← Chapters

အလောင်းကိုစောင့်ရှောက်ထားခြင်း

Vol. 21 Ch. 286

အလောင်းကိုစောင့်ရှောက်ထားခြင်း

Vol. 21 Ch. 286

လုံကျောင်းနန်က သရော်တော်တော် ပြုံးလိုက်သည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ အရပ်ခြောက်မျက်နှာအဆင့်သို့ ရောက်ခါစသာ ရှိသေးပြီး သူနှင့် မြွေနီကြီးက ခုနစ်စဉ်ကြယ်အဆင့် ပညာရှင်များ ဖြစ်သည် မဟုတ်လား။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင်ဆိုလျှင် ခုနစ်စဉ်ကြယ်အဆင့် ရောက်သူတိုင်း တပ်မှူးတစ်ယောက် ဖြစ်လာနိုင်၏။

နဂါးစီးဂိုဏ်း မပုန်ကန်မီက လုံကျောင်းနန်မှာ အမျိုးသားတစ်ယောက်အသွင် ဝတ်ဆင်၍ နန်းတွင်းတပ်ဖွဲ့၌ ရာထူးတစ်နေရာ ရခဲ့သေးသည်။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်း၏ အရည်အချင်းမှာ သူနှင့် မြွေနီကြီး၏ ပြိုင်ဘက်မဟုတ်ချေ။

“ကိုယ်သေတွင်းကိုယ် တူးချင်နေတာ…”

လုံကျောင်းနန်က လက်ဖဝါးတစ်ဖက်ကို ဆတ်ခနဲ တွန်းထုတ်လိုက်၏။ သူ၏ ချီစွမ်းအင်က ရစ်ခွေနေသော စပါးအုံးမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး လေထဲမှ မိန်းကလေးနှစ်ယောက်ကို ဝါးမျိုတော့မည်ကဲ့သို့ ပါးစပ်ကို ဖြဲဟလိုက်သည်။ ပတ်ဝန်းကျင်တစ်ခွင်ရှိ လေထုမှာ တစ်မုဟုတ်ချင်း စုတ်ယူခံလိုက်ရသကဲ့သို့ မြွေကြီး၏ ပါးစပ်ဆီသို့ တဝူးဝူး တိုးဝင်သွား၏။

နဂါးစီးဂိုဏ်းက မှော်ပညာတွင် ဆရာတစ်ဆူ မဟုတ်သော်လည်း သူတို့၏ မှော်စွမ်းအားကို လျှော့တွက်၍ မရချေ။ ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုကြောင့် နဂါးစီးဂိုဏ်းသည်လည်း အခြားဂိုဏ်းများ၏ အားသာချက်များကို လေ့လာခွင့်ရပြီး သူတို့၏ မှော်ပညာကို တစ်ဆင့်မြှင့်တင်နိုင်ခဲ့သည်။

ဤစပါးအုံးမြွေ ကောင်းကင်မြိုသိုင်းကွက်မှာ သမာဓိအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

သို့သော်လည်း လင်ယွိရှို့က သူ့လက်ထဲမှ နဂါးကိုးကောင်လက်နက်ဆန်းကို ပင့်မြှောက်ရိုက်ချလိုက်သည်။ လမ်းခုလတ်တွင်ပင် နဂါးကိုးကောင်လက်နက်ဆန်းပေါ်သို့ လျှပ်စီးတန်းများ တစ်မုဟုတ်ချင်း စုဝေးကျရောက်လာပြီး နဂါးကိုးကောင်တူအဖြစ်သို့ ပြောင်းလဲကာ ချီစွမ်းအင်မြွေကြီး၏ ပါးစပ်နှင့် ထပ်တိုက်တွေ့သွား၏။

လုံကျောင်းနန်၏ မှော်အစီအရင်မှာ အားကောင်းလှသော လျှပ်စီးစွမ်းအင်ကြောင့် တစ်မုဟုတ်ချင်း ပျက်စီးပြီး ချီစွမ်းအင်များ ပြယ်လွင့်သွားသည်။

လုံကျောင်းနန် ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာပင် စစ်ယွင်ရှန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ သေးမျှင်သော ကြိုးတစ်ချောင်းက သူ၏ ဘယ်ဘက်မျက်ဝန်းဆီသို့ တိုးဝင်ထိုးစိုက်လာသည်။ လုံကျောင်းနန် လက်ချောင်းများဖြင့် အဆက်ပြတ် တောက်ထုတ်လိုက်သော်လည်း ထိုကြိုးမျှင် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်တိုးဝင်လာ၏။

စစ်ယွင်ရှန်းက လက်ညှိုးနှင့် လက်ခလယ် နှစ်ချောင်းပူးကာ လုံကျောင်းနန် ရှိရာသို့ ဦးတည်၍ အဆက်မပြတ် ထိုးနှက်နေသည်။ ပိုးချည်မျှင်တစ်ထောင်၏ ထိပ်ဦးမှာလည်း သူ၏ လှုပ်ရှားမှုနှင့်အတူ ဆင့်ကဲဆင့်ကဲ ပြောင်းလဲသွား၏။ အမှန်တကယ်အားဖြင့် ထိုလှုပ်ရှားမှုများမှာ အလွန်တရာ ရှုပ်ထွေးသော ဓားကွက်များပင် ဖြစ်သည်။

"ကောင်းကင်နတ်မယ်ရှန်းရဲ့ ဓားသိုင်းက မဆိုးလှဘူးပဲ..."

