ဖျက်ဆီးရေးသမားချင်
Vol. 21 Ch. 285
ဘုရားကျောင်း၏ အတွင်းပိုင်းမှာ တစ်မုဟုတ်ချင်း မှောင်ကျသွားသည်။ သို့သော်လည်း မိန်းကလေးနှစ်ယောက် ခေါင်းမော့ကြည့်လိုက်သောအခါ ကြယ်တာရာများမှ အလင်းရောင်က ပို၍ ကြည်လင် လင်းလက်လာကြောင်း တွေ့ရ၏။ ကြယ်ရောင်နှင့် လရောင်က အပြန်အလှန် ရောင်ပြန်ဟပ်နေကြသည်။ အပြင်လောက၌သာဆိုလျှင် လရောင်က လင်းလက်တောက်ပ၍ ကြယ်ရောင်က မှေးမှိန်ဖျော့တော့နေပေလိမ့်မည်။ သို့သော်လည်း ဤနေရာရှိ လရောင်နှင့် ကြယ်ရောင်မှာ အပြန်အလှန် အားဖြည့်ပေးနေသဖြင့် ဘုရားကျောင်းအတွင်းမှ ကြယ်တာရာကောင်းကင်ယံမှာ ပို၍ လင်းလဲ့လှပလာ၏။
ချင်မူက ဘုရားကျောင်းအတွင်းသို့ ပြန်မလာချေ။ ထိုအစား လမင်းကြီး၏ နောက်၌ နွားခေါင်းတစ်ခေါင်း ပေါ်ထွက်လာပြီး လမင်းကြီးကို ဖြုတ်ယူသွားပြန်သည်။
မိန်းကလေးနှစ်ယောက်မှာ ဒေါပွသွားကြ၏။ ‘အလိုက်ကမ်းဆိုး မသိတဲ့ကောင်၊ ဘာကြည်နူးစရာ ခံစားချက်မှ နားမလည်ဘူး… ဒီလို လရောင်ကြယ်ရောင်အောက်မှာဆိုရင် တီတီတာတာစကားလေး တစ်ခွန်းနှစ်ခွန်း ပြောလိုက်ရုံနဲ့ နှစ်ယောက်တည်းကမ္ဘာ ဖြစ်သွားမဲ့ဟာကို… ဒါပေါ့၊ ဘေးက ဟိုမြေခွေးမကိုတော့ အရင်မောင်းထုတ်ရမှာပေါ့…’
ထို့နောက်တွင် လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ အုတ်ကြွတ်မိုးခွာသံများ ထပ်၍ ကြားရပြီး ဘုရားကျောင်းအတွင်းမှ ကောင်းကင်ယံက တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ တစ်ချက်တစ်ချက်တွင်တော့ နွားခေါင်းကြီး ပေါ်လာပြီး ကြယ်များကို ခူးဆွတ်သွား၏။
တဖြည်းဖြည်းနှင့် ကြယ်များ အရေအတွက် နည်းပါးလာပြီး တစ်နာရီခန့်ကြာသောအခါ ကောင်းကင်တစ်ပြင်လုံး ပွင့်ထွက်၍ နေ၊ လ၊ ကြယ်အားလုံး ချင်မူ ဆွတ်ငင်ယူဆောင်ခြင်း ခံလိုက်ရသည်။
မိန်းကလေးနှစ်ယောက် ဘုရားကျောင်းအပြင်ဘက်သို့ ထွက်လာသောအခါ တောင်ကဲ့သို့ ပုံနေသော ညလင်းပုလဲများနှင့် သူငယ်အိမ် ပိတ်နေသော မျက်လုံးကြီးနှစ်လုံးကို တွေ့လိုက်ရ၏။
ထိုမျက်လုံးများက သုံးကိုက်ခန့် မြင့်မားသဖြင့် သူတို့အရပ်ထက်ပင် ပိုမြင့်သေးသည်။ ၎င်းတို့မှာ တကယ့်မျက်လုံးများ မဟုတ်ဘဲ ကျောက်စိမ်းဖြင့် ထွင်းထုထားခြင်းသာ ဖြစ်၏။
လင်ယွိရှို့ အနားသို့ တိုးကြည့်လိုက်သောအခါ ထိုမျက်လုံးများပေါ်တွင် အလွန်တရာ ရှုပ်ထွေးသော သင်္ကေတများ ရေးထွင်းကြောင်း တွေ့ရသည်။ ၎င်းတို့မှာ မှော်အစီအရင်တစ်ခုမှ သင်္ကေတစာလုံးများ ဖြစ်ဟန် ရှိ၏။
မျက်လုံးများက ပိတ်နေသဖြင့် သူငယ်အိမ်အတွင်းမှ မှော်အစီအရင်မှာ အသက်ဝင်ခြင်း မရှိဘဲ အဖြူရောင် မျဉ်းကြောင်းတစ်ခုအဖြစ်သာ တည်ရှိနေသည်။ သူငယ်အိမ်ကိုလည်း တိတိပပ မြင်တွေ့ရခြင်း မရှိဘဲ နေလုံးကြီးမှ တောက်ပလင်းလက်လာသော ရွှေရောင်အလင်းတန်းများကဲ့သို့ သွေးကြောလိုင်းများကိုသာ မြင်တွေ့ရ၏။
မိန်းကလေးနှစ်ယောက်မှာ ထိုမျက်လုံးကြီးများကို ကိုင်ကြည့်လိုက်သည်။ သူတို့၏ လက်ချောင်းထိပ်၌ ရေခဲတမျှ အေးစက်သော အထိအတွေ့ကိုသာ ရပြီး အစောက တရှိန်ရှိန် တောက်လောင်နေသော မီးလျှံစွမ်းအင်ကို အငွေ့အသက်မျှပင် ခံစားရခြင်း မရှိပေ။
