တာအိုသခင်
Vol. 21 Ch. 287
လုံကျောင်းနန်၏ ဦးရေပြားက တဖျစ်ဖျစ် ကွဲထွက်လာပြီး ထိုအသံကို နားထောင်ရသည်မှာ ကြက်သီးထဖွယ် ကောင်းလှ၏။ နှစ်ခြမ်းကွဲသွားသော လူအရေခွံအောက်မှ အမျိုးသမီးတစ်ယောက် တရွေ့ရွေ့ တွားသွားထွက်လာသည်။
လင်ယွိရှို့နှင့် စစ်ယွင်ရှန်းတို့ အားခနဲ အော်ဟစ်လိုက်မိကြ၏။ သတိပြန်ဝင်လာချိန်တွင် သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဖက်လျက်သား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှ ပြန်ခွာလိုက်ကြ၏။
ချင်မူက သူ၏ ‘ချင်’ကျောက်စိမ်းဆွဲသီးကို ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။ ကျောက်စိမ်းဆွဲသီးနှင့် ဧကရာဇ်တံဆိပ်ပြားကို လုံကျောင်းနန်က တွဲချည်၍ ထောင်ထျယ်အိတ်ထဲသို့ ပစ်ထည့်ထားခြင်း ဖြစ်၏။ တစ်ခုက ချင်မူ၏ မိဘများနှင့် ဆက်စပ်နေပြီး တစ်ခုက မကောင်းဆိုးဝါးနှင်ရန် ထော့ကျိုး သူ့ကို ပေးထားသော ရတနာတစ်ပါး ဖြစ်သည်။
လုံကျောင်းနန် အရေခွံအောက်မှ တိုးထွက်လာသော မြင်ကွင်းက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသဖြင့် မကောင်းဆိုးဝါးရန် ကာကွယ်ခြင်းအလို့ငှာ ဧကရာဇ်တံဆိပ်ပြားကို ထုတ်ယူဝတ်ဆင်မိခြင်း ဖြစ်၏။
တစ်ခဏကြာပြီးသောအခါ အဝတ်ဗလာနှင့် အမျိုးသမီးမှာ လုံကျောင်းနန်၏ အရေခွံမှ ခန္ဓာကိုယ်အပေါ်ပိုင်း တိုးထွက်လာနိုင်ပြီး အရေပြားအပြင်ဘက်သို့ ထိုးထွက်နေသော အရိုးအပိုင်းအစများကို ညှစ်ထုတ်ပစ်သည်။
ဤအမျိုးသမီးက ကိုယ်တုံးလုံးနှင့် ဖြစ်ပြီး ဆံပင်များ ရှုပ်ပွနေ၏။ သူက ခက်ခဲကြီးစွာ တွားသွားထွက်လာရပြီး သွေးတစ်လုတ် ဟပ်ထုတ်လိုက်သည်။
လင်ယွိရှို့မှာ အံ့ဩတုန်လှုပ်နေရာမှ အသိဝင်လာပြီး ချင်မူ့ကို ကမန်းကတန်း လောဆော်လိုက်၏။ “ဟိုဘက်လှည့်၊ မကြည့်နဲ့…”
“ငါ မမြင်ဖူးတာကျနေတာပဲ…” ချင်မူက ပွစိပွစိ ရေရွတ်လိုက်သော်လည်း တစ်ဘက်သို့ လှည့်သွားသည်။
များစွာမကြာလိုက်ဘဲ လုံကျောင်းနန် အရေခွံအောက်မှ တစ်ကိုယ်လုံး ထွက်လာနိုင်၏။ သူက အသက်ကို လုရှူနေရပြီး ခွန်အားတစ်စက်မျှ မရှိတော့သည့်အပြင် မူလရုပ်ရည်ထက် ပိုမိုအိုစာသွားသည်။ မူလထက် ဆယ်နှစ်ခန့် အသက်ပိုကြီးသွားသကဲ့သို့ ထင်ရ၏။
စစ်ယွင်ရှန်းက ဝတ်ရုံတစ်ထည် ယူ၍ ခြုံလွှမ်းပေးရင်း လုံကျောင်းနန်၏ ခန္ဓာကိုယ်ကို မသိမသာ ဆွဲညှစ်ကြည့်လိုက်သည်။ ထို့နောက် မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး လင်ယွိရှို့ကို လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “သူ့ကိုယ်ထဲမှာ အရိုးစတွေ ရှိသေးတယ်၊ အကုန်လုံးကို ညှစ်ထုတ်မပစ်ဘူးပဲ…”
