← Chapters

နတ်ဘုရားကျောင်းဆောင်

Vol. 21 Ch. 284

နတ်ဘုရားကျောင်းဆောင်

Vol. 21 Ch. 284

စစ်ယွင်ရှန်းမှာ ထိုနေရာအရောက်တွင် သူပြောနေသော စကားကို ပြန်စဉ်းစားမိသွားသည်။ “ဒီနေရာက တကယ်ပဲ ပင်လယ်ရေမျက်နှာပြင် အထက်မှာ ရှိခဲ့ဖူးတာလား… မဟုတ်သေးဘူး၊ ကျွန်မတို့ နတ်ဂိုဏ်းရဲ့ သမိုင်းတစ်လျှောက် မှတ်တမ်းတွေထဲမှာ ဒီလောက်ကြီးကြီးမားမား ရေမြေအနေအထား ပြောင်းလဲတာမျိုး မှတ်တမ်းတင်ထားတာ မရှိဘူး…”

ကောင်းကင်နတ်ဆိုးဂိုဏ်းက နှစ်ပေါင်းနှစ်သောင်းကျော် တည်ရှိလာပြီး အလွန်တရာ သက်တမ်းရှည်သော ဂိုဏ်းတစ်ဂိုဏ်းဟု ဆိုနိုင်၏။ သူတို့၏ မှတ်တမ်းများအရ အရှေ့ပင်လယ်မှာ တစ်ချိန်လုံး အရှေ့ပင်လယ်အဖြစ်သာ ရှိနေခဲ့ပြီး ကုန်းမြေတစ်ခု တည်ရှိခဲ့သည်ဟူသော အထောက်အထားမျိုး မပါရှိပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ သမိုင်းမှတ်တမ်းများမှာလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းထက်ပင် ပိုသက်တမ်းတိုသေးသည် ဖြစ်ရာ အရှေ့ပင်လယ်၏ ပြောင်းလဲမှုကို ထူး၍ သိရှိနိုင်စရာ အကြောင်းမရှိချေ။

“ဒီနေရာက ရေအောက်အတော်နက်တာ၊ ငါတို့လို အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တွေတောင် ရေဖိအားဒဏ် မခံနိုင်လုနီးပါးပဲ… အနည်းဆုံး ကိုက်သုံးထောင်လောက် နက်လိမ့်မယ်…”

ချင်မူ အိုးနှုတ်ခမ်းဘေးသို့ လျှောက်သွားပြီး လက်တစ်ချောင်း ဆန့်ထုတ်လိုက်သည်။ သူ၏ ချီစွမ်းအင်က အတန်းလိုက် အထက်သို့ ထိုးတက်သွား၏။ တစ်ခဏကြာသောအခါ သူ၏ ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။ “ငါထင်တာထက်တောင် ပိုနက်သေးတယ်၊ ကိုက်ပေါင်း လေးထောင့်ကိုးရာ ငါးဆယ့်ခြောက်ကိုက် ရှိတယ်… ကျောက်ပြားပေါ်မှာ တောင်ပိုင်နတ်ဘုရားကျောင်းဆောင်လို့ ရေးထားတာဆိုတော့ ဒီနေရာက တောင်ပေါ်မှာ ဆောက်ထားတဲ့ ကျောင်းဆောင်ဖြစ်မယ်… နတ်ဘုရားတစ်ပါး ပိုင်စိုးတဲ့ တောင်ဆိုတာ အနည်းဆုံး ကိုက်သုံးထောင်အမြင့် ရှိတာ…”

စစ်ယွင်ရှန်းနှင့် လင်ယွိရှို့မှာ သူ၏ ဆိုလိုရင်းကို ချက်ချင်း သဘောပေါက်လိုက်၏။ ချူတောင်ဘုရားကျောင်း တည်ရှိရာ နေရာမှာ ချူတောင်ဖြစ်ပြီး ၎င်း၏ ပတ်ပတ်လည်တစ်ခွင်မှာ မြေပြန့်လွင်ပြင်များ ဖြစ်ပေလိမ့်မည်။

အပြောင်းအလဲ ကြီးကြီးမားမား အချို့ ဖြစ်ပေါ်ပြီးနောက်ပိုင်းတွင် ဤနေရာမှာ အောက်ဘက်သို့ ချိုင့်ဝင်ပြီး ပင်လယ်ပြင် ဖြစ်သွား၏။ ချူတောင်ပတ်လည်ရှိ နေရာမှာ မြေအောက်သို့ ကိုက်ပေါင်းခြောက်ထောင်မှ တစ်သောင်းခန့်အထိ နိမ့်ဆင်းသွားခဲ့ပေမည်။