“ဒီဟာတွေကို ထောင်ထျယ်သားရဲရဲ့ မျက်လုံးတွေလို့ ထင်ထားတာ၊ ကျောက်စိမ်းနဲ့ လုပ်ထားတာ ဖြစ်နေတာကိုး…” စစ်ယွင်ရှန်းမှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွား၏။
ချင်မူက မျက်လုံးကြီးတစ်လုံး၏ နောက်၌ ရပ်၍ ဆော့ကစားနေပြီး မည်သည်ကို လုပ်နေမှန်း မသိရချေ။ ထိုအခိုက်၌ ထိုမျက်လုံးကြီး၏ သူငယ်အိမ်က ရုတ်တရက် အက်ကွဲကြောင်းတစ်ခု ပွင့်ဟလာ၏။
ထိုသူငယ်အိမ် အက်ကွဲကြောင်း၏ အတွင်း၌ အလွန်တရာ ရှုပ်ထွေးသည့် မှော်အစီအရင်တစ်ခု တစ်မုဟုတ်ချင်း အသက်ဝင်လာကြောင်း သူတို့ မြင်တွေ့လိုက်ရသည်။ ၎င်းမှော်အစီအရင်က မရေမတွက်နိုင်သော စက်သွားများဖြင့် ဖွဲ့စည်းထားသော ယန္တရားတစ်ခုနှင့် ဆင်တူလှပြီး သူငယ်အိမ်အတွင်းမှ ကြောက်မက်ဖွယ်ရာ မီးတောက်မီးလျှံတစ်ခု ပေါ်ထွက်ကာ တစ်စထက်တစ်စ ပြင်းထန်စွာ လောင်ကျွမ်းလာ၏။ သူတို့၏ မျက်လုံးများမှာ ထိုမီးတောက်၏ အလင်းရောင်ကြောင့် နာကျင်သွားသည်။
စစ်ယွင်ရှန်းက လင်ယွိရှို့ကို ကမန်းကတန်း ဆွဲခေါ်ပြီး ထိုမြင်ကွင်းမှ ရှောင်ရှားလိုက်၏။ ဟုတ်ခနဲ မြည်သံနှင့်အတူ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး လေထုပင် လောင်ကျွမ်းသွားသည်။ ထိုအလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ကြမ်းခင်း စကျင်ကျောက်ပြားဖြူများမှာ အရည်ပျော်၍ ချော်ရည်ပူများ ဖြစ်ကုန်ပြီး ၎င်းချော်ရည်များပင် ကြာကြာမခံလိုက်ဘဲ အငွေ့ပျံသွား၏။
အလင်းတန်းက စဉ့်ရည်သုတ် အုတ်ကြွပ်မိုးအချို့ကို ထိမှန်သွားပြီး မှော်သင်္ကေတဖြင့် စီရင်ထားသော ထိုအုတ်ကြွပ်မိုးများမှာလည်း တစ်မဟုတ်ချင်း အငွေ့ပျံသွားသည်။
လင်ယွိရှို့မှာ အလန့်တကြား ထခုန်လိုက်မိ၏။ ‘ငါ့ကိုသာ အဲအလင်းတန်း ထိသွားရင် အခုချိန် အသက်တောင် ရှိတော့မှာ မဟုတ်ဘူး… ကံကောင်းထောက်မပြီး ကောင်းကင်နတ်မယ်ရှန်းက ဆွဲခေါ်သွားလို့သာ…’
ချင်မူက မျက်လုံးကြီး၏ နောက်၌ ဆက်လက် အလုပ်ရှုပ်နေဆဲ ရှိသဖြင့် သူတို့မိန်းကလေးနှစ်ယောက် ထိုနေရာသို့ လျှောက်သွားပြီး ကြည့်လိုက်ကြသည်။ ချင်မူ ဆော့ကစားနေသည်မှာ မှော်သင်္ကေတများ စီရင်ထားသည့် မှော်အစီအရင်တစ်ခု ဖြစ်ပြီး လွန်စွာ ရှုပ်ထွေးခြင်း မရှိသော်လည်း မည်သို့သော အစီအရင်အမျိုးအစားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရချေ။
ချင်မူက သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ထိုမှော်အစီအရင်ကို ပြုပြင်နေ၏။
သူ၏ ပြုပြင်ထိန်းကျောင်းမှုနှင့်အတူ ဤကျောက်စိမ်းမျက်လုံး၏ သူငယ်အိမ်က တဖြည်းဖြည်း ပွင့်ဟလာပြီး မီးလျှံစွမ်းအင်ကလည်း ပို၍ ပို၍ ပြင်းထန်စွာ တောက်လောင်လာသည်။ ၎င်း၏ အသွင်သဏ္ဌာန်က အရပ်မျက်နှာအနှံ့သို့ အပူလှိုင်းများ ထုတ်လွှတ်နေသည့် နေလုံးကြီးနှင့် တူနေပြီး မျက်လုံး၏ နောက်ဘက်၌ ရပ်နေသော သူတို့ပင် အပူဒဏ်ကို မခံနိုင်ချင် ဖြစ်လာ၏။
