ကျေးဇူးသိတတ်စမ်းပါ၊ ငယ်ကျွန်ကြီးရ
Vol. 56 Ch. 777
" ဘာလဲဟ " ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး ထိုလူငယ်လေးအား မယုံသင်္ကာ ဖြစ်နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်၏။ ထို့အပြင် သူသည် ထိုလူငယ်လေး၏ လက်ကိုင်ပဝါကိုလည်း ရှောင်တိမ်းလိုက်သေးသည်။ သူသည် ၎င်းမှာ အစွမ်းထက် ဓမ္မအဆောင်ပစ္စည်းတစ်ခုခု ဖြစ်နေမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
အမှန်အတိုင်း ဆိုရလျှင် ထိုလူငယ်လေးပေါ်ပေါက်လာသည့် ပုံစံမှာ ထူးဆန်းလွန်းနေ၏။ တစ်ချိန်ထဲမှာပင် ဂြိုဟ်ငါးလုံး ရှိနေသည့် အလင်းစက်လုံးကြီး ပျောက်ကွယ်မသွားခင်တုန်းက ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားနေခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုတွင် သူသည် သတိဝီရိယအပြည့် ရှိနေ၏။ ထို့နောက် သူသည် ဤလူငယ်လေးမှာ ကျိုးရိရှန်နှင့် အခြေအနေ မတူနိုင်ကြောင်း ကောက်ချက်ချလိုက်သည်။ ကျိုးရိရှန်မှာလည်း ဤနေရာသို့ တည်နေရာပြောင်းရွှေ့ခံခဲ့ရသည့်တိုင်အောင် သူ၏အမြင်တွင်မူ ထိုလူငယ်လေးမှာ ပို၍ထူးဆန်းသည့်ပုံ ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာ လက်ကိုင်ပဝါတစ်ခုကို ပစ်လွှတ်ကာ ရန်သူများအား တိုက်ခိုက်သည့် တိုက်ကွက်မျိုးကို ထုတ်မသုံးဖူးပါသော်လည်း အလားတူ နည်းဗျူဟာများနှင့် ရင်းနှီးနေပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုလူငယ်လေးမှာ အန္တရာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ သို့ဖြစ်ရာ သူသည် နောက်သို့ဆုတ်ခွာသွားရင်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင်မြန်းလိုက်သောကြောင့် သူ၏ပုံပန်းသွင်ပြင်မှာ လုံးဝပြောင်းလဲသွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ ကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ထို့နောက် သူသည် ကမ္ဘာပေါ်သို့ ရောက်ရှိလာသည့် နတ်ဆိုးတစ်ပါးကဲ့သို့ အော်မေးလိုက်တော့သည် " မင်း ဘယ်သူလဲ "
သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပနေသလို အားကောင်းသော ဖိနှိပ်စွမ်းအားများကိုလည်း ထုတ်လွှတ်နေ၏။ ထို့ကြောင့် သူ၏ရှေ့တွင် ရှိနေသည့် လူငယ်လေးမှာ ရင်ခုန်နှုန်းများ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာရတော့သည်။ သူသည် အန္တရာယ်များကို အာရုံခံမိလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာသွား၏။ ထို့အပြင် သူသည် အလွန်အင်မတန်မှ စိုးထိတ်နေသည့် အမူအရာဖြင့် တံတွေးများပင် မျိုချမိနေတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ အလျင်အမြန် ဆိုလိုက်၏။
