ကျိဝူကျစ်
Vol. 56 Ch. 778
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေးအား အကြိမ်နှစ်ရာမြောက်အဖြစ် ကန်ရန် ပြင်နေစဉ်မှာပင် ထိုလူငယ်လေး၏ စကားများကို ကြားလိုက်ရသောကြောင့် သူ့အား ခေါင်းငုံ့ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ခြေထောက်အား နောက်သို့ ပြန်ရုပ်သွားသည်ကို မြင်လိုက်ရသောအခါ ထိုလူငယ်လေးမှာ စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့အား စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေဆဲ ဖြစ်ပါသော်လည်း မျက်နှာစူပုပ်မနေရဲပေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား မြှောက်ပင့်သည့် စကားလုံးအချို့ကိုပင် ဆိုလိုက်သေးသည်။
" ဖေဖေကြီး မောနေပြီလားဗျ။ ကျွန်တော်က အနှိပ်ကျွမ်းတယ်။ ဖေဖေကြီး အောက်ကိုလှဲလိုက်။ အညောင်းအညာတွေ ပြေသွားအောင် ကျွန်တော် နှိပ်ပေးမယ်။ ဖေဖေကြီး အနားယူပြီးမှ ကျွန်တော့်ကို သင်ခန်းစာပေးပေါ့ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးများပင့်ကာ ထိုလူငယ်လေး၏ သနားကမား မျက်နှာလေးအား စိုက်ကြည့်လိုက်သည်။ သူသည် ယခုကဲ့သို့ မျက်နှာချိုသွေးရာတွင် အလွန်အင်မတန်မှ ကျွမ်းကျင်နေကြောင်း အထင်အရှားမြင်နိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ပို၍ ကြီးထွားလာရပြန်သည်။
ထိုလူငယ်လေးမှာ ထူးခြားသော အပြင်ခန္ဓာကိုယ်တစ်ခုမှလွဲ၍ မင်းသားတစ်ပါးနှင့်တူသည့် အခြား မည်သည့်အရည်အသွေးကိုမှ ပိုင်ဆိုင်ထားခြင်းမရှိကြောင်း သူက ခံစားနေရ၏။ ထို့အပြင် သူသည် မြှောက်ပင့်ပြောဆိုရာတွင် အလွန်အင်မတန်မှ ကျွမ်းကျင်နေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အတော်အသင့် ကျေနပ်အားရသွားရပြီး ယခင်ကလောက် ဒေါသထွက်နေခြင်းမရှိတော့ပေ။ သူသည် ထိုလူငယ်လေးအား အကြိမ်အနည်းငယ်ခန့်ထပ်၍ အကဲခတ်လိုက်ပြီးနောက် အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။
" မင်း စောစောကတည်းက လိမ်လိမ်မာမာ နေခဲ့မယ်ဆိုရင် ငါ့ရဲ့ ရိုက်နှက်ကန်ကျောက်မှုတွေကို ခံနေစရာတောင် လိုမှာမဟုတ်ဘူး။ ဖေဖေကြီးကလည်း မင်းကို တကယ် မရိုက်ချင်ပါဘူးကွာ။ လိမ်လိမ်မာမာနေပါ။ ကဲ။ မင်း ဒီကို ဘယ်လိုလုပ်ပြီးတော့ တည်နေရာပြောင်းရွှေ့ခံခဲ့ရတာလဲဆိုတာ ပြောပြစမ်း " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ မေးလိုက်ပြီး လက်မြှောက်ကာ ထိုလူငယ်လေး၏ ဦးခေါင်းကို ပုတ်လိုက်၏။