“နင်တို့မျက်လုံးတွေ ပိတ်ထား…” ချင်မူက အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ “ဒီမျက်လုံးထဲက မှော်အစီအရင်ရဲ့ စွမ်းအားကို အကုန်ဖွင့်ပြီးသွားပြီ… အခု မျက်လုံးပေါက်ကို မှေးမှေးလေး ပိတ်ပြီး ဒီဝိညာဉ်လက်နက်ရဲ့ စွမ်းအားကို စမ်းသပ်မလို့…”
‘ဝိညာဉ်လက်နက် ဟုတ်လား…’
မိန်းကလေးနှစ်ယောက် မှင်တက်သွားမိစဉ် ချင်မူက မှော်အစီအရင်ကို ထိန်းချုပ်၍ သူငယ်အိမ်ကျုံ့အောင် ပြုလုပ်လိုက်၏။ အလင်းတန်းက အဆပေါင်းများစွာ ပိုမို လင်းတောက်လာသည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ သူတို့၏ မျက်လုံးများကို ကမန်းကတန်း မှိတ်လိုက်ကြ၏။
ထိုသို့ မျက်လုံးများ မှိတ်လျက်နှင့်ပင် အလွန်တရာ ပါးလွှာသော ဓားသွားတစ်ခုကဲ့သို့ လေထုကို ထိုးခွဲသွားသည့် ကြောက်မက်ဖွယ်ရာ အလင်းတန်းကို မြင်နေရသေးသည်။
ချင်မူက မှော်အစီအရင်ကို ရပ်တန့်လိုက်ရာ ကျောက်စိမ်းမျက်လုံးထံမှ ဝှမ်ခနဲ အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင် အလင်းတန်း ရပ်တန့်သွားပြီး တရှိန်ရှိန် တောက်လောင်နေသော မီးလျှံစွမ်းအင်မှာလည်း တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်သွားသည်။
မိန်းကလေးနှစ်ယောက်က သူတို့၏ မျက်လုံးများကို ဖွင့်လိုက်သော်လည်း မျက်လုံးရှေ့၌ အမှောင်ထုကြီး ရှိနေသေး၏။ ထိုမျှ လင်းတောက်လွန်းသော အလင်းရောင်ကြောင့် သူတို့၏ မျက်လုံးများ ထိခိုက်ပြီး အမှောင်ဖုံးသွားခြင်း ဖြစ်သည်။
သူတို့အနေဖြင့် တိုက်ရိုက် မကြည့်သည့်တိုင် ထိုကျောက်စိမ်းမျက်လုံးမှ အလင်းရောင်က မျက်ခွံကို ဖောက်ပြီး သူငယ်အိမ်များကို ထိခိုက်စေခဲ့သေး၏။ ကံကောင်းထောက်မ၍ သူတို့၏ ချီစွမ်းအင်များက သိပ်သည်းနက်ရှိုင်းသဖြင့် ဤသို့သော ထိခိုက်မျိုးမှာ သူ့အလိုလို ပြန်ကောင်းလာနိုင်ပေသည်။
ချင်မူက မျက်လုံးကြီး၏ နောက်မှ ထွက်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ သူ မှင်တက်မိသွားသည်။ သူတို့ရှေ့မှ ဘုရားကျောင်းမှာ ကျောက်စိမ်းမျက်လုံး၏ အလင်းဓားသွားလက်ချက်ကြောင့် အလယ်တည့်တည့်မှ နှစ်ခြမ်းကွဲနေပြီ ဖြစ်၏။
ယခုအချိန်တွင် မားမားမတ်မတ် ရပ်တည်နိုင်သေးသော်လည်း အချိန်မရွေး ပြိုကျပျက်စီးသွားနိုင်ပေသည်။
ထို့ပြင် ဤမြေအောက်ကမ္ဘာ၏ ကောင်းကင်ယံတွင်လည်း ဓားရာကြီးတစ်ခု ထင်ကျန်နေ၏။ ပင်လယ်ရေအောက်ကြမ်းပြင်၏ ဖိအားကို ကြံကြံခံ တွန်းလှန်ပေးထားသည့် အကာအကွယ်အတားအဆီးလွှာမှာ အက်ကွဲကြောင်းကြီးတစ်ခု ပွင့်ထွက်သွားပြီး အထဲသို့ ပင်လယ်ရေများ စတင်စိမ့်ဝင်နေပြီ ဖြစ်သည်။
ချင်မူ သူ့မေးစေ့သူ ပွတ်သပ်ရင်း လက်ထဲတွင် ဆုပ်ကိုင်မိသော မုတ်ဆိတ်မွေးအချို့ကို ဆွဲနုတ်လိုက်၏။
လူငယ်လေးမှာ နာကျင်မှုကြောင့် တကျွတ်ကျွတ် စုတ်သပ်လိုက်မိသည်။ သို့သော်လည်း ဤသည်မှာ သူ့ခန္ဓာကိုယ်မှ နာကျင်မှု မဟုတ်။ ရင်ထဲမှာ နာကျင်မှုသာ ဖြစ်၏။
