← Chapters

အယောက် ၄၀

Vol. 3 Ch. 27

အယောက် ၄၀

Vol. 3 Ch. 27

အခန်း (၂၇)

အယောက် (၄၀)

လပ် ဘုတ်ပြားကို ကြည့်လိုက်သည်။ ဘုတ်ပြားတွင် အမှတ် (၁၇၆၀)ဖြင့် သူ အမှတ်အများဆုံးဖြစ်လေသည်။ နောက်ဆုံးထုတ်ပယ်ခြင်းအနေဖြင့် အယောက်တစ်ထောင်အတွင်းမှ အယောက်လေးဆယ်ကိုသာ ရွေးချယ်မှာ ဖြစ်လေသည်။

ပြိုင်ကွင်း ဆယ်ကွင်းတွင် လူအယောက် တစ်ရာစီ အုပ်စုလိုက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး တစ်ကွင်းမှ လေးယောက်စီသာ နောက်တစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။

လပ် တွေးနေစဉ်မှာပင် ဘေးနားသို့ နိုရာရောက်လေသည်။

“ ဟင်း ဟင်း ဒုတိယအသုတ်မှာ လပ်အမှတ်က အမြင့်ဆုံးဆိုတော့ ကဲ ကြိုက်တာ တောင်းဆိုလို့ရပြီ ” ဟု နိုရာက ပြောလိုက်လေသည်။

လပ်က နိုရာကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး “ ဟား ဟား ဟား အခု မတောင်းသေးဘူး လိုအပ်တဲ့ အချိန်ကျရင် တောင်းမယ် ”

“ နင် နင် ငါ့ကို မဟုတ်တာတွေတော့ မခိုင်းနဲ့ ” မျက်နှာနီရဲလျက် နိုရာက ပြန်ပြောလိုက်သည်။

“ အေးပါ နင် လိုက်လျောနိုင်တဲ့ ကိစ္စပါဟ ”

နောက်ဆုံးထုတ်ပယ်ခြင်းအဆင့်ကို မနက်ဖြန် မနက်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်လေသည်။

ထို့ကြောင့် လပ်နှင့် နိုရာတို့လည်း အနားယူရန် စားသောက်ခန်းဘက်သို့ ထွက်လာခဲ့လေသည်။ လပ်နှင့် နိုရာတို့ စားသောက်ခန်းအတွင်း အတူတွဲလျက် ဝင်လာသောအခါ အခြားဝိုင်းများမှ လူအများက စူးစူးစိုက်စိုက် ကြည့်နေ ကြလေသည်။

စားပွဲတစ်ခုတွင် နိုရာတို့ ထိုင်လိုက်ကြပြီးနောက် အစားအသောက်များကို မှာယူကြလေသည်။ နိုရာက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လပ်ကို ပြောလိုက်သည်။

“ လပ် ဟိုဘက်ဝိုင်းတွေမှာ ထိုင်နေတဲ့ ကတုံးနဲ့ ရွှေရောင်ဆံပင်ကို ကြည့်ထား ”

လပ်က “ အေး တွေ့တယ်လေ ဘာဖြစ်လို့လဲ ”

“ အမ် နင်က လေ့လာမှု အားနည်းတာပဲ ”

“ ကတုံးက ရုရှားက ကလစ်ဗော့၊ ရွှေရောင်ဆံပင်က

ဂျာမဏီက ဖီးလစ်၊ ဟိုးအစွန်မှာက ဆံပင်တစ်ခြမ်း ဆာမူရိုင်းနဲ့လူက ကာမာတာ၊ တရုတ်ရိုးရာဝတ်စုံနဲ့ကောင်က တရုတ်ကချောင်ချောင် သူတို့အားလုံး ဗိုလ်စွဲဖို့ နာမည်ကြီးနေတဲ့လူတွေလေ ”

“ ဟေ ” လပ် အံ့သြသွားပြီး ပြောလိုက်သည်။

“ အိုး ကမ္ဘာအနှံ့က သူရဲကောင်းတွေ ရောက်နေတာပဲ ”

“ ဒါပေါ့ စိတ်ဝင်စားစရာပဲ ” နိုရာက ပြောလေသည်။

ထို့နောက် စကားတပြောပြောဖြင့် စားသောက်နေကြလေသည်။

ကမ္ဘာအနှံ့အပြားနှင့် အခြားဂြိုလ်များမှ သူရဲကောင်းများ လာရောက်ယှဉ်ပြိုင်ကြသောကြောင့် ကျော်ကြားသော ဂုဏ်ယူစရာတိုက်ပွဲများဖြစ်ပြီး သေဆုံးမှုများလည်း ရှိလေသည်။

ထို့ကြောင့် သူရဲကောင်းတိုက်ပွဲများမှာ သွေးစွန်း သောတိုက်ပွဲများဖြစ်လေ့ရှိပြီး ဤစိမ်းပြာဂြိုလ်သည်လည်း သွေးစွန်းမြေဟု ခေါ်ဆိုထိုက်လေသည်။

နိုရာက စတင်ပြောဆိုလိုက်လေသည်။

“ လပ် နင်က အဓိကလက်နက်က ဘာကိုင်မှာလဲ ”

“ ငါ အခုထိ မရွေးရသေးဘူး ငါက ဓားမောက်ကိုင်ဖို့ စိတ်ကူးထားတယ် ”

“ ဓားမောက်အခြေခံဓားကွက် လေ့လာထားတယ် ” ဟု လပ်က ပြောလိုက်လေသည်။

“ အမ် အခုမှ အခြေခံကွက်ကို လေ့လာနေတာလား ” နိုရာက အံ့သြစွာဖြင့် ပြောလေသည်။

လပ်က “ ဟုတ်တယ် ဓားမောက်အခြေခံဆယ့်နှစ်ကွက်ကို ကျင့်ထားပြီးပြီ ”

“ နင် သတိထားရမယ် ” ဟု နိုရာက ပြောသည်။

“ အခုတွေ့မယ့်လူတွေက အားလုံးကျွမ်းကျင်သူတွေချည်းပဲ ”

“ အေး အဲဒါတော့ ဟုတ်တယ် ” လပ်က ထောက်ခံလိုက်သည်။

စားသောက်ပြီးနောက် လပ်တို့ နားခိုရာ အခန်းများဆီသို့ အသီးသီးပြန်ကြလေသည်။ မနက်ဖြန် ယှဉ်ပြိုင်ရဦးမည် မဟုတ်ပါလား။

နောက်တစ်နေ့

မနက်ခုနစ်နာရီတွင် အချက်ပေးသံ ထွက်လာလေသည်။

[ အားလုံးပဲ ယှဉ်ပြိုင်မယ့်လူများ စုရပ်ဖြစ်တဲ့ အဆောက်အဦး အမှတ်သုံးကို နာရီဝက်အတွင်း ရောက်အောင် လာခဲ့ကြပါရန် အသိပေးပါတယ် ]

အချက်ပေးသံပြီးသွားပြီနောက်

လပ်လည်း သူ၏ဓားမောက်လေ့ကျင့်ခန်းများကို အဆုံးသတ်လိုက်လေသည်။

“ အင်း ဓားမောက်အခြေခံ ပင့်၊ ခုတ်၊ ဝိုက်၊ ထိုး၊ မြှောက်၊ ပိုင်း အဲဒီအကွက်တွေမှာ ငါ ရေခဲစွမ်းအားကို ထည့်သုံးထားတယ် ဘယ်လောက်စွမ်းသလဲဆိုတာကိုတော့ စမ်းကြည့်မှပဲ သိမယ် ”

လပ်တစ်ယောက် S1 အဆင့် ဓားမောက်တစ်လက်ကို နိုရာအကူအညီဖြင့် UM ခုနစ်သောင်းဖြင့် ဝယ်ယူထားတာ ဖြစ်သည်။ ထိုဓားမောက်ကို ရှင်သန်ခြင်းဟု သူ အမည်ပေးထားလေသည်။

မကြာမီ ပွဲစတော့မည်ဖြစ်လေသည်။

“ တွင် တွင် တွင် ”

ရပ်နားဝင်းအတွင်းမှ ယှဉ်ပြိုင်သူများကို သတ်မှတ်ထားသော ပေငါးရာကျယ်သည့် ကွင်းပြင်များဆီသို့ ပို့ဆောင် လိုက်ကြလေပြီ။

လပ်မှာ ကွင်းပြင်(၃)ကို ရောက်ရှိသွားလေသည်။ လပ် အကဲခတ်လိုက်ရာ ဂျပန်မှ ဆာမူရိုင်းတစ်ယောက်သာ သူ့ပြိုင်ဘက်အဖြစ်တွေ့ရပြီး ကျန်လူများမှာ သိပ်ဂရုစိုက်စရာ မလိုပေ။

လပ် စဉ်းစားလိုက်သည်။ “ အားနည်းတဲ့သူတွေကို အမြန်တိုက်ရမယ် ဆာမူရိုင်းကို သွားတိုက်လို့ မဖြစ် သေးဘူး ဒါမှ အမှတ်များများရပြီး တစ်ကနေ လေးအတွင်း ဝင်မှာ ” လပ် အမြန်ဆုံး လှုပ်ရှားလိုက်လေသည်။

အပြိုင်ကမ္ဘာများမှ ကြည့်ရှုသူပရိသတ်များကလည်း အော်ဟစ်အားပေးနေကြသည်။

“ ဟား ဟား ဟား ငါတို့ ဆာမူရိုင်းကွ ”

“ အမ် ငါက ရေခဲမင်းသားဘက်ကကွ UM ငါးရာ လောင်းတယ်ကွာ ”

“ ကလေး လောင်းကြေးထပ်လိုက် ” လူဝကြီးတစ်ယောက်က အော်ဟစ်လိုက်လေသည်။ လောင်းကြေး များမှာ တရားဝင်ဖွင့်ထားပြီး ဆာမူရိုင်းက အုပ်စုပထမရရန် နှစ်ဆတစ်ဆ ဖြစ်ပြီး လပ်ကတော့ တစ်ဆခြောက်ဆ သာ ဖြစ်လေသည်။

လပ်ရှေ့ကို ပြိုင်ပွဲဝင်နှစ်ယောက် ပြိုင်တူ ဝင်ရောက်တိုက်ခိုက်လာလေသည်။ ကြည့်ရသည်မှာ ထိုလူနှစ်ယောက် မှာ အချင်းချင်း ညှိနှိုင်းထားပုံရပြီး ပူးတွဲတိုက်ခိုက်ကာ အဆင့်ဝင်ရန် ကြံစည်ခြင်း ဖြစ်လေသည်။

“ ဝှစ် ဝှစ် ချလွမ်း ”

တစ်ဦးက ဓားမြောင်ဖြင့် လပ်၏ ခါးနှင့်ရင်ဘတ်နေရာကို ပစ်လွှတ်လိုက်သလို နောက်တစ်ဦးက စွမ်းအင်မီးလုံး တစ်ခုဖြင့် လပ်ဆီ ပစ်လွှတ်လိုက်လေသည်။

လပ်လည်း ရှင်သန်ခြင်း ဓားမောက်ဖြင့် တစ်ချက်ဝှေ့ယမ်းကာ ဓားပျံ များကို ရိုက်ထုတ်လိုက်ပြီး တိုးဝင်လာသည့် မီးစွမ်အင်လုံးကို အမြန် ရှောင်လိုက်လေသည်။

“ ချလွမ်း ဝှမ်း အား ”

မီးစွမ်းအင်သမား၏ နားထင်ကို ဓားမောက်ဖြင့် ပိတ်ရိုက်လိုက်တာကြောင့် ထိုသူမှာ သွေးများ ဖြာထွက်သွားပြီး လဲကျသွားလေသည်။ ဓားမြောင်ပစ်သူမှာ အနောက်သို့ ဆုတ်၍ ထွက်ပြေးရန် ကြံလိုက်စဉ်မှာပင်

“ ဝှစ် စွပ် အား ”

လပ်၏ ဓားမောက် ပင့်ခုတ်လွဲချက်ကြောင့် ခြေတစ်ဖက် ပြတ်ထွက်သွားလေသည်။

ကြည့်ရှုနေသူ ပရိသတ်များ ကလည်း “ အား ရေခဲမင်းသားက စွမ်းအားကြီးလိုက်တာ ”

“ အေးဟ သူက တခြား S1 အဆင့်တွေနဲ့ကို မတူတော့ဘူး ”

တကယ်လည်း လပ်၏ ဓားမောက်ခုတ်ချက်နှင့် လွှဲချက်များကို မခံနိုင်ကြပဲ အနီးရှိ လူဆယ့်ငါးဦးမှာ ဒဏ်ရာပြင်း ထန်စွာ ရ၍ လဲကျသွားကြလေသည်။

“ သူက ဓားမောက်ဆန္ဒကို နားလည်ထားတယ် ”

“ ပြေး ပြေး သူနဲ့ဝေးရာပြေး ” ဟု ဆိုကာ အနီးရှိ

လူအများက ထွက်ပြေးကြလေသည်။ လပ်၏ ဓားမောက်ဆန္ဒမှာ လူနှင့်တစ်သားတည်းအဆင့်ကို ရောက်နေပေပြီ။ လူက လှုပ်ရှားလိုက်သည်နှင့် ဓားမောက်က အားနည်းချက်ကို ထိုးခုတ်ပြီး ဖြစ်လေသည်။

လပ်ကို တိုက်ခိုက်မည့်သူ မရှိသောကြောင့် လပ် အခြားသူများကို အာရုံစိုက်လိုက်ရာ အဝေးရှိ ပေနှစ်ရာခန့်တွင် လူများ အယောက်နှစ်ဆယ် တစ်အုပ်စု၊ ဆယ့်ငါးယောက် တစ်အုပ်စု တိုက်ခိုက်နေကြလေ၏။ တိုက်ပွဲမှာ ပြင်းထန်သောကြောင့် စွမ်းအင်များ ပေါက်ကွဲလာပြီး ခြေပြတ်၊ ခေါင်းပြတ်များ လွင့်ပျံလာလေသည်။

ထို့နောက် ဆယ့်ငါးယောက်အဖွဲ့မှ အနိုင်ရရှိပြီး လပ်နှင့် ဆာမူရိုင်းဆီ ပြေးဝင်တိုက်ခိုက်လာနေကြပြီ ဖြစ်လေသည်။

လပ်လည်း ထိုအဖွဲ့ကို တားဆီးရန် ရေခဲစွမ်းအားကို ထုတ်၍ လက်သီးမိုးဖြင့် တိုက်ခိုက်လိုက်လေ သည်။

“ အား ဝှစ် ဝုန်း ”

ပြင်းထန်သော စွမ်းအားကြောင့် လပ် အနောက်သို့ လွင့်သွားသလို ထိုအုပ်စုမှာလည်း လွင့်ထွက်သွားလေသည်။ လပ်မှာ ဒဏ်ရာပြင်းထန်စွာ ရသွားပြီး ပက်လက်လန်လဲကျသွားလေပြီဖြစ်သည်။

“ ဝှစ် ဝှစ် ” လပ် အနားသို့ လူသုံးဦးရောက်ရှိလာပြီး ဓားဖြင့် ခုတ်ရန် ပြင်လိုက်စဉ်

“ တွင် ” နာရီဝက်အချိန်မှာ ကုန်ဆုံးသွားပြီး လပ်၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားလေသည်။

လပ် ကံကောင်းထောက်မစွာဖြင့် စုရပ်ကွင်း၌ ပြန်ပေါ်လာလေသည်။ “ အား ” လပ်တစ်ယောက် ပါးစပ်တွင်းမှ သွေးများ အန်ချလိုက်လေသည်။

လပ်တစ်ယောက် တဟားဟား ရယ်မေားလိုက်ပြီး ဘုတ်ပြား၏အဆင့်ကို ကြည့်လိုက်ရာ သူ့အဆင့်မှာ နံပါတ်(၃) ဖြစ်လေသည်။

“ ဟား ဟား ဟား ဒါပဲကွ ငါအောင်ပြီ ”

တစ်မှလေးအတွင်း အုပ်စုဆယ်ခုကို ရွေးချယ်သောကြောင့် လပ်မှာ နောက်ဆုံး အယောက်လေးဆယ်အတွင်း ဝင်ရောက်သွားပြီ ဖြစ်လေသည်။

All Chapters