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ ထိုလူငယ်လေးမှာ အော်ငိုပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။ တစ်ဖက်တွင် သူသည် အပြင်းအထန် ရိုက်နှက်ကန်ကျောက်ခံခဲ့ရသလို အခြားတစ်ဖက်တွင်မူ ထိုသို့ဖြစ်သွားရသည့် အကြောင်းအရင်းကိုလည်း သိထား၏။ သူ၏ရှေ့တွင်ရှိနေသည့် ပုဂ္ဂိုလ်မှာ သူ့အား ရက်စက်ကြမ်းကြုတ်စွာ ရိုက်နှက်ကန်ကျောက်ခဲ့သည်ဖြစ်ရာ အမှန်တွင် သူသည် သူ့အား မုန်းတီးနေရမည်ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ခေါင်းကို ပုတ်ကာ နွေးထွေးကြင်နာသည့် စကားများကို ဆိုခဲ့သည်ဖြစ်ရာ ထိုလူငယ်လေးမှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်နှလုံး လှုပ်ရှားသွားရတော့သည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပြီး သနားကမား မျက်နှာ အမူအရာလေးဖြင့် တရိုတသေပင် ပြန်ပြောလိုက်တော့သည်။
" ဖေဖေကြီး။ ကျွန်တော်က တကယ် မြေနက်အင်ပါယာထဲကပါ။ ကျွန်တော်က မင်းသားတစ်ပါး..." ထိုလူငယ်လေးမှာ ထိုသို့ဆိုနေရင်း စကားမဆုံးနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများ အရောင်လက်သွားသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားပြီး စကားပြန်ပြင်ပြောလိုက်တော့သည်။
" ဖေဖေကြီး။ ကျွန်တော် စကားမှားသွားတာပါ။ ကျွန်တော်က မင်းသားတစ်ပါး မဟုတ်ပါဘူး။ မြေနက်အင်ပါယာထဲက သာမန်လူတစ်ယောက်ပါ။ ကျွန်တော်က ဖျော်ဖြေရေးအလုပ်နဲ့ အသက်မွေးပြီးတော့ နန်းတော်ထဲမှာ မင်းသားအတွက် ဖျော်ဖြေပေးနေတုန်း ရုတ်တရက်ကြီး ဒီနေရာကို တည်နေရာပြောင်းရွှေ့ခံလိုက်ရတာပါ " ထိုလူငယ်လေးမှာ မျက်ရည်စက်လက်နှင့် ရှင်းပြလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့ သူ့အား မယုံမည်ကို စိုးသောကြောင့် သူ၏ အသိအမှတ်ပြု တံဆိပ်ပြားကိုပင် ထုတ်ပြလိုက်သေးသည်။
" ဒီမှာကြည့်ပါ ဖေဖေကြီး။ ဒါ ကျွန်တော့်ရဲ့ အင်ပါယာထဲက ကျွန်တော့်ရဲ့ အသိအမှတ်ပြု တံဆိပ်ပြားပါ။ ကျွန်တော် လိမ်ပြောမိခဲ့တဲ့အတွက် မှားသွားပါတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ဖေဖေကြီး "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး ထိုအသိအမှတ်ပြု တံဆိပ်ပြားကိုလှမ်းယူကာ ကြည့်ရှုစစ်ဆေးလိုက်သည်။ သူသည် ၎င်းထဲသို့ သူ၏ နတ်ဘုရားအာရုံကို ထည့်သွင်းလိုက်သောအခါ ထိုလူငယ်လေး၏ ကိုယ်ရေးအကျဉ်းအား အမှန်တကယ် မြင်လိုက်ရ၏။ သို့သော် အခြားမည်သည့်အချက်အလက်မှ မပါပေ။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး သူ့ကိုယ်သူ မင်းသားတစ်ပါးဟု ပြောနေခဲ့စဉ်တုန်းက မယုံခဲ့ပေ။ သို့သော် ယခုတွင် ထိုလူငယ်လေးမှာ သူသည် မင်းသားတစ်ပါး မဟုတ်ကြောင်း ပြန်ပြင်ပြောလိုက်သည့်တိုင်အောင် သူသည် သံသယဝင်နေဆဲပင်။
