အလောင်းဘုရင်
Vol. 162 Ch. 2298
အားလုံးက သခင်လော့၏စကားကို လျစ်လျူရှုထားလိုက်ကြသည်။ အုတ်ဂူထဲမှ တေးသွားများထွက်ပေါ်လာရာမှ လှုပ်ရှားမှုတချို့ ရှိနေ၏။ တေးသွားသည် အလောင်းကောင်များနှင့် အလောင်းဘုရင်ကို သွားရောက်နှိုးဆွနေသည်။ အလောင်းဘုရင်သည် အသက်ဝင်လာဟန်ရ၏။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ့ထံမှ စတင်ဖြစ်ပေါ်လာနေ၏။
ချက်ချင်းပင် တေးသွားမုန်တိုင်းသည် လေဟာနယ်တစ်ခုလုံးကို လွှမ်းခြုံလာသည်။ ထိုနယ်ပယ်ထဲ၌ ရှိနေသူများအားလုံးမှာ မမြင်ရသော အားတစ်ခုအား ခံစားမိကြ၏။
တန်ခိုးရှင်များက လှည့်ပတ်ကြည့်ရှုရာ နေရာတိုင်း၌ တေးသွားများကို ခံစားမိကြ၏။ တေးသွားသည် သူတို့၏နားစည်ကို တိုးဝင်လာပြီး သူတို့၏ခံစားချက်များကို ပဲ့တင်ထပ်စေသည်။ သူတို့မှာ တေးသွား၏ဝိညာဉ်ထံ၌ လွှမ်းမိုးခံရဟန်ရှိသည်။ သူတို့၏စိတ်နှလုံးအတွင်းမှ ဝမ်းနည်းပူဆွေးမှုသည် အလိုအလျောက် ဖြစ်ပေါ်လာ၏။
“သတိထားကြ…” လူအများအပြားက အချင်းချင်း သတိပေးကြသည်။ ပြင်းထန်သော စိတ်ခံစားချက်က သူတို့၏အသွေးအသားနှင့် ဝိညာဉ်ကို တိုက်ရိုက်သက်ရောက်စေကာ ပြင်းပြင်းထန်ထန် ခံစားရစေသည်။
ဝမ်းနည်းမှု၊ စိတ်ပျက်အားငယ်မှုနှင့် ကူရာမဲ့သော ခံစားချက်များသည် ရုန်းကုန်သော်လည်း ထွက်ပြေးလွတ်မြောက်ခြင်းငှာ မတတ်နိုင်ချေ။ ထိုပြင်းထန်သော စိတ်ခံစားချက်များသည် သူတို့၏စိတ်နှလုံးသားနှင့် ဝိညာဉ်ကို တိုက်ခိုက်၏။ အနှုတ်ဆန်သော စိတ်ခံစားချက်များသည် သူတို့အား အဆုံးမဲ့သော ချောက်နက်ထဲသို့ ဆွဲချနေသည်။
“ဒါက ကောင်းကင်တေးသွားလား”
သခင်လော့၏စိတ်မှာလည်း ထိုသို့ ဖြစ်နေသည်။ သူသည် တေးသွား၏စွမ်းအားကို အံ့အားသင့်နေမိ၏။ ဤသည်ကား ကောင်းကင်တေးသွား၏သက်ရောက်မှုဖြစ်သည်။ ၎င်းသည် တန်ခိုးရှင်တို့အား တိုက်ရိုက်တိုက်ခိုက်ခြင်းမဟုတ်ဘဲ သူတို့၏စိတ်ကိုသာ အဆုံးမဲ့သော ချောက်နက်ထဲသို့ ဆွဲခေါ်သွားစေနိုင်သည်။ တနည်းတဖုံအားဖြင့် ၎င်းသည် တန်ခိုးရှင်များကို ဖျက်ဆီးနိုင်သည်။
လူသားတို့ဟူသည် စိတ်ခံစားချက်မှ မည်သည့်အခါမျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
တန်ခိုးရှင်တိုင်းမှာ သူတို့၏ကိုယ်ပိုင် နောက်ခံသမိုင်းပုံပြင်များ ရှိကြသည်။ သူတို့မှာ ရန်ဟောင်အဆင့်သို့ မရောက်မှီ မရေမတွက်နိုင်သော အခက်အခဲများနှင့် စတေးမှုများကို ကျော်ဖြတ်ကြရသည်။ သူတို့က စိတ်သဏ္ဍာန်ကို တည်ဆောက်ကာ စိတ်ခံစားချက်ကို ချိုးနှိမ်နိုင်ကြသော်လည်း အလုံးစုံ မေ့လျော့ရန်ကား မဖြစ်နိုင်။