အစောက သူ ကျောက်စိမ်းမျက်လုံး၏ စွမ်းအားကို စမ်းသပ်ရင်း ဤထူးဆန်းသော ရေအောက်ကမ္ဘာ၏ အကာအကွယ်အတားအဆီးလွှာကို မတော်တဆ ဖျက်ဆီးမိသွားသည်။ မကြာမီ ရက်အနည်းငယ်အတွင်း၌ ဤနေရာတစ်ခုလုံး ပင်လယ်ရေများ ပြည့်လျှံသွားပေတော့မည်။
စစ်ယွင်ရှန်းက ဘုရားကျောင်းပေါ်သို့ ကျလာသော ရေစက်များကို ကြည့်လိုက်၏။ အလွန်တရာ ခိုင်ခံ့ပုံပေါ်ခဲ့သော ထိုအဆောက်အဦကြီးမှာ သူ့အလေးချိန်သူ မထိန်းနိုင်တော့သကဲ့သို့ တစ်မုဟုတ်ချင်း တကျွီကျီ မြည်လာသည်။ ထို့နောက် တဖြည်းဖြည်း ဘေးနှစ်ဖက်သို့ ယိုင်လာပြီး ဝုန်းခနဲ မြည်သံနှစ်သံနှင့်အတူ နှစ်ခြမ်းကွဲသွားတော့၏။ လေထုတစ်ခွင်လုံး ဖုန်မှုန့်များ ဖုံးလွှမ်းသွားပြီး အလွန်တရာ ကြီးမားသော သားရဲကြီး၏ အရိုးစုတစ်ခု ပေါ်ထွက်လာသည်။
ဤသည်မှာ ထောင်ထျယ်သားရဲ၏ အရိုးစု ဖြစ်၏။ ထိုသတ္တဝါကြီးမှာ မျိုးသန့်သားရဲ ဖြစ်သည့်တိုင် အလင်းတန်းက ၎င်း၏ အရိုးများကို နှစ်ခြမ်းပိုင်းဖြတ်သွားသည်။
ဘုရားကျောင်း ပြိုလဲသွားသည်နှင့် ထောင်ထျယ်သားရဲ၏ အရိုးစုကြီး ပေါ်ထွက်လာခြင်း ဖြစ်၏။
“ကောင်းကင်နတ်မင်းတွေပြောတာ မှန်တယ်… ဂိုဏ်းသခင်ချင်က တကယ့်ကို သူသွားတဲ့ နေရာတိုင်း အကုန်ဖျက်ဆီးပစ်တာပဲ…” စစ်ယွင်ရှန်းက တီးတိုးရေရွတ်လိုက်သည်။
လင်ယွိရှို့မှာလည်း နှမြောတသစွာ စုတ်သပ်နေ၏။
ဤသည်က ရှေးဟောင်းဘုရားကျောင်းတစ်ခု၊ မြေအောက်ကမ္ဘာငယ်တစ်ခု ဖြစ်သည်။ ချင်မူ၏ ဆတ်ဆော့မှုကြောင့် ဤနည်းနှင်နှင် ဖျက်ဆီးခံလိုက်ရ၏။
“နွားကျောင်းသား၊ နင့်မှာ နာမည်ပြောင် မရှိသေးဘူး မဟုတ်လား… နင့်နာမည်ပြောင်ကို ဖျက်ဆီးရေးသမားလို့ ပေးကြစို့… ဟေ့ ဖျက်ဆီးရေးသမားချင်…” လင်ယွိရှို့က ပြောလိုက်သည်။
ချင်မူ့ရင်ထဲတွင် နာကျင်ဆဲ ရှိပြီး လင်ယွိရှို့၏ စကားကို ကြားသောအခါ မျက်နှာတစ်ပြင်လုံး ရဲတက်သွား၏။ သူ ရှင်းပြရန် ကြိုးစားလိုက်သည်။ “ငါက ဖျက်ဆီးရေးသမားချင် မဟုတ်ဘူး… ငါ ဘာမှ မဖျက်ဆီးဘူးလေ… ပေါက်ကရတွေ လျှောက်ပြောပြီး ငါ့ကို နာမည်မဖျက်နဲ့…”
စစ်ယွင်ရှန်းက သရော်တော်တော် ပြောလိုက်၏။ “နာမည်မဖျက်နဲ့ ဟုတ်လား… တန်ခိုးရှင်သက်ဆင်းတောင်ပေါ် ရောက်ရောက်ချင်း မင်းမြတ်သုံးပါးခန်းမကို ဖျက်ဆီးခဲ့တာ ဘယ်သူလဲ…”
လင်ယွိရှို့ကလည်း သရော်လိုက်သည်။ “ကျောင်းတော်သားအိမ်ရာကိုလည်း ဖျက်ဆီးခဲ့တာ သုံးခါတောင် မကဘူးလေ… ကောင်းကင်ကျောင်းတော်ဘေးက နေရာတော်တော်များများလည်း ကောင်းကင်နတ်ဆိုးဂိုဏ်းကို ခေါ်လာပြီး ဖျက်ဆီးခဲ့တာပဲ… ပြီးတော့ ကောင်းကင်လှိုင်းမြို့ကိုလည်း နင်ဖျက်ဆီးခဲ့တာလို့ ငါကြားတယ်… ကြည့်လေ၊ ငါတို့ ဒီနေရာ ရောက်တာမှ မကြာသေးဘူး… နင့်ကြောင့် ဒီမြေအောက်ကမ္ဘာ ပျက်စီးသွားပြီ… ဒီဘုရားကျောင်းက ဒီနေရာမှာ ရပ်တည်လာတာ နှစ်ပေါင်းသောင်းချီနေပြီ၊ နင်လာမှ ပျက်စီးသွားတော့တာပဲ…”
ချင်မူမှာ မျက်နှာတစ်ပြင်လုံး မည်းမှောင်လျက် တတွတ်တွတ် ရေရွတ်နေ၏။ “မဟုတ်တာတွေ လျှောက်မပြောနဲ့… မဟုတ်တာတွေ လျှောက်မပြောနဲ့…”