" အို လူသား။ ဘာမှ စိတ်မပူပါနဲ့။ ငါ မင်းကို ဘာမှ မလုပ်ပါဘူး " သူသည် အားပျော့နေသည့်လေသံဖြင့် ထိုသို့ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း စိုးရိမ်တုန်လှုပ်နေသည့် အရိပ်အယောင်များကို အထင်းသားမြင်နိုင်ပေသည်။
" ဟန်ဆောင်ကောင်းလှပါလား " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများ အရောင်လက်သွားပြီး နှာမှုတ်လိုက်၏။ သူသည် ထိုလူငယ်လေး၏ နောက်ကြောင်းရာဇဝင်ကို မသိပါသော်လည်း ထိုလူငယ်လေးမှာ အားအင်ချည့်နဲ့နေသည့်ပုံစံ ဟန်ဆောင်နေသည် မဟုတ်ပါလော။ အကယ်၍ သူသည် အမှန်တကယ်ပင် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက ထိုစကားလုံးများကို ပြောရဲနေလောက်အောင် စဉ်းစားဆင်ခြင်ဉာဏ် မဲ့နေမည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည်မဟုတ်ပါလော။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် ထိုလူငယ်လေးမှာ အမြုတေအဆင့်တွင် လုံးဝ ရှိမနေနိုင်ကြောင်း ကောက်ချက်ချလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ သုံးနှစ်သား အရွယ်ကတည်းက ထိုလှည့်ကွက်အား သိရှိထားပြီးသားဖြစ်ရာ ပေါ့ဆသွားခြင်း မရှိသည့်အပြင် ပို၍ပင် သတိကြီးကြီးထားလိုက်၏။ ထို့နောက် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်းနေသည့် သူ၏စကားသံကြီး ထွက်ပေါ်လာတော့သည်။
" စကားတစ်ခွန်းမှ မပြောဘူးပေါ့ ဟုတ်လား။ ကောင်းပြီလေ... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် ထိုလူငယ်လေးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ သူ၏ လက်ညှိုးထိပ်မှ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသည့် အလင်းရောင်တစ်မျိုး ထွက်ပေါ်လာကာ အလင်းလှိုင်းတစ်လှိုင်းအသွင် ပြောင်းလဲသွားပြီး ထိုလူငယ်လေးအား လွှမ်းခြုံသွားရန် ပြင်လိုက်တော့သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ လိုရမယ်ရ အနေနှင့် ထိုလူငယ်လေး၏ ဝေးရာသို့ ဆုတ်ခွာသွားလိုက်၏။ သူ နောက်သို့ဆုတ်ခွာသွားစဥ်တွင် ထိုလူငယ်လေးမှာ အော်ဟစ်မြည်တမ်းလိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်အား လှုပ်ရှားကာ ရှောင်တိမ်းရန် ကြိုးစားလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ အလင်းလှိုင်းကြီးမှာ သူ၏အနီးသို့ ချက်ချင်းရောက်ရှိလာပြီး သူ၏ခန္ဓာကိုယ်အား ရိုက်ခတ်သွား၏။
ထို့နောက် ထစ်ချုန်းသံများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ထိုလူငယ်လေးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ သူသည် နောက်သို့ ခြေလှမ်းဒါဇင်ပေါင်းများစွာ လွင့်ထွက်သွားပြီးနောက် အောက်သို့ လဲကျသွား၏။ ထို့နောက် သူသည် မျက်နှာရှုံ့မဲ့မဲ့နှင့် ဝမ်ပေါင်လဲ့အားကြည့်ကာ အော်ဟစ်လိုက်တော့သည်။
" တောက်။ အတင့်ရဲလှပါလားကွ "
