← Chapters

လောကတစ်ခွင်၏ အပြောင်းအလဲ

Vol. 21 Ch. 283

လောကတစ်ခွင်၏ အပြောင်းအလဲ

Vol. 21 Ch. 283

ချင်မူက ထိုကြက်ခေါင်းဝါဂျင်ဆင်းကို ကောက်ယူပြီး စစ်ဆေးကြည့်ရှုလိုက်သည်။ အခြား ကြက်ခေါင်းဝါဂျင်ဆင်းများက သစ်ရွက်များ၊ သဲများ၊ ကျောက်ဆောင်အက်ကွဲကြောင်းများကြားမှ ခေါင်းပြူထွက်လာကြ၏။ ဘီလူးကြီးတစ်ကောင်က သူတို့၏ အပေါင်းအဖော်ကို ကောက်ယူသွားကြောင်း မြင်တွေ့သောအခါ တစ်စက်ကလေးမျှ ကယ်တင်ရန် စိတ်ကူးမရဘဲ အလန့်တကြား အော်ဟစ်ပြီး ပိုမိုနက်ရှိုင်းစွာ ပုန်းခိုလိုက်ကြသည်။

ချင်မူ ဤလူသေးသေးလေးကို အသေးစိတ် ကြည့်ရှုလိုက်သောအခါ ၎င်း၏ ခြေထောက်များက မြောက်မြားစွာသော သစ်မြစ်များ စုဝေးရစ်ပတ်ထားခြင်း ဖြစ်ကြောင်း တွေ့ရ၏။ ခါးနေရာတွင်တော့ မြက်ပင်ဖြင့် ရက်လုပ်ထားသော ခါးဝတ်တစ်ထည် ပတ်ထားပြီး မျက်နှာတွင် အမြစ်ကဲ့သို့ မုတ်ဆိတ်မွေးများ ရှိသည်။

၎င်း၏ လက်ထဲတွင်တော့ ဝါးကိုင်းမှ ပြုလုပ်ထားသော လှံတစ်ချောင်းကို ကိုင်ဆောင်ထား၏။ လှံဖျားက နှင်းကဲ့သို့ ဖြူဖွေးနေပြီး ထူးဆန်းသော သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ချင်မူ အံအားသင့်သွားပြီး ထိုလှံသွားကို အသေအချာ ကြည့်ရှုလိုက်၏။

မည်သည့် သတ္ထုဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း ထူးဆန်းသော မှော်သင်္ကေတများ ခတ်နှိပ်ထားသည်ကို တွေ့ရှိရ၏။ ဤကြက်ခေါင်းဝါဂျင်ဆင်းများ၏ ဝတ်စားဆင်ယင်ပုံအရ ၎င်းတို့မှာ မှော်သင်္ကေတနှင့် မှော်ပညာအရာတွင် တစ်ဖက်ကမ်းခတ် တတ်ကျွမ်းသူများ ဖြစ်ပုံမရချေ။

သို့ဆိုလျှင် ဤလှံတံမှ သတ္ထုက မည်သည့်နေရာမှ ရောက်ရှိလာလေသနည်း။

ထိုကြက်ခေါင်းဝါဂျင်ဆင်းက သတိပြန်ရလာဟန် ရှိပြီး တဆတ်ဆတ် တုန်ရီနေသည်။ ရုတ်တရက် သူ့ခေါင်းပေါ်၌ အစိမ်းရောင် အညှောင့်ပေါက်လေးတစ်ခု ထွက်ပေါ်လာ၏။ သူက အလွန်တရာ စိတ်လှုပ်ရှားနေသဖြင့် အညှောင့်ပေါက်လေးက လျင်မြန်စွာ ကြီးထွားလာသည်။

ချင်မူက ပြုံးလိုက်၏။ “သေချင်ယောင် ဆောင်မနေနဲ့တော့… ငါ မင်းကို မစားပါဘူး၊ မေးခွန်းနည်းနည်းပဲ မေးမှာပါ…”

ကြက်ခေါင်းဝါဂျင်ဆင်းက သတ္တိကို စုစည်း၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ သို့သော်လည်း ချင်မူ့အပြုံးနှင့် ဖွေးလက်နေသော သွားများကို မြင်သည့်အခါ အလန့်တကြား အော်ဟစ်ပြီး သတိလစ်သွားပြန်၏။

