ထိပ်တန်းလက်ရာ
Vol. 20 Ch. 280
ချန်ဝမ်ယွင်၏မျက်နှာ တစ်မုဟုတ်ချင်း ရှုံ့မဲ့သွား၏။ ချင်မူနှင့် အပြင်လောကသို့ လိုက်ရခြင်းမှာ သေချာပေါက် ပျော်စရာကိစ္စ မဟုတ်ချေ။
နောက်ဆုံးတစ်ခေါက် တောင်ဘက်နယ်စပ်သို့ သွားစဉ်က တစ္ဆေကိုးကောင်ဂိုဏ်း၊ အလောင်းကောင်နတ်ဝိဇ္ဇာဂိုဏ်း၊ မဟာတောင်တော်ဂိုဏ်းတို့ သေဆုံးသူများ ဆင့်ခေါ်၍ မြို့လုံးကျွတ် သတ်ဖြတ်သည်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့နောက် ကောင်းကင်လှိုင်းမြို့တွင် တုထျန်းမိစ္ဆာဘုရင် သောင်းကျန်းသည်နှင့် ကြုံတွေ့ရပြီး ပုန်ကန်သူများကို နှိမ်နင်းရန်အတွက် တရှန်းမြို့အထိ လိုက်ပါခဲ့ရသည်။ ချန်ဝမ်ယွင်၏ ဘဝတစ်လျှောက်တွင် ထိုအခါကလောက် သေလုမျောပါး ဖြစ်ရပ်များနှင့် ကြုံတွေ့ဖူးခြင်း မရှိခဲ့ပေ။
မြို့တော်ပြန်ရောက်ပြီး နောက်ပိုင်းတွင်ပင် ထိုအဖြစ်အပျက်ဆိုးများကို မေ့ဖျောက်နိုင်အောင် အချိန်အတော်ယူလိုက်ရသေး၏။ ချင်းမန်တံခါးသို့ အတွေ့အကြုံယူရန် သွားစဉ်က မန်သီလူရိုင်းနယ်မြေမှ စစ်သည်များနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုတိုက်ပွဲများမှာ စစ်သည်စစ်သည်ချင်း၊ တပ်မှူးတပ်မှူးချင်း တိုက်ခိုက်ကြခြင်းသာ ဖြစ်သည်။ ချင်မူ့နောက်မှ လိုက်ရင်း ကြုံတွေ့ရသည်နှင့် လားလားမျှ မသက်ဆိုင်ချေ။
ချင်မူနှင့် လိုက်၍ ကြုံတွေ့ရသည်များက သိုင်းဂိုဏ်းအချင်းချင်း ဂိုဏ်းလုံးကျွတ် တိုက်ခိုက်ကြသည်များ ဖြစ်ပြီး မိစ္ဆာနတ်ဘုရားကိုပင် ဆင့်ခေါ်ကြသေး၏။ တရှန်းမြို့၌ဆိုလျှင် ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့် ပညာရှင်များ ရာချီ၍ ကြုံတွေ့ခဲ့ရပြီး ဂိုဏ်းချုပ်ကြီးအဆင့် ထိပ်သီးပညာရှင်များပင် နေရာအနှံ့တွင် ရှိနေသည်။
ချန်ဝမ်ယွင် ထိုအဖြစ်များကို ပြန်စဉ်းစားမိပြီး ကျောစိမ့်သွား၏။
ထို့နောက်ပိုင်း ချင်မူ ကြုံတွေ့ရသည်များကိုလည်း သူကြားသိခဲ့သည်။ မပာာမြို့ပျက်သို့ ချင်မူ နှစ်သစ်ကူးအိမ်ပြန်ချိန်တွင် မရေမတွက်နိုင်သော အဆင့်မြင့်ပညာရှင်များ၏ လိုက်လံသတ်ဖြတ်ခြင်း ခံရသကဲ့သို့ မဟာမိုးခြိမ်းသံကျောင်းတော်သို့လည်း သွားရောက်၍ မွှေနှောက်ခဲ့သည်ဟု ဆို၏။ ထိုမျှသာမက တာအိုဂိုဏ်းနှင့် မဟာမိုးခြိမ်းသံကျောင်းတော်တို့ ပူးပေါင်း၍ ဧကရာဇ်ကို လုပ်ကြံရန် ကြိုးစားသည့် ကိစ္စတွင်လည်း ဝင်ရောက်စွက်ဖက်ပြီး ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံ နှစ်ယောက်စလုံးကို ကယ်တင်ခဲ့သည့်အပြင် မြို့တော်သို့ ပြန်ဝင်ကာ အိမ်ရှေ့မင်းသားလင်ယွိရှကိုပင် သတ်ဖြတ်ခဲ့သေးသည်။
