင့်တင်းလာ၏။ သူ့ရင်ထဲတွင် ကြောက်ရွံ့ထိတ်လန့်စိတ်များ ကြီးစိုးသွားသည်။
နောက်တစ်ခဏ၌ သူ၏ အရိုးများ၊ အသားများအားလုံး အရည်ပျော်၍ ဝိညာဉ်ပြိုကွဲပျက်စီးကာ မြေပြင်ပေါ်တွင် အဝတ်များသာ အပုံလိုက်ကျန်ရစ်တော့၏။
ပန်ကုန်းစုန်က အခန်းပြင်သို့ လျှောက်လှမ်းထွက်သွားပြီး ကျသင့်ငွေရှင်း၍ စိတ်ထဲမှ တွေးလိုက်သည်။ ‘ကံကောင်းတာက အဲဒီအဖွဲ့အစည်းနဲ့ ငါ သုံးလေးငါးခါ ဆုံဖူးပြီး ဘယ်လိုဆက်သွယ်ရမလဲ သိတာပဲ… ဒီမြို့တော်မှာတော့ ဆက်နေလို့ မဖြစ်တော့ဘူး… ဒီဂိုဏ်းသခင်ချင်က သူပြန်ရောက်ရင် ပါမောက္ခပါ့ရှန်ကို သေချာပေါက် သတင်းသွားပို့မှာပဲ၊ ငါ့ကို အလွတ်ပေးမှာ မဟုတ်ဘူး… ဒါပေမဲ့ ငါသာ ပုန်းနေချင်ရင် ပါမောက္ခပါ့ရှန်မကလို့ သူ့အဘလာတောင် ငါ့ကို တွေ့အောင် ရှာနိုင်မယ် မထင်နဲ့…’
သူက ကျောက်စိမ်းရနံ့စံအိမ်မှ ထွက်၍ အမှောင်ရိပ်ထဲသို့ တိုးဝင်သွားပြီး ပြန်ပေါ်မလာတော့ချေ။
ချင်မူ နန်းတွင်းကောလိပ်သို့ ပြန်ရောက်သောအခါ ပါမောက္ခပါ့ရှန်ကို သွားရှာ၏။ “ပန်ကုန်းစုန်က လိုလန်ရွှေနန်းတော်ရဲ့ မကောင်းဆိုးဝါးအိုကြီး တကယ်ဖြစ်နေတာပဲ… ကျွန်တော့်လက်ချက်နဲ့ ဒဏ်ရာရသွားတာဆိုတော့ ပြန်ပေါ်မလာလောက်တော့ဘူး ထင်တယ်…”
ပါမောက္ခပါ့ရှန်မှာ အံ့ဩထိတ်လန့်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်သည်။ “သူ လွတ်သွားတယ်ဟုတ်လား… မင်းကို ခိုးကြောင်ခိုးဝှက် မှော်အစီအရင်သုံးရင် ဘယ်လိုလုပ်မလဲ… ဆရာကောင်းကင်ဓားမတောင် သူ့ကို သေအောင်မသတ်နိုင်လို့ နာမည်အရင်းကို ကွယ်ဝှက်ထားရတာ… ဒီကောင့်ကျင့်စဉ်အဆင့်က အခု အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ မကြာခင် ခုနစ်စဉ်ကြယ်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့် ရောက်သွားလိမ့်မယ်၊ နောက်ဆယ်နှစ်၊ ဆယ်နှစ်ကျော်ကျော်ဆိုရင် သူ ကောင်းကင်တံတားအဆင့်ကို ပြန်ရောက်သွားမှာပဲ… အဲဒီအချိန်ကျရင် မင်းတော့ သေလူဖြစ်ပြီ…”
ချင်မူက ပြုံးလိုက်၏။ “ဆရာတူအစ်ကိုကြီးက ကျွန်တော့်နားမှာ နေလို့ရတာပဲ… အဲဒါဆို သူ လှုပ်ရှားရဲမှာ မဟုတ်ပါဘူး…”
ပါမောက္ခပါ့ရှန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ “သူက ငါ့နာမည်ကို သိတယ်၊ နောက်ဆယ်နှစ်နေရင် ငါ့ကိုလည်း သတ်နိုင်မှာပဲ၊ အလုပ်ဖြစ်မှာ မဟုတ်ဘူး… မင့်ဘေးမှာနေလို့ ပြဿနာကို ယာယီဘဲ ဖြေရှင်းနိုင်မှာ၊ ဒီကောင့်ကို ရှာပြီး ရှင်းပစ်မှရမယ်…” စကားဆုံးသည်နှင့် သူက နွားသိုးစိမ်းကြီးကို ဆင့်ခေါ်၍ ကသုတ်ကရက် ထွက်ခွာသွား၏။
