← Chapters

အထက်ကောင်းကင်ဘုံ

Vol. 21 Ch. 290

အထက်ကောင်းကင်ဘုံ

Vol. 21 Ch. 290

ကောင်းကင်ထက်ရှိ အစိမ်းရောင်မျက်နှာကြီးက အလွန်ကြီးမားလှပြီး မီးခိုးငွေ့များဖြင့် ဖွဲ့တည်ထားပုံရ၍ ခပ်ရေးရေးမျှ မှုန်ဝါးနေသည်။ သို့သော် နိမ့်ဆင်းလာသည်နှင့်အမျှ တဖြည်းဖြည်း ထင်ရှားသဲကွဲလာ၏။

ဥသျှောင်မှော်ဆရာ၏ နဖူးမှ ချွေးစက်များ တပေါက်ပေါက် ကျနေသည်။ သူ့မှာ မော်မဖူးဝံ့သဖြင့် ခေါင်းသာ တွင်တွင်ငုံ့ထား၏။

“အထက်ကောင်းကင်ဘုံ....”

ကောင်းကင်ထက်မှ လုံးဗထွေးအသံတစ်သံ ထွက်လာသည်။ “နားလည်ပြီ”

ဥသျှောင်မှော်ဆရာမှာ ကျောက်ရုပ်သဖွယ် တောင့်တောင့်ကြီးရပ်နေသည်။ နတ်တောင်မြတ်၏ ရွှေတောင်ထွတ်သည် အရိုးခိုက်အောင် အေးသော်လည်း သူ၏ချွေးစက်များမှာ ပေါက်ခနဲ ပေါက်ခနဲ ကျနေဆဲပင်။

အချိန်အနည်းငယ်ကြာသော် ဥသျှောင်မှော်ဆရာက မျက်လုံးလှန်၍ မိုးကောင်းကင်အား ခိုးကြည့်လိုက်ရာ ကြည်လဲ့ပြာရှင်းနေကြောင်း တွေ့လိုက်ရသည်။ စောစောက မျက်နှာကြီးမှာ ပျောက်ကွယ်သွားခဲ့ချေပြီ။

ဥသျှောင်မှော်ဆရာမှာ လေတစ်ချက် မှုတ်ထုတ်၍ ဤနေရာမှ ဝေးရာသို့ ခပ်သုတ်သုတ် ထွက်သွားသည်။

အချိန်များစွာကြာသော် ရွှေတောင်ထွတ်ထက်၌ မီးတောက်သေးသေးလေးများ ပေါ်လာကာ လှိုင်းဂယက်များသဖွယ် တုန်ခါနေသည်။ တုန်ခါခြင်းရပ်တန့်သွားသည့်အခါ မီးတောက်များအတွင်းမှ ရွှေမျက်လုံးစွမ်းနီခြင်္သေ့တစ်ပိုင်းနှစ်ကောင်က ရတနာစီခြယ်ရထားလုံးတစ်စီးကို ဆွဲလျက် ထိုးထွက်လာ၏။

မင်းမြောက်တန်ဆာထီးတော်ကို ရထားလုံး၏အလယ်တည့်တည့်တွင် စိုက်ထူထားပြီး ထီးအောက်တွင် ကျောက်စိမ်းပုလဲများဖြင့် ဖွဲ့စည်းဖန်တီးထားသည့် လိုက်ကာတစ်စ လွင့်မျောနေသည်။ ထီးတော်၏ထိပ်၌မူ ရွှေရောင်အထွတ်စိန်ဖူးရှိသည်။ စိန်ဖူးကို အပေါ်ရောက်လေ သေးငယ်လေဖြစ်သော ခပ်ဝိုင်းဝိုင်းအထွတ်သုံးခုဖြင့် ထပ်ဆင့်ဖွဲ့စည်းထား၏။

လက်မောင်းတမျှ တုတ်ပြီး ခုနစ်ပေမြင့်သော ရွှေတိုင်လေးလုံးက ထီးတော်ကို လေးဖက်လေးလံမှ ထောက်ခံထားသည်။ တိုင်တစ်လုံးစီ၏ဘေးတွင် ချောမောလှပသော အစေခံမောင်းမတစ်ဦးစီသည် ချီစွမ်းအင်ကို ဦးခေါင်းနောက်၌ စက်ဝိုင်းပုံအကွင်းတစ်ကွင်းပုံစံ ဖွဲ့တည်လျက် ရပ်နေကြ၏။ သူတို့၏အဝတ်အစားများက လေအဝှေ့ကြောင့် တဖပ်ဖပ်လွင့်နေပြီး တစ်ယောက်နှင့်တစ်ယောက် ဝတ်ထားသည့်အရောင်မတူကြပေ။ အစိမ်းရောင်ဝတ်ရုံနှင့်မောင်းမက ကျောက်စိမ်းပန်းအိုးတစ်လုံးကို ကိုင်ထားပြီး အနီရောင်ဝတ်ရုံနှင့်မောင်းမက ခုနစ်ကြိုးတပ်ကုချင်းကို ပိုက်ထားသည်။ အဝါရောင်ဝတ်ရုံနှင့်မောင်းမက ဓားတစ်လက်ကို လက်နှစ်ဖက်လုံးဖြင့် ပင့်မြှောက်ထားကာ အဖြူရောင်ဝတ်ရုံနှင့်မောင်းမကမူ ဖီဖာတစ်လက်အား ပိုက်ထားသည်။

ထီးတော်၏အောက်၊ ကျောက်စိမ်းပုလဲလိုက်ကာ၏ အနောက်၌ ခရမ်းရောင်ဝတ်ရုံနှင့် လူတစ်ယောက်က မတ်မတ်ထိုင်နေသည်။ သူက တုပ်တုပ်မလှုပ်သည့်အပြင် တမူထူးခြားသော အငွေ့အသက်ရှိနေ၏။

စွမ်းနီခြင်္သေ့နှစ်ကောင်က တောက်ပလင်းလက်သော အရောင်အဝါများကို ထုတ်လွှတ်လျက် မင်္ဂလာတိမ်တိုက်များအပေါ် နင်း၍ လျှပ်စီးသဖွယ် အမြန်နှုန်းဖြင့် ရတနာစီခြယ်ရထားလုံးကို အလယ်ကမ္ဘာမြေဆီ ဆွဲသွားသည်။

ရတနာစီခြယ်ရထားလုံးသည် ဥသျှောင်မှော်ဆရာကဲ့သို့ မဟာမြို့ပြက်ကို ‌ရှောင်ကွင်းမသွားပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ မျဉ်းဖြောင့်တစ်တန်းသဖွယ် တည့်တည့်မောင်းထွက်သွားသည်။ ရထားလုံးထဲရှိ လူများသည် မဟာမြို့ပျက်၏အန္တရာယ်များအား ခေါင်းထဲထည့်ဟန်မတူပေ။

ညရောက်သောအခါ အမှောင်ထုသည် မြေပြင်ကို ဝါးမြိုသွား၏။ စွမ်းနီခြင်္သေ့နှစ်ကောင်က ကောင်းကင်ယံသို့ ရိုက်ခတ်သွားသော မီးတောက်မီးလျှံများအား ထုတ်လွှတ်လိုက်သည်။ အမှောင်ထုကို ခွင်း၍ ရတနာစီခြယ်ရထားလုံးကို ဆွဲလာသော စွမ်းနီခြင်္သေ့နှစ်ကောင်မှာ အမှောင်ထဲက မီးတောက်ပမာ ထင်းလင်းနေ၏။

မိစ္ဆာချီက ရတနာစီခြယ်ရထားလုံးနှင့် စွမ်းနီခြင်္သေ့နှစ်ကောင်၏အရောင်အဝါဆီ အနက်ရောင်လက်ဝါးကြီးသဖွယ် စီးမျောလာသည်။ အနက်ရောင်လက်ဝါးကြီး ဖြတ်လာသော နေရာတိုင်းတွင် အလင်းဟူသမျှ ဝါးမြိုခံလိုက်ရ၍ အမှောင်ထုသာ ကျန်ရစ်ခဲ့သည်။

အနက်ရောင်လက်ဝါးကြီး ရတနာစီခြယ်ရထားလုံးအရှေ့ ရောက်သောအခါ မည်သည့်အလင်းရောင်ကိုမှ မမြင်ရတော့ပေ။ ထိုအခါ ပုလဲလိုက်ကာမှာ လှုပ်ခတ်သွားပြီး အနီရောင်ဝတ်ရုံနှင့်မောင်းမ၏ ကုချင်းသံက တဒေါင်ဒေါင်တဒင်ဒင် ထွက်လာသည်။

ကုချင်းသံ ထွက်လာသည်နှင့် အနက်ရောင်လက်ဝါးကြီးက တွန့်ဆုတ်သွားပြီး နောက်ရွေ့သွားသည်။

“အထက်ကောင်းကင်ဘုံလား” အမှောင်ထုထဲမှ အက်ကွဲကွဲအသံတစ်သံက မေးသည်။

အနီရောင်ဝတ်ရုံနှင့်မောင်းမက ခေါင်းညိတ်၍ ဖြေ၏။ “အထက်ကောင်းကင်ဘုံက ကြယ်ဘုရင်ချောင်ပါ”

အမှောင်ထုထဲရှိ မကောင်းဆိုးဝါးသည် နောက်ဆုတ်ပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွား၏။ ထိုမှစ၍ မည်သည့်မကောင်းဆိုးဝါးမှ ရတနာစီခြယ်ရထားလုံးအား မ‌နှောင့်ယှက်တော့ချေ။

မဟာမြို့ပျက်သည် တွေးတောမရလောက်အောင် အန္တရာယ်များသော်လည်း ညအခါတွင် အတော်လေးစည်ကားသေး၏။ ကြောက်မက်ဖွယ်အရာအားလုံး လှုပ်ရှားကြပြီး ထူးဆန်းသောဖြစ်ရပ်များလည်း တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေသည်။

ရတနာစီခြယ်ရထားလုံးက မနှေးလွန်း၊ မမြန်လွန်းသောအရှိန်ဖြင့် အရှေ့တည့်တည့်မောင်းနေသည်။ ထီးတော်အောက်ရှိ ကြယ်ဘုရင်ချောင်က လက်ရှိမဟာမြို့ပျက်ကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။ “မကောင်းဆိုးဝါးအကြွင်းအကျန်တွေကို အခုထိမဖယ်ရှားရသေးဘူးပဲ။ အဆိပ်တွေ ကျန်နေသေးတယ်”

ရတနာစီခြယ်ရထားလုံးသည် အမှောင်ထုကို မျဉ်းဖြောင့်အလင်းတန်းသဖွယ် ထိုးခွင်းရင်း ကောင်းကင်သို့ ပျံတက်သွား၏။ အောက်မှအပေါ်သို့ မော့ကြည့်လျှင် မိုးကုပ်စက်ဝန်းကို ဖြတ်၍ မနှေးလွန်းမမြန်လွန်း ရွေ့လျားနေသော ကြယ်တစ်စင်းသဖွယ် ဖြစ်နေသည်။

မဟာမြို့ပြက်၏ညမှာ အမှောင်ထု၏ဝါးမြိုခြင်း ခံထားရ၍ ကောင်းကင်ထက်တွင် ကြယ်သော်လည်းကောင်း၊ လသော်လည်းကောင်း မရှိချေရာ မြို့ပျက်အတွင်း ပုန်းအောင်းနေသော ရွာသားများ၊ ဆန်းကြယ်သားရဲကြီးများမှာ တစ်ခါမှမမြင်ခဲ့ဖူးသော မြင်ကွင်းကို မော့မကြည့်မိဘဲ မနေနိုင်ကြပေ။

ရုတ်တရက် ထိုကြယ်က အရှိန်အဟုန်ဖြင့် ကြွေဆင်းလာကာ မဟာမြို့ပျက်ထဲ ပြုတ်ကျလာ၏။ ရွာသားများနှင့် ဆန်းကြယ်သားရဲကြီးများမှာ နှမြောတသစွာ သက်ပြင်းချလျက် ကြည့်နေမိကြသည်။

ဒုန်းးးးးးးးးး

ရတနာစီခြယ်ရထားလုံးသည် မာန်ဟုန်မြစ်အစဆီ ဒေါင်လိုက်ကျသွား၏။ အမှောင်ထဲတွင် တောင်နှစ်လုံးမှာ မုခ်ဝကြီးတစ်ခုသဖွယ် ဖြစ်နေပြီး ရတနာစီခြယ်ရထားလုံးက ၎င်းတို့၏အလယ်တည့်တည့်သို့ ကျသွားခြင်းဖြစ်သည်။

စွမ်းနီခြင်္သေ့နှစ်ကောင်က အဆင်းကို ထိန်းနိုင်အောင် ကြိုးစားသော်လည်း မည်သို့လုပ်လုပ် မတတ်နိုင်တော့ရာ အော်ဟစ်ကြတော့သည်။

ရထားလုံးအပေါ်ရှိ မောင်းမလေးဦးလည်း ပျာယာခတ်နေသည်။ လွန်ခဲ့သောတစ်ချိန်က သူတို့လေးယောက် အရိုးစုများ ဖြစ်သွားခဲ့ကြောင်း သဘောပေါက်သွားကြ၏။

မောင်းမလေးဦးက အရှေ့ကို ကြည့်လိုက်ရာတွင် ရထားလုံးအား ဆွဲနေသော စွမ်းနီခြင်္သေ့နှစ်ကောင်လည်း အရိုးစုများဖြစ်နေကြောင်း မြင်လိုက်ရသည်။

ထီးတော်၏အောက်တွင်လည်း နောက်အရိုးစုတစ်စု ရှိနေသည်။

ထိုအရိုးစုက က္ကန္ဒြေမပျက် အေးစက်စက် နှာခေါင်းရှုံ့သည်။ “ငါ့ရထားလုံးကို ဆွဲချတယ်ဆိုတော့ ဖုန်းတုရဲ့ မိစ္ဆာစိတ်တွေ မသေသေးတာလား”

သူတို့အရှေ့ရှိ အမှောင်ထုနှင့် မြူထဲတွင် ဧရာမအရိပ်ကြီးများ ရပ်နေသည်ကို မြင်ရနိုင်သည်။ မြူထဲ၌ အနီရောင်အလင်းများပင် ထွန်းလင်းနေကာ မီးအိမ်ကဲ့သို့အရာများက ရတနာစီခြယ်ရထားလုံး ရွေ့လျားသည့်နောက် လိုက်နေသည်။

သို့သော် ထိုအရာများက မီးအိမ်များမဟုတ်၊ မျက်လုံးများပင်။

အရိပ်များက တစတစ မှုန်ဝါးလာပြီး အနီရောင်အလင်းများလည်း ပျောက်ကွယ်သွားသည်။

စွမ်းနီခြင်္သေ့နှစ်ကောင်၏ကိုယ်ပေါ်တွင် အသားများပြန်ပေါ်လာပြီး ရထားလုံးမှာလည်း မလေးတော့ပေ။ စွမ်းနီများက ချက်ချင်း အားထည့်၍ ရထားလုံးကို ကောင်းကင်ထက်သို့ ပြန်ဆွဲနေသည်။ မောင်းမလေးဦးမှာ အသားများပြန်ပေါ်လာသည်ကိုမြင်မှ စိတ်သက်သာရာရသွားကြ၏။

ကြယ်ဘုရင်ချောင်၏ခန္ဓာကိုယ်လည်း နဂိုအတိုင်း ပြန်ဖြစ်သွားပြီး သူက မထူးခြားဟန်ဖြင့် ပြောသည်။ “ဖုန်းတု၊ ယိုတုရဲ့စည်းကမ်းကို မလိုက်နာဘဲ အထက်ကောင်းကင်ဘုံကိုတောင် အာခံရဲတယ်။ အနှေးနဲ့အမြန် ဒီနေရာ ဖယ်ရှားခံရလိမ့်မယ်”

ရတနာစီခြယ်ရထားလုံးသည် မာန်ဟုန်မြစ်တစ်လျှောက် ဆက်လက်မောင်းနေသော်လည်း မိုးလင်းလာသည့်အခါမှ မိုင်တစ်ထောင်ကျော် ဝေးကွာသော မဟာမြို့ပျက်၏အဆုံးကို မြင်လိုက်ရသည်။

ထိုစဉ် ဓားရောင်က အောက်မှ ဖြာတက်လာကာ လေလယ်တွင် ပေါက်ကွဲသွားသည်။ ချက်ချင်းပင် ဓားရောင်သည် ဟိုသည်ကူးလာ ဖြာဆင်းသွားပြီး နေမင်း၏အလင်းရောင်ကိုပင် လွှမ်းမိုးသွား၏။

စွမ်းနီခြင်္သေ့နှစ်ကောင်နှင့် မောင်းမလေးဦးမှာ ချက်ချင်း မျက်လုံးပိတ်လိုက်ရသည်။ မျက်လုံးပြန်ဖွင့်သောအခါ မောင်းမလေးဦးထံမှ တအံ့တဩရေရွတ်သံများ ထွက်လာကြသည်။ ကမ္ဘာမြေကို တုန်ဟည်းစေသော ဓားရောင်က ပျောက်ကွယ်သွားခဲ့ပြီး ရထားလုံး၏အရှေ့၌ ခံ့ညားထည်ဝါသည့် တောင်တန်းများ၊ မြစ်ပြင်များ တည်ရှိနေသည်။ မိုးထိုးနေသော တောင်ထွတ်များနှင့် မတ်စောက်သော တောင်ကြောများကား အဆုံးမဲ့နေ၏။

မြစ်များက မိုးထိုးတောင်တန်းများနှင့် တောင်ကြောမတ်မတ်များမှ တဝုန်းဝုန်းမြည်လျက် စီးဆင်းနေသည်။ ကျောက်ကမ်းပါးနံရံများမှ ကျဆင်းနေသော ရေတံခွန်တစ်ခုပင် ရှိသည်။

ဤစိမ်းစိမ်းစိုစိုတောင်တန်းများနှင့် ပြာလဲ့လဲ့ရေများသည် တိမ်တိုက်များအကြား ပျံဝဲစီးဆင်းနေခြင်းဖြစ်၏။ အစစ်အတိုင်း အသက်ဝင်လွန်း၍ တံလျှပ်များဟုပင် မထင်ရပေ။

“ရပ်လိုက်” ကြယ်ဘုရင်ချောင်က ဖြည်းဖြည်းချင်း ပြောသည်။

စွမ်းနီခြင်္သေ့နှစ်ကောင် ရပ်သွားသည့်အခါ ကြယ်ဘုရင်ချောင်သည် တောင်တန်းမြစ်ပြင်များ၏ အဆုံးကို ထကြည့်၏။ သို့ထိတိုင် တောင်တန်းမြစ်ပြင်တို့သည် သဘာဝအလျောက် ဖြစ်တည်နေသကဲ့သို့ မျက်စိတစ်ဆုံး သွယ်တန်းလျက်ရှိချေသည်။ တိမ်တိုက်များထဲရှိ တောင်ထွတ်များမှာ တိမ်တိုက်များအောက်မှ အဆက်မပြတ် ပေါ်ထွက်လာနေသည့်အလား ကြီးမားကျယ်ပြန့်နေသည်။

ထိုစဉ် တောင်တန်းမြစ်ပြင်များ၏ အစပ်နားတွင် ပကတိမျက်စိဖြင့် မြင်နိုင်ခဲသော ဓားရောင်များ တဖျပ်ဖျပ် လက်နေသည်။ ကြယ်ဘုရင်ချောင်၏မျက်လုံးများကတော့ ဓားရောင်ကို အမိအရမြင်လိုက်၏။

လူတစ်ယောက်က ဓားတစ်လက်ကို စုတ်တံသဖွယ် အသုံးပြုကာ တောင်တန်းမြစ်ပြင်များကို ရေးဆွဲနေသယောင် ထင်ရသည်။

“ခြေပြတ်လက်ပြတ်က အသက်ရှင်နေ‌သေးတာပဲ” ကြယ်ဘုရင်ချောင်က ပြုံး၍ ညင်သာစွာ ပြောသည်။ “အောက်ဆင်းလိုက်။ အောက်မှာ ငါ့မိတ်ဆွေဟောင်းတစ်ယောက် နေ,နေတယ်”

စွမ်းနီခြင်္သေ့နှစ်ကောင်က ရတနာစီခြယ်ရထားလုံးကို ချက်ချင်း အောက်ဆွဲသွားသည်။ တိမ်တိုက်များ၏အောက်ခြေသို့ ရောက်သည့်အခါ တောင်တန်းမြစ်ပြင်များလည်း သူတို့နှင့်အတူ နိမ့်ဆင်းလာသည်။ တောင်တန်းမြစ်ပြင်များက သူတို့၏အရှိန်အတိုင်း နိမ့်ဆင်းလိုက်နေရာ ရှေ့လမ်းကို တစ်ချိန်လုံးပိတ်ဆို့ထားနေတော့သည်။

နောက်ဆုံးတော့ ရတနာစီခြယ်ရထားလုံးသည် မြေပေါ် ဆင်းသက်လိုက်နိုင်ပြီး ကောင်းကင်ထက်ရှိ တောင်တန်းမြစ်ပြင်များလည်း သေးငယ်သထက် သေးငယ်ကာ ဆုတ်ခွာသွားသည်။ တောင်တန်းမြစ်ပြင်များ ပျောက်ကွယ်သွားသောအခါ သူတို့အရှေ့၌ မြစ်ကမ်းဘေးရွာလေးတစ်ရွာ ပေါ်လာ၏။

ကြယ်ဘုရင်ချောင်က ပုလဲလိုက်ကာမှတစ်ဆင့် ကြည့်လိုက်ရာ ရွာဝင်ပေါက်တွင် ထမ်းစင်တစ်စင်ကို မြင်လိုက်ရသည်။ ထမ်းစင်ထက်၌ ခြေလက်များပြတ်နေသော အဘိုးအိုတစ်ဦး လှဲနေ၏။ ခြေလက်မပါသော စုတ်ပဲ့ပဲ့အဘိုးအိုက နေရောင်ကို အေးဆေးသက်သာ ခံစားရင်း ထမ်းစင်ကို ရှေ့နောက်လွှဲနေသဖြင့် ထမ်းစင်မှာ တကျွိကျွိ ခါနေသည်။

“ခြေပြတ်လက်ပြတ်” ကြယ်ဘုရင်ချောင်က ရထားလုံးပေါ်မှ မဆင်းချေ။ ပုလဲလိုက်ကာနောက်မှသာ စကားပြောနေသည်။ “ခြေလက်တွေမရှိတော့တာတောင် ငါ့လမ်းကို ပိတ်ရဲသေးတယ်လား။ မင်းကိုယ်မင်း အထင်ကြီးနေတယ် မထင်ဘူးလား”

ရွာလူကြီးက သူ့ကို ကြည့်ပြီး ထမ်းစင်အား အလွှဲမပျက်ပေ။ သူ့အတွက် ထိုသို့လှဲနေရခြင်းက အင်မတန် သက်တောင့်သက်သာ ရှိသည့်အတွက် သူက ပျင်းရိပျင်းတွဲ ပြောလိုက်သည်။ “အဲဒီလိုဆိုလည်း စမ်းကြည့်လိုက်လေ။ ငါ့မှာ ခြေလက်လည်းမရှိတော့ဘူး၊ သက်တမ်းကလည်း နှစ်ပိုင်းလောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ငါ့ကို သတ်ဖို့ မင်း ယုံကြည်ချက်ရှိသင့်တယ်မဟုတ်လား”

ကြယ်ဘုရင်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ “လူသားဧကရာဇ်အသစ်ကို မကာကွယ်ဖို့ မင်းမှာ အချိန်သိပ်မကျန်တော့ဘူး။ ဒါပေမဲ့ ငါ့အသက်ကို လောင်းကြေးထပ်ပြီး မင်းရဲ့ ဒုက္ခိတဘဝလေးနဲ့လည်း မတိုက်ခိုက်ဘူး”

“အသက်နဲ့ လောင်းကြေးထပ်ပြီး မတိုက်ခိုက်ရင်လည်း ပြန်လိုက်တော့”

ရုတ်တရက်  ရွာလူကြီး၏ ချီစွမ်းအင်က ခြေလက်များအဖြစ် ပြောင်းလဲသွားပြီး သူက ထမ်းစင်မှ ထလာသည်။ ရတနာစီခြယ်ရထားလုံးထံ သူလျှောက်လာသည့်အခါ စွမ်းနီခြင်္သေ့နှစ်ကောင်မှာ သွေးများအေးခဲသွားသည်ကို ခံစားလိုက်ရပြီး ရထားလုံးအပေါ်ရှိ မောင်းမလေးဦးလည်း တုန်လှုပ်ချောက်ချားနေသည်။ သူတို့၏မျက်လုံးထဲတွင် ပိန်ပိန်လှီလှီအဘိုးကြီး၏ ခန္ဓာကိုယ်သည် နီးကပ်လာသည်နှင့်အမျှ ကြီးမားသထက်ကြီးမားလာပြီး ခံ့ညားသထက် ခံ့ညားလာ၏။ ခြေလှမ်းအနည်းငယ်မျှဖြင့် သူ၏ခန္ဓာကိုယ်ကား မိုးကောင်းကင်နှင့် မြေပြင်ကို အုပ်မိုးကာ သူတို့၏ရှေ့ကို ပိတ်ဆို့ထားချေပြီ။

“လူသားဧကရာဇ်အသစ်ကို မင်း မကာကွယ်နိုင်ဘူး”

ကြယ်ဘုရင်ချောင် ထရပ်လိုက်သည့်အချိန်တွင် ရထားလုံးပေါ်ရှိ ထီးတော်သည် လည်စပြုလာ၏။ ထီးရွက်အောက်ရှိ တိုင်လုံးများက တုတ်သထက် တုတ်လာကာ ရှည်သထက် ရှည်လာသည်။ ထီးရွက်သည် တလွင့်လွင့် ပြန့်ကားလာပြီး ကျောက်စိမ်းပုလဲများသည်လည်း ကြယ်များသဖွယ် ကြယ်ဘုရင်ကို ဝန်းရံကာ ကြီးမားလာသည်။

ထိုအခိုက်အတန့်၌ သူ့အရှေ့ရှိ မောင်းမလေးဦးနှင့် ကြီးမားတုတ်ခိုင်သော မျိုးသန့်စွမ်းနီခြင်္သေ့နှစ်ကောင်မှာ သနားဖွယ်ကောင်းလောက်အောင် သေးငယ်သွားသယောင် ထင်ရ၏။

ချွင်

အဝါရောင်ဝတ်ရုံနှင့်မောင်းမလက်ထဲရှိ ဓားက ဓားအိမ်မှ ထွက်သွားပြီး ကြယ်ဘုရင်ချောင်၏လက်ထဲ ရောက်သွားသည်။

ကြယ်ဘုရင်ချောင်က ဓားကို လွှဲ၍ ရွာလူကြီး၏ ဓားချက်ကို ရင်ဆိုင်သည်။ ဓားရောင်နှစ်ရောင် ဆုံတွေ့သွားခိုက်တွင် မာန်ဟုန်မြစ်မှာ နှစ်ခြမ်းကွဲသွားပြီး ရေများ ပြောင်းပြန်စီးကုန်သည်။ တောက်ပသောဓားရောင်များက လျှပ်တပြက် ပျောက်ကွယ်သွား၏။

ဓားရောင်များ ပျောက်ကွယ်သွားသောအခါ ရွာလူကြီးသည် ထမ်းစင်ပေါ်တွင် လှဲ၍ တကျွိကျွိမြည်အောင် လွှဲနေဆဲဖြစ်သည်။ ကြယ်ဘုရင်ချောင်သည်လည်း နောက်ပြန်ဆုတ်ခဲ့ပြီး ရတနာစီခြယ်ရထားလုံးက ပုံမှန်အရွယ် ပြန်ရောက်သွားခဲ့၏။ လူ့ဘီလူးကြီးနှင့် ကြယ်စုံသောကောင်းကင်မှာ ထင်ယောင်ထင်မှားမြင်ကွင်းတစ်ခုသာ ဖြစ်ခဲ့သည့်အလားပင်။

“လူသားဧကရာဇ်ကို ငါ မသတ်ရင်တောင် တခြားလူတွေ လာလိမ့်မယ်” ကြယ်ဘုရင်ချောင်က ပုလဲကန့်လန့်ကာမှတစ်ဆင့် ထမ်းစင်ထက်တွင် အေးအေးလူလူ လှဲနေသော ရွာလူကြီးကို ကြည့်သည်။ “အထက်ကောင်းကင်ဘုံက လူငယ်တွေ သူ့ကို သွားရှာလိမ့်မယ်”

ရွာလူကြီးက ပျင်းရိပျင်းတွဲ ပြောသည်။ “မင်းတို့ သောက်အဘိုးကြီးမဟုတ်သရွေ့ ဘယ်သူ့လွှတ်လွှတ်ရတယ်ကွာ”

ကြယ်ဘုရင်ချောင်က သူ့ကို လေးနက်စွာ ကြည့်၍ ပြောသည်။ “အထက်ကောင်းကင်ဘုံကို ပြန်မယ်”

စွမ်းနီခြင်္သေ့နှစ်ကောင်က ချက်ချင်း ရထားလုံးကို လှည့်၍ မိုးကောင်းကင်ပေါ်တက်ကာ အနောက်ယွန်းယွန်းသို့ မောင်းနှင်သွားသည်။

ရထားလုံးပေါ်တွင် အစိမ်းရောင်ဝတ်ရုံနှင့် မောင်းမက ပြောသည်။ “အရှင်၊ ဘာကြောင့်အခုလို ပြန်တာပါလဲ..”

ကြယ်ဘုရင်က စကားတစ်ခွန်းမပြောဘဲ အင့်ခနဲ ညီးတွားသည်။ ရထားလုံးထံမှ သွေးစက်များက အောက်ရှိ မဟာမြို့ပျက်၏တောအုပ်အပေါ် တပေါက်ပေါက် ကျလာသည်။ သွေးစက်ကျသွားသော နေရာတိုင်းတွင် ပန်းများပွင့်လန်းလာကာ အပင်များသန်လာ၏။ မကြာမီ အပင်များ၊ ပန်းပွင့်များက တောင်တစ်တောင်လုံးကို ဖုံးသွားတော့သည်။

ဝှီး

ထီးတော်မှာ နောက်လန်သွားပြီး မဟာမြို့ပျက်ထဲ လွင့်ကျသွား၏။ ကျောက်စိမ်းများ၊ ပုလဲများသည်လည်း တောထဲတွင် ပြန့်ကြဲသွားသည်။

ကြယ်ဘုရင်ချောင်က မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ခပ်ဆတ်ဆတ် ပြောသည်။ “ကောက်မနေနဲ့တော့ အထက်ကောင်းကင်ဘုံကို မြန်နိုင်သမျှမြန်မြန် ပြန်”

မောင်းမလေးဦးမှာ ထိတ်လန့်သွားပြီး စွမ်းနီခြင်္သေ့နှစ်ကောင်လည်း အနောက်အရပ်သို့ တဟုန်ထိုး အရှိန်တင်လိုက်ကြသည်။

ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဝင်ဝတွင်

ထမ်းစင်သည် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွား၏။ ရွာလူကြီးမှာ မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားပြီး အသံဩဩကြီးဖြင့် အော်သည်။ “ဆေးဆရာရေ ဆေးဆရာ”

ဆေးဆရာမှာ မျက်ပြူးဆန်ပြာဖြင့် ထွက်လာပြီး မြည်တွန်တောက်တီး၏။ “ခြေလက်တွေ မရှိတာတောင် ဟိတ်ဟန်လုပ်ချင်သေးတယ်။ နည်းတောင်နည်းသေး.... မလှုပ်နဲ့ အရင်ဆုံး ဒဏ်ရာတွေ ကြည့်ရဦးမယ်”

All Chapters