အကယ်၍များ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ငလျင်ကြီးတစ်ခု ရုတ်တရက် ပြင်းထန်စွာ လှုပ်ခါပြီး မြေအောက်သို့ ကိုက်တစ်သောင်းခန့် နစ်ဝင်သွားပါက မည်သို့ ဖြစ်လိမ့်မည်နည်း။

ချူတောင်ဘုရားကျောင်း တည်ရှိရာ ဤနေရာမှာ ကြောက်မက်ဖွယ်ရာ ဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရဟန် တူပေသည်။

ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်၏။ သူရပ်နေသော နေရာမှာ အလွန်တရာ ကြီးမားသော အိုးကြီး၏ နံဘေးတွင် ဖြစ်သည်။ ဤနေရာ၏ ပိုင်ရှင်မှာ အပြောင်းအလဲကြီး ဖြစ်ပေါ်ချိန်၌ ဆေးဖော်စပ်နေခြင်း ဖြစ်ပေလိမ့်မည်။ သူ့အနေဖြင့် ဆေးကျိုအိုးကြီးထဲမှ ဆေးများကို ထုတ်ယူသွားရန်ပင် အချိန်ရလိုက်မည် မဟုတ်။

ချင်မူ အိုးထဲသို့ လှမ်းကြည့်လိုက်သောအခါ သတ္ထုအပိုင်းအစအချို့ကို တွေ့ရ၏။ ၎င်းတို့မှာ ကျိုးပဲ့ပျက်စီးသွားသော လက်နက်အပိုင်းအစများ ဖြစ်ပေလိမ့်မည်။

ချင်မူ အိုးကြီးထဲသို့ ပြန်ခုန်ဝင်ပြီး စစ်ဆေးကြည့်ရာ ထိုဝိညာဉ်လက်နက်များမှာ လုံးဝ သုံးမရအောင် ပျက်စီးနေပြီ ဖြစ်ကြောင်း တွေ့ရသည်။ ရုတ်တရက် ဆေးကျိုအိုကြီးပေါ်၌ အလှဆင် ရေးဆွဲထားသော လက်ရာများအပေါ် အကြည့်ရောက်သွား၏။ ထိုလက်ရာများက မှော်သင်္ကေတများအပေါ် အခြေခံထားခြင်း ဖြစ်ပြီး သူမြင်ဖူးသော မှော်သင်္ကေတများနှင့် ခြားနားနေသည်။ သူ့မျက်စိထဲ၌ တစ်မျိုးတစ်မည် လှပဆန်းကြယ်နေ၏။

ဤဆေးကျိုအိုးကြီးမှာ ယခုခေတ်မှ မဟုတ်။ ၎င်းအပေါ်မှ မှော်သင်္ကေတများက မဟာမြို့ပျက်၏ အဆောက်အဦပျက်များရှိ မှော်သင်္ကေတများနှင့် ဆင်တူသည်။ သို့သော်လည်း ခြားနားမှုများတော့ ရှိနေသေး၏။

သူ စစ်ဆေးကြည့်ရှုပြီးသောအခါ အိုးထဲမှ ပြန်ခုန်ထွက်လာခဲ့သည်။

ချင်မူက ကိုယ်ပေါ်မှ ရေများကို ခြောက်သွေ့အောင် ပြုလုပ်ရင်း ရှေ့သို့ လျှောက်လှမ်းသွား၏။ “ငါတို့ရဲ့ ဝိညာဉ်လက်နက်တွေ အကုန်လုံးက လုံကျောင်းနန်ဆီ ပါသွားတာဆိုတော့ အန္တရာယ်နဲ့တွေ့ရင် မလွယ်ဘူး… အားလုံး ဂရုစိုက်ကြ…”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက သူ့နောက်မှ လိုက်လာရင်း လင်ယွိရှို့က ပြောလိုက်သည်။ “ငါတို့ရဲ့ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကနေ ဝိညာဉ်လက်နက် ထုတ်သုံးတာက တခြားလူတွေရဲ့ ဝိညာဉ်လက်နက်ကို ယူသုံးတာထက် ပိုသင့်တော်လိမ့်မယ်… ငါတို့သာ အရပ်ခြောက်မျက်နှာ ဝိညာဉ်လက်နက် သွန်းလုပ်နိုင်ရင် ကိုယ့်ဖာသာကိုယ် ကာကွယ်လို့ ရမှာပါ…”

ချင်မူမှာ အံ့အားသင့်သွားပြီး မေးမြန်းလိုက်၏။ “ဝိညာဉ်လက်နက်ကို ဘယ်လို ထုတ်သုံးရတာလဲ…”