ကောင်းကင်တေးသွားသည် သူတို့၏စိတ်နှလုံးအတွင်းတစ်နေရာ၌ ပုန်းကွယ်နေသော ထိုခံစားချက်များကို နှိုးဆွနိုင်ကာ သူတို့အား အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုကို ခံစားရစေသည်။ ၎င်းသည် လူတစ်ယောက်၏စိတ်ဓာတ်ကို လုံးဝ ဖျက်ဆီးပစ်နိုင်၏။ တေးသွားမည်မျှ အားကောင်းသည်ဆိုသည်ကား တီးခတ်သူအပေါ် မူတည်ပေသေးသည်။
ရီဖူရှင်းလည်း ထိုနည်းတူဖြစ်သည်။ သူ၏စိတ်နှလုံးမှာ အလွန်တည်ကြည်ခိုင်မာ၏။ သို့သော်လည်း တေးသွားကို နားထောင်မိသည်နှင့် ၎င်းသည် သူမေ့လျော့ထားသော ဝမ်းနည်းပူဆွေးမှုများအားလုံးကို နှိုးဆွသည်။ သူသည် ငယ်ရွယ်နုပျိုသော အချိန်အခါသို့ ပြန်ရောက်သွားဟန်ရှိသည်။ သူ၏ဆရာဘိုးဘိုးနှင့် ဆရာကို သူမြင်သည်။ ထိုစဉ်က ကူရာမဲ့သော ခံစားချက်ကို ပြန်ရသည်။ သူသည် ရှီခန်းမသို့ ရောက်သွားကာ ဂျီယူ၏သေဆုံးခြင်းကို ထပ်မံ ကြုံတွေ့ခံစားရသည်။
ပြင်းထန်သော နာကျင်ခံစားမိသည် သူ၏ဝိညာဉ်အတွင်းမှ ပြန်လည်နိုးထလာသည်။ သူသည် ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝ ကင်းမဲ့သွားဟန်ရသည်။ ခံစားချက်ကား ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းသည် အမှန်ပင် ထိုသို့သော ကြောက်စရာကောင်းသော သက်ရောက်မှုများ ရှိ၏။
“မဟုတ်ဘူး…” ရီဖူရှင်းက စိတ်တွင်းမှ အော်ဟစ်မိသည်။ သူ့အနေဖြင့် မလွတ်မြောက်နိုင်ပါက အန္တရာယ်နှင့် ကြုံတွေ့နိုင်သည်။ သူ၏စိတ်သည် အဆုံးမဲ့သော ဝမ်းနည်းခြင်း၌ မည်သည့်အခါမှ နိုးထနိုင်တော့မည် မဟုတ်ပေ။
ထိပ်သီးတန်ခိုးရှင်တစ်ဦး တီးခတ်သော ထိုတေးသွားသည် ဤမျှ စွမ်းအားကြီးပါသလား။ ယခု မည်သူက တီးခတ်နေပါသနည်း။
ထိုအခိုက်တွင် သူသည် သခင်လော့ကဲ့သို့ တူညီသော ကောက်ချက်တစ်ခုကို ချမိသည်။ မဟာအင်ပါယာသည် အမှန်တကယ် အသက်ရှင်နေသေးသလော။
ဤတေးသွားကို မည်သူက တီးခတ်နိုင်ပါမည်နည်း။
ရီဖူရှင်းထံမှ မဟာလမ်းစဉ်စွမ်းအားများ ဖြာထွက်လာသည်။ သူ့ခန္ဓာကိုယ်မှ တေးသွားသင်္ကေတများ ထွက်ပေါ်လာကာ လှည့်ပတ်ကခုန်လျှက် ကောင်းကင်တေးသွားကို တန်ပြန်ခုခံကြ၏။
ထိုစဉ် ရှေးဟောင်းအလောင်းကောင်များ စတင်လှုပ်ရှားကြသည်။ သည်တစ်ကြိမ်တွင်ကား သူတို့က ပရမ်းပတာ တိုက်ခိုက်ခြင်း မပြုကြတော့။ ထိုအစား သူတို့က အလောင်းဘုရင်၏နောက်သို့ ညီညီညာညာ လိုက်နေကြသည်။
အလောင်းဘုရင်သည် လေထဲတွင် ရပ်နေ၏။ တခြားသော အလောင်းကောင်များသည်လည်း သူ့အနီးတွင် ပေါ်လာသည်။
အလောင်းဘုရင်သည် စစ်မှန်သော ကျင့်ကြံသူတစ်ဦးနှင့် တူနေသည်။ သူက လက်ကိုမြောက်လိုက်သည်တွင် တေးသွားမုန်တိုင်းသည် လှုပ်ရှားသွား၏။ ချက်ချင်းပင် မရေမတွက်နိုင်သော ဓားအသိများသည် ကောင်းကင်၌ ဖြစ်ပေါ်လာသည်။ ဓားများထံမှ ဝမ်းနည်းပူဆွေးသော အငွေ့အသက်များကို ရ၏။
