← Chapters

မုလျို

Vol. 59 Ch. 815

မုလျို

Vol. 59 Ch. 815

"ကျင်ရှန်းကောင်းကင်ဂိုဏ်းရဲ့ ခေါင်းဆောင် သခင်ကြီး ရွှမ်ခွန်းပဲ။"

အံ့အားသင့်ကာ ထွက်ပေါ်လာသော အာမေဋိတ်သံများကြောင့် ဇူယွမ်မှာ အမြင့်ဆုံး ပွဲကြည့်စင်အား လှမ်းကြည့်လိုက်မိသည်။

အသက်ကြီးကြီး ပိန်ပိန်ပါးပါးနှင့် အဖိုးအိုတစ်ဦးသည် ခန့်ထည်လှသော အဖြူရောင်ဝတ်ရုံပြီးအား ဆင်မြန်းထားသည်။ ထိုဝတ်ရုံပေါ်တွင် မိုးတိမ်လွှာများအား လှပစွာ ရက်လုပ်ထားပြီး တိမ်လွှာများ၏အောက်တွင် ဆန်းကြယ်လှသော သားရဲတစ်ကောင်၏ မျက်ဝန်းတစ်ခုအား ရေးဆွဲထားသည်။

အဖိုးအိုမှာ တည်ငြိမ်နေပြီး သူ၏မျက်ဝန်းများမှာ ခန့်မှန်းမရနိုင်သော အငွေ့အသက်များ ယှက်သန်းနေသည်။

သူသည် ပွဲကြည့်စင်၌ ချီစွမ်းအင် တစ်စွန်းတစ်စမျှ အသုံးမပြုပဲ ရိုးရှင်းစွာ ရပ်နေပါသော်လည်း ကမ္ဘာကြီးတစ်ခုလုံး ၎င်း၏ခြေဖဝါးအောက် ခစားနေရသကဲ့သို့ အရှိန်အဝါမျိုး ရှိသည်။

"တကယ်ကို သခင်ကြီး ရွှမ်ခွန်းပဲ။"

ရဲ့ပင်းလင်မှ တိုးညင်းစွာ စကားဆိုလိုက်သည်။ "သခင်ကြီး ရွှမ်ခွန်းက ပိန်ပိန်ပါးပါးနဲ့ အားနည်းတယ် ထင်ရပေမယ့် ဟန်းယွမ်ကောင်းကင်ဒေသ တစ်ခုလုံးမှာ သူ့ရဲ့ပြင်ပခန္ဓာသန်မာမှုက အကောင်းဆုံးပဲလို့ နာမည်ကြီးတယ်။ သူ့ရဲ့ ခန္ဓာကိုယ် သန်မာမှုက လုံးဝကြောက်စရာကြီးတဲ့။ ကောင်းကင်ကြီးကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ နှစ်ခြမ်းခွဲပစ်လို့ရတယ်လို့ ပြောကြတယ်။"

ထိုစကား​ကြောင့် ဇူယွမ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရသည်။ ရိုးရှင်းသော အသွင်အပြင်ဖြင့် အဖိုးအိုသည် ပြင်ပခန္ဓာသန်မာမှု၌ ထိုမျှကြောက်မက်ဖက်ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"သခင်ကြီး ရွှမ်ခွန်းရဲ့ ချန်ခွန်းလောကသစ်က ထောင်နဲ့ချီတဲ့ ဒဏ္ဍာရီလာ ခွန်းဖန်တွေအဖြစ် ပြောင်းလဲနိုင်တယ်။ အဲ့ခွန်းဖန်တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်တာနဲ့ သူ့ရဲ့စွမ်းအင်တွေက ကြောက်ခမန်းလိလိကို ဖြစ်သွားမှာ။ ​ကောင်းကင်ဒေသကိုတောင် ရွှေ့နိုင်လိမ့်မယ်လို့ ပြောကြတယ်။"

(ခွန်းဖန်ဆိုသည်မှာ ဒဏ္ဍာရီလာ ငါးအကြီးမျိုးဖြစ်ပြီး မြောက်ပိုင်းပင်လယ်ပြင်တွင် ကျက်စားကာ ငှက်အဖြစ်လည်း ပြောင်းလဲနိုင်သည်ဟု ဆိုကြသည်။)

ဇူယွမ်မှာ ခေါင်းမွှေးများပင် ထောင်သွားရသည်။

ဆရာသခင် ကန်းယွမ် ပျောက်သွားပြီးသည့်နောက် စီနီယာအမတော် ချီကျင့်မှ ကျင်ရှန်းကောင်းကင်ဂိုဏ်းအပေါ် မချုပ်ကိုင်နိုင် ဖြစ်နေရသည်မှာ မထူးဆန်းတော့ပေ။ အဖိုးအိုတစ်ဦးအသွင်ရှိသော သခင်ကြီး ရွှမ်ခွန်းမှာ အံ့အားသင့်စရာကောင်းလောက်သော စွမ်းရည်များကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။

ဇူယွမ် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် စီနီယာအမတော်ဖြစ်သူ ချီကျင့်အား လှမ်းကြည့်လိုက်မိသည်။ သူမ၏ ခပ်တိတိ ဆံနွယ်များမှာ လေပြေနှင့်အတူ လွင့်မျောနေပြီး ခန့်ညားသောအသွင်အား ဖြစ်ပေါ်နေစေသည်။ ပွဲကြည့်စင်များမှ မိန်းမငယ်လေးများမှာ သူမအား လေးစားသဘောကျဟန်ဖြင့် ငေးမောကြည့်ရှုနေကြသည်။

အမှန်တကယ်ပင် အမတော် ချီကျင့်မှာ ယောက်ျားဆန်လွန်းလှသည်။

သေနာပတိ ငါးဦးမှ နှစ်ဦးတက်ရောက်လာသောကြောင့် ယနေ့အခမ်းအနားသည် မည်မျှအရေးပါကြောင်း သိရှိနိုင်သည်။

ချီကျင့်သခင်မမှ စကားဆိုလိုက်သည်။ "အားလုံးပဲ အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။"

သူမသည် ဇူယွမ်အား ခေတ္တမျှ ကြည့်ရှုလိုက်ပြီးနောက် လေနန်းဆောင်ဘက်သို့ကြည့်ကာ ဆက်၍ပြောလိုက်သည်။ "ဒီနေ့ နှစ်ပေါင်းများစွာ မကျင်းပခဲ့ရတဲ့ လေနန်းဆောင်ရဲ့ ခေါင်းဆောင်ရွေးပွဲကို ကျင်းပတော့မှာ ဖြစ်တယ်။ အားလုံး အကောင်းဆုံး ကြိုးစားကြပါ။"

လေနန်းဆောင်၏ အဖွဲ့ဝင်များမှာ ပျော်ရွှင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။

ချီကျင့်သခင်မမှာ ပုလ္လင်တစ်ခုအား ဖန်တီးလိုက်ပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "လေနန်းဆောင်ရဲ့ ခေါင်းဆောင်ရွေးချယ်ပွဲကို သခင်ကြီး ရွှမ်ခွန်းကိုယ်တိုင် လာလိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

သခင်ကြီး ရွှမ်ခွန်းမှာ သူ့အတွက် ဖန်တီးပေးလိုက်သော ပုလ္လင်ပေါ်တွင် ထိုင်လျက် -" ဘာမှလုပ်စရာ မရှိတာနဲ့ပဲ အငယ်လေးတွေကို ကြည့်ရအောင် လာခဲ့တာ။"

ချီကျင့်သခင်မမှာ ကြိတ်၍လှောင်လိုက်မိသည်။ စင်စစ်အားဖြင့် ထိုအဖိုးကြီးမှာ လေနန်းဆောင်အား အမြဲတစေ အပိုင်သိမ်းချင်နေခဲ့ကြောင်း သူမကောင်းစွာ သိရှိထားပါသည်။

"ဆရာသခင် ရှိတုန်းကတော့ သခင်ကြီး ရွှမ်ခွန်းက ဒီလောက်စိတ်အားမထက်သန်ပါဘူး။" ချီကျင့်သခင်မမှ စနောက်နေဟန်ဖြင့် ပြောလိုက်သည်။

သခင်ကြီး ရွှမ်ခွန်းမှ ပြုံးရယ်လျက် -"နယ်မြေအရှင်သခင် ကန်းယွမ်သာ ရှိနေမယ်ဆိုရင် အရာအားလုံးက သူ့လက်ထဲမှာ စီစဉ်တကျ ဖြစ်နေမှာလေ။"

"ငါကဘာမှ ဝင်စွက်ဖက်နေစရာတောင် လိုမှာမဟုတ်ဘူး။ အခုက နယ်မြေအရှင်သခင် ထွက်သွားတော့ ထျန်းယွမ်နယ်မြေကြီး တစ်ခုလုံး ကမောက်ကမတွေ ဖြစ်ကုန်မှာ စိုးလို့သာ ငါကဝင်ထိန်းပေးနေရတာ။ မဟုတ်ရင် နယ်မြေအရှင်သခင် ပြန်လာတဲ့အချိန်ကြ ဘယ်လိုရှင်းပြရပါ့မလဲ။"

သူခေတ္တမျှ ငြိမ်သက်သွားပြီးနောက် စကားဆက်လိုက်သည်။ "ချီကျင့်ရော နယ်မြေအရှင်သခင်နဲ့ ပက်သတ်တဲ့ သတင်းတွေဘာတွေ ကြားသေးလား။"

ချီကျင့်မှာ ခံစားချက် ကင်းမဲ့နေဟန်ဖြင့် -"ဆရာသခင်က ကိစ္စရှိလို့ ထွက်သွားတာပဲ။ အချိန်တန်ရင် ပြန်လာမှာပေါ့။"

ရွှမ်ခွန်းမှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် မည်သည့်စကားမှ ထပ်၍မပြောတော့ပေ။ သူ၏မျက်ဝန်းများမှာ အမှန်တကယ်ပင် အဓိပ္ပါယ်ဖက်ရ ခက်ခဲလှသည်။

ခေါင်းဆောင်ရွေးချယ်ပွဲသို့ ချီကျင့်သခင်မနှင့် သခင်ကြီး ရွှမ်ခွန်းတို့ တက်ရောက်လာသောကြောင့် အခမ်းအနားမှာ ပိုမိုအသက်ဝင်လာရသည်။

လူတိုင်းမှာ ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့အပေါ် မျှော်လင့်တကြီး စောင့်စားနေကြသည်။ ဇူယွမ်ကိုမူ အသစ်ရောက်လာသော လက်ထောက်ခေါင်းဆောင် ဖြစ်သည့်အပြင် နတ်ဘုံခန်းဝါ ဗဟိုအဆင့်သာ ရှိသေးသဖြင့် မည်သူကမှ စိတ်မဝင်စားကြချေ။

ချန်းပိုင်ဖန်းမှာ အာရုံစိုက်ခံရမှုကြောင့် ကျေနပ်အားရစွာဖြင့် ဇူယွမ်တို့အား အထင်သေးသကဲ့သို့ လှောင်ကြည့်ကြည့်နေသည်။

ဝုန်း....

သူသည် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီးနောက် ကန်ရေပြင်အလယ်ရှိ မိုးပြာရောင် စင်မြင့်ထက်သို့ ပျံဝဲဆင်းသက်လိုက်သည်။ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် တိုက်ပွဲစင်မြင့်၌ပင် အက်ကွဲရာများ အနည်းငယ် ဖြစ်ပေါ်သွားရသည်။

"ကျွန်တော်က ခေါင်းဆောင်ရွေးချယ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ချန်းပိုင်ဖန်းပါ။"

ချန်းပိုင်ဖန်းမှာ မိမိကိုယ်ကို မိတ်ဆက်လိုက်ပြီးနောက် ရဲ့ပင်းလင်အားကြည့်ကာ ပြောလိုက်သည်။ "ငါ့ကို သင်ပြညွှန်ကြားပေးပါဦး။"

ရဲ့ပင်းလင်မှာ ချက်ချင်းဆိုသလို စင်မြင့်ထက်သို့ ပျံသန်းလာလျက် -"ကျွန်မက လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် ရဲ့ပင်းလင်ပါ။"

၎င်းတို့နှစ်ဦး တိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ စိတ်လှုပ်ရှားမှု ရေချိန်မှာ မြင့်တက်လာရသည်။ လူပေါင်းများစွာ၏ အမြင်တွင် ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင် နှစ်ဦးမှာ ယနေ့ ခေါင်းဆောင်ရွေးချယ်ပွဲအတွက် အရေးအကြီးဆုံး ပြိုင်ပွဲဝင်များပင်။

ပွဲကြည့်စင် တစ်နေရာတွင် သစ်တောနန်းဆောင်မှ အဖွဲ့ဝင်များ နေရာယူထားကြသည်။ ချီကျင့်သခင်မသည် မုထုံကလန်နှင့် အဆင်ပြေသောကြောင့် သစ်တောနန်းဆောင်နှင့် လေနန်းဆောင်တို့မှာလည်း နီးစပ်ကြသည်။ ၎င်းတို့မှာ ကျင်ရှန်းကောင်းကင်ဂိုဏ်း၊ ရှင်းခယ်ရွှယ်ကျင်းကလန်နှင့် ပိုင်စဲ့ကလန်တို့အား ဆန့်ကျင်နိုင်ရန် အတူတကွ ပေါင်းစည်းနေကြခြင်း ဖြစ်သည်။

သစ်တောနန်းဆောင်၏ ပွဲကြည့်စင်ထက်မှ ပုံရိပ်အချို့မှာလည်း ရဲ့ပင်းလင်နှင့် ချန်းပိုင်ဖန်းတို့အား ကြည့်ရှုနေကြသည်။

"သခင်လေး....ခေါင်းဆောင်နေရာကို ဘယ်သူရမယ်ထင်လဲ။ ချန်းပိုင်ဖန်းသာ ရသွားရင် ချီကျင့်သခင်မအတွက် မကောင်းဘူးမလား။" ထွားထွားကြိုင်းကြိုင်းရှိသော လူငယ်တစ်ဦးမှ စကားဆိုလိုက်သည်။ ပါးစပ်ဟလိုက်တိုင်းတွင် သူ၏နှုတ်ခမ်းအစုံထံမှ တံထွေးများမှာ နှင်းပွင့်များအလား ကခုန်နေလျက် ရှိသည်။

ထိုလူငယ်၏ရှေ့တွင် အဝတ်အစားကအစ အလွန်သန့်ရှင်းစင်ကြယ်နေသော ရိုးရှင်းသော အသွင်အပြင်ဖြင့် လူငယ်တစ်ဦး ရှိနေသည်။

လူငယ်လေးမှာ သန့်ရှင်းနေသော အင်္ကျီပေါ်ရှိ တံထွေးစများအား အလိုမကျသလို ကြည့်လိုက်ပြီးနောက် ညင်သာစွာ ပြုံး၍ပြောလိုက်သည်။ "အရိုင်းအစိုင်းကောင်ရယ်....မင်းပြောတာ ငါကြားပါတယ်။ အရမ်းအနားကို ကပ်ကပ်မပြောစမ်းနဲ့။"

အရိုင်းအစိုင်းကောင်ဟု ခေါ်ခံလိုက်ရသော ထွားထွားကြိုင်းကြိုင်း လူငယ်လေးမှာ တံထွေးများ ပျံဝဲစေလျက် ထပ်မံစကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ချန်းပိုင်ဖန်း နိုင်သွားရင် ကျွန်တော်တို့က နန်းဆောင်သုံးခုလုံးနဲ့ ဆန့်ကျင်ဖက် ဖြစ်ပြီမလား။ အဲ့လိုဆို ဘယ်လိုလုပ်ကြမလဲ။"

သန့်ရှင်းလွန်းဟန်ရှိသော လူငယ်လေးမှာ ပုခုံးပေါ် ထပ်ကျလာသော တံထွေးစက်များကြောင့် တုန်တုန်ရီရီပင် ဖြစ်လာရသည်။

ထွားထွားကြိုင်းကြိုင်းရှိသော လူငယ်လေးမှာ ထိုတံထွေးစက်များအာစ သတိပြုမိသွားပြီးနောက် အားတုံ့အားနာဖြစ်စွာပြုံး၍ ပြောလိုက်သည်။ "တောင်းပန်ပါတယ် သခင်လေး....ကျွန်တော် သုပ်ပေးပါ့မယ်။"

အလျင်အမြန်ပင် သူ၏ညိုနက်သော လက်တုတ်တုတ်ဖြင့် လူငယ်လေး၏ ပုခုံးအား သုပ်ပေးရန် ပြင်လိုက်သည်။

သန့်ရှင်းလွန်းဟန်ရှိသော လူငယ်လေးမှာ ညစ်ပေနေသော လက်ညိုညို တုတ်တုတ်ကြီးအား ကြည့်ရှုလိုက်ပြီးနောက် နဖူးထက်၌ ချွေးသီးများပင် ထလာရသည်။ ထို့နောက် သည်းမခံနိုင်တော့ပဲ ထိုထွားထွားကြိုင်းကြိုင်း လူငယ်အား ရေကန်ထဲသို့ ကန်ချလိုက်တော့သည်။

လူငယ်လေးမှာ ဒေါသထွက်စွာ အော်ဟစ်လိုက်သေးသည်။ "အရိုင်းအစိုင်းကောင်....စကားပြောရင် ငါ့အပေါ် တံထွေးမစင်ပါစေနဲ့လို့ ငါပြောလား မပြောဘူးလား။ မင်းကငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာလား။ အဲ့ဒါမှ သစ်တောနန်းဆောင်ရဲ့ ခေါင်းဆောင်နေရာကို မင်းရမှာလေ။"

သစ်တောနန်းဆောင်၏ အဖွဲ့ဝင်များမှာ လူငယ်နှစ်ဦး၏ အဖြစ်အပျက်ကြောင့် တိုးတိုးတိတ်တိတ် ရယ်မောလိုက်ကြသည်။ ၎င်းတို့ရှေ့တွင် ရှိနေသော အသန့်ကြိုက်လွန်းသည့် လူငယ်လေးမှာ သစ်တောနန်းဆောင်၏ ခေါင်းဆောင် မုလျိုပင် ဖြစ်သည်။

မုလျို၏ဘေးတွင်မူ ခိုးခိုးခစ်ခစ်နှင့် ရယ်မောနေသော အစိမ်းနုရောင် အဝတ်အစားအား ဆင်မြန်းထားသည့် မိန်းမငယ်လေးတစ်ဦး ရှိသည်။ ထိုမိန်းမငယ်လေးမှာ အလွန်ချောမောလှပရုံမက ခန္ဓာကိုယ် ကောက်ကြောင်းမှာလည်း စွဲမက်လောက်စဖွယ်ပင်။

သူမအမည်မှာ မုချင်းယန်ဖြစ်ပြီး လေနန်းဆောင်၏ ဒုတိယမြောက် အထူးချွန်ဆုံးသူ ဖြစ်သည်။ ရေကန်ထဲ ပြုတ်ကျသွားရသည့် ထွားထွားကြိုင်းကြိုင်း လူငယ်လေးမှာ ကျန်းမန်ဟုခေါ်တွင်ပြီး တတိယမြောက် အထူးချွန်ဆုံးသူ ဖြစ်ပေသည်။

သစ်တောနန်းဆောင်၏ ခေါင်းဆောင်ဖြစ်သူ မုလျိုမှာ ပုံမှန်အားဖြင့် အလွန်သဘောကောင်းပြီး ခပ်အေးအေး နေတက်သူပင်။ သူသည် မီးနန်းဆောင်၏ ခေါင်းဆောင် လုရှောင်းနှင့် ရင်ဆိုင်ရသော အခါများတွင်ပင် ဒေါသထွက်ခြင်း မရှိပေ။ သူ၏တစ်ခုတည်းသော ပြစ်ချက်မှာ အလွန်အမင်း အသန့်ကြိုက်ခြင်းဖြစ်ပြီး အနည်းငယ် စွန်းထင်းမှုကိုမျှ သည်းမခံနိုင်ခြင်း ဖြစ်သည်။

မုလျိုမှာ ဒေါသများ ပေါက်ကွဲထွက်လာသည်နှင့် မည်သည်ကိုမှ မျက်စိထဲ မမြင်တော့ချေ။

မုချင်းယန်မှာ အဝတ်ပေါ်ရှိ တံထွေးစက်များအား သုပ်မပြီးနိုင် ဖြစ်နေသော မုလျိုအားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "အဲ့ဒါဆို ဒီပွဲမှာ ဘယ်သူနိုင်မယ်လို့ ရှင်ထင်လဲ။"

အဝတ်အစားများ သန့်ရှင်းသွားပြီးနောက် မုလျိုမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားကာ တိုက်ပွဲစင်မြင့်ထက်ရှိ ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်တို့အား တစ်ချက်မျှ လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် လေနန်းဆောင်၏ ပွဲကြည့်စင် အရှေ့ဆုံးတွင် ရှိနေသော ဇူယွမ်အားကြည့်ကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"ငါ့အထင်တော့ သူကအန္တရာယ်ရှိတယ်လို့ ခံစားနေရတယ်။"

မုချင်းယန်မှာ အံ့အားသင့်သွားလျက် -"လေနန်းဆောင်ရဲ့ လက်ထောက်ခေါင်းဆောင် အသစ်လား။ သူက နတ်ဘုံခန်းဝါ ဗဟိုအဆင့်ပဲ ရှိသေးတာလေ။ ရှင့်ရဲ့ခန့်မှန်းချက်က ဒီတစ်ခါတော့ မှားပြီထင်တယ်။"

မုလျိုသည် အန္တရာယ် အငွေ့အသက်များကို ခံစားရာတွင် ပုံမှန်လူထက်ပို၍ ထူးခြားကြောင်း မုချင်းယန်မှ သိရှိထားသည်။

"ဒီကောင်လေးက ဘာအန္တရာယ်မှ မရှိတဲ့ ယုန်သူငယ်လေးလို ထင်ရပေမယ့် တကယ်တော့ ရက်စက်ပြတ်သားမယ့်သူပဲ။ သူက ကျားကိုစားချင်တဲ့ ဝက်ပေါက်လေးပုံ ထင်ရအောင် လုပ်ပြနေတာ။ တကယ်က အဲ့လိုလူမျိုးကမှ ကြောက်စရာကောင်းတာ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပုံစံအစစ်အမှန်ကို ငါတို့မမြင်နိုင်ဘူးလေ။" မုလျိုမှ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက ငါ့ခံစားချက်နဲ့ငါ ခန့်မှန်းကြည့်တာနော်။ မှားချင်လည်း မှားလိမ့်မယ်။"

"ငါထင်တာ မမှားဘူးဆိုရင်တော့ သူ့ရဲ့တကယ့်ပုံစံကို ငါတို့မြင်ရမှာ အသေချာပဲ။ ဘာလို့လဲဆိုတော့...."

သူသည် ချန်းပိုင်ဖန်းနှင့် ရဲ့ပင်းလင်အားကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"ရဲ့ပင်းလင်က ချန်းပိုင်ဖန်းရဲ့ ပြိုင်ဖက်မဟုတ်လို့ပဲ။"

All Chapters