" မင်း ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့။ အ... အဆင့်အတန်းမရှိတဲ့ အမှိုက်လိုကောင်။ ငါ့ရဲ့ ဖိနပ်ကို သုတ်ပေးခွင့်ရတာ ဘယ်လောက်တောင်မှ ဂုဏ်ယူစရာကောင်းသလဲဆိုတာ မင်း မသိဘူးလား "
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး သူ၏တိုက်ကွက်ကြောင့် နောက်သို့လွင့်ထွက်သွားရပြီး အောက်သို့ လဲကျသွားသည့်တိုင်အောင် ထိခိုက်ဒဏ်ရာရသွားခြင်း မရှိသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ မှေးသွား၏။ သို့သော် ခဏအကြာတွင် သူသည် ထိုလူငယ်လေး၏ အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် မျက်နှာတစ်ခုလုံး မဲ့ရွဲ့သွားရတော့သည်။
ထို လူငယ်လေး၏ စကားလုံးများမှာ အမှန်တကယ်ပင် နားကြားပြင်းကပ်စရာ ကောင်းနေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးသည် အမှန်တကယ် အစွမ်းထက်နေခြင်း မဟုတ်ပါက စိတ်မနှံ့သည့် အရူးတစ်ယောက်သာ ဖြစ်ရမည်ဟု မှတ်ယူလိုက်တော့သည်။ မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့မှာ ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် လှစ်ခနဲ လှုပ်ရှားကာ ထို လူငယ်လေး၏ရှေ့၌ ပေါ်ပေါက်လာပြီးနောက် သူ၏ ညာဘက်ခြေထောက်ဖြင့် သူ၏ ဝမ်းဗိုက်အား လှမ်းကန်လိုက်တော့သည်။
ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုလူငယ်လေးမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အော်ဟစ်မြည်တမ်းကာ နောက်သို့လွင့်ထွက်သွားရပြီး ဘေးဘက်ရှိ နံရံတစ်ခုနှင့် ဝင်ဆောင့်မိသွားတော့သည်။ သူ ထိုနံရံပေါ်မှ ပြုတ်ကျလာပြီးနောက် သူ၏ အော်ဟစ်မြည်တမ်းသံများမှာ ပို၍ပင်ကျယ်လောင်လာပြီး သူ၏ မျက်နှာအမူအရာမှာလည်း ချုံးပွဲချ ငိုကြွေးတော့မည့်အလား ဖြစ်သွား၏။ သို့သော် သူသည် ဒဏ်ရာအနည်းငယ်လေးပင် ရထားခြင်းမရှိပေ။ သူ အော်ဟစ်မြည်တမ်းနေရခြင်းမှာလည်း ဒဏ်ရာရထားသောကြောင့်မဟုတ်ဘဲ နာကျင်မှုများ ခံစားနေရခြင်းကြောင့်သာ ဖြစ်ပေသည်။
" ငါ့ရဲ့ အင်ပါယာထဲမှာဆိုရင် ဂြိုဟ်အဆင့်ကလူတွေတောင် ငါ့ရဲ့ဖိနပ်ကို သုတ်ပေးခွင့်ရဖို့ တန်းစီပြီး စောင့်ကြရတာကွ။ မင်းလို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ ရာရာစစ ငါ့ရဲ့ဖိနပ်ကို မသုတ်ပေးတဲ့အပြင် ငါ့ကိုပါ တိုက်ခိုက်ရဲရတယ်လို့ " ထိုလူငယ်လေးမှာ မျက်ရည်များ ကျလာပြီး စိတ်ထိခိုက်ကာ ဒေါသထွက်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်ကာ အော်ပြောလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး အော်ဟစ်နေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများပြူးသွား၏။ သူသည် တိုက်ကွက်နှစ်ကွက် ထုတ်သုံးကာ အကဲခတ်ကြည့်ခဲ့ပြီးနောက် ထိုလူငယ်လေးမှာ အမှန်တကယ်ပင် အမြုတေအဆင့်တွင် ရှိနေသည်ဖြစ်ကြောင်း