ခေါင်းဆောင်ရွေးချယ်ပွဲ
Vol. 59 Ch. 814
မနက်ခင်း နေရောင်ခြည်မှာ ကမ္ဘာမြေပြင်ပေါ် ဖြာဆင်းလျက် လေပြေကျွန်းမှာလည်း သက်ဝင်လှုပ်ရှားနေလေပြီ။
ယနေ့သည် လေနန်းဆောင်၏ ခေါင်းဆောင်ရွေးချယ်ပွဲ ကျင်းပမည့်နေ့ဖြစ်သောကြောင့် နန်းဆောင်လေးခုလုံးမှာ လေပြေကျွန်းအား အာရုံစိုက်နေကြသည်။
ချီကျင့်သခင်မကိုယ်တိုင်ပင် ယနေ့အခမ်းအနားအား တက်ရောက်မည်ဖြစ်သဖြင့် မည်မျှကြီးကျယ်သောပွဲတစ်ခုဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
ထိုသတင်းကြောင့် နန်းဆောင်လေးခုသာမက ထျန်းယွမ်ရှန်းဟွရှိ ကျွန်းမျောများထံမှ အကြီးအကဲများသည်ပင် လေပြေကျွန်းထံ ရောက်ရှိလာကြသည်။ နန်းဆောင်လေးခုအနက် အားအနည်းဆုံးဟု ဆိုနိုင်သော လေပြေကျွန်းသည် လက်ရှိအချိန်တွင် ထျန်းယွမ်ရှန်းဟွ တစ်ခွင်လုံး၏ အာရုံစိုက်မှုအား ရရှိနေလေသည်။
လေပြေကျွန်း၏ အနောက်မြောက်ဘက်တွင် ကြေးမုံပြင်ကဲ့သို့ ကြည်လင်နေသော ကန်ရေပြင်တစ်ခုရှိပြီး မိုးပြာရောင် ကျောက်သားစင်မြင့်တစ်ခုမှာ ရေမျက်နှာပြင် အလယ်တွင် မျောလွင့်နေလျက် ရှိသည်။ စင်မြင့်ပတ်လည်တွင် ရေပြင်ထဲမှ ထိုးထွက်လာသည့် လက်ချောင်းများအသွင် တည်ဆောက်ထားသော ပွဲကြည့်စင်များ ရှိကြသည်။ ထိုပွဲကြည့်စင်များထက်တွင် လူများကြိတ်ကြိတ်တိုး စည်ကားနေလေသည်။
"လေနန်းဆောင်မှာ ခေါင်းဆောင် မရှိတာ တော်တော်ကြာပြီ။ ဒီနေ့လိုမျိုး ပွဲကျင်းပဖြစ်မယ်လို့တောင် မထင်ထားဘူး။"
"လေနန်းဆောင်က အရင်ကလို မဟုတ်တော့ပါဘူးကွာ။ အခု ခေါင်းဆောင်နေရာ ရွေးပွဲအတွက်တောင် လက်ထောက်ခေါင်းဆောင်က သုံးယောက်ထဲရယ်။ တခြားနန်းဆောင်တွေမှာဆို လက်ထောက်ခေါင်းဆောင်က အနည်းဆုံး လေးငါးယောက်ပဲ။"
"ပြီးတော့ ချန်းပိုင်ဖန်းပဲ နိုင်မှာသေချာတယ်။ လက်ထောက်ခေါင်းဆောင်တွေထဲမှာ သူက သက်တမ်းအကြာဆုံးနဲ့ အတော်ဆုံးပဲ။ ရဲ့ပင်းလင်တောင် သူ့ကို မမှီလောက်ဘူး။"
"ဇူယွမ်ကရော..."
"အဟက်....သူက အသစ်ရောက်လာတဲ့ လက်ထောက်ခေါင်းဆောင်လေ။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာ။ ဒါပေမယ့် သူ့ကို ချီကျင့်သခင်မကိုယ်တိုင် လေနန်းဆောင် ပို့လိုက်တာလို့ကြားမိတယ်။"
"ချီကျင့်သခင်မရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ သူမကိုယ်တိုင်လည်း လေနန်းဆောင်အပေါ် မျှော်လင့်ချက် မထားတော့ဘူး ထင်ပါရဲ့။"
"ချန်းပိုင်ဖန်းက ကျင်ရှန်းကောင်းကင်ဂိုဏ်းကဆိုတော့ သူသာ ခေါင်းဆောင်နေရာ ရသွားရင် ချီကျင့်သခင်မက လေနန်းဆောင်ကို လက်လွှတ်ရတော့မှာမလား။"
"........."
တီတိုးဝေဖန်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေပြီး လူတိုင်းမှာ ပုံရိပ်သုံးခုအား ကြည့်ရှုနေလျက် ရှိကြသည်။
လေနန်းဆောင်၏ အဖွဲ့ဝင်များအပြင် အခြားသော နန်းဆောင်သုံးခုမှ သူများလည်း အသီးသီး ရောက်ရှိနေကြလေပြီ။
မီးနန်းဆောင်မှလူများ နေရာယူထားသော ပွဲကြည့်စင်တွင် လုရှောင်းမှာ အရှေ့ဆုံးမှ နေရာယူထားလျက် ရှိသည်။ သူ၏တည်ကြည်ခန့်ညားသော ရုပ်ရည်နှင့် သြဇာရှိသော သွင်ပြင်တို့ကြောင့် မိန်းမငယ်လေးများမှာ ရင်ဖိုလှိုက်မောနေကြရသည်။ ထျန်းယွမ်နယ်မြေတစ်ခွင်တွင် လုရှောင်း၏ အမည်နာမအား မကြားဖူးသူ မရှိပေ။
လုရှောင်းမှာ တည်ငြိမ်စွာဖြင့် ဇူယွမ်အား စူးစိုက်ကြည့်ရှုနေသည်။ သူ၏နီရဲရဲ မျက်ဝန်းများမှာ ခံစားချက်ကင်းမဲ့နေလေသည်။
"အဲ့ကောင်လေးက မူချင်းလေပြေစာလုံးကို ဖန်တီးခဲ့တာလား။" စကားသံတစ်ခုအား ကြားလိုက်ရသောကြောင့် လုရှောင်းမှ လှည့်ကြည့်လိုက်သောအခါ အနက်ရောင် အဝတ်အား ဆင်မြန်းထားသော ပုံရိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုသူသည် သာမန်ရုပ်ရည်သာ ဖြစ်ပါသော်လည်း နှုတ်ခမ်းထက်တွင် နွေးထွေးသော အပြုံးတစ်စုံအား ချိတ်ဆွဲထားလျက် ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ထိုနွေးထွေးသောအပြုံးမှာ အပေါ်ယံမျှသာဖြစ်ကြောင်း လုရှောင်းမှ ကောင်းစွာ သိရှိထားသည်။ တောင်တန်းနန်းဆောင်၏ ခေါင်းဆောင်ဖြစ်သူမှာ ထိုမျှနွေးထွေးပျူငှာမည်တဲ့လား။
မှန်ပါသည်။ ယင်းအနက်ရောင် အဝတ်အစားနှင့်အတူ နွေးထွေးသော အပြုံးတစ်စုံအား ပိုင်ဆိုင်ထားသူမှာ တောင်တန်းနန်းဆောင်၏ ခေါင်းဆောင် ဟန့်ယွမ်ပင် ဖြစ်သည်။
ဟန့်ယွမ်မှာ တစ်ချိန်က လေနန်းဆောင်မှသူဖြစ်ပြီး ချီကျင့်သခင်မ များစွာမြှောက်စားပေးခဲ့ဖူးသူပင်။ သို့သော် နောက်ပိုင်းတွင် ရှင်းခယ်ရွှယ်ကျင်းကလန်သို့ ဝင်ရောက်ကာ တောင်တန်းနန်းဆောင်၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ထျန်းယွမ်နယ်မြေတွင် ကျင်ရှန်းကောင်းကင်ဂိုဏ်း၊ ပိုင်စဲ့ကလန်နှင့် ရှင်းခယ်ရွှယ်ကျင်းကလန်တို့မှာ မိတ်ဖက်များ ဖြစ်ကြသောကြောင့် လုရှောင်းနှင့် ဟန့်ယွမ်တို့မှာလည်း အဆင်ပြေကြသည်။
လုရှောင်းမှ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်။ ငါသူ့ကို မီးနန်းဆောင်ကိုလာဖို့ ခေါ်ခဲ့သေးတယ်။ သူငြင်းလိမ့်မယ်လို့ ငါတကယ်မထင်ထားမိဘူး။"
"ဘာ....သူက မင်းမျက်နှာတောင် မထောက်ဘူးပေါ့လေ။ သူကရူးနေတာလား။" ဟန့်ယွမ်မှာ အံ့အားသင့်သွားပြီးနောက် ရယ်မောကာ ပြောလိုက်သည်။
"တကယ့်ကို ချီကျင့်သခင်မလူစစ်စစ်ပဲ။" လုရှောင်းမှ မထီမဲ့မြင်ဟန်ဖြင့် စကားဆိုလိုက်သည်။
ချီကျင့်သခင်မ အမည်အား ကြားလိုက်ရသောကြောင့် ဟန့်ယွမ်မှာ အနည်းငယ် မျက်နှာပျက်သွားရသည်။ "ဘာပဲဖြစ်ဖြစ် ခေါင်းမာတိုင်း ကောင်းတာမဟုတ်ဘူး။"
ဇူယွမ်မှာ မီးနန်းဆောင်၏ ကမ်းလှမ်းချက်အား ငြင်းပယ်ခဲ့သည်နှင့်ပက်သတ်၍ လုရှောင်းမှာ ဒီအတိုင်းထားလိုက်မည်မဟုတ်ကြောင်း ဟန့်ယွမ်ကောင်းစွာ သိရှိနေသည်။
"အဟက်.....အဲ့ကောင် မကြာခင် နောင်တရတော့မှာပါ။ ခက်တာပဲ... ဒီကမ္ဘာပေါ်မှာ နောင်တအတွက် ထုတ်ပေးထားတဲ့ ဆေးမရှိသေးဘူး။ လူတိုင်းက ကိုယ့်အပင်ကိုယ်ပြန်ရိတ်သိမ်းရမှာပဲ။" လုရှောင်းမှ ပြုံးကာပြောလိုက်သည်။
ဟန့်ယွမ်မှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားရပြီးနောက် ချန်းပိုင်ဖန်းအား လှမ်းကြည့်ကာ လုရှောင်းကို စကားဆိုလိုက်သည်။ "မင်းတကယ် ချီကျင့်သခင်မရဲ့ မျက်နှာကိုတောင် မထောက်တော့ဘူးလား။"
နန်းဆောင်လေးခုအနက် လေနန်းဆောင်တစ်ခုသာ ချီကျင့်သခင်မ လက်အောက်တွင် ကျန်ရစ်နေခြင်း ဖြစ်သည်။ အကယ်၍ ချန်းပိုင်ဖန်းသာ ခေါင်းဆောင်နေရာ ရရှိသွားပါက ချီကျင့်သခင်မထံတွင် နန်းဆောင်တစ်ခုမျှ ကျန်ရှိတော့မည် မဟုတ်ပေ။ နန်းဆောင်လေးခုသည် အုပ်ချုပ်ရေးပိုင်းအတွက် အရေးမကြီးပါသော်လည်း ထျန်းယွမ်နယ်မြေ၏ အနာဂတ်အား ကိုယ်စားပြုရာနေရာ ဖြစ်သည်။ နန်းဆောင်တစ်ခုမျှ လက်ဆုပ်လက်ကိုင် မထားနိုင်ပါက လက်ရှိအချိန်၌ မသိသာပါသော်လည်း အနာဂတ်တွင် တဖြည်းဖြည်းနှင့် ဆုံးရှုံးမှု များပြားလာပေလိမ့်မည်။
"အဲ့ဒါက လူကြီးတွေ ကိစ္စပါ။ ငါ့လို ဘာမဟုတ်တဲ့ လူငယ်တစ်ယောက်က ဘယ်လိုလုပ် အဲ့ကိစ္စတွေ နားလည်မှာလဲ။ ငါ့ကိစ္စငါလုပ်ဖို့ပဲ ခေါင်းထဲရှိတယ်။" လုရှောင်းမှ တည်ငြိမ်စွာ ပြောလိုက်သည်။
ဟန့်ယွမ်မှာ ခေါင်းညိတ်ထောက်ခံလိုက်သည်။
.........
လေနန်းဆောင်၏ ပွဲကြည့်စင်၌
ပွဲကြည့်စင်ပေါ်တွင် အုပ်စုသုံးခု သိသိသာသာ ကွဲထွက်နေလျက် ရှိသည်။ တစ်ဖက်သည် ဇူယွမ်နှင့် ရဲ့ပင်းလင်တို့အပေါ် ထောက်ခံသူများဖြစ်ပြီး ကျန်တစ်ဖက်သည် ချန်းပိုင်ဖန်း၏ ထောက်ခံသူများ ဖြစ်သည်။ ၎င်းတို့အပြင် မည်သူ့ကိုမှ ထောက်ခံခြင်းမရှိသော ကြားနေအဖွဲ့ဝင်များမှာလည်း တစ်အုပ်စု ကွဲထွက်နေသည်။
ချန်းပိုင်ဖန်းအား ထောက်ခံသူ များပြားခဲ့ပါသော်လည်း မူချင်းလေပြေစာလုံး ပေါ်ပေါက်လာပြီးနောက် အများစုမှာ ဇူယွမ်နှင့် ရဲ့ပင်းလင်တို့ထံ ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ဇူယွမ်နှင့် ရဲ့ပင်းလင်တို့ကို ထောက်ခံသော လူအုပ်ကြီးမှာ ပိုမိုများပြားနေလေသည်။
"စီနီယာအမတော် ရဲ့ပင်းလင်...လုပ်နိုင်မှာပါ။" ရိချိုးရွှယ်မှ အားပေးစကားဆိုလိုက်သည်။ သူမ၏ မျက်ဝန်းလေးများမှာ အနည်းငယ် စိုးရိမ်ပူပန်နေဟန် ရှိသည်။
ခေါင်းဆောင်ရွေးချယ်ပွဲမှာ လေနန်းဆောင်အတွက် အဆုံးအဖြတ်ပင်။
ချန်းပိုင်ဖန်းသာ အနိုင်ရရှိခဲ့ပါက သူမတို့ အတူတကွ ကြိုးစားထားရသမျှအားလုံး သဲထဲရေသွန် ဖြစ်သွားရပေလိမ့်မည်။
အခြားသူများမှာလည်း ရဲ့ပင်းလင်အား အားပေးနေကြသည်။ ဇူယွမ်မှာ လေနန်းဆောင်အတွင်း ပိုမိုကျော်ကြားလာခဲ့ပါသော်လည်း ရိချိုးရွှယ် အပါအဝင် အားလုံးမှာ ရဲ့ပင်းလင်အပေါ်တွင်သာ မျှော်လင့်ချက် ထားရှိကြသည်။ ၎င်းတို့၏ အမြင်တွင်မူ ဇူယွမ်မှာ ကျန်နှစ်ယောက်ထက် အစစအရာရာ လိုအပ်နေဆဲပင်။
ရဲ့ပင်းလင်မှာ အဖြူရောင် လေ့ကျင့်ရေးဝတ်စုံကို ဆင်မြန်းထားပြီး သူမ၏သေးသွယ်သောခါးနှင့် ရှည်လျားသော ခြေတံတို့က ပို၍ဆွဲဆောင်မှု ရှိနေသယောင်။ သူမ ဇူယွမ်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ငါသူ့ကို အကောင်းဆုံး ရင်ဆိုင်မယ်။ မနိုင်ခဲ့ရင်တောင်မှ ရသလောက်တော့ တိုက်လာမယ်။ အဲ့လိုဆို နင့်အတွက် ပိုပြီးအခွင့်အရေး ရှိတာပေါ့။"
ဇူယွမ်မှ အလျင်အမြန် စကားဆိုလိုက်သည်။ "အကောင်းဆုံးပဲ လုပ်လာခဲ့ပါ။ အရမ်းအသည်းအသန် တိုက်ခိုက်စရာ မလိုပါဘူး။"
ရဲ့ပင်းလင်မှာ ဇူယွမ်အား တစ်ချက်မျှကြည့်လျက် -"ဒီတစ်လအတွင်း မူချင်းလေပြေစာလုံး အကူအညီနဲ့ ငါအများကြီး တိုးတက်လာပါတယ်။ သူ့ကို မရှုံးလောက်ဘူး။"
"အဲ့ဒါကြောင့် ငါနိုင်သွားခဲ့ရင် ခေါင်းဆောင်နေရာကို ရပြီ။ မနာလိုတော့ ဖြစ်မနေနဲ့ဦး။ နင်ငါ့ကို နိုင်အောင်တိုက်နိုင်ရင် ခေါင်းဆောင်နေရာ နင့်ဆီပေးလိုက်မယ်။"
ဇူယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်မိသည်။ ရဲ့ပင်းလင်မှာ ခေါင်းဆောင်ရာထူးကြောင့် ၎င်းတို့အကြားရှိ ဆက်ဆံရေး ပျက်ပြားသွားမည်ကို ကြောက်ရွံ့နေပုံပင်။
"စိတ်မပူပါနဲ့....စီနီယာအမတော် ရဲ့ပင်းလင်.." ဇူယွမ်မှာ အဝေးမှ ချန်းပိုင်ဖန်းအား လှမ်းကြည့်လိုက်ပြီးနောက် ရဲ့ပင်းလင်အား ပြောလိုက်သည်။ "သတိထားနော် စီနီယာအမတော် ရဲ့ပင်းလင်.....ချန်းပိုင်ဖန်းလည်း အရင်ကထက် အများကြီး တိုးတက်လာပုံပဲ။"
ချန်းပိုင်ဖန်းမှာ အရာအားလုံးကို အဆုံးသတ်ရန်အတွက် အစစအရာရာ ပြင်ဆင်လာဟန် ရှိသည်။
ဇူယွမ်မှာ မီးနန်းဆောင်၏ ပွဲကြည့်စင်ထက်တွင် ရှိနေသော လုရှောင်းအား လှမ်း၍ကြည့်လိုက်သည်။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီးသည်မှစ၍ မည်သည့်လှုပ်ရှားမှုမှ ထပ်မံပြုလုပ်ခြင်း မရှိပါသော်လည်း ၎င်းတို့ လက်လျှော့သွားပြီဟု မယုံကြည်ပေ။ ယနေ့ ခေါင်းဆောင်ရွေးချယ်ပွဲသည် လုရှောင်းအတွက်လည်း အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ပေလိမ့်မည်။
ထိုအချိန်မှာပင် ကမ္ဘာမြေပြင် တုန်ဟီးမတက် ပြင်းထန်လှသော စွမ်းအင်ဖိအားနှင့်အတူ ကောင်းကင်ထက်မှ ခမ်းနားထည်ဝါသော ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။
၎င်းတို့မှာ ချီကျင့်သခင်မနှင့် အခြားတစ်ယောက်တို့ပင်။
ထိုသူသည် ကျင်ရှန်းကောင်းကင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရွှမ်ခွန်း ဖြစ်သည်။
လေနန်းဆောင်၏ ခေါင်းဆောင်ရွေးချယ်ပွဲအား ထျန်းယွမ်နယ်မြေမှ အရေးအကြီးဆုံး ပုံရိပ်နှစ်ခု တက်ရောက်လာခြင်း ဖြစ်လေသည်။
ပွဲကြည့်စင်မှ လူများအားလုံးမှာ အံ့အားသင့်သွားရပြီးနောက် လေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြသည်။
"ချီကျင့်သခင်မကို နှုတ်ခွန်းဆက်သပါတယ်။"
"ရွှမ်ခွန်းသခင်ကြီးကိုလည်း နှုတ်ခွန်းဆက်သပါတယ်။"
(မင်္ဂလာပါ။ နဂါးမင်းသား၏ ကံကြမ္မာ(ဇူယွမ်) စာစဉ်က စာရေးသူဆီမှာ ဇာတ်သိမ်းထိရနေပါပြီ။ တဝက်ဈေးနှုန်းနဲ့ ရောင်းချပေးနေပါတယ်။ စိတ်ဝင်စားလို့ အားပေးချင်တယ်ဆို telegram မှာ 'ယွီရှင်း' လို့ရိုက်ရှာပြီး ပေါ်လာတဲ့ channel မှာ လာရောက်အားပေးနိုင်ပါတယ်။)