ချင်မူ ကျောင်းတော်သားအိမ်ရာသို့ ပြန်လာခဲ့လိုက်သည်။ အခန်းအတွင်း လှည့်လည်ကြည့်ရှုရင်း သူ့ရင်ထဲတွင် စိုးရွံ့စိတ်တို့ ကြီးစိုးလာ၏။
‘ပါမောက္ခပါ့ရှန်သာ ပန်ကုန်းစုန်ကို တွေ့အောင်မရှာနိုင်ခဲ့ရင် အဲတစ်ယောက်က ငါ့ကို ညတိုင်းချောင်းနေတာမှာပေါ့… မဖြစ်သေးဘူး၊ သူ့ကို ငါ တွေ့အောင်ရှာရမယ်… ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ဖြေရှင်းလိုက်နိုင်ရင်တော့ အကောင်းဆုံးပဲ… လိုလန်ရွှေနန်းတော်သာ ပြန်ပုန်းမနေရင် ငါ့မျက်စိတွေ၊ နားတွေအောက်က သူမလွတ်နိုင်ဘူး…’
သူထိုသို့တွေးနေစဉ် ကျောင်းတော်သားအိမ်ရာ၏ ကြီးကြပ်ရေးမှူးတစ်ယောက် ရောက်လာပြီး ပြောလိုက်သည်။ “တော်ဝင်ကျောင်းတော်သားချင်က ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်နေပြီဆိုတော့ ကောင်းကင်နတ်သိုင်းအိမ်ရာကို ရွှေ့ရပါတော့မယ်…”
ချန်ဝမ်ယွင်နှင့် စစ်ယွင်ရှန်းတို့ကိုလည်း အခြားကြီးကြပ်ရေးမှူးများ နေရာရွှေ့ပြောင်းရန် ကူညီနေကြ၏။ “မင်းတို့လည်း အတားအဆီးနံရံချိုးဖျက်တာ အောင်မြင်သွားပြီဆိုတော့ ကျောင်းတော်သားအိမ်ရာကနေ ကောင်းကင်နတ်သိုင်းအိမ်ရာကို ပြောင်းရတော့မယ်…”
ချန်ဝမ်ယွင်နှင့် စစ်ယွင်ရှန်းတို့မှာ ချင်မူ့ကို မြင်သောအခါ အပြေးအလွှားရောက်လာပြီး ကျေးဇူးစကား ဆိုလိုက်သည်။ “ဂိုဏ်းသခင်ရဲ့ အရပ်ခြောက်မျက်နှာ တွက်ချက်နည်းကြောင့်သာ မဟုတ်ရင် ငါတို့ အရပ်ခြောက်မျက်နှာအဆင့်ကို ဒီလောက်မြန်မြန် ရောက်နိုင်မှာ မဟုတ်ဘူး…”
“အသေးအဖွဲ ကိစ္စလေးပါ…” ချင်မူက နှိမ့်ချစွာ ပြောလိုက်၏။
ချန်ဝမ်ယွင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်ထွက်လာပြီး စစ်ယွင်ရှန်းမှာလည်း ရင်ထဲတွင် အောင့်ခနဲ ဖြစ်သွားသည်။ ချင်မူ့အတွက် ၎င်းကိစ္စက အသေးအဖွဲ ဖြစ်သော်လည်း သူတို့အတွက်တော့ ကြီးစွာ အထောက်အကူ ပြုခဲ့၏။ ဤသို့သာဆိုလျှင် သူ့အနေဖြင့် ဤဂိုဏ်းသခင်ကို ရှင်းထုတ်၍ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ အမျိုးသမီးဂိုဏ်းသခင် ဖြစ်လာရန် မျှော်လင့်နိုင်ပါဦးမည်လား။
“ကျောင်းတော်သားအိမ်ရာရေ၊ ငါတို့ သွားပြီဟေ့…”