သိခဲ့ရ၏။ သို့သော်လည်း သူ၏ အပြင်ခန္ဓာကိုယ်မှာ ထူးဆန်းလွန်းလှပေသည်။ ၎င်းမှာ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် မန္တန်များကိုပင် ခုခံနိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေသည်မဟုတ်ပါလော။ သို့သော် ထိုလူငယ်လေးမှာ သာမန်လူများထက် နာကျင်မှုများကို ပို၍ခံစားနေရသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ ထိုအချက်အား သတိထားမိလိုက်သောအခါ မျက်လုံးများ မှေးသွား၏။ သူသည် သူ၏ သံသယများကို အတည်ပြုနိုင်ရန် အလို့ငှာ ထိုလူငယ်လေးအား စမ်းသပ်ကြည့်ရန် ပြင်လိုက်စဉ်တွင် ထိုလူငယ်လေးမှာ သူ ခံစားနေရသည့် နာကျင်မှုများကြောင့် ဒေါသငယ်ထိပ်ရောက်သွားပြီး အသံကုန် အော်ဟစ်ကြိမ်းဝါးလိုက်တော့သည်။
" ဝိညာဉ်ကြားခံနယ်အဆင့်မှာပဲ ရှိတဲ့ ငယ်ကျွန်ကြီး။ ကျုပ် ဘယ်သူလဲဆိုတာ ခဗျား သိလား။ ကျုပ်ရဲ့ခမည်းတော် ဘုရင်ကြီးက ဘယ်သူလဲဆိုတာကိုရော ခဗျား သိလား "
ဝမ်ပေါင်လဲ့မှာလည်း ပြည်ထောင်စုဥက္ကဋ္ဌလောင်းကြီးတစ်ယောက် ဖြစ်ရာ ငယ်ကျွန်ကြီးဟု အခေါ်ခံလိုက်ရသောအခါ အမျက်ချောင်းချောင်းထွက်သွား၏။ ထို့ကြောင့် သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ရှေ့သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ပြေးသွားလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် သူ ထုတ်မသုံးခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည့် ကန်ချက်တိုက်ကွက်ကြီးအား ထုတ်သုံးလိုက်တော့သည်။ သူသည် ထိုလူငယ်လေး၏ ပေါင်ကြားတည့်တည့်သို့ ချိန်ရွယ်ကာ လှမ်းကန်လိုက်ခြင်းဖြစ်၏။
" ဒီနေ့ ဖေဖေကြီးက မင်းရဲ့ ခမည်းတော် ဘုရင်ကြီးက ဘယ်သူလဲဆိုတာ သိအောင် ပြပေးရတာပေါ့ " ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ ကြိမ်းဝါးလိုက်ပြီးနောက် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ခဏအကြာတွင် ထိုလူငယ်လေးမှာ အသံမျိုးစုံဖြင့် အော်ဟစ်မြည်တမ်းနေရသောကြောင့် မိုးကောင်းကင်ကြီးပင်လျှင် တုန်ရီနေရတော့သည်။ သူသည် နာကျင်မှုများ ခံစားနေရသည့်နေရာအား လက်နှစ်ဖက်ဖြင့်အုပ်ကာ ဆွေ့ဆွေ့ခုန်နေ၏။
သို့သော် ဝမ်ပေါင်လဲ့၏ စမ်းသပ်မှုမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ထိုလူငယ်လေး ဆွေ့ဆွေ့ခုန်နေစဉ် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်ခြေထောက်ကို မြှောက်ကာ ထိုလူငယ်လေး၏ ပေါင်ကြားထဲသို့ ထပ်၍ ကန်ကျောက်လိုက်ပြန်သည်။ သူသည် ထိုကဲ့သို့ ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့် ဆက်တိုက်ကန်ကျောက်လိုက်ခြင်းဖြစ်၏။
" အဖေ့ကို ဖိနပ်လာသုတ်ခိုင်းနေတယ်ပေါ့ ဟုတ်လား "
" အဖေ့ကို အော်ရဲတယ်ပေါ့ ဟုတ်လား "