ကျွန်းပေါ်မှ မာန်သွင်းအော်ဟစ်သံများ ထွက်ပေါ်လာပြီး ကြက်ခေါင်းဝါဂျင်ဆင်းများ တစ်ရှိန်ထိုး ပြေးထွက်လာသည်။ ၎င်းတို့က ကယ်ဆယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း ထင်ရှား၏။ သို့သော်လည်း ချင်မူက သူတို့၏ အပေါင်းအဖော်ကို ချီမဆုပ်ကိုင်ထားကြောင်း မြင်တွေ့သည့်အခါ ကြက်ခေါင်းဝါဂျင်ဆင်းများမှာ နောက်ပြန်လှည့်၍ ထွက်ပြေးသွားကြတော့သည်။

ချင်မူမှာ အံ့အားသင့်သွားပြီး ခေါင်းခါယမ်းလိုက်၏။ “တကယ့်ကို သစ္စာစောင့်စိတ် မရှိကြတာပဲ…”

သူ့လက်ထဲရှိ ကြက်ခေါင်းဝါဂျင်ဆင်း၏ ခေါင်းပေါ်မှ သစ်ရွက်ကို လက်ဖြင့် တောက်လိုက်သောအခါ ထိုလူသေးသေးလေးမှာ ထပ်မံ၍ သတိလည်လာပြန်သည်။ ချင်မူက သူ့ကို လွှတ်ချပြီး ချီစွမ်းဖြင့် မ,ကာ သူတို့သုံးယောက်ရှေ့တွင် ပေါလောမျောနေစေလိုက်၏။ “သေချင်ယောင် မဆောင်နဲ့တော့… နောက်တစ်ခါ ထပ်လုပ်ရင် တကယ်သေအောင် လုပ်ပေးလိုက်မယ်… မေးတာကိုဖြေ၊ ဘာလို့ ဒီကျွန်းပေါ်မှာ ကြက်ခေါင်းဝါဂျင်ဆင်းတွေ အများကြီး ဖြစ်နေတာလဲ…”

ထိုကြက်ခေါင်းဝါဂျင်ဆင်းမှာ တဆတ်ဆတ် တုန်ရီသွားသည်။ “ကျွန်တော် မသိဘူး၊ ပထမသခင်ကို မေးမှရမှာ…”

ချင်မူက မျက်မှောင်ကြုတ်ပြီး ထပ်မေးလိုက်၏။ “မင်းတို့ရဲ့ လှံသွားတွေက ဘယ်ကရတာလဲ…”

“ကျွန်တော် မသိဘူး၊ ပထမသခင်ကို မေးမှရမှာ…”

ချင်မူမှာ မည်သို့ လုပ်ရမှန်း မသိတော့ဘဲ ထိုလူသေးသေးလေးကို အောက်ချ၍ ပြောလိုက်သည်။ “ငါတို့ကို မင်းတို့ ပထမသခင်ဆီ ခေါ်သွား…”

၎င်းကြက်ခေါင်းဝါဂျင်ဆင်းက မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် ကျွန်းဘက်သို့ စတင် လျှောက်လှမ်းသွား၏။ ထိုအခိုက်၌ အနီးနားရှိ မြက်ပင်ကြားမှ ခေါင်းသေးသေးလေး တစ်ခေါင်း ပေါ်ထွက်လာပြီး သူ့ကို ဒေါသကြီး ကြိမ်းမောင်းလိုက်သည်။ “သစ္စာဖောက်…”

ချင်မူက ထိုကြက်ခေါင်းဝါဂျင်ဆင်းကိုလည်း မြက်ပင်ကြားမှ လှမ်းကောက်၍ ဖမ်းယူလိုက်၏။ “မင်းလည်း လမ်းပြ၊ ငါတို့ကို မင်းတို့ရဲ့ ပထမသခင်နဲ့ တွေ့ရအောင် ခေါ်သွား…”

ထိုကြက်ခေါင်းဝါဂျင်ဆင်းမှာ တစ်မုဟုတ်ချင်း နာခံ၍ ရှက်ရွံ့စွာ ခေါင်းငိုက်စိုက်ချရင်း သစ္စာဖောက်တစ်ယောက်အဖြစ် ကျွန်းဘက်သို့ လျှောက်လှမ်းသွားတော့သည်။ သူ့ဘေးမှ ကြက်ခေါင်းဝါဂျင်ဆင်းကတော့ ပထမဆုံး အညံ့ခံသူအဖြစ် ဂုဏ်ယူဝံ့ကြွားသည့်အလား ခေါင်းမော့ရင်ကော့သွား၏။

“ဒီကျွန်းပေါ်မှာ ကြက်ခေါင်းဝါဂျင်ဆင်းတွေ အတော်များတာပဲ…”

