နှလုံးသားထဲတွင် တည်
Vol. 21 Ch. 289
ဖန်းယွင်ရှောင် ထွက်သွားပြီး ငါးရက်ကြာသော် ထူးထူးဆန်းဆန်း အဝတ်အစားများဖြင့် လူများ ကျွန်းငယ်လေးပေါ်တွင် တစတစပေါ်လာသည်။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အကုန်စုံသည်။ ပထမဆုံးတစ်ယောက် အရင်ရောက်လာခဲ့ပြီး ကျွန်းပေါ်၌ အလံတစ်လံ စိုက်ပြီးနောက်မှ အလင်းရောင်များ ပြိုးပြိုးပြက်ပြက် လက်ကာ အလံများစွာ ပေါ်လာခဲ့ခြင်းဖြစ်၏။
အလံများ သိမ်းပြီးသည်နှင့် လူတစ်ရာခန့် ထွက်လာပြီး ဤကျွန်းငယ်ကို ဝိုင်းပတ်၍ ထိုင်ချသည်။ တစ်ယောက်နှင့်တစ်ယောက် ထိုင်နေသောနေရာမတူပေ။ ညကောင်းကင်ထက်က ကြယ်ပွင့်များကဲ့သို့ မလှုပ်မယှက် ပြန့်ကြဲနေကြသည်။
သို့သော် လေးနာရီကြာတိုင်း ဤလူများသည် ထ၍ နေရာပြောင်းတတ်သည်။ ထိုင်ခင်းထိုင်ရာကတော့ တစ်ကြိမ်မှ မပြောင်းလဲပေ။
သစ်ပင်ရိပ်အောက်၌...။ လုံကျောင်းနန်က လူးလွန့်လာပြီး ကျွန်း၏အလယ်သို့ လမ်းလျှောက်သွားသည်။
စစ်ယွင်ရှန်းမှာတော့ ဗိုက်ဆာလာသူတိုင်းအတွက် ဟင်းများချက်ပြုတ်ရင်း အင်မတန် ပျော်ရွှင်နေ၏။
လင်ယွင်ရှုက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အမူအရာလေးနက်နေသည်။ ကျွန်းပေါ်တွင် သူတို့အားလုံးကို ချောင်ပိတ်ထားသော ဧရာမဝင်္ကပါကြီးတစ်ခုရှိကြောင်း သူမ မြင်ရလေသည်။ ဤဝင်္ကပါမှ ထိုးထွက်ဖို့ ကြိုးစားလျှင် ဝင်္ကပါက လူသတ်ဝင်္ကပါအဖြစ် အသက်ဝင်လာပြီး ဤကျွန်းငယ်ကို သူသတ်ကုန်း ဖြစ်သွားစေလိမ့်မည်။
ဤမျှကြီးမားလှသော ဝင်္ကပါကြီးသာ အသက်ဝင်လာလျှင် အဘယ်မျှကြောက်စရာကောင်းမည်ကို သံသယဝင်စရာမလိုချေ။
ထိုမျှသာမက နန်းတွင်းခုံရုံး၏ အဝတ်အစားများ ဝတ်ဆင်ထားသော လူထူးဆန်းတချို့ကိုပင် လင်ယွိရှို့ တွေ့ရသည်။ တချို့က လက်ရှိနန်းတွင်းခုံရုံး၏ ရာထူးမြင့်အရာရှိများဖြစ်ကြပြီး တချို့ကမူ လက်လုပ်လက်စားစျေးသည်များ ဖြစ်ကြသည်။ တချို့က အာဏာပါးကွပ်သားများဖြစ်ကြကာ နန်းတွင်းကောလိပ်၏ အဆောင်မှူးများပင် ရှိနေ၏။ အကုန်လုံးက မည်သည့်ရှုထောင့်မှကြည့်ကြည့် ထူးဆန်းနေကြသည်။
စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဤလူများသည် ဝင်္ကပါကို ပြောင်းလဲဖို့ လေးနာရီခြားတစ်ကြိမ် နေရာပြောင်းနေကြခြင်းဖြစ်၏။ ဝင်္ကပါ၏အပြောင်းအလဲများကို တာအိုသခင် မတွက်ချက်နိုင်အောင် ကာကွယ်ဖို့ ဖြစ်တန်ရာသည်။