" မဟုတ်မှလွဲရော။ သူက တကယ် မင်းသားတစ်ပါး ဖြစ်နေပြီး ငါ့ကြောင့် ကြောက်စိတ်ဝင်သွားများလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို ရုတ်တရက်ဆိုသလို မြှောက်လိုက်ပြီး ထိုလူငယ်လေး၏ နဖူးပေါ်သို့ တင်လိုက်တော့သည်။ သူသည် ထိုလူငယ်လေးအား တုံ့ပြန်ချိန်ပင်မပေးဘဲ အမှောင်ပညာရပ်၏ ဝိညာဉ်ရှာဖွေခြင်းပညာရပ်အား အသုံးပြုလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထို ဝိညာဉ်ရှာဖွေခြင်းပညာရပ်အား ယခုမှ ပထမဆုံးအကြိမ်အဖြစ် သုံးဖူးခြင်းမဟုတ်ပေ။ သို့သော် သူသည် ထိုသို့အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာအမူအရာ အနည်းငယ်ခန့် ပြောင်းလဲသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်လေး၏ မှတ်ဉာဏ်များအားလုံးမှာ ပြောင်သလင်းခါနေသောကြောင့်ပင်။
မှတ်ဉာဏ်အားလုံး ဖယ်ရှားခံထားရသည့် အရူးတစ်ယောက်ကို ဝိညာဉ်ရှာဖွေလျှင်တောင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထိုလူငယ်လေး၏ အပြုအမူများကို ကြည့်လျှင် ၎င်းမှာ လုံးဝဖြစ်နိုင်စရာအကြောင်းမရှိပေ။
" စိတ်ဝင်စားစရာပဲ... သူက ငါ့ရဲ့ ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို ပိတ်ဆို့ဟန့်တားထားတာမျိုး မရှိပေမဲ့ သူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးက ပြောင်သလင်းခါနေတာပါလား " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ထိုလူငယ်လေးမှာ အမှန်တကယ်ပင် မင်းသားတစ်ပါး ဖြစ်နေနိုင်သည်လောဟု တွေးနေမိတော့သည်...
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ထိုလူငယ်လေးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ပေါ်ပေါက်လာတော့သည်။ သူသည် ထပ်၍ ရိုက်နှက်ကန်ကျောက်ခံနေရမည်ကို စိုးရိမ်သောကြောင့် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ကတုန်ကယင် ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။
" အထင်မလွဲပါနဲ့ ဖေဖေကြီး။ ကျွန်တော် ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က တခြားလူတွေနဲ့ မတူခဲ့ပါဘူး။ တခြားလူတွေလည်း ကျွန်တော့်ကို ဝိညာဉ်ရှာဖွေခဲ့ကြဖူးပေမဲ့ ဘာ ရလဒ်မှ မရခဲ့ကြပါဘူး။ ကျွန်တော် ဘာဖြစ်နေသလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်တောင် သေချာမသိပါဘူးဗျာ။ ကျေးဇူပြုပြီးတော့ ကျွန်တော့်ကို မရိုက်ပါနဲ့တော့ဗျ " ထိုလူငယ်လေးမှာ ထိုသို့ရှင်းပြရင်း မျက်ရည်များ စီးကျလာ၏။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်နှာအမူအရာကို ကြည့်လိုက်ပြီးနောက် သူသည် အမြုတေအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုပစ္စည်းများထဲတွင် ထိုလူငယ်လေး၏ သိုလှောင်အိတ်များအားလုံး ပါ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အဝတ်အစားများပေါ်တွင် ချိတ်ဆွဲထားသော အသေးစားမှန်ဘီလူးလေးများကိုပင် ချန်ရစ်ထားခဲ့ခြင်းမရှိပေ။