သူသာ ဤဖြစ်ရပ်များအားလုံးကို ရင်ဆိုင်ကြုံတွေ့ရလျှင် အကြိမ်တစ်ရာပြန် သေရလောက်ပြီ ဖြစ်၏။
သူ့အနေဖြင့် ချင်မူနှင့် မည်သည့်အခါမျှ ထပ်မလိုက်တော့ဟု ဆုံးဖြတ်ထားသော်လည်း အိမ်ရှေ့မင်းသားက သူနှင့်အတူ လိုက်ပါရန် အမိန့်ထုတ်ပြန်လာသည်။ ဤသည်မှာ သူ့ကို သေမိန့်ချလိုက်သည်နှင့် အတူတူပင် ဖြစ်၏။
ဤနတ်ဂိုဏ်းသခင်က သွားလေရာ ကပ်ဘေးသင့်စေသော ကျိန်စာပိုင်ရှင်လားဟုပင် သူထင်လာမိသည်။
ချင်မူမှာ ချန်ဝမ်ယွင်၏ အမူအရာ သိပ်မကောင်းသည်ကို မြင်သဖြင့် နှစ်သိမ့်လိုက်၏။ “ဒီခရီးက အန္တရာယ်များမှာ မဟုတ်ပါဘူး… အိမ်ရှေ့မင်းသားလင်ယွိရှုက ငါတို့ နန်းတွင်းကောလိပ်ကပဲဆိုတော့ မိတ်ဟောင်းဆွေဟောင်းတွေလို့ ပြောလို့ရတယ်၊ ပြီးတော့ ငါတို့နဲ့လည်း ဆက်ဆံရေးကောင်းတာပဲ… သူ ဒီတစ်ခေါက် မြို့တော်ကနေထွက်တာ ကပ်ဘေးကယ်ဆယ်ရေးအတွက်ဆိုတော့ စက်မှုလက်မှုဝန်ကြီးဌာနက ပညာရှင်တွေပဲ ခေါ်လာမှာ၊ ပုန်ကုန်သူတွေကို နှိမ်နင်းဖို့ မဟုတ်ဘူး၊ တစ်ပြည်လုံးက အလုပ်ရုံတွေကို စစ်ဆေးဖို့၊ ဆီးနှင်းကပ်ဘေးဒဏ်ခံရတဲ့ နှင်းဖုံးတောင်တွေကို ရှင်းလင်းဖို့အတွက်ပဲ၊ အန္တရာယ်ဖြစ်လာစရာ အကြောင်းမရှိပါဘူး…”
ချန်ဝမ်ယွင်က ရှုံ့ရှုံ့မဲ့မဲ့မျက်နှာဖြင့် ပြောလိုက်သည်။ “အဲလိုဖြစ်လာပါစေလို့ ဆုတောင်းရမှာပဲ…”
စစ်ယွင်ရှန်းမှာ စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ “ဘာအန္တရာယ်မှ မရှိဘူးလား…”
သူတို့သုံးယောက်သား ကြီးကြပ်ရေးမှူးများနောက်မှ လိုက်၍ ကောင်းကင်နတ်သိုင်းအိမ်ရာရှိ သက်ဆိုင်ရာအခန်းများသို့ ရောက်ရှိလာကြသည်။ ကြီးကြပ်ရေးမှူးများက သူတို့သုံးယောက်ကို ဘေးချင်းကပ်လျက် နေရာချထားပေး၏။
ချင်မူက ချန်ဝမ်ယွင်နှင့် စစ်ယွင်ရှန်းတို့ကို ပြောလိုက်သည်။ “ဒီတစ်ခေါက်သွားတာ ဘယ်လောက်ကြာမယ် မသိဘူး… မင်းတို့ လေ့ကျင့်စရာ ကောင်းကင်နတ်သိုင်းတစ်ခုခု ယူခဲ့ကြရင် ကောင်းမယ်…”
ချန်ဝမ်ယွင်၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး အကြံပြုလိုက်၏။ “ယွဲ့ချင်းဟုန်နဲ့ ယွင်ချွယ်လည်း နောက်နှစ်ရက်ဆို အတားအဆီးနံရံချိုးဖျက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်လာကြတော့မယ်… ဂိုဏ်းသခင်၊ ကျွန်တော်တို့က အေးအတူပူအမျှ ခံစားရမဲ့ အတန်းဖော်တွေ မဟုတ်လား၊ သူတို့ကိုပါ ခေါ်ခဲ့ရင် ပိုကောင်းမယ်ထင်တယ်…”
ချင်မူ ပြုံးလိုက်သည်။ “မင်းပြောတာ မှန်တယ်… အိမ်ရှေ့မင်းသား မြို့တော်က မထွက်ခွာခင် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်လာမဲ့သူ အကုန်လုံး ခေါ်သွားကြတာပေါ့…”