လုံကျောင်းနန်က ခက်ခက်ခဲခဲ ထထိုင်၍ နှုတ်ခမ်းထောင့်စွန်းမှ သွေးများကို သုတ်ရင်း တိုးတိုးလျလျ ပြောလိုက်သည်။ “ငါ့ဒဏ်ရာတွေက ပြင်းလွန်းတော့ ဒီတစ်ခေါက် အရေခွံလဲတာက နှလုံးကဒဏ်ရာနဲ့ တချို့အရိုးတွေကိုပဲ ကောင်းအောင် လုပ်နိုင်တယ်… ပကတိအတိုင်း ပြန်ကောင်းဖို့ဆိုရင် နောက်ထပ် လေးငါးကြိမ်လောက် အရေခွံလဲရဦးမယ်… တစ်ခါတစ်ခါ အရေခွံလဲတိုင်း ငါ့သက်တမ်းလျော့ပြီး ဆယ်နှစ်လောက် အသက်ပိုကြီးသွားတယ်… မင်းတို့ စိတ်ချပါ၊ မင်းတို့ကို ငါ အန္တရာယ် မပေးနိုင်တော့ပါဘူး…”
လင်ယွိရှို့မှာ နှစ်ခြမ်းကွဲနေသော မြွေနီကြီး၏ ခန္ဓာကိုယ်ကို ကြည့်၍ ရုတ်တရက် တုန်လှုပ်သွား၏။ “ဒီမြွေကြီးကလည်း…”
လုံကျောင်းနန်၏ မျက်နှာ ညို့မှိုင်းသွားပြီး ခေါင်းခါယမ်းလိုက်သည်။ “ရှောင်ဟုန်က နှစ်ခြမ်းခွဲခံလိုက်ရတဲ့အပြင် ခေါင်းတစ်ခုလုံးလည်း ပျက်စီးသွားပြီ… ပြန်ရှင်လာနိုင်စရာ အကြောင်းမရှိတော့ဘူး…”
“တော်သေးတာပေါ့…” စစ်ယွင်ရှန်းနှင့် လင်ယွိရှို့တို့ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြ၏။
ချင်မူက နောက်ပြန်လှည့်လာပြီး ပြုံးပြလိုက်သည်။ “အစ်မတော်လုံ၊ အစ်မတော်ရဲ့ အဖေ ဘယ်ကိုရောက်နေလဲဆိုတာ မေးခွင့်ရှိမလား… သူ ဘယ်နေရာမှာ ပုန်းနေတာလဲ၊ ဘယ်သူနဲ့ ရှိနေတာလဲ… ဘာလို့ ကျွန်တော်နဲ့ တွေ့ချင်ရတာလဲ…”
လုံကျောင်းနန်က စကားတစ်ခွန်းမျှ မဆိုချေ။
ချင်မူက ပြုံးမြဲပြုံး၍ သူ့လက်ညှိုးကို ဆန့်ထုတ်လိုက်၏။ ချီစွမ်းအင်မျှင်မျှင်တစ်ချောင်း ထိုးထွက်လာပြီး မြွေသားတစ်ဖဲ့ လှီးထုတ်၍ မီးပုံ၌ ကင်လိုက်သည်။ မြွေသားမှ အဆီများ အရည်ပျော်ကျလာသဖြင့် တဖျစ်ဖျစ်မြည်၍ မီးခိုးများ ထွက်လာ၏။
လုံကျောင်းနန်၏ အကြည့်က ထိုမြွေသားတုံးပေါ် ရောက်သွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
“ကျွန်တော့်ရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ စံအိမ်သုံးရာခြောက်ဆယ့်တစ်အိမ် ရှိတယ်… အဲထဲက တစ်ခုက တရားစီရင်ရေးစံအိမ်ပဲ… အညှာအတာကင်းပြီး တင်းကြပ်တဲ့ တရားဥပဒေကို ဖော်ဆောင်ကြတဲ့သူတွေမို့ သူတို့ဆီမှာ လူတစ်ယောက်ကို ပါးစပ်ဖွင့်ချင်လာအောင် လုပ်တဲ့နည်းပေါင်း ထောင်ချီရှိတယ်…”
ချင်မူ၏ မျက်နှာက မီးပုံမှ အလင်းရောင်အောက်၌ တစ်ခါတစ်ရံ လင်းလာလိုက် တစ်ခါတစ်ရံ မှောင်မည်းသွားလိုက် ရှိနေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာလည်း တရားစီရင်ရေးဝန်ကြီးဌာန ရှိတယ်၊ သူတို့ရဲ့ နည်းလမ်းတွေကို အစ်မတော်လည်း ကြားဖူးမှာပေါ့… တရားစီရင်ရေးဌာနရဲ့ ဝန်မင်းက ဧကရာဇ်ရဲ့လူပေမဲ့ လက်ထောက်ဝန်မင်းကတော့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တရားစီရင်ရေးစံအိမ်သခင်ပဲ… ကျွန်တော်အနေနဲ့ သိချင်တာရှိတဲ့အခါ သူ့ကို ဒုက္ခပေးရတာပေါ့… အဲတော့ အစ်မတော်လုံအနေနဲ့ ကိုယ့်ဖာသာ ပြောမလား၊ ပြောထွက်လာအောင် အတင်းအကျပ် လုပ်ယူရမလား ရွေးပါ…”