စစ်ယွင်ရှန်းက အံ့အားသင့်နေသည်။ သူတို့ ကျွန်းအလယ်သို့ ရောက်လာသောအခါ သစ်ပင်များထက်၌ တွဲလောင်းချိတ်ဆွဲနေသော အိမ်များကို တွေ့ရ၏။ ထိုအိမ်များမှာ လွန်စွာ သေးငယ်နုနယ်၍ ငှက်သိုက်ထက် ယောင်ယောင်လေးသာ ကြီးပြီး နွယ်ပင်များဖြင့် ရက်လုပ်ထားခြင်း ဖြစ်သည်။ အဝေးက လှမ်းကြည့်လျှင် ပန်းသီးစိမ်းများနှင့်ပင် တူနေသေး၏။

သူတို့အုပ်စု လျှောက်လှမ်းသွားသောအခါ သစ်ပင်ပေါ်မှ အိမ်ကလေးများ တံခါးပွင့်ဟလာပြီး ကြက်ခေါင်းဝါဂျင်ဆင်း များစွာက သူတို့ကို ချောင်းမြောင်းကြည့်ရှုနေကြသည်။

ထူးဆန်းသည့် သစ်ပင်ကမ္ဘာတစ်ခုနှင့်ပင် တူလှ၏။

မြေပြင်ပေါ်တွင်လည်း ကျောက်တုံးငယ်လေးများဖြင့် တည်ဆောက်ထားသော အိမ်ပေါင်းများစွာ ရှိသည်။ ထိုအိမ်များက မြို့တစ်မြို့အဖြစ် ဖွဲ့တည်နေသော်လည်း အကျယ်အဝန်းအားဖြင့် ပေခြောက်ဆယ်ပတ်လည်ခန့်သာ ရှိ၏။

ကြက်ခေါင်းဝါဂျင်ဆင်း နှစ်ယောက်က အသက်ကင်းမဲ့နေသော မြို့ထဲသို့ လျှောက်လှမ်းဝင်သွားပြီး မြို့စောင့်စစ်သားများက ဘီလူးကြီးသုံးကောင်ကို ကျောက်ရုပ်သဖွယ် ငေးစိုက်ကြည့်နေကြသည်။ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေပြီး အနည်းငယ်မျှပင် ဟန့်တားခြင်း မရှိကြချေ။

“ဒီနေရာမှာ ကြက်ခေါင်းဝါဂျင်ဆင်းတွေ ထောင်သောင်းချီ ရှိနေတာပဲ…” စစ်ယွင်ရှန်းမှာ အံ့ဩမပြယ်သေးဘဲ တီးတိုးပြောလိုက်၏။ “ဂိုဏ်းသခင်၊ ဒီကြက်ခေါင်းဝါဂျင်ဆင်းတွေကို ဖမ်းပြီး ရောင်းလိုက်ရင် အင်ပါယာတစ်ခုလောက်နီးနီး ချမ်းသာသွားနိုင်တယ်နော်…”

ချင်မူက မြို့ထဲသို့ မဝင်သေးဘဲ အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။ “ဘာလို့ အဲလိုလုပ်ရမှာလဲ…”

စစ်ယွင်ရှန်းမှာ နားမလည်နိုင် ဖြစ်သွား၏။ “အားနည်းတဲ့သူက အားကြီးတဲ့သူတွေအတွက် သားကောင်ပဲလေ၊ အဲဒါ မဟာမြို့ပျက်ရဲ့ ဥပဒေသ မဟုတ်ဘူးလား…”

“ကောင်းကင်နတ်မယ်၊ မဟာမြို့ပျက်ရဲ့ သားရိုင်းအမူအကျင့်က မင်းထင်တာနဲ့ နည်းနည်းလွဲနေတယ်…” ချင်မူက ရှင်းပြလိုက်သည်။ “မဟာမြို့ပျက်ရဲ့ ဆန်းကြယ်သားရဲတွေက အားနည်းတဲ့ သတ္တဝါတွေကို အမဲလိုက် စားသောက်ကြပေမဲ့ ဗိုက်ပြည့်သွားရင် မလိုအပ်ဘဲ မသတ်ကြဘူး… အဲဒါ သားရိုင်းအမူအကျင့်ပဲ… ကိုယ့်အောက် အားနည်းသမျှ အားလုံးကို သတ်ပစ်တာနဲ့ မတူဘူး… ဒီကြက်ခေါင်းဝါဂျင်ဆင်းတွေကလည်း ကိုယ်ပိုင်နယ်မြေ၊ လူ့အဖွဲ့အစည်း တည်ထောင်ထားနိုင်တဲ့ အသိဉာဏ်ရှိ သက်ရှိသတ္တဝါတွေပဲ… ငါတို့က သူတို့နယ်မြေကို လာတာဆိုတော့ ကျင့်ဝတ်စည်းကမ်းအတိုင်း ဆက်ဆံရမယ်.. ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး တစ်ပြည်လုံး၊ တစ်မျိုးလုံးကို သုတ်သင်ရှင်းလင်းပစ်လို့ ဘယ်ဖြစ်မှာလဲ…”