ဤသို့သော အခြင်းအရာမျိုးကို မှော်မိစ္ဆာကြီး ရှန်းချင်းအာထံမှလည်း သူ တစ်ခါ ကြားခဲ့ဖူးသည်။ ဝိညာဉ်လက်နက်များက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာမှ မွေးဖွားလာခြင်း ဖြစ်သည်ဟု ဆို၏။ သို့သော်လည်း ကောင်းကင်ရတနာတစ်ခုမှ ဝိညာဉ်လက်နက်များ အဘယ်သို့ မွေးထုတ်ပေးနိုင်သည် ဆိုခြင်းကို သူ မည်သို့မျှ နားမလည်ခဲ့ပေ။

အရပ်ခြောက်မျက်နှာအဆင့်နှင့် ပတ်သက်၍ သူ များစွာ သိနားလည်မှု မရှိသေးသည် မဟုတ်လား။

စစ်ယွင်ရှန်းမှာ အံ့အားသင့်သွား၏။ “ဂိုဏ်းသခင်၊ ဒါတောင် မသိဘူးလား… အရပ်ခြောက်မျက်နှာခန်းမရဲ့ သီလရှင်ဟုန်ဖက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကနေ ဝိညာဉ်လက်နက် ဘယ်လို ထုတ်ရမလဲဆိုတာ သင်ပေးပြီးသားလေ…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ငါက အရပ်ခြောက်မျက်နှာခန်းမကို တစ်ခါပဲ ရောက်ဖူးတာလေ၊ အဲတစ်ခါတောင် အခန်းထဲ ဝင်ရုံရှိသေးတယ်၊ နင်နဲ့အတူတူ အခန်းထောင့်မှာ သွားရပ်နေဖို့ မောင်းထုတ်ခံခဲ့ရတာ…”

စစ်ယွင်ရှန်းမှာ ထိုစဉ်က အဖြစ်အပျက်ကို ပြန်အမှတ်ရသွားပြီး ပြုံးလိုက်မိ၏။

လင်ယွိရှို့က ဝင်ပြောလိုက်သည်။ “အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကနေ ဝိညာဉ်လက်နက် မွေးထုတ်နိုင်တယ်ဆိုတာ ယေဘုယျဆန်ဆန်ပြောတဲ့ စကားပါ… အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကနေ တကယ် မွေးထုတ်ပေးတာက ဝိညာဉ်လက်နက်ရဲ့ ပုံစံသက်သက်ပဲ… နင့်ရဲ့ ကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ နင့်အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲက ချီစွမ်းအင်တွေက ဝိညာဉ်လက်နက်တစ်ခုပုံစံ ဖွဲ့တည်သွားတာကို တွေ့ရလိမ့်မယ်…”

လင်ယွိရှို့က သူ၏ ဝိညာဉ်လက်နက်ပုံစံကို ဖွဲ့စည်းပြလိုက်ရာ တဝေါဝေါ တွန်မြည်သံများနှင့်အတူ နဂါးကိုးကောင် ပျံသန်း ထွက်ပေါ်လာ၏။ ထိုနဂါးကိုးကောင်က သူ့ပတ်ပတ်လည်၌ ဝဲလည်လှည့်နေရာမှ ဦးခေါင်းများ ပေါင်းစည်း၍ ကိုယ်လုံးများ ရစ်ခွေပြီး တောင်ပူစာတစ်လုံးခန့် ရှိသော တူကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။

စစ်ယွင်ရှန်း၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ “မင်းသမီးရှို့၊ နင့်ရဲ့ ဝိညာဉ်လက်နက်က ‘တူ’လား…”

“ဒါတင် ဘယ်ဟုတ်ပါ့မလဲ…” လင်ယွိရှို့က ပြောလိုက်သည်။ “ငါလျှောက်တဲ့လမ်းက မှော်ပညာနဲ့ သိုင်းကွက်အသားပေးပညာ ပေါင်းစည်းထားတဲ့ လမ်းစဉ်လေ… သိုင်းကွက်အသားပေး ပညာရပ်တွေနဲ့ မှော်ပညာတွေကို နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်နဲ့ ပေါင်းစည်းနိုင်အောင် ကြိုးစားနေတာဆိုတော့ ဒီနဂါးကိုးကောင်တူက ငါ့ဝိညာဉ်လက်နက်ရဲ့ အသွင်တစ်မျိုးပဲ ရှိသေးတာ… နဂါးကိုးကောင်က သီးခြားစီ ခွဲထွက်ပြီး တခြားလက်နက်အသွင်တွေကို စိတ်ကြိုက် ပြောင်းလဲနိုင်သေးတယ်… ကောင်းကင်နတ်မယ်ရှန်း၊ နင့်ရဲ့ ဝိညာဉ်လက်နက်ကရော ဘယ်လိုပုံစံ ရှိတာလဲ…”