ထိုပစ္စည်းများအားလုံးမှာ အမှိုက်သာသာ အဆင့်တွင်သာရှိကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားရတော့သည်။ ထိုလူငယ်လေးမှာ ဓမ္မရတနာ တစ်ခုတလေကိုပင် ပိုင်ဆိုင်ထားခြင်းမရှိသော ငမွဲတစ်ယောက်သာ ဖြစ်သည်ဟု သူက မှတ်ယူလိုက်၏။ သူသည် မင်းသားတစ်ပါး ဖြစ်နေလျှင်တောင် သူ၏ လူမှုအဖွဲ့အစည်းမှာ အလွန်အင်မတန်မှ အဆင့် နိမ့်ကျနေရပေမည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ကောက်ချက်ချလိုက်ပြီးနောက် ထိုလူငယ်လေးအား စိတ်မဝင်စားတော့ပေ။ သူသည် ထိုလူငယ်လေး၏ နာမည်ကိုပင် အလုပ်ရှုပ်ခံ၍ မေးမြန်းမနေတော့ဘဲ အေးတိအေးစက် လေသံနှင့် ဆိုလိုက်၏။
" ကောင်းပြီ။ မင်းဟာမင်း ဘယ်လိုနောက်ကြောင်းရာဇဝင်တွေပဲ ရှိနေရှိနေ ငါနဲ့ ဘာမှမဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက် " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားရန်ပြင်လိုက်တော့သည်။
သူသည် စိတ်ပြေလက်ပျောက် အပြင်ထွက်လာခြင်းသာဖြစ်ပြီး မည်သည့်အရာကိုမှ ရရှိပိုင်ဆိုင်နိုင်ရန် မျှော်လင့်ထားခြင်းမရှိပေ။ ယခုတွင် သူသည် ရေခဲဖီးနစ်ငှက်တပ်ရင်းဆီသို့ မပြန်ခင် အခြားနေရာများဆီသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ထိုလူငယ်လေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီးနောက် အငိုရပ်သွားပြီး သူ၏ ဘေးဘီဝဲယာအား ဇဝေဇဝါဖြစ်နေသည့် မျက်လုံးများဖြင့် ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ ထွက်ခွာသွားနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အော်မေးလိုက်၏ " ဖေဖေကြီး။ ကျွန်တော်တို့တွေ ဘယ်ကို ရောက်နေတာလဲဗျ "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွား၏။ ထိုလူငယ်လေးမှာ သူ့အား ဖေဖေကြီးဟု ခေါ်နေပြီဖြစ်ရာ သူသည် သူ့အား တာဝန်ယူမှ ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ မြေပုံတစ်ခု ပါရှိသော ကျောက်စိမ်းပေလွှာတစ်ခုကို ထိုလူငယ်လေးဆီသို့ လှမ်းပစ်ပေးလိုက်၏။
ထိုလူငယ်လေးမှာ ၎င်းအား ချက်ချင်း လှမ်းဖမ်းလိုက်ပြီးနောက် ၎င်းအား အလျင်အမြန် ဖွင့်ဖတ်လိုက်၏။ ခဏအကြာတွင် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတော့သည်။ သူသည် ဤမြေပုံအား လုံးဝမမြင်ဖူးထားသောကြောင့် သူ၏ နှလုံးသားထဲ၌ စိုးရိမ်ပူပန်စိတ်များ ကြီးစိုးသွားရ၏။