စစ်ယွင်ရှန်းမှာ အတွေးနက်သွား၏။

များစွာမကြာလိုက်ဘဲ မြို့လယ်နန်းဆောင်အတွင်းမှ ရထားလုံးတစ်စီး မောင်းနှင်ထွက်ခွာလာပြီး ကြက်ခေါင်းဝါဂျင်ဆင်းများက ထိုရထားလုံးအနီးသို့ ဝိုင်းအုံတိုးကပ်သွားကြသည်။ ရထားလုံးပေါ်တွင် ဆံပင်များ ဖွေးဖွေးဖြူနေသည့် အဘွားအိုတစ်ဦး ပါရှိ၏။ သူက တုန်တုန်ချိချိနှင့် ထရပ်ပြီး ချင်မူတို့ကို နှုတ်ဆက်လိုက်သည်။ “အပြင်လူ မမြင်ရတာ ကြာပြီဆိုတော့ ကလေးတွေက နည်းနည်း ပျာယာခတ်သွားကြတယ် ထင်ပါရဲ့… ဒီအိုကြီးအိုမကပဲ တောင်းပန်ပါတယ်ကွယ်…”

“အကြီးအကဲက နှိမ့်ချလွန်းနေပါပြီ…” ချင်မူက တရိုတသေ ပြန်လည် နှုတ်ဆက်လိုက်၏။ “ဒီမသိတတ်တဲ့ မောင်နှမတစ်စုက အကြီးအကဲရဲ့ နယ်မြေအနီးမှာ ဖြတ်သန်းသွားလာရင်း ပြည်သူပြည်သားတွေကို ထိတ်လန့်စေခဲ့မိပါတယ်… စိတ်မရှိဖို့ တောင်းပန်ပါရစေ…”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ ဤကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးက တစ်ပေခန့်သာ အရပ်အမောင်း ရှိပြီး လွန်စွာ သေးငယ်သည့်တိုင် ချင်မူက တရိုတသေ ဆက်ဆံနေသည်ကို မြင်ရသောအခါ မအောင့်နိုင်ဘဲ ပြုံးလိုက်မိကြ၏။

ထို့နောက်တွင် မိန်းကလေးနှစ်ယောက်ကလည်း ထိုအဘွားကြီးကို ထုံးတမ်းအစဉ်အလာအတိုင်း နှုတ်ခွန်းဆက်သလိုက်ကြသည်။

ကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးက ပြောလိုက်၏။ “ဒီအဘွားကြီးရဲ့ အိမ်က မင်းတို့တတွေ ဝင်မဆံ့အောင် သေးငယ်တာမို့ အထဲဝင်ဖို့ မဖိတ်ခေါ်နိုင်တော့တာ ခွင့်လွှတ်ပါ… မင်းတို့သုံးယောက်က ဘယ်ကိုများ သွားမလို့လဲကွဲ့…”

ချင်မူက ပြုံးလိုက်သည်။ “ကျွန်တော်တို့သုံးယောက်က ဒီနေရာမှာ ခရီးတစ်ထောက်နားဖို့ပါ… အကြီးအကဲရဲ့ တိုင်းပြည်က အဆန်းတကြယ် ဖြစ်နေတာကို မြင်လို့ အနှောက်အယှက် ပြုမိသွားပါတယ်… ဒါနဲ့ ဒီနေရာမှာ ဘာလို့ ကြက်ခေါင်းဝါဂျင်ဆင်းတွေ အများကြီး ဖြစ်နေတာလဲဆိုတာ မေးခွင့်ရှိမလား မသိဘူး…”

အဘွားကြီးက ပြုံးလိုက်၏။ “ရေမြေအနေအထားကြောင့်ပဲ ထင်ပါရဲ့… ငါနိုးလာတော့ စမ်းချောင်းတစ်ခုဘေးမှာ၊ ရုတ်တရက်ကြီး အသိဉာဏ်ရလာတာပဲ… အဲဒီကစပြီး ငါတို့တတွေ ပွားများလာလိုက်တာ၊ အခုလို လူသေးသေးလေးတွေ အများကြီး ဖြစ်လာတာပေါ့ကွယ်…”