ချန်ဝမ်ယွင် စိတ်အားတက်ကြွစွာ ဝမ်းသာအားရ ထွက်ခွာလာရင်း စိတ်ထဲမှ တွေးလိုက်၏။ ‘သေရမယ်ဆိုလည်း အားလုံးပါတော့ ပိုပျော်စရာကောင်းတာပေါ့…’
စစ်ယွင်ရှန်းက အပြစ်ကင်းစင်သည့် ဟန်ပန်မူရာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ဖြူဖွေးလှပသော လက်ကလေးကို ဆန့်ထုတ်ပြီး ချင်မူ့ထံ လက်ဝါးဖြန့်လိုက်သည်။ ချင်မူက သူ့စာအုပ်ငှားကတ်ကို ထုတ်၍ စစ်ယွင်ရှန်း၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ စစ်ယွင်ရှန်းက ရွှင်မြူးစွာ အော်ဟစ်၍ ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်သိုင်းအိမ်ရာ၏ စာအုပ်ငှားကတ်က မှတ်တမ်းထိန်းဆောင်၏ ဒုတိယထပ်ထိသာ တက်ရောက်ခွင့် ရှိသော်လည်း ချင်မူ၏ စာအုပ်ငှားကတ်ကတော့ တတိယထပ်ထိ တက်ရောက်ခွင့် ရှိ၏။ သို့ဖြစ်၍ စစ်ယွင်ရှန်းက မှတ်တမ်းထိန်းဆောင်သို့ သွားရောက်လိုသည့်အခါတိုင်း ချင်မူ့ထံမှသာ လာရောက်ငှားရမ်းလေ့ရှိသည်။
နန်းတွင်းကောလိပ်၌ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်မှုပညာစံအိမ်၊ စက်မှုပညာစံအိမ်တို့နှင့် အလားသဏ္ဌာန်တူသော စက်မှုလက်မှုခန်းမ ရှိ၏။ ထိုနေရာ၌ စက်ယန္တရားတည်ဆောက်နည်း၊ ဝိညာဉ်လက်နက်သွန်းလုပ်နည်း၊ သင်္ဘောတည်ဆောက်နည်း၊ တံတားတည်ဆောက်နည်း၊ ယာဉ်ယန္တရားတည်ဆောက်နည်း၊ လမ်းဖောက်လုပ်နည်း အစရှိသည်တို့ကို လေ့လာကြရသည်။
နန်းတွင်းကောလိပ်မှာ ဧကရာဇ်အတိုင်ပင်ခံနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူငယ်ဂိုဏ်းချုပ်တို့ အတူတကွ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်များစွာမှ သင်ကြားပို့ချမှုများကို ပုံတူကူးယူခဲ့ကြသည်။ မဟာမိုးခြိမ်းသံကျောင်းတော်၊ တာအိုဂိုဏ်းနှင့် အခြားသမာသမတ်ဂိုဏ်းများက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သဘောမကျရသည့် အကြောင်းရင်းထဲတွင် ဤသည်လည်း တစ်ချက်အပါအဝင် ဖြစ်၏။
စက်မှုလက်မှုခန်းမမှ ကျောင်းတော်သားများ ကျောင်းပြီးသွားသည့်အခါ စက်မှုလက်မှုဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်လေ့ ရှိကြသည်။ ဤတစ်ကြိမ်တွင် အိမ်ရှေ့မင်းသားလင်ယွိရှုက စက်မှုလက်မှုခန်းမမှ ကျောင်းတော်သားအများစုကို ခေါ်ဆောင်လာပြီး ကျန်သူများက စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိများ ဖြစ်၏။
စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိအများစုမှာလည်း စက်မှုလက်မှုခန်းမမှ လာကြခြင်း ဖြစ်၍ ထိုသူများကိုလည်း ချင်မူတို့နှင့် တစ်ကျောင်းတည်းသားများအဖြစ် သတ်မှတ်၍ ရသည်။