" ကိုယ့်အဆင့်ကို မသိတဲ့ကောင်။ အဖေ့ကိုတောင် ပြန်ဟောက်နေရတယ်လို့ "
" သားမိုက်။ မင်း အဖေ့ကို ငယ်ကျွန်ကြီးလို့ ခေါ်ရဲသေးလား " ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းပြောလိုက် တစ်ချက်ကန်ကျောက်လိုက် လုပ်နေရင်း တဖြည်းဖြည်းနှင့် ပို၍ပင် ဒေါသထွက်လာရတော့သည်။ ထိုလူငယ်လေး၏ အော်ဟစ်မြည်တမ်းသံများမှာ ယခုထက်ပို၍ ကျယ်နိုင်တော့မည် မဟုတ်ပေ။ ထိုအော်သံများကို ကြားလိုက်ရသည့်လူတိုင်းမှာ မိမိကိုယ်တိုင် အကန်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီသွားရမည်သာ ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ဟန်ဆောင်နေခြင်းသာဖြစ်ပေသည်။ အမှန်တွင် သူသည် သတိဝီရိယအပြည့် ရှိနေဆဲပင်။ ထို့အပြင် သူသည် မျက်လုံးများမှေးကာ ထိုလူငယ်လေး၏ အမူအရာများကို သေသေချာချာအကဲခတ်နေ၏။ သူ၏ စမ်းသပ်မှု ပြီးဆုံးသွားပြီး သူ၏ သံသယစိတ်များ ပပျောက်သွားသည့် အချိန်တွင် ထိုလူငယ်လေးမှာ နာကျင်လွန်းလှသဖြင့် မျက်နှာရှုံ့မဲ့နေပြီး အသံကုန် အော်ဟစ်ခဲ့ရသဖြင့် အသံများလည်း ဝင်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ကြိမ်းဝါးလိုက်၏။
" ငယ်ကျွန်ကြီး။ ကျုပ်က မြေနက်အင်ပါယာရဲ့ မင်းသားနော်။ တစ်ယောက်တည်းရှိတဲ့ ဦးသျှောင်မင်းသား။ အနာဂတ်မှာ ကျုပ်က ထီးနန်းကိုဆက်ခံပြီးရင် ကြယ်အဖွဲ့အစည်းပေါင်း ထောင်သောင်းများစွာကို ဦးဆောင်ရမှာ။ ခဗျား ကျုပ်ကို အခုလိုအနိုင်ကျင့်ရဲတယ်ပေါ့။ ကျုပ် ခဗျားကြီးကို သတ်၊ ခဗျားရဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ဖျက်ဆီးပစ်ပြီးရင် ခဗျားရဲ့ သွေးမျိုးဆက် တစ်ခုလုံးကိုပါ အမြစ်ဖြတ်ပစ်မယ် "
ဝမ်ပေါင်လဲ့မှာမူ ထိုလူငယ်လေး၏ ပြောစကားများကို မယုံသည့်ပုံစံဖြင့် သူ့အား စိုက်ကြည့်နေလိုက်၏။ အကယ်၍ ထိုလူငယ်လေးမှာ အမှန်တကယ်ပင် ထိုမျှလောက် အစွမ်းထက်နေမည်ဆိုပါက အဘယ့်ကြောင့် အမြုတေအဆင့်တွင်သာ ရှိနေရသေးပါသနည်း။ သို့သော်ငြားလည်း သူ၏ အပြင်ခန္ဓာကိုယ်မှာမူ အမှန်တကယ်ပင် ထူးဆန်းလွန်းလှပေသည်။
သို့သော် သူသည် ထိုလူငယ်လေးအား ကန်ကျောက်မိသွားပြီ မဟုတ်ပါလော။ ဝမ်ပေါင်လဲ့အား ပျော်ရွှင်ကျေနပ်သွားစေသည့်အချက်မှာ ထိုလူငယ်လေးသည် ဒဏ်ရာမရပါသော်လည်း နာကျင်မှုများကို ခံစားနိုင်စွမ်း ရှိနေသေးသည့် အချက်ပင်ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့ကဲ့သို့ အခြားလူများအား ကန်ကျောက်ရသည်ကို နှစ်သက်သည့် လူများအတွက် ထို လူငယ်လေးမှာ အဖိုးတန် ရတနာတစ်ခုကဲ့သို့ပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား စိုက်ကြည့်နေလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ ထုတ်လူငယ်လေး၏ လက်ချောင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူသည် ထိုလက်ချောင်းအား နောက်သို့လှန်ချိုးလိုက်ပြီးနောက် နှာမှုတ်ကာ ဆိုလိုက်တော့သည်။