လုံကျောင်းနန်က သူ၏ ဘယ်ဘက်အင်္ကျီလက်အိုးကို ဆင့်ကဲဆင့်ကဲ ရိုက်ထုတ်၍ ကျောက်စိမ်းကွင်းသဏ္ဌာန် ချီစွမ်းအင်လှိုင်းများ ဖန်တီးကာ သူ့ထံတိုးဝင်လာသော ကြိုးမျှင်ဓားသွားများကို ဟန့်တားလိုက်၏။ ထိုအခိုက်၌ စစ်ယွင်ရှန်းမှာ ညာဘက်လက်ကို ခန္ဓာကိုယ်ရှေ့တွင်ထား၍ ဘယ်ဘက်လက်ကို အနောက်သို့ ပို့ထားကြောင်း လုံကျောင်းနန် သတိပြုမိသွားသည်။ စစ်ယွင်ရှန်း၏ ဘယ်ဘက်လက်သည်လည်း ဓားသိုင်းလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိလိုက်သဖြင့် ကြက်သီးမွေးညင်းများ ထောင်ထပြီး ကောင်းကင်ယံသို့ တစ်မုဟုတ်ချင်း ခုန်တက်လိုက်၏။

ထိုသို့ခုန်တက်လိုက်သည့် အခိုက်တွင်ပင် သူ၏ ခရမ်းရောင်ဝတ်စုံမှာ အပေါက်ပေါင်း ထောင်ချီပွင့်၍ လေတဟူးဟူး တိုးဝင်လာသည်။

ဤအခိုက်၌ လင်ယွိရှို့က သူ၏ တူကြီးဖြင့် အုပ်မိုးရိုက်ချလာသဖြင့် လုံကျောင်းနန် လက်တစ်ဖက်မြှောက်၍ ကာလိုက်ရ၏။ ဝုန်းခနဲ အသံကြီးနှင့်အတူ နဂါးကိုးကောင်တူမှ မီးတောက်မီးလျှံများ ဟုန်းခနဲ ထလာသည်။ ရိုက်ချလာသော ခွန်အားက ပြင်းထန်လွန်းလှသဖြင့် လုံကျောင်းနန်မှာ တစ်ချက်တည်း လွင့်ထွက်သွား၏။

နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှာ ပထမတန်းစား ကျင့်စဉ်တစ်ခု ဖြစ်ပြီး မှော်ပညာနှင့် တွဲဖက်အသုံးပြုရာတွင်အလွန်တရာ စွမ်းအားကြီးမားလှသည်။ သို့အတွက်ကြောင့် ကျင့်ကြံရရှိနိုင်သည့် မှော်စွမ်းအားမှာ အဆုံးမရှိသော ပင်လယ်ပြင်ကျယ်ကြီးပမာ သိပ်သည်းနက်ရှိုင်းလှ၏။ အဆင့်တူချင်းတွင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်မှ ကျင့်စဉ်စွမ်းအားမှာ အသိပ်သည်းဆုံးဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ချင်မူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်မှာတော့ ချွင်းချက်ဖြစ်၏။

ထို့အပြင် ဧကရာဇ်ယန်ဖုန်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ထောင်စကတည်းက အုပ်စိုးခဲ့သော မင်းဆက်များထဲတွင် ဉာဏ်ပညာအရင့်သန်ဆုံး မင်းတစ်ပါး ဖြစ်ပြီး သူနှင့် မျိုးဆက်တူတန်းထဲတွင် ထိပ်သီးပညာရှင်တစ်ယောက် ဖြစ်လာသည်မှာ ကာလကြာရှည်ပေပြီ။ သူက နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး သိုင်းကွက်အသားပေးပညာနှင့် ဓားပညာမှ အနှစ်သာရများကို ထည့်သွင်းပေါင်းစည်းခဲ့သဖြင့် သူ့လက်ထက်တွင် နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်၏ စွမ်းအားမှာ ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာပေသည်။