“ကောင်းကင်နတ်ဆိုးဂိုဏ်းက မိစ္ဆာလမ်းစဉ်မှာ နံပါတ်တစ်ဂိုဏ်းလို့ ခေါ်ထိုက်ပါပေတယ်။ အချိန်သိပ် တိကျတယ်”
တာအိုသခင်သည် ဤလူသတ်ဝင်္ကပါကို လေ့လာရင်း မချီးကျူးမိဘဲ မနေပေ။ ‘ဝင်္ကပါရဲ့အပြောင်းအလဲတွေကို လေးနာရီတိတိအတွင်း ငါ တွက်ချက်နိုင်တယ်။ သူတို့ကလည်း အဲ့ဒီအချိန်နဲ့ကွက်တိ ပြောင်းနိုင်တယ်။ ဝင်္ကပါစံအိမ်သခင်က တကယ်ဉာဏ်များတာပဲ’
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဝင်္ကပါစံအိမ်သခင်သည် နန်းတွင်းကောလိပ်၊ ဓာတ်ငါးပါးဝင်္ကပါခန်းမ၏ အဆောင်မှူးဖြစ်သည်သာမက ဧကရာဇ်ယန်ဖုန်းကိုယ်တိုင် နန်းတွင်းမှတ်တမ်းထိန်းတစ်ဦးအဖြစ် ခန့်အပ်ထားသူဆိုလည်း မမှားပေ။ သူက ဧကရာဇ် စိတ်တိုင်းအကျဆုံးသူဖြစ်၍ အင်ပါယာ၏ကိစ္စရေးရာများအား ဆွေးနွေးတိုင်ပင်ရန် နန်းတွင်းသို့ မကြာမကြာ ဆင့်ခေါ်ခံရသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသားဖြစ်သည့်အတွက် ဧကရာဇ်က သူ့အား အာဏာအစစ်အမှန်မပေးထားသည့်တိုင် စစ်တပ်ထဲရှိ ဝင်္ကပါအစီအရင်အများစုမှ ဝင်္ကပါစံအိမ်သခင် တီထွင်ဖန်တီးထားသည်များသာ ဖြစ်၏။
ဝင်္ကပါစံအိမ်သခင်က တာအိုသခင်အကြောင်း သိထားပုံရသည်။ ချင်မူ အန္တရာယ်တစ်စုံတစ်ရာဖြစ်လျှင် တာအိုသခင်ကိုလည်း အသက်ရှင်လျက် ထွက်သွားခွင့်ပြုမည်မဟုတ်ပေ။ ထွက်သွားလျှင် သေရလိမ့်မည်။
ဆယ့်လေးရက်မြောက်နေ့သည် လျှပ်တပြက် ရောက်ရှိလာ၏။ ချင်မူက မျက်လုံးများပိတ်ထားသည်။ တခဏကြာသော် သူ့မျက်လုံးများပွင့်လာပြီး ကျောက်ပြားနံရံရှေ့မှ ထထွက်လာကာ တာအိုသခင်ကို အရိုအသေပေးသည်။ “နောင်တော်ကြီး တာအိုဓားကို လေ့လာခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်”
တာအိုသခင်ကလည်း အရိုအသေပြန်ပေးသည်။ “မခံယူဝံ့ပါဘူး။ လူသားဧကရာဇ်အနေနဲ့ တာအိုဓားကို လေ့လာခွင့်ရှိပြီးသားပါ။ ဒီရသေ့ကြီးက တာအိုဓားကို ပြခဲ့သလို တထာဂတကလည်း မဟာယာနသုတ္တန်ကို ပြပါလိမ့်မယ်။ လူသားဧကရာဇ်ဖြစ်တဲ့အတွက် အခုလိုပြသရတာ အကျိုးမယုတ်ပါဘူး”
ချင်မူက ပြောသည်။ “တထာဂတရဲ့ မဟာယာနသုတ္တန်ကို ကျွန်တော် မြင်ပြီးပါပြီ”
တာအိုသခင် မှင်သက်သွားသည်။ အတန်ကြာသော် ခေါင်းတခါခါနှင့် ပြုံးနေသည်။ “အဲဒီဘုန်းကြီးအိုကတော့ ဉာဏ်ပြေးပြီး ပါးနပ်နေတုန်းပဲ။ အမြဲတမ်း ငါ့ထက် တစ်လှမ်းသာနေတယ်။ လင်းရွှမ်၊ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို လူသားဧကရာဇ်ဆီ ပြန်ပေးလိုက်တော့”