“စမ်းချောင်းတစ်ခု ဟုတ်လား…” ချင်မူ အံ့အားသင့်သွားပြီး မေးလိုက်သည်။ “အကြီးအကဲအနေနဲ့ ကျွန်တော်တို့ကို အဲဒီစမ်းချောင်းနေရာ ပြပေးလို့ရမလား မသိဘူး…”

ကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးက ပြုံးလိုက်၏။ “ရတာပေါ့ကွယ်…”

ထိုသို့ ပြောပြီးသည်နှင့် သူက ရထားလုံးကို မောင်းနှင်ရန် အမိန့်ပေးပြီး စမ်းချောင်းတစ်ခုရှိရာသို့ ခေါ်ဆောင်သွားသည်။ ဤစမ်းချောင်းက များစွာ ကြီးမားခြင်း မရှိဘဲ ကိုက်နှစ်ဆယ်ပတ်လည် ရှိသော ရေကန်တစ်ခုမှ စီးဆင်းလာခြင်းသာ ဖြစ်၏။ သို့သော်လည်း ထိုရေကန်မှာ အောက်ခြေကို မမြင်ရအောင် နက်ရှိုင်းလှသည်။ ကြက်ခေါင်းဝါဂျင်ဆင်း များစွာက ဤစမ်းချောင်းမှ ရေများကို ခပ်ယူနေကြသော်လည်း ရေကန်အတွင်း၌ အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။

ချင်မူက စမ်းရေအချို့ ခပ်၍ အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်ပြီး ကြည့်ရှုလိုက်သည်။ ရေထဲ၌ ထူးဆန်းသော စွမ်းအားတစ်ရပ် ကိန်းအောင်းပါဝင်နေသည်ကို မြင်သောအခါ သူ့မျက်နှာ တည်ကြည်လေးနက်သွား၏။ ဤဖြစ်ရပ်က ထူးကဲလှသည်။

ကျွန်းပေါ်မှ ကြက်ခေါင်းဝါဂျင်ဆင်းများက ဤနေရာရှိ ရေများကို တစ်နှစ်ပတ်လုံး သောက်သုံးပြီး ဝိညာဉ်ဖွဲ့လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ပို၍ ထူးကဲသည်မှာ ၎င်းတို့ထံ၌ မှော်မိစ္ဆာအငွေ့အသက် လားလားမျှ မရခြင်း ဖြစ်၏။

‘ဒါက ရိုးရိုးစမ်းချောင်း မဟုတ်ဘူး…’ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့မှာလည်း ထူးခြားမှုကို သတိပြုမိပြီး စိတ်ထဲမှ တွေးလိုက်မိကြသည်။

ချင်မူက ထရပ်၍ မေးလိုက်၏။ “အကြီးအကဲတို့ရဲ့ လက်နက်တွေကလည်း နည်းနည်း ထူးဆန်းနေသလိုပဲ၊ ဘယ်နေရာက ရခဲ့သလဲဆိုတာ သိခွင့်ရှိမလား…”

ကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးက ပြန်ဖြေလိုက်သည်။ “အဲပစ္စည်းတွေက ဒီကလေးတွေ ကောက်လာခဲ့တာ… စမ်းချောင်းထဲက ထွက်လာတာပါပဲ…”

“စမ်းချောင်းထဲက ထွက်လာတာ ဟုတ်လား…” ချင်မူ ဘေးနားမှ နက်ရှိုင်းသော ရေကန်ထံသို့ အကြည့်ရောက်သွားပြီး သူဖာသာ တီးတိုးရေရွတ်၍ ကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးဘက်သို့ လှည့်ပြောလိုက်၏။ “အကြီးအကဲ၊ ကျွန်တော်တို့ ဒီရေကန်ထဲကို တစ်ချက်လောက် ဆင်းကြည့်ချင်ပါတယ်…”

“မင်းတို့က လူ့ဘီလူးကြီးတွေ ဆိုပေမဲ့ ဂရုစိုက်မှ ရမယ်… ဒီရေကန်က ဘယ်လောက်ထိ နက်မှန်းတောင် မသိရဘူး၊ ငါတို့ကလေးတွေ ဒီမှာ ရေနစ်သေရတာတင် အတော်များတယ်…”