ချန်ဝမ်ယွင်က လာရောက်နှုတ်ဆက်သော ကျောင်းတော်သားများကို ပြုံး၍ လက်ဝှေ့ယမ်းပြလိုက်သည်။ “အစ်ကိုကြီး ဖြစ်ချင်တဲ့သူတွေ အစွမ်းပြကြပေတော့…”
ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်ကိုယ်တော်မှာ ထိုကိစ္စကို စိတ်ဝင်စားခြင်း မရှိဘဲ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ ပြုံးလိုက်၏။ “မင်းတို့ ကောင်းကင်နတ်သိုင်းအိမ်ရာကို အရင်သွားနှင့်၊ နောက်နှစ်ရက်လောက်နေရင် ငါတို့လည်း လိုက်လာခဲ့မှာ… အစ်ကိုကြီးနေရာကတော့ တခြားသူတွေ ယူကြပါလိမ့်မယ်…”
ချင်မူတို့ ကောင်းကင်နတ်သိုင်းအိမ်ရာသို့ လျှောက်လှမ်းသွားပြီး နဂါးချီလင်က သူတို့နောက်မှ လိုက်ပါလာသည်။ ဤနဂါးပျင်းကြီးက သူ့ကို အစာကျွေးမည့်သခင်ကို လက်လွတ်မခံဘဲ ချင်မူသွားရာနောက် တကောက်ကောက်လိုက်ရန် ဆုံးဖြတ်ထားသည်နှင့် တူ၏။
“ဟုတ်သားပဲ…” ချင်မူက တစ်စုံတစ်ခုကို သတိရသွားပြီး ပြုံးလိုက်သည်။ “အိမ်ရှေ့မင်းသားက နောက်တစ်ရက်နှစ်ရက်ဆိုရင် မြို့တော်ကနေ ခွာပြီး ကပ်ဘေးကယ်ဆယ်ရေးကိစ္စတွေ လုပ်တော့မှာ၊ သူက ငါ့ကို လိုက်ခဲ့ဖို့ ခေါ်ထားတယ်… မင်းတို့အားနေရင် အတွေ့အကြုံရအောင် ငါနဲ့ လိုက်ခဲ့လေ… ဝမ်ယွင်၊ မင်းက ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်နေပြီ၊ မင့်အစွမ်းအစကလည်း သေးတာမဟုတ်ဘူး… နောက်ထပ်နှစ်နည်းနည်းလောက် အတွေ့အကြုံရှာပြီးရင် ငါတို့နတ်ဂိုဏ်းရဲ့ စံအိမ်သခင်လုပ်လို့ရပြီ…”
ချန်ဝမ်ယွင်မှာ ခေါင်းကျိန်းသွား၏။ သူ့အနေဖြင့် ချင်မူနှင့်အတူ မလိုက်လိုပေ။ သူ ပြုံးပြုံးရယ်ရယ်နှင့် ပြောလိုက်သည်။ “ဂိုဏ်းသခင်နဲ့ အပြင်လိုက်တိုင်း အန္တရယ်နဲ့ပဲ ကြုံလို့ တစ်ချိန်လုံး အသက်လုပြေးနေရတာ… ကျွန်တော့်အထင် မလိုက်တာပဲ ကောင်းလိမ့်မယ်… အခုမှ အရပ်ခြောက်မျက်နှာအဆင့် ရောက်တာဆိုတော့ အခြေခိုင်အောင် ကျင့်ကြံအားထုတ်ရဦးမယ်လေ…”
စစ်ယွင်ရှန်းကတော့ မျက်လုံးများ အရောင်တောက်သွား၏။ “လိုက်မယ်…”
ချင်မူ တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်နတ်သိုင်းအိမ်ရာမှ ကြီးကြပ်ရေးမှူးတစ်ယောက် ရောက်လာသည်။ “ကျောင်းတော်သားချန်ဝမ်ယွင်၊ အိမ်ရှေ့မင်းသားက သူနဲ့အတူ ရွှေမြို့တော်အပြင်ကို လိုက်ခဲ့ဖို့ မင်းကို တာဝန်ပေးအပ်လိုက်တယ်၊ ကောင်းကင်နတ်သိုင်းအိမ်ရာက နောက်ထပ်ကျောင်းတော်သား တစ်ဒါဇင်လောက်လည်း ပါလိမ့်မယ်…”