← Chapters

အတုအယောင် လောကနယ်မြေ

Vol. 38 Ch. 519

အတုအယောင် လောကနယ်မြေ

Vol. 38 Ch. 519

ပိုင်ယုရှီမှာ ရှုယင်၏ နောက်တည့်တည့်၌ ရှိနေလေရာ ဖြစ်စဥ်တစ်ခုလုံးကို တိုက်ရိုက်ပင် တွေ့မြင်နေရ၏။ မိန်းကလေး၏ အသိစိတ် ပင်လယ် အက်ကွဲသွားကာ ခန္ဓာ ပြိုဆင်းသွားသည်ကို တွေ့သော အခိုက်၌ သူမ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ ထိုအရာက မိစ္ဆာနည်းလမ်း ဖြစ်သည်။ သို့ဖြစ်လေရာ ဆုံးရှုံးမှုများ ရှိမည်မှာ အသေအချာပင် ဖြစ်သည်။

“ရပ်လိုက်တော့...”

ထန်ရှင်းယွင်က တင်းမာစွာပင် အော်ဟစ်လိုက်၏။ ရှုယင်ကို ဒုက္ခတောထဲ ကိုယ်တိုင် တွန်းပို့ခဲ့မိသည့် အတွက် သူမ နောင်တရနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ ယခုအချိန်တွင်သာ ရပ်လိုက်ပါက ဝိညာဥ် လမ်းလျှောက်သူ၏ ကျင့်ကြံခြင်း အခြေခံဖြင့် သူမကို ကယ်ဖို့ အသက်မှီမှာ သေချာပေသည်။

“ရွေးပါ...”

ဝိညာဥ် လမ်းလျှောက်သူ၏ အသံက ပျံ့လွင့်လာ၏။ ထန်ရှင်းယွင်နှင့် ပိုင်ယုရှီတို့မှာ ဝိညာဥ်စွမ်းအား ပြင်းထန်စွာ သက်ရောက်မှုကြောင့် တုန်ရီသွားကြသည်။

“ဒီဝင်္ကပါကို ရပ်ပြီး သူ့အသက်ကို ကယ်တင်လို့ မရဘူး... တကယ်လို့ လုပ်လိုက်မယ် ဆိုရင် နင်တို့ရဲ့ ဝိညာဥ်တွေက တန်ပြန် ရိုက်ခတ်မှုကို ခံရပြီး အကြီးအကျယ် ဒဏ်ရာ ရသွားလိမ့်မယ်... နင်တို့ရဲ့ ဒီကောင်လေးကတော့ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို ကျိန်းသေ ဆုံးရှုံးသွားလိမ့်မယ်... အခန့်မသင့်ရင် သူ့အသက်တောင် သေချင် သေသွားနိုင်တယ်... ဒီတော့ ရွေးချယ်ပါ”

လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ကိုယ်တိုင် ဖန်တီးရန် လိုအပ်သည့် မိစ္ဆာ အစီအရင်မှာ ရိုးရှင်းသော အရာ တစ်ခု မဟုတ်ချေ။ ထို့ကြောင့်ပင် ၎င်း၏ အမည် နာမတွင် “မိစ္ဆာ” ဆိုသော စကားလုံး ပါဝင်နေခြင်း ဖြစ်သည်။

ထန်ရှင်းယွင်မှာ တိတ်ဆိတ်သွား၏။ သူမ၏ မျက်လုံးများက ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် ရောင်ပြန်ဟပ် နေသည်။ အစေခံ တစ်ယောက် အတွက် သူမကိုယ် သူမ စတေးသင့် သလော။ လင်းမင်၏ အနာဂတ် အတွက် စတေးသင့်သလော။ သူတို့အားလုံး၏ အနာဂတ်များ အတွက် စတေးသင့်သလော။

“ဆက်လုပ် မရပ်နဲ့... ဘာကိစ္စပဲ ဖြစ်ဖြစ်...”