ကြက်ခေါင်းဝါဂျင်ဆင်း အဘွားကြီးက တစ်မုဟုတ်ချင်း လူများဆင့်ခေါ်၍ ပြောလိုက်သည်။ “နွယ်ကြိုးတွေ ရှာခဲ့ဖို့ သူတို့ကို အမိန့်ပေးလိုက်မယ်၊ မင်းတို့ခန္ဓာကိုယ်မှာ နွယ်ကြိုးတွေ ပတ်ပြီးမှ ဆင်းကြ… အဲဒါမှ အသက်ရှူ ဆက်မအောင့်နိုင်တော့ရင် နွယ်ကြိုးကို ဆွဲပြီး ချက်ချင်း ပြန်တက်လာလို့ရမှာ…”

“အဲလိုလုပ်ဖို့ မလိုပါဘူး…”

ချင်မူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူလိုက်ရာ အရပ်မျက်နှာအနှံ့မှ လေများ သူ့ထံ တဟူးဟူး တိုးဝင်လာ၏။ သူ့ရင်ဘတ်အတွင်းသို့ မရေမတွက်နိုင်သော လေများ ရှူသွင်းပြီးသွားသောအခါ ရေကန်ထဲသို့ ခုန်ချလိုက်သည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာလည်း အသက်များ ပြင်းပြင်းရှူသွင်း၍ နောက်မှ လိုက်ခုန်ဆင်းသွားကြ၏။

ထို့နောက်တွင် သူတို့သုံးယောက်သား ကျင့်စဉ်အသီးသီးကို ထုတ်သုံးလိုက်ကြသည်။ လင်ယွိရှို့က နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို လေ့ကျင့်ထားသည် ဖြစ်၍ ရေနဂါးတစ်ကောင်ကဲ့သို့ ကူးခပ်နိုင်၏။ စစ်ယွင်ရှန်းမှာလည်း ကောင်းကင်နတ်ဘုရား ဖန်ဆင်းကျင့်စဉ်ကို အသုံးပြု၍ ငါးတစ်ကောင်ကဲ့သို့ ကူးခပ်ပြီး ရေကန်အောက်ခြေသို့ ဆင်းသက်လာသည်။

ဤနေရာက လွန်စွာ နက်ရှိုင်းလှသဖြင့် တော်တော်နှင့် အောက်ခြေကို မမြင်ရချေ။ အချိန်အတော်ကြာ ကူးခပ်ဆင်းသက်ပြီးသောအခါ ပတ်ဝန်းကျင်တစ်ခွင်က တစ်စထက်တစ်စ မှောင်မည်းလာ၏။ ရေဖိအားကလည်း ပို၍ ပို၍ ကြီးမားလာသည်။ သို့တိုင်အောင် အောက်ခြေသို့ မရောက်သေးပေ။

ရုတ်တရက် သူတို့ရှေ့၌ အလင်းရောင်တစ်ခု ပေါ်ထွက်လာသည်။ ရေကန်နံရံ လေးဘက်လေးတန်ကလည်း တဖြည်းဖြည်း ကျယ်ဝန်းလာ၏။ နံရံများပေါ်၌ ခြင်းတောင်းတစ်လုံး အရွယ်ခန့်ရှိသော ညလင်းပုလဲများ မြှုပ်နှံထားပြီး ၎င်းတို့ထံမှ ခပ်ဖျော့ဖျော့ အလင်းရောင် လဲ့ဖြာနေသည်။

“ဒီပုလဲတွေက နန်းတွင်းက ညလင်းပုလဲတွေထက်တောင် ပိုကြီးပါလား…” လင်ယွိရှို့က တအံ့တဩ ရေရွတ်လိုက်၏။

အောက်ပိုင်းသို့ ရောက်လာလေလေ ညလင်းပုလဲများ ပိုများလာလေလေ ဖြစ်သည်။ ရေအောက်အနက် ကိုက်ပေါင်းရာချီ ရောက်သောအခါ ရေထုဖိအားကြောင့် အဆုတ်များပင် ချိုင့်ခွက်ဝင်သွားတော့မလို ဖြစ်လာ၏။ မျက်လုံးများလည်း နီရဲ၍ နားများ အူလာသည်။ ရှေ့ဆက်သွားလျှင် အသက်အန္တရာယ်ပင် စိုးရိမ်ရ၏။ ချင်မူ မိန်းကလေးနှစ်ယောက်ကို တား၍ ပြန်လှည့်ရန် ပြင်စဉ် အလွန်တရာ ကြီးမားသော အိုးကြီးတစ်လုံးကို မြင်လိုက်သည်။