" မင်း အပြင်ထွက်ရင် သတိထားနော်။ တခြားလူတွေရဲ့ လက်ထဲမှာ အဖမ်းခံလိုက်ရရင် အိမ်မွေးတိရစ္ဆာန်ဘဝကို ရောက်သွားလိမ့်မယ် " ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး စိုးရိမ်ကြောင့်ကြနေသည်ကို သတိထားမိပါသော်လည်း သူ့ဘက်မှ တတ်နိုင်သလောက် ကူညီပေးသွားပြီဖြစ်သည်။ သူသည် ထိုလူငယ်လေး မည်သည့်နည်းလမ်းဖြင့် ပြန်လည်ထွက်ခွာသွားမည်ကို စိတ်ဝင်စားနေခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ထိုနေရာမှ ထွက်ခွာလာ၏။ ထို့နောက် သူသည် လမ်းပေါ်သို့တက်ကာ အပြင်ပြန်ထွက်ရန် ဆုံးဖြတ်လိုက်တော့သည်။
သို့သော် သူ လမ်းပေါ်သို့ တက်သွားသည်နှင့် ထိုလူငယ်လေး၏ စိုးရိမ်သောကရောက်နေသော အော်ဟစ်သံများမှာ သူ၏နောက်၌ ပေါ်ထွက်လာတော့သည်။
" ကျွန်တော့်ကို စောင့်ပါဦး... ဖေဖေကြီး " ထိုလူငယ်လေးမှာ ရွေးချယ်စရာမရှိတော့ပေ။ သူသည် ထိုမြေပုံအားကြည့်ရင်း တဖြည်းဖြည်းနှင့် စိုးရိမ်စိတ်များ ကြီးထွားလာနေရသည် မဟုတ်ပါလော။ တစ်ချိန်ထဲမှာပင် သူ၏ရှေ့တွင် ရှိနေသည့် ပုဂ္ဂိုလ်ကြီးသာလျှင် ဤ ရေမြေရပ်ခြား နေရာကြီးထဲ၌ သူ့အား ကူညီပေးနိုင်မည့်ပုံ ပေါက်နေ၏။ ထိုပုဂ္ဂိုလ်ကြီးမှာ သူ့အား ရိုက်နှက်ကန်ကျောက်ခဲ့ပါသော်လည်း နောက်ဆုံးတွင် သူ၏အသက်ကို ချမ်းသာပေးခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုလူငယ်လေးမှာ သူ၏နောက်သို့ လိုက်သွားချင်စိတ်များ ပေါ်ပေါက်လာတော့သည်။
သူသည် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်အနှောင့်အယှက် ဖြစ်သွားသည်ကို သတိထားမိလိုက်ပါသော်လည်း သူ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများကြောင့် အခြားရွေးချယ်စရာမရှိတော့ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား လိုက်မီသွားသည်နှင့် သူ့အား အဆက်မပြတ် ဖော်လံဖားနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ရှေ့မှနေ၍ လမ်းလျှောက်နေရင်း သူ၏နောက်မှ တကောက်ကောက်ပါအောင် လိုက်လာသည့် လူငယ်လေးအား လှည့်ကြည့်လိုက်၏။ သူသည် ထိုလူငယ်လေး၏ ကျွမ်းကျင်မှုအပြည့်ရှိသော မြှောက်ပင့်စကားများကို နားထောင်ရင်း ထိုလူငယ်လေးမှာ မင်းသားတစ်ပါး လုံးဝဖြစ်နိုင်စရာ အကြောင်းမရှိဟု ပို၍ပင် ယုံကြည်လာရတော့သည်။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ ပျက်မသွားအောင် ဟန်ဆောင်ရင်း ဂူအပြင်ဘက်သို့ ထွက်လာ၏။ ထို့နောက် သူသည် ဥက္ကာပျံကြီးပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး အာကာသကြီးထဲ၌ ရပ်ထားသော စစ်သင်္ဘောကြီးပေါ်သို့ မတက်ခင်တွင် နောက်သို့လှည့်ကာ ထို လူငယ်လေးအား စိုက်ကြည့်လိုက်တော့သည်။
" ငါ့နောက်ကို မလိုက်နဲ့တော့ "