စစ်ယွင်ရှန်းက တစ်ချက်ပြုံး၍ သူ့ကျင့်စဉ်ကို ထုတ်ဖော်လိုက်၏။ သူ၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲမှ ချီစွမ်းအင်များ ပျံဝဲထွက်ပေါ်လာပြီး ချည်ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုချည်ကြိုးက အပြောင်းအလဲ ထောင်သောင်းချီ ပြုလုပ်နိုင်ပြီး စစ်ယွင်ရှန်း၏ ခန္ဓာကိုယ်၌ ဝေ့ကာဝိုက်ကာ သံကြိုးများသဖွယ် ရစ်ပတ်သွား၏။ “ဒါက ငါ့ရဲ့ ဝိညာဉ်လက်နက်ပဲ… ဂိုဏ်းသခင်ရဲ့ ဝိညာဉ်လက်နက်ကရော ဘယ်လိုပုံစံလဲ…”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ငါ့ရဲ့ အရပ်ခြောက်မျက်နှာ ကျင့်စဉ်က အပြည့်အဝ မအောင်မြင်သေးတာဆိုတာ့ ငါ့ဝိညာဉ်လက်နက် ဘယ်လိုပုံစံရှိလဲဆိုတာ မသိသေးဘူး… နင်တို့က ဝိညာဉ်လက်နက်ရဲ့ ပုံစံပဲ ရှိတာဆိုတော့ တကယ့်ဝိညာဉ်လက်နက်ကို ဘယ်လို သွန်းလုပ်မှာလဲ…”

သူတို့သုံးယောက်သား မြူခိုးငွေ့များ ဖုံးလွှမ်းနေသည့် နန်းတော်အတွင်းမှ ဖြတ်လျှောက်သွားရင်း လင်ယွိရှို့က ပြောလိုက်၏။ “ငါတို့ရဲ့ ဝိညာဉ်လက်နက်တွေကို သွန်းလုပ်ဖို့ အရည်အချင်းရှိတဲ့ ပန်းပဲဆရာလိုတာပေါ့… ဝိညာဉ်လက်နက်ကောင်း တစ်လက်က ငါတို့ရဲ့ ဝိညာဉ်လက်နက်ပုံစံနဲ့ တစ်ထပ်တည်းကျပြီး သူ့စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်တယ်… ဒါပေမဲ့ သွန်းလုပ်တဲ့ လက်ရာ မကောင်းရင်တော့ အဲဒီဝိညာဉ်လက်နက်က ကောင်းကင်နတ်သိုင်းတွေရဲ့ စွမ်းအားကို အမီလိုက်နိုင်မှာ မဟုတ်ဘူး… ငါတော့ ငါ့ဝိညာဉ်လက်နက်ပုံစံ အပြီးသတ် ဖွဲ့စည်းပြီးသွားရင် လက်ထောက်ဝန်မင်းဆီသွားပြီး အကူအညီတောင်း သွန်းလုပ်ခိုင်းမလို့ စဉ်းစားထားတယ်… ဒါပေမဲ့ ငါ့ဝိညာဉ်လက်နက်ရဲ့ ဖွဲ့စည်းပုံက ရှုပ်ထွေးတော့ သွန်းလုပ်ဖို့ ခက်လိမ့်မယ်… ဓားသိုင်းကျင့်ကြတာပဲ ကောင်းတယ်၊ ကိုယ့်ဝိညာဉ်လက်နက်ကိုယ် သွန်းလုပ်နေစရာ မလိုဘူး၊ ဘယ်ဓားစက်လုံးနဲ့မဆို အဆင်ပြေတယ်…”

စစ်ယွင်ရှန်းကလည်း ပြောသည်။ “စက်မှုလက်မှု စံအိမ်သခင်ရဲ့ လက်ရာက ပထမတန်းစားပဲဆိုတော့ ကျွန်မလည်း သူ့ကို အကူအညီတောင်းပြီး သွန်းလုပ်ခိုင်းမလို့ စဉ်းစားထားတယ်… ကျွန်မရဲ့ လက်နက်ကလည်း အပြောင်းအလဲ များလွန်းတော့ သွန်းလုပ်ဖို့ ခက်မှာ…”

သူတို့နှစ်ယောက် ပြောနေသည်မှာ လူတစ်ယောက်တည်းသာ ဖြစ်၏။ စက်မှုလက်မှု စံအိမ်သခင်ဆိုသည်မှာ လက်ထောက်ဝန်မင်း ရှန်းယိုရှင်မှလွဲ၍ မည်သူများ ဖြစ်နိုင်ပါမည်နည်း။