မိန်းကလေးနှစ်ယောက်မှာ မဟာဂိုဏ်းသခင်ချင်ကို အားရအောင် ကျီစယ်ပြီးသောအခါမှ ပြိုလဲနေသော ဘုရားကျောင်းပျက်အတွင်း အသုံးဝင်သော ပစ္စည်းများ ရှိလိုရှိငြား အရှာထွက်သွားသည်။ အတန်ကြာသောအခါ လင်ယွိရှို့က ကြီးမားသော တိုင်လုံးကြီးနှစ်လုံးကို သယ်ဆောင်လာပြီး ချင်မူ့ရှေ့သို့ ချလိုက်၏။ ထိုတိုင်လုံးကြီးနှစ်လုံးမှာ ပေါင်တစ်သောင်းခန့် လေးမည်ဖြစ်သော်လည်း သူက ခွန်အားသက်သက်ဖြင့် သယ်မလာနိုင်သည်။
စစ်ယွင်ရှန်းက ချီးကျူးလိုက်၏။ “ဝတဲ့လူတွေက တကယ့်ကို ခွန်အားကြီးတာပဲ… ကျွန်မကတော့ မင်းသမီးရှုလို မဟုတ်ဘူး၊ လေတိုက်ရင်တောင် မလဲသွားအောင် မနည်း အားတင်းထားရတာ…”
လင်ယွိရှို့မှာ ဒေါသခြောင်းခြောင်းထသွားပြီး ဤကောင်းကင်နတ်မယ်ကို မြေပေါ်တွန်းလှဲ၍ ကောင်းကောင်းကြီး ထုရိုက်ပစ်ချင်စိတ်များ ပေါ်ထွက်လာသည်။ သို့သော်လည်း ဘေးနားတွင် ချင်မူ ရှိနေသဖြင့် မသင့်လျော်လှချေ။ သူ အံတင်းတင်းကြိတ်၍ ပြုံးပြလိုက်၏။ “ဒါပေါ့… ကောင်းကင်နတ်မယ်ရှန်းက လေတိုက်ရင်တောင် လဲသွားမှာပေါ့… ရင်ဘတ်ရှေ့မှာ အသားဆိုလို့ တစ်အောင်စတောင် မရှိအောင် ပိန်ကပ်နေတာကို…”
စစ်ယွင်ရှန်းမှာ ဒေါသထွက်သွားသည်။ “ငါက အခုမှ ငယ်တုန်း၊ ဖွံ့ဖြိုးတုန်း ရှိသေးတယ်… ကြီးတာ ဘာအသုံးကျလို့လဲ… အသက်ကြီးလာရင် တွဲကျသွားမှာပဲ မဟုတ်ဘူးလား…”
မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်ပြီးနောက် ဟွန့်ခနဲ မျက်နှာလွှဲလိုက်ကြ၏။
“ဂိုဏ်းသခင်၊ ဒီတိုင်လုံးနှစ်လုံးကို ဝိညာဉ်လက်နက်ဖြစ်အောင် သွန်းလုပ်နိုင်မယ်လို့ ထင်လားဟင်…” လင်ယွိရှို့က တိုးတိုးညင်ညင် မေးလိုက်သည်။
ချင်မူက အခြားကျောက်စိမ်းမျက်လုံးကို လေ့လာ၍ ၎င်းတို့၏ အလုပ်လုပ်ပုံကို နားလည်အောင် ကြိုးစားနေသဖြင့် လင်ယွိရှို့တို့ စကားစစ်ထိုးနေသည်ကို မကြားလိုက်ချေ။
“ဒီလိုသတ္ထုမျိုးက မြင်ရခဲတယ်… ကြည့်ရတာ မတူတဲ့ သတ္ထုအမျိုးမျိုး ပေါင်းစည်းထားသလိုပဲ… သူ့ရဲ့ အရည်အသွေးနဲ့ ကွေးဆန့်နိုင်စွမ်းက ဆောင်းသလင်းသံမဏိထက် အများကြီးသာမယ်…”
ချင်မူမှာ တိုင်လုံးနှစ်လုံးကို စစ်ဆေးကြည့်ရှုပြီး အံ့အားသင့်သွား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သူတို့၏ ဝိညာဉ်လက်နက်များကို သွန်းလုပ်ရာတွင် သန့်စင်သော သတ္ထုကိုသာ ရှာဖွေလေ့ ရှိကြသည်။ သို့သော်လည်း ဤတိုင်လုံးနှစ်လုံးကတော့ သတ္ထု၏ သန့်စင်မှုကို ပဓာနမထားချေ။ အမျိုးမျိုးသော သတ္ထုများနှင့် ကြေးနီကို ရောစပ်ထားထား၏။ ထိုသို့ ရောစပ်လိုက်သောအခါ မာကျောမှုနှင့် ကွေးဆန့်နိုင်စွမ်းမှာ အဆများစွာ ထိုးတက်သွားသည်။
“ငါလိုချင်တဲ့ နဂါးကိုးကောင်လက်နက်ကို သွန်းလုပ်ပေးနိုင်လား…” လင်ယွိရှို့က အဆောတလျင် မေးလိုက်၏။
“လုပ်ပေးနိုင်တာပေါ့…” ချင်မူက ယုံကြည်ချက်အပြည့်နှင့် ပြောလိုက်သည်။ “ငါ့ပန်းပဲစွမ်းရည်က ထိပ်တန်းလေ၊ ညာနေတာ မဟုတ်ပါဘူးဟ…”