" ဖေဖေကြီး။ ကျွန်တော့်ကို ဒီမှာ မထားခဲ့ပါနဲ့ဗျာ... ကျွန်တော့်မှာ ညီမလေးတစ်ယောက်ရှိတယ်ဗျ။ သူက မြေနက်အင်ပါယာထဲမှာ နာမည်ကြီးတဲ့ အချောအလှလေးတစ်ယောက်နော်။ ကျွန်တော် ဖေဖေကြီးကို သူနဲ့မိတ်ဆက်ပေးလို့ရတယ်။ ဘာမှ စိတ်ပူစရာမလိုဘူး။ ကျွန်တော့် အကူအညီနဲ့ဆိုရင် သေချာပေါက်အောင်မြင်မှာ " ထိုလူငယ်လေးမှာ သူ၏ ရင်ဘတ်ကို လက်ဖြင့်ရိုက်ကာ ကြိမ်းဝါးလိုက်၏။ သူသည် နည်းလမ်းမျိုးစုံဖြင့် မြှောက်ပင့်ပြောဆိုနေခဲ့ပါသော်လည်း အကျိုးမရှိကြောင်း သိခဲ့ရသဖြင့် နည်းလမ်းပြောင်းလိုက်ပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ သူ့ရဲ့စကားကို ကြားလိုက်ရသောအခါ သူနှင့် တစ်ကြိမ်ပင် မဆုံဖူးသေးပါသော်လည်း ကုန်ပစ္စည်းတစ်ခုကဲ့သို့ ရောင်းချခံလိုက်ရသည့် ထို မိန်းမငယ်လေးအပေါ် သံယောဇဉ် မရှိသည့်တိုင်အောင် ထိုလူငယ်လေး၏ စကားများကို စိတ်ဝင်စားသွားရဆဲပင်။ သူသည် ထိုလူငယ်လေး၏ အကျင့်စရိုက်မှာ မြည်းလေးနှင့် ဆင်တူနေသည်ဟု တွေးမိသွား၏။ သူတို့နှစ်ယောက်စလုံးမှာ အရိုက်မခံရခင် အချိန်ထိ ပြောစကား နားမထောင်တတ်ကြပေ။ ထို့ကြောင့် သူသည် မျက်လုံးများပင့်ကာ ထိုလူငယ်လေးအား ကြည့်၍ မေးလိုက်၏။
" မင်း ဖေဖေကြီးကို မင်းရဲ့ညီမနဲ့ မိတ်ဆက်ပေးပြီးတဲ့ အချိန်ကျရင် မင်းရဲ့ညီမကို ဘယ်လိုခေါ်မှာလဲ "
ထိုအခါ ထိုလူငယ်လေးမှာ မှင်တက်သွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အလောတကြီးဆိုလိုက်တော့သည် " ဖေဖေကြီး။ ကျွန်တော့်မှာ ရုပ်ရည်အသင့်အတင့်ရှိတဲ့ အဒေါ်တစ်ယောက်ရှိပါတယ်။ ကျွန်တော်ရဲ့ အဖေကလည်း မကြာသေးခင်တုန်းကမှ ကိုယ်လုပ်တော်အသစ်တစ်ယောက် ထပ်ယူထားတာ။ သူဆိုရင် မှုန်နေအောင် ချောတာဗျ။ ကျွန်တော် ဖေဖေကြီးကို သူနဲ့ မိတ်ဆက်ပေးမယ်ဗျာ။ အဲတာဆိုရင် မိန်းမသုံးယောက်က ဖေဖေကြီးကို တူတူပြုစုပေးမှာနော် "
ဝမ်ပေါင်လဲ့မှာမူ ကြံရာမရ ဖြစ်နေသည့် အမူအရာဖြင့် သူ၏လက်ကိုဝှေ့ယမ်းကာ ထိုလူငယ်လေး၏ ကမ်းလှမ်းချက်အား ငြင်းဆိုရန် ပြင်လိုက်သည်။ ထို လူငယ်လေးမှာ ဉာဏ်ပြေးသည့် လူတစ်ယောက်ဖြစ်ရာ ချက်ချင်းဆိုသလိုပင် စိုးရိမ်စိတ်များ ကြီးထွားလာရ၏။ သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား အလျင်အမြန် အကဲခတ်ကြည့်လိုက်ပြီးနောက် သူ လိုအပ်မည့် အရာများကို စဉ်းစားတွေးတောနေလိုက်တော့သည်။ ထိုအချိန်တွင် သူသည် အာကာသကြီးထဲ၌ ရပ်ထားသော စစ်သင်္ဘောကြီးအား မြင်လိုက်ရသဖြင့် မျက်ဝန်းများ အရောင်တောက်ပသွားပြီး အော်ပြောလိုက်တော့သည် " ဖေဖေကြီး။ ကျွန်တော် နတ်ဘုရားလက်နက် ဖန်တီးသန့်စင်နည်းတစ်ခုကို အလွတ်ရအောင် မှတ်ထားတယ်။ ကျွန်တော် အဲဒါကို ဖေဖေကြီးကို ပေးမယ်ဗျာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အချိန်အပိုင်းအခြား တစ်ခုလောက်ပဲ ကာကွယ်ပေးထားပါ ဖေဖေကြီးရာ "