လုံကျောင်းနန်က သရော်ပြုံးပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ဒီလို နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိနေမှတော့ တကယ့်ကို မိစ္ဆာနည်းနဲ့ အင်ပါယာထူထောင်တာပါပဲလား… ဂိုဏ်းသခင်ချင်၊ ဒီတစ်ခေါက် မင်းတို့ကို ငါ ဖိတ်ခေါ်တုန်းက ခြိမ်းခြောက်ခဲ့တယ်ဆိုပေမဲ့ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘူးလား… ဂိုဏ်းသခင်ချင်ရဲ့ ခြေထောက်တွေ၊ မင်းသမီးရဲ့ လက်တွေကို ခုတ်ဖြတ်ပြီး ကောင်းကင်နတ်မယ်ကို မျက်စိကန်းအောင် လုပ်ပစ်လိုက်ဖို့ဆိုတာ ငါ့အတွက် ခက်ခဲတဲ့အရာမှ မဟုတ်ပဲ… ဂိုဏ်းသခင်တို့ကို ဆက်ဆံခဲ့သလို ငါ့ကို ပြန်ဆက်ဆံဖို့ မျှော်လင့်ပါတယ်…”
ချင်မူက ခေါင်းခါယမ်းလိုက်၏။ “ကျွန်တော့်အနေနဲ့ အစ်မတော်လုံကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဒုက္ခမပေးဘဲ နေလို့ရပါတယ်… ဒါပေမဲ့ အစ်မတော်လုံက အင်ပါယာကို ပုန်ကန်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် စုံစမ်းမေးမြန်းရအောင် တရားစီရင်ရေးဌာနကို အပ်တာ လုပ်ရိုးလုပ်စဉ်ကိစ္စပါ… အစ်မတော်က နန်းတွင်းမှာ ရာထူးရထားဖူးတဲ့သူဆိုတော့ အထူးတရားရုံးကို အပ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ အထူးတရားရုံးမှာလည်း ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလူတွေ ရှိနေတယ်…”
လုံကျောင်းနန်၏ အမူအရာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သို့သော်လည်း သူက မည်သည့် စကားတစ်ခွန်းမျှ မဆိုချေ။
ချင်မူက သူ့ထံမှ မည်သည်ကိုမျှ မေးမရသည့်အတွက် သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာရှင့် ထိုးပိတ်ထားလိုက်၏။ ထို့နောက် မိန်းကလေးနှစ်ယောက်ကို ပြောလိုက်သည်။ “ဖန်ယွင်ရှောင်ရဲ့ သင်္ဘောက မြန်ပါတယ်… ဒီနေရာကို ရှာတွေ့ဖို့ ခက်မှာ မဟုတ်ဘူး၊ မနက်ဖြန်လောက်ဆိုရင်ကို ရောက်လိမ့်မယ်နဲ့တူတယ်… အလွန်ဆုံး နောက်ငါးရက်လောက်ပဲ… ငါတို့ ဒီကျွန်းပေါ်မှာ နည်းနည်းလောက် ထပ်နေပြီး ဘဲခေါင်းဝါဂျင်ဆင်းတွေ ပြန်ရှင်ရဲ့လား ကြည့်ကြတာပေါ့…”
စစ်ယွင်ရှန်းမှာ ချီတုံချတုံနှင့် ပြောလိုက်၏။ “ဂိုဏ်းသခင်က ဒီဘဲခေါင်းဝါဂျင်ဆင်းတွေရဲ့ အသက်ကို ညှာတာသနားပေမဲ့ လုံကျောင်းနန်သာ လွတ်သွားရင် ဒီနေရာကို တစ်ခေါက်ပြန်လာပြီး ဘဲခေါင်းဝါဂျင်ဆင်းတွေကို စိစိညက်ညက် ချေပစ်ဦးမှာပဲ… သူ့ရုပ်ရည်လှတာနဲ့ပဲ ဂိုဏ်းသခင် စွဲလမ်းတပ်မက်မနေသင့်ဘူး…”
“စွဲလမ်းတပ်မက်တယ် ဟုတ်လား…” ချင်မူက လုံကျောင်းနန်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ဇဝေဇဝါ ပြန်မေးလိုက်သည်။ “သူက လှမှမလှဘဲ ဘယ်လိုလုပ် စွဲလမ်းတပ်မက်ရမှာလဲ…”