ပိုင်ယုရှီက အခိုင်မာဆုံး ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်၏။ ရှုယင်ပြီးလျှင် သူမ အလှည့် ဖြစ်သည်။ နောက်ဆုံးအဆင့် ဖြစ်သဖြင့် အမြင့်မားဆုံးသော နာကျင်မှုများကို သူမ ခါးစီး ခံရမှာ သေချာသည်။ သို့သော်လည်း သူမ မကြောက်ပါချေ။ လင်းမင်၏ အနာဂတ် အတွက် ဘယ်အရာကို မဆို ပေးဆပ်ရန် သူမ ပြင်ဆင်ထားပြီး ဖြစ်သည်။

သူတို့မှာ တိတ်ဆိတ်စွာပင် ရှုယင်၏ အသိစိတ် ပင်လယ် တဖြည်းဖြည်း ပြိုကွဲသွားသည်ကို ကြည့်နေမိခဲ့၏။ မိန်းကလေး၏ ဝိညာဥ်စွမ်းအင်များမှာ တစိမ့်စိမ့်နှင့် လင်းမင်ထံ စီးဆင်း သွားခဲ့ပြီ ဖြစ်သည်။ သူမ၏ ရှင်သန်ရန် အခွင့်အရေးကား အဆုံးသတ် သွားခဲ့လေပြီ။

မိန်းကလေး၏ ခန္ဓာကိုယ်မှာ အလောင်းတစ်လောင်းလိုမျိုး ပျော့ပျောင်း သွားခဲ့၏။ သူမကား သေဆုံးသွားခဲ့ချေပြီ ဖြစ်သည်။

လင်းမင်၏ မျက်လုံးများကား ပေါက်ကွဲ ထွက်လုမတတ် ချင်းချင်းနီ နေခဲ့ပြီ ဖြစ်လေသည်။ အထက် ကောင်းကင်ဘုံနှင့် အောက် အဝီစိကို သူ စိတ်ထဲမှ အကြိမ်ကြိမ် အော်ဆဲ နေမိ၏။ သူ့အတွက်နှင့် ရှုယင် သေဆုံးသွားရလိမ့်မည် ဟု မျှော်လင့်မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သူတို့ ထိုဆုံးဖြတ်ချက်ကို စတင်ခဲ့ပြီး ဖြစ်သည်။ နောက်ပြန်လှည့်စရာ လမ်းကြောင်း မရှိတော့ချေ။

“ဆက်လုပ်...”

ထန်ရှင်းယွင်၏ မျက်လုံးများမှာ သတိထားမိလောက်အောင် မှေးမှိန်နေခဲ့ပြီ ဖြစ်လေသည်။ သူမ အံကို တင်းတင်းကြိတ်ကာ လက်သီးများကို ဆုပ်ထားခဲ့မိ၏။ ရှင်းယွင်မှာ ငယ်ငယ်လေး ကတည်းက သူမနှင့် အတူ ကြီးပြင်းခဲ့သူ ဖြစ်သည်။ သူမအတွက် ဆိုလျှင် စကားပင် ပြောစရာ မလိုပဲ အရာရာကို အရိပ်အကဲသိစွာ ဖြည့်ဆည်းပေးခဲ့သူ ဖြစ်သည်။ ထိုကဲ့သို့သော မိန်းမငယ်လေးကို သူမ ကိုယ်တိုင် သေတွင်းထဲ တွန်းပို့ခဲ့မိပြီ ဖြစ်လေသည်။

ဝင်္ကပါမှာ အခိုက်အတန့်မျှ ရပ်တန့်သွား၏။ ပိုင်ယုရှီ၏ အလှည့်သို့ မရောက်ခင် ပြင်ဆင်ရန် မိနစ် အနည်းငယ်မျှ အချိန်လိုဦးမည် ဖြစ်သည်။

ကောင်းကင်လေပြည် နန်းတော် အပြင်ဘက်၌ ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် မြောပါနေခဲ့၏။ သူ၏ ငွေရောင် မျက်လုံးများက နန်းတော် အတွင်းရှိ စွမ်းအင် အပြောင်းအလဲများကို အကဲခတ် နေခဲ့သည်။ လက်ရှိ၌ သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ပုံမှန် အခြေအနေကို ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

“သနားစရာ ကလေးမပဲ...”

ဝေ့ဝူယင် တိတ်တဆိတ်ပင် မှတ်ချက်ပြုလိုက်၏။ ထို့နောက် သူ၏ မျက်ခုံးများက အပေါ်သို့ အနည်းငယ် ကော့တက်သွားသည်။

“အဲဒီ လျှို့ဝှက် အာဏာရှင် အဆင့်က ဘာလို့ သူ့ကို သေခွင့်ပြုလိုက်ရတာလဲ...”