ချင်မူက အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်၍ ဘုရားကျောင်းပျက်ထဲ လျှောက်လှမ်းဝင်ရင်း ပြောလိုက်သည်။ “နင်တို့နှစ်ယောက်စလုံးကို ငါ ကူညီပေးနိုင်ပါတယ်… ငါ့ရဲ့ ပန်းပဲစွမ်းရည်ကလည်း မနိမ့်ကျပါဘူး… ဒီနေရာမှာသာ ရွှေနဲ့ သံတချို့ ရရင် တစ်ရက်၊ နှစ်ရက်အတွင်း နင်တို့အတွက် လက်နက် သွန်းလုပ်ပေးနိုင်တယ်…”

လင်ယွိရှို့က အံ့အားသင့်သွား၏။ “နတ်ဆေးသမားတော်လေးရဲ့ ပန်းချီအနုပညာကျွမ်းကျင်တဲ့ ကောင်းကင်လက်ချောင်းတွေက ပန်းပဲအတတ်မှာလည်း ပိုင်နိုင်တာတဲ့လား…”

စစ်ယွင်ရှန်းမှာလည်း လွန်စွာ အံ့အားသင့်သွားသည်။ “ဂိုဏ်းသခင်က ပန်းပဲပညာလည်း ပေါက်မြောက်တာပဲလား…”

“ပေါက်မြောက်တယ်လို့ မဆိုနိုင်ပါဘူး…” ချင်မူက ရို့ကျိုးနှိမ့်ချစွာ ပြောလိုက်၏။ “သတ္ထုထည်တွေကို ဘယ်လို ထုရိုက်ပြီး ဘယ်လို ခွန်အားစိုက်ရမလဲဆိုတာ သိရုံလောက်ပါပဲ… ရွာက ဘိုးဘိုးရွှေအရဲ့ စမ်းသပ်မှုကိုတောင် နည်းနည်း လှည့်ကွက်သုံးပြီးမှ အောင်မြင်ခဲ့တာ… ဘိုးဘိုးရွှေအက ငါတို့အနီးအနားက ရွာတွေမှာ အတော်ဆုံး ပန်းပဲဆရာလေ… သူ့စမ်းသပ်မှုတွေက အတော့်ကို ခက်တာ…”

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်၍ ရယ်ရမည်လား၊ ငိုရမည်လားမသိ ဖြစ်သွားသည်။

ဘုရားကျောင်း အတွင်းပိုင်းမှာ လွန်စွာ ကျယ်ဝန်းလှ၏။ ချင်မူ့မျက်နှာတွင် အံ့အားသင့်သည့် အမူအရာ ပေါ်ထွက်လာသည်။ ထို့နောက် ဘုရားကျောင်းအတွင်းမှ ပြန်ထွက်၍ အပြင်ဘက်မှ ပတ်ပြီး ခြေလှမ်းအရေအတွက်ဖြင့် တိုင်းတာလိုက်၏။

လင်ယွိရှို့မှာ ဘုရားကျောင်းအတွင်းသို့ ခေါင်းလျှိုကြည့်ပြီး တအံတဩ ရေရွတ်လိုက်သည်။ “အတော်ကြီးတာပဲ…”

စစ်ယွင်ရှန်းမှာလည်း ဘုရားကျောင်းအတွင်းသို့ ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွား၏။ “ဘယ်လိုလုပ် အထဲမှာ ဒီလောက် ကျယ်ရတာလဲ…”

ချင်မူက ဘုရားကျောင်း အဝင်ဝသို့ ပြန်ရောက်လာပြီး စဉ်းစားတွေးတောနေသော အမူအရာဖြင့် ခပ်သွက်သွက် လှမ်းဝင်သွားသည်။

“နွားကျောင်းသား၊ ဘာဖြစ်လို့လဲ…” လင်ယွိရှို့မှာ ဇဝေဇဝါ အမူအရာဖြင့် မေးလိုက်၏။

“ဒီဘုရားကျောင်းက အပြင်ဘက်ကနေ တိုင်းရင် အရှည် ခြေလှမ်းကိုးဆယ်၊ အကျယ် ခြေလှမ်းငါးဆယ်ပဲ ရှိတယ်… အထဲမှာကျတော့ အရှည် ခြေလှမ်းကိုးထောင်၊ အကျယ် ခြေလှမ်းငါးထောင်တောင် ရှိတာ…”