တခြားအလောင်းကောင်များကလည်း ထိုနည်းတူ ပြုမူလှုပ်ရှားကြ၏။ ထိုနေရာတစ်ခုလုံးသည် ဝမ်းနည်းစရာကောင်းသော ဓားသံများဖြင့် ဆူညံနေသည်။
ဟူး…
အလောင်းဘုရင်က တန်ခိုးရှင်များထံသို့ လက်ညိုးညွန်လို်သည်။ ချက်ချင်းပင် ဓားများသည် ထိုတန်ခိုးရှင်များထံသို့ ဦးတည်ပျံသန်းလာကြတော့သည်။
ထိုဓားများသည် တစ်စုံတစ်ယောက်၏စိတ်ဝိညာဉ်ကို ဖျက်ဆီးနိုင်စွမ်း၏။ မမြင်ရသော စွမ်းအားများသည် ဓားနှင့်အတူ ကပ်ပါလာခဲ့ကာ အသွေးအသားနှင့် ဝိညာဉ်တို့ကိုပါ တိုက်စားဖျက်ဆီးသည်။
“သတိထား…” ရန်ဟောင်ချန်းက သတိပေးကာ ရီဖူရှင်းဘေးသို့ ရောက်လာသည်။ ကြယ်အလင်းများသည် ဘေးပတ်လည်သို့ ဖြန့်ကျက်ကာရံသွား၏။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအား ကြယ်အလင်းများက ကာကွယ်ပေး၏။
ဝုန်း…
အဆုံးမဲ့သော ဓားများသည် ကြယ်အရံအတားကို ပြင်းထန်စွာ တိုက်ခိုက်၏။ ဓားများကြောင့် အရံအတားမှာ ပြင်းထန်စွာ တုန်ခါနေသည်။ တဖြေးဖြေး အရံအတားမှာ အက်ကြောင်းများဖြစ်လာ၏။ တစ်ဘက်တွင် ကြောက်မက်ဖွယ် တေးသွားသည် တန်ခိုးရှင်တို့၏စိတ်အာရုံကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးစားလာနေသည်။
တခြားတစ်ဘက်တွင် အင်အားစုများကလည်း အပြင်းအထန် ခုခံနေကြရသည်။ ထိပ်သီးတန်ခိုးရှင်များမှာပင် အန္တရာယ်၏အငွေ့အသက်ကို ရကြရ၏။ တချို့မှာ နတ်ဘုရားကဒ်ဘေးအဆင့် တန်ခိုးရှင်များ၏အကာအကွယ်ကို ယူကြရ၏။
ထိုအခိုက်တွင် ရှေးဟောင်းအလောင်းများသည် စတင်လူခွဲကြ၏။ သူတို့က အရိပ်မျက်နှာအသီးသီးမှ တန်ခိုးရှင်များထံသို့ ဦးတည်ပြေးလွှားကြသည်။ အလောင်းဘုရင်သည်သာ မူလနေရာတွင် ကျန်ရစ်သည်။ သူ၏အကြည့်က ခံစားချက်ကင်းမဲ့သည်။ သူသည် သေလူဖြစ်ရာ ပုံမှန်အားဖြင့် မည်သည့်ခံစားချက်မှ ရှိမည် မဟုတ်ပေ။
အလောင်းဘုရင်က တစ်နေရာကို ကြည့်သည်။ ထိုနေရာတွင် ကောင်းကင်ဒေသမှ ထိပ်သီးတန်ခိုးရှင်တစ်ဦး ရှိသည်။ သူက လက်ဝါးတစ်ချက် ထိုလူထံသို့ ရိုက်ထုတ်လိုက်၏။ ဧရာမလက်ဝါးပုံရိပ်သည် ဝမ်းနည်းဖွယ်အငွေ့အသက်တို့ဖြင့် ထိုလူထံသို့ တိုးဝင်သွား၏။
ထိုတန်ခိုးရှင်က ကြောက်လန့်တကြား နောက်ဆုတ်၏။ သို့သော်လည်း ဝမ်းနည်းဖွယ်အငွေ့အသက်သည် သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ကာ ဘန်းခနဲမြည်သံနှင့်အတူ လက်ဝါးက သူ့အား ထိရိုက်မိ၏။ သူ့ခန္ဓာသည် အဝေးသို့ လွင့်စင်သွားကာ သူ့ဝိညာဉ်သည်လည်း ပြိုကွဲပျက်စီးသွားတော့သည်။ သူကား လက်ဝါးတစ်ချက်ဖြင့် အသတ်ခံလိုက်ရသည်။