ဝင်္ကပါကို သူ မမြင်ဖူးသည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ စွမ်းအားကိုတော့ သူ အတန်အသင့် ရင်းနှီးပေသည်။ ထိုအဆင့် ပုဂ္ဂိုလ် တစ်‌ယောက်ပင် သူမကို မကယ်နိုင် ဆိုသည်က ယုတ္တိမရှိချေ။ လူကို မကယ်နိုင်လျှင်ပင် အနည်းဆုံး သူမ၏ ဝိညာဥ်ကိုတော့ ကယ်နိုင်ရမည် ဖြစ်သည်။ ဝိညာဥ် အသွင်ဖြင့် ရှိနေသည့် ဝူယုပင်လျှင် ဟုန်ယုကို ကယ်တင်နိုင်ခဲ့ကာ မိစ္ဆာ မျက်လုံးနှင့် ပိန်ပါးသော အဘိုးအိုမှာလည်း ဟယ်ယန်းလဲ့ကို သေရွာမှ ပြန်ခေါ်ကာ အသက်သွင်းနိုင်ခဲ့သည်။

“အဲဒီ အမျိုးသမီးက တော်တော် ရက်စက်တာ ထင်ရှားတယ်”

ဝေ့ဝူယင် ခေါင်းကို ခါယမ်းလိုက်မိ၏။ မတရားလိုက်သည့် သေခြင်းတရားပင်။ ဘာပဲဖြစ်ဖြစ် ထိုအရာက သူနှင့် လားလားမျှ မသက်ဆိုင်ပါချေ။

အချိန်များ ဆက်လက် စီးဆင်းနေသည်နှင့် အမျှ နောက်ဆုံး အစီအရင်မှာ စတင်ခဲ့ပြီ ဖြစ်လေသည်။ မြေဆွဲအား စွမ်းအင်၊ ဝိညာဥ်ဆင်းတုနှင့် အာကာသ ပဲ့တင်သံလှိုင်းများ အပါအဝင် အမျိုးမျိုးသော စွမ်းအင်များကို လောကနယ်မြေ အဖြစ် ပေါင်းစည်းပေးနိုင်စွမ်း ရှိသည့် ဟင်းလင်းပြင် စွမ်းအင်နှင့် သန့်စင်သော မန်နာများမှာ ပိုင်ယုရှီ၏ ခန္ဓာကိုယ်ထဲမှ  လုံချန်ထံသို့ ဖြည်းညင်းစွာပင် စီးဆင်းသွား၏။ ရှုယင်နှင့် ခြားနားစွာပင် ပိုင်ယုရှီမှာ  နာကျင်မှုကို ငြီးငြူရုံလောက်သာ ပြု၏။

ဝေ့ဝူယင်မှာ တိတ်တဆိတ်ပင် နန်းတော် အပြင်ဘက်မှ ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ လင်းမင်၏ ထျန်းတျန် အတွင်းတွင် ပြိုင်စံရှားသည့် အင်အားတစ်ခု ဖြည်းညင်းစွာ မွေးဖွားလာနေသည်ကို သူ သတိထားမိ၏။ မကြာခင်မှာပင် ပြင်းထန်သည့် လောကဖိအား အငွေ့အသက်များမှာ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့တော့သည်။

အသစ် ရရှိလာသည့် စွမ်းအားကို အရင်းခံရင်း လင်းမင်မှာ သူ့ ရုပ်ခန္ဓာနှင့် ဝိညာဥ် အာရုံတို့ကို ပြင်းထန်စွာ အားဖြည့်ပေးနေသည့် ပြင်ပ အင်အား တစ်ခုအား ခံစားလိုက်ရ၏။ သူက ထိုအင်အား၏ တစ်စိတ်တစ်ပိုင်းကို ပြင်ပသို့ ထုတ်လွှတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ သေးငယ်သော ဧရိယာ တစ်ခုမှာ သူ့ ထိန်းချုပ်မှု အတွင်း လုံးလုံးလျားလျား ကျရောက်သွားသည်။ ထိုအခိုက်အတန့်တွင် သူက ထိုဧရိယာ၏ အရှင်သခင် အုပ်စိုးသူ ဖြစ်လာကာ ခေတ်အဆက်ဆက် ကိုးကွယ်ဆည်းကပ်ခံရသည့် နတ်ဘုရား တစ်ပါးလို ခံစားလိုက်ရ၏။

“ဒါက လောကသခင်တွေရဲ့ ခံစားချက်လား... သူတို့ ဂုဏ်ယူဝင့်ကြွားရတဲ့ လောကနယ်မြေ ဆိုတာ ဒီလိုပေါ့”

လင်းမင်က မတ်တပ်ရပ်လိုက်ရင်း လက်ချောင်းများကို အံ့သြစွာ ငုံ့ကြည့်လိုက်မိ၏။ သူ့ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသည့် ထိုထူးဆန်းသော အင်အားက အတွေးတစ်ချက်ဖြင့်ပင် ကျုံ့ဝင်သွားနိုင်သလို၊ ကျယ်ပြန့်လာနိုင်ကြောင်း သူ တွေ့လိုက်ရသည်။ ၎င်းက သူ့ကို အလွန်အမင်း ယစ်မူးစေသည်။

ထိုအခိုက်တွင်ပင် ပျော့ပျောင်း၍ အားနည်းသည့် အသံလေး တစ်ခု ထွက်ပေါ်လာ၏။

“အဲဒါက အလုပ်ဖြစ်ရဲ့လား...”