တောက်ကျစ်လင်းရွှမ်မှ ထိုအခါမှ ဆင်ခြင်သုံးသပ်နေရာမှ အသိပြန်ဝင်လာပြီး မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ချည်လုံးအဖြစ် ပြန်စုကာ ချင်မူအား လက်နှစ်ဖက်ဖြင့် ကမ်းပေးလေသည်။
ချင်မူက ပြုံးသည်။ “မင်းနဲ့ငါက ရွယ်တူတွေပဲဆိုတော့ ထုံးစံတွေ သိပ်မလိုပါဘူး”
တောက်ကျစ်လင်းရွှမ်က ခေါင်းခါကာ ပြောသည်။ “ထုံးစံကို လိုက်နာတာ မမှားပါဘူး။ ငါက အခုထိ တာအိုသခင်မဟုတ်သေးတော့ မင်းထက် ဝါစဉ်နိမ့်တယ်”
ချင်မူလည်း ဆက်ဖျောင်းဖျမရနိုင်မှန်းသိ၍ ပြောသည်။ “တာအိုသခင်က မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို တစ်ခါမှမမြင်ခဲ့ဖူးပေမယ့် သူ့စကားအရ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှာ ကောင်းကွက်၊ ဆိုးကွက်တွေ ပါနေတယ်တဲ့။ မင်း မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဖတ်နေတုန်း ကောင်းကွက်ဘယ်လောက်၊ ဆိုးကွက်ဘယ်လောက် မြင်လဲ”
တောက်ကျစ်လင်းရွှမ်မှာ တခဏတွန့်ဆုတ်သွား၍ တာအိုသခင်က ပြုံးလျက် ပြောသည်။ “ဂိုဏ်းသခင်ချင်က အဲဒီနယ်ပယ်မှာ ဆရာတစ်ဆူပဲ။ မင်း စိတ်ထဲရှိတာသာ ပြောလိုက်”
တောက်ကျစ်လင်းရွှမ်က ပြောသည်။ “ပထမဆုံးအတွေးအမြင်ဟာ အလွှမ်းမိုးဆုံးဆိုတာကြောင့် ဖြစ်မယ်... မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို စစဖတ်တုန်းက စာကြောင်းတိုင်းက မိစ္ဆာဆန်နေတာ တွေ့ခဲ့ရတယ်။ အလယ်လောက်ရောက်မှ ခံစားချက်က မတူတော့တာ။ အဲဒီအချိန်မှာ မိစ္ဆာဆန်တာ၊ ဖြောင့်မတ်တာတွေ ငါ့ရင်ထဲ မရှိတော့ဘူး။ နောက်ဆုံးက ကျင့်စဉ်စာသားတွေကို ဖတ်ပြီးမှ အရှေ့အပိုင်းတွေအပေါ် သဘောပေါက်မှားခဲ့လောက်တယ်လို့ ခံစားလိုက်ရတာနဲ့ အစက ပြန်ဖတ်ခဲ့တယ်။ အဲဒီအချိန်ကျမှ အတွေးနဲ့ခံစားချက်တွေ မတူတော့တာပဲ”
ချင်မူက ပြုံးကာ မေးသည်။ “ဘယ်နှရာခိုင်နှုန်းလောက်က မိစ္ဆာဆန်လဲ”
“နှစ်ဆယ်ရာခိုင်နှုန်းကတော့ မိစ္ဆာဆန်နေတုန်းပဲ” တောက်ကျစ်လင်းရွှမ်က ရိုးသားစွာ ပြန်ဖြေသည်။
ချင်မူက ပြောသည်။ “ဒါဆို မင်းနှလုံးသားမှာ မိစ္ဆာစိတ်နှစ်ဆယ်ရာခိုင်နှုန်း ကိန်းအောင်းနေတုန်းပဲ။ ဒါပေမဲ့ ဖိုကျစ်ထက်စာရင်တော့ မင်းက အများကြီးတော်တယ်။ ဖိုကျစ်ဖိုရှင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဖတ်တုန်းကဆိုရင် ကျင့်စဉ်စာသားတိုင်းက သူ့အတွက် မိစ္ဆာလမ်းစဉ်ဖြစ်နေခဲ့တာ။ သူက ဗုဒ္ဓအသွင်ရှိပေမယ့်လို့ နှလုံးသားထဲမှာတော့ ချေချွတ်မရတဲ့မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့ပြီ”
တောက်ကျစ်လင်းရွှမ်မှာ အံ့အားသင့်သွားပြီး သဘောပေါက်သွား၏။ “အဲ့ဒါကြောင့်ကိုး” ဤရလဒ်ကို လက်ခံဖို့ အတန်ငယ်ခက်နေ၍ သူက စူးရဲသောမျက်ဝန်းများဖြင့် ချင်မူကို မေးသည်။ “လူသားဧကရာဇ် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဖတ်တုန်းက ဘယ်နှရာခိုင်နှုန်းက မိစ္ဆာဆန်ခဲ့လဲ”
“မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ကျင့်စဉ်စာသားအားလုံးက သမာသမတ်ကျင့်စဉ်တွေဆိုပေမယ့် မိစ္ဆာကျင့်စဉ်တွေဆိုလည်း မမှားဘူး။ ငါ ဘယ်လိုအသုံးပြုလဲဆိုတဲ့အပေါ်ပဲ မူတည်တယ်”
တောက်ကျစ်လင်းရွှမ် မှင်သက်သွားသည်။ “ဒါက...”
ချင်မူက အဓိပ္ပါယ်အပြည့်ဖြင့် ပြောသည်။ “ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်ဆိုသည်မှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိ ဆိုတဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ပထမစာကြောင်းနဲ့တင် ရှင်းထားပြီးသားပါ။ မင်းနဲ့ငါက သာမန်လူတွေဆိုတော့ မင်းနဲ့ငါရဲ့ နှလုံးသားတွေက သမာဓိရှိရင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာလည်း သမာသမတ်ကျင့်စဉ်ဖြစ်မယ်။ မင်းနဲ့ငါရဲ့ နှလုံးသားတွေက မိစ္ဆာဆန်နေရင် မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာလည်း မိစ္ဆာဆန်လိမ့်မယ်။ ငါ့အနေနဲ့ အဲဒီကျင့်စဉ်တွေကို သမာသမတ်သိုင်းကွက်အဖြစ် သုံးနိုင်သလို၊ မိစ္ဆာသိုင်းကွက်အဖြစ်လည်း သုံးနိုင်တယ်။ ဘယ်လိုအသုံးပြုမလဲဆိုတာ လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာပဲ တည်တယ်”
“နှလုံးသားထဲမှာ တည်တယ်ဟုတ်လား” တောက်ကျစ်လင်းရွှမ်မှာ မှင်သက်သွားပြန်ပြီး ချင်မူ၏စကားက အကျိုးအကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။
တာအိုသခင်က ချက်ချင်း အော်သည်။ “တော်တော့။ သူ့အယူအဆတွေကို နားထောင်မနေနဲ့။ သူ့စကားတွေက သဘာဝတရားနဲ့ သွေဖယ်နေတဲ့ ဆင်ခြေတွေသက်သက်ပဲ။ မင်းက တာအိုသခင်အလောင်းအလျာ။ သူ့စကားတွေကြောင့် အလှည့်စားခံရပြီး မိစ္ဆာဂိုဏ်းထဲ မဝင်မိအောင် သတိထားရမယ်”
တောက်ကျစ်လင်းရွှမ်မှာ အသိပြန်ကပ်သွားပြီး ချွေးတဖြိုက်ဖြိုက်ကျလာသည်။ သူ့တစ်ကိုယ်လုံး ချွေးတို့နစ်နေပြီး သူ့ဘာသာသူ သတိပေးနေရသည်။ ‘သူက အခွင့်အရေးကို အသုံးချရင်း မိစ္ဆာဂိုဏ်းရဲ့အယူအဆတွေအကြောင်း ငါ့ကို ပြောပြပြီး ဂိုဏ်းထဲဝင်အောင် လှည့်စားခဲ့တာ။ သူ့အယူအဆတွေက သဘာဝတရားနဲ့ သွေဖယ်နေတဲ့အတွက် သဘာဝတရားကို လိုက်နာတဲ့ ငါတို့တာအိုဂိုဏ်းရဲ့ အယူအဆတွေနဲ့ ဆန့်ကျင်တယ်’
တာအိုသခင်က ဖြောင့်မတ်တည်ကြည်စွာ ပြောသည်။ “ဂိုဏ်းသခင်ချင်က မင်းထက် အဆင့်မြင့်တယ်။ ဒါကြောင့် နောက်နောင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင်ဆိုတဲ့ နာမည်နဲ့ မင်းကို လှည့်စားရင် သတိထားရမယ်။ လူသားဧကရာဇ်လို့ပဲ တွေးထားပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုတာ မေ့ထားလို့မရဘူး”
ချင်မူမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ တာအိုသခင်က သူ့ကို ရေဘေးလှိုင်းလုံးကြီးသဖွယ်၊ အရိုးအစိုင်းသားရဲကြီးသဖွယ် သတ်မှတ်ကာ သူ့တပည့် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဆွဲသွင်းမခံရအောင် အထူးဂရုစိုက်သင်ကြားပေးနေသည်။
တာအိုသခင်က ပြောသည်။ “လူသားဧကရာဇ်အနေနဲ့ တာအိုဓားပေါ် ဘယ်လိုမြင်ပါသလဲ”
ချင်မူက အလေးအနက်ပြန်ဖြေ၏။ “သင်္ချာသဘောတရားနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်မပိုင်ဘူး။ အင်မတန်ရှုပ်ထွေးလွန်းတယ်။ နောက်ဆုံးအကွက်တွေဆိုရင် သင်္ချာသဘောတရားတွေအဖြစ် ဖွဲ့တည်နေပြီး တာအိုနဲ့တောင် နီးစပ်နေသလိုပဲ”
တာအိုသခင်က ပြုံးကာ အဓိပ္ပါယ်ပါပါပြောသည်။ “တာအိုဂိုဏ်းရဲ့ တာအိုဓားကို စက်ဝန်းတစ်ခုကို အတိအကျတွက်ချက်နည်းအဖြစ်လည်း မြင်လို့ရပါတယ်။ ပိုင်ရဲ့ အချိုးက နောက်ဆုံးဒဿမကိန်းဖြစ်တဲ့ ရှုခုံး နဲ့ ချင်းကျင့်မှာတင် ရပ်မသွားတဲ့အတွက် ပိုင် (π) ရဲ့ ကိန်းတွေက အဆုံးမရှိပါဘူး။ တာအိုမှာ အဆုံးမရှိသလို၊ ပိုင်မှာလည်း အဆုံးမရှိဘူး။ ဒါကြောင့် ဘာ့အတွက် တာအိုကို ပြောင်းလဲနေဦးမှာလဲ။ ဘာ့အတွက် တာအိုကို ပြောင်းလဲနေဦးမှာလဲ”
ချင်မူမှာ မှင်သက်သွားသည်။ ဤတာအိုသခင်အိုကြီးကား တာအိုဂိုဏ်း၏ ဖြောင့်မတ်မှုနှင့် တရားမျှတမှုအကြောင်း သူ့အား ဆုံးမဩဝါဒချနေချေပြီ။
“တာအိုသခင်၊ သိပ်ပိုမသွားအောင် သတိထားပါဦး” ချင်မူက အပြုံးလေးဖြင့် ပြောလိုက်သည်။
တာအိုသခင်က တဟားဟားရယ်၍ တောက်ကျစ်လင်းရွှမ်အား ကျောက်ပြားနံရံဆီ ပြန်ခေါ်သွားသည်။ “လူသားဧကရာဇ်ရဲ့ အဆင့်အတန်းက သူများနဲ့မတူပါဘူး။ ကြောက်စရာရန်သူတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် မဟာမြို့ပျက်ဆီ တတ်နိုင်သမျှမြန်မြန်ပြန်သွားတာ အကောင်းဆုံးပါပဲ။ နဂါးဘုရင်ရဲ့သမီးတော်ကို ဒီရသေ့အိုကြီးက လွှတ်လိုက်တာဆိုတော့ ပြန်ခေါ်သွားခွင့် ပြုပေးနိုင်မလား”
ချင်မူက သူတို့ခြေထောက်အောက်ရှိ ကြက်ခေါင်းဝါဂျင်ဆင်းစေ့များကို ငုံ့ကြည့်လိုက်ရာ အပင်အများစုမှ အရွက်တချို့ ထွက်လာနေခဲ့ပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သို့သော် သေသွားသော ကြက်ခေါင်းဝါဂျင်ဆင်းတချို့လည်း ရှိသည်။
“စိတ်မပူပါနဲ့ သူ ဒီရသေ့အိုကြီးရဲ့ စကားကို နားထောင်ပြီး ဒီကို ဘယ်တော့မှ ပြန်မလာဘဲ နေပါလိမ့်မယ်” တာအိုသခင်က ပြုံးသည်။ “လူသားဧကရာဇ်အနေနဲ့ ဘာမှမဆုံးရှုံးခဲ့ပါဘူး။ ဆုံးရှုံးလိုက်ရတာ သူပဲမဟုတ်လား”
ချင်မူက ခေါင်းညိတ်၍ လုံကျောင်းနန်အား လှမ်းခေါ်သည်။ လုံကျောင်းနန်မှာ နာကျင်မှုကို သည်းခံကာ ထော့နဲ့ထော့နဲ့ လာသည်။
ချင်မူက မေးသည်။ “မင်း ငါနဲ့ ရန်သူလုပ်နေဦးမှာလား”
“ငါတို့နဂါးစီးဂိုဏ်းက နင့်ကြောင့် ဂိုဏ်းလုံးကျွတ် သေခဲ့ရတာ။ နင်နဲ့ ရန်သူလုပ်ဖို့ကလွဲပြီး ငါ့မှာ ရွေးစရာမရှိဘူး”
“ငါမရှိရင်တောင်မှ နဂါးစီးဂိုဏ်းက အသုတ်သင်ခံရဦးမှာပဲ။ အဲ့ဒါက အမှန်တရားပဲ။ ငါ ကောင်းကင်လှိုင်းမြို့ကို မရောက်နေခဲ့ရင်တောင်မှ မင်းတို့တွေရဲ့ အဆုံးသတ်က အတူတူပဲဖြစ်လိမ့်မယ်” ချင်မူက လုံကျောင်းနန်ကို ပြောသည်။ “ငါ အဲဒီကို မတော်တဆသက်သက်ပဲ ရောက်သွားခဲ့တာ။ မင်းအနေနဲ့ ငါ့ကို မုန်းတာ မမှားပါဘူး။ ဒါပေမဲ့ နောက်တစ်ကြိမ် မင်းလာရင်တော့ ငါ မင်းကို သတ်မယ်။ မညှာတော့ဘူး”
လုံကျောင်းနန်က အံတင်းတင်းကြိတ်သည်။ “ငါလည်း မညှာဘူး”
ချင်မူက ခေါင်းခါလေသည်။ “မင်းမှာ အခွင့်အရေးမရှိတော့ဘူး။ အရေခွံလည်း ဆက်လဲမနေနဲ့တော့။ လဲလေလေ အသက်ကြီးလာလေလေ ဖြစ်လိမ့်မယ်။ တာအိုသခင်နောက်လိုက်သွားပြီး ထွက်သွားပါ”
လုံကျောင်းနန်က ငေးငေးငိုင်ငိုင်ဖြင့် တာအိုသခင်ဘေး သွားရပ်သည်။ ချင်မူနှင့်ဆုံတွေ့တိုင်း ချင်မူသည် အားကောင်းလာခဲ့၏။ နောက်တစ်ကြိမ် သူနှင့်တွေ့လျှင် သူ့အနေဖြင့် ချင်မူ၏ပြိုင်ဘက် ဖြစ်နိုင်ဦးမည်လား...
သူ့တွင် အခွင့်အရေးရှိသေးသည်လား...
သို့သော် သူ၏ဆင်ခြင်သုံးသပ်နိုင်စွမ်းကို အမုန်းက ဝါးမြိုသွားပြီး ငေးကြောင်နေသောအမူအရာကို ပျောက်ကွယ်သွားစေသည်။
တာအိုသခင်က လက်သီးဆုပ်၍ နှုတ်ဆက်သည်။ “သွားလိုက်ပါဦးမယ်”
ချင်မူက အရိုအသေပြန်ပေးသည်။ “ကောင်းကောင်းသွားပါ တာအိုသခင်”
ဝှစ်
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင်များ၊ ဂိုဏ်းစောင့်များနှင့် ကောင်းကင်နတ်မင်းအားလုံး ထရပ်၍ လမ်းဖွင့်ပေးသည်။
တာအိုသခင်သည် လုံကျောင်းနန်နှင့် တောက်ကျစ်လင်းရွှမ်ကို ကျွန်းအပြင် ခေါ်ထုတ်သွား၏။ ထို့နောက် သူတို့ခြေထောက်အောက်၌ တိမ်တိုက်တစ်ခုပေါ်လာပြီး သုံးယောက်လုံးကို သယ်ဆောင်သွားသည်။
ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်းသားများကို ကြည့်၍ ပြုံးလျက် လက်ခါလိုက်သည်။ “လူစုခွဲကြတော့ လူစုခွဲကြတော့...”
လူတိုင်း သူ့ကို အရိုအသေပေးပြီး အလံများ ဝင့်ယမ်းကာ အစအနမကျန် ပျောက်ကွယ်သွားကြသည်။ သို့သော် ကောင်းကင်နတ်မင်းယွီနှင့် ကောင်းကင်နတ်မင်းဝမ်တော့ ကျန်ခဲ့သည်။ ချင်မူ၏အသက်အန္တရာယ်နှင့်ပတ်သက်၍ စိုးရိမ်မကင်းသေးသည်ဟူသော သက်သေပင်။
ချင်မူက ပြုံးသည်။ “ကျွန်တော့်ကို ဒီလောက်စိုးရိမ်စရာမလိုပါဘူး။ နတ်မင်းတို့လည်း ပြန်နိုင်ပါတယ်”
ကောင်းကင်နတ်မင်းနှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ဝတ်ရုံများဖြင့် သူတို့ကိုယ်သူတို့ ဖုံးကာ ပျောက်ကွယ်သွားကြသည်။
“သူတို့ ဝေးဝေးသွားမယ်မထင်ဘူး” စစ်ယွင်ရှန်းက ပြောသည်။
ချင်မူက ခေါင်းညိတ်သော်လည်း လင်ယွိရှို့မှာ ဦးနှောက်ခြောက်နေသည်။ “သိပ်တော်လှတဲ့ ဂိုဏ်းသခင်ကြီးရေ၊ နင့်ဂိုဏ်းသားတွေရှေ့မှာ ဟိတ်ဟန်ထုတ်ဖို့ပဲ ဂရုစိုက်တယ်နော်။ ကဲ အခု ငါတို့ ဘယ်လိုပြန်ကြမလဲ”
ချင်မူ တခဏတွေဝေသွားသည်။ သူ အမှန်တကယ် ဟိတ်ဟန်ထုတ်ခဲ့မိ၏။ ဒုက္ခိတကျေးရွာမှ အဘိုးအဘွားများက တစ်ပါးသူကို ရှုံးသွားလျှင်တောင် ဟန်မပျက်အောင် သင်ပေးခဲ့သည့်အတွက် သူ၏ဟိတ်ဟန်မပျက်စေဖို့ ကောင်းကင်နတ်ဆိုးဂိုဏ်းသားများအား ဤအရှေ့ပင်လယ်ပေါ်ရှိ ကျွန်းပေါ်မှ သူ့အား ခေါ်သွားခွင့်မပြုခဲ့ပေ။
“ဖန်းယွင်ရှောင် ငါတို့ကို ပြန်လာခေါ်မယ်ထင်လား” သူက မဝံမရဲမေးကြည့်သည်။
မိန်းကလေးနှစ်ယောက်က ငေါ့တော့တော့ ရယ်၍ တစ်ပြိုင်တည်းပြောသည်။ “သူ အဲဒီလောက်အော်ကြီးဟစ်ကျယ် ငိုပြီး ပြန်သွားတာကို နင့်ဘကြီးမို့ ပြန်လာမှာလား”
ချင်မူက တိုးတိုးလေးပြောသည်။ “ပင်လယ်ပေါ်ကနေပဲ ဖြတ်သွားကြတာပေါ့...”
“အေး တခြားရွေးစရာမှ မရှိတော့တာ”
စစ်ယွင်ရှန်းက ဝိညာဉ်စမ်းချောင်းကို လှည့်ကြည့်ရင်း ပြန်ဖို့ အင်တင်တင်ဖြစ်နေသည်။ “ကြက်ခေါင်းဝါဂျင်ဆင်းတွေ နိုးလာရင် ငါတို့ကို မှတ်မိမယ်ထင်လား”
“မပြောတတ်ဘူး”
ချင်မူက ဝိညာဉ်စမ်းချောင်းဘေးရှိ ကြက်ခေါင်းဝါဂျင်ဆင်းများကို လှည့်ကြည့်၍ ခေါင်းခါသည်။ “သူတို့က တစ်ခါသေပြီးသွားပြီဆိုတော့ ဝိညာဉ်တွေသာ ရှိရင် အမှောင်ကမ္ဘာယိုတုကို ရောက်နေလောက်ပြီ။ ဒါပေမဲ့ ရုပ်ခန္ဓာတွေကတော့ အသက်ပြန်ဝင်လာလိမ့်မယ်။ ဝိညာဉ်တွေက အရင်လိုဖြစ်ဦးမှာလား၊ အရင်မှတ်ဉာဏ်တွေကို ပြန်ရမလား၊ စက္ကူဗလာလို မှတ်ဉာဏ်တွေနဲ့ ဝိညာဉ်တွေအသစ်တွေ ဖွဲ့တည်မလားဆိုတာတော့... ငါလည်း မသိဘူး”
စစ်ယွင်ရှန်းမှာ အတန်ငယ်စိတ်မကောင်း ဖြစ်နေသည်။ သို့သော် ချင်မူနှင့် လင်ယွိရှို့တို့ ပင်လယ်ရေပြင်ထက် ရောက်နေပြီကိုမြင်လျှင် ကပျာကယာလိုက်သွားသည်။ ချင်မူ၏ ခြေထောက်အောက်၌ လှိုင်းတစ်လုံး မြောက်တက်လာပြီး ရေပြင်ကို ခွဲသွားသော နဂါးခေါင်းပမာ သူတို့အား အနောက်ယွန်းသို့ သယ်ဆောင်သွားလေသည်။
ထိုစဉ် နောက်တစ်နေရာတွင် ...။ ဥသျှောင်မှော်ဆရာသည် ပန်းကုန်စွန်ထံမှ သတင်းရ၍ လိုလန်ရွှေနန်းတော်မှ ထွက်ကာ အနောက်အရပ်သို့ ချက်ချင်း ထွက်လာ၏။
သူက အပြောကျယ်ပြီး မာယာများသော မဟာမြို့ပြက်ကို ကွေ့ရှောင်၍ နှင်းဖုံးတောင်များကို ဖြတ်ကာ မီးကန္တာရများအား ကျော်သွားသည်။ အနောက်ကမ္ဘာမြေသို့ ရောက်သည့်အခါ ထိုနေရာရှိ အမြင့်ဆုံးတောင်ထိပ်သို့ တက်သည်။
ဤနတ်တောင်မြတ်၏ ရွှေတောင်ထွတ်သည် ယဇ်ပလ္လင်တစ်ဆူမှလွဲ၍ ရှင်းလင်းနေ၏။ ဥသျှောင်မှော်ဆရာက အမွှေးတိုင်သုံးတိုင်ကို ထုတ်ကာ မီးထွန်းညှိသည်။ မီးခိုးငွေ့များက ကွေးကောက်လိမ်ပတ်လျက် အထက်ကောင်းကင်ဘုံသို့ လွင့်လူတက်သွားသည်။
မီးခိုးငွေ့များ လွင့်ပြယ်သွားသောအခါ ကောင်းကင်ထဲ၌ အပြာရောင်မိုးကောင်းကင်နှင့် တစ်သားတည်းဖြစ်လုနီးပါးရှိသော အစိမ်းရောင်မျက်နှာကြီးတစ်ဖက်ပေါ်လာသည်။
“လူသားဧကရာဇ်အသစ် ပေါ်ထွန်းလာတော်မူပါပြီ” ဥသျှောင်မှော်ဆရာက အမွှေးတိုင်းထွန်းလျက် အရိုအသေပေးကာ လျှောက်တင်သည်။