← Chapters

ရှစ်ဆယ်ရာခိုင်နှုန်း

Vol. 59 Ch. 816

ရှစ်ဆယ်ရာခိုင်နှုန်း

Vol. 59 Ch. 816

ရေပြင်လယ်ရှိ လွင့်မျောနေသော စင်မြင့်ထက်ပေါ်တွင် ပုံရိပ်နှစ်ခု မျက်နှာချင်းဆိုင် အနေအထားဖြင့် ရှိနေကြသည်။

ချန်းပိုင်ဖန်းမှာ မထီမဲ့မြင်ဟန်ဖြင့် ရဲ့ပင်းလင်အားကြည့်လျက် -"ရဲ့ပင်းလင်....မင်းဒီနေ့ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။"

သူသည် လက်သင်္ကေတများ ပြောင်းလဲကာ အဝါရင့်ရောင် ချီစွမ်းအင်များကို ထွက်ပေါ်စေလိုက်သည်။ ချီစွမ်းအင်များမှာ အဝါရောင် မုန်တိုင်းတစ်ခုအလား ကောင်းကင်ထက်သို့ ထိုးတက်သွားကာ ကျယ်လောင်စွာ မြည်ဟည်းသွားသည်။

အဆင့်ခုနစ်ချီ ရှုပ်ထွေးသောဝိဉာဉ်လေပြေချီ

တစ်ချိန်တည်းမှာပင် သူ၏နောက်တွင် ရောင်စဉ်ကိုးသွယ်ရှိသော ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခု ပေါ်ထွက်လာသည်။

ချန်းပိုင်ဖန်းထံမှ ချီစွမ်းအင်များနှင့်အတူ ပြင်းထန်လှသော စွမ်းအင်ဖိအားများပါ ထွက်ပေါ်လာသောကြောင့် ပွဲကြည့်စင်ထက်မှ လူများစွာမှာ ကြောက်ရွံ့မှုများ ခံစားလိုက်ရသည်။

အဆင့်ခုနစ်ရှိသည့် ချီကျင့်စဉ်၊ နတ်ဘုံခန်းဝါ မဟာအဆင့်၊ အဆင့်နိမ့် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု......ပုံမှန်လူတစ်ယောက်အနေဖြင့် ထိုအရာထဲမှ တစ်ခုမျှ ပိုင်ဆိုင်ရလျှင်ပင် ကောင်းကင်ထက်သို့ ထိုးတက်သွားနိုင်ပေလိမ့်မည်။ ချန်းပိုင်ဖန်းမှာ ထိုအရာသုံးခုလုံးကို ပိုင်ဆိုင်ထားသောကြောင့် နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူများစွာ၏ ထိပ်သီးနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ရဲ့ပင်းလင်မှာ လေးနက်စွာဖြင့် နှင်းကဲ့သို့ ဖြူဖွေးနေသော ချီစွမ်းအင်များကို ထွက်ပေါ်စေကာ တိမ်လွှာများကဲ့သို့ စွမ်းအင်လွှာများ ဖန်တီးလိုက်သည်။ ကောင်းကင်နှင့်မြေကြီး အကြားရှိ အပူချိန်များသည်ပင် ကမောက်ကမ ဖြစ်သွားသကဲ့သို့ ​ထင်မှတ်ရလေသည်။

အဆင့်ခုနစ်ချီ ရင်ကျန်းသမုဒ္ဒရာနှင်းခဲချီ

သူမ၏နောက်တွင် ရောင်စဉ်ကိုးသွယ် ကွမ်းဟွမ်ရောင်လျှံဝန်း သုံးခု ဖြစ်တည်လာသည်။

နှိုင်းယှဉ်ကြည့်ပါက ရဲ့ပင်းလင်မှာလည်း ချန်းပိုင်ဖန်းထက် အနည်းငယ်မျှပင် အားနည်းပုံမရပေ။

၎င်းတို့၏ အကြည့်များမှာ မီးစမီးပွားများ ထွက်လာတော့မည့်အလား စူးရဲနေလျက် ရှိသည်။

ဝုန်း....

ချန်းပိုင်ဖန်းမှ စတင်လှုပ်ရှားလိုက်သည်။ သူသည် ကောင်းကင်ထက်မှ အဝါရင့်ရောင် ချီစွမ်းအင်များအား ဓားသွားများအဖြစ် ပြောင်းလဲကာ ရဲ့ပင်းလင်ထံ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။

ရဲ့ပင်းလင်၏ ချီတိမ်တိုက်လွှာများမှာ ထောင်ပေါင်းများစွာသော နှင်းပွင့်များအဖြစ် ပြောင်းလဲသွားပြီးနောက် ချန်းပိုင်ဖန်း၏ ဓားသွားများနှင့် တွေ့ဆုံသွားကြသည်။

ဘန်း....

ပြင်းထန်လှသော ချီစွမ်းအင်နှစ်ခု ဆုံတွေ့သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ လေထုသည်ပင် တုန်ခါသွားရသည်။ ဓားသွားနှင့် နှင်းပွင့်များမှာ အချင်းချင်း ဖျက်စီးနေကြသည်။

ဝှစ်....

ထိုအချိန်မှာပင် ချန်းပိုင်ဖန်း၏ပုံရိပ်မှာ ချက်ချင်းဆိုသလို အရှေ့သို့ တိုးလာကာ ချီစွမ်းအင် ဓားသွားများကို ထပ်မံဖန်တီးလိုက်သည်။

ဖန်တီးလိုက်သော ဓားသွားများသည် လေပြေနှင့်အတူ လည်ပတ်နေလျက်ရှိပြီး ထက်ရှလွန်းသည့် အရှိန်အဝါကို ပေးစွမ်းနေသည်။

ချန်းပိုင်ဖန်း၏ပုံရိပ်မှာ ရဲ့ပင်းလင်၏အထက်မှ တစ္ဆေတစ်ကောင်အလား ပေါ်ထွက်လာပြီးနောက် ထိုဓားသွားများဖြင့် အညှာအတာမဲ့စွာ တိုက်ခိုက်လိုက်သည်။

"ကြီးမြတ်သောဝိဉာဉ်လေပြေဓားသွား..."

လေပြေနှင့်အတူ လည်ပတ်နေသော ဓားသွားများမှာ လျင်မြန်လှသောအရှိန်ဖြင့် အောက်သို့ကျဆင်းလာသည်။ ဓားသွားများသည် အလွန်ထက်ရှနေပြီး အရာအားလုံးကို အပိုင်းပိုင်းအစစ ဖြစ်နေမည်ဟု ထင်မှတ်ရသည်။

သို့သော် ရဲ့ပင်းလင်မှာ ချန်းပိုင်ဖန်း၏ ပြိုင်ဖက်ဟောင်း ဖြစ်နေသဖြင့် သူ၏တိုက်ခိုက်ရေးနည်းလမ်းများကို သိရှိနေပြီးသားပင်။ သူမသည် အနည်းငယ်မျှပင် တွေဝေမနေပဲ ချီစွမ်းအင်များကို တစ်ဟုန်ထိုး ထွက်ပေါ်စေကာ ဓားသွားများကို ခုခံကာကွယ်ရန် ပြင်ဆင်လိုက်သည်။ ချီစွမ်းအင်များမှာ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ရေခဲနံရံတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ချလန်း....

ဓားသွားများမှာ ရေခဲနံရံထံ စိုက်ဝင်ကုန်ကြသည်။ တဖြည်းဖြည်းနှင့် ရေခဲနံရံထက်တွင် အက်ကြောင်းများ ဖြစ်ပေါ်လာကာ နံရံစတင် ပြိုကျလာရသည်။

ဝှစ်....

ရဲ့ပင်းလင်မှာ ရေခဲလှံတံတစ်ခုအား ဆင့်ခေါ်လိုက်ပြီးနောက် အရိပ်တစ်ခုအလား လျင်မြန်စွာဖြင့် ချန်းပိုင်ဖန်းထံ ပျံဝဲသွားသည်။

သူမထံမှ ထွက်ပေါ်နေသော ချီကြယ်ပွင့်များမှာ ဆယ်သန်းကျော်ခန့်ရှိပြီး ကြောက်မက်ဖွယ် ပမာဏပင် ဖြစ်သည်။

"အဟက်..."

ချန်းပိုင်ဖန်းမှာ အေးစက်စွာ ခနဲ့လိုက်ပြီးနောက် ဓားရှည်တစ်ချောင်းအား ဆင့်ခေါ်ကာ ဓားအရိပ်ပေါင်းများစွာကို ဖြစ်ပေါ်စေလိုက်သည်။ သူ့ထံမှ ထွက်ပေါ်နေသော ချီကြယ်ပွင့်များမှာလည်း ရဲ့ပင်းလင်ထက် အနည်းငယ်မျှပင် လျော့နည်းနေခြင်း မရှိပေ။

ချလန်း....

ပုံရိပ်နှစ်ခုမှာ ကောင်းကင်ထက်တွင် တစ္ဆေများသဖွယ် တွေ့ဆုံသွားကြသည်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပင် ၎င်းတို့မှာ အကြိမ်ရေ ရာနှင့်ချီ၍ တိုက်ခိုက်ပြီးကြလေပြီ။ အကြမ်းပတမ်း ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များမှာလည်း လွန်စွာကြောက်မက်ဖွယ်ကောင်းလှပြီး ကြီးကျယ်ခမ်းနားသော တိုက်ပွဲတစ်ခု၏ အရှိန်အဝါကို မြှင့်တင်ပေးလျက် ရှိသည်။

ဇူယွမ်မှာ ကောင်းကင်ထက်ရှိ ပုံရိပ်နှစ်ခုအား မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ သူ၏အမြင်အရ ရဲ့ပင်းလင်နှင့် ချန်းပိုင်ဖန်းတို့ နှစ်ဦးစလုံး၏ ချီစွမ်းအင်အ​ခြေခံအုတ်မြစ်မှာ ချီကြယ်ပွင့် ဆယ့်သုံးသန်းကျော်ခန့် ရှိလိမ့်မည်ဖြစ်ပြီး ချန်းပိုင်ဖန်းမှာ အနည်းငယ်ပို၍ အားကောင်းသည်။ မည်သို့ပင်ဆိုစေကာမူ နှစ်ဦးလုံးမှာ သူ၏ဆယ့်တစ်သန်းကျော်မျှ ချီစွမ်းအင်အခြေခံအုတ်မြစ်ထက် သာလွန်ကြလေသည်။

ချန်းပိုင်ဖန်းမှာ သူ၏စွမ်းအင်များကို ချန်လှပ်ထားပုံ ရသည်။

လက်ထောက်ခေါင်းဆောင် တစ်ဦး၏ တိုက်ပွဲစွမ်းရည်မှာ ကျင်းထျန်းတို့ကဲ့သို့ အဖွဲ့မှူးများနှင့် လားလားမျှ မသက်ဆိုင်ပေ။

"ဇူယွမ်....စီနီယာအမတော် ရဲ့ပင်းလင် နိုင်ပါ့မလား။" ရိချိုးရွှယ်မှ ပူပန်စွာ မေးမြန်းလိုက်သည်။

ဇူယွမ်မှာ အနည်းငယ် တွေဝေသွားပြီးနောက် စကားဆိုလိုက်သည်။ "ကြည့်ရတာ သူတို့နှစ်ယောက်က သူမသာကိုယ်မသာပဲ။ လေလိပ်ပြာမှော်စာလုံး ဘယ်လောက်ရာခိုင်နှုန်းလောက် ပြီးထားလဲနဲ့ပဲ ဆုံးဖြတ်ရတော့မယ် ထင်တယ်။"

ရိချိုးရွှယ်မှ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "စီနီယာအမတော် ရဲ့ပင်းလင်က ရှင့်ရဲ့ မူချင်းလေပြေစာလုံး အကူအညီကြောင့် လေလိပ်ပြာမှော်စာလုံးကို ခုနစ်ဆယ်ရာခိုင်နှုန်းထိ ပြီးသွားပြီ။ ချန်းပိုင်ဖန်းထက် သာလောက်တယ်။"

ယခင်က ရဲ့ပင်းလင်နှင့် ချန်းပိုင်ဖန်း နှစ်ဦးလုံးမှာ လေလိပ်ပြာမှော်စာလုံးအား ငါးဆယ်ရာခိုင်နှုန်းခန့် ပြီးစီးထားကြသည်။ ယခုအခါ ရဲ့ပင်းလင်မှာ တစ်လကျော်မျှဖြင့် နှစ်ဆယ်ရာခိုင်နှုန်းခန့် ထပ်မံပြီးစီးသွားခြင်း ဖြစ်သည်။

ဇူယွမ်မှာ မည်သည့်စကားမှ ထပ်မဆိုတော့ပဲ ချန်းပိုင်ဖန်းကိုသာ ကြည့်ရှုနေသည်။ ရဲ့ပင်းလင်သည်ပင် ထိုမျှတိုးတက်လာပါက ချန်းပိုင်ဖန်းမှာ ပို၍သာလွန်နေပေလိမ့်မည်။

ဇူယွမ်တို့နှစ်ဦး ဆွေးနွေးနေကြစဉ်မှာပင် တိုက်ပွဲမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။

ရဲ့ပင်းလင်မှာ လေလိပ်ပြာမှော်စာလုံးအား အသက်သွင်းလိုက်ခြင်းပင်။ လေလိပ်ပြာမှော်စာလုံး၏ အကူအညီ မပါဝင်ပါက ချန်းပိုင်ဖန်းအား အနိုင်မရနိုင်ကြောင်း သူမကောင်းစွာ သိရှိထားသည်။

လေလိပ်ပြာမှော်စာလုံး နိုးထလာမှုကြောင့် ရဲ့ပင်းလင်၏ ချီစွမ်းအင်မှာလည်း တစ်မုဟုတ်ချင်း ထိုးတက်လာသည်။

ခေတ္တမျှသော အချိန်အတွင်းမှာပင် သူမ၏ ချီစွမ်းအင်အ​ခြေခံအုတ်မြစ်မှာ ချီကြယ်ပွင့် ဆယ့်လေးသန်းထိ ရောက်ရှိသွားသည်။

ရဲ့ပင်းလင်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ကြည့်ရှုသူများမှာလည်း အံ့အားသင့်နေကြရသည်။

"အဆင့်မြင့် ကောင်းကင်ဘုံကျင့်စဉ် နတ်ပဒုမ္မာကျောက်စိမ်းရေခဲလက်ဝါး..."

ရဲ့ပင်းလင်၏ အမြန်နှုန်းမှာလည်း ချက်ချင်းဆိုသလို ထိုးတက်လာသည်။ သူမသည် ပေရာကျော်မျှရှိသော ရေခဲလက်ဝါးကြီးအား ချန်းပိုင်ဖန်းထံ ချိန်ရွယ်ရိုက်ခတ်လိုက်သည်။

လက်ဝါးပြင်ပေါ်တွင် ပဒုမ္မာကြာပန်း အမှတ်အသားနှင့်အတူ မှော်စာလုံးအချို့အား မြင်တွေ့နေရသည်။

ရဲ့ပင်းလင်မှာ လေးနက်ခက်ထန်စွာဖြင့် ချန်းပိုင်ဖန်းအား အပီအပြင် တိုက်ခိုက်လိုက်ခြင်းပင်။

သူမ၏တိုက်ခိုက်မှုမှာ ကောင်းစွာပြင်ဆင်ထားပုံရပြီး လွန်စွာလည်း ပြင်းထန်လှသည်။

ချန်းပိုင်ဖန်းမှာ အေးဆိမ့်နေသော ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပြီးနောက် ဂရုပင်မစိုက်သလို တစ်ချက်မျှ ခနဲ့ပြုံး ပြုံးလိုက်သည်။

"ရဲ့ပင်းလင် ဒါမင်းရဲ့ စွမ်းအင် အကုန်ပဲလား။ လေလိပ်ပြာမှော်စာလုံး ခုနစ်ဆယ်ရာခိုင်နှုန်းပေါ့လေ...မဆိုးပါဘူး။"

"ဒါပေမယ့် ငါကရော ငါးဆယ်ရာခိုင်နှုန်းမှာပဲ ရပ်နေမယ် ထင်နေလား။"

ရဲ့ပင်းလင်မှာ ရုတ်တရက် လှိုက်တက်လာသော ခံစားချက်များကြောင့် အမူအရာ ပျက်သွားရသော်လည်း သူမ၏တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်သွားသည်။

ချန်းပိုင်ဖန်းမှာ အလေးပင်မထားဟန်ဖြင့် စကားဆိုလိုက်သည်။ "တကယ်တော့ငါက စောစောထုတ်မပြချင်သေးဘူး။ မဟုတ်ရင် ခေါင်းဆောင်ရွေးချယ်ပွဲက ပျင်းစရာကြီး ဖြစ်သွားမှာစိုးလို့။ အခုတော့ မတက်နိုင်တော့ဘူး။"

သူ၏လက်ခုံပေါ်၌ မိုးပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

ပြီးပြည့်စုံခြင်း မရှိသေးသော လေလိပ်ပြာမှော်စာလုံးမှာလည်း ချက်ချင်းဆိုသလို လျင်မြန်စွာ ရုပ်လုံးပေါ်လာသည်။

ငါးဆယ်ရာခိုင်နှုန်း.....

ခြောက်ဆယ်ရာခိုင်နှုန်း.....

ခုနစ်ဆယ်ရာခိုင်နှုန်း....

မျက်စိတစ်မှိတ်စာမျှ အချိန်အတွင်းမှာပင် လေလိပ်ပြာမှော်စာလုံးမှာ ခုနစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ ထို့အပြင် အံ့အားသင့်စရာကောင်းသည်မှာ ရပ်တန့်သွားခြင်းမရှိပဲ ဆက်လက်ရုပ်လုံးပေါ်နေခြင်းပင်။

ထိုသို့ဖြင့် ချန်းပိုင်ဖန်း လက်ခုံပေါ်ရှိ လေလိပ်ပြာမှော်စာလုံးမှာ ရှစ်ဆယ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။

"ဟာ...."

အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာသည်။

ချန်းပိုင်ဖန်း၏ လေလိပ်ပြာမှော်စာလုံးမှာ ရှစ်ဆယ်ရာခိုင်နှုန်းထိ ပြီးစီးနေခဲ့လေပြီ။

ထိုအချိန်မှာပင် သူ၏ချီစွမ်းအင်အ​ခြေခံအုတ်မြစ်မှာလည်း တစ်ဟုန်ထိုး တိုးတက်လာသည်။

ချီကြယ်ပွင့်များမှာ ဆယ့်ငါးသန်းအထိ ရောက်ရှိသွားသည်။

ချန်းပိုင်ဖန်းမှာ ကွယ်ဝှက်ထားသော စွမ်းအင်များအား လှစ်ဟပြလိုက်ပြီပင်။

ရိချိုးရွှယ်၊ လျိုကျစ်ရွှမ်းနှင့် ရဲ့ပင်းလင် နောက်လိုက်များမှာ ချန်းပိုင်ဖန်း၏ ချီကြယ်ပွင့် ဆယ့်ငါးသန်းအား မြင်တွေ့လိုက်ရပြီးနောက် ဖြူရော်ကုန်ကြရသည်။ ချန်းပိုင်ဖန်း ထောက်ခံသူများမှာမူ ပျော်ရွှင်စွာ အော်ဟစ်အားပေးကုန်ကြသည်။

ကြားနေများမှာမူ သက်ပြင်းသာ အနိုင်နိုင် ချနေမိကြတော့သည်။

ကြည့်ရသည်မှာ ခေါင်းဆောင်ရွေးချယ်ပွဲ၏ အဆုံးအဖြတ်အား ယခုကတည်းက ​သိနေရပြီပင် ဖြစ်လေတော့သတည်း....

All Chapters