နောက်ဆုံးတွင်တော့ ရေကန်အောက်ခြေသို့ ရောက်ရှိလာပေပြီ။

ဤနေရာ၌ ကိုက်ပေါင်းဒါဇင်ချီ ကျယ်ဝန်းသော အိုးကြီးတစ်လုံး ရှိနေ၏။ ၎င်း၏ အလယ်ညင်သာသော ရေစီးအချို့ စီးထွက်နေပြီး ဘေးပတ်လည်တွင် ရေလုံးဝ မရှိဘဲ ဟာလာဟင်းလင်း ဖြစ်ကာ နေ့အလင်းရောင်ကဲ့သို့ လင်းထိန်နေသည်။

ချင်မူ ထိုနေရာသို့ ကူးခတ်သွားပြီး ရေကန့်လန့်ကာကို ဖြတ်မိသောအခါ တစ်ကိုယ်လုံး အောက်သို့ ပြုတ်ကျသွားသဖြင့် ကမန်းကတန်း ခြေထောက်ရပ်လိုက်ရ၏။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့လည်း ရေထဲမှ ထွက်ပြီး မြေပေါ်သို့ သက်ဆင်းလာသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ရေများ ရွှဲရွှဲစိုနေ၏။

ချင်မူ သူတို့ကို လှမ်းကြည့်လိုက်သောအခါ စစ်ယွင်ရှန်းက သူ့ရင်ဘတ်သူ ကမန်းကတန်း ကာလိုက်သည်။ လင်ယွိရှို့မှာ မည်သည်ကိုမျှ သတိထားမိဟန် မရကြောင်း တွေ့သဖြင့် ပခုံးစွန်းဖြင့် တိုက်၍ ခပ်တိုးတိုး ပြောလိုက်၏။ “ဟိုမှာ နင့်ကို ကြည့်နေတယ်…”

လင်ယွိရှို့မှာ ထိုအခါမှ အသိဝင်လာပြီး တစ်ဘက်သို့ အမြန်လှည့်၍ ခန္ဓာကိုယ်ပေါ်မှ ရေများကို ချီစွမ်းအင်ဖြင့် ခါထုတ်လိုက်သည်။

ချင်မူ သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ စိတ်ထဲမှ တွေးလိုက်၏။ ‘မမြင်ဖူးတာ ကျနေတာပဲ… အရင်တစ်ခေါက် ငါ့နေရာမှာ အိပ်သွားတုန်းက မြင်ဖူးပြီးသားကို… သူ့ရင်ဘတ်က ငါ့ထက် ကြီးပြီး ပိုဖြူတော့ရော ဘာဖြစ်လဲ… ခွန်အားကျ ငါ့အောက်ကျတာပဲ…’

သူတို့သုံးယောက်သား အဝတ်များ ခြောက်အောင် ပြု၍ ပတ်ဝန်းကျင်တစ်ခွင်ကို အကဲခတ်လိုက်သည်။ ဤနေရာက ပင်လယ်ကြမ်းပြင်အောက်ခြေ ဖြစ်၏။ ဘေးပတ်ပတ်လည်မှာ ပိန်းပိတ်အောင် နက်မှောင်သော ပင်လယ်ရေများ ပြည့်နေသည်။ တစ်ချက် တစ်ချက်တွင် ပင်လယ်ကြမ်းပြင်မှ အနက်ရောင် အခိုးအငွေ့များ၊ ချော်ရည်ရဲရဲများ ထွက်လာသည်ကိုပင် မြင်တွေ့ရ၏။ ထို့ပြင် ဤနေရာမှ အလင်းရောင်၏ ဆွဲဆောင်မှုကြောင့် ပင်လယ်သတ္တဝါဆန်းကြီးများလည်း ရောက်ရှိလာတတ်သည်။ ထိုသတ္တဝါကြီးများက မည်သို့သော သတ္တဝါမျိုး ဖြစ်ကြောင်းတော့ သူတို့ မသိချေ။

သူတို့၏ ရှေ့တွင် စကျင်ကျောက်တိုင်လုံးကြီးများ ထိုးထိုးထောင်ထောင် ရှိနေပြီး ၎င်းတို့ထံမှ အေးငြိမ်းသည့် အလင်းရောင်ဖျော့ဖျော့ ဖြာထွက်နေ၏။ ရှေ့သို့ အနည်းငယ် ဆက်လျှောက်သွားသောအခါ ဖြူဆွတ်ဆွတ် အခိုးအငွေ့များကို မြင်တွေ့ရသည်။ ထိုအခိုးအငွေ့များကြား၌ နန်းတော်ကြီးတစ်ခု၏ ပုံရိပ်က မပီဝိုးတဝါး ရှိနေ၏။