စစ်ယွင်ရှန်းမှာ အံ့အားသင့်သွား၏။ လုံကျောင်းနန်က ထူးဆန်းသော စိတ်ထားရှိသော်လည်း မိန်းမလှတစ်ဦးအဖြစ် သတ်မှတ်၍ ရပေသည်။ အရေခွံလဲပြီးနောက် အနည်းငယ် အသက်ကြီးသွားသည့်တိုင် လှပသော အမျိုးသမီးတစ်ဦး ဖြစ်နေသေး၏။ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ နတ်ဂိုဏ်သခင်တစ်ယောက်အနေဖြင့် သူ၏ အလှကို မမြင်တွေ့နိုင်သည်မှာ တုံးအလွန်းမနေပေဘူးလား…။
စစ်ယွင်ရှန်း သွေးတိုးစမ်း၍ မေးလိုက်သည်။ “ဂိုဏ်းသခင်က ဘယ်လိုမျိုးကိုမှ လှတယ်လို့ သတ်မှတ်တာလဲ…”
“ဘွားဘွားလိုမျိုးပေါ့…” တစ်ခဏနေပြီးနောက် လွှတ်ခနဲ ထပ်ဖြည့်ပြောလိုက်၏။ “မဟုတ်ရင်လဲ မိန်းကလေးယွိရှို့လို ပြည့်ပြည့်ဖြိုးဖြိုးပေါ့… ဘွားဘွားပြောတာ ပြည့်ပြည့်ဖြိုးဖြိုးရှိတဲ့ ကောင်မလေးတွေက လှတယ်တဲ့၊ ဒါပေမဲ့ မိန်းမလည်တွေကိုတော့ ဂရုစိုက်ရမယ်ပြောတယ်…”
လင်ယွိရှို့မှာ လွန်စွာ ကျေနပ်သွားပြီး စစ်ယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူ့ရင်ထဲ၌ ဤနွားကျောင်းသားကို အရင်းနှီးဆုံး သူငယ်ချင်းအဖြစ် တိတ်တဆိတ် သတ်မှတ်လိုက်၏။
စစ်ယွင်ရှန်းမှာ မကျေမနပ် ဖြစ်သွားသည်။ “ကျမက ပြီးခဲ့တဲ့ ဂိုဏ်းသခင်မနဲ့ မိသားစု တစ်ခုတည်းကပါပဲ၊ ဝါစဉ်အရဆိုရင် သူ့ကို ဒေါ်လေးလို့တောင် ခေါ်ရဦးမယ်… ဂိုဏ်းသခင်အနေနဲ့ ကျမကို လှတယ်လို့ ထင်လား…”
“နင်က သိပ်ပိန်လွန်းတယ်၊ ပြီးတော့ ငယ်လည်းငယ်ပါသေးတယ်… ငါ့ထက်တောင် ငယ်ဦးမယ်၊ ဟုတ်တယ်မဟုတ်လား…” ချင်မူက စစ်ယွင်ရှန်းကို အစုံအဆန်ကြည့်၍ ခေါင်းခါယမ်းလိုက်၏။ “ဘွားဘွားပြောတာ ပိန်တဲ့မိန်းကလေးတွေက မလှဘူးတဲ့… နည်းနည်း ပြည့်ပြည့်ဖြိုးဖြိုးမှ သားကောင်းမိခင် ဖြစ်နိုင်တာတဲ့… ဘိုးဘိုးဆေးဆရာကလည်း မိန်းကလေးဆိုတာ ပြည့်ပြည့်ဖြိုးဖြိုးမှတဲ့၊ ရွာကလူတွေကတော့ကို သူ့ကို လူရှုပ်လူပွေလို့ ပြောကြတာပဲ… သိပ်ဝမ်းနည်းမနေပါနဲ့၊ များများစားရင် နင်လည်း လှလာမှာပါ… ဒါပေမဲ့ သိပ်တော့ ဝမသွားစေနဲ့… ဘိုးဘိုးဆေးဆရာပြောတာ ဝလွန်းရင်လည်း မလှဘူးတဲ့…”
စစ်ယွင်ရှန်းမှာ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ ချင်မူ၏ အလှစံနှုန်းအရ လုံကျောင်းနန်မှာ အမှန်တကယ်ပင် လှသည်ဟု သတ်မှတ်၍ မရပေ။ သူကိုယ်တိုင်သည်လည်း လှသည်ဟု ဆိုမရ။ အစောက သူ့အဝတ်များချွတ်၍ အောက်ခံအဝတ်အစားများနှင့်သာ ရှိနေသည့်တိုင် ဤသကောင့်သားက နှစ်ခါပြန် မကြည့်ခဲ့သည်မှာ မထူးဆန်းတော့ချေ။ အကြောင်းရင်းစစ်တော့ သူ့ရွာမှ လူရှုပ်လူပွေများ၏ လက်ချက်ကြောင့် ချော်တောငေါ့နေခြင်းပင် ဖြစ်၏။
ငယ်ရွယ်နုပျိုသော နတ်ဂိုဏ်းသခင်က အဘက်ဘက်၌ ထူးချွန်လှသည်။ ဉာဏ်ပညာ၊ စွမ်းဆောင်ရည်၊ အထုံပါရမီ၊ ထိုးထွင်းသိမြင်နိုင်ခြင်းတို့သာမက ဆုံးဖြတ်ချက်ပြတ်သားမှု၌ပင် စံတင်လှ၏။ သူ၏ အလှစံသတ်မှတ်ချက်ကတော့ တစ်ခုခု မှားယွင်းနေပေသည်။