စက်မှုလက်မှုဝန်ကြီးဌာနတွင် အာဏာအရှိဆုံးမှာ စက်မှုလက်မှုဝန်မင်း ဖြစ်ပြီး သူ့အောက်တွင် လက်ထောက်ဝန်မင်း ရှိ၏။ ထိုလက်ထောက်ဝန်မင်းနေရာကို ရယူထားသူမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စက်မှုစံအိမ်သခင် ဖြစ်သည်။
စက်မှုလက်မှုဝန်ကြီးဌာန၏ လက်အောက်တွင် မြို့ပြတည်ဆောက်ပြုပြင်ရေးအတွက် မြို့ပြဌာနခွဲ၊ မြေအကျယ်အဝန်း တိုင်းတာခွဲဝေရေးအတွက် မြေတိုင်းဌာနခွဲ၊ သီးပင်စားပင် စိုက်ပျိုးရိတ်သိမ်းရေးအတွက် လယ်ယာဌာနခွဲ၊ ရေကြောင်းထိန်းသိမ်းရေးအတွက် ရေကြောင်းဌာနခွဲဟူ၍ ဌာနခွဲလေးခု ရှိ၏။
ဤဌာနခွဲလေးခုရှိ ဝန်မင်းအများစုမှာ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင်၊ လက်ထောက်စံအိမ်သခင်များ ဖြစ်ကြသည်။ အရာရှိအတော်များများသည်လည်း သူတို့၏ တပည့်ဂိုဏ်းသားများ ဖြစ်ပြီး ကျန်တစ်ဝက်ခန့်သာ နန်းတွင်းကောလိပ်မှ ဘွဲ့ရလာသော ကျောင်းတော်သားများ ဖြစ်ကြ၏။
စက်မှုလက်မှုဝန်ကြီးဌာန၏ ရာထူးနေရာအားလုံးနီးပါးကို ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် နန်းတွင်းကောလိပ်က ရယူပိုင်ဆိုင်ထားသည်။
လေ့လာသင်ယူထားသမျှကို လက်တွေ့အသုံးချနိုင်ရန် လိုအပ်သည်ဖြစ်ရာ စက်မှုစံအိမ်၊ လက်မှုစံအိမ်၊ စိုက်ပျိုးရေးစံအိမ်၊ မိုးစံအိမ်၊ လယ်သမားစံအိမ်ရှိ လူများမှာ စက်မှုလက်မှုဝန်ကြီးဌာနမှ လိုအပ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများ ဖြစ်လာ၏။ သို့အတွက်ကြောင့် သူတို့အားလုံး နန်းတွင်းသို့ ဝင်ရောက်လာနိုင်ခဲ့ကြခြင်း ဖြစ်သည်။
လင်ယွိရှု ခေါ်ဆောင်လာသည့် နန်းတွင်းအရာရှိများကို မြင်သောအခါ ချင်မူ့မျက်နှာတွင် ထူးဆန်းသည့် အမူအရာ ပေါ်ထွက်လာ၏။ ထိုသူအများစုက သူ့ကောင်းကင်နတ်ဆိုးဂိုဏ်းမှ လူများ ဖြစ်နေသည် မဟုတ်လား။
ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်၊ ယွင်ချွယ်၊ ဝေ့ယုံ၊ စစ်ယွင်ရှန်းတို့လည်း ကသုတ်ကရက် ရောက်ရှိလာကြသည်။ ချန်ဝမ်ယွင်၏ မျက်နှာက ဆိုးဆိုးရွားရွား ညိုမည်းရောင်ကိုင်းနေသော်လည်း လွန်စွာ ကျေနပ်ပီတိဖြစ်သည့် အမူအရာ ရှိနေ၏။
စစ်ယွင်ရှန်းမှာလည်း လင်ယွိရှု ခေါ်ဆောင်လာသည့် နန်းတွင်းအရာရှိများကို မြင်သောအခါ အံ့အားသင့်သည့် အမူအရာပေါ်ထွက်လာသည်။ သူက ချင်မူ့ကို တိတ်တဆိတ် လှမ်းမေးလိုက်၏။ “ဂိုဏ်းသခင်၊ အိမ်ရှေ့မင်းသားကလည်း ကျွန်မတို့လူလား…”
ချင်မူ့ရင်ထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး လင်ယွိရှုကို မေးလိုက်သည်။ “အရှင့်သား၊ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာကို ကြားဖူးပါသလား…”