လင်ယွိရှို့ကျင့်ကြံသော ကျင့်စဉ်မှာ ထိုနဂါးကိုးကောင်ကျင့်စဉ် ဖြစ်ပြီး သူလျှောက်သော လမ်းမှာ သိုင်းကွက်အသားပေးပညာနှင့် မှော်ပညာကို ပေါင်းစည်းထားသော မှော်သိုင်းလမ်းစဉ် ဖြစ်၏။ သိုင်းကွက်အသားပေး ပညာရပ်နှင့် မှော်ပညာကို တစ်ပြိုက်နက် ထုတ်ဖော်အသုံးပြုခြင်းအားဖြင့် သူ၏ သိုင်းစွမ်းအားမှာ ပို၍ တိုးမြင့်လာပေသည်။ သို့ဖြစ်ရာ လုံကျောင်းနန်မှာ ခုနစ်စဉ်ကြယ်အဆင့်တစ်ယောက် ဖြစ်လင့်ကစား ဤမိန်းကလေးနှစ်ယောက်၏ တိုက်ကွက်များကြောင့် အငိုက်မိပြီး အဝေးသို့ လွင့်ထွက်သွားရ၏။

လင်ယွိရှို့မှာ မြေပေါ်သို့ ပြန်ကျလျှင်ကျချင်း သူ့လက်ထဲမှ တူကို လွှတ်ချလိုက်၏။ နဂါးကိုးကောင်တူကြီးမှာ နဂါးအသွင် လက်နက်ဆန်းကိုးခုအဖြစ် ခွဲထွက်သွားပြီး တစ်ဖန် ပြန်လည် ပေါင်းစည်းသွားသည်။ မရေမတွက်နိုင်သော အကြေးခွံများက လျင်မြန်စွာ ရွေ့လျားပြီး ကြေးမုံမှန်တစ်ချပ်အဖြစ် ဖွဲ့စည်းသွား၏။

ထိုကြေးမုံ၏နောက်တွင်တော့ လင်ယွိရှို့ ရပ်လျက်သား ရှိနေပြီး ဝှမ်ခနဲ အသံနှင့်အတူ အလင်းတန်းတစ်ခု ပြေးထွက်သွားသည်။ ထိုအလင်းတန်းအတွင်း၌ ရွှေရောင်နဂါးလေးများ မြူးထူးပျံသန်းနေပြီး နောက်သို့ လွင့်ထွက်သွားသော လုံကျောင်းနန်၏ ကိုယ်ပေါ်သို့ ထိုးစိုက်ကျဆင်းသွားကြ၏။

စစ်ယွင်ရှန်းကလည်း ကြေးမုံမှန်ပေါ်မှ ကျော်၍ တစ်မုဟုတ်ချင်း ခုန်ပျံပြေးထွက်သွားသည်။ သူ၏ ပိုးချည်မျှင်ဓားသွားများက ကြေးမုံအလင်းတန်း ထိမှန်တော့မည့် လုံကျောင်းနန်ထံ တိုးဝင်ရစ်ပတ်၍ ပိုင်းဖြတ်ချလိုက်၏။

“ရှောင်ဟုန်…” လုံကျောင်းနန်က အမိန့်ပေး အော်ဟစ်လိုက်သည်။ သူ၏ လက်တစ်ဖက် အမြှောက်တွင် မြေပြင်တစ်ခုလုံး တုန်ခါ၍ မြောက်မြားစွာသော ကျောက်တုံးချွန်များ လွင့်ပျံတက်လာပြီး ကြေးမုံမှန်အလင်းတန်းနှင့် စစ်ယွင်ရှန်း တိုးဝင်ရာ လမ်းကြောင်းကို ပိတ်ဆို့သွား၏။

မိန်းကလေးနှစ်ယောက်၏ နောက်ဘက်မှ မြွေနီကြီးက လူခုနစ်ယောက်ဖက်ခန့် တုတ်ခိုင်သော သူ့ခန္ဓာကိုယ်ကြီးကို ရုတ်တရက် ဆန့်ထုတ်လာသည်။ အဆုံးအစမဲ့ ခွန်အားဖြင့် သိမ်းရိုက်လိုက်ခြင်း ဖြစ်သဖြင့် သူတို့နှစ်ယောက်သာ ဤသတ္တဝါကြီးကို လွတ်အောင်မရှောင်နိုင်လျှင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကျိုးပဲ့လျှင်ကျိုးပဲ့၊ မကျိုးပဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားမည် ဖြစ်၏။

နဂါးစီးဂိုဏ်း၏ ဝှက်ဖဲအစစ်အမှန်မှာ ကျင့်ကြံခြင်းလည်းမဟုတ်၊ မှော်ပညာလည်း မဟုတ်သကဲ့သို့ ကောင်းကင်နတ်သိုင်းလည်း မဟုတ်ချေ။ သူတို့ပြောကြသည့် “နဂါး”သာ ဖြစ်သည်။