ချင်မူက တမင်တကာပင် အသံမနှိမ့်ဘဲ ပြောလိုက်၏။ “ဒီအစ်မတော်လုံကို အရှင်ထားတာက နဂါးဘုရင်ကို မျှားခေါ်ဖို့ပဲ… နဂါးဘုရင်ရဲ့ စွမ်းအားက ကြီးသလို ရေနဂါးတစ်ကောင်ကိုတောင် မွေးမြူထားနိုင်တယ်… ပြီးတော့ ဂိုဏ်းချုပ်တစ်ယောက်လည်း ဖြစ်တယ်မဟုတ်လား… သူ့ကိုသာ အပြတ်မရှင်းရင် ငါ စိတ်အေးအေးနေဖို့ ခက်လိမ့်မယ်… ဘယ်သွားသွား ကျောမလုံဘဲ ဘယ်အချိန် အသတ်ခံရမလဲဆို စိုးရိမ်နေရလိမ့်မယ်… အစ်မတော်လုံကို အိမ်ရှေ့မင်းသားဆီ အပ်ပြီး လက်ဝဲရံ၊ လက်ယာရံ၊ ဂိုဏ်းထိန်းအကြီးအကဲတွေကို အကူအညီတောင်းထားလိုက်ရင်တော့ သူသာ လာရဲပါစေ၊ အလောင်း အကောင်းအတိုင်း မကျန်ဘဲ သေစေရမယ်…”
ချင်မူက တင်းမာသော အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “အလောင်း အကောင်းအတိုင်း မကျန်ဘဲ သေရမယ်၊ ခေါင်းတစ်ခုလုံး ပြားချပ်အောင် ထုသတ်ရမယ်… မဟုတ်ရင် ဘယ်အချိန် အသက်ပြန်ရှင်လာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး… ပြောရရင် ဒီနဂါးဘုရင်က ငါ့ကို ဘာလို့ရှာလဲဆိုတာလဲ မသိဘူး… ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး၊ အရေးကြီးတာက သူ သေကိုသေရမယ်…”
လုံကျောင်းနန် တုန်လှုပ်သွား၏။ ချင်မူ၏ အကြံက ရက်စက်လွန်းလှသည်။ သူ၏ ဖခင် သူ့ကိုကယ်ရန် လာသည်နှင့် သေဆုံးရပေလိမ့်မည်။ သူ့ဖခင်အနေဖြင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လက်ဝဲရံ၊ လက်ယာရံ၊ ဂိုဏ်းထိန်းအကြီးအကဲများကို ယှဉ်နိုင်စရာ အကြောင်းမရှိချေ။
“ဂိုဏ်းသခင်ချင်၊ ငါ့အဖေက မင်းကို ဖိတ်ခေါ်ရတာ အကြောင်းရှိတယ်…” သူက ရုတ်တရက် ပြောလိုက်၏။
ချင်မူက သူ့ကို ကြည့်၍ ပြုံးလိုက်သည်။ “နောက်ဆုံးတော့ အစ်မတော်လုံ ဖွင့်ပြောချင်လာပြီပေါ့…”
လုံကျောင်းနန်က သက်ပြင်းချလိုက်၏။ “လူတစ်ယောက်က ငါ့အဖေကို လာရှာတယ်၊ ဂိုဏ်းသခင်ချင်နဲ့ ဆုံတွေ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးချင်ပေမဲ့ သူကိုယ်တိုင် လူလုံးထွက်ပြဖို့ မကောင်းဘူးတဲ့…”
ချင်မူ အံ့အားသင့်သွားသည်။ “အဲလူက ဘယ်သူလဲဆိုတာ မေးခွင့်ရှိမလား…”
“တာအိုသခင်…”
လုံကျောင်းနန်က ဆက်ပြောလိုက်၏။ “အယူဝါဒသုံးသွယ်၊ လမ်းစဉ်ကိုးရပ်ဆိုတဲ့ထဲမှာ တာအိုဂိုဏ်း၊ မဟာမိုးခြိမ်းသံကျောင်းတော်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ကို အယူဝါဒသုံးသွယ်အဖြစ် သတ်မှတ်ထားကြတယ်… ငါတို့ နဂါးစီးဂိုဏ်းကတော့ လမ်းစဉ်ကိုးရပ်ထဲက ဂိုဏ်းတစ်ဂိုဏ်းပေါ့… ဂိုဏ်းသခင်ရဲ့ စွမ်းအားက ကြီးမားလွန်းပြီး ဧကရာဇ်ကို ကယ်ဆယ်ခဲ့တဲ့ပြင် နန်းတွင်းရဲ့ ကောင်းကင်ကျောင်းတော်မှာ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်က အဆင့်မြင့်ပညာရှင် အမြောက်အမြားကိုတောင် သတ်ဖြတ်ခဲ့တယ်…”