လင်ယွိရှုက သူ့ကို ပြန်မဖြေချေ။ “အားလုံးရောက်ပြီဆိုတော့ ခရီးစကြစို့… ခမည်းတော် ဒီတစ်ခေါက်ပေးအပ်လိုက်တဲ့ တာဝန်က ငါတို့အင်ပါယာရဲ့ ပြည်နယ်အားလုံးကို သွားပြီး ရေမြေအနေအထားကို စစ်ဆေးဖို့ပဲ၊ ကပ်ဘေးကျပြီးတဲ့နောက်မှာ ရေကြောင်းထိန်းသိမ်းရေးတွေ၊ မြို့ပြခံတပ်တွေ၊ မြေဆီလွှာအနေအထားတွေ၊ ကောက်ပဲသီးနှံထွက်ရှိမှုတွေ အဆင်ပြေရဲ့လား ကြည့်ကြရမယ်… နေရာတစ်နေရာ ရောက်တာနဲ့ ငါက အဲဒီကအရာရှိတွေကို စုံစမ်းမေးမြန်းမယ်၊ မင်းတို့က ရေမြေရိက္ခာမြို့ပြခံတပ် အခြေအနေတွေကို သွားစစ်ဆေး၊ ပြီးရင် သူတို့ပြောတဲ့စကားတွေ မှန်၊ မမှန် တိုက်စစ်ကြည့်ကြမယ်…”
အားလုံးသော အရာရှိများက သူ့အမိန့်ကို နာခံကြ၏။
လင်ယွိရှုက ဆက်ပြောလိုက်သည်။ “ဘယ်ပြည်နယ်ကိုပဲရောက်ရောက် ရေမြေအနေအထား၊ မြို့ပြခံတပ် တစ်ခုခု ပြုပြင်ဖို့လိုတာပဲဖြစ်ဖြစ်၊ အရာရှိတွေက မြေယာတွေကို အတင်းအဓမ္မ သိမ်းပိုက်ထားတာပဲဖြစ်ဖြစ်၊ စားနပ်ရိက္ခာ မလုံလောက်တာပဲဖြစ်ဖြစ် အားလုံးကို အမှန်အတိုင်း တင်ပြရမယ်…”
စက်မှုလက်မှုဝန်မင်းက လျှောက်တင်လိုက်၏။ “အရှင့်သား၊ တိုင်းပြည်က အပြောကျယ်ပြီး ပြည်နယ်တွေက များပြားတာဆိုတော့ အားလုံးကို ကြည့်ရှုစစ်ဆေးဖို့ဆိုရင် နှစ်နှစ်သုံးနှစ်လောက် အချိန်ယူရမှာ စိုးရွံ့မိပါတယ်…”
လင်ယွိရှုက ပြုံးလိုက်သည်။ “အဲဒါကြောင့် မြန်မြန်သွားနိုင်တဲ့ သင်္ဘောပျံတစ်စင်း ရှာထားတယ်၊ မကြာခင် ရောက်လာလိမ့်မယ်… ဒီသင်္ဘောက ငါတို့အင်ပါယာတစ်ခုလုံးမှာ အမြန်ဆုံးသင်္ဘောပဲ၊ တိမ်လိုက်သင်္ဘောလို့ ခေါ်တယ်… အဲသင်္ဘောကို တည်ဆောက်ထားတဲ့လက်ရာက အတော်ကောင်းတယ်လို့ ပြောရမယ်၊ ရောက်လာရင် ဆေးမီးဖိုကို မင်းတို့ ကြည့်ကြည့်ကြ၊ ပြီးတော့ ကိုယ်ထည်ကိုလည်း သံနဲ့လုပ်ထားတာ…”
စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိများစွာမှာ ထူးဆန်းသော အမူအရာများ ဖြစ်သွားပြီး ချောင်းတဟွတ်ဟွတ် ဆိုးလိုက်မိကြ၏။ အချို့မှာ ချင်မူ့ကိုပင် လှမ်းကြည့်လာကြသည်။
ချင်မူလည်း ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ အိမ်ရှေ့မင်းသားပြောသည့် သင်္ဘောမှာ ဖန်းယွင်ရှောင်၏ တိမ်လိုက်ဓားပြသင်္ဘော ဖြစ်ဟန်ရှိ၏။ ချင်မူက ထိုကဲ့သို့ သင်္ဘောပျံငါးစီး တည်ဆောက်ခဲ့ပြီး သင်္ဘောအကြီးသုံးစီးမှာ ကောင်းကင်နတ်ဆိုးဂိုဏ်းအပိုင် ဖြစ်သည်။ ကျန်သည့် အသေးနှစ်စီးမှာတော့ ချင်မူနှင့် ဖန်းယွင်ရှောင်တို့ တစ်စီးစီ ယူထားခဲ့ကြ၏။