သူတို့မွေးမြူထားသော မြွေများအားလုံးမှာ ရေနဂါးသွေးပါသည့် အထူးမြွေမျိုး ဖြစ်၏။ နဂါးစီးဂိုဏ်းသားများ၏ ကျင့်စဉ်စွမ်းအားက မြင့်မားခြင်း မရှိသည့်တိုင် သူတို့မွေးမြူထားသော မြွေများက တစ်ဘက်ရန်သူကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။

လုံကျောင်းနန်၏ ဤမြွေနီကြီးမှာ အထူးတကာ့ အထူးမျိုးတစ်ကောင် ဖြစ်ပြီး နဂါးဘုရင်၏ ကောင်းကင်တံတားအဆင့် ရေနဂါးနှင့် မျိုးနွယ်တူပင် ဖြစ်သည်။ ထိုရေနဂါး၏ မျိုးဆက်သွေးက အတော်လေး သန့်စင်လှသဖြင့် ဤမြွေတစ်ကောင်ဖြင့် ခုနစ်စဉ်ကြယ်အဆင့်မှ လူတိုင်းကို သိမ်းရိုက်ချေမှုန်းနိုင်ရန် လိုသည်ထက်ပင် ပိုနေသေး၏။

လုံကျောင်းနန်မှာ သူ၏ ဤမြွေကြီးပေါ် အမှီသဟဲပြု၍ နာမည်ကျော်လာခြင်း ဖြစ်သည်။

မြွေနီကြီး၏ ပြင်းထန်သော အားအင်က တလိမ့်လိမ့်တိုးဝင်လာသော်လည်း မိန်းမပျိုလေးနှစ်ယောက်ကို တိုးတိုက်ကြိတ်ချေသွားတော့မည်ဆဲဆဲတွင် ချစ်ချစ်တောက် ပူပြင်းသော အလင်းတန်းတစ်ခု သူ့နောက်မှ ထိုးထွက်လာ၏။

မြွေနီကြီးမှာ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းသွားသော အလင်းတန်းကို ကြည့်၍ ကြက်သေသေသွားသည်။ ပြတ်ကျသွားသော ခန္ဓာကိုယ်အောက်ပိုင်းက တွန့်လိမ်လှုပ်ရှား၍ ဘေးနားမှ တောအုပ်တစ်ခုလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ရိုက်ချသွား၏။

မြွေကြီး၏ အနောက်ဘက်မှ ရေကန်နံဘေးတွင်တော့ ချင်မူ အလင်းတန်းတစ်ခု ထိုးထွက်နေသည့် မျက်လုံးကြီးကို ကိုင်၍ မတ်တတ်ရပ်နေသည်။ ဤသည်က ၎င်းကို နှစ်ပိုင်းဖြတ်သွားသည့် တိုက်ခိုက်မှုပင် ဖြစ်၏။

မြွေနီကြီးက နာကျင်စွာ အော်မြည်တွန်ကျူး၍ အဆိပ်ငွေ့များ မှုတ်ထုတ်ကာ ကျန်ရှိသည့် ကိုယ်တစ်ပိုင်းဖြင့် ချင်မူ့ထံ ခုန်ဝင် ထိုးကိုက်လိုက်သည်။

၎င်းအဆိပ်ငွေ့များက လွန်စွာအဆိပ်ပြင်းလှသဖြင့် ချင်မူ ကောင်းကင်ခိုးယူခြေလှမ်းသိုင်းကို အသုံးပြုပြီး မြွေနီကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

သူ၏ လှုပ်ရှားမှုက မြန်ဆန်လှသဖြင့် မြွေနီကြီး မတုံ့ပြန်နိုင်မီ ကောင်းကင်ယံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ချင်မူ အောက်ဘက်သို့ အပေါ်စီးမှ ဝေ့ဝဲအကြည့်တွင် ပြာပုံကျအောင် ချေမှုန်းခံထားရသော ဘဲခေါင်းဝါဂျင်ဆင်းတို့၏ မြို့တော်ကို မြင်မိသွား၏။ သစ်ပင်များပေါ်၌ နေထိုင်ကြသော ဘဲခေါင်းဝါဂျင်ဆင်းများမှာလည်း တစ်ယောက်မှ မကျန်တော့ချေ။

လုံကျောင်းနန်က ဤနေရာကို ရှာဖွေတွေ့ရှိပြီးနောက် ဘဲခေါင်းဝါဂျင်ဆင်း အားလုံးကို ရက်ရက်စက်စက် သတ်ဖြတ်၍ သူတို့နေထိုင်ရာနေရာကို ပြာချခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုဘဲခေါင်းဝါဂျင်ဆင်းများက သစ္စာစောင့်သိစိတ် တစ်စက်မျှမရှိဘဲ အလွယ်တကူ ဖော်ကောင်လုပ်တတ်ကြသူများ ဖြစ်သဖြင့် သူတို့အကြောင်းကို ၎င်းတို့ထံမှ လုံကျောင်းနန် ကြားသိခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