" တိတ်စမ်း။ မင်းသာ မင်းသားတစ်ပါးဆိုရင် ငါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းရဲ့ ဧကရာဇ်ကြီးပဲ။ လေလုံးထွားတာလောက်ကတော့ လူတိုင်း လုပ်တတ်တယ်။ အခုချက်ချင်း ငါ့ကို ဖေဖေကြီးလို့ ခေါ်စမ်း "
ထိုအခါ ထိုလူငယ်လေးမှာ ချက်ချင်းဆိုသလိုပင် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး နုံးချည့်သွားသလို ခံစားလိုက်ရသဖြင့် ဒူးထောက်ကျလုမတတ် ဖြစ်သွားရ၏။ သူသည် အဆက်အပြတ် အော်ဟစ်မြည်တမ်းနေရသည့် တိုင်အောင် သူ၏ မောက်မာဝင့်ကြွားမှုများမှာ လျော့ကျသွားခြင်းမရှိသေးပေ။
" လွှတ်စမ်း။ အားးး..... အယုတ်တမာ ငယ်ကျွန်ကြီး။ ကျုပ်ရဲ့ ခမည်းတော် ဘုရင်ကြီးက ကျုပ်ကို ကြယ်နယ်မြေတစ်ခုလုံးထဲမှာ လိုက်ရှာနေလောက်ပြီ။ အား... အေးအေးဆေးဆေး ဆွေးနွေးကြဝာာပေါ့။ အာ့... အာ့... အခုချက်ချင်း ဒူးထောက်ပြီး အသနားခံရင် နောက်မကျသေးဘူးနော်။ ကျုပ် ခဗျား ကျူးလွန်ခဲ့တဲ့ အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးပြီးတော့ နောက်ထပ်တစ်ကြိမ် ကျုပ်ရဲ့ဖိနပ်ကို သုတ်ခွင့်ပေးမယ်... "
" ကျေးဇူးသိတတ်စမ်းပါ ငယ်ကျွန်ကြီးရာ "
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ စကားများကိုကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားရ၏။ သို့သော် သူသည် ထိုလူငယ်လေး၏ ပြောစကားများကြောင့် မဟုတ်ဘဲ သူ ယခုအကြိမ်အထိ စဉ်းစားဆင်ခြင်ဉာဏ်မဲ့စွာ မောက်မာဝင့်ကြွားနေရသည့် အချက်ကြောင့် အံ့ဩတုန်လှုပ်နေရခြင်း ဖြစ်သည်။
" ကြည့်ရတာ ငါ ဒီအကွက်ကို ထုတ်မသုံးတာကြာလို့ အရင်တုန်းကလောက် အစွမ်းမထက်တော့တဲ့ ပုံပဲ... " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ညာဘက်ခြေထောက်ကို မြှောက်ကာ ထိုလူငယ်လေး၏ ပေါင်ကြားထဲသို့ ထပ်၍ ကန်ကျောက်လိုက်ပြန်သည်။ သူ၏ ကန်ချက်များမှာ လျင်မြန်နေသည့်အပြင် သူသည် ထိုလူငယ်လေး ထွက်မပြေးနိုင်အောင် သူ၏လက်အား ချုပ်ထားသည်ဖြစ်ရာ ထပ်ခါတလဲလဲ ကန်ကျောက်နိုင်စွမ်းရှိနေ၏။
နောက်ဆုံးတွင် ထိုလူငယ်လေးမှာ အသက်မရှိတော့သည့်အလား မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သူသည် သူ၏ အော်ဟစ်ကြိမ်းဝါးသံများနှင့် ခြိမ်းခြောက်မှုများမှာ အလုပ်မဖြစ်ကြောင်း သိလိုက်ရ၏။ ထို့အပြင် သူ၏ပေါင်ကြားမှာလည်း တဆစ်ဆစ်နှင့် နာကျင်ကိုက်ခဲလာရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် နှလုံးသားတစ်ခုလုံး တုန်ရီသွားရပြီး အံကြိတ်ကာ နောက်ဆုံးဝှက်ဖဲအား ထုတ်သုံးလိုက်တော့သည်။
" ကျွန်တော့်ကို မကန်ပါနဲ့တော့ ဖေဖေကြီး။ ကျွန်တော် မှားသွားပါတယ် ဖေဖေကြီးရာ။ ကျွန်တော် အမှားကြီး မှားသွားပါတယ် "