သူက နေကျောက်စိမ်းမျက်လုံးမှ အစီအရင်ကို အသက်သွင်းပြီး ကြေးနီတိုင်လုံးကြီးတစ်လုံးကို အရည်ကျိုကာ တူကြီးတစ်လက် အရင်သွန်းလုပ်လိုက်၏။ ထို့နောက် လင်ယွိရှို့ကို သူ့ဝိညာဉ်လက်နက်၏ ပုံသဏ္ဌာန်နှင့် အပြောင်းအလဲအားလုံးကို ထုတ်ဖော်ပြသခိုင်းလိုက်သည်။
ချင်မူ တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် စာရွက်နှင့် စုတ်တံ ထုတ်ယူ၍ ပုံကြမ်းရေးဆွဲလိုက်၏။ ပြီးသည့်အခါမှ စတင်သွန်းလုပ်တော့သည်။
နှစ်ရက်ကြာပြီးသောအခါ နဂါးကိုးကောင်လက်နက်ကို သွန်းလုပ်ပြီးစီးသွား၏။ ထိုဝိညာဉ်လက်နက်မှာ နဂါးကိုးကောင် ဖြစ်ပြီး ၎င်းတို့ အတူတကွ ပေါင်းစည်း၍ တူကြီးတစ်လက်အဖြစ် ဖွဲ့စည်းနိုင်သကဲ့သို့ တစ်ကောင်ချင်း ခွဲထွက်၍ အမြီးချင်းဆက်ကာ နဂါးကိုးကောင် ကောင်းကင်မီးလျှံ အကာအကွယ်အဖြစ်လည်း ဖွဲ့စည်းနိုင်သည်။
ထိုနဂါးများ၏ ခန္ဓာကိုယ်မှာ ပျော့ပျောင်းလှပြီး ၎င်းတို့ကို သွန်းလုပ်စဉ်၌ ချင်မူက ဝိညာဉ်ဖန်ဆင်းပညာကိုပါ အသုံးပြုခဲ့သဖြင့် အမျိုးမျိုးသော အသွင်ပြောင်းလဲများကို ပြုလုပ်နိုင်၏။ ဥပမာဆိုရလျှင် ဤနဂါးကိုးကောင်မှာ သတ္ထုဖြင့် ပြုလုပ်ထားသော်လည်း ၎င်းတို့၏ ခန္ဓာကိုယ်မှာ အရိုးအဆစ်ပေါင်း ကိုးရာကျော် ရှိသဖြင့် လေထုထဲတွင် လွတ်လပ်စွာ ကူးခတ်သွားလာနိုင်သည်။ နဂါးအကြေးခွံများမှာလည်း တစ်ခုချင်း ဖြုတ်၍ တပ်၍ ရပြီး လွန်စွာ ထက်ရှသဖြင့် သီးခြားလက်နက်များအဖြစ် ပစ်လွှတ်တိုက်ခိုက်နိုင်၏။
နဂါးအကြေးခွံများအပြင် နဂါးလက်သည်းများမှာလည်း အလွန်တရာ ချွန်ထက်သည့် ချိတ်ကောက်များသဖွယ် ဖြစ်၍ သွားစွယ်များက ဓားသွားများနှင့် အလားသဏ္ဌာန် တူလှသည်။ နဂါးတစ်ကောင်ချင်း၏ မုတ်ဆိတ်မွေးများမှာလည်း အလွန်တရာ ပျော့ပျောင်းသည့် သံကြိုးနှစ်ချောင်းကဲ့သို့ ဖြစ်ပြီး တစ်ဘက်ရန်သူကို မလှုပ်နိုင်အောင် တုပ်နှောင်ထားနိုင်၏။
နဂါးကိုးကောင် အတူတကွ ပေါင်းစည်းသွားသောအခါ နဂါးကိုးကောင်ရွှေနံရံ ဖြစ်သွားသည်။ အကြေးခွံများက ကြေးမုံမျက်နှာပြင်ကဲ့သို့ ဖွဲ့တည်၍ နောက်ကျောဘက်တွင် နဂါးခေါင်းကိုးကောင် ရှိနေပေလိမ့်မည်။
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့တို့အနေဖြင့် ပန်းပဲပညာနှင့် ပတ်သက်၍ များစွာ တတ်သိခြင်း မရှိသည့်တိုင် ချင်မူ သွန်းလုပ်သည့် နဂါးကိုးကောင်လက်နက်မှာ အမှန်တကယ်ပင် ထူးခြားလှကြောင်း သိကြသည်။ ဤလက်နက်မှာ လင်ယွိရှို့အတွက် လွန်စွာ သင့်လျော်လှ၏။
မင်းသမီးက ဝမ်းသာအားရ ပြေးလာပြီး သူ၏ ချီစွမ်းအင်ဖြင့် နဂါးကိုးကောင်လက်နက်ပေါ်သို့ မှော်သင်္ကေတများ ခတ်နှိပ်လိုက်သည်။ တစ်ခဏတာ စမ်းသပ်ကိုင်တွယ်ကြည့်ပြီးနောက် ဤလက်နက်မှာ ထိန်းချုပ်ရလွယ်ကူပြီး အလိုရှိရာအသွင်သို့ တစ်ခဏချင်း ပြောင်းလဲနိုင်ကြောင်း တွေ့ရှိသွား၏။
"မဆိုးဘူး... မဆိုးဘူး..." လင်ယွိရှို့ အတော်မသတ်အောင် ချီးကျူးလိုက်မိသည်။ "နွားကျောင်းသား၊ နင့်ပန်းပဲလက်ရာက မဆိုးဘူးပဲ... စက်မှုလက်မှုဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်မင်းအောက် မဆိုစလောက်လေးပဲ နိမ့်မယ်..."