ချင်မူ၏ မျက်နှာ ညို့မှိုင်းသွား၏။ ဤဘဲခေါင်းဝါဂျင်ဆင်းများက သစ္စာစောင့်သိစိတ် မရှိသော်လည်း သူတို့အုပ်စုကို ကူညီခဲ့ကြသည် မဟုတ်လား။ တစ်နည်းအားဖြင့် သူတို့ကို ကျေးဇူးပြုခဲ့ကြသူများပင် ဖြစ်သည်။

ရုတ်တရက် မြွေနီကြီး၏ ဦးခေါင်းက ပါးစပ်ကို အစွမ်းကုန်ဖြဲဟ၍ ကောင်းကင်ယံသို့ ခုန်တက်လာ၏။

“သေလိုက်တော့…”

ချင်မူက ကျောက်စိမ်းမျက်လုံးကို ထိန်းချုပ်အသက်သွင်းလိုက်ရာ အလင်းတန်းတစ်ခု ဝှမ်ခနဲ ထွက်ပေါ်လာပြီး မြွေကြီး၏ ပါးစပ်ဆီသို့ စိုက်ဆင်းသွားသည်။ အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အသားစိုင်များမှာ တစ်မဟုတ်ချင်း အရည်ပျော်သွား၏။

အလင်းတန်း ကျဆင်းရာ မြေပြင်မှာလည်း မျက်စိတစ်မှိတ်အတွင်း အရည်ပျော်၍ တွင်းပေါက်တစ်ခု ဖြစ်သွားသည်။ ပွက်ပွက်ဆူနေသော ချော်ရည်ပူများမှာ အငွေ့ပျံ၍ လေပေါ်တက်သွားပြီး ချော်ခဲသေးသေးလေးများအဖြစ် ပြန်လည်အေးခဲ ကျဆင်းလာ၏။ ပတ်ဝန်းကျင်တစ်ခွင်မှာ ခဲမိုးရွာသွန်းသကဲ့သို့ ဖြစ်သွားသည်။

မြွေနီကြီး ခုန်တက်လာသော အရှိန်က ပြင်းလွန်းလှသဖြင့် ၎င်း၏ ခန္ဓာကိုယ်က ချင်မူနှင့် ကျောက်စိမ်းမျက်လုံးကို စုန်းစုန်းမြုပ်အောင် ဝါးမျိုသွား၏။ သို့သော်လည်း ၎င်း၏ အသားစိုင်များကို အလင်းတန်းက တစ်လျှောက်လုံး ဖြတ်တောက်သွားသဖြင့် လမ်းကြောင်းတစ်ခု ဖြစ်ကျန်ခဲ့ပေသည်။

ချင်မူ မြေပေါ်သို့ ပြန်ကျလာသောအခါ သူ့နောက်တွင် မြွေနီကြီး၏ ခန္ဓာကိုယ်က အသားညှော်နံ့များနှင့်အတူ အိတ်စုတ်တစ်ခုသဖွယ် မြေပေါ်ပုံကျသွား၏။

“ရှောင်ဟုန်…”

လုံကျောင်းနန်၏ ကြေကြေကွဲကွဲ အော်ဟစ်သံက အဝေးမှ ထွက်ပေါ်လာသည်။ မိန်းမပျိုသုံးယောက်က အပြင်းအထန် တိုက်ခိုက်ကြရင်း ပင်လယ်ရေမျက်နှာပြင်ပေါ်ထိ ရောက်ရှိသွားကြပေပြီ။ ပင်လယ်ပြင်၌ ရေကိုထိန်းချုပ်ရန် အလွန်တရာ လွယ်ကူသည့်အတွက် လုံကျောင်းနန်၏ ချီစွမ်းအင်က ပင်လယ်ရေနှင့် ပေါင်းစည်းသွားပြီး မြွေကြီးများအဖြစ် အသွင်ပြောင်းကာ အရပ်မျက်နှာအနှံ့မှ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်နေ၏။

သို့သော်လည်း လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့၏ ဝိညာဉ်လက်နက်များက ကောင်းလွန်းလှပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကလည်း ပြင်းထန်လွန်းလှသည်။ လုံကျောင်းနန်၏ တိုက်ကွက်နှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ လင်ယွိရှို့က သူ၏ နဂါးကိုးကောင်လက်နက်ဆန်းကို အစိတ်အပိုင်းကိုးခု ခွဲထုတ်၍ နဂါးပုံဓားကိုးလက်အဖြစ် အသွင်ပြောင်းကာ အပေါ်အောက်၊ ဘေးဘယ်ညာ ရွေ့လျားပြီး ခုခံချေဖျက်ပစ်၏။ ထို့ပြင် နဂါးကိုးကောင်ဒိုင်းအဖြစ်လည်း အချိန်မရွေး ပြောင်းလဲပြီး လုံကျောင်းနန်၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ကာကွယ်နိုင်သေးသည်။