ထိုသင်္ဘောကို တည်ဆောက်ခဲ့သူများမှာ ဤနေရာတွင် ရှိနေသော စက်မှုလက်မှုဝန်ကြီးဌာန၏ အရာရှိများသာ ဖြစ်သည်။
‘နောက်မင်းဆက်ရဲ့ ဧကရာဇ်က ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မင်းဖြစ်ဖြစ်၊ လက်ဝဲရံ၊ လက်ယာရံဖြစ်ဖြစ် လုပ်ခိုင်းလို့ ရလောက်ပြီ…’ ချင်မူ စိတ်ထဲမှ တွေးလိုက်မိ၏။ ‘အိမ်ရှေ့မင်းသားယွိရှုက ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ တကယ်ရေစက်ပါတာပဲ…’
စက်မှုစံအိမ်သခင်က ချင်မူ့ကို တိတ်တဆိတ် ပြောပြသည်။ “ဂိုဏ်းသခင်၊ ပြီးခဲ့တဲ့ နှစ်ရက်လောက်က လက်ထောက်စံအိမ်သခင်ဖန်း ကျွန်တော့်ကို လာရှာပြီး သင်္ဘောအကြီးနဲ့ လဲခိုင်းလို့ အံ့ဩနေတာ… လက်စသတ်တော့ သူက အိမ်ရှေ့မင်းသားနဲ့ စီးပွားရေးလုပ်နေတာကိုး…”
ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွား၏။
လင်ယွိရှုနှင့် ကျန်သူများ တစ်ခဏမျှ စောင့်ဆိုင်းနေပြီးနောက် သစ်သားရောင် သင်္ဘောတစ်စီး တအိအိ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ သင်္ဘောက တဖြည်းဖြည်း နိမ့်ဆင်းလာပြီး နန်းတွင်းကောလိပ်၏ တောင်တံခါးမုခ်ဝရှေ့တွင် ရပ်တန့်သွားသည်။
ဖန်းယွင်ရှောင်နှင့် ဓားပြများက သပ်သပ်ယပ်ယပ် ဝတ်စားဆင်ယင်၍ သင်္ဘောဦးထိပ်တွင် ရပ်နေရင်းမှ တလေးတစား နှုတ်ခွန်းဆက်သလိုက်၏။ “အရှင့်သား… ဂိုဏ်းသခင်အထွတ်အမြတ်ဆရာ…”
လင်ယွိရှုမှာ ချင်မူ့ကို တစ်မုဟုတ်ချင်း လှည့်ကြည့်လိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ဒီသင်္ဘောက မင်းတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ သင်္ဘောလား… တောင်းတဲ့ဈေးက ကြီးချက်၊ တကယ့်ကို စိတ်ဓာတ်မကောင်းတာပဲ…”
ချင်မူက သူ့ကို နှစ်သိမ့်လိုက်၏။ “အရှင်သား မသိသေးလို့ နေမယ်… သူတို့က ဓားပြလုပ်ခဲ့တာဆိုတော့ စိတ်ဓာတ်သိပ်မကောင်းကြဘူး…”
လင်ယွိရှုမှာ မည်သို့ ပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
အားလုံး သင်္ဘောပေါ် တက်ပြီးချိန်တွင် နန်းတွင်းကျောင်းတော်သားတစ်ဦး အပြေးအလွှား ရောက်ရှိလာ၏။ “နောက်ကျသွားတယ်ဗျို့…” ထိုကျောင်းတော်သားက ချောမောလှပသော လူငယ်လေး ဖြစ်သည်။
လင်ယွိရှုက ကမန်းကတန်း ပြေးသွားပြီး လေသံတိုးတိုးဖြင့် မေးလိုက်၏။ “ညီမတော်၊ ဒီကို ဘာလာလုပ်တာလဲ…”
ထိုခပ်ချောချော လူငယ်လေးမှာ ယောက်ျားပျိုတစ်ဦးကဲ့သို့ ဝတ်စားထားသည့် လင်ယွိရှို့မှလွဲ၍ မည်သူများ ဖြစ်နိုင်ဦးပါမည်နည်း။ သူက ပြုံး၍ ပြောလိုက်သည်။ “အစ်ကိုတော်က လိုက်ခွင့်မပြုတော့ ခမည်းတော်ဆီ သွားခွင့်တောင်းပြီး လိုက်လာတာပေါ့… နွားကျောင်းသား….”