စစ်ယွင်ရှန်းက မနာလိုစွာ တစ်ချက်ကြည့်၍ သူ၏ ဝိညာဉ်လက်နက်ပုံသဏ္ဌာန်ကို ထုတ်ပြလိုက်၏။ သူ့လက်နက်မှာ အပြောင်းအလဲပေါင်း ထောင်သောင်းချီ ပြုလုပ်နိုင်သော ကြိုးတစ်ချောင်း ဖြစ်သည်။ "မာကျောတဲ့ သံမဏိကို လက်ချောင်းပတ်ပတ်လည်မှာ ရစ်ပတ်ထားနိုင်ထိ ပျော့ပျောင်းအောင် သွန်းလုပ်ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး... ဂိုဏ်းသခင်၊ ကျွန်မရဲ့ ဝိညာဉ်လက်နက်က ပိုးချည်မျှင်တစ်ထောင်လို့ခေါ်ပါတယ်၊ ဓားတစ်ချောင်းလို သုံးလို့ရသလို မှော်ပညာနဲ့လည်း တွဲဖက်အသုံးပြုနိုင်ရမယ်... ဒီဟာက ကျွန်မတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို တုပထားတာပဲ... ဂိုဏ်းသခင်အနေနဲ့ သတ္ထုကို ပိုးချည်လို ပျော့ပျောင်းအောင် သွန်းလုပ်နိုင်ပါ့မလား..."
ချင်မူက စစ်ယွင်ရှန်း၏ ဝိညာဉ်လက်နက်ပုံသဏ္ဌာန်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။ "ပိုးချည်မျှင်လို ပျော့ပျောင်းတဲ့ ဓားတစ်လက် သွန်းလုပ်ပြီး မှော်ပညာ အမှတ်အသားသင်္ကေတတွေ ခတ်နှိပ်ဖို့ဆိုတာ သာမန်ထက်တော့ ပိုခက်လိမ့်မယ်... ဒါမျိုး အရင်က သင်ဖူးပေမဲ့ လက်တွေ့တော့ တစ်ခါမှ မသွန်းလုပ်ဖူးဘူး... စမ်းကြည့်တာပေါ့..."
စစ်ယွင်ရှန်း၏ ပိုးချည်မျှင်တစ်ထောင်မှာ လင်ယွိရှို့၏ နဂါးကိုးကောင်လက်နက်ထက် ပိုလက်ဝင်လှသည်။ များစွာ အနုစိတ် ပိုလုပ်ရပြီး သတ္ထုတုံးကို သဘာဝ ပိုးချည်မျှင်၏ အရွယ်အစားထက် ပိုမို ပါးလျပြားချပ်အောင် ထုရိုက်ရ၏။ သဘာဝပိုးချည်မျှင်၏ အရွယ်အစားမှာ 'စစ်'ဒသမကိန်းတစ်ခုသာ (၀.၀၀၀၁) ရှိပြီး ထို့နောက်တွင် ဟူ၊ ဝေ့၊ ရှန်း၊ ရှာ၊ ချန်၊ အိုက်၊ မြောင်၊ မို အစရှိသဖြင့် ပိုမိုပါးလျသွားသော အရွယ်အစားများစွာ ရှိသေးသည်။
ချင်မူ့အနေဖြင့် သတ္ထုဆိုင်းပြားကို ချန်နှင့်အိုက် အရွယ်အစားထိ ပြားအောင်သာ ထုရိုက်ဖြန့်ကျက်နိုင်၏။ ထို့ထက်ပိုလျှင် သတ္တဆိုင်းပြားမှာ ပျက်စီးသွားပေလိမ့်မည်။
၎င်းအရွယ်အစားထိ သတ္ထုလွှာ ပြားချပ်သွားသည်နှင့် မှော်သင်္ကေတများ ရေးထွင်းရပြီး ထိုအဆင့်မှာ ပို၍ပင် ရှုပ်ထွေးလက်ဝင်လှ၏။ ချင်မူနှင့် စစ်ယွင်ရှန်းတို့မှာ နှစ်ယောက်စလုံး မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လေ့ကျင့်ထားသူများ ဖြစ်သဖြင့် သတ္ထုဆိုင်းပြားပေါ်တွင် မှော်သင်္ကေတများ ကြိုးစားပမ်းစား အတူခတ်နှိပ်ကြသည်။ ထိုသို့ ခတ်နှိပ်ရင်း သတ္ထုဆိုင်းပြား ပျက်စီးသွားသည့်အခါ ပြန်လည် ထုရိုက်သွန်းလုပ်ရပြန်၏။
ပြီးသည့်အခါ ချင်မူက ထိုသတ္ထုဆိုင်းပြားကို ဂရုတစိုက် လိပ်၍ ထပ်မံထုရိုက်ဖြန့်ကျက်ပြီး နောက်တစ်ဖန် မှော်သင်္ကေတများ ခတ်နှိပ်ကြပြန်သည်။ ထိုသို့ အကြိမ်ကြိမ်အထပ်ထပ် ပြုလုပ်ပြီးသည့်နောက်တွင်တော့ ပိုးချည်မျှင်တစ်ထောင် စိတ်ဝိညာဉ်လက်နက်ကို အောင်အောင်မြင်မြင် သွန်းလုပ်ပြီးစီးသွား၏။
စစ်ယွင်ရှန်းမှာ စိတ်လှုပ်ရှားနေပြီး ပိုးချည်မျှင်တစ်ထောင်ကို ဖဲကြိုးတစ်ချောင်းအသွင်ပြောင်း၍ ခါး၌ ရစ်ပတ်လိုက်သည်။
ရေအောင်ကမ္ဘာမှ ပင်လယ်ရေများမှာ တဖြည်းဖြည်း မြင့်တက်လာပြီ ဖြစ်သဖြင့် ဤနေရာတွင် သူတို့ ကြာရှည်စွာ ဆက်နေနိုင်တော့မည် မဟုတ်ချေ။
ချင်မူက သူ၏ ချီစွမ်းအင်ကို ကြိုးတစ်ချောင်းအသွင်ပြောင်း၍ ပိုက်ကွန်ဖွဲ့ကာ ကျောက်စိမ်းမျက်လုံးနှစ်လုံးနှင့် ကြယ်တာရာများကို သိမ်းယူလိုက်၏။ "အပေါ်ပြန်တက်ကြစို့..."