ချင်မူ အပေါ်မော့ကြည့်လိုက်သောအခါ မျက်နှာကြက်က မိုးကောင်းကင်တမျှ မြင့်မားကြောင်း တွေ့ရသည်။ ကြီးမားသော ကျောက်မျက်ရတနာများဖြင့်လည်း ကြယ်တာရာများသဖွယ် စီခြယ်ထား၏။ ဤနက္ခတ်တာရာများ၏ အခင်းအကျင်းက ယခုခေတ် နက္ခတ်တာရာများ၏ အခင်းအကျင်းနှင့် လုံးဝ ကွဲပြားခြားနားနေသည်။ ၎င်းကြယ်တာရာများမှာ သူတို့နေရာမှဆိုလျှင် ကိုက်ပေါင်းသောင်းချီခန့် ဝေးကွာ၏။

ကြယ်တာရာများအပြင် လတစ်စင်းနှင့် နေတစ်စင်းလည်း ရှိနေသည်။ ဤရတနာများကို မည်သို့သော ကောင်းကင်နတ်သိုင်းဖြင့် ထုဆစ်ခဲ့သည် မသိ၊ နေမင်းက တရှိန်ရှိန် တောက်လောင်အောင် ပူပြင်းပြီး ဘုရားကျောင်းတစ်ခုလုံး အလင်းရောင် ဖြန့်ကြက်လွှမ်းခြုံထား၏။

ဤသည်က အဘယ်သို့ ဘုရားကျောင်းတစ်ခု ဖြစ်နိုင်ပါဦးမည်နည်း။ အသေးစား ကမ္ဘာငယ်လေးတစ်ခု ဖြစ်နေပြီ မဟုတ်လား။

“ဒီဘုရားကျောင်း အတွင်းပိုင်းက အပြင်ဘက်က ထင်ရတာထက် အဆတစ် သောင်း ပိုကြီးတယ်…” ချင်မူက တဒိဒိတ်ခုန်နေသော ရင်ဘတ်ကို ဖိရင်း တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “နေနဲ့လရဲ့ တည်နေရာက နတ်သားရဲထောင်ထျယ်ရဲ့ မျက်တွင်းပေါက်နေရာတွေမှာ ရှိနေတာ… ဒီဘုရားကျောင်းက နတ်ဘုရားအဖြစ်ကိုတောင် ရကောင်းရခဲ့နိုင်တဲ့ ထောင်ထျယ်သားရဲရဲ့ အရိုးစုပေါ်မှာ တည်ဆောက်ထားတာပဲ… ဒါက မျိုးသန့်ထောင်ထျယ်ဆိုတော့ ငါ့ထောင်ထျယ်အိတ်ထက် အများကြီး ပိုစွမ်းအားကြီးတယ်… မိန်းကလေးယွိရှို့၊ အစောက ရခဲ့တဲ့ ခံစားချက်က ဒါကြောင့်ပဲ ဖြစ်လိမ့်မယ်…”

စစ်ယွင်ရှန်း၏ မျက်ဝန်းများ အရောင်တောက်သွားပြီးမှ ပြန်မှိန်ကျသွား၏။ “နှမြောစရာပဲ၊ ဒီဘုရားကျောင်းက သိပ်ကြီးလွန်းတော့ ယူသွားလို့ မရဘူး…”

ချင်မူလည်း တစ်ထပ်တည်း ခံစားလိုက်ရသည်။ “နှမြောစရာပဲ…”

သူအကြည့်က နေလုံးကြီးထံ ကျရောက်သွားပြီး ရုတ်တရက် ရင်ထဲတွင် လှုပ်ခါသွား၏။ “ဒီနေလုံးက လူလုပ်ရတနာပစ္စည်းပဲ… ဒါနဲ့ဆိုရင် နေသင်္ဘောပေါ်က နေလုံးကို ထွန်းညှိနိုင်မလား မသိဘူး…”

သူ့ရင်ခုန်သံများ တဒိုင်းဒိုင်း မြန်လာသည်။ သူသာ ထိုနေလုံးကြီးကို ထွန်းညှိနိုင်ခဲ့လျှင် နေစောင့်ရှောက်သူ ယန်ကျင်းကျင်းမှာ နေသင်္ဘော၏ ဝါးမျိုခြင်းကို ခံရတော့မည် မဟုတ်ပေ။

ချင်မူ့အနေဖြင့် လစောင့်ရှောက်သူ တစ်ခါဖြစ်ဖူးသဖြင့် သူ့အသက်ဓာတ်စွမ်းအားကို လသင်္ဘောစုပ်ယူခြင်း ခံရသည်မှာ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းမှန်း သိ၏။ သို့ဖြစ်၍ နေစောင့်ရှောက်သူကို အတော်လေး စာနာမိပြီး ဤအတိုင်း သေဆုံးသွားရမည်ကို မကြည့်ရက်နိုင်ချေ။