သူက လင်ယွိရှုကို ဂရုမစိုက်တော့ဘဲ ချင်မူ့ဘေးသို့ ပြေးသွားပြီး မျက်လုံးများ ပိတ်ကျသည်အထိ ပြုံးလိုက်၏။ “ငါ့ကို မှတ်မိလား…”
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ “ခပ်ဝဝ… မိန်းကလေးယွိရှု…”
လင်ယွိရှို့၏ အမူအရာက ဒေါသဖြစ်ရာမှ ရွှင်မြူးသည့်အသွင်သို့ ကူးပြောင်းသွားပြီး ရင်မူ့ရင်ဝကို လက်သီးဖြင့် ထိုးလိုက်၏။ “နင် အဲစကားပြောရဲရင် သင်္ဘောပေါ်ကနေ ကန်ချပစ်မယ်…”
လင်ယွိရှုမှာ သူ့ညီမ ချင်မူ့ရင်ဝသို့ လှမ်းထိုးလိုက်သည်ကို မြင်၏။ ထိုလက်သီးချက်က ပြင်းထန်သယောင် ထင်ရသော်လည်း အမှန်တကယ်တမ်းတွင် အားမပါချေ။ သူ့စိတ်ထဲမှ ကျိတ်၍ ညည်းညူမိလိုက်သည်။ ဤကောင်မလေးက သူ့စကားကို ပို၍ ပို၍ မနာခံတော့။
စစ်ယွင်ရှန်းက ချင်မူ့ဘေးသို့ ရောက်လာပြီး လင်ယွိရှို့ကို ကြည့်ကာ တစ်ချက်ပြုံးပြ၍ မည်သည်ကိုမျှ မပြောဘဲ နဂါးချီလင်နှင့် ဆော့ကစားနေ၏။
လင်ယွိရှို့က စစ်ယွင်ရှန်းကို ပြန်ကြည့်ရင်း မျက်ဝန်းထဲတွင် အရောင်တစ်ချက် လက်သွားသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “နွားကျောင်းသား၊ ငါ ဝတ်စုံသွားလဲလိုက်ဦးမယ်…”
လင်ယွိရှုက ကမန်းကမန်း အပြေးရောက်လာပြီး ပြောလိုက်သည်။ “ညီမတော်၊ ယောကျ်ားလေးဝတ်စုံက ကောင်းပါတယ်၊ အတော်ကောင်းတယ်၊ ညီမလေးနဲ့ လိုက်ဖက်နေတာပဲ…”
“တကယ်လား…”
လင်ယွိရှုက ခပ်လေးလေး ခေါင်းညိတ်လိုက်၏။
သင်္ဘောပျံက ကောင်းကင်ယံသို့ ပျံတက်၍ လီသုံးရာခန့် မောင်းနှင်ပြီးသောအခါ ကျာကျိုးပြည်နယ်သို့ ရောက်ရှိလာသည်။ ဤနေရာက အရှေ့ပင်လယ်၏ အရှေ့ဘက် လီနှစ်ထောင်အကွာ၊ ထူမြစ်အောက်ဘက်တွင် တည်ရှိသည်။ စက်မှုလက်မှုဝန်ကြီးဌာနက ထူမြစ်ကို ဖြတ်၍ လီနှစ်ဆယ်ခန့် ရှည်လျားသော တံတားကြီးတစ်စင်း ဆောက်ထား၏။
သင်္ဘောပေါ်မှ အောက်သို့ ငုံ့ကြည့်သောအခါ ထိုတံတားအလယ်မှ အစိတ်အပိုင်းများ အားလုံး မရှိတော့ကြောင်း တွေ့ရသည်။ ဆီးနှင်းကပ်ဘေးကြောင့် မြစ်ကြောင်းတစ်လျှောက်၌ ရေခဲတုံးကြီးများ ဖွဲ့တည်လာပြီး တံတားကို တိုးတိုက်ဖျက်ဆီးသွားသည့်အတွက် ဤသို့ ပျက်စီးသွားရခြင်း ဖြစ်နိုင်၏။
မြစ်ကြောင်းတစ်လျှောက် ရေစီးက ကြမ်းလှသည့်အတွက် တံတားကို ပြုပြင်ရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ချေ။
သင်္ဘောက ကျာကျိုးမြို့တော်သို့ သက်ဆင်းလိုက်ပြီး ပြည်နယ်အကြီးအကဲက လင်ယွိရှုကို အပြေးအလွှား လာရောက်ကြိုဆိုသည်။