အောက်ကြမ်းခင်းမှာ ကျောက်စိမ်းဖြူသားဖြင့် ညီညာပြန့်ပြူးစွာ ခင်းထားသော်လည်း နေရာအနှံ့၌ အပျက်အစီးများ ပြန့်ကြဲနေသည်။

သူတို့ ဝင်လာခဲ့ရာ အိုးကြီး၏ ပတ်လည်တွင် တိုင်လုံးကြီးများစွာ ဝန်းရံနေသည်ကို ထောက်ရှုလျှင် ဤနေရာမှာ အထွတ်အမြတ် ကျောင်းဆောင်ပျက်တစ်ခု ဖြစ်ဟန်ရှိ၏။

အိုးကြီးထဲမှ စီးထွက်လာသော ရေစီးကြောင်းမှာ ပင်လယ်ရေများနှင့် ရောယှက်သွားခြင်း မရှိပေ။ ကျွန်းပေါ်မှ ကြက်ခေါင်းဝါဂျင်ဆင်းများက ဤအိုးကြီးထဲမှ စီးထွက်လာသော ရေများကို သောက်သုံး၍ အသိဉာဏ်ဖွဲ့လာခြင်း ဖြစ်ပေမည်။

“ဒီလိုနေရာမျိုးကို အရင်က ငါမြင်ဖူးတယ်…” ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွားသည်။ “မဟာမြို့ပျက်မှာ မာန်ဟုန်မြစ်နဂါးမင်းနန်းတော်ဆိုတဲ့ နေရာတစ်ခု ရှိတယ်၊ အဲနေရာရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက ဒီနေရာနဲ့ အတော်တူတယ်၊ ဒါပေမဲ့ ဒီနေရာထက်တော့ အများကြီးသေးတယ်… အဲနေရာက မာန်ဟုန်မြစ်ကို အုပ်စိုးတဲ့ မာန်ဟုန်မြစ်နဂါးမင်း နေခဲ့တဲ့ နေရာပဲ…”

“ဒါလည်း နဂါးနန်းတော်တစ်ခုများ ဖြစ်နေမလား…” စစ်ယွင်ရှန်းမှာ စိတ်အားတက်ကြွလာ၏။

“ဒါက နဂါးနန်းတော် မဟုတ်ဘူး…” လင်ယွိရှို့က တုန်တုန်ရီရီဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီနေရာမှာ နဂါးနဲ့ ပတ်သက်တဲ့ အငွေ့အသက် နည်းနည်းလေးမှ မခံစားရဘူး၊ အဲဒါထက် နဂါးတွေကို မနှစ်မြို့တဲ့ အငွေ့အသက်မျိုးပဲ ခံစားရတယ်၊ ဒီနေရာမှာ ရှိနေတာ… နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မယ်…”

“နတ်ဘုရားဆိုရင်တောင် အသက်မရှိတော့တဲ့ နတ်ဘုရားပဲ ဖြစ်မယ်…”

ချင်မူက ရှေ့သို့ လျှောက်သွားပြီး အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်၏။ အပျက်အစီးပုံများ လေထဲသို့ မြောက်တက်ပြီး ဘေးသို့ ပြုတ်ကျကာ ထက်ပိုင်းကျိုးနေသော ကျောက်ပြားတစ်ချပ် ပေါ်ထွက်လာသည်။ ထိုကျောက်ပြားပေါ်တွင် ရေးထွင်းထားသော စာလုံးများက လွန်စွာ ရှေးကျပြီး ‘ချူတောင်ဘုရားကျောင်း’ဟု အဓိပ္ပာယ်ရ၏။

“ချူတောင်နတ်ဘုရားတဲ့လား…” ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ “ပင်လယ်ကြမ်းပြင်မှာ တောင်ပိုင်နတ်ဘုရား ရှိနိုင်လို့လား…”

စစ်ယွင်ရှန်းက ခေါင်းခါယမ်းလိုက်၏။ “ပင်လယ်ကြမ်းပြင်မှာ တောင်ပိုင်နတ်ဘုရားတစ်ပါး ရှိဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ မဟုတ်မှလွဲရော… ဒီနေရာက အရင်တုန်းက ပင်လယ်ရေမျက်နှာပြင် အထက်မှာ ရှိခဲ့တာများလား…”

All Chapters