သူသာ နေသင်္ဘောပေါ်မှ နေလုံးကြီးကို ထွန်းညှိပေးနိုင်လျှင် သေချာပေါက် ထွန်းညှိပေးမည် ဖြစ်သည်။

သူ ကောင်းကင်ယံသို့ ပျံတက်၍ ဘုရားကျောင်း မျက်နှာကြက်ထံသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ဤဘုရားကျောင်း၏ အတွင်းပိုင်းက လွန်စွာ ကျယ်ဝန်းလှသည်။ အစပိုင်းတွင် ကောင်းကင်ယံ၌ အားကုန်ထုတ် ပြေးလွှားရင်း နေလုံးကြီးကို ခူးဆွတ်မည်ဟု ကြံစည်ထားသော်လည်း နေလုံးနှင့် နီးလာလေလေ ပို၍ ချစ်ချစ်တောက် ပူပြင်းလာလေလေ ဖြစ်သဖြင့် အပူဒဏ်ကို မခံနိုင်တော့ချေ။

ချင်မူ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါ၍ အင်္ဂါဂြိုဟ်အရှင်သခင် မီးဓာတ်အပိုင်စားကျင့်စဉ် ထုတ်သုံးပြီး မီးလျှံနဂါးနှစ်ကောင်အပေါ် နင်းတက်ထားသော နွားခေါင်းလူကိုယ်ရှိသည့် အင်္ဂါဂြိုဟ်အရှင်သခင်အသွင်သို့ ပြောင်းလဲလိုက်၏။ ထိုအခါမှ နေလုံးရှိရာသို့ ဆက်သွားနိုင်သည်။

နေလုံးနှင့် ပိုနီးလာလေ အပူချိန်က ပိုမြင့်လာလေ ဖြစ်ပြီး တောက်ပလွန်းသော အလင်းရောင်ကြောင့် သူ့မျက်လုံးမှ မျက်ရည်များ တရဟော စီးကျလာ၏။ သို့သော်လည်း ထိုမျက်ရည်ပူများမှာ တစ်မုဟုတ်ချင်း အငွေ့ပျံသွားသည်။

တစ်စထက်တစ်စ နီးကပ်လာသော နေလုံးကြီးကို သူ့မျက်လုံးများ ပြူးအောင် ဖွင့်ထားရင်း စိုက်ကြည့်လိုက်၏။ ဤရတနာမှာ အမှန်တကယ်အားဖြင့် တရှိန်ရှိန် တောက်လောင်နေသော မီးလျှံစွမ်းအင်များ ဖြာထွက်နေသည့် မျက်လုံးကြီးတစ်လုံး ဖြစ်ကြောင်း တွေ့ရသည်။ သူငယ်အိမ် အကောင်းအတိုင်း ရှိသေးသော ဆန်းကြယ်သားရဲ၏ မျက်လုံးမှ ထုဆစ်ထားခြင်း ဖြစ်ပုံရ၏။ ထိုသူငယ်အိမ်မှာ ဝိုင်းစက်နေပြီး ကြောက်မက်ဖွယ်ရာ မီးလျှံစွမ်းအင်နှင့် မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်မှာ ထိုသူငယ်အိမ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူ အနီးသို့ ကပ်မသွားနိုင်မီပင် မရေမတွက်နိုင်သော အပ်ချောင်းများဖြင့် ထိုးခံလိုက်ရသကဲ့သို့ စူးအောင့်နာကျင်သွား၏။

ချင်မူ ကမန်းကတန်း ပြန်ဆင်းလိုက်ရသည်။ ထိုသူငယ်အိမ်မှ အလင်းတန်းများက မီးစွဲလောင်နေသော အပ်ချောင်းများကဲ့သို့ ဖြစ်နေ၏။ သူသာ မစဉ်းစားမဆင်ခြင်ဘဲ ရှေ့ဆက်တိုးသွားလျှင် ပူလွန်း၍ အရည်ပျော်သွားမည်လော၊ နေရောင်အပ်ချောင်းများ ထိုးစိုက်၍ သေရမည်လော မသိနိုင်ပေ။

ဘုတ်…။

ချင်မူ မြေပေါ်သို့ ပြန်ဆင်းသက်၍ အတွေးနက်နေသော အမူအရာဖြင့် သူ့အမြီးကို ယမ်းလိုက်သည်။