လင်ယွိရှုက ပြောလိုက်၏။ “အရာရှိမင်း၊ စက်မှုလက်မှုဝန်ကြီးဌာန လက်ထောက်ဝန်မင်းနောက်က လိုက်ပြီး တံတားပြုပြင်ဖို့အတွက် ကောင်းကင်နတ်သိုင်းပညာရှင်တွေ လွှတ်လိုက်ပါ…”
ပြည်နယ်အကြီးအကဲက ကျာကျိုးပြည်နယ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များ အားလုံးကို ဆင့်ခေါ်လိုက်သည်။ ကောင်းကင်နတ်သိုင်းပညာရှင် ရာပေါင်းများစွာက စက်မှုစံအိမ်သခင်နောက်မှ မြစ်ပြင်ထက်သို့ လိုက်လာကြ၏။ ချင်မူတို့လည်း လိုက်သွားကြသည်။
ဤမျှ ရေစီးသန်လှသောနေရာတွင် တံတားကို မည်သို့ ပြုပြင်မည်နည်းဟု တွေးနေစဉ်တွင်ပင် စက်မှုစံအိမ်သခင်က သူ့နောက်မှ ကောင်းကင်နတ်သိုင်းပညာရှင်များကို အော်ဟစ်အမိန့်ပေးလိုက်၏။ ကြီးမားသော စွမ်းအားတစ်ရပ် တစ်ရှိန်ထိုးပေါ်ထွက်လာပြီး ထူမြစ်ထဲရှိ မြစ်ရေများက တစ်မုဟုတ်ချင်း အပေါ်သို့ မြောက်တက်သွားသည်။ မြစ်ရေက လေထဲတွင် ငါးလီ၊ ခြောက်လီခန့် ခပ်ကွေးကွေးစီးဆင်းပြီးမှ မြစ်ကြောင်းထဲသို့ ပြန်ကျသွား၏။
ထိုငါးလီ၊ ခြောက်လီ ဧရိယာအတွင်းတွင် မြစ်ရေများ မရှိတော့သကဲ့သို့ မြစ်ကြမ်းပြင်မှ နုန်းများပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။ ရှိသမျှရေအားလုံးကို ကောင်းကင်နတ်သိုင်းပညာရှင် ရာချီက စုပ်ယူဖယ်ရှားပစ်လိုက်ပြီ ဖြစ်သည်။
“အားလုံး၊ တံတားဆက်ဖို့ ကျောက်တုံးတွေ အရည်ကျိုကြ…”
စက်မှုစံအိမ်သခင် အမိန့်ပေးလိုက်သောအခါ မီးငှက်ခန္ဓာရှိသည့် ကောင်းကင်နတ်သိုင်းပညာရှင်များ ရှေ့ထွက်လာပြီး မြစ်ကြမ်းပြင်ထက်တွင် မီးဖိုကြီးများ ချ၍ ကျောက်တုံးများ ပစ်ထည့်ကာ သူတို့၏ မီးဓာတ်ကောင်းကင်နတ်သိုင်းဖြင့် ချော်ရည်ဖြစ်သည်အထိ မီးတိုက်အပူပေးကြ၏။ ထို့နောက် စက်မှုလက်မှုဝန်ကြီးဌာနမှ အခြားအရာရှိတစ်စု ထွက်လာပြီး ချော်ရည်ပူများကို ကျောက်တိုင်ကြီးများအဖြစ် ပုံသွင်း အအေးခံလိုက်ကြသည်။
အတန်ကြာသောအခါ မြစ်ကြမ်းပြင်တွင် ကျောက်တိုင်ကြီးများ ထူ၍ ပြီးသွား၏။ အခြားအရာရှိများက မြစ်ကမ်းဘေးရှိ တောင်ပေါ်မှ ကျောက်တုံးများကို ခွဲခြမ်းဖြတ်တောက်၍ သယ်လာပြီး စနစ်တကျ စီလိုက်သည်။
နှစ်နာရီခန့်ကြာသောအခါ တံတားကြီး ပြန်ဆက်ပြီးသွား၏။
ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွားပြီး ကျိတ်၍ ရေရွတ်လိုက်မိသည်။ “တကယ့်ကို အဆန်းတကြယ်ပါလား၊ ထိပ်တန်းလက်ရာပဲ…”