တစ်ချိန်တည်းတွင် စစ်ယွင်ရှန်း၏ တိုက်ကွက်များက ပို၍ ထူးဆန်း၏။ သူ၏ ပိုးချည်မျှင်တစ်ထောင်ကဲ့သို့ပင် မှန်းဆရခက်လှပြီး တစ်ခါတစ်ရံတွင် ရေထဲသို့ တိုးဝင်ပျောက်ကွယ်၍ တစ်ချက်တစ်ချက်တွင် လုံကျောင်းနန်၏ ခေါင်းပေါ်မှ ပေါ်လာတတ်သဖြင့် ခုခံကာကွယ်ရန် မလွယ်လှပေ။

ပိုးချည်မျှင်တစ်ထောင်မှာ သေးမျှင်ပျော့ပျောင်းလှသော်လည်း အလွန်တရာ အန္တရာယ်ပေးနိုင်၏။ လုံကျောင်းနန်ကို အခြိမ်းခြောက်နိုင်ဆုံး တိုက်ခိုက်မှုပင် ဖြစ်သည်။

မြွေနီကြီး သေဆုံးသွားသောအခါ လုံကျောင်းနန်၏ စိတ်အခြေအနေ ရှုပ်ထွေးသွားပြီး စစ်ယွင်ရှန်းက ဟာကွက်တွေ့သွား၏။ သူ၏ ဝိညာဉ်လက်နက်က သေးမျှင်သော ဓားပါးတစ်လက်အဖြစ် အသွင်ပြောင်း၍ လုံကျောင်းနန်၏ နှလုံးသားနေရာတည့်တည့်သို့ ထိုးစိုက်သွားသည်။ ဓားထိပ်ဦးက နောက်ကျောမှ ပြန်ဖောက်ထွက်လာ၏။

စစ်ယွင်ရှန်း၏ တိုက်ခိုက်မှု အောင်မြင်သွားသည့်အခိုက်မှာပင် လင်ယွိရှို့၏ နဂါးကိုးကောင်ကလည်း တူအဖြစ် ပေါင်းစည်း၍ လုံကျောင်းနန်၏ ကိုယ်ပေါ်သို့ ရိုက်ချလာသည်။

တဂျိုးဂျိုး တဂျွတ်ဂျွတ် အသံများနှင့်အတူ မရေမတွက်နိုင်သော အရိုးများ ကျိုးကြေ၍ အရေပြားပေါ်သို့ပင် ထိုးထွက်လာ၏။ အရိုးစများ ထိုးထွက်၍ သွေးအလိမ်းလိမ်း ဖြစ်သွားသော လုံကျောင်းနန်၏ အသွင်သဏ္ဌာန်မှာ များစွာ ကြောက်ရွံ့ဖွယ်ရာပင် ဖြစ်သည်။

စစ်ယွင်ရှန်းက ပိုးချည်မျှင်တစ်ထောင်လက်နက်ကို ဆွဲထုတ်လိုက်သောအခါ လုံကျောင်းနန်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါ၍ ပင်လယ်ရေထဲသို့ နစ်မြုပ်သွား၏။

လင်ယွိရှို့က အော်ဟစ်လိုက်သည်။ “သူ့ဆီမှာ ငါတို့ဝိညာဉ်လက်နက်တွေ ရှိသေးတယ်…”

စစ်ယွင်က လုံကျောင်းနန်၏ ရုပ်အလောင်းကို ကမန်းကတန်း လှမ်းဆွဲလိုက်၏။ သို့တိုင်အောင် လုံကျောင်းနန်၏ အလောင်းက ပင်လယ်ရေထဲသို့ ချော်ကျသွားတော့မတတ် ဖြစ်သွားသဖြင့် မကျေမနပ် ရေရွတ်လိုက်သည်။ “ငါ့အသေသတ်ကွက် ထိပြီးတာကို တူနဲ့ ထုလိုက်သေးတယ်… အရိုးတွေ ဒီလောက်ကြေကုန်တာ ကောင်းကောင်းတောင် သယ်လို့မရတော့ဘူး…”

မိန်းကလေးနှစ်ယောက်က လုံကျောင်းနန်၏ အလောင်းကို ကမ်းပေါ်သို့ ဆွဲလာပြီး တစ်ကိုယ်လုံး မွှေနှောက်ရှာဖွေတော့၏။ ထောင်ထျယ်အိတ်တစ်အိတ်သာ တွေ့သဖြင့် ဖွင့်ကြည့်လိုက်ရာ အထဲ၌ သူတို့၏ ဝိညာဉ်လက်နက်အားလုံးနှင့် ရတနာပစ္စည်းအမျိုးမျိုးကို တွေ့ရသည်။