“အဲဒါကြောင့်မို့ တာအိုသခင်က အခု တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘဲ ဧကရာဇ်ယန်ဖုန်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အတိုင်ပင်ခံနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းတို့ ပူးပေါင်းပြီး တာအိုဂိုဏ်းကို ရန်ရှာမှာ ကြောက်နေတယ်… သူ့အနေနဲ့ ဂိုဏ်းသခင်ကို ကိုယ်တိုင်လာတွေ့ဖို့ အဆင်မပြေတာမို့ ဧကရာဇ် အထင်မလွဲရအောင် ငါ့အဖေကို ကောင်းကင်နဂါးကျွန်းပေါ်ကို ဖိတ်ခေါ်ခိုင်းလိုက်တာပဲ…”
သူ၏ အမူအရာက အေးစက်သွားသည်။ “ဒီလာတဲ့ လမ်းတစ်လျှောက်မှာ မင်းတို့ကို ငါ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တယ်… မင်းတို့ကို ငါ တကယ်ပဲ မသတ်ချင်ဘူးလို့ ထင်နေကြလား… ကောင်းကင်လှိုင်းမြို့မှာ မင်းကြောင့် ငါတို့နဂါးစီးဂိုဏ်းသားတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ်… ဧကရာဇ်က ငါတို့မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းယူသွားတယ်… မင်းအပေါ်ထားတဲ့ ငါတို့ရဲ့ ရန်ငြှိုးက ပင်လယ်ကြီးထက်တောင် ပိုနက်ရှိုင်းသေးတယ်… ဒါပေမဲ့ တာအိုသခင်က ငါ့အဖေရဲ့ အသက်ကို ကယ်ခဲ့တဲ့ အသက်သခင် ကျေးဇူးရှင်မို့ သူ့စကားကို မပယ်ရှားရဲခဲ့တာ…”
ချင်မူက အတွေးနက်သွားသော အသွင်ဖြင့် မေးစေ့ကို ပွတ်လိုက်၏။ စိတ်ရှုပ်စရာ ထိုးထိုးထောင်ထောင် မုတ်ဆိတ်မွေးငုတ်တိုအချို့ ထပ်ပေါက်နေပြန်သည်။
‘တာအိုသခင်က ငါနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချင်တာလား… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးဘဲ ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ပဲ ဆွေးနွေးချင်တာ ဘာလို့လဲ…”
သူ ဆက်စဉ်းစားလိုက်၏။ “တာအိုသခင် စိုးရိမ်နေတာက ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပူးပေါင်းပြီး တာအိုဂိုဏ်းကို တိုက်ခိုက်မှာပဲ… သူ့အသက်က ကြီးပြီ၊ နောက်ထပ် နေစရာ နှစ်အများကြီး မကျန်တော့ဘူး… အခုအချိန် ငြိမ်းချမ်းရေး ဆွေးနွေးထားမှ တာအိုဂိုဏ်းကို သူ အကာအကွယ်ပေးနိုင်လိမ့်မယ်၊ မဟုတ်ရင် သူသေသွားတာနဲ့ တာအိုဂိုဏ်းလည်း ဒီမြေပေါ်က အမြစ်ပြတ် ပျောက်ကွယ်သွားမှာပဲ…”
မြွေသားက မွှေးကြိုင်လှသကဲ့သို့ ငါးကင်ကလည်း မဆိုးလှချေ။ လုံကျောင်းနန်ကတော့ ငါးကင်အနည်းငယ်သာ စား၍ မြွေသားကို တို့၍ပင်မကြည့်။ ချင်မူက သူ့ကို နှစ်ကြိမ်နှစ်ခါတိတိ ပျူပျူငှာငှာ သွားရောက်ကျွေးမွေးသော်လည်း မြွေသားကို စားချင်ဟန်မရသဖြင့် လက်လျှော့လိုက်သည်။
နောက်တစ်နေ့ စစ်ယွင်ရှန်းနှင့် လင်ယွိရှို့တို့ နိုးလာသောအခါ နံနက်စောစော ရှိသေးသည့်တိုင် ချင်မူက ကျွန်းအနှံ့ ပတ်ပြေးပြီးပြီး ဖြစ်ကြောင်း တွေ့ရ၏။ ကျွန်းတစ်ခုလုံး၌ သူ့ခြေရာများ မဆုံးနိုင်အောင် ရှိနေသည်။ တစ်ခါတစ်ရံတွင် သူက ကမ်းခြေပေါ် ပြေးလွှား၍ တစ်ခါတစ်ရံတွင် ပင်လယ်ရေမျက်နှာပြင်ထက်၌ ပြေးလွှားနေ၏။ တစ်ချီတစ်ချီတွင် တိမ်များပေါ်သို့ပင် ခုန်တက်လိုက်သည်။