စစ်ယွင်ရှန်းနှင့် လင်ယွိရှို့မှာ အံ့အားသင့်နေကြပြီး သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုလိုက်ကြ၏။ ရေမြင်းတစ်ကောင်၏ တင်ပါးများကဲ့သို့ လုံးဝန်းပြောင်တင်းနေသော ချင်မူ၏ နွားတင်ပါးများကို စစ်ယွင်ရှန်းက အရဲစွန့်ပြီး ကိုင်ကြည့်လိုက်သည်။ သူ တစ်မုဟုတ်ချင်း ထအော်လိုက်၏။ “တကယ့် တင်ပါးပဲ… မင်းသမီးရှို့၊ ကိုင်ကြည့် ကိုင်ကြည့်…”

“ဘာလို့ ကိုင်ရမှာလဲ…” လင်ယွိရှို့က ထိုသို့ ပြောလိုက်သော်လည်း သူ့လက်များကို ဆန့်ထုတ်၍ ချင်မူ၏ နွားတင်ပါးများကို ထိကြည့်လိုက်သည်။ “တကယ့် တင်ပါးပဲ…” မင်းသမီးက တအံ့တဩ ရေရွတ်လိုက်၏။ “အိစက်နေတာပဲ…”

ဖြန်း…။

ချင်မူက သူ့အမြီးကို ယမ်း၍ မိန်းကလေးနှစ်ယောက်၏ လက်များကို ရိုက်ထုတ်ပြီး ဘုရားကျောင်းအပြင်ဘက်သို့ ထွက်သွားသည်။ မိန်းကလေးနှစ်ယောက်မှာ နာကျင်သွားသော လက်များကို ပွတ်သပ်ရင်း မဟာဂိုဏ်းသခင်ချင် အသွင်ပြောင်းလဲထားသော နွားကြီးကို လှမ်းကြည့်လိုက်ကြ၏။ သူတစ်လှမ်းလျှောက်တိုင်း တုန်ခါသွားသော အိအိစက်စက် တင်ပါးကြီးများကို မြင်သောအခါ ပြေး၍ ဖျစ်နယ်ပစ်ချင်စိတ်များ ထိန်းမရသိမ်းရ ပေါ်ပေါက်လာကြသည်။

ချင်မူ ဘုရားကျောင်းအပြင်ဘက်သို့ ရောက်သောအခါ သူ့ခြေထောက်အောက်မှ မီးလျှံနဂါးနှစ်ကောင်က ရုတ်တရက် ကောင်းကင်ယံသို့ ပျံတက်သွား၏။ ထို့နောက် ဘုရားကျောင်းခေါင်မိုးပေါ်သို့ ရောက်ရှိသွားပြီး စဉ့်ရည်သုတ် အုတ်ကြွပ်မိုးတစ်ချပ်ကို ခွာလိုက်သည်။

ဤဘုရားကျောင်းက လွန်စွာ ထူးကဲလှ၏။ အုတ်ကြွပ်မိုးတစ်ချပ်စီတိုင်းတွင် မှော်သင်္ကေတ အမှတ်သားများ ခတ်နှိပ်ထားသဖြင့် ဝိညာဉ်လက်နက်များ၊ ကောင်းကင်နတ်သိုင်းများ၏ တိုက်ခိုက်ခြင်း ခံရလျှင်ပင် တော်ရုံနှင့် ထိခိုက်ပျက်စီးလိမ့်မည် မဟုတ်ပေ။

တစ်ခဏကြာပြီးသောအခါ စဉ့်ရည်သုတ် အုတ်ကြွပ်မိုး အတော်များများ ခွာပြီးသွားသည်။ အထဲမှ အလင်းရောင်က အပြင်ဘက်သို့ လျှံကျလာ၏။ ချင်မူ ပြုံးလိုက်သည်။ “ငါထင်တဲ့အတိုင်းပဲ… အဲမျက်လုံးရဲ့ နောက်ကျောဘက်က အလင်းရောင် မထွက်ဘူး…”

စစ်ယွင်ရှန်းက ခေါင်းမော့ကြည့်လိုက်သောအခါ နေလုံးကြီး၏ အနောက်ဘက်၌ အလွန်တရာ ကြီးမားသော နွားခေါင်းကြီးတစ်ခေါင်း ရောက်ရှိနေသည်ကို တွေ့ရ၏။ ထို့နောက်တွင် ကြီးမားသော လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး ကောင်းကင်ယံမှ နေလုံးကို ဆုပ်ကိုင်လိုက်သည်။ ခပ်သာသာ တစ်ချက် လှုပ်ခါလိုက်သောအခါ နေလုံးကြီး၏ အလင်းရောင် ပျောက်ကွယ်သွား၏။

All Chapters