ထိုလူငယ်လေးမှာ ထိုသို့ဆိုကာ ချက်ချင်းဆိုသလိုပင် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုကျောက်စိမ်းပေလွှာပေါ်၌ ဖန်တီးသန့်စင်နည်းတစ်ခုကို မှတ်တမ်းတင်ပေးလိုက်တော့သည်။ ထို ဖန်တီးသန့်စင်နည်းမှာ မြေနက်အင်ပါယာထဲတွင်ပင် အဆင့်မြင့် သန့်စင်နည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရ၏။ သူသည် ထိုသို့ မှတ်တမ်းတင်လိုက်ပြီးနောက် ထိုကျောက်စိမ်းပေလွှာအား ဝမ်ပေါင်လဲ့ဆီသို့ တရိုတသေ လှမ်းပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး၏ ပြတ်သားမှုအပြည့်ရှိသော လုပ်ရပ်များကို မြင်လိုက်ရသောအခါ စိတ်ဝင်စားသွားပြီး ခြေလှမ်းများ ရပ်တန့်သွားရ၏။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာကို ယူကာ ဖတ်ရှုလိုက်တော့သည်။ ထိုအခါ သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးများ မှေးသွားရ၏။ တစ်အောင့်ခန့်ကြာပြီးနောက် သူသည် ခေါင်းမော့လာပြီး ထိုလူငယ်လေးအား အဓိပ္ပါယ်ပါပါကြည့်ကာ အတွေးများထဲ၌ နစ်မျောသွားတော့သည်။
ထို ဖန်တီးသန့်စင်နည်းထဲတွင် နတ်ဘုရားလက်နက်တစ်ခုအား သန့်စင်နိုင်မည့် နည်းလမ်းတစ်ခု အမှန်တကယ်ပင် ပါဝင်နေ၏။ ၎င်းမှာ အလွန်အင်မတန်မှ ထူးဆန်းပေသည်။ တစ်ချိန်ထဲမှာပင် ၎င်းမှာ သန့်စင်ခြင်းပညာရပ်တစ်ခုနှင့် ပို၍ ဆင်တူနေ၏။ သူသည် ထိုပညာရပ်ကိုအသုံးပြုလိုက်ပါက နတ်ဘုရားလက်နက်တစ်ခုကို တစ်စစီဖြုတ်ကာ ၎င်းအား ရန်သူများ၏ နတ်ဘုရားလက်နက်များပေါ်တွင် ကပ်ပါးကောင်တစ်ကောင်အဖြစ် တပ်ဆင်နိုင်ပေသည်။ ထို့နောက် ၎င်းမှာ ဝါးမျိုစုပ်ယူသည့် လုပ်ငန်းစဉ်အား စတင်လိုက်မည် ဖြစ်သည်။
၎င်းမှာ အလွန်အင်မတန်မှ အဆင့်မြင့်ပြီး ဝမ်ပေါင်လဲ့ ကြုံဖူးသမျှ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်အားလုံးထက် အများကြီးပို၍ သာလွန်နေ၏။ ဝမ်ပေါင်လဲ့ပင်လျှင် ထိုဖန်တီးသန့်စင်နည်းအား ဖတ်ရှုလိုက်ပြီးနောက် ၎င်းအား ဆယ်ရာခိုင်နှုန်းထက် ပို၍ နားမလည်နိုင်ခဲ့ပေ။
ဝမ်ပေါင်လဲ့မှာ သူ ဤ ဖန်တီးသန့်စင်နည်းအား ကျွမ်းကျင်တတ်မြောက်သွားသည်နှင့် သူ၏ အဆောင်ပစ္စည်းသန့်စင်ခြင်း စွမ်းရည်များမှာ အဆပေါင်းများစွာ တိုးတက်သွားလိမ့်မည်ဟု ယုံကြည်နေ၏။ ထို့ကြောင့် သူသည် စိတ်နှလုံး လှုပ်ရှားသွားရသလို ထိုလူငယ်လေးကိုလည်း စိတ်ဝင်စားသွားရတော့သည်။ သို့ဖြစ်ရာ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် မေးလိုက်၏ " မင်းရဲ့ နာမည်က ဘာလဲ "
" မြေနက်အင်ပါယာရဲ့ နိုင်ငံတော်အမှတ်အသားက ကြက်တူရွေးတစ်ကောင်လေ။ အဲတာကြောင့် ကျွန်တော့်အဖေက ကျွန်တော့်ကို ကျိဝူကျစ်လို့ နာမည်ပေးထားတာပါ။ ဖေဖေကြီးကတော့ ကျွန်တော့်ကို ဝူလေးလို့ ခေါ်လို့ရပါတယ် "