← Chapters

တာအိုဂိုဏ်း၏ ဓားသိုင်းဆယ့်လေးကွက်

Vol. 21 Ch. 288

တာအိုဂိုဏ်း၏ ဓားသိုင်းဆယ့်လေးကွက်

Vol. 21 Ch. 288

ချင်မူ့ရင်ထဲတွင် အနည်းငယ် တုန်လှုပ်မိသွား၏။ တာအိုသခင်က သူ့ကို လက်ရှိမျိုးဆက်၏ လူသားဧကရာဇ်ဟု အခိုင်အမာ ပြောဆိုလာသည် မဟုတ်လား။

သူ့အနေဖြင့် ရွာလူကြီး၏ ဓားပန်းချီမှ ဓားကွက်နှစ်ကွက်သာ သင်ယူရသေးပြီး များစွာ ထုတ်သုံးရခြင်းပင် မရှိသေးချေ။ ဧကရာဇ်ယန်ဖုန်း၊ ဧကရာဇ်အတိုင်ပင်ခံတို့၏ ရှေ့တွင် ထုတ်ကစားပြခြင်းမှ လွဲ၍ ပန်ကုန်းစုန်နှင့် တောက်ကျစ်လင်းရွှမ်တို့၏ ရှေ့တွင်သာ အသုံးပြုခဲ့ဖူး၏။

တောက်ကျစ်လင်းရွှမ် တန်းယန်ကျစ်နှင့်အတူ နန်းတွင်းကောလိပ် မုခ်ဦးတံခါး လာပိတ်ဆို့စဉ်က ဓားပန်းချီ၏ ပထမဓားကွက်ဖြစ်သော “တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသောဓား”၏ လက်အောက်၌ ရှုံးနိမ့်ခဲ့ရ၏။

တာအိုဂိုဏ်းသို့ ပြန်ရောက်သောအခါ ချင်မူ၏ “တောင်တန်းနှင့် မြစ်ပြင်များကြားမှ ဖြတ်သန်းသွားသောဓား”ကို ပြန်လည် ကစားပြပေလိမ့်မည်။ တာအိုသခင်မှာ ချင်မူ၏ ဓားသိုင်းက ရွာလူကြီးထံမှ ဆင်းသက်လာခြင်း ဖြစ်ကြောင်း အနည်းနှင့်အများ သိရှိသွားမည် ဖြစ်သော်လည်း လက်ရှိမျိုးဆက်၏ လူသားဧကရာဇ်ဖြစ်ကြောင်းတော့ အတည်ပြုနိုင်မည် မဟုတ်ချေ။

အစောက ပိုင်နိုင်သေချာသော လေသံဖြင့် ပြောလိုက်သည်မှာ စမ်းသပ်ကြည့်ခြင်းသာ ဖြစ်၏။

ချင်မူမှာ ဉာဏ်များသူ ဖြစ်၍ တာအိုသခင်၏ အတွေးကို ရိပ်မိသည့်တိုင် အထူးတလည် ငြင်းဆိုခြင်း မရှိဘဲ ဘဲခေါင်းဝါဂျင်ဆင်းများကို ရေလောင်းရန် ရေခပ်လိုက်သည်။ “တာအိုသခင်က ထူးခြားတဲ့ အရည်အချင်းကို ပိုင်ဆိုင်ပြီး အခြားသူတွေထက် ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိပါပေတယ်…”

တာအိုသခင်နှင့် တောက်ကျစ်လင်းရွှမ်တို့က သစ်ရွက်များကို အသုံးပြု၍ ရေခပ်သော်လည်း သူက ချီစွမ်းအင်ကို အသုံးပြု၍ စမ်းရေကို ခပ်လိုက်၏။ ဤနည်းလမ်းက ပို၍ သက်သောင့်သက်သာ ရှိပြီး ပိုမြန်သည် မဟုတ်လား။

တာအိုသခင်က ချင်မူ ချီစွမ်းအင်ကို အသုံးပြု၍ ရေခပ်သည်ကို မြင်သောအခါ လှမ်းပြောလိုက်၏။ “တာအိုက သဘာဝတရားအတိုင်း လိုက်နာတယ်… လူသားဧကရာဇ်အနေနဲ့ ဘာများ အလျင်လိုစရာ ရှိလို့လဲ…”

ချင်မူက ပြောလိုက်သည်။ “သဘာဝတရားက လွတ်မြောက်ရမယ်၊ သင်ယူထားတာတွေကို အသုံးချရမယ်… တာအိုသခင်အနေနဲ့ အသုံးမချမဲ့အရာတွေကို ဘာလို့ သင်ယူနေဦးမှာလဲ…”