သူတို့သုံးယောက်သား ဆေးကျိုအိုးကြီးရှိရာဆီသို့ အလျင်အမြန် ပြန်ပြေးလာကြသည်။ အိုးနားသို့ ရောက်သောအခါ စစ်ယွင်ရှန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အိုးကိုမ၍ ယူဆောင်သွားရန် ကြံစည်လိုက်၏။ သို့သော်လည်း ဤဆေးကျိုအိုးကြီးက မမှန်းဆနိုင်လောက်အောင် လေးလံသည်ဖြစ်ရာ အဘယ်သို့ပြု၍ သူ မနိုင်ပါမည်နည်း။ အားကုန်သုံးသည့်တိုင် တစ်လက်မမျှ ကြွတက်လာခြင်း မရှိပေ။
“နင့်ရင်ဘတ်က ပြားချပ်နေတာကိုး… အားဘယ်ရှိမှာလဲ….” လင်ယွိရှို့က ခပ်ထေ့ထေ့ သရော်လိုက်၏။
“အဲဒါဆို နင့်ရင်ဘတ်အကြီးကြီးနဲ့ လာမလှည့်စမ်းပါ….” စစ်ယွင်ရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
လင်ယွိရှို့ သွားမကြည့်လိုက်သောအခါ ဤဆေးကျိုအိုကြီးက သူပင် မ,မနိုင်လောက်အောင် လေးလံလှကြောင်း တွေ့ရ၏။ သူ့မျက်နှာတစ်ပြင်လုံး ရဲတက်လာသည်။
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ဒီဆေးကျိုအိုးက အထက်ကိုက်ငါးထောင်မှာရှိတဲ့ စမ်းချောင်းထိရောက်အောင် စိတ်ဝိညာဉ်ရေတွေ အများကြီး ပန်းထွက်နေတာ… အဲဒီပန်းထွက်နေတဲ့ ရေတွေရဲ့ ဖိအားက တောင်ကြီးတစ်လုံးလောက် လေးလိမ့်မယ်… ပြီးတော့ ဆေးကျိုအိုးကိုယ်တိုင်ရဲ့ အလေးချိန်လည်း ရှိသေးတယ်… ဒီပစ္စည်းက သေချာပေါက် ကောင်းကင်ရတနာပဲ… ယူသွားဖို့ စဉ်းစားမနေနဲ့…”
မိန်းကလေးနှစ်ယောက်မှာ နှမြောတသစွာ သက်ပြင်းချ၍ ချင်မူနောက်မှ ရေကူးကာ လိုက်သွားတော့သည်။
အတန်ကြာသောအခါ သူတို့အားလုံး ရေမျက်နှာပြင်ထက်သို့ ရောက်ရှိလာ၏။ လင်ယွိရှို့က ပြုံး၍ ပြောလိုက်သည်။ “ဒီတစ်ခေါက်တော့ ငါတို့ ရတနာတွေ အတော်လေး ရခဲ့တာပဲ… သွားရတာ အလကားမဖြစ်ဘူးလို့ ဆိုရမယ်…”
“မင်းသမီးက ရတနာတွေ ဘယ်လောက်တောင် ရခဲ့တာလဲ… ဘယ်လို ရတနာမျိုးတွေပါလိမ့်…”
ရေကန်ဘေးမှ အသံတစ်သံ ထွက်ပေါ်လာသဖြင့် သူတို့သုံးယောက်သား ချာခနဲ လှည့်ကြည့်လိုက်ရာ မြွေနီကြီး၏ ဦးခေါင်းထက်တွင် ထိုင်နေသော လုံကျောင်းနန်ကို တွေ့လိုက်ရ၏။ မြွေနီကြီး၏ ကိုယ်လုံးက ရေကန်ကို ရစ်ပတ်ဝန်းရံထားသည်။
လုံကျောင်းနန်က တစ်ချက် ပြုံးပြပြီး သူတို့သုံးယောက်ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လိုက်၏။ ထို့နောက် ချင်မူ့ကို လှမ်းပြောလိုက်သည်။ “ဂိုဏ်းသခင်က ဩချလောက်စရာပါပဲ… မင်းကို ရှာတွေ့ဖို့ ငါ့အချိန်တွေ၊ အားတွေ အတော်ကုန်ခဲ့ရတယ်…”
“သေပေတော့…”
လင်ယွိရှို့နှင့် စစ်ယွင်ရှန်တို့က ရေပြင်ကို လက်ဖဝါးဖြင့် ရိုက်၍ လေထဲသို့ ခုန်တက်ပြီး သူတို့၏ နဂါးကိုးကောင်လက်နက်နှင့် ပိုးချည်မျှင်တစ်ထောင်ကို အသီးသီး ထုတ်ယူကာ လုံကျောင်းနန်ကို မပြောမဆို တိုက်ခိုက်တော့၏။