စစ်ယွင်ရှန်းက အိတ်ကို သွန်ချလိုက်ရာ မရေမတွက်နိုင်သော ဘဲခေါင်းဝါဂျင်ဆင်း အလောင်းကောင်များ ဝေါခနဲ ထွက်ကျလာပြီး တောင်ပူစာတစ်လုံးကဲ့သို့ အပုံလိုက် ဖြစ်သွား၏။

ဘဲခေါင်းဝါဂျင်ဆင်း အလောင်းကောင် တစ်သောင်းခန့်မှာ သုံးကိုက်အမြင့်မျှသာ ရှိသည်။ သို့သော်လည်း ၎င်းတို့အားလုံးမှာ လူသားအသွင်ဖြစ်သဖြင့် သောင်းချီသော ရုပ်အလောင်းများကို တစ်စုတစ်ဝေးတည်း မြင်ရသည့် မြင်ကွင်းက အလွန်တရာ ကြေကွဲဖွယ်ကောင်းလှ၏။

“ဂိုဏ်းသခင်၊ နောက်ဆုံးတော့ ကျမ နားလည်သွားပြီ… ဒါ… အားကြီးတဲ့သူက အားနည်းသူကို အမဲလိုက်တာ မဟုတ်ဘူး…” ချင်မူ သူတို့ထံ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို စစ်ယွင်ရှန်း သူ၏ မျက်ဝန်းထောင့်စွန်းမှ မြင်ရ၏။ လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည့်အခိုက်တွင် ဤမိစ္ဆာနတ်မယ်၏ မျက်ဝန်းထဲ၌ ဝမ်းနည်းရိပ်တို့ မသိမသာ စွန်းထင်းသွားသည်။ “ဒါက… သေချာပေါက် အားကြီးသူက အားနည်းသူကို အမဲလိုက်တာ မဟုတ်ဘူး… တစ်ကိုယ်ကောင်းဆန်တဲ့ အတ္တစိတ်အတွက် တစ်ပါးသူတွေရဲ့ အသက်နဲ့ ကစားတာပဲ… ဒီဘဲခေါင်းဝါဂျင်ဆင်းတွေကို သတ်တဲ့အချိန်မှာ သူ့ကိုယ်သူ နတ်ဘုရားလို ခံစားနေရမှာပဲ၊ ဟုတ်တယ်မဟုတ်လား…”

ချင်မူက သူ့နံဘေးသို့ လျှောက်လှမ်းလာ၏။ “သဘာဝတရားနဲ့ ဝေးကွာနေတဲ့ သူ့အဖို့ ဒါကို နားလည်နိုင်မှာ မဟုတ်ဘူး… ဒီဘဲခေါင်းဝါဂျင်ဆင်းတွေက ဆေးပင်ဘဝကလာတာဆိုတော့ သူတို့သေသွားပေမဲ့ အမြစ်တွေ ကျန်သေးတယ်… ဝိညာဉ်စမ်းချောင်းဘေးမှာ စိုက်ထားလိုက်ရင် အသက်ပြန်ရှင်ကောင်း ရှင်လာလိမ့်မယ်… သွားစိုက်ကြစို့…”

မိန်းကလေးနှစ်ယောက်က ခေါင်းညိတ်လိုက်ကြသည်။ သောင်းချီသော ဘဲခေါင်းဝါဂျင်ဆင်းများကို စိုက်ရသည်မှာ အတော်ပင် ပင်ပန်းသော အလုပ် ဖြစ်၏။ သို့သော်လည်း သူတို့က ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်သည့်အတွက် ညသန်းခေါင်း မတိုင်မီ အားလုံး ပြန်စိုက်ပြီးသွားသည်။

စစ်ယွင်ရှန်းက ထင်းကောက်ရန် ထွက်သွားပြီး လင်ယွိရှို့က စမ်းရေခပ်၍ ဘဲခေါင်းဝါဂျင်ဆင်းများကို ရေလောင်းပေးနေ၏။

ချင်မူက သူ၏ ထောင်ထျယ်အိတ်ကို သန့်ရှင်းရေးလုပ်၍ ကျောက်စိမ်းမျက်လုံးနှစ်လုံးကို ပြန်ထည့်ကာ  ညလင်းပုလဲသုံးထောင်ကျော်ကို ကမ်းခြေပေါ်၌ ဖြန့်ချထားလိုက်သည်။ ဤညလင်းပုလဲများမှ ထွက်ပေါ်လာသော အလင်းရောင်က စိတ်ညွတ်နူးဖွယ် လဲ့ဖြာနေ၏။

စစ်ယွင်ရှန်းက ထင်းခြောက်အချို့ ကောက်လာပြီး မီးဖိုဖိုလိုက်သည်။ ထို့နောက် အပေါ်ဝတ်ကို ချွတ်၍ အတွင်းဝတ်နှင့်ပင် ပင်လယ်ရေထဲသို့ ဆင်းသွား၏။