တာအိုသခင်က မျက်မှောင်ကြုတ်လိုက်၏။ သို့သော်လည်း တစ်ခဏအတွင်း ပြေလျော့သွားပြီး ပြုံးလိုက်သည်။ “ငါတို့ဂိုဏ်းတွေရဲ့ အငြင်းပွားမှုက အယူဝါဒနဲ့ နေမှုထိုင်မှုစံနှုန်းတွေပေါ်မှာ အခြေတည်လာတာ… ဒီရသေ့အိုကြီးအနေနဲ့ အခုအချိန်မှာ တာအိုဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အယူဝါဒတွေအကြောင်း မငြင်းခုံလိုပါဘူး… လူသားဧကရာဇ်က ဇာတ်မြှုပ်နေခဲ့တာ နှစ်ပေါင်းရာချီကြာပြီ၊ အခု သူ့တပည့် ပေါ်ထွက်လာတာဆိုတော့ တစ်ခုခု အကြံအစည် ရှိလို့များလား…”

ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ ရေစီးကို ထိန်းကျောင်းရင်း အလေးအနက် ပြောလိုက်၏။ “ဘာကြံစည်ရမှာလဲ… ရွာလူကြီးပြောတာ လူသားဧကရာဇ်ဆိုတာ တာဝန်ယူမှုတစ်ခုပဲတဲ့… အခုထိ ကျွန်တော် နားမလည်သေးဘူး၊ လူသားဧကရာဇ်ဖြစ်ရတာ ဘာကောင်းကွက်ရှိလို့လဲ… ဘာဩဇာအာဏာမှ မရှိတဲ့အပြင် တာဝန်ယူ တာဝန်ခံရဦးမယ်… တာအိုသခင်လိုချင်ရင် ကျွန်တော် အခုလက်လွှဲပေးလို့ရတယ်…”

တာအိုသခင်မှာ ဘဲခေါင်းဝါဂျင်ဆင်းများကို သစ်ရွက်ဖြင့် ရေလောင်းရင်းမှ မျက်နှာအမူအရာ တစ်မျိုးတစ်မည် ပြောင်းလဲသွားပြီး ကမန်းကတန်း ခေါင်းခါယမ်းလိုက်သည်။ “ဒီတာဝန်ကို မခံယူဝံ့ပါဘူး…”

သူတို့နှစ်ယောက်မှာ တစ်ယောက်က သစ်ရွက်၊ ကျန်တစ်ယောက်က ချီစွမ်းအင်ကို အသုံးပြု၍ ဘဲခေါင်းဝါဂျင်ဆင်းများကို ရေဆက်လောင်းနေကြ၏။

တောက်ကျစ်လင်းရွှမ်မှာ အဖြစ်အပျက် အစအဆုံးကို ကြည့်၍ တိတ်တိတ်လေး ခေါင်းခါယမ်းလိုက်သည်။ ဤလူငယ်လေးနှင့် ဤအဘိုးအိုနှစ်ယောက်စလုံးက ရှုထောင့်ကိုယ်စီနှင့် ခေါင်းမာလွန်းလှသည် မဟုတ်လား။

အမွှေးတိုင် တစ်တိုင်ထွန်းစာခန့် ကြာပြီးသောအခါ ချင်မူက ဘဲခေါင်းဝါဂျင်ဆင်းအားလုံးကို ရေလောင်းပြီးသွား၏။ တာအိုသခင်ကလည်း သူရေခပ်လောင်းသည့် သစ်ရွက်ကို မြေကြီးထဲ ပြန်ထိုးစိုက်ပြီး အညောင်းဆန့်ရင်း သက်ပြင်းချလိုက်သည်။ “ဒီရသေ့အိုကြီးက အသက်ကြီးပြီဆိုတော့ အရိုးတွေက အရင်လို မဟုတ်တော့ဘူး… လူသားဧကရာဇ်က ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ဆိုတော့ တာအိုဂိုဏ်းအနေနဲ့ ရှေ့ဆက်ဆန့်ကျင်နိုင်တော့မှာ မဟုတ်ဘူး… ဒီတာအိုရသေ့ကြီး လူသားဧကရာဇ်ရဲ့ အမွေဆက်ခံသူ ဟုတ်၊ မဟုတ် အတည်ပြုဖို့ လာခဲ့တာပါ… လင်းရွှမ်လည်း လူသားဧကရာဇ်ကို ဂါရဝပြုပြီးပါပြီ၊ ဒီရသေ့ကြီး သေရင် သူ တာအိုသခင် ဖြစ်လာပါလိမ့်မယ်…”

ချင်မူက လင်းရွှမ်ကို အရိုအသပြု နှုတ်ဆက်လိုက်၏။ လင်းရွှမ်က ကမန်းကတန်း ပြန်အရိုအသေပြုလိုက်သည်။ “တာအိုသခင် မဟုတ်သေးတဲ့အတွက် မခံယူဝံ့ပါဘူး…”