‘သူ့ပါရမီနဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက သူများတွေထက် သာနေတာတောင် ဒီလောက် ကြိုးစားအားထုတ်နေသေးတယ်…’ စစ်ယွင်ရှန်း အံတင်းတင်းကြိတ်လိုက်၏။ ‘ဒီတိုင်းနေရင်းတောင် နင့်ကို ငါ မသတ်နိုင်တာ၊ ဒီလောက်ထိ ကြိုးစားအားထုတ်ဖို့ လိုသေးလို့လား…’
ချင်မူ့ခေါင်းထဲတွင်တော့ အခြားအတွေး မရှိဘဲ လောကသခင်ခန္ဓာ အမြုသုံးသွယ်ကျင့်စဉ်ကို လှည့်လည်၍ လမ်းလျှောက်နေသည်။ သူက ကျင့်စဉ်၊ ပညာရပ်အားလုံးကို ပေါင်းစည်း၍ အရပ်ခြောက်မျက်နှာအဆင့် ပေါင်းစည်းကျင့်စဉ်ကို ထိုးထွင်းသိမြင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။
စစ်ယွင်ရှန်း ထင်သည်မှာ မှား၏။ ချင်မူ၏ အထုံပါရမီမှာ အနိမ့်ဆုံးအဆင့်သာ ဖြစ်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် စမ်းသပ်စစ်ဆေးပြီး သူ့ထံတွင် ဝိညာဉ်ခန္ဓာ မရှိဘဲ သာမန်လူတစ်ယောက်သာ ဖြစ်ကြောင်း အတည်ပြုခဲ့သည် မဟုတ်လား။
ချင်မူ့အနေဖြင့် သူ့ဘဝတစ်လျှောက်လုံး သာမန်လူအဖြစ်သာ နေခဲ့သင့်သော်လည်း ရွာလူကြီးထံမှ လောကသခင်ခန္ဓာဟူသော စကားကြောင့် သူ၏ ရုန်းကန်ကြိုးစားလိုစိတ်များ နိုးထလာသကဲ့သို့ ဒုက္ခတိဘိုးဘွားကျေးရွာမှ လူအားလုံး၏ ရုန်းကန်ကြိုးစားလိုစိတ်များလည်း ရှင်သန်နိုးကြားလာကာ အမျိုးမျိုးအဖုံဖုံသော စွမ်းအင်ဆေးများ၊ အဆန်းတကြယ်ဆေးများ နေ့စဉ်မပြတ် ရှာဖွေတိုက်ကျွေးခံခဲ့ရသည်။
ထို့ပြင် ချင်မူမှာ အမှန်တကယ် ကြိုးစားအားထုတ်လှပြီး တစ်လောကလုံးတွင် အကြိုးစားဆုံးသူအဖြစ်ပင် သတ်မှတ်၍ ရ၏။ သူက တခြားသူများထက် သာလွန်သော လောကသခင်ခန္ဓာဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားသည်။ အခြားသူများအောက် သူနိမ့်ကျလျှင် သူ၏ ကြိုးစားအားထုတ်မှု လိုနေခြင်းကြောင့်သာ ဖြစ်၏။
သူ၏ လက်ရှိ ကျင့်စဉ်စွမ်းအင်နှင့် စွမ်းဆောင်ရည်မှာ ရွာလူကြီး၊ အဘွားစစ်နှင့် ကျန်သူများ၏ ပြုစုပျိုးထောင်မှု သက်သက်ကြောင့် မဟုတ်သကဲ့သို့ ကံကောင်းထောက်မမှုများကြောင့်လည်း မဟုတ်ချေ။ အများစုမှာ သူ၏ အပတ်တကုတ် ကြိုးစားအားထုတ်မှုကြောင့်သာ ဖြစ်သည်။
သာမန်လူတစ်ယောက်အနေဖြင့် သူ၏ ဦးနှောက်ကို အသုံးချ၍ ကြိုးစားအားထုတ်လိုစိတ်သာ ရှိလျှင် မည်မျှထိ အလားအလာကောင်းမည်ကို မှန်းဆ၍ပင် မရနိုင်ချေ။
လူတစ်ယောက် မအောင်မြင်သေးသရွေ့ မည်မျှ ကြိုးစားအားထုတ်သည်ဖြစ်စေ ထူးခြားထက်မြက်သူဟု အထင်ခံရမည် မဟုတ်။ အောင်မြင်မှု ရပြီးသည့်အခါမှသာ ထူးခြားထက်မြက်သူအဖြစ် ချီးကျူးအားကျခြင်း ခံရ၏။ သို့တိုင်အောင် သူ၏ ကြိုးစားအားထုတ်မှုများကို ကျော်၍သာ ကြည့်ကြဦးမည် ဖြစ်သည်။
စစ်ယွင်ရှန်းနှင့် လင်ယွိရှို့တို့မှာ ချင်မူ့ကို မြင်တွေ့ပြီးနောက် သူတို့လည်း စတင်၍ ကြိုးကြိုးစားစားစား လေ့ကျင့်ကြတော့၏။ မိန်းကလေးနှစ်ယောက်မှာ သူတို့ဖာသာ ကျင့်ကြံအားထုတ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်ပြုခြင်း မရှိကြချေ။ သစ်ပင်အောက်မှ လုံကျောင်းနန်မှာ အသက်ကို ပြင်းစွာ ရှူရှိုက်၍ နောက်တစ်ကြိမ် အရေခွံလဲရန် ကြိုးစားနေသည်။ သို့သော်လည်း သူ၏ ဒဏ်ရာက ပြင်းထန်ပြီး လိုအပ်သည့် စွမ်းအင်ပမာဏက များပြားလွန်းလှသည့်အတွက် မအောင်မြင်ချေ။
သူ့အနေဖြင့် နောက်တစ်ကြိမ်ထပ်၍ အရေခွံလဲလျှင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး ဖြစ်သွားပေလိမ့်မည်။ ထို့ထက်ပို၍ အရေခွံလဲလျှင် အဘွားအိုပင် ဖြစ်သွားနိုင်၏။
မနက် နေအတော်မြင့်ချိန်တွင် ချင်မူ စမ်းချောင်းဆီသို့ တစ်ခေါက်သွား၍ ဘဲခေါင်းဝါဂျင်ဆင်းများကို ရေလောင်းရန် ပြင်လိုက်သည်။ သို့သော်လည်း အရောင်လွင့်နေသည့် မီးခိုးရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော ရသေ့အိုကြီးကို မြင်ရသည်တွင် သူ့ခြေလှမ်းများ ရပ်တန့်သွား၏။ ထိုရသေ့အိုကြီးက သစ်ရွက်တစ်ရွက်ကို ကန်တော့ထိုး၍ ရေခပ်ပြီး ဘဲခေါင်းဝါဂျင်ဆင်းများကို ရေလောင်းနေသည်။ သူ့ဘေးတွင် ရေလောင်းကူနေသော လူငယ်တစ်ဦးလည်း ရှိ၏။
ဘဲခေါင်းဝါဂျင်ဆင်းတစ်ပင်၏ ခေါင်းမှ ရွက်နုတစ်ရွက် ထွက်လာသည်ကို မြင်သောအခါ အရေးအကြောင်းများဖြင့် တွန့်ခေါက်နေသော ရသေ့အိုကြီး၏ မျက်နှာ ပြုံးရွှင်သွား၏။ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုရွက်နုလေးကို ညင်သာစွာ ထိကိုင်လိုက်သည်။ “ဒီဘဲခေါင်းဝါဂျင်ဆင်းပင်တွေက သေပြီးတာတောင် ပြန်ရှင်လာနိုင်သေးတယ်… အံ့ဩစရာ သိပ်ကောင်းတာပဲ… အဲလို မထင်ဘူးလား ဂိုဏ်းသခင်ချင်…”
ထိုရသေ့အိုကြီး၏ လှုပ်ရှားပြောဆိုမှု အားလုံးက သဘာဝနှင့် တစ်သားတည်းကျနေသကဲ့သို့ ထင်ရ၏။ ဤပင်လယ်ပြင်၊ ဤကျွန်းငယ်၊ ဤစမ်းချောင်း၊ ဤကောင်းကင်၊ ဤဘဲခေါင်းဝါဂျင်ဆင်းများက တစ်သားတည်း ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ခွဲခြားမရသကဲ့သို့ ရှိသည်။
“နောင်တော်ပြောတာ သိပ်ကို မှန်ပါတယ်…” ချင်မူက ရှေ့သို့ လျှောက်လှမ်းသွားရင်း ပြောလိုက်၏။ “တစ်ခုပဲ၊ ပြန်ရှင်လာတဲ့ ဒီဘဲခေါင်းဝါဂျင်ဆင်းတွေက မသေခင်က ဘဲခေါင်းဝါဂျင်ဆင်းတွေ ဟုတ်သေးရဲ့လားဆိုတာ မသိနိုင်တော့ဘူး… ကောင်းကင်တန်ခိုးရှင် ဂိုဏ်းသခင်အနေနဲ့ တာအိုသခင်ကို ဂါရဝပြုပါတယ်…”
ရသေ့ကြီးက ကမန်းကတန်း ပြန်အရိုအသေပြုလိုက်သည်။ “ပထမဆုံးအကြိမ် ဆုံတွေ့ခြင်းပါပဲ၊ ဒီတာအိုရသေ့အိုကြီးအနေနဲ့ ဂါရဝပြုပါတယ်… လင်းရွှမ်၊ ဒီမျိုးဆက်ရဲ့ လူသားဧကရာဇ်ကို မြန်မြန်လာ ဂါရဝပြုလှည့်…”
သူ့ဘေးမှ တောက်ကျစ်လင်းရွှမ်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း မည်သည်ကိုမျှ မေးမြန်းခြင်း မပြုဘဲ ချင်မူ့ကို တပည့်သားမြေးတစ်ဦး၏ ဂါရဝပြုခြင်းမျိုးဖြင့် အရိုအသေပြုလိုက်၏။ “တောက်ကျစ် လူသားဧကရာဇ်ကို ဂါရဝပြုအပ်ပါတယ်…”