သူ၏ အတွင်းဝတ်က ကြိုးဖြင့် သိုင်းထားသော စကတ်အသွင် ဖြစ်ပြီး အလှပန်းထိုးထားခြင်း မရှိသော အဖြူရောင်ပြောင် ပိုးချည်သား ဖြစ်သည်။

ခန္ဓာကိုယ်အောက်ပိုင်းတွင်တော့ သုံးလက်မခန့်သာ ရှိသော အဖြူရောင် ဘောင်းဘီတိုကို ဝတ်ဆင်ထား၏။ ၎င်းတို့တွင်လည်း သိုင်းကြိုးများ ရှိပြီး နှင်းကဲ့သို့ ဖြူဖွေးသော ပေါင်သားများကို ရစ်ပတ်ချည်နှောင်ထားသည်။

တစ်ခဏကြာသောအခါ စစ်ယွင်ရှန်းက ကြီးမားသော ငါးတစ်ကောင်ကို ဖမ်းလာပြီး ချင်မူ့ဘေးသို့ ပစ်ချလိုက်၏။ ထို့နောက် ချီစွမ်းအင်ဖြင့် အတွင်းဝတ်များကို ရေခြောက်အောင် ပြုလုပ်ပြီး အပေါ်ဝတ်များ ပြန်ဝတ်လိုက်သည်။

ထိုအခါမှ ချင်မူက လုံကျောင်းနန်၏ ရုပ်အလောင်းကို ဆွဲယူလာပြီး မီးပုံဘေး၌ ထားထားကြောင်း တွေ့လိုက်ရ၏။ မြွေနီကြီး၏ ခန္ဓာကိုယ်နှစ်ခြမ်းကိုလည်း ယူဆောင်လာကြောင်း တွေ့ရသဖြင့် အံ့အားသင့်သွားသည်။ “ဂိုဏ်းသခင်၊ ဘာတွေလုပ်နေတာလဲ…”

“သူနိုးလာအောင် စောင့်နေတာလေ…”

စစ်ယွင်ရှန်းက တဟားဟား အော်ဟစ်ရယ်မောလိုက်၏။ “နောက်နှစ်ရက်လောက် ထပ်စောင့်လိုက်ရင် အပုပ်နံ့တောင် ထွက်လာလိမ့်မယ်… ကျမက သူ့နှလုံးကို ဓားနဲ့ ထိုးထားပြီး မင်းသမီးရှို့က အရိုးအကုန်ကျိုးအောင် ရိုက်ချထားတာလေ… ဘယ်လိုလုပ် အသက်ရှင်နိုင်ဦးမှာလဲ…”

လင်ယွိရှို့မှာလည်း အနားသို့ လျှောက်လာပြီး လုံကျောင်းနန်၏ အလောင်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ “နွားကျောင်းသား၊ နင်တို့ မဟာမြို့ပျက်မှာ ထူးထူးဆန်းဆန်း ထုံးစံတွေရှိတာလား…”

ချင်မူက လုံကျောင်းနန်၏ အလောင်းကို ကန်၍ သရော်တော်တော် ရေရွတ်လိုက်၏။ “အစ်မတော်လုံ၊ ဟန်ဆောင်မနေနဲ့တော့… ခင်ဗျား အရေခွံလဲတာကို ကျုပ်မြင်ဖူးပြီးသား…”

မိန်းကလေးနှစ်ယောက်က ပြုံးလိုက်သည်။ “သူ့ကို မြေမြန်မြန်မြှုပ်လိုက်တာ ပိုကောင်းပါတယ်…”

ချင်မူက နှုတ်ခမ်းတွန့်ကွေး၍ ပြုံးလိုက်၏။ “မြေမမြှုပ်ခင် ခေါင်းကို အရင်ဖြတ်ပစ်ရမယ်… ငါ့ဓားမက သွေးဆာနေတာကြာပြီ…” သူက ပြောပြောဆိုဆိုနှင့် ဝက်ခုတ်ဓားမကို ဆွဲထုတ်လိုက်သည်။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ နှစ်ယောက်စလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြ၏။ လင်ယွိရှို့က ခပ်တိုးတိုး မေးလိုက်သည်။ “ကောင်းကင်နတ်မယ်ရှန်း၊ မဟာမြို့ပျက်မှာ အလောင်းကောင်ကို ခေါင်းဖြတ်တဲ့ ထုံးစံ ရှိတာလား…”

“ငါလည်း မသိဘူး… ကြည့်ရတာ မဟာမြို့ပျက်မှာ အဲလို ထူးဆန်းတဲ့ အကျင့်မျိုး တကယ်ရှိနေပုံရတယ်…”

စစ်ယွင်ရှန်း၏ စကား မဆုံးမီမှာပင် တဖျစ်ဖျစ် အသံများ ကြားလိုက်ရ၏။ ထိုအသံက လုံကျောင်းနန်၏ ဦးခေါင်းထိပ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

All Chapters