တာအိုသခင်က ပြုံးလိုက်၏။ “မင်း တာအိုသခင် ဖြစ်ပြီးရင်တောင် သူ့ထက် ဝါစဉ်တစ်ဝက် နိမ့်ဦးမယ်၊ အဲဒါကြောင့် ဝါစဉ်နိမ့်အနေနဲ့ပဲ ဂါရဝပြုရမယ်…”

လင်းရွှမ်မှာ အံ့ဩတုန်လှုပ်သွားသည်။

တာအိုသခင်က မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ပြောလိုက်၏။ “ငါတို့လို ချီစွမ်းအင်ကျင့်ကြံသူတိုင်းအပေါ်မှာ ပထမမျိုးဆက် လူသားဧကရာဇ်ရဲ့ ကျေးဇူးရှိတယ်၊ အဲဒါကြောင့် အားလုံးက သူ့ကို အလေးအမြတ်ထားကြတာ… လူသားဧကရာဇ်တံဆိပ်တုံးကို သွန်းလုပ်တုန်းကဆိုရင် သိုင်းဂိုဏ်းတိုင်း၊ မျိုးနွယ်စုတိုင်းက သူတို့ရဲ့ အကောင်းဆုံးရတနာတွေ ထုတ်ပေးခဲ့ကြတယ်… အဲဒါကြောင့် မင့်အနေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာရမယ်၊ မထီမဲ့မြင်ပြုလို့ မရဘူး… ဒီကရသေ့အိုကြီးအနေနဲ့ တံဆိပ်တော်ကို တစ်ချက်လောက် ကြည့်ခွင့်ရှိမလား…”

ချင်မူက လူသားဧကရာဇ်တံဆိပ် အမည်းရောင်သံတုံးကို ထုတ်ယူ၍ ပစ်ပေးလိုက်သည်။ ရသေ့အိုကြီးမှာ ပျာယာခတ်သွားပြီး ကမန်းကတန်း ဖမ်းယူလိုက်ရ၏။ “ဘယ်လိုလုပ် ပစ်ပေးလိုက်ရတာလဲ… ဘယ်လိုလုပ် ပစ်ပေးလိုက်ရတာလဲ… ဒီရသေ့အိုကြီးမှာ လူအားဧကရာဇ်နဲ့ တွေ့ဆုံဖို့အတွက် ရေချိုးသန့်စင် အဝတ်အစားလဲခဲ့ရတာ၊ လက်နှစ်ဖက်ဆိုရင် သန့်စင်ဆေးကြောခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းဘူး… ဒီရသေ့ကြီးတောင် အရိုအသေ အလေးအမြတ်ထားပြီး မထီမဲ့မြင် မပြုဝံ့တာ၊ လူသားဧကရာဇ်တံဆိပ်တော်ကို ဘယ်လိုလုပ် ပစ်ပေးလိုက်ရတာလဲ…”

ချင်မူက အံ့အားသင့်သွားပြီး ပြောလိုက်သည်။ “ရွာလူကြီးလည်း ကျွန်တော့်ကို ဒီလိုပဲ ပစ်ပေးခဲ့တာလေ… ကျွန်တော် မလိုချင်လို့ ပြန်ပစ်ပေးတာကိုတောင် ဇွတ်အတင်း ထိုးထည့်ခဲ့တာ… သူ့ကို မနိုင်လို့သာ ဒီဟာကို ယူထားလိုက်ရတာ…”

တာအိုသခင်မှာ ဧကရာဇ်တံဆိပ်တုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားရင်း မချိပြုံး ပြုံးလိုကက်၏။ ထို့နောက် လက်ထဲမှ တံဆိပ်တုံးကို ထပ်ခါထပ်ခါ စစ်ဆေးလိုက်သည်။ အမှန်တကယ်ပင် တံဆိပ်တော်အစစ် ဖြစ်၏။ “လူသားဧကရာဇ်၊ ပြန်လက်ခံတော်မူပါ…” သူက ရှေ့သို့ ခြေတစ်လှမ်း တက်၍ လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးလိုက်သည်။

ချင်မူ လူသားဧကရာဇ်တံဆိပ်တော်ကို ပြန်ယူလိုက်သောအခါမှ နောက်သို့ ခြေလှမ်းပြန်ရုပ်၍ လက်နှစ်ဖက်ကို ချလိုက်၏။ ထို့နောက် တောက်ကျစ်လင်းရွှမ်ကို လှည့်ပြောလိုက်သည်။ “သေချာမှတ်ထား၊ လူသားဧကရာဇ်တံဆိပ်တော်ကို လက်ခံယူရင် ဒီလိုမျိုးပဲ လက်ခံယူရတာ… ထုံးစံမပျက်စေနဲ့…”

တောက်ကျစ်လင်းရွှမ်က တာအိုသခင်၏ ဆုံးမစကားကို နာခံမှတ်သားရင်း ချင်မူ လူသားဧကရာဇ်တံဆိပ်တုံးကို ထောင်ထျယ်အိတ်ထဲ ပြန်ပစ်ထည့်သည်ကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း မည်သည့်စကားကိုမျှတော့ မဆိုဝံ့ချေ။

“သူက လူသားဧကရာဇ်၊ သူ့အနေနဲ့ မလေးမစား လုပ်လို့ရတယ်…. ငါတို့ကတော့ မရဘူး…” တာအိုသခင်က အလေးအနက် ပြောလိုက်သည်။ “ဒီတံဆိပ်တော်ဆိုတာ သိုင်းဂိုဏ်းအသီးသီးက ငါတို့ဘိုးဘေးတွေရဲ့ အကောင်းဆုံး ရတနာတွေနဲ့ ဖန်တီးပြီး လူသားဧကရာဇ်ကို ဆက်သထားတာ… ဒီတံဆိပ်ကို ကိုင်ဆောင်ထားတဲ့သူက လူသားမျိုးနွယ်အားလုံးရဲ့ ဧကရာဇ်ပဲ… ဒီတံဆိပ်က လူသားဧကရာဇ်ကို ဆက်သထားတာမို့ လူသားဧကရာဇ်အနေနဲ့ မလေးမစားလုပ်ပိုင်ခွင့်ရှိတယ်… မင်း နားလည်ပြီလား…”

တောက်ကျစ်လင်းရွှမ်က ခေါင်းညိတ်လိုက်၏။ “တပည့်နားလည်ပါပြီ…”

ချင်မူ့ရင်ထဲတွင် လှုပ်ရှားသွားမိသည်။ တာအိုသခင်မှာ သက်တမ်းများစွာ မကျန်တော့ဘဲ နောင်နှစ်အနည်းငယ်အတွင်း လူ့လောကကို စွန့်ခွာရတော့မည့်တိုင် သူ့တပည့်ကို စိတ်နှစ်သင်ကြားပေးနေသေး၏။

ဤကဲ့သို့သော ရှေးရိုးစွဲ ဆရာတပည့်သင်ကြားရေးမျိုးက ထူးချွန်သော ပါရမီရှင်မျိုးကို မွေးထုတ်ပေးရန် ပိုမိုလွယ်ကူပေသည်။

တာအိုသခင်က အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သဖြင့် နောက်ဆုံးလက်ကျန်နှစ်များ၌ တောက်ကျစ်ကို သူ့အရိုက်အရာ ဆက်ခံနိုင်စေရန် ပြုစုပျိုးထောင်ပေးနေခြင်း ဖြစ်ပေလိမ့်မည်။

“တာအိုသခင်အနေနဲ့ ဒီကိုလာခဲ့တာ လူသားဧကရာဇ်တံဆိပ်တုံးအကြောင်း စုံစမ်းဖို့အပြင် တခြား ဘာများ ရှိပါသေးသလဲ…” ချင်မူက အပြုံးဖြင့် မေးလိုက်၏။

တာအိုသခင်က သူ့မျက်ဝန်းများအတွင်း စူးစူးစိုက်စိုက် ကြည့်၍ ပြောလိုက်သည်။ “လူသားဧကရာဇ်အနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းတို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ မှန်ကန်တဲ့ လမ်းစဉ် မဟုတ်ဘဲ ကောင်းကင်ဘုံရဲ့ အမျက်ရှခြင်းကိုသာ ဆောင်ကြဉ်းပေးလိမ့်မယ်ဆိုတာ သိသင့်တယ်… ဒီဆီးနှင်းကပ်ဘေးဟာ သတိပေးချက်တစ်ခုပဲ၊ လူသားဧကရာဇ်အနေနဲ့ တစ်လောကလုံးက လူတွေအားလုံးရဲ့ အကျိုးအတွက် ဒီပြုပြင်ပြောင်းလဲမှုကို တားဆီးသင့်ပါတယ်…”

ချင်မူက ခေါင်းခါယမ်းလိုက်၏။ “လောကကြီးရဲ့ ခေတ်ရေစီးကြောင်းက ဒီရေလှိုင်းတွေလိုပဲ၊ သေဆုံးသူတွေ ကျန်ခဲ့ပြီး ရှင်သန်သူတွေ ဆက်ရွေ့လျားသွားနေကြတာ… လမ်းကြောင်းမှာ ပိတ်ရပ်ရဲသူတွေအကုန်လုံး တွန်းတိုက်ကြိတ်ချေခံရမှာပဲ… ကျွန်တော့်အနေနဲ့ ရေစီးနဲ့အတူ မျှောလိုက်သွားဖို့ပဲ ရှိပါတယ်… နောင်တော်ကြီးအနေနဲ့ ဒီလောက် ဒုက္ခခံခဲ့ရတာကို ဘာလို့ ခေါင်းဆက်မာနေသေးတာလဲ…”

တာအိုသခင်က သက်ပြင်းချလိုက်သည်။ “မင်းနဲ့ ဆက်မငြင်းတော့ဘူး၊ ဘယ်လောက်ပဲငြင်းငြင်း ငါတို့နှစ်ဖက်စလုံးရဲ့ အယူဝါဒတွေက တစ်ဘက်နဲ့တစ်ဘက် လက်ခံလာအောင် ဆွဲဆောင်နိုင်ဖို့ခက်တယ်၊ မငြင်းတာ အကောင်းဆုံးပဲ… မင်းအနေနဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုကို ထောက်ခံဖို့ ဆန္ဒဆက်ရှိသေးတယ်ဆိုရင် တစ်ခုပဲ ပြောချင်တယ်… တာအိုက သဘာဝတရားအတိုင်း လိုက်နာတယ်။ ပြုပြင်ပြောင်းလဲမှုက သဘာဝတရားကို ပြောင်းလဲပစ်ဖို့၊ တာအိုကို ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်။ နတ်ဘုရားတွေက သဘာဝတရားအောက်မှာ မွေးဖွားပြီး မဟာတာအိုကနေ ဖွဲ့တည်လာတာ… တာအိုကို ပြောင်းလဲပစ်ချင်တယ်ဆိုရင် ကောင်းကျိုးဆိုးပြစ်တွေကို သိထားမှရမယ်… မဟာမြို့ပျက်ဟာ ငါတို့ဘိုးဘေးတွေရဲ့ အမှားတစ်ခုပဲ… အဲဒါကို လူသားဧကရာဇ်အနေနဲ့ သတိပြုမိသင့်တယ်…”

ချင်မူ အနည်းငယ် မှင်တက်မိသွား၏။ ဤကိစ္စနှင့်ပတ်သက်၍ အတွင်းကျကျ ဇာတ်လမ်းများကို တာအိုသခင် သိရှိထားကြောင်း ထင်ရှားပေသည်။

သို့သော်လည်း တာအိုသခင်က ဤကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်ပြောဆိုလိုဟန် မရချေ။ “ဒီရသေ့ကြီးအနေနဲ့ လူသားဧကရာဇ်ကို လာရှာတာက စိတ်ရင်းအမှန်ကို ပြချင်လို့ပါ… တာအိုဂိုဏ်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ရန်သူဖြစ်ပေမဲ့ လူသားဧကရာဇ်နဲ့ ရန်သူလုပ်မှာ မဟုတ်ပါဘူး… တပည့်၊ တာအိုဓားဆယ့်လေးခန်းကို ယူလာခဲ့…”

လင်းရွှမ်က သူ့ခါးတွင် ချိတ်ဆွဲထားသော သားရေအိတ်ထဲမှ ကျောက်ပြားတစ်ချပ်ကို ထုတ်ယူလိုက်၏။ ထိုကျောက်ပြားက အပြင်သို့ ရောက်သည့်အခါ ခြောက်ကိုက်ခန့် မြင့်သည့် ကျောက်ပြားကြီးတစ်ချပ် ဖြစ်သွားပြီး မျက်နှာပြင်ပေါ်တွင် အလျားလိုက်၊ ဒေါင်လိုက် ဓားရာများ အပြည့်ရှိနေသည်။

လင်းရွှမ်က ချီတုံချတုံ ဖြစ်သွား၏။ “ဆရာ…”

“ပြလိုက်…” တာအိုသခင်က ပြောလိုက်သည်။ “အရင်လူသားဧကရာဇ်ရဲ့ ဓားသိုင်းက ငါ့ထက်ပိုကောင်းပြီး ပိုအထက်တန်းကျပါတယ်… ဧကရာဇ်အတိုင်ပင်ခံကိုတောင် ဒီတာအိုဓားဆယ့်လေးခန်း ပြခဲ့သေးတာပဲ၊ လက်ရှိလူသားဧကရာဇ်ကို ဘာလို့ မပြဘဲ နေရမှာလဲ…”

တောက်ကျစ်လင်းရွှမ်က ကျောက်ပြားချပ်ကို အနီးနားတွင် မတ်မတ်ထူလိုက်ပြီး တာအိုသခင်က ရှင်းပြလိုက်၏။ “တာအိုဓားဆယ့်လေးခန်း၊ တစ်ခန်းကို ဓားကွက်တစ်ကွက်… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ တာအိုဂိုဏ်းကို လာပြီး ပညာဆည်းပူးတုန်းက သူ့ကို ဆယ့်လေးရက် လေ့လာခွင့်ပေးခဲ့တယ်… အခု လူသားဧကရာဇ်ကိုလည်း ဆယ့်လေးရက် လေ့လာခွင့်ပေးမယ်… တာအိုဂိုဏ်းရဲ့ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကိုတော့ ကြည့်ရှုခွင့်ရမှာ မဟုတ်ဘူး…”

ချင်မူ့မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာ ပေါ်ထွက်လာသည်။ တထာဂတကလည်း သူ့ကို တထာဂတ၏ မဟာယနသုတ္တန်ကို ပြသခဲ့၏။ သို့သော်လည်း သဘောတရားကိုသာ ပြသပြီး အသုံးချပညာရပ်ကို ပြသခဲ့ခြင်း မရှိပေ။

ယခု တာအိုသခင်ကလည်း ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်၏ အသုံးချပညာရပ်ကိုသာ ကြည့်ရှုခွင့်ပြုပြီး အနှစ်သာရသဘောတရားကို မပြ။ မည်သို့ဆိုစေ အထွတ်အမြတ်နယ်မြေကြီး နှစ်ခု၏ အရှင်သခင်နှစ်ပါးစလုံးမှာ စိတ်သဘောထားကြီးမြတ်သူများပင် ဖြစ်ချေ၏။

ချင်မူ တစ်ချက်တီးတိုးရေရွတ်၍ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ထုတ်ယူလိုက်သည်။ “ကျွန်တော့်အနေနဲ့ သူတစ်ပါးဆီမှာ ကျေးဇူးကြွေးတင်ပြီး မနေတတ်ဘူး… ဒါက မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ… တောက်ကျစ်ကို ဆယ့်လေးရက် လေ့လာခွင့်ပြုမယ်…”

တောက်ကျစ်လင်းရွှမ်မှာ ရင်ထဲတွင် လှုပ်ရှားသွားပြီး သူ၏ ဆရာသခင်ကို လှမ်းကြည့်လိုက်၏။ တာအိုသခင်မှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “သူက မင်းကို ဖတ်ခွင့်ပြုမှတော့ ဖတ်လိုက်ပေါ့… မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ကောင်းတာတွေပါရင် မင်းက နတ်ဘုရား၊ ဆိုးတာတွေပါရင် မင်းက မိစ္ဆာနတ်ဆိုးပဲ… ချွတ်ချော်တိမ်းပါးပြီး မိစ္ဆာနတ်ဆိုးတစ်ကောင် ဖြစ်သွားခဲ့ရင် မင်းရဲ့ ကျင့်စဉ်နဲ့ ကိုယ်ကျင့်သီလ မလုံလောက်သေးဘူးလို့ပဲ မှတ်ယူရလိမ့်မယ်…”

တောက်ကျစ်လင်းရွှမ်က ခေါင်းညိတ်လိုက်၏။

ချင်မူက ကျောက်ပြားနံရံရှေ့တွင် ရပ်၍ ဓားရာအမှတ်အသားများကို ကြည့်ရှုလေ့လာလိုက်သည်။

ဤဓားရာများက အလျားလိုက်၊ ဒေါင်လိုက် အနေအထားအမျိုးမျိုး ရှိပြီး အသွင်သဏ္ဌာန်တစ်ခုခုကို ဖော်ကျူးနေသည့်ဟန် မရချေ။ ပထမဓားရာကို သူ သေချာကြည့်လိုက်၏။ ကြည့်စ၌ မည်သည်မျှ ထူးခြားခြင်း မရှိသော်လည်း စိတ်နှစ်လေ့လာလိုက်သောအခါ အံ့အားသင့်ဖွယ် ဓားအာရုံအချို့ကို တဖြည်းဖြည်း ခံစားရလာသည်။

သူ့မျက်ဝန်းထဲ၌ ဓားရာအမှတ်အသားက ဓားရာအမှတ်အသားတစ်ခု မဟုတ်တော့။ သင်္ချာသဘောတရားများ ဖြစ်လာ၏။ တာအိုရသေ့တစ်ပါးက စုတ်တံတစ်ချောင်းဖြင့် သင်္ချာသဘောတရားများကို ရေးချနေသကဲ့သို့ မြင်ယောင်လာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် အဖြူ၊ အနက် ထိုက်ကျိစက်ဝိုင်းအသွင် ပြောင်းလဲပြီး အသက်ဝင်လှုပ်ရှားလာ၏။

အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်…။

ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွားသည်။ တာအိုဓားသိုင်း၏ ကျင့်ကြံခြင်းနည်းလမ်းက အခြားသူများနှင့် အမှန်ပင် ကွာခြားလှ၏။ အလွန်တရာ နက်ရှိုင်းလှသော ဓားအာရုံကို ကျောက်သားနံရံပေါ်ရှိ ဓားရာများ၌ မြှုပ်နှံ ရေးထွင်းထားသည်။ ဤဓားအာရုံ၌ သင်္ချာသဘောတရားများ ကိန်းဝပ်ပါဝင်နေပြီး ဓားအိုဓား၏ ပထမဓားကွက်အဖြစ် ဖွဲ့စည်းထား၏။

တာအိုဓားပထမကွက်၌ ပါဝင်သော သင်္ချာသဘောတရားများမှာ ဒွိကိန်းစနစ်၏ ယင်၊ ယန် တွက်ချက်မှု ဖြစ်သည်။

‘ဒါက ထိုက်ရွှမ်သင်္ချာကျမ်းနဲ့ သဘောတရား အတူတူပဲ…’

ချင်မူ့စိတ်ထဲတွင် လှုပ်ရှားသွား၏။ သူက ထိုက်ရွှမ်သင်္ချာကျမ်းကို အတော်များများ လေ့လာဖတ်ရှု၍ နားလည်သဘောပေါက်ပြီး ဖြစ်သဖြင့် ဤပထမဓားကွက်မှာ များစွာ ခက်ခဲလှခြင်း မရှိပေ။

များစွာ မကြာလိုက်ဘဲ ချင်မူ တာအိုဓားပထမကွက်ကို လေ့လာပြီးစီးသွားပြီး ဒုတိယဓားရာကို ကြည့်ရှုလိုက်၏။

တာအိုဓား၏ ဒုတိယဓားကွက်၊ စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါး ပေါင်းစည်း၍ အထက်ဘုံသို့ တက်လှမ်းစဉ် တိမ်ပျံလှည်းများ ဖြတ်သန်းသွားသည်…။

ဤဓားကွက်တွင် စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါးဖြင့် ဆိုင်သော တြိကိန်းစနစ်နှင့် စတုကိန်းစနစ် ပါဝင်သည်။ ဤဓားကွက်၏ သင်္ချာသဘောတရားက နေ၊လ နှင့် မြေကမ္ဘာကို တည်ဆောက်၍ ဒြပ်စင်များအား ချီစွမ်းအင်ငါးရပ်ဖြင့် ရင်ဆိုင်စေလိမ့်မည်။

ချင်မူ့အတွက် ဤဓားကွက်သည်လည်း မခက်ပေ။ အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း လေ့လာပြီးစီး၍ တတိယဓားရာကို ဆက်လက်ကြည့်ရှုသည်။

တာအိုဓား၏ တတိယဓားကွက်၊ ငါးရောင်ခြယ်မင်္ဂလာတိမ်တိုက်များ လွှမ်းခြုံ၍ ကောင်းကင်ဘုံသုံးဆင့်ထက်တွင် ကောင်းကင်တေးသံများ တချွင်ချွင် မြည်လေသည်...

ဤဓားကွက်သည်လည်း စွမ်းအင်ငါးရပ်နှင့် ဒြပ်စင်သုံးပါးကို အသုံးချ၏။ သို့သော် ဓားကွက်အ‌ပြောင်းအလဲကတော့ အဆင့်မြင့်သည်။

ဤဓားကွက်ကို ချင်မူ တစ်နာရီတိတိ လေ့လာရသည်။

တာအိုဓား၏ စတုတ္ထဓားကွက်၊ ကောင်းကင်သံသရာကို တိတ်တဆိတ် လှည့်ပြောင်း၍ ပြောင်းလဲနေသောသဘာဝတရား၏ အသွင်သဏ္ဍာန်တိုင်းကို ရင်ဆိုင်သည်။

ဤဓားကွက်၏ သင်္ချာသဘောတရားမှာ အလွန်ရှုပ်ထွေးပြီး စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဟူသော သဘောတရားနှင့် အပြန်အလှန်ဆက်နွှယ်နေသည်။ ထိုက်ရွှမ်သင်္ချာကျမ်းဖြင့် ဤဓားကွက်၏ သဘာဝကို သဘောပေါက်ဖို့ ခက်ခဲလွန်းသည်။

ချင်မူ ဤဓားရာ၏ သဘောတရားကို ဖမ်းဆုပ်သိရှိသွားသောအခါ နေမင်းကြီးက ပင်လယ်ထဲ ငုပ်လျှိုးပေတော့မည်။ ကောင်းကင်က မှောင်မိုက်နေပြီဖြစ်ပြီး ပင်လယ်ရေပြင်ထက်၌ မေးတင်နေသော အနီရောင်နေလုံးကြီးကြောင့် ကျွန်းတစ်ကျွန်းလုံး ပတ္တမြားရောင်တောက်နေသည်။

“ပဉ္စမဓားကွက်ကို ငါ ဖြေရှင်းနိုင်မှာမဟုတ်တော့ဘူး”

ချင်မူ၏အမူအရာ လေးနက်သွားသည်။ တာအိုဓားဆယ့်လေးခန်းသည် တစ်ခန်းထက် တစ်ခန်း ခက်လာသလို၊ သင်္ချာသဘောတရားများသည်လည်း ပိုမိုနက်ရှိုင်းလာ၏။ ဆယ့်လေးရက်တည်းနှင့် အကုန်လုံးနားလည်သဘောပေါက်ဖို့က မဖြစ်နိုင်သည်သာ။ ပဉ္စမဓားကွက်ကိုပင် သူ ပိုင်နိုင်လောက်မည်မဟုတ်ပေ။

သူ့အနေဖြင့် ဓားအာရုံများ နားလည်အောင် ကြိုးစား၍ ဓားသိုင်းကို လေ့လာဖို့သာ ရွေးချယ်နိုင်သည်။ တခြားအခန်းများကိုတော့ ‌လေ့လာရန် အချိန်မရတော့၍ မည်မျှများများ မှတ်ထားနိုင်မည်လဲသာ ကြည့်နိုင်‌တော့သည်။

ချင်မူက ဤသို့တွေးပြီးနောက် ပဉ္စမဓားရာအား ချက်ချင်း လေ့လာလိုက်၏။

တာအိုဓား၏ ပဉ္စမဓားကွက်၊ ပြောင်းလဲမှုအသင်္ချေအား ပြန်လည်ခေါ်ဆောင်သော ကျောက်စိမ်းဂူနှင့် ခွန်းလွန်းယွီရှုတောင်ပေါ်က ချစ်ဇာတ်လမ်း။

ချင်မူမှာ စိတ်ရောကိုယ်ပါ နှစ်ထာသော်လည်း ဓားအာရုံထဲရှိ သင်္ချာသဘောတရားမှာ သူနားမလည်နိုင်အောင် ခက်လွန်းနေပြီဖြစ်သည်။ ထိုက်ရွှမ်သင်္ချာကျမ်းကို အများစုသိရှိသဘောပေါက်ထားပြီဖြစ်သည့်တိုင် ထိုက်ရွှမ်သင်္ချာကျမ်း၌ မပါသော သင်္ချာသဘောတရားတချို့ ရှိသေးသည်။ ယင်းသဘောတရားတို့က ရွှမ်းနွီသင်္ချာကျမ်း၌ ပါဝင်လိမ့်မည်။

တာအိုသခင်က က္ကန္ဒြေသိက္ခာအပြည့်ဖြင့် ဘေးတွင် အေးဆေးတည်ငြိမ်စွာ ထိုင်နေသည်။ ဆာလောင်မှုဆိုသည်မှာ အဘယ်အရာမှန်း မသိပုံရ၏။

ချင်မူမှာတော့ ဗိုက်ဆာလာ၍ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းကို ရှာဖို့ ကျောက်ပြားနံရံရှေ့မှ ထွက်သွားသည်။ မိန်းကလေးနှစ်ယောက်က ညစာပြင်နေပြီဖြစ်သည်။ ချင်မူ့အား ထိုလူစိမ်းအကြောင်း မေးပြီး တာအိုသခင်မှန်း သိလျှင် နှစ်ယောက်သား အံ့အားသင့်သွားပြီး အရိုအသေမဲ့မနေဝံ့တော့ပေ။

တတိယနေ့ရောက်သော် ဖန်းယွင်ရှောင်က သင်္ဘောနှင့်ရောက်ချလာကာ တာအိုသခင်ကို မြင်လျှင် ကျယ်လောင်စွာ အော်ငိုသည်။ တာအိုသခင်သည် မျက်လုံးဖွင့်၍ သူ့အား အမူအရာမပျက်ကြည့်၏။ “မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဝင်လိုက်တာပဲ။ ငါ ထင်တာမမှားခဲ့ဘူး။ မင်းနှလုံးသားက အမှန်တကယ်ဖောက်ပြန်ပျက်စီးနေပြီ။ သွားတော့ ငါ မင်းကို မသတ်ပါဘူး”

ဖန်းယွင်ရှောင်သည် အသံဗြဲပြီးဖြင့် အော်ငိုပြီးနောက် မျက်ရည်များသုတ်ကာ သင်္ဘောစီးလျက် ထွက်သွားတော့သည်။

All Chapters