ထန်ရှင်းယွင်ထံမှပင်။ သူမမှာ အခြေခံ ဝါးမျိုခြင်း မိစ္ဆာနည်းလမ်း၏ အကျိုးသက်ရောက်မှုများကို ပထမဆုံးနှင့် အနိမ့်ဆုံး ခံစားခဲ့ရသူ ဖြစ်လေရာ အတန်အသင့် ပြန်လည် ကောင်းမွန်လာနေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူမ၏ အမြင်အာရုံက ဝေဝါးနေကာ အပေါ်ပိုင်း ခန္ဓာကိုယ် တစ်ခုလုံးမှာ ဗလာ ဖြစ်နေသလို ထုံကျင်နေ၏။ ၎င်းက ဝိညာဥ်ထုတ်ယူ ခံရခြင်း၏ အကျိုးဆက် ဖြစ်သည်မှာ ထင်ရှားလှပေသည်။

သို့သော်လည်း မိန်းကလေး၏ အသံကတော့ စိတ်လှုပ်ရှားမှု၊ မျှော်လင့်ချက်တို့ဖြင့် ထုံမွှမ်းနေ၏။ အကယ်၍ လင်းမင်သာ အောင်မြင်ခဲ့ပါက အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ရာထူးမှာ အငြင်းပွားဖွယ်ရာ မရှိ သူ့အတွက် ဖြစ်သွားတော့မည် ဖြစ်သည်။ ထို့အပြင် သူ့ အသက်အရွယ်၊ သူ့ ကျင့်ကြံခြင်း အခြေခံဖြင့် အတုအယောင် လောကနယ်မြေ တစ်ခု ဖွဲ့စည်းနိုင်ခဲ့ခြင်း ဆိုသည့် ဂုဏ်သတင်းကလည်း တစ်လောကလုံးထံ သူ့ပါရမီကို မီးမောင်းထိုးပြနိုင်လိမ့်မည် ဖြစ်သည်။

လင်းမင်၏ မီးခိုးရောင် မျက်လုံးများက ရောပြွမ်းသည့် ခံစားချက်များဖြင့် ပြည့်နှက်နေကာ အလွန်တရာ အားနည်းနေသည့် ထန်ရှင်းယွင်ဘက်သို့ လှည့်ကြည့်လိုက်၏။ နွေးထွေးမှု၊ ချစ်မြတ်နိုးမှု၊ ဂရုစိုက်လိုမှု တည်းဟူသော ခံစားချက်တို့က သူ့နှလုံးသားတွင် အစီအရီ မွေးဖွားလာကာ ထန်ရှင်းယွင်ဆီသို့ လျှောက်သွားလိုက်သည်။ သူက သူမကို ဖက်ကာ ကျေးဇူးတင်စကားများ ပြောချင်နေသော်လည်း မီတာ အနည်းငယ်ခန့် အကွာသို့ ရောက်သည်နှင့် ထူးဆန်းသော အင်အား တစ်ခုက သူ့ကို တားဆီးလိုက်၏။

“ဘာဖြစ်တာလဲ... မင်း... မင်း အဆင်ပြေရဲ့လား”

လင်းမင်၏ မျက်နှာက ချက်ချင်းပင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားကာ မေးလိုက်၏။ ချစ်ရသူ၏ မျက်လုံးများထဲမှ နက်ရှိုင်းသည့် ခံစားချက်များကို ကြည့်ရင်း အသက်နှင့် ရင်းသည့် အားထုတ်မှုများက အလဟသတ် မဖြစ်ဟု ထန်ရှင်းယွင် တွေးလိုက်မိသည်။ သူမက နွေးထွေး ညင်သာစွာ ပြုံးလိုက်ရင်း လင်းမင်ကို ကြည့်လိုက်၏။

“ကျွန်မ ဘာမဖြစ်ဘူး... အဆင်ပြေပါတယ်... ရှင်အောင်မြင်ခဲ့တယ် မလား”

သူမက မေးလိုက်ရင်း ဖြည်းညင်းစွာပင် မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ရုပ်နှင့် နာမ် နှစ်ခုစလုံးမှာ အလွန် အားနည်းနေလေရာ သူမ၏ ခန္ဓာကိုယ်လေးမှာ ယိမ်းထိုးနေ၏။

လင်းမင်မှာ မိန်းကလေး၏ အခြေအနေကို ကြည့်ကာ နှလုံးသားများ ကွဲအက်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း သူက သူမ မမြင်နိုင်အောင် လက်သီးများကို တင်းတင်း ဆုပ်ရင်း ခံစားချက်များကို မျိုသိပ်လိုက်သည်။

“အောင်မြင်ခဲ့ပါတယ်... ငါတို့ အောင်မြင်ခဲ့ပါတယ်...”

သူက နွေးထွေးသည့် အပြုံးတစ်ခုကို ဆင်မြန်းရင်း ပြန်ဖြေလိုက်၏။

တတိယမြောက် စက်ဝိုင်း၌ ပိုင်ယုရှီမှာ မျက်နှာကို ဇာပုဝါ တစ်ခုဖြင့် ဆက်လက် ဖုံးကွယ်ထားဆဲ ဖြစ်သည်။ သူမက သူတို့ နှစ်ယောက်ကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ လင်းမင်မှာ သူမ မည်သူမည်ဝါ ဖြစ်သည်ကို ယခုအထိ မသိသေးချေ။

ဘာပဲဖြစ်ဖြစ်... ယခု၌ သူမ၏ ရည်ရွယ်ချက်များမှာ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ လင်းမင်မှာ ကျိန်းသေပေါက် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာပေတော့မည်။ သူမက အားနည်းစွာ ပြုံးလိုက်ရင်း ထိုင်ရာမှ ထရပ်ကာ ထွက်ခွာသွားခဲ့၏။ လေထုကို ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည့် သူမ၏‌ ခြေသံများကတော့ အထီးကျန် နေခဲ့သယောင်ပင်။

“ကျေးဇူးတင်ပါတယ်... မင်းတို့ အားလုံးကို ကျေးဇူးတင်ပါတယ်...”

လင်းမင်က မကြာသေးခင်ကမှ သေဆုံးသွားသည့် ရှုယင်၏ ရုပ်အလောင်းကို ရီဝေစွာ ကြည့်ရင်း ပြောလိုက်၏။  သူ၏ အသံက အမျိုးမျိုးသော ခံစားချက်တို့ဖြင့် ပြည့်ရွှမ်းနေသည်။

“မင်းတို့ တစ်ယောက်ချင်းစီက ငါ့အတွက် အဆုံးစွန် စတေးခဲ့ကြတယ်... ဒါက စမ်းသပ်ပွဲ တစ်ခုကို အနိုင်ရအောင် ကူညီပေးတာထက် အများကြီး ပိုပါတယ်...  ငါ မင်းတို့ အားလုံးအပေါ်မှာ အကြွေးတင်နေပြီ... ငါ လင်းမင် ကျိန်ဆိုတယ်... တစ်နေ့ ဒီအကြွေးကို ငါ ကျိန်းသေ ပြန်ပြီးပေးဆပ်မယ်... အသက်ကိုတောင် စွန့်စားရမယ် ဆိုရင်တောင် နောက်မတွန့်ဘူး... ထပ်ပြီး ကျေးဇူးတင်ပါတယ်”

လင်းမင်မှာ အတုအယောင် လောကနယ်မြေတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ခြင်းမျှသာ မကချေ။ ကြယ်တာရာ အမြုတေ အဆင့်၏ နောက်ထပ် အဆင့်သုံးဆင့် ဖြစ်သည့် အလင်းပြန်ခြင်း အဆင့်၊ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်နှင့် လောကသခင် အဆင့်တို့၏ ဉာဏ်အလင်းများကိုပါ တိုက်ရိုက် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုအကျိုးကျေးဇူးများကို တိုင်းတာ၍ မရနိုင်ချေ။

ပိုင်ယုရှီမှာ နောက်ပြန်၍ လှည့်မကြည့်ချေ။ သူမက အသာအယာ ခေါင်းတစ်ချက်သာ ညိတ်ကာ အဓိက ခန်းမထဲမှ ထွက်ခွာသွားခဲ့၏။ မကြာခင်မှာပင် သူမမှာ အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့တော့သည်။ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့သည့် သူမ၏ ခြေသံများကတော့ ဆက်လက် အထီးကျန်တော့ပုံ မပေါ်တော့။ အတိအကျ ဆိုရပါက ၎င်းတို့မှာ ပျော်ရွှင်ခြင်း၏ တေးသံတို့ကို ဆောင်ကျဉ်းနေသယောင်ပင်။

***

All Chapters