နဂါးဘုရင်၏ဖိတ်ခေါ်မှု
Vol. 21 Ch. 281
တံတားကြီး ပြန်ဆက်ပြီးသောအခါ စက်မှုလက်မှုဝန်ကြီးဌာနမှ အရာရှိများက ပျံသန်းထွက်ခွာ၍ မြစ်ကြောင်းပတ်ပတ်လည်ကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် မြစ်ကမ်းပါးယံ၌ တုတ်ချွန်များကို ကိုက်သုံးရာစီခွာပြီး ထိုးစိုက်နေကြကြောင်း ချင်မူ မြင်တွေ့ရ၏။
တုတ်ချွန်တစ်ခုစီဘေးတွင် လူတစ်ယောက်ကျ ရပ်နေပြီး တစ်ယောက်က မြစ်လယ်သို့ ခေါင်းလောင်းကြီးတစ်လုံး သယ်လာကာ တီးခတ်လိုက်သည်။ ဒေါင်ခနဲ မြည်ဟည်းသွားသော ခေါင်းလောင်းသံနှင့်အတူ တုတ်ချွန်များ တုန်ခါလာပြီး ဘေးနားမှလူများက အနားကပ်၍ နားထောင်လိုက်ကြ၏။
“ဘာလုပ်နေကြတာလဲ…” ချင်မူ အံ့အားသင့်သွားသည်။
လင်ယွိရှို့က သူ့နားလျှောက်လာပြီး ပြောလိုက်၏။ “ဒါက နင်မသိလောက်သေးဘူး၊ အရင်တုန်းကဆို ထူမြစ်က ခဏခဏရေလွှမ်းတာ၊ အဲဒါနဲ့ ဧကရာဇ်အတိုင်ပင်ခံက စက်မှုလက်မှုဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်မင်းကို လိုအပ်တာစီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်တယ်၊ အဲမှာတင် လက်ထောက်ဝန်မင်းလက်ချက်နဲ့ နန်းတွင်းက ဘဏ္ဍာအတော်ကုန်သွားလို့ ခမည်းတော်တောင် ဒေါသထွက်ပြီး ဘာတွေသုံးလို့ ဒီလောက်ကုန်တာလဲဆိုတာ ခေါ်မေးသေးတယ်…”
“သူပြောတာတော့ ထူမြစ်ကမ်းဘေး နှစ်ဖက်စလုံးမှာ ကြေးနီနံရံတွေ ထူပစ်လိုက်တာတဲ့… အဲဒီကြေးနီနံရံတွေက နှစ်လက်မအထူ၊ နှစ်ပေအမြင့် ရှိတယ်၊ မြစ်ကြောင်းတစ်လျှောက် လီတစ်သောင်းရှည်တယ်၊ ပြီးတော့ တစ်ပြင်လုံး မှော်သင်္ကေတတွေ ဖုံးအောင် ရေးထွင်းစီရင်ထားတယ်… နံရံတွေ ပါးနေပြီလား၊ အက်ကြောင်းထနေပြီလား သိချင်ရင် ခေါင်းလောင်းတီးလိုက်ရုံပဲ… ခေါင်းလောင်းသံမြည်တာနဲ့ မှော်သင်္ကေတတွေ အသက်ဝင်လာပြီး တစ်ညီတစ်ညာတည်း ပဲ့တင်ထပ်လိမ့်မယ်၊ အဲဒီက ပဲ့တင်လှိုင်းသံကို နားထောင်ပြီး နံရံတွေမှာ အက်ကွဲကြောင်း ရှိနေပြီလား၊ ပါးနေပြီလား ဆုံးဖြတ်နိုင်တယ်တဲ့…”
ချင်မူက အလုပ်များနေသော စက်မှုစံအိမ်သခင်ကို လှမ်းကြည့်၍ ချီးကျူးလိုက်မိသည်။ “သိပ်ကောင်းတဲ့ အကြံပဲ…”
စစ်ယွင်ရှန်းလည်း သူတို့အနား ရောက်လာပြီး ဝင်ပြောလိုက်၏။ “သူသုံးတဲ့ ဘဏ္ဍာငွေ များလွန်းလို့ ဧကရာဇ်က ကွပ်မျက်လုနီးပါးတောင် ဖြစ်သွားသေးတယ်…”
လင်ယွိရှို့က သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “လက်ထောက်ဝန်မင်းက ဘဏ္ဍာဖြုန်းတာတော့ အတော်များတယ်… ပြီးခဲ့တဲ့နှစ်တွေမှာ သူက သင်္ဘောပျံတွေ၊ ပင်လယ်ထဲ ရွက်လွှင့်နိုင်တဲ့ အပျော်စီးလှေ၊ ကုန်းပေါ်မှာသွားနိုင်တဲ့ ယာဉ်ရထား၊ လှည်းပျံ၊ ကျောက်ရိုင်းတုံးကနေ သတ္ထုထုတ်တဲ့ သတ္ထုအရည်ကျိုစက်ရုံ၊ လက်နက်စက်ရုံ၊ ကုန်ထုတ်စက်ရုံတွေ တည်ဆောက်ခဲ့တယ်၊ မြို့ကြီးအတော်များများကိုလည်း မြေအောက် ရေဆိုးပိုက်လိုင်းတွေဆောက်၊ လမ်းတွေဖောက်တယ်၊ မြို့ရိုးနံရံကို တိုက်ခိုက်နိုင်တဲ့ တိမ်ပျံလှည်းတွေ၊ နယ်စပ်ခံတပ်တွေ၊ စက်ယန္တရားတွေ အတော်များများလည်း ဆောက်လုပ်ခဲ့တယ်…”
“အဲဒီတုန်းက ငါတော့မမွေးသေးဘူး၊ ဒုတိယအစ်ကိုတော် ပြန်ပြောပြတာ၊ လက်ထောက်ဝန်မင်းသုံးတဲ့ ဘဏ္ဍာငွေ များလွန်းလို့ ခမည်းတော်နဲ့ မယ်တော်ကြီးပါမကျန် မင်းညီမင်းသား၊ မိဖုရားတွေအကုန်လုံး ငတ်ပြတ်လို့ ခါးစည်းကို တင်းတင်းစည်းပြီး အဆာခံကြရတယ်တဲ့… ခဏလေးနဲ့ ဘဏ္ဍာတိုက်တစ်ခုလုံး တက်တက်ပြောင်သွားလို့ နန်းတွင်းအရာရှိတွေကိုတောင် လစာမပေးနိုင်ဘဲ အကြွေးတင်သွားတယ်ဆိုပဲ…”
စစ်ယွင်ရှန်းက ပြုံးလိုက်၏။ “နောက်ကျ ဘာဖြစ်သွားလဲ…”
လင်ယွိရှို့က သက်ပြင်းချလိုက်သည်။ “အဲဒီနောက်ပိုင်းမှာတော့ သတ္ထုအရည်ကျိုစက်ရုံတွေ တွင်ကျယ်လာပြီး ကုန်သည်တွေဆီ သင်္ဘောပျံအမျိုးမျိုး၊ အပျော်စီးလှေအမျိုးမျိုး ရောင်းမလောက် ဖြစ်ခဲ့ရတယ်… ကုန်ထုတ်စက်ရုံကလည်း ကုန်ပစ္စည်းတွေ အဆက်မပြတ် ထုတ်ရပြီး နှစ်နှစ်မပြည့်ခင်မှာပဲ ဘဏ္ဍာတိုက်အပြည့် ပြန်ဖြစ်သွားတယ်၊ ဘဏ္ဍာငွေများလွန်းလို့ နောက်ထပ်ဘဏ္ဍာတိုက်တွေတောင် ထပ်ဆောက်ရသေးတာမို့ ခမည်းတော်က လက်ထောက်ဝန်မင်းကို မကွပ်မျက်မိတာ ကံကောင်းတယ်လို့ ပြောမဆုံးဘူး…”
“စက်မှုလက်မှုဝန်ကြီးဌာနမှာ မြို့ပြဌာနခွဲပြီးရင် ငွေအသုံးဆုံးက ရေကြောင်းဌာနခွဲပဲ… နေရာတိုင်းမှာ ရေလွှဲကန်တွေ၊ ဆည်တွေ၊ တံတားတွေ၊ ရေလမ်းကြောင်းသစ်တွေ ဖောက်ပြီး ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက် လုပ်ကြတယ်၊ ငွေကို ရေလိုသုံးတယ်ဆိုတာ သူတို့မှအစစ်၊ ဒါပေမဲ့ ပြည်သူပြည်သားတွေရဲ့ လူနေမှုအဆင့်အတန်းကတော့ သူတို့ကြောင့် အတော်လေး မြင့်တက်လာတယ်…”
စစ်ယွင်ရှန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်၏။ “ကြည့်ရတာ ဘဏ္ဍာငွေသုံးစွဲတဲ့သူက လက်ထောက်ဝန်မင်းနဲ့ လက်အောက်အရာရှိတွေပဲ အမြဲတမ်း ဖြစ်နေတယ်၊ ဌာနရဲ့ ဝန်မင်းက ဘာအတွက်များ ခန့်ထားသလဲ မသိဘူး၊ မြင်မိသလောက်တော့ အလုပ်တွေ အကုန်လုံးက လက်ထောက်ဝန်မင်း ရှန်းယိုရှင်ရဲ့ ညွှန်ကြားမှုနဲ့ပဲ လုပ်နေရတာ၊ ဝန်မင်းက ဘာမှလုပ်တဲ့ပုံ မရဘူးနော်…”
လင်ယွိရှို့ကလည်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ဝန်မင်းက သူတို့ သုံးစွဲတာတွေကို ကြီးကြပ်ကွပ်ကဲတယ်လေ…”
စစ်ယွင်ရှန်းက ခပ်တိုးတိုးတစ်ချက် ရယ်လိုက်၏။ “ဝန်မင်းဆိုတာ သူတို့ကို စိတ်မချလို့ စောင့်ကြည့်ဖို့ ဧကရာဇ်က ခန့်ထားတာ မဟုတ်လား… လက်ထောက်ဝန်မင်းနဲ့ ဒီအရာရှိတွေ အကုန်လုံးက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက လူတွေပဲလေ၊ ဧကရာဇ်က ဘယ်စိတ်အေးနိုင်ပါ့မလဲ…”
လင်ယွိရှို့၏ အကြည့်က စစ်ယွင်ရှန်း၏ ကိုယ်ပေါ် ကျရောက်လာသည်။ “ညီမလေးယွင်ရှန်းကို ကြည့်ရတာ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို အတော်လေး ဂရုစိုက်နေသလိုပဲ…”
စစ်ယွင်ရှန်းက ချိုမြစွာ ပြုံးလိုက်၏။ “ဒီညီမလေးက မထူးချွန်တဲ့အတွက် ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်ပဲ ဖြစ်နိုင်တာမို့ ဂိုဏ်းနဲ့ ပတ်သက်တာကို ဂရုစိုက်ရတာပေါ့ရှင်… ဂိုဏ်းသခင်ချင်ကလည်း ဂိုဏ်းသခင် အထွတ်အမြတ်ဆရာဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပါတယ်… ကောင်းကင်နတ်မယ် တစ်ယောက်အနေနဲ့ မင်းသမီးကို ကျွန်မမေးတဲ့ မေးခွန်းတွေက ဂိုဏ်းသခင် သိချင်နေတဲ့ မေးခွန်းတွေပါပဲ…”
မိန်းမပျိုလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မျက်လုံးများပြူး၍ စိုက်ကြည့်လိုက်ကြသည်။
ချင်မူက သူတို့နှစ်ယောက်ကို အရေးမစိုက်ဘဲ အဝေးသို့ လှမ်းမျှော်ကြည့်နေ၏။ ရေကြောင်းဌာနခွဲနှင့် မြေတိုင်းဌာနခွဲက ရေမြေအနေအထားများကို စစ်ဆေးနေပြီး လယ်ယာဌာနခွဲက ကောက်ပဲသီးနှံစိုက်ခင်းများကို စစ်ဆေးနေကြောင်း တွေ့ရသဖြင့် သူတို့အနားသို့ လျှောက်လှမ်းသွားလိုက်သည်။
“ဂိုဏ်းသခင်၊ ဒီဆောင်းသီးနှံတွေ မရိတ်သိမ်းနိုင်ခင် ပိုးကျလိမ့်မယ်…”
လယ်ယာဌာနခွဲ၏ ထိုအရာရှိမင်းက လယ်သမားစံအိမ်၏ လက်ထောက်စံအိမ်သခင် ဖြစ်၏။ သူက လယ်မြေများကို တူးဆွကြည့်ပြီး အင်းဆက်ပိုးဥအချို့ကို ကောက်ယူ၍ ချင်မူ့ကို ပြောလိုက်သည်။ “ဆောင်းရာသီက တော်တော်အေးပေမဲ့ ဒီပိုးကောင်ဥတွေက အေးခဲပြီး ပျက်စီးမသွားဘူး… ရာသီဥတု နွေးနွေးထွေးထွေး ဖြစ်လာပြီး သုံးလေးငါးရက်ဆိုရင် ဒီဥတွေကနေ အကောင်ပေါက်လာလိမ့်မယ်… သစ်ပင်တွေ အတော်များများက ကပ်ဘေးသင့်တဲ့သူတွေ ခုတ်ပြီး ထင်းလုပ်မီးလှုံပစ်တာဆိုတော့ အဲပိုးကောင်တွေအတွက် တခြားစားစရာ မရှိတော့ဘူး၊ ကောက်ပဲသီးနှံတွေကိုပဲ စားလိမ့်မယ်… ဒီရန်မကျအောင် စောစောစီးစီး ကြိုတင်ကာကွယ်ထားနိုင်ရင် အကောင်းဆုံးပဲ… အကောင်ပေါက်လာတာနဲ့ ချက်ချင်းသတ်ပစ်မှ ရမယ်…”
ချင်မူက မေးလိုက်သည်။ “လက်ထောက်စံအိမ်သခင်၊ ပိုးကောင်ကျတာကို ဘယ်လို ကာကွယ်နိုင်လဲ…”
“ဒီစိုက်ခင်းတွေထဲမှာ ဓားသိုင်းပညာရှင်တွေ၊ အပ်ချွန်လို မှော်ပညာအသုံးပြုတဲ့သူတွေ စောင့်ခိုင်းလို့ ရတယ်၊ ဒါမှမဟုတ်လည်း အဆိပ်ပိုးကောင် မွေးတဲ့သူတွေကို သူတို့ရဲ့ ပိုးကောင်တွေ လွှတ်ပြီး အင်းဆက်ပိုးကောင်တွေ စားခိုင်းပစ်လို့ ရမယ်…”
လယ်ယာဌာနခွဲမှ အရာရှိမင်းက ထရပ်၍ လက်များကို ပွတ်ခါလိုက်၏။ သူ့လက်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် မြေမှုန့်များ ကပ်ငြိပေပွနေသည်။ “ဓားစံအိမ်၊ မှော်စံအိမ်၊ အဆိပ်ပိုးကောင်စံအိမ်က ဂိုဏ်းသားတွေ အကုန်လုံး အတွေ့အကြုံ လာယူလို့ ရနိုင်လိမ့်မယ်…”
ချင်မူက ခေါင်းညိတ်၍ ဖန်းယွင်ရှောင်ကို ဆင့်ခေါ်လိုက်၏။ “နောင်တော်ဖန်း… ဓားစံအိမ်၊ မှော်စံအိမ်၊ အဆိပ်ပိုးကောင်စံအိမ်က ဂိုဏ်းသားတွေကို ဒီ ကိုလာဖို့ ခေါ်လိုက်ပါ…”
ဖန်းယွင်ရှောင်က သူ့လက်အောက်မှ ဓားပြတစ်ယောက်ကို ခေါ်၍ အမိန့်ပါးခိုင်းလိုက်သည်။
ရေကြောင်းဌာနခွဲက ရေမြောင်းများ၌ ပိတ်ဆို့နေသော အနည်အနှစ် နုန်းများကို ရှင်းလင်းနေကြ၏။ ထို့ပြင် စိုက်ခင်းများအတွင်း ရေသွင်းရ ပိုမိုလွယ်ကူအောင်လည်း ကြံဆောင်ကြိုးစားနေကြသည်။
အခြားတစ်ဘက်တွင်တော့ မြေတိုင်းဌာနခွဲမှ အရာရှိမင်းတစ်ယောက်က မြေပိုင်နက် အကျယ်အဝန်းများကို တိုင်းတာနေ၏။ သူက ကောင်းကင်မျဉ်းတံများကို ထုတ်ယူ၍ ချီစွမ်းအင် ပို့လွှတ်လိုက်သောအခါ မျဉ်းတံများက တစ်ခုနှင့်တစ်ခု ထပ်နေသည့် အနေအထားမှ တဖြည်းဖြည်း ဆန့်ထွက် ရှည်လျားလာကြသည်။ ထို့နောက် မျဉ်းတံများပေါ်တွင် အတိုင်းအတာ အမှတ်အသားများ ပေါ်ထွက်လာပြီး နန်းတွင်းကျောင်းတော်သား တစ်ယောက်က ကိန်းဂဏန်းများကို မှတ်သား၍ ချီစွမ်းဖြင့် ဖွဲ့စည်းထားသော ပေသီးခုံကြီးဖြင့် တဗြောင်းဗြောင်း တွက်ချက်တော့၏။
ထိုအချိန်တွင် လက်ထောက်ဝန်မင်းက စက်မှုလက်မှုဝန်ကြီးဌာနမှ လူအားလုံးကို ခေါ်ဆောင်၍ ကောင်းကင်ယံ၌ ပျံသန်းကာ ကျာကျိုးပြည်နယ် အနှံ့အပြားရှိ လမ်းပန်းဆက်သွယ်ရေး အခြေအနေကို ကြည့်ရှုစစ်ဆေးနေသည်။ သူတို့က ပျက်စီးနေသော လမ်းတံတားများကို မှတ်သား၍ သွားရောက်ပြုပြင်ကြ၏။
‘ရှန်းယိုရှင်က လူတော်တစ်ယောက်ပဲ’ ချင်မူ စိတ်ထဲမှ ရေရွတ် ချီးကျူးမိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ စက်မှုလက်မှုဝန်ကြီးဌာန၏ အရာရှိမင်း များက အကွက်စေ့စေ့ လုပ်ဆောင်နိုင်ကြပြီး သူတို့၏ လုပ်ဆောင်ချက်များကလည်း တိုင်းပြည်နှင့် ပြည်သူတို့အတွက် အမှန်တကယ်ပင် အကျိုးဖြစ်ထွန်းလှ၏။
မြို့စားစံအိမ်တွင် ကျာကျိုးပြည်နယ် အကြီးအကဲက အခြေအနေ အရပ်အရပ်ကို တင်ပြပြီး လင်ယွိရှုက တစ်ညလုံး နားထောင်နေသည်။ ထို့နောက် မှတ်တမ်းထိန်းအရာရှိကို ဆင့်ခေါ်၍ မှတ်တမ်းမှတ်ရာများကို ဖတ်ရှုစစ်ဆေး၏။ လုပ်ဆောင်စရာ များပြားလွန်းလှသဖြင့် လင်ယွိရှုမှာ တစ်မှေးမျှပင် မမှေးစက်လိုက်ရချေ။
ဒုတိယနေ့သို့ ရောက်သောအခါ လင်ယွိရှုရော ကျာကျိုးပြည်နယ် အကြီးအကဲပါ ပင်ပန်းနွမ်းနယ်စ ပြုလာသည်။ လင်ယွိရှု မြို့စားစံအိမ်မှ လှမ်းအထွက်တွင် စက်မှုလက်မှုဝန်ကြီးနှင့် လက်ထောက်ဝန်မင်းတို့ ရောက်ရှိလာ၏။ လက်ထောက်ဝန်မင်း ရှန်းယိုရှင်က သူ့ထံ စာလိပ်များ ကမ်းပေးလိုက်သည်။ “အရှင့်သား… ရေကြောင်းထိန်းသိမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သီးပင်စားပင်စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပြဿနာရပ်တွေ အကုန်လုံး ဖြေရှင်းပြီးပါပြီ… မြေတိုင်းဌာနခွဲ လက်အောက်က ပြဿနာရပ်တွေကိုတော့ အရှင့်သားကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်…”
လင်ယွိရှုမှာ အံ့အားသင့်သွား၏။ “မြန်လှချည်လား…”
ရှန်းယိုရှင်က လျှောက်တင်လိုက်သည်။ “အရှင့်သား အစီရင်ခံစာတွေ ဖတ်ရှုပြီးတဲ့အခါ ကွပ်မျက်ဖို့အတွက် အသင့်ပြင်ထားရပါမယ်…”
လင်ယွိရှု၏ မျက်နှာ တည်ကြည်လေးနက်သွား၏။ “မြေတွေ ပြန်သိမ်းဖို့ ကိစ္စက အဲလောက် ပြင်းထန်သလား…”
ရှန်းယိုရှင်က ခေါင်းညိတ်လိုက်သည်။
လင်ယွိရှုက ကျာကျိုးပြည်နယ် အကြီးအကဲကို ခေါ်ယူ၍ တည်ကြည်လေးနက်သော မျက်နှာဖြင့် အစီအရင်ခံစာလိပ်များ လက်လွှဲပေးလိုက်၏။ “မအိပ်သေးနဲ့ဦး၊ ငါကိုယ်တော်လည်း မအိပ်သေးဘူး၊ ဒါတွေ အတူဖတ်ကြစို့… ဖတ်ပြီးတာနဲ့ ဖမ်းသင့်တဲ့သူ ဖမ်း၊ သတ်သင့်တဲ့သူ သတ်ရမယ်… ဒီလို ပုံမှန်မဟုတ်တဲ့ အချိန်အခါမျိုးမှာ အပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ချမှတ်ရမယ်…”
ကျာကျိုးပြည်နယ် အကြီးအကဲ၏ မျက်နှာ ဖြူဖျော့သွားသည်။
ချင်မူက ချန်ဝမ်ယွင်တို့ကို ခေါ်ယူလိုက်၏။ “မင်းတို့ အလုပ်ပေါ်လာပြီ… ဒါပြီးရင် လူဖမ်းဖို့ အရာရှိမင်းတွေနဲ့ လိုက်သွား…”
ချန်ဝမ်ယွင်က တီးတိုးရေရွတ်လိုက်သည်။ “ဂိုဏ်းသခင်၊ ပြောတော့ အန္တရာယ်မရှိဘူးဆို… ဒီလို တိုင်းပြည် မငြိမ်သက်တဲ့အချိန်မှာ နယ်မြေပိုင်စိုး သိမ်းပိုက်ထားနိုင်တာ အကောင်ကြီးကြီးတွေပဲ ဖြစ်မှာ၊ ဩဇာကြီးမိသားစုတွေရဲ့ အင်အားက ပေါ့သေးသေး မဟုတ်ဘူး…”
ချင်မူက ပြုံးလိုက်၏။ “မင်းတို့က နန်းတွင်းကောလိပ်ရဲ့ အဆင့်မြင့်ပညာရှင်၊ အင်ပါယာရဲ့ လက်ရွေးစင်တွေလေ… ဘယ်လိုလုပ် ဒီလို နယ်စားပယ်စားတွေကို ကြောက်နေရမှာလဲ…”
ဝေ့ယုံ၊ ယွဲ့ချင်းဟုန်နှင့် ကျန်သူများကတော့ တက်ကြွနေကြသည်။
များစွာမကြာလိုက်ဘဲ အိမ်ရှေ့မင်းသားနှင့် ပြည်နယ်အကြီးအကဲက ဖမ်းမိန့် ထုတ်ပြန်လိုက်သဖြင့် နန်းတွင်းအရာရှိများနောက်မှ ဝေ့ယုံတို့ လိုက်ပါသွားကြ၏။ မွန်းလွဲချိန် ရောက်သောအခါမှ သွေးသံတရွှဲရွှဲ ပြန်လာကြသည်။ တိုက်ပွဲများ အပြင်းအထန် ဆင်နွှဲလာခဲ့ရကြောင်း ထင်ရှား၏။
လင်ယွိရှုက ကျာကျိုးပြည်နယ်ရှိ ပြဿနာအရပ်ရပ်ကို ဖြေရှင်းရန် နှစ်ရက် အချိန်ယူပြီးနောက် အရှေ့ဘက်သို့ ခရီးဆက်ထွက်ခဲ့သည်။ လမ်းတွင် ထူမြစ်ဝှမ်းတစ်လျှောက်ရှိ အခက်အခဲ ပြဿနာများကိုလည်း ဖြေရှင်းခဲ့၏။ ထို့နောက်တွင်တော့ ဟဲကျိုးပြည်နယ်သို့ ရောက်ရှိလာသည်။ ဟဲကျိုးပြည်နယ်က အရှေ့ဘက် ပင်လယ်ကမ်းစပ် ရောက်သည်အထိ သွယ်တန်းနေပြီး ရွှေမြို့တော်နှင့် အလှမ်းကွာလှ၏။ ရေကြောင်းဆက်သွယ်ရေး ထွန်းကားပြီး ကြီးမားသော ဆိပ်ကမ်းတစ်ခု ရှိသည်။ ဤနေရာရှိ ကုန်သွယ်သင်္ဘောများက တစ်ပြည်လုံးရှိ ရေကြောင်းဆိပ်ကမ်းများနှင့် ကူးလူးဆက်သွယ်ရုံသာမက တိုင်းတစ်ပါးသားများ၊ ပင်လယ်ရပ်ခြား တိုင်းပြည်များနှင့်ပင် အဆက်အဆံ ရှိကြ၏။
အားလုံးက လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ရင်းနှီးကျွမ်းဝင်နေကြပြီ ဖြစ်သဖြင့် လက်ထောက်ဝန်မင်းပင် ညွှန်ကြားစရာ မလိုဘဲ လိုအပ်သည်များကို အသီးသီး စစ်ဆေးကြည့်ရှုလိုက်ကြသည်။
ဟဲကျိုးပြည်နယ်ရှိ ကိစ္စအရပ်ရပ်ကို ဖြေရှင်းပြီးသောအခါ အားလုံး ပင်ပန်းနေကြပြီဖြစ်ကြောင်း တွေ့မြင်သဖြင့် လင်ယွိရှုက ကြေညာလိုက်၏။ “အားလုံး ပင်ပန်းသွားကြပြီ၊ ခရီးထပ်မဆက်ခင် ဟဲကျိုးပြည်နယ်မှာ တစ်ရက်၊ နှစ်ရက်လောက် အနားယူကြတာပေါ့…”
အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
ချင်မူ့ကို လင်ယွိရှို့က မြို့ထဲလျှောက်ကြည့်ရန် ဆွဲခေါ်သွား၏။ “ဟဲကျိုးပြည်နယ်ရဲ့ ကုန်သွယ်ရေးက အတော်လေး ဖွံ့ဖြိုးတာ၊ တိုင်းတစ်ပါးက ထူးထူးဆန်းဆန်း ပစ္စည်းတွေ အများကြီး ရှိတယ်… ဈေးပွဲတော်ထဲ လျှောက်ပတ်ကြည့်ရအောင်…”
“ငါလည်း လိုက်မယ်…”
စစ်ယွင်ရှန်းက သူတို့နောက်မှ လိုက်လာသည်။ လင်ယွိရှို့က သူ့ကို တစ်ချက်ကြည့်၍ စိတ်ထဲမှ တွေးလိုက်၏။ ‘မြေခွေးမ…’
‘မိန်းမပျက်…’ စစ်ယွင်ရှန်းကလည်း အပြုံးပန်းဝေဆာသော မျက်နှာဖြင့် အသံတိတ် ရေရွတ်လိုက်သည်။
ဤမိန်းမပျိုလေး နှစ်ယောက်၏ မျက်ဝန်းထဲ၌ မီးပွင့်များ တဖွားဖွား လွင့်နေသော်လည်း ချင်မူကတော့ သတိပြုမိခြင်း မရှိချေ။ ဟဲကျိုးပြည်နယ်၏ ဈေးပွဲတော်၌ အမှန်တကယ်ပင် ထူးခြားဆန်းကြယ်သော ပစ္စည်းများ ပေါများလှ၏။ သို့သော်လည်း ချင်မူ စိတ်ဝင်စားနေသည်မှာ ထိုပစ္စည်းများ မဟုတ်။ တိုင်းတစ်ပါးသား မျိုးနွယ်ခြားများ ဖြစ်၏။
ဆန်းကြယ်စွာ ဝတ်စားဆင်ယင်ထားသော မျိုးနွယ်ခြားများစွာကို သူ မြင်တွေ့ရသည်။ ထိုသူတို့၏ သွင်ပြင်က ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တိုင်းသူပြည်သားများနှင့် များစွာ ကွဲပြားခြားနား၏။ ၎င်းတို့ထဲတွင် နဖူးအလယ်၌ ဒေါင်လိုက် မျက်စိတစ်လုံးသာ ရှိသော မျက်လုံးတစ်လုံးဘီလူး အချို့ပင် ပါရှိသေးသည်။
လက်လေးဖက်၊ ခေါင်းနှစ်လုံးရှိသော လူများကိုလည်း တွေ့ရ၏။
လှပစွာ ဝတ်စားဆင်ယင်ထားသော ပင်လယ်မျိုးနွယ်စု မိန်းမပျိုအချို့ကိုပင် သူ မြင်တွေ့မိသည်။ ထိုမိန်းမပျိုများက ရေဘဝဲကဲ့သို့ ခြေထောက်ရှစ်ချောင်း ရှိပြီး လျင်မြန်စွာ လျှောက်လှမ်းသွားကြ၏။ အသေးစိတ် ကြည့်လိုက်သောအခါ သူတို့၏ နားရွက်ဘေး၌ ပါးဟက်များ ရှိနေကြောင်း မြင်တွေ့ရသည်။
“သူတို့က ပင်လယ်ဘက်က လာတာ…” စစ်ယွင်ရှန်းက ချင်မူ့ကို တီးတိုးပြောပြလိုက်၏။ “ပင်လယ်မျိုးနွယ်ရဲ့ ကုန်သည်တွေပဲ… ကျွန်မကြားတာတော့ ပင်လယ်အောက်ထဲမှာ တိုင်းပြည်တည်ထားကြတာတဲ့…”
ချင်မူ အံ့အားသင့်သွားသည်။
ပင်လယ်မျိုးနွယ်စုတို့ ရောင်းချနေသော ပစ္စည်းများက အလွန်တရာ ဆန်းကြယ်လှ၏။ အလိုအလျောက် ရေငွေ့များ ထုတ်လွှတ်နေသော အပြာရောင် သန္တာကျောက်ခက်ပင်တစ်ပင် ရှေ့တွင် သူ ရပ်ကြည့်လိုက်သည်။ ထိုသန္တာကျောက်ခက်ပင်၏ ပတ်ပတ်လည်၌ ရေငွေ့လုံးကြီး ဖုံးလွှမ်းနေ၏။ ရေငွေ့များကြားတွင် သုံးလက်မအရွယ်ခန့် ရှိသော မိန်းမပျိုလေးက ရေနဂါးတစ်ကောင်ကို စီးနင်း၍ သူနားမလည်သော ဘာသာစကားဖြင့် သီချင်းများ သီဆိုနေသည်။
ထို့နောက်တွင် ထိုကျောက်ခက်ပင်ပေါ်မှ ရေနဂါး စီးနင်းထားသော မိန်းမပျိုများ၊ ယောက်ျားပျိုများ ထပ်၍ ဆင်းသက်လာပြီး သီချင်းများ သီဆိုကာ ဝိုင်းပတ်ကခုန်နေကြ၏။
ဤသန္တာကျောက်ခက်ပင်က အမှန်တကယ်တမ်းတွင် မျိုးနွယ်စုအသေးလေးတစ်စု နေထိုင်ရာနေရာ ဖြစ်နေပေသည်။
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့မှာလည်း ဤမြင်ကွင်းကို ငေးမောကြည့်ရှုနေမိ၏။ ထိုအခိုက်၌ အစိမ်းပုပ်ရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသော ရှည်ရှည်သွယ်သွယ် မိန်းမပျိုတစ်ဦး အနားရောက်လာပြီး အပြာရောင် သန္တာကျောက်ခက်ပင်ကို ကြည့်၍ တအံ့တဩ ရေရွတ်လိုက်သည်။ “ထူးဆန်းလိုက်တဲ့ မျိုးနွယ်တွေပဲ၊ ရှောင်ဟုန် နင်ရော ဘယ်လိုထင်လဲ…”
ချင်မူ ခေါင်းငဲ့ကြည့်လိုက်သောအခါ ထိုမိန်းမပျို၏ နားသန်သီးဖြူဖြူ၌ တွဲလောင်းကျနေသည့် အနီရောင် ကျောက်စိမ်းနားဆွဲလေးကို မြင်မိ၏။ ရုတ်တရက် ထိုနားဆွဲက ဆန့်ထွက်လာပြီး အနီရောင် မြွေသေးသေးလေး ဖြစ်ကာ ပါးစပ်ဖြဲဟ၍ ရွှီခနဲ တွန်မြည်လိုက်သည်။
“လုံကျောင်းနန်…”
ချင်မူ အံ့အားသင့်သွားပြီး သူ့ဓားကို ဆွဲထုတ်ရန် ပြင်လိုက်၏။ ထိုအမျိုးသမီးက ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ချင်အနေနဲ့ လှုပ်လှုပ်ရှားရှား မလုပ်ရင် အကောင်းဆုံး ဖြစ်လိမ့်မယ်… ငါ့ရဲ့ ရှောင်ဟုန်က ခုနစ်စဉ်ကြယ်အဆင့်၊ မင်းတို့သုံးယောက်စလုံးကို တစ်ချက်တည်း ဟပ်ပြီး မျိုချပစ်နိုင်တယ်… ဂိုဏ်းသခင်… ငါ့အဖေက မင်းကို တွေ့ချင်နေတယ်…”
ချင်မူ ခေါင်းကျိန်းသွားပြီး မျက်နှာတည်တည်နှင့် မေးလိုက်၏။ “နဂါးဘုရင်လည်း ဒီမှာ ရောက်နေတာလား…”
လုံကျောင်းနန်က ဟက်ခနဲ ရယ်မောလိုက်သည်။ “ငါ့အဖေက နဂါးဘုရင်လို့ နာမည်ကျော်တာ၊ ဘယ်လိုလုပ် ဟဲကျိုးမှာ ဩဇာအာဏာမရှိဘဲ နေမှာလဲ… ဒါပေမဲ့ ဂိုဏ်းသခင်ကြောင့် ငါတို့နဂါးစီးဂိုဏ်း အမြစ်ပြတ် သုတ်သင်ခံလိုက်ရလို့ ငါနဲ့ ငါ့အဖေ အရှေ့ပင်လယ်မှာပဲ သွားပုန်းနေရတော့တယ်…”
စစ်ယွင်ရှန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်၍ ရွှင်မြူးသည့် လေသံဖြင့် ဝင်ပြောလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆဋ္ဌမမင်းသမီးကို ဖမ်းမိတဲ့အတွက် အစ်မတော်လုံကို ဂုဏ်ပြုပါတယ်… ကျွန်မအနေနဲ့ ဒီနေရာမှာ ရှိနေစရာ မလိုဘူးဆိုတော့ သွားခွင့်ပြုပါဦး…”
လုံကျောင်းနန်က နှုတ်ခမ်းတွန့်ကွေး၍ ပြုံးလိုက်သည်။ မြွေနီလေးက ရုတ်တရက် စစ်ယွင်ရှန်းထံ ကူးခတ်သွားပြီး လျှာတစ်လစ်ထုတ်၍ လည်တိုင်ကို နမ်းလိုက်၏။ “စစ်မိသားစုရဲ့ သမီးကြီး၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကောင်းကင်နတ်မယ်… မင်းရဲ့ တန်ဖိုးက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆဋ္ဌမမင်းသမီးအောက် မကျဘူး… မင်း ဘယ်သူလဲဆိုတာ ငါမသိဘူးလို